Chapter 24
“အရင်ဆုံးထိုင်ကြတာပေါ့”
ဆောင်းဟျော့က စိတ်လှုပ်ရှားနေတဲ့မီဟျောန်းကို သူ့နေရာမှာပြန်ထိုင်ခိုင်းပြီးတော့ BK ဘက်ကလူသုံးယောက်ရဲ့ မျက်နှာချင်းဆိုင်ညာဘက်ဆုံးမှာတော့ ယောင်အင်းကိုထိုင်ခိုင်းလိုက်တယ်။
ဂျင်ဂယိုက ဆောင်းဟျော့ ယောင်အင်းရဲ့ဘေးမှာထိုင်လိုက်တာကြောင့် ဘယ်ဘက်အစွန်ဆုံးမှာထိုင်ရုံကလွဲလို့ မတတ်နိုင်ခဲ့ဘူး။ ဆောင်းဟျော့ကိုအလယ်မှာထားပြီး ဘယ်ဘက်မှာ ဂျင်ဂယို၊ ညာဘက်မှာတော့ ယောင်အင်းရဲ့နေရာ ဖြစ်သွားခဲ့တယ်။
လူသုံးယောက်လုံး နေရာအသီးသီးမှာထိုင်လိုက်တာနဲ့ မီဟျောန်းက ရွှင်ပြနေတဲ့မျက်နှာနဲ့ ပြောလာခဲ့တယ်။
“အစ်ကို ကျွန်မဒီကိုလာမှာသိလို့ ကျွန်မကိုတွေ့ဖို့လာတာလား”
“ဒါရိုက်တာဂိုမီဟျောန်းလာမှာဆိုတာကိုတော့သိပေမဲ့ ဒါရိုက်တာဂိုမီဟျောန်းကိုတွေ့ဖို့လာတာတော့ မဟုတ်ပါဘူး”
“ဒီအစ်ကိုကတော့လေ မလိုအပ်ဘဲပွင့်လင်းလွန်းတာက အရင်အတိုင်းပဲ။ ဒီတိုင်း ကျွန်မကိုတွေ့ဖို့လာတာလို့ပြောလိုက်ရင် ဘယ်နားထိခိုက်သွားမှာမို့လဲ”
မီဟျောန်းက ဆောင်းဟျော့ ယဉ်ယဉ်ကျေးကျေးပြောနေတာတောင် ဂရုမစိုက်ခဲ့ဘူး။
“စကားလုပ်ပြောတဲ့နေရာမှာ မတော်ပါဘူး”
“အဲ့ဒါက အစ်ကို့ရဲ့ဆွဲဆောင်မှုလည်း ဟုတ်တာပေါ့”
ဆောင်းဟျော့က တခြားသူတွေကို လုံးဝမျက်စိထဲတောင်မထည့်တဲ့မီဟျောန်းကို တားဖို့အတွက် အခြေအနေကိုပြောင်းလိုက်တယ်။
“ညစာ စားကြတော့မလား”
သူမျှော်လင့်ထားတာနဲ့မတူဘဲ ထမင်းစစားတဲ့အချိန်မှာတောင် မီဟျောန်းက ကိုယ်ရေးကိုယ်တာစကားတွေကို ဆက်ပြောနေခဲ့တယ်။
အဲ့ကျေးဇူးကြောင့် ယောင်အင်းဟာ နှစ်ယောက်သားက အတော်ကြာပြီဖြစ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့အဖွဲ့ဝင်ဆိုတာရော၊ နှစ်တော်တော်ကြာမှ ပြန်တွေ့ဖြစ်ကြတယ်ဆိုတာရော သိသွားခဲ့ရတယ်။
အချိန်တွေကုန်လာလေလေ မီဟျောန်းက တကယ်ပဲ ဆောဂျင်ဂယိုရဲ့ပရိတ်သတ် ဟုတ်ရဲ့လားဆိုတာကိုတောင် သံသယဝင်လာခဲ့တယ်။ ဆောဂျင်ဂယိုရဲ့ပရိသတ်မဟုတ်ဘဲ ချားဆောင်းဟျော့ fanclub ခေါင်းဆောင်လို့ပြောရင် ပိုကိုက်ညီလောက်တယ်။
ဒါတင်မကဘဲ မီဟျောန်းက ဘယ်သူမှမမေးတဲ့၊ တကူးတကကြီးပြောဖို့မလိုတဲ့ အကြောင်းတွေအထိတောင် အထိန်းအကွပ်မရှိ ထုတ်ပြောလာခဲ့တယ်။
“ကျွန်မ အစ်ကိုဆောင်းဟျော့ကို သဘောကျခဲ့တာလေ။ ဖွင့်ရောဖွင့်ပြောခဲ့ပေမဲ့ အငြင်းခံလိုက်ရတယ်”
ဂဏန်းစွပ်ပြုတ်ကိုသောက်ဖို့ ပါးစပ်နားတေ့လိုက်တဲ့ယောင်အင်းရဲ့လက်က တစ်ခဏရပ်သွားခဲ့တယ်။
ဆောင်းဟျော့ရဲ့ဘေးမှာ လှပအောင်မြင်တဲ့မိန်းကလေးတွေအများကြီးရှိတာကို မသိတာလည်းမဟုတ်ဘဲ ဘာလို့လဲမသိဘူး ရင်ဘက်ထဲမှာ နေရခက်နေခဲ့တယ်။
ချားဆောင်းဟျော့ကိုတော့ကြိုက်ပေမဲ့ ချားဆောင်းဟျော့နဲ့ပတ်သက်ရင် ကိုယ့်ကိုကိုယ်သိမ်ငယ်သွားသလိုခံစားရတာကိုတော့ မုန်းခဲ့တယ်။ ဒါကြောင့်မို့ သူနဲ့ အရင်လိုဆက်ဆံရေး ပြန်မဖြစ်ချင်တာပင်။
“ဒီလိုနေရာမှာပြောရမဲ့အကြောင်း မဟုတ်ဘူးလို့တော့ ထင်ပါတယ်”
မီဟျောန်းက ဆောင်းဟျော့မျက်မှောင်ကြုတ်လိုက်တာတောင် အေးအေးဆေးဆေးပဲ ဘေးဘီဝဲယာကိုကြည့်လိုက်တယ်။
“နေရခက်တာလား။ နေရခက်တဲ့သူတွေ အရင်ထသွားလည်းရပါတယ်”
BK ဘက်က လက်ထောက်ဒါရိုက်တာနဲ့ ဌာနမှုးကတော့ လုံးဝနေရမခက်ဘူးဟုဆိုကာ လက်ခါပြခဲ့ကြပြီး ယောင်အင်းနဲ့ဂျင်ဂယိုကတော့ အဆင်ပြေပါတယ်ဆိုတဲ့သဘောနဲ့ အပြုံးပါးပါးလေးပြုံးရင်းသာ ဖြေခဲ့ကြတယ်။
ဒါပေမဲ့ နှစ်ယောက်လုံးရဲ့စိတ်ထဲမှာတော့ မသက်မသာဖြစ်နေခဲ့တယ်။ သဝန်တိုတဲ့ခံစားချက်ချင်းတူပေမဲ့ သဝန်တိုတဲ့လူချင်းကတော့ မတူခဲ့ပေ။
ယောင်အင်းက ဆောင်းဟျော့ကိုကြိုက်ဖူးတဲ့ မီဟျောန်းကိုသဝန်တိုနေတဲ့အချိန် ဂျင်ဂယိုကတော့ သူ့ပရိသတ်မီဟျောန်းရဲ့အာရုံကို ဖမ်းစားသွားတဲ့ဆောင်းဟျော့ကို သဝန်တိုနေခဲ့တယ်။
“အစ်ကို တွဲနေတဲ့သူရှိလား”
ဒီမိန်းမကတော့ ဘာဖြစ်နေတာလဲ…….
ယောင်အင်းရဲ့မျက်လုံးထဲမှာ ထိတ်လန့်သွားတဲ့အရိပ်အယောင်တွေ ထင်ဟပ်နေခဲ့တယ်။
ဂိုမီဟျောန်းက တခြားသူရဲ့အရိပ်အခြေကို မကြည့်တဲ့စရိုက်ဆိုတာကိုတော့ သေချာကြားထားလို့သိပေမဲ့ ဒီလောက်ဖြစ်နေမယ်လို့တော့ မထင်ထားခဲ့ဘူး။
“အဲ့ဒါကို ဘာလို့မေးတာလဲ”
တဖြည်းဖြည်းစိတ်တိုလာတဲ့ဆောင်းဟျော့ရဲ့လေသံက သိသိသာသာ အေးစက်သွားခဲ့တယ်။
“မရှိရင် ထပ်ဖွင့်ပြောကြည့်မလို့လေ။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းကတော့ မအောင်မြင်ခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ အောင်မြင်မလား မသိနိုင်ဘူးလေ”
“အောင်မြင်မှာမဟုတ်ဘူး။ သဘောကျတဲ့မိန်းကလေးရှိတယ်”
သူက တစ်ဖက်လူရှက်သွားရလောက်အောင် ယတိပြတ်ပြောလိုက်တယ်။
“တစ်ခါလောက် စနောက်ကြည့်တာကို ရုပ်တည်သွားပုံကတော့….”
ရှက်သွားတဲ့မီဟျောန်းက တစ်ယောက်တည်းရေရွတ်ရင်းနဲ့ ဝိုင်ပုလင်းကိုယူလိုက်တယ်။ သူမရဲ့အကြည့်က ချားဆောင်းဟျော့သဘောကျတဲ့မိန်းကလေးဆီ ရောက်သွားခဲ့တယ်။
“အဖွဲ့ခေါင်းဆောင်ချဲယောင်အင်းလို့ ပြောတာမလား”
“ဟုတ်ကဲ့”
“တစ်ခွက်လောက် လက်ခံပါ”
ယောင်အင်း သူ့ရှေ့မှာရှိတဲ့ဝိုင်ခွက်ကို ကိုင်မလို့လုပ်တဲ့အချိန် ဆောင်းဟျော့က ကြားဝင်ပြောလာခဲ့တယ်။
“အဖွဲ့ခေါင်းဆောင်ချဲက အရက်ဖြတ်လိုက်ပြီ”
ငါကလား။
ယောင်အင်းက ပြန်စဉ်းစားကြည့်လိုက်မှ ဘယ်တုန်းကပြောခဲ့တဲ့စကားလဲဆိုတာကို သတိရသွားခဲ့တယ်။
“ငါ့ကိုမခေါ်ဘူးဆိုရင် အခုကစပြီး အရက်ကိုတော့ ငါနဲ့ပဲသောက်”
“ဖြတ်လိုက်ပါပြီ။ အခုမသောက်တော့ပါဘူး”
အဲ့အချိန်တုန်းကတော့ စိတ်ရင်းနဲ့ပြောခဲ့တာပေမဲ့ အဲ့စိတ်ရင်းက မှေးမှိန်သွားခဲ့ရုံသာ။
“အဲ့ကုမ္ပဏီဥက္ကဌက ဝန်ထမ်းအရက်ဖြတ်တာအထိတောင် သိတာလား။ မိသားစုလိုကုမ္ပဏီပဲ”
ဆောင်းဟျော့က ဘာမှပြန်မပြောဘဲ ပုခုံးကိုသာတွန့်လိုက်တယ်။ ‘တကယ့်မိသားစုဖြစ်ချင်ပေမဲ့ ချဲယောင်အင်းက မပူးပေါင်းပေးဘူး’ ဆိုတဲ့စကားကိုတော့ စိတ်ထဲမှာပဲသိမ်းထားလိုက်တယ်။
ယောင်အင်းကိုထပ်ပြောရင် ဆောင်းဟျော့ထပ်ပြီးတော့ မျက်နှာတည်သွားမှာဆိုးလို့ မီဟျောန်းက နောက်ပစ်မှတ်ကို ဂျင်ဂယိုဆီပြောင်းလိုက်တယ်။
“ကျွန်မတို့ သရုပ်ဆောင်ဆော၊ ကျွန်မနဲ့တစ်ခွက်လောက်သောက်ရအောင်”
လူ့စိတ်ဆိုတာ တကယ်မရိုးရှင်းဘူးပဲဆိုပြီးတော့ တွေးမိသွားခဲ့တယ်။ ဆောဂျင်ဂယိုထက် ပိုဆွဲဆောင်မှုရှိတဲ့ယောကျ်ားမရှိတော့ဘူးလို့ တွေးလာခဲ့ပေမဲ့ ချားဆောင်းဟျော့နဲ့အတူရှိနေတဲ့အချိန်မှာ တခြားခံစားချက်တွေ ဝင်မလာတာကိုကြည့်ရင်..။
“အားနာပါတယ်။ မနက်ဖြန် မနက်စောစော ရိုက်ကူးရေးရှိလို့ပါ”
ဂျင်ဂယိုက အပြင်ပန်းမှာရယ်နေရင်တောင် စိတ်ထဲမှာတော့ စိတ်အနှောင့်အယှက် ဖြစ်သင့်သလောက် ဖြစ်ပြီးသွားတဲ့အခြေအနေဖြစ်နေခဲ့တယ်။ ဒီလိုမျိုး စကားဝိုင်းထဲကနေ လုံးဝအပယ်ခံရတာက ပထမဆုံးအကြိမ်မို့ တော်တော်လေးအဆင်မပြေခဲ့ဘူး။
နှစ်ကြိမ်ဆက်တိုက် အငြင်းခံရတဲ့မီဟျောန်းက မျက်နှာညှိုးသွားပြီးတော့ ခေါင်းကိုတည့်တည့်ထားလိုက်တယ်။
“အစ်ကိုရော မသောက်ဘူးလား”
ဆောင်းဟျော့က အေးအေးဆေးဆေးပဲ ခွက်ကိုမြှောက်လိုက်တယ်။
“ငါကတော့ အရက်လည်းမဖြတ်ဘူး ရိုက်ကူးရေးလည်း မရှိဘူးလေ”
ယောင်အင်းက အရက်လက်ခံလိုက်တဲ့ဆောင်းဟျော့ကို မျက်လုံးမှေးပြီးတော့ကြည့်နေခဲ့တယ်။ ဘယ်လိုပဲပြောပြော တစ်ခုခုကတော့ ထူးဆန်းနေတယ်။
***
“ကားလေးမောင်းပေးဦး”
ဟုတ်တာပေါ့။
ယောင်အင်းထင်ထားတာ မလွဲခဲ့ပေ။
မသွားခင်တုန်းက ဆောင်းဟျော့ပြောခဲ့တဲ့ ‘အခုတော့မမောင်းနဲ့ဦး’ဆိုတဲ့စကားက ဘာအဓိပ္ပါယ်လဲဆိုတာကို သိသွားခဲ့တယ်။ ကားယူလာခဲ့တာတောင် အေးအေးဆေးဆေးအရက်သောက်နေတာက အစကတည်းကနေ ဒီလိုကြံထားလို့ဆိုတာ မမှားပေ။
“ဒီလိုလုပ်ဖို့ ကျွန်မကို အရက်မသောက်ခိုင်းတာလား”
“မသောက်ခိုင်းတာတဲ့လား။ မင်းပဲ မင်းပါးစပ်နဲ့ အရက်ဖြတ်လိုက်ပြီလို့ ပြောခဲ့တာလေ။ ငါက အစားပြောပေးရုံကို”
“…….”
ယောင်အင်း ဘာမှမပြောတော့တာနဲ့ ဂျင်ဂယိုက ဝင်ပြောလိုက်တယ်။
“အငှားကား ခေါ်ကြတာပေါ့”
ဂျင်ဂယိုကိုလှည့်ကြည့်တဲ့ဆောင်းဟျော့ရဲ့မျက်နှာက ခပ်မြန်မြန်ပဲ မကြိုက်တဲ့ပုံစံပြောင်းသွားခဲ့တယ်။
“အငှားကား မခေါ်ဖူးပါဘူး”
“ကျွန်တော် ခဏခဏသုံးတဲ့ ကုမ္ပဏီကိုဆက်သွယ်လိုက်ပါ့မယ်”
“မခေါ်တတ်လို့မခေါ်တာမဟုတ်ဘဲ မခေါ်ချင်လို့မခေါ်တာပါ”
“ဒါဆို ကျွန်တော်ကားမောင်းလိုက်ပါ့မယ်”
“ကျွန်တော်လိုက်စီးပေမဲ့ ကျွန်တော်မမောင်းတဲ့ကျွန်တော့်ကားကို မောင်းပေးနိုင်တဲ့သူက ယောင်အင်းတစ်ယောက်ထဲပါ”
ယောင်အင်းလည်းသိတဲ့ အမှန်တရားတစ်ခုပင်။ အခုချိန်ထိ သူ အဲ့စည်းကမ်းကိုလိုက်နာနေသေးမှန်းတော့ မသိခဲ့ပေမဲ့။
တစ်ခဏ ပြောစရာစကားပျောက်သွားတဲ့ဂျင်ဂယိုက လှောင်သလိုလိုနဲ့ရယ်လိုက်တယ်။
“တော်တော်လေး ဇီဇာကြောင်တယ်နော်”
ယောင်အင်းလည်း အဲ့စကားကိုထောက်ခံခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ ဇီဇာကြောင်ပြီး ဆတ်ဆတ်ထိမခံတဲ့သူက ကျွန်မကိုပဲ လွတ်လွတ်လပ်လပ် ကြင်ကြင်နာနာဆက်ဆံတဲ့အချိန်ကျရင် ကျွန်မက တကယ့်ကို ထူးခြားတဲ့သူတစ်ယောက်ဖြစ်သွားသလိုမျိုး ခံစားခဲ့ရတယ်။ အခုလိုမျိုးပေါ့။
“တခြားသူကိုအနှောင့်အယှက်ပေးတာလည်းမဟုတ်ဘဲ လုပ်လို့မရတဲ့အကြောင်းရင်းပဲဖြစ်ဖြစ် ရှိလို့လား”
“ယောင်အင်းကို အနှောင့်အယှက်ဖြစ်စေတယ်လို့ရော မတွေးမိပါဘူးလား”
“ဘယ်လိုအနှောင့်အယှက်မျိုးကို ပြောတာပါလဲ”
“မလုပ်ချင်တဲ့အလုပ်တွေပေါ့”
ဂျင်ဂယိုက ထောက်ခံပေးဖို့မျှော်လင့်နေသလိုမျိုး ယောင်အင်းကိုကြည့်လာတယ်။ ဆောင်းဟျော့လည်း ယောင်အင်းဘက်ကို ခေါင်းလှည့်ကြည့်လိုက်တယ်။
ယောကျ်ားနှစ်ယောက်ရဲ့အကြည့်ကို တစ်ပြိုင်နက်တည်းလက်ခံလိုက်ရတဲ့ယောင်အင်းက ဘယ်သူ့ဘက်မှာနေရမလဲဆိုတာ အခက်တွေ့သွားခဲ့တယ်။
တကယ်တော့ ဂျင်ဂယိုရဲ့စကားကို သဘောမတူခဲ့ဘူး။ လိုတော့မလိုချင်ခဲ့ရင်တောင် အလုပ်လို့တော့ မတွေးဖူးတာမို့။ ဒါပေမဲ့ ဂျင်ဂယို ရှက်သွားမယ်ထင်လို့ အမှန်အတိုင်းတော့မပြောနိုင်ခဲ့ဘူး။
“ရပါတယ် စီနီယာ”
ယောင်အင်းက မရေရာတဲ့နေရာမှာနေပြီးတော့ ဆောင်းဟျော့ဆီ အကြည့်လွှဲလိုက်တယ်။
“စီနီယာဂျင်ဂယိုကို အရင်ပို့ပေးလို့ရတယ်မလား”
“ရတာပေါ့”
ဆောင်းဟျော့ဘက်က ဝမ်းသာစွာလက်ခံလိုက်တဲ့အချိန် တစ်ဖက်မှာတော့ ဂျင်ဂယိုက ဒီထပ်ပိုပြီး ဒီနှစ်ယောက်ကြားမှာ စိမ်းကားတဲ့ခံစားချက်ကို မခံစားချင်တော့ပေ။ ဘာမှသိပ်မပြောရင်တောင် ခံစားမိတဲ့ ထူးဆန်းတဲ့ရင်းနှီးမှုကို ထပ်ပြီးတော့ သည်းမခံနိုင်တော့ဘူး။
“မလိုပါဘူး။ ကိုယ်တက္ကစီစီးပြီးတော့ပဲ ပြန်လိုက်မယ်”
“စီနီယာ”
“တက္ကစီက ပိုသက်သောင့်သက်သာရှိတယ်”
“ဒါဆို တက္ကစီခေါ်ပေးပါ့မယ်”
“ကိုယ် သွားရင်းနဲ့ခေါ်လိုက်မှာမို့ ဥက္ကဌကိုအိမ်ပြန်ပို့ပေးပြီးတော့ အမြန်အိမ်ပြန်လိုက်”
ယောင်အင်းလည်း ဒီထပ်ပိုပြီးတော့ မတိုက်တွန်းနိုင်တော့ဘူး။
“ဟုတ်ကဲ့…”
“ဖုန်းခေါ်လိုက်မယ်”
ဆောင်းဟျော့ဆီ ခေါင်းငုံ့လိုက်တဲ့ဂျင်ဂယိုက အားနာနေတဲ့ယောင်အင်းရဲ့ခေါင်းကို ချိုချိုသာသာလေးပွတ်ပေးပြီး နောက်လှည့်သွားခဲ့တယ်။
နှစ်ယောက်သားကိုစောင့်ကြည့်နေတဲ့ ဆောင်းဟျော့ရဲ့နားထင်မှာတော့ အကြောတွေထောင်နေခဲ့တယ်။
အဲ့ဒါကြောင့်ပဲ ယောင်အင်းရဲ့မျက်လုံးတွေ တစ်ခဏဝိုင်းသွားတာကိုလည်း မတွေ့နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ ဒီလို skinship က ပထမဆုံးအကြိမ်ဆိုတာကိုလည်း မသိနိုင်ခဲ့ဘူး။ သဘောမကျတဲ့စိတ်တွေပဲ ရှိနေခဲ့တယ်။
***
ဆောင်းဟျော့က villa ကားပါကင်ဆီရောက်လာတဲ့ယောင်အင်း သဘာဝကျကျပဲ ကျွန်တော်ကားပါကင်ထိုးနေကျနေရာကို မောင်းသွားတဲ့ပုံကိုကြည့်ပြီးတော့ အသံမထွက်ဘဲ ပြုံးလိုက်တယ်။
သူ ချဲယောင်အင်းရဲ့အရာအားလုံးကို မှတ်မိနေသလိုမျိုး၊ သူမလည်း အတူတူပဲဆိုတာကို အတည်ပြုလိုက်ရတာက တော်တော်လေးကို ကျေနပ်စရာအရာတစ်ခုဖြစ်ခဲ့တယ်။
“ကားပါကင်ထိုးစရာမလိုဘူး။ ဒီတိုင်းစီးသွားလိုက်”
“ရပါတယ်။ တက္ကစီစီးပြီးသွားမှာပါ”
“မင်းကို တက္ကစီနဲ့သွားခိုင်းဖို့ဆိုရင် အစကတည်းက ဒီအထိ လိုက်ပို့ပေးဖို့ပြောမှာတောင်မဟုတ်ဘူး။ စားသောက်ဆိုင်မှာ ကားကိုဒီတိုင်းထားခဲ့ပြီးတော့ မနက်ဖြန်မှသွားယူမှာပေါ့”
အတူတူရှိချင်လို့သာ၊ တက္ကစီမစီးချင်လို့ ယောင်အင်းကိုကားမောင်းခိုင်းခဲ့တာမဟုတ်ပေ။
“တက္ကစီစီးတာ ပိုသက်သောင့်သက်သာရှိပါတယ်”
ခုနတုန်းက ဆောဂျင်ဂယိုပြောခဲ့တဲ့စကားနဲ့ တစ်ထပ်တည်းတူနေတဲ့စကားကို ကြားလိုက်ရတဲ့ဆောင်းဟျော့ရဲ့မျက်ခုံးတွေက တွန့်ချိုးသွားခဲ့တယ်။
“ဒါဆိုရင်တော့ ငါ မင်း အိမ်ကောင်းကောင်းပြန်ရောက်ရဲ့လားဆိုတာကိုကြည့်ဖို့ လိုက်လာမှာ။ အရက်မူးနေရင်း ကားမောင်းလို့လည်း ရတယ်မလား”
ယောင်အင်းက ကားရပ်ပြီးတော့ သူ့ကိုလှည့်ကြည့်ရင်းဖြေလိုက်တယ်။
“ရပါ့မလား”
“အဲ့ဒါကြောင့်မို့ ဒီတိုင်းယူသွားလိုက်”
“ဒီ ကားက စီနီယာ့ကားဆိုတာကို အစ်ကိုဘောမ်ဂျွန်းသိတယ်လေ”
“အာ ဟုတ်သားပဲ”
ဆောင်းဟျော့က ခဏစဉ်းစားပြီးတော့ တခြားနည်းလမ်းတစ်ခုကိုပြောလိုက်တယ်။
“ငါတို့ဆက်ဆံရေးကို ဒီတိုင်းပြောပြလိုက်လို့မရဘူးလား”
“ဘာလို့ပြောပြမှာပါလဲ။ အရင်တုန်းက ခဏတွဲပြီးတော့ လမ်းခွဲထားတဲ့ဆက်ဆံရေးလို့ ပြောရမှာလား”
“ဟင့်အင်း။ အဲ့ဒါတော့ မကြိုက်ဘူး”
အခိုင်အမာငြင်းလိုက်တဲ့သူက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့တယ်။
“အဲ့ဒါကြောင့်မို့ ဘာလို့မပြောပြနိုင်အောင်လုပ်တာလဲ။ လက်ရှိတွဲနေတဲ့ဆက်ဆံရေး၊ မကြာခင်လက်ထပ်မဲ့ဆက်ဆံရေး၊ ဒီလိုပြောနိုင်ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ”
“…….”
ယောင်အင်းက အစမရှိအဆုံးမရှိလာဆူနေလို့ အံ့ဩနေတဲ့အချိန်မှာ သူကတော့ အနည်းဆုံး အဓိပ္ပါယ်ရှိတဲ့အစီအစဉ်ကို စဉ်းစားနိုင်သွားခဲ့တယ်။
“အနီးနားက အိမ်တစ်အိမ်ရှေ့မှာရပ်ပြီးတော့ ပြန်လိုက်”
“ကြိုးအဆွဲခံရရင်ရော”
“အဲ့ဒါများ ဘာပြဿနာကြီးတာမှတ်လို့။ အဆွဲခံရရင်လည်း အဆွဲခံရတာပေါ့”
“…….”
စိတ်အေးလက်အေးဖြစ်နေတဲ့ကားပိုင်ရှင်နဲ့မတူဘဲ ယောင်အင်းကတော့ ကြိုးဆွဲခံရရာကနေ ဈေးကြီးတဲ့ကားပေါ် ခြစ်ရာတွေထင်ကျန်ခဲ့ရင်ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူသွားခဲ့တယ်။
“မင်းကတော့ ကုမ္ပဏီမှာမလား”
“ဟုတ်ပါတယ်”
“ဒါဆို မနက်ဖြန် ငါ့ကားစီးပြီးတော့ရုံးတက်လိုက်”
ဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားလဲဆိုပြီးတော့ ယောင်အင်းရဲ့မျက်လုံးက ဝိုင်းသွားခဲ့တယ်။
“တစ်ယောက်ယောက် တွေ့သွားရင်ရော”
“တွေ့သွားရင်လည်း ဘာဖြစ်လဲ။ မင်းက တခြားသူတွေရဲ့အမြင်ကို အာရုံစိုက်လွန်းတယ်”
“ဘယ်လိုလုပ်အာရုံမစိုက်ဘဲနေနိုင်မှာလဲ။ ဘယ်သူပဲကြည့်ကြည့် ထူးထူးဆန်းဆန်းတွေးကြမှာကို”
“ဥက္ကဌချားဆောင်းဟျော့နဲ့ အဖွဲ့ခေါင်းဆောင်ချဲယောင်အင်းက ဟိုလိုဒီလိုဆက်ဆံရေးလို့ တွေးကြမှာဆိုးလို့လား”
“ဟုတ်ကဲ့”
“တွေးပဲမတွေးဘဲ သတင်းလေးပါလွှင့်ပေးရင်ကောင်းမှာပဲ”
“…….”
ယောင်အင်းက ပြုံးနေတဲ့နှုတ်ခမ်းကို အံ့ဩတဲ့မျက်နှာနဲ့ ကြည့်လိုက်တယ်။ ဒါပေမဲ့ ဆောင်းဟျော့ရဲ့ပါးစပ်ကနေ ပို အံ့ဩစရာကောင်းတဲ့စကား ထွက်လာခဲ့တယ်။
“ဆန္ဒအတိုင်းဖြစ်လာနိုင်တယ်ဆိုတဲ့ စကားကိုသိလား”
“အဲ့လိုလုပ်ရဲလုပ်ကြည့်လိုက်ပါ”
ယောင်အင်း ခိုင်ခိုင်မာမာ သတိပေးနေတဲ့အချိန် ဖုန်းမြည်သံသဲ့သဲ့က ကားထဲမှာမြည်လာခဲ့တယ်။
ဆောင်းဟျော့က ခါးပတ်ကိုဖြုတ်ပြီးတော့ နောက်ခုံမှာရှိတဲ့အိတ်ကို ယောင်အင်းဆီကမ်းပေးခဲ့တယ်။
အိတ်ထဲကနေဖုန်းကိုထုတ်ပြီး ခေါ်တဲ့သူကိုကြည့်လိုက်တဲ့ယောင်အင်းရဲ့နားထဲမှာ တွန့်ဆုတ်ဆုတ်အသံကိုကြားလိုက်ရတယ်။
“ဆောဂျင်ဂယိုလား”
သူပြောတဲ့အတိုင်း ဖုန်းစကရင်ပေါ်မှာ စီနီယာဆောဂျင်ဂယိုဆိုပြီး ပေါ်နေခဲ့တယ်။
*****