Chapter 22
“ထိုင်လေ အစ်ကို”
ဆောင်းဟျော့က အရင်ဆုံး အာရင်းပြောတဲ့အတိုင်း ရိုးရိုးရှင်းရှင်း လိုက်လုပ်လိုက်တယ်။ အကြောင်းအရာတစ်ခုလုံးကို နားထောင်ကြည့်ရမယ်ထင်လို့။
အာရင်း အသားကုန်ပြုံးပြီးတော့ သိမ်မွေ့စွာထိုင်လိုက်ချိန်မှာတော့ ပါးစပ်ကိုတင်းတင်းစေ့ထားတဲ့ဆောင်းဟျော့က ပြောလာခဲ့တယ်။
“ကြင်ဖက်တွေ့တာလား”
“အင်း”
“မင်းနဲ့ငါကလား”
ငါတို့ဆိုတဲ့စကားကို ပါးစပ်ဖျားပေါ်မှာတောင် မတင်ချင်ခဲ့ဘူး။
“ဟုတ်ပါတယ်ဆို။ ဒီနေ့ကျွန်မတို့တွေ ကြင်ဖက်တွေ့နေတာလေ”
ဆောင်းဟျော့က ဟက်ခနဲရီလိုက်တယ်။ လုံးဝအဓိပ္ပါယ်မရှိလို့ ဒေါသတောင်မထွက်ခဲ့ဘူး။
အခြေအနေက နည်းနည်းမတူပေမဲ့ ရုတ်တရက် ကျွန်တော်နဲ့ကြင်ဖက်တွေ့လိုက်ရတဲ့ယောင်အင်းရော ဒီလိုခံစားချက်မျိုးဖြစ်ခဲ့တာလားဆိုပြီး တွေးမိသွားခဲ့တယ်။ ရုတ်တရက်ကြီး သူ့အခြေအနေကို ပြန်စဥ်းစားမိခဲ့တယ်။
“ဘာတွေဘယ်လိုဖြစ်သွားတာလဲ”
“အစ်ကို့အမေက အစ်ကိုနဲ့လက်ထပ်မဲ့ အိမ်ထောင်ဖက်ကိုရှာနေတုန်းဆိုတဲ့သတင်းကိုကြားလို့ ကျွန်မအမေဆီပူဆာလိုက်တာလေ။ အစ်ကိုနဲ့တရားဝင်တွေ့နိုင်အောင် လုပ်ပေးပါဆိုပြီး”
“ငါ့ကိုတိုက်ရိုက်ပြောရင် သေချာပေါက်အငြင်းခံရမယ်ဆိုတာ သိထားပုံပဲ”
“…….”
အာရင်းရဲ့နားနှစ်ဖက်က နည်းနည်းနီသွားခဲ့တယ်။ သိတော့သိထားပေမဲ့လည်း ကာယံကံရှင်ရဲ့ပါးစပ်ကနေကြားရတော့ နည်းနည်းရှက်သွားခဲ့တယ်။
“မင်းအမေကိုယ်တိုင် ငါ့အမေကို ဆက်သွယ်လိုက်တာလား”
“ဟင့်အင်း။ မစ္စဂျင်လို့ခေါ်တဲ့ အောင်သွယ်တော်အဒေါ်ကြီးက ကူညီပေးခဲ့တာ”
ဆောင်းဟျော့ဟာ ‘ကူညီပေးခဲ့တာ’ ဆိုတဲ့စကားရဲ့ တကယ့်အဓိပ္ပါယ်ကိုမသိဘဲ စိတ်ရှုပ်စွာမေးလိုက်တယ်။
“တကယ်ပဲ ဒီလိုဟာမျိုးကို ဘာလို့လုပ်နေတာလဲ”
အာရင်းအနေနဲ့ သူ့ဘက်က သူမရဲ့အပြုအမူကို ‘ဒီလိုဟာမျိုး’ လို့ထင်ရင်တောင် ဘယ်လိုမှမနေခဲ့ဘူး။ ချားဆောင်းဟျော့ရဲ့စရိုက်ကိုမသိဘဲ လုပ်ခဲ့တဲ့အရာလည်းမဟုတ်တာမို့ ဒီလောက်ကတော့ ပြင်ဆင်ထားပြီးသားပင်။.
“အစ်ကို့ကို နေရာကောင်းလေးမှာ တရားဝင်တွေ့ချင်ခဲ့တာပါ”
အခုချိန်ထိသူ့ကို အပြင်မှာတစ်ခါမှ မတွေ့ဖူးခဲ့ဘူး။ လှလှလေးမိတ်ကပ်ပြင်ပြီးတော့ လှလှလေးဝတ်ထားတဲ့ပုံကိုလည်း တစ်ခါမှမပြပေးခဲ့ရဘူး။ ဒါကြောင့်မို့ ပြည့်စုံအောင်ပြင်ဆင်ပြီးတော့ အံ့ဩသွားအောင်လုပ်ချင်ခဲ့တယ်။
“အဲ့ဒါမှ အစ်ကိုကကျွန်မကို သူငယ်ချင်းညီမလိုမဟုတ်ဘဲ မိန်းကလေးတစ်ယောက်လို မြင်ပေးမယ်ထင်လို့ပါ။ ကျွန်မတို့ဆက်ဆံရေးမှာ အပြောင်းအလဲရှိဖို့လိုတယ်လေ အစ်ကို”
“ကျွန်မတို့လို့ မပြောနဲ့။ မင်းနဲ့ငါ့ကြားမှာ ဘာဆက်နွယ်မှုမှ မရှိချင်ဘူး”
သူ့ဘက်ကနေ တစ်ဖက်လူဆီ ‘ငါတို့’ ဆိုတဲ့စကားကိုသုံးတာက မိသားစုအပါအဝင် ယောင်အင်းတစ်ဦးတည်းသာ။
“ပြီးတော့ အသိစိတ်လေးဘာလေးလည်းကပ်ဦး။ နေရာတွေ အခြေအနေတွေက ပြဿနာမဟုတ်ဘဲ ဒီတိုင်း မင်းကိုစိတ်မဝင်စားတာလေ။ ဘယ်ကိုလာပြီးတော့ တစ်ယောက်တည်း ဆင်ခြေတွေပေးနေတာလဲ”
“ကျွန်မလောက်ဆို အစ်ကို့တွဲဖက်အနေနဲ့ မဆိုးဘူးလေ”
ဆောင်းဟျော့က မျက်မှောင်ကြုတ်သွားခဲ့တယ်။
“ဒါကရော ဘယ်ကယုံကြည်ချက်တွေလဲ”
အာရင်းက အရမ်းယုံကြည်ချက်ရှိနေသလိုမျိုး အနေအထားကို ချက်ချင်းပြောင်းလိုက်တယ်။
“ကျွန်မဆီမှာ ဘာလိုအပ်ချက်ရှိလဲ၊ ဘာကိုသဘောမကျတာလဲဆိုတာ ပြောပြပေးပါ။ ဒါဆို ဖြည့်ပြီးတော့ ပြင်ဆင်လိုက်မယ်။ အစ်ကိုနဲ့လိုက်ဖက်တဲ့ မိန်းကလေးဖြစ်အောင်”
အခု အာရင်းရဲ့စိတ်ထဲမှာတော့ ကြိုးစားကြည့်ရင်တောင်အရှုံးမရှိတာမို့ လုပ်နိုင်တာအားလုံးလုပ်ရမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ ကိုရီးယားနိုင်ငံက 0.01% မှာပါတဲ့ယောကျ်ားကိုသာရနိုင်မယ်ဆိုရင် ဒူးထောက်တောင်းပန်တာလောက်ကတော့ အလုပ်တောင်မဟုတ်ခဲ့ဘူး။
“တကယ် ပြင်နိုင်မှာလား”
“ပြင်နိုင်ပါတယ်။ အကုန်လုပ်မှာပါ။ ပြောသာပြောလိုက်ပါ အစ်ကို”
ဆောင်းဟျော့က မျှော်လင့်ချက်တွေနဲ့ တောက်ပနေတဲ့မျက်လုံးကိုကြည့်ရင်း ခြောက်ကပ်ကပ်ပြောလိုက်တယ်။
“အရမ်းဆိုးရွားလွန်းတာကိုရော ပြင်ပေးနိုင်မလား”
“…….”
“နောက်တစ်ခါပြန်မွေးလာမှ ရမှာမဟုတ်ဘူးလား”
ရုတ်တရက်ကြောင်သွားတဲ့စိတ်ကို ပြန်စုစည်းလိုက်တဲ့အာရင်းက နှုတ်ခမ်းကိုကိုက်ရင်း ရေရွတ်လိုက်တယ်။
“စကားက အရမ်းမပြင်းထန်လွန်းဘူးလား”
စော်ကားခံရတဲ့အရှက်တရားကြောင့် ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေခဲ့တယ်။
“ဒါဆို ငါ့ပါးစပ်ကနေ ကောင်းတဲ့စကားထွက်လာမယ်လို့ ထင်နေတာလား။ ‘ဒီလိုနေရာကို တိတ်တိတ်လေးပြင်ဆင်နေရလို့ ပင်ပန်းသွားပြီ’ ဆိုပြီးချီးကျူးပေးမယ်လို့များ ထင်နေတာလား။ ကိုယ့်စိတ်ကြိုက် ကိစ္စတစ်ခုကိုလုပ်ပြီးပြီဆိုရင် မကြိုက်တဲ့စကားကိုနားထောင်ဖို့လည်း ပြင်ဆင်ထားရမှာပေါ့။ ဘယ်ကိုလာပြီးတော့ နစ်နာသူပုံစံ cosplay လုပ်နေတာလဲ”
“ဘယ်လောက်ပဲ ဒေါသထွက်ပါစေ၊ တမင်သက်သက် ဒဏ်ရာပေးတဲ့စကားတွေကိုပဲ ရွေးပြောစရာတော့မလိုဘူးမလား”
“စိတ်ရင်းနဲ့ပြောတာလေ”
“ဘာကြီး”
“ဒေါသထွက်လို့ စိတ်ထဲမှာမရှိတဲ့စကားကိုပြောတာမဟုတ်ဘဲ အရင်ကတည်းက အဲ့လိုပဲတွေးလာခဲ့တာ”
“…….”
အာရင်းရဲ့မျက်လုံးထဲမှာ သွေးတွေစုလာခဲ့တယ်။ ခေါင်းကနေ ရွှံ့ကန်ထဲကိုအနှစ်ခံရတဲ့ ခံစားချက်မျိုးပဲ။
“မရှိတဲ့သံယောဇဉ်တွေတောင်ပြတ်ကုန်တာမို့ နောက်တစ်ခါတော့ ဒီလိုမျိုးမလုပ်နဲ့”
ဆိုးဆိုးရွားရွား အဆင်မပြေဖြစ်တာကလွဲရင် ဆောင်းဟျော့ အာရင်းကို ဒီတစ်ခုတော့ကျေးဇူးတင်သွားတယ်။
ဒီလို စကားလုံးပြင်းပြင်းတွေပြောလို့ရအောင် လမ်းဖွင့်ပေးခဲ့လို့။
တကယ်တော့ တစ်မျိုးတစ်ဖုံ လက်စားချေလိုက်တာလည်းဟုတ်တယ်။
‘ကျွန်တော့်မိန်းကလေးကို ဒုက္ခမပေးနဲ့’ ဆိုပြီး ပေါ်တင်မပြောနိုင်လို့မွန်းကြပ်နေတုန်းမှာ အချိန်ကိုက် တစ်ခါတည်းအပြစ်ပေးခဲ့လိုက်တာ။
လက်စားချေတာနဲ့ အပြစ်ပေးတာဆိုပြီး ရည်ရွယ်ချက်ချင်း ရောတော့ရောနေပေမဲ့ တမင်သက်သက် ပိုပြင်းပြင်းပြောခဲ့တာတော့ မဟုတ်ခဲ့ဘူး။ လုံးဝ အပိုမလုပ်ထားတဲ့စိတ်ရင်းပဲဖြစ်ခဲ့တယ်။
“မလုပ်တော့ပါဘူး။ ကျွန်မလည်း အစ်ကို့ကိုသံယောဇဉ်ပြတ်သွားပြီ”
အာရင်းက ဒီနေရာအတွက်သုံးထားတဲ့ပိုက်ဆံတွေကို နှမြောလွန်းလို့ သေတော့မလိုဖြစ်နေခဲ့တယ်။ သိန်းသုံးထောင်ပေးပြီး အထင်သေးခံရတာကို ဝယ်လိုက်သလိုအခြေအနေနဲ့ မခြားနားတာကြောင့်။
“ဒါဆို ကျေးဇူးတင်တာပေါ့”
“အစ်ကို ဘယ်လောက်ကြီးကျယ်တဲ့မိန်းမနဲ့ လက်ထပ်မလဲဆိုတာကို စောင့်ကြည့်နေမှာပါ”
“ကြိုက်သလောက်သာစောင့်”
ဆောင်းဟျော့က အကြည့်စူးစူးနဲ့စိုက်ကြည့်နေတဲ့အာရင်းကို လှောင်ရယ်ပြပြီးတော့ ထလာခဲ့တယ်။ ဒါပေမဲ့ စားသောက်ဆိုင်ကနေထွက်လာတဲ့အချိန် ဖုန်းတစ်ကောကဝင်လာခဲ့တယ်။
ခေါ်ဆိုတဲ့သူကတော့ အမေပင်။
သူက မျက်နှာတည်တည်နဲ့ ဖုန်းကိုင်လိုက်တယ်။
“မဟုတ်ရင်တောင် ဖုန်းခေါ်လိုက်တော့မလို့ပါ”
– တွေ့ပြီးပြီလား
“တကယ်ပဲ ဒီလိုတွေလုပ်နေတော့မှာလား”
– ချဲအာရင်းဆိုလား ဘာလား အဲ့ကလေးနဲ့တွေ့ပြီးပြီလား
တစ်ခုခုထူးဆန်းတယ်ဆိုတာကို သတိထားမိသွားတဲ့ဆောင်းဟျော့ရဲ့မျက်လုံးထဲမှာ မေးခွန်းတစ်ခုပေါ်လာခဲ့တယ်။
“တွေ့ပြီးပါပြီ”
– သူမဟုတ်ဘူး
“ဘာကလဲ?”
– ဒီနေ့မင်းနဲ့ကြင်ဖက်တွေ့ဖို့လုပ်ထားတာ သူမဟုတ်ဘူးလို့။ အမေ ဟိုတစ်ခေါက်ကပြောတဲ့ ဟုန်းအင်း Group ကသမီးနဲ့ တွေ့ခိုင်းဖို့လုပ်တာကို ချဲအာရင်းဆိုတဲ့ကလေးက ကြားဝင်နှောင့်လိုက်တာ
သူက ဘာတွေပြောနေမှန်း လုံးဝနားမလည်နိုင်ခဲ့ဘူး။
“ကြားဝင်နှောင့်လိုက်တာလား”
– မစ္စဂျင်ဆိုပြီးတော့ အလယ်မှာ တွေ့ဖို့စီစဉ်ပေးတဲ့သူရှိ…
“သိပါတယ်”
– သိတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့မိန်းမနဲ့အာရင်းအမေက ပေါင်းကြံထားတာတဲ့။ ခုနလေးကမှ ဆိုင်မှာ အမေနဲ့ဟုန်းအင်း group ကသမီး အမှတ်မထင်တွေ့တော့ ဒီနေ့ချိန်းထားတာရှိတာကို လုံးဝမသိဘူးတဲ့လေ။ ချက်ချင်း မစ္စဂျင်ကိုဖုန်းခေါ်လိုက်တော့ ငိုရင်းနဲ့ဝန်ခံလာတယ်။ အဓိပ္ပါယ်မရှိလွန်းလို့ တကယ် …။
တတ်လည်းတတ်နိုင်တယ်ဆိုတဲ့စကားက တကယ့်ကို ဒီလိုအချိန်မျိုးမှာ သေချာပေါက်သုံးရမဲ့စကားပဲ။
“မစ္စဂျင်က ဘယ်လိုအတွေးနဲ့ အဲ့လိုလုပ်လိုက်တာတဲ့လဲ။ မမိလောက်ဘူး ထင်တာတဲ့လား”
– မစ္စဂျင်ပြောတာတော့ အာရင်းက အမေသာနေရာပြင်ဆင်ပေးရင် အဲ့နောက်ပိုင်းကိုတော့ သူအကုန်တာဝန်ယူမယ်ဆိုပြီး ပြောခဲ့တာတဲ့။ အလောတကြီးငွေလိုနေတဲ့အချိန် ပိုက်ဆံအများကြီးရလိုက်တော့ မျက်လုံးတွေ ခဏပြောင်းပြန်လှန်သွားတာဆိုပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတာလေ။
“အားလုံး စိတ်ပုံမှန်မဟုတ်ကြဘူးပဲ”
– မင်းက အာရင်းကို တော်တော်လေးသဘောကျလို့ ဒီတိုင်းကျော်သွားပေးမှာဆိုတဲ့စကားကို ယုံခဲ့တာတဲ့။ အမှန်ပဲလား
“အမှန်ဖြစ်စရာပါလား”
– အမလေး။ တော်တော်လေးကို ကြက်သီးထလောက်တဲ့အိမ်ပဲ
“…….”
ဆောင်းဟျော့က အမေ့စကားကို တစ်ဝက်သဘောတူပေမဲ့လည်း အပြည့်အဝတော့ သဘောမတူနိုင်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ချဲယောင်အင်းလည်း အဲ့အိမ်ကလူဖြစ်တာမို့။
– သား အာရင်းရဲ့အစ်ကိုက မင်းရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတာလည်း အမှန်မဟုတ်ဘူးမလား
“မဟုတ်ပါဘူး၊ တစ်ခါတလေတော့ တွေ့ကြပေမဲ့”
– တစ်ခါတလေလည်း မတွေ့နဲ့တော့။ အမေ ဘောမ်ဂျွန်းနဲ့မပေါင်းနဲ့လို့ ပြောထားတယ်လေ။ အမေ မင်း အဲ့အိမ်နဲ့ပတ်သက်တာကို မကြိုက်ဘူးလို့
လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကြားခဲ့ရတဲ့စကားပင်။ ဒါပေမဲ့အခုထိ အမေဘာလို့ ဘောမ်ဂျွန်းနဲ့သူငယ်ချင်းဖြစ်တာ ၁၀ နှစ်လောက်ကြာပြီးမှ ရုတ်တရက်ကြီးမပေါင်းနဲ့လို့ပြောတာလဲဆိုတာကိုတော့ နားမလည်နိုင်ခဲ့ဘူး။
“အကြောင်းရင်းကို ပြောပေးပါ”
– ဒီတိုင်း မကြိုက်တာ။ အကြောင်းရင်းကိုမမေးဘဲ အမေ့စကားကိုနားထောင်ပေးလို့မရဘူးလား
“အမေလည်း ကျွန်တော့်စကားကို နားမထောင်ပေးဘူးလေ”
– အမေ ဘယ်တုန်းက နားမထောင်ပေးလို့လဲ
“ကျွန်တော့်အိမ်ထောင်ဖက်ကိုတော့ ကျွန်တော်ပဲရွေးမှာဆိုပြီးပြောထားတာတောင် ကျွန်တော်မသိအောင် ကြင်ဖက်တွေ့တဲ့နေရာလုပ်ခိုင်းတယ်၊ ကျွန်တော့်ကိုလိမ်ပြီး ဒီနေရာအထိလာခိုင်းတယ်လေ။ တခြားသူရောက်လာတယ်ပြောလို့ အမေ့အမှားကလည်း ပျောက်သွားတာမဟုတ်ပါဘူး”
– ဆောင်းဟျော့လေး အမေက…….
“နောက်တစ်ကြိမ်ထပ်ပြောတာပေမဲ့ ကျွန်တော့်မိန်းကလေးကိုတော့ ကျွန်တော်ရွေးမှာပါ”
– မင်းရွေးရင်တောင် အမေတို့ခွင့်ပြုမှရမှာ
အခု ဆောင်းဟျော့အတွက်လိုအပ်တာက မိဘတွေရဲ့ခွင့်ပြုချက်မဟုတ်ဘဲ ယောင်အင်းရဲ့ခွင့်ပြုချက်ပင်။
ယောင်အင်းရဲ့ဖြစ်တည်မူကို လျို့ဝှက်ထားရတဲ့အကြောင်းရင်းက ယောင်အင်းဆီက ခွင့်ပြုချက်မရလို့သာ၊ မိဘတွေခွင့်မပြုပေးမှာကိုကြောက်လို့ မဟုတ်ခဲ့ဘူး။
အခုထိ စိတ်ပြင်ဆင်လို့မပြီးသေးတဲ့ယောင်အင်းကို ကျွန်တော့်စိတ်ကြိုက် ကမ္ဘာကြီးရှေ့ထုတ်မပြနိုင်လို့ စောင့်နေခဲ့တာ။
“နောက်တစ်ခေါက် ဒီလိုနေရာမျိုးကို မလုပ်ပါနဲ့တော့။ လက်တလောတော့ အမေတွေ့ဖို့ပြောရင်တောင်မတွေ့မှာမို့ အဲ့လိုသိထားပေးပါ”
– သား ဆောင်းဟျော့
“ဖုန်းချပါတော့မယ်”
သူပြောစရာရှိတာကိုပဲပြောပြီးတော့ ဖုန်းချလိုက်တဲ့ဆောင်းဟျော့က ရောက်လာတဲ့ဓာတ်လှေကားထဲကို ဝင်လိုက်တယ်။
***
မှောင်မည်းနေတဲ့ခြံဝင်းထဲ လမ်းလျှောက်နေတဲ့ယောင်အင်းက နေရာမှာပဲ တုံ့ခနဲရပ်သွားခဲ့တယ်။
နောက်ကျောကနေ တံခါးဖွင့်သံကြားလိုက်ရတဲ့ အချိန်မှာပေါ့။
“ဟဲ့”
ခေါင်းနောက်ဘက်ကကြားရတဲ့ လျှာလိပ်နေတဲ့အသံကနေ အရက်နံ့ရနေသလိုမျိုး ထင်ယောင်ထင်မှားဖြစ်သွားခဲ့တယ်။
ယောင်အင်းလည်း မကြားချင်ယောင်ဆောင်ကာ အိမ်ထဲဝင်သွားချင်စိတ်ကိုလျှော့ပြီးတော့ ဖြေးဖြေးချင်းနောက်လှည့်လိုက်တယ်။ ပြီးတော့ အရက်မူးနေလို့ ယိုင်တိယိုင်တိုင်လျှောက်လာတဲ့အစ်မကို ငြိမ်ငြိမ်လေးကြည့်နေလိုက်တယ်။
“ငါအခု ဘယ်သူနဲ့တွေ့ပြီးတော့ပြန်လာတာလဲ မှန်းကြည့်”
အာရင်းက ငြိမ်ငြိမ်လေးမရပ်နိုင်ဘဲ ဟိုဟိုဒီဒီယိမ်းယိုင်နေရင်း ကိုယ့်မေးခွန်းကို ကိုယ့်ဘာသာပြန်ဖြေလာခဲ့တယ်။
“အစ်ကိုဆောင်းဟျော့နဲ့လေ”
“ဟုတ်လား”
ယောင်အင်းက စိတ်ထဲမှာပဲ နည်းနည်းတုန်လှုပ်သွားရုံသာ၊ အပြင်ဘက်မှာတော့ မျက်နှာသေအတိုင်း နေနေခဲ့တယ်။
“ငါ ဒီနေ့ အစ်ကိုဆောင်းဟျော့နဲ့ကြင်ဖက်တွေ့ခဲ့တာ”
“ဪ အဲ့လိုကိုး”
ဒီတစ်ခေါက်မှာတော့ မျက်စံလှုပ်သွားတာကို မတားနိုင်ခဲ့ပေ။
ကံကောင်းတာက အာရင်း အရက်အများကြီးသောက်ထားတာမို့ လုံးဝမရိပ်မိခဲ့ဘူး။
“နင်ကတော့ အိုချန်းဂင်းလိုကောင်နဲ့ကြင်ဖက်တွေ့တဲ့အဆင့်ပေမဲ့ ငါကတော့ ချားဆောင်းဟျော့လိုယောကျ်ားနဲ့ ကြင်ဖက်တွေ့တဲ့အဆင့်လေ။ သိပြီမလား”
အာရင်းတစ်ယောက် ယောင်အင်းရှေ့မှာ အလကားသက်သက်လေလုံးကြီးနေတဲ့အကြောင်းရင်းက စုတ်ပြတ်သွားတဲ့သိက္ခာနဲ့မာနကို ဖြည့်ဆည်းဖို့အတွက်ပင်။ အာရင်းက ငယ်ငယ်ကတည်းကနေ ကိစ္စတစ်ခုခုရှိတဲ့အချိန်တိုင်း ဒီလိုနည်းနဲ့ယောင်အင်းကိုအထင်သေးရင်း ကိုယ်ကိုကိုယ့်နှစ်သိမ့်လေ့ရှိတယ်။
“ခေါင်းမော့ပြီး တည့်တည့်လျှောက်သွားမနေဘဲ အဆင့်အတန်းလေးဘာလေးလည်းသိဦး”
အာရင်းက ဒီနေ့ဆောင်းဟျော့ဆီကနေ စော်ကားခံရသမျှကို ယောင်အင်းဆီ အကုန်ပြန်ပုံချခဲ့တယ်။
ယောင်အင်းကတော့ အာရင်းတစ်ယောက်ထဲ အရက်သောက်ပြီးပြန်လာတယ်ဆိုတာရော၊ အာရင်းရဲ့မျက်လုံးတွေ ဖောင်းအစ်နီရဲနေတာက စိတ်တိုပြီးအသားကုန်ငိုခဲ့လို့ဆိုတာရော မသိခဲ့ဘူး။ ဒီတိုင်း ဆောင်းဟျော့က သူ့အစ်မနဲ့ကြင်ဖက်တွေ့ခဲ့တယ်ဆိုတာကို အံ့ဩနေခဲ့ရုံ။
“ကျွန်မလောက် အဆင့်အတန်းကောင်းကောင်းသိတဲ့သူ ရှိတော့မှာမဟုတ်ဘူး။ အဲ့လိုဟာမျိုးကို စိတ်မပူလည်းရတယ်”
ယောင်အင်းရဲ့နှုတ်ခမ်းထက်မှာ ခါးသက်သက်အပြုံးပေါ်လာရာကနေ ပြန်ပျောက်သွားခဲ့တယ်။
“တော်သေးတာပေါ့”
အာရင်းက နှုတ်ခမ်းတစ်ဖက်ကိုပဲကွေးတင်ပြီးတော့ ယောင်အင်းဘေးကနေဖြတ်သွားခဲ့တယ်။ ဒါပေမဲ့ယောင်အင်းကတော့ ရှုပ်ထွေးနေတဲ့ခေါင်းကိုရှင်းနေရတာနဲ့ တစ်လှမ်းမှမရွေ့နိုင်ခဲ့ဘူး။
ကားမောင်းနေတယ်ဆိုတာက ကြင်ဖက်တွေ့ဖို့သွားတဲ့လမ်းမှာလား။
– မင်းငါ့ကိုလက်ခံပေးရင်တော့ အဲ့အချိန်ကျရင် ပြောပြမှာပါ
– မင်းကြောင့်သာဆိုရင် ဘယ်လောက်ပဲဖြစ်ဖြစ် ဒီထက်ပိုပြီး ကလေးဆန်ချင်ဆန်လာနိုင်တယ်
– အင်းပါ အတင်းမလုပ်နဲ့၊ ငါ့ဘက်ကခေါ်ရင်လည်း ရတာပဲ
သူ့ရဲ့အသံက အရင်လိုပဲ နားထဲမှာရှင်းလင်းနေခဲ့တယ်။
ကျွန်မအစ်မနဲ့ကြင်ဖက်တွေ့ဖို့သွားနေချိန်မှာ နှလုံးသားလှုပ်ခတ်သွားလောက်တဲ့ ချိုမြိန်စရာစကားလုံးတွေသုံးပြီး လူကိုစိတ်ယိုင်အောင်လုပ်သွားတဲ့သူဆီကနေ သစ္စာဖောက်ခံရသလိုမျိုး ခံစားလိုက်ရတယ်။
သဝန်တိုအောင်ဆွနေတာမဟုတ်ဘူးလားလို့ သံသယဝင်ခဲ့ပေမဲ့ အဲ့သံသယက အမြန်ပြန်ပျောက်သွားခဲ့တယ်။ တကယ်လို့ သဝန်တိုအောင်လုပ်ဖို့ရည်ရွယ်ခဲ့တာဆိုရင် ယုံကြည်ချက်ရှိရှိနဲ့ ကြင်ဖက်တွေ့ဖို့သွားနေတာဆိုပြီး ပြောခဲ့မှာမို့။
တကယ်ကို ကျွန်မအစ်မနဲ့လက်ထပ်မလို့လုပ်နေတာလားလို့ တွေးမိတော့ ပိုတောင်လန့်သွားခဲ့ရတယ်။ နှစ်ယောက်သား ဘေးချင်းကပ်ရပ်နေကြတဲ့ပုံကို စဉ်းစားကြည့်လိုက်တော့ အသက်ရှုတောင်ကြပ်လာတယ်။
ကျေးဇူးပြုပြီး ချားဆောင်းဟျော့ကို ခဲအိုလို့မခေါ်ပါရစေနဲ့။
ယောင်အင်းက စိတ်ရှုပ်ထွေးနေတဲ့မျက်နှာနဲ့ သူ့ရဲ့မျက်လုံးလောက် မည်းနက်နေတဲ့ကောင်းကင်ကို မော့ကြည့်နေခဲ့တယ်။
*******