Chapter 23
စားပွဲရှေ့မှာထိုင်ပြီးတော့ ထောက်ခံစာတွေကိုကြည့်နေတဲ့ဆောင်းဟျော့က တံခါးခေါက်သံကိုကြားလိုက်ရတယ်။
သူ့မျက်နှာမှာတော့ မြင်ရသလိုလို မမြင်ရသလိုလို အပြုံးလေးကပေါ်လာခဲ့တယ်။ တံခါးခေါက်တဲ့သူက အတွင်းရေးမှူးမဟုတ်တာကို သိသွားတဲ့အချိန်မှာပေါ့။
ချဲယောင်အင်းရဲ့ တံခါးခေါက်သံကို ပထမဆုံးအကြိမ်ကြားဖူးတာပင်။ တစ်နေ့မှာ အကြိမ်ပေါင်းများစွာကြားရတဲ့ အတွင်းရေးမှူးရဲ့တံခါးခေါက်သံထက် ပိုအေးမြပြီးတော့ရှင်းလင်းနေခဲ့တယ်။ လူတိုင်းမတူကြတာမှန်ပေမဲ့ တံခါးခေါက်သံမှာတောင် အကျင့်စရိုက်ပေါ်နေတာကို အံ့ဩမိသွားတယ်။
ရုံးခန်းတံခါးကိုဖွင့်ပြီး ယောင်အင်းက အထဲကိုဝင်လာခဲ့တယ်။
တကယ့်ကို SL အင်တာတိန်းမန့်ဆီ လာလိုက်တာမှန်သွားတယ်လို့ တွေးမိသွားခဲ့တယ်။ တွေ့ချင်တဲ့အချိန်တိုင်း ဒီလိုမျိုးတွေ့နိုင်တာမို့။
“ခေါ်ပါသေးလား”
ယောင်အင်းကိုယ်တိုင် တံခါးခေါက်ပြီးတော့ ဝင်လာရတဲ့အကြောင်းရင်းက ဆောင်းဟျော့က ခုနတုန်းကအတွင်းရေးမှူးဆီမှာ ရှေ့လျှောက် အဖွဲ့ခေါင်းဆောင်ယွန်ဂျီဆန်းနဲ့ အဖွဲ့ခေါင်းဆောင်ချဲယောင်အင်းကိုတော့ ဒီတိုင်းချက်ချင်းဝင်လာခိုင်းဖို့ ညွှန်ကြားထားလို့ပင်။
ရှေ့လျှောက် ပိုတောင် ခဏခဏခေါ်တော့မှာဆိုတဲ့အဓိပ္ပါယ်လည်းဖြစ်သလို တခြားလူတွေထက် ထူးခြားတယ်ဆိုတဲ့အဓိပ္ပါယ်လည်း သက်ရောက်ခဲ့တယ်။
ဆိုဖာဆီကို မျက်စပစ်ပြလိုက်တဲ့ဆောင်းဟျော့က ထိုင်ခုံကနေထပြီးတော့ ဆိုဖာပေါ်မှာရွှေ့ထိုင်လိုက်တယ်။ နောက်ပြီးတော့ ယောင်အင်းထိုင်ပြီးတဲ့အထိစောင့်လိုက်ပြီးမှ အမည်ခံရုံသက်သက်ဖြစ်တဲ့အကြောင်းအရာကို ထုတ်ပြောလိုက်တယ်။
“သရုပ်ဆောင်လဲတာ ဘယ်လိုဖြစ်သွားပြီလဲ သိချင်လို့။ ဆောဂျင်ဂယိုကလုပ်မှာတဲ့လား”
“မလုပ်ပါဘူး။ ကျွန်မ အစွမ်းကုန်တားလိုက်ပါတယ်”
“အသာလေးပဲ တားလိုက်လေ။ ဘာလို့ အစွမ်းကုန်တားလိုက်တာလဲ”
ဆောင်းဟျော့က သဘောမကျသလိုနဲ့ ရေရွတ်လိုက်တယ်။ တကယ်တော့ ထင်ထားပြီးသား ရလဒ်တစ်ခုသာ။
“ပုံရိပ်နဲ့ အချိန်ဇယားတွေလည်းအကုန်ကိုက်ညီပြီးတော့ ကိုယ်တိုင်လည်းလုပ်ချင်တယ်ဆိုပြီး တက်တက်ကြွကြွပြောလာတဲ့ သရုပ်ဆောင်တချို့ရှိလို့ ဒါရိုက်တာနဲ့စာရေးဆရာဆီ ကျွန်မတို့ဘက်က ကမ်းလှမ်းထားလိုက်ပါတယ်။ အခု အကြောင်းပြန်လာတာကို စောင့်နေတာပါ။ အတည်ပြုပြီးတာနဲ့ ချက်ချင်း ပြန်တင်ပြပါ့မယ် ”
“ပင်ပန်းသွားပြီ”
“သေချာပေါက် ကျွန်မလုပ်ရမဲ့အလုပ်ပါ”
“ဇာတ်ညွှန်းစစ်တာကရော”
“ကမ်းလှမ်းလာတဲ့ဇာတ်ညွှန်းတွေကိုတော့ အကုန်စစ်ကြည့်ပြီးပါပြီ။ နောက်အပါတ်အတွင်းမှာ အစီရင်ခံစာတင်လိုက်ပါမယ်”
“အင်းပါ”
ယောင်အင်းက သည်းမခံနိုင်တော့ဘဲ မျက်မှောင်နည်းနည်းကြုတ်လိုက်တယ်။
“ဥက္ကဌ အခု အလုပ်အကြောင်းတင်ပြနေတာပါ”
“သိတယ်လေ”
ဆောင်းဟျော့က အေးအေးဆေးဆေး ပုခုံးတွန့်ရင်း စကားကိုဆက်လိုက်တယ်။
“မင်းရှေ့မှာတော့ သူဌေးပုံစံကို ဒီလောက်ပဲဖမ်းတော့မလို့”
“သူဌေးပုံစံဖမ်းတာမဟုတ်ဘဲ တကယ်သူဌေးဟုတ်ပါတယ်”
“ငါက မင်းရှေ့မှာ ယောကျ်ားတစ်ယောက်ဖြစ်ချင်တာ။ ဥက္ကဌဖြစ်ချင်တာ မဟုတ်ဘူး”
“ဥက္ကဌ မဖြစ်ချင်ရင်တောင် ဥက္ကဌပါပဲ”
ယောင်အင်းရဲ့အသံ အေးစက်စက်ဖြစ်နေရတာက မနေ့ညတုန်းကကိစ္စရဲ့ နောက်ဆက်တွဲအကျိုးရလဒ်ပင်။
မနေ့ကတော့ အံ့သြရုံအံ့ဩသွားပေမဲ့ ဒီနေ့တော့ ဝမ်းနည်းပြီး သဘောမကျတဲ့စိတ်က ပိုကြီးမားလာခဲ့တယ်။ ကျွန်မအစ်မနဲ့ ကြင်ဖက်တွေ့လာပြီးတော့ ဘာကိစ္စမှမရှိခဲ့သလိုမျက်နှာနဲ့ ပရော်ပရည်လာလုပ်နေတော့ ဒေါသတွေက ဆောင့်တက်လာခဲ့တယ်။ တမင်ရည်ရွယ်ထားတာမဟုတ်ဘဲ သဝန်လည်းတိုလာခဲ့တယ်။
“ဒါဆိုရင် မင်းကတော့ အလုပ်နဲ့ပတ်သက်တဲ့အကြောင်းပြောတဲ့အချိန်ဆို ငါ့ကိုဥက္ကဌလိုဆက်ဆံ။ ငါလည်း ငါ အဆင်ပြေသလိုနေလိုက်မယ်။ အချင်းချင်း သက်သောင့်သက်သာရှိသလို လုပ်ကြတာပေါ့”
“…….”
“တခြားလူရှိတဲ့အချိန်ဆိုရင်တော့ အမှားမလုပ်မှာမို့ စိတ်မပူပါနဲ့”
“…….”
ယောင်အင်းက ‘ကျွန်မကိုယ်တိုင်လည်းပဲ ကိုယ်ရေးကိုယ်တာခံစားချက်တွေ ပြည့်နေတာဆိုတော့ ဘယ်သူ့ကိုလှောင်နိုင်ဦးမှာလဲ’ ဆိုပြီးတွေးနေတာမို့ ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ ဆောင်းဟျော့က အဲ့အချိန်ကို အလွတ်မပေးခဲ့ပေ။
“ဒီနေ့ ညစာအတူစားရအောင်”
“ဒီနေ့ညနေ သရုပ်ဆောင်ဆောဂျင်ဂယိုနဲ့ ကြော်ငြာရှင် ဆွေးနွေးဖို့ရှိပါတယ်”
အစည်းအဝေးမရှိခဲ့ရင်တောင် သူ့တောင်းဆိုချက်ကို လက်ခံမှာမဟုတ်ပေမဲ့၊ တရားဝင်အကြောင်းပြချက်နဲ့ငြင်းလိုက်နိုင်တာက လုံးဝပိုအဆင်ပြေခဲ့တယ်။
“ဘယ်နေရာနဲ့လဲ”
“Outdoor Brand BK နဲ့ပါ”
“ကောင်းတာပေါ့။ ငါလည်း အတူတူလိုက်ခဲ့လိုက်မယ်လေ”
ယောင်အင်းရဲ့မျက်လုံးတွေ ဝိုင်းစက်သွားခဲ့တယ်။
မသိတဲ့လူနဲ့ အဆင်ပြေပြေနေတတ်တဲ့စရိုက်လည်း မဟုတ်ဘဲနဲ့၊ အဲ့ဒါထက် တစ်ဖက်လူကို အရိပ်အကဲကြည့်ရအောင်လုပ်တဲ့သူက တကယ်ပဲ ဘယ်ကိုအတူသွားမယ်လို့ ပြောနေတာပါလိမ့်။
“ရပါတယ်။ အဲ့လိုမလုပ်လည်း ရပါတယ်”
“အဲ့လိုလုပ်လိုက်မယ်”
“အဲ့လိုမလုပ်တာ ပိုကောင်းမယ်ထင်ပါတယ်”
“အစွမ်းကုန် တားနေရတဲ့အကြောင်းရင်းက?”
“အစည်းအဝေးကိုလာမဲ့ ဒါရိုက်တာဂိုမီဟျောန်းက သရုပ်ဆောင်ဆောဂျင်ဂယိုရဲ့ပရိသတ်ပါ။ ဥက္ကဌ အဲ့နေရာကိုသွားရင် လူပိုတစ်ယောက်ပဲ ဖြစ်နေမှာပါ”
“ငါက တစ်နေရာရာကိုသွားတိုင်း လူပိုဖြစ်မဲ့သူမဟုတ်ဘူးလေ?”
“အဲ့ဒါကြောင့်မို့ မသွားပါနဲ့”
ဒါကြောင့်ပဲ တားနေရတာပင်။
ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် လူအာရုံစိုက်ခံရဖို့သေချာတဲ့ချားဆောင်းဟျော့က လူပိုတစ်ယောက်ဖြစ်သွားမှာကို မမြင်ချင်တာမို့။
ဆောဂျင်ဂယို BK မော်ဒယ်ဖြစ်သွားတဲ့နေရာမှာ ဥက္ကဌကြီးရဲ့သမီးဖြစ်သူ ဂိုမီဟျောန်းရဲ့အခန်းကဏ္ဍက တော်တော်ကြီးတယ်ဆိုတဲ့သတင်းတွေတောင် ကြားရတဲ့အထိမို့ ချားဆောင်းဟျော့ အဲ့နေရာမှာ တစ်ယောက်ထဲဖြစ်နိုင်ချေက အရမ်းများနေခဲ့တယ်။
“အခု ငါ့ကိုစိတ်ပူနေတာလား”
“မဟုတ်ပါဘူး”
“ဒါဆို ဘာဖြစ်မလဲ”
“သတိပေးတာပါ”
“စိတ်ပူတာပဲဖြစ်ဖြစ် သတိပေးတာပဲဖြစ်ဖြစ် သံယောဇဉ်မရှိရင် လူပိုဖြစ်ဖြစ် မဖြစ်ဖြစ် ဂရုစိုက်မှာတောင်မဟုတ်ဘူးလေ”
ယောင်အင်းက မျက်လုံးနှစ်လုံးကိုကျယ်ခိုင်းလိုက်ရင်း အသံကိုမြင့်လိုက်တယ်။
“ဘာလို့ နောက်ဆုံးရလဒ်က ဒီလိုထွက်လာတာပါလဲ”
“မင်း အဲ့ဒါကိုသိလား။ မင်း စိတ်တိုသွားရင် အမှန်ပဲဆိုတာကို”
“…….”
ချက်ကောင်းထိသွားတဲ့ယောင်အင်းက တစ်ခဏ ပြောစရာစကားပျောက်သွားခဲ့တယ်။
“အမှန်သာမဟုတ်ဘူးဆိုရင် ဘယ်ကခွေးဟောင်နေတာလဲဆိုတဲ့မျက်နှာနဲ့ လျစ်လျူရှုတာပဲဖြစ်ဖြစ် ရယ်ပဲရယ်မှာလေ။ စိတ်မတိုဘူး မင်းက”
“…….”
ချက်ကျလက်ကျ ရှင်းပြခံလိုက်ရတဲ့သူရဲ့ပါးစပ်ကတော့ ပွင့်မလာခဲ့ဘူး။ တစ်ဖက်က အနိုင်ရသွားတဲ့သူရဲ့မျက်နှာမှာတော့ အပျော်တွေနဲ့ပြည့်နေခဲ့တယ်။
“BK ဘက်ကိုတော့ ဒီတိုင်း တစ်ယောက်ပိုလာမယ်လို့ပဲ ပြောထားလိုက်။ အလကားသက်သက် ဥက္ကဌလာမှာလို့ပြောလိုက်ရင် တစ်ခုခုအရေးကြီးပြောစရာများရှိတာလားဆိုပြီး ပြောကြမှာလေ။ ငါက ထမင်းစားဖို့ပဲသွားမှာကို”
“…ဟုတ်ကဲ့”
တစ်ယောက်ယောက်သာကြားရင် တော်တော်လေးလုပ်စရာမရှိလို့ ထမင်းအတူစားပေးမဲ့သူလည်းမရှိလို့ ထမင်းစားဖို့ရူးနေတဲ့သူဆိုပြီး ထင်ကြတော့မှာပဲ။
ယောင်အင်းက စိတ်ထဲကနေပွစိပွစိပြောနေရလို့ သူပြောပြီးသွားပြီဆိုတာကိုတောင် သတိမထားမိခဲ့ဘူး။
“နည်းနည်းထပ်နေဦးမှာဆိုရင် လက်ဖက်ရည်တစ်ခွက်လောက်ယူလာဖို့ ပြောလိုက်ရမလား”
အဲ့အချိန်ကျမှ စိတ်ပြန်ကပ်သွားတဲ့ယောင်အင်းက နေရာကနေချက်ချင်းထလိုက်တယ်။
“သွားပါတော့မယ်”
ရုံးခန်းထဲကနေထွက်သွားတဲ့ယောင်အင်းက ဝင်လာတဲ့အချိန်တုန်းကထက်ပိုပြီးတော့ မျက်ကွင်းတွေကျနေခဲ့တယ်။
ဘယ်လောက်ပဲ မတားဘူးလို့ဆုံးဖြတ်ထားရင်တောင် အမြဲတမ်း ရလဒ်ကတူတာမို့ ရူးတော့မလိုဖြစ်ခဲ့တယ်။
***
မြေအောက် ၁ ထပ်မြောက်ကိုဆင်းသွားပါဆိုပြီးတော့ ဥက္ကဌရုံးခန်းကအတွင်းရေးမှူးရဲ့ အဆက်အသွယ်ကိုရလိုက်တဲ့ယောင်အင်းက ကုမ္ပဏီကိုရောက်နေတဲ့ဂျင်ဂယိုနဲ့အတူ ဓာတ်လှေကားစီးလာခဲ့တယ်။
“တကယ်ပဲ ဘာလို့အတူသွားမှာတဲ့လဲ”
ဂျင်ဂယိုက ဆောင်းဟျော့ရဲ့အပြုအမူကို လုံးဝသဘောမကျခဲ့ဘူး။
“SL အင်တာတိန်းမန့်ကအနုပညာရှင်ကို ကြော်ငြာမော်ဒယ်အနေနဲ့သုံးပေးလို့ ကျေးဇူးတင်ပါတယ် ဘာညာ၊ အင်း အဲ့လိုအဓိပ္ပါယ်နဲ့ ကိုယ်တိုင်သွားပြီးတော့ နှုတ်ဆက်ဖို့…….”
“မင်းလည်း ပြောရင်းနဲ့ရှက်လာတယ်မလား”
“ဟုတ်….”
ယောင်အင်းက သူ့ရဲ့အကြည့်ကိုရှောင်ရင်း ခေါင်းကိုငုံ့ထားလိုက်တယ်။
ချားဆောင်းဟျော့က ဘယ်လိုလူလဲဆိုတာသိပြီးတဲ့သူရှေ့မှာ စကားလုပ်ပြီးတော့လျှောက်ပြောရတာက တခြားအချိန်တွေထက် ပိုရှက်စရာကောင်းခဲ့တယ်။
“တကယ်လို့ ကိုယ်မဟုတ်တဲ့ တခြားသူရဲ့ အစည်းအဝေးသာဆိုရင် အတူသွားမယ်လို့ပြောမှာမဟုတ်ဘူးမလား”
“…….”
ယောင်အင်းရဲ့နှုတ်ဆိတ်မှုက ဟုတ်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ခဲ့တယ်။
“အရမ်းတော့ စိတ်အခြေအနေမဆိုးသွားဘူးပဲ”
“ဘာကလဲဟင်”
“ကိုယ့်ကိုအာရုံစိုက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲမလား။ မင်းကို ကိုယ့်ဆီအလုခံရနိုင်မလားမသိဘူးဆိုတဲ့ အကျပ်အတည်းကို ခံစားမိတာနေမှာပေါ့”
“…….”
ယောင်အင်းက နှုတ်ခမ်းကိုပဲ နှစ်ကြိမ် သုံးကြိမ်ကိုက်ရင်း ဒီတိုင်းပါးစပ်ကို ပိတ်ပစ်လိုက်တယ်။
မြေအောက်ပထမထပ်ကိုရောက်သွားလို့ ဓာတ်လှေကားကနေဆင်းလိုက်တဲ့ လူနှစ်ယောက်က ကားပါကင်ထိုးတဲ့နေရာနားကို ဖြေးဖြေးချင်း လျှောက်သွားခဲ့ကြတယ်။ ဒါပေမဲ့ သေချာပေါက် ဇိမ်ခံကားရှိနေမယ်လို့ထင်တဲ့နေရာမှာ အဆင့်မြင့် SUV တစ်စီးက ရှိနေခဲ့တယ်။
ဘယ်သူ့ကားလဲဆိုတာ တစ်ခါတည်းမှတ်မိသွားတဲ့ယောင်အင်းက တစ်ခဏတုံ့ဆိုင်းသွားခဲ့တယ်။ ဂျင်ဂယိုကတော့ ကားမောင်းသူနေရာကနေဆင်းလာတဲ့သူရဲ့မျက်နှာကိုတွေ့မှ ဆောင်းဟျော့ရဲ့ကားဆိုတာကို သိသွားခဲ့တယ်။
ကြောင်တောင်တောင်ဖြစ်နေကြတဲ့လူနှစ်ယောက်ရှေ့ကိုလာပြီးတော့ ရပ်လိုက်တဲ့ဆောင်းဟျော့က ဂျင်ဂယိုကြည့်ပြီးပြောလာခဲ့တယ်။
“ကျွန်တော့်ကားနဲ့ သွားကြတာပေါ့”
ဂျင်ဂယိုဘာမှမပြောရသေးခင်မှာ ယောင်အင်းက ကြားဝင်ပြောလိုက်တယ်။
“ကျွန်မ ကျွန်မတို့အသင်းရဲ့မန်နေဂျာကို ချိန်းထားတဲ့နေရာအထိလိုက်ပို့ပေးဖို့ ပြောထားပြီးပါပြီ”
ဆောင်းဟျော့က ဖုန်းကိုထုတ်လိုက်တဲ့ယောင်အင်းရဲ့လက်ကို ဖြေးဖြေးချင်းချပြီးတော့ နဂိုနေရာမှာပြန်ထားခဲ့တယ်။
“စောင့်နေတာတွေ့လို့ ငါပြန်ခိုင်းလိုက်တာ။ ငါ့ကားနဲ့သွားမှာဆိုပြီးတော့”
“ဒါဆို ကျွန်မမောင်းလိုက်ပါ့မယ်”
“အခုတော့ မမောင်းနဲ့ဦး”
“…….”
ယောင်အင်းက အခုမဟုတ်ရင် ဘယ်အချိန်မောင်းရမှာလဲဆိုတာကို တွေးနေတဲ့အချိန် ဂျင်ဂယိုကပြောလာခဲ့တယ်။
“ဥက္ကဌက ကားမောင်းပေးမယ်လို့တောင်ပြောနေတာကို ကျေးဇူးတင်ပြီးတော့ပဲ စီးပြီးသွားကြတာပေါ့”
ဂျင်ဂယိုအထိတောင် သဘောတူလာမှတော့ ယောင်အင်းလည်း ဒီထပ်ပိုပြီး မတောင့်ခံနိုင်တော့ပေ။
“ဟုတ်ကဲ့….”
ဂျင်ဂယိုက ဆောင်းဟျော့ရဲ့ ကားပေါ်တက်ပါဆိုတဲ့သဘောနဲ့ ခေါင်းအသာလေးညိတ်ပြတာကိုတွေ့ပြီးနောက်မှာတော့ အနောက်တံခါးကိုဖွင့်လိုက်တယ်။ ပြီးတော့ ယောင်အင်းကိုကြည့်လိုက်တယ်။
‘အနောက်ခုံမှာ ထိုင်လို့ရလား’
ယောင်အင်း အနောက်ခုံနဲ့အရှေ့ခုံကို တစ်လှည့်စီကြည့်လိုက်တာနဲ့ ဆောင်းဟျော့က မျက်မှောင်ကြုတ်လိုက်တယ်။
“ဘာတွေစဉ်းစားနေတာလဲ။ ငါ့ဘေးမှာထိုင်ရမှာပေါ့။ ငါက ဒရိုင်ဘာလား”
ဆောဂျင်ဂယိုနဲ့ ချဲယောင်အင်းကို နောက်ခုံမှာအတူထိုင်ခိုင်းဖို့အတွက် ကျွန်တော့်ကားနဲ့သွားဖို့ပြောခဲ့တာမဟုတ်ဘူး။
“ဒီထပ်ပိုပြီး ဖုံးကွယ်စရာမလိုတော့ဘူးလို့ ပြောပြီးတာနဲ့ တကယ်မဖုံးကွယ်တော့ဘူးပဲ”
ဂျင်ဂယိုရဲ့အသံက လုံးဝကို ရွဲ့စောင်းပြောတဲ့အသံ ဖြစ်ခဲ့တယ်။
“ယောင်အင်းနဲ့ကျွန်တော့်ဆက်ဆံရေးကို အကုန်သိတဲ့သူရှေ့မှာ အထက်လူကြီးနဲ့ဝန်ထမ်းပုံစံလုပ်ချင်ယောင်ဆောင်ရင် အထင်သေးစရာမကောင်းဘူးလား”
“တစ်ဖက်သက်လိုက်ကပ်နေတာကိုကြည့်ရင်း နေရခက်တာမို့ အထင်သေးတာက ပိုကောင်းမယ်ထင်ပါတယ်”
“ဆောဂျင်ဂယိုရှီးရဲ့အကြိုက်အတိုင်း လုပ်ပေးချင်စိတ်ကတော့ မရှိပါဘူး”
ပြုံးနေတဲ့မျက်နှာတွေနဲ့ စူးရှတဲ့စကားဝိုင်းကို အပြန်အလှန်ပြောနေကြတဲ့ ယောကျ်ားနှစ်ယောက်ကိုဆက်မကြည့်နိုင်တော့တဲ့ယောင်အင်းက ရှေ့ထွက်ပြောလိုက်တယ်။
“နောက်ကျပါတော့မယ်။ သွားကြရအောင်”
ယောင်အင်းက ခရီးသည်ထိုင်ခုံဘေးမှာရပ်နေတဲ့ဆောင်းဟျော့ကို နည်းနည်းတိုက်ပြီးတော့ ခရီးသည်ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။
ဆောင်းဟျော့ ကျေကျေနပ်နပ်ပြုံးရင်း မောင်းသူနေရာကိုလျှောက်သွားတဲ့အချိန် ဂျင်ဂယိုကတော့ တင်းမာနေတဲ့မျက်နှာနဲ့ နောက်ခုံမှာဝင်ထိုင်လာတယ်။ သေချာပေါက် ပိုမြင့်တဲ့နေရာပေမဲ့ ပိုမြင့်သလိုမခံစားခဲ့ရဘူး။
***
ယောင်အင်းက တရုတ်စားသောက်ဆိုင်ဆီတက်သွားတဲ့ ဓာတ်လှေကားထဲမှာ ဆောင်းဟျော့ သိထားရလောက်မဲ့အချက်တွေကို ပြောပြခဲ့တယ်။
“ဒါရိုက်တာဂိုမီဟျောန်းက ဥက္ကဌကြီးရဲ့သမီးပါ။ ပြီးတော့ ပြီးခဲ့တဲ့လက အရောင်းဗျူဟာဌာနမှူးကနေ ရာထူးတိုးသွားတာပါ။ သဘောကျတဲ့သူကိုတော့ တော်တော်လေးကောင်းပေးပေမဲ့ အဲ့အပြင် တခြားသူတွေကိုတော့ အရှိကိုအရှိအတိုင်းပြောတတ်တယ်ဆိုပြီး နာမည်ကြီးတာကြောင့်မို့ အဲ့အချက်လေးတော့မှတ်ထားပါ ”
“အင်း မှတ်ထားလိုက်မယ်”
နည်းနည်းကြားကောင်းအောင် အရှိကိုအရှိအတိုင်းပြောတတ်တယ်လို့ ဖော်ပြခဲ့ပေမဲ့ တကယ်တော့ ‘သူ့စရိုက်က ထူးဆန်းပြီးယဉ်ကျေးမှုမရှိဘူး’ ဆိုပြီးပြောတာတွေက ပိုများနေခဲ့တယ်။ ဇီဇာကြောင်တဲ့ဆောင်းဟျော့နဲ့ မဆုံမိလောက်ဘူးလားလို့ စိုးရိမ်သွားခဲ့တယ်။
ဂျင်ဂယိုကတော့ နည်းနည်းမှမစိုးရိမ်ခဲ့ဘူး။ ဒါရိုက်တာဂိုက ဂျင်ဂယိုရဲ့အကြီးစားပရိသတ်ဖြစ်တာကြောင့်ပဲ မဟုတ်ခဲ့ဘူး။ ဆောင်းဟျော့နဲ့မတူဘဲ သူက အသင့်အတင့်ပြောင်းလဲနိုင်ကာ အခြေအနေအလိုက် နေတတ်တဲ့သူဖြစ်တာကြောင့်ပင်။
လူသုံးယောက်ဟာ ဝန်ထမ်းလမ်းညွှန်ပေးတဲ့အခန်းထဲကို ဝင်လာခဲ့ကြတယ်။
ယောက်ျားလေးနှစ်ယောက်ကြားမှာထိုင်နေတဲ့မိန်းကလေးက ထလာခဲ့တယ်။
ဒါရိုက်တာဂိုမီဟျောန်းက ဆောင်းဟျော့နဲ့ယောင်အင်းကို တစ်ချက်မှတောင်မကြည့်ဘဲ ဂျင်ဂယိုကိုကြည့်ရင်း ရွှင်ပြစွာရယ်ပြလာတယ်။
အဲ့အချိန်မှာပဲ ဆောင်းဟျော့က ယောင်အင်းပြောပြထားတဲ့အချက်ကို သုံးလိုက်တယ်။
“ဒါရိုက်တာဂိုမီဟျောန်း ရာထူးတိုးသွားလို့ ဂုဏ်ယူပါတယ်”
မီဟျောန်းရဲ့အကြည့်က ဆောင်းဟျော့ဆီရောက်သွားခဲ့တယ်။ ပြီးတော့ ခဏလောက်အကြာ မျက်လုံးတစ်စုံက ချက်ချင်းကျယ်သွားခဲ့တယ်။
“အစ်ကိုဆောင်းဟျော့”
ဆောင်းဟျော့ ပြုံးရင်းနဲ့ခေါင်းငုံ့လိုက်တဲ့အချိန် မီဟျောန်းက စားပွဲကနေထပြီးတော့ သူ့ဆီပြေးလာခဲ့တယ်။ မျက်နှာမှာတော့ ဂျင်ဂယိုကိုတွေ့တုန်းကထက် ပိုရွှင်ပြတဲ့အပြုံးကို ချိတ်ဆွဲထားခဲ့တယ်။
“အလုပ်သင်အနေနဲ့သွားတယ် ဆိုတဲ့သတင်းကိုတော့ကြားပေမဲ့ ဒါကဘယ်လိုဖြစ်ရတာပါလဲ။ လွမ်းနေတာပါ အစ်ကို”
တကယ့်တကယ် လူပိုဖြစ်သွားတဲ့သူကတော့ ဂျင်ဂယိုပင်။
***********
Telegram မှာတော့ အပိုင်း 100 ထိပြီးပါပြီ။ Extra အပါအဝင် အပိုင်း 100 အပြီးကို 4K နဲ့ Telegram Paid group ဝင်လို့ရပါတယ်ရှင်။
Telegram ACC – @lioniscute
Emily
SG မှာ ဘာလို့ update မမှန်တာလဲဟင်
B-soft
အရင်အပတ်က ဆက်တိုက် ငါးပိုင်းအပ်ပေးထားတယ်နော်။ ၂၀ ရက်နေ့က နောက်ဆုံး up ပေးထားတာမို့ ၂၇ ရက်နေ့၊ ဒီနေ့ up လိုက်တာပါရှင့်။