Chapter 25
ယောင်အင်းက ခရီးသည်ထိုင်ခုံဘက်ကို တစ်ချက်ကြည့်လိုက်တယ်။
“ကိုင်လိုက်”
လက်ပိုက်ပြီး ထိုင်ခုံအမှီကိုမှီလိုက်တဲ့ဆောင်းဟျော့က အနေအထားရော မျက်နှာရော အသံရော အားလုံးက မာဆတ်ဆတ်ဖြစ်သွားခဲ့တယ်။
ဖုန်းမကိုင်လိုက်ရင် တစ်ခုခုဖြစ်နေသလိုထင်ရမှာလည်းဆိုးတဲ့အပြင် ဂျင်ဂယိုဘက်မှာ ပြဿနာတစ်ခုခုရှိနေမလားလည်းစိုးရိမ်လို့ ဖုန်းကိုင်ဖို့လုပ်လိုက်တယ်။
“ပြောပါ စီနီယာ”
ယောင်အင်းဟာ အခုထိ သူမ ဂျင်ဂယိုကိုစီနီယာလို့ခေါ်တိုင်း ဆောင်းဟျော့မျက်မှောင်ကြုတ်သွားတယ်ဆိုတာကို မသိခဲ့ပေ။
– အခု ဘယ်မှာလဲ
“အခုမှ ဥက္ကဌက ကားပေါ်ကနေဆင်းတော့မလို့ပါ”
-ဒါဆို အခု အိမ်ပြန်တော့မှာမလား
“ဟုတ် ဒီအချိန်ကြီးမှာ အိမ်မပြန်ရင် ဘယ်ကိုပြန်ရမှာလဲ”
– မပြန်မှာဆိုးလို့ပါ
ယောင်အင်းက အခုမှပဲ ဂျင်ဂယို ဘာအဓိပ္ပါယ်နဲ့မေးတာလဲဆိုတာကို ရိပ်မိသွားခဲ့တယ်။
ဘာလို့ကျွန်မကို ဒီလောက်တောင် အာရုံစိုက်နေကြတာလဲနော်။
ကြိုတင်ပေါင်းကြံထားသလိုမျိုး တစ်ခုတည်းကို စိတ်ပူနေကြတဲ့ယောက်ျားနှစ်ယောက်ကိုတွေ့တော့ ဆောဂျင်ဂယိုနဲ့ ချားဆောင်းဟျော့ကို တူတယ်လို့တွေးမိတာက အထင်မှားတာမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်ရှိသွားခဲ့တယ်။
ယောင်အင်းက ဂျင်ဂယိုရဲ့အသံကို ဆောင်းဟျော့ကြားသွားမှာဆိုးလို့ ညာဘက်လက်နဲ့ကိုင်ထားတဲ့ဖုန်းကို သဘာဝကျကျပဲ ဘယ်ဘက်ကိုပြောင်းလိုက်တယ်။ နောက်ပြီးတော့ ရှင်းရှင်းလင်းလင်းမဖြေဘဲ စကားကိုကျော်ပြောလိုက်တယ်။
“အခု သွားတော့မှာပါ။ စီနီယာလည်း မြန်မြန်အိပ်ပါတော့”
– အိမ်ပြန်ရောက်ရင် ပြန်ပြောပေးဦး။ စောင့်နေမယ်
“ဟုတ်ကဲ့ပါ”
ဖုန်းချလိုက်တဲ့ယောင်အင်းက ဆောင်းဟျော့ဘက်ကို ခေါင်းလှည့်ကြည့်လိုက်တယ်။
ထင်ထားတဲ့အတိုင်း ခရီးသည်ထိုင်ခုံတစ်ဝိုက်မှာ အေးစက်တဲ့အငွေ့အသက်တွေ ရစ်ဝဲနေခဲ့တယ်။
“ဘာလို့လဲ။ ငါမင်းကို အိမ်ပြန်မပို့ပေးမှာဆိုးလို့ စိတ်ပူတာတဲ့လား”
“ဒီတိုင်း သတိထားပြန်ဖို့ပြောတာပါ”
“မင်းနဲ့ငါ အတူတူအိမ်ထဲဝင်သွားပြီး တစ်ခုခုလုပ်နေမှာစိုးရိမ်လို့ ဖုန်းခေါ်လိုက်တာလားလို့”
“အဲ့လိုမျိုးမဟုတ်တာမို့ အမြန်ဆင်းပါ”
ရွဲ့ပြောနေတဲ့ဆောင်းဟျော့ရဲ့မျက်နှာက ရုတ်တရက် ပြန်ညှိုးငယ်သွားခဲ့တယ်။
“ဒီတစ်ခုတည်း ကတိပေး”
“ဘာကိုပါလဲ”
“ဆောဂျင်ဂယိုနဲ့ အခုလိုပဲ နေမယ်လို့”
“…….”
ယောင်အင်းက ‘အခုလိုမျိုး’ဆိုတဲ့ စကားမှာပါတဲ့အဓိပ္ပါယ်ကို သေသေချာချာခွဲခြားဖို့အတွက် အရင်ဆုံး စကားကိုချွေတာခဲ့တယ်။
“ဆောဂျင်ဂယိုကို ရှေ့မှာထားပြီး ငါ့ကိုဖယ်ထုတ်မယ်ဆိုတဲ့အတွေးမျိုး မထားနဲ့လို့”
တကယ်တော့ အစပိုင်းမှာတုန်းက အဲ့လိုမျိုးလုပ်ချင်ခဲ့ဖူးတယ်။
ချားဆောင်းဟျော့ကို လက်လျှော့အောင်လုပ်နိုင်မယ့် အမြန်ဆုံးနဲ့အလွယ်ဆုံးနည်းလမ်းလို့ တွေးခဲ့တာမို့။
အဲ့အတွေးကိုပြန်ရုပ်သိမ်းရုံကလွဲရင် မတတ်နိုင်ခဲ့တာက နှစ်ယောက်လုံးဘက်က ပေါ်တင်ပဲ ရန်လိုစိတ်တွေထုတ်ပြလာတာကြောင့်ပင်။ ဘာမှမလုပ်ရသေးတာတောင် တွေ့တဲ့အချိန်တိုင်း စူးရှတဲ့စကားဝိုင်းကို အပြန်အလှန်ပြောနေကြတာကြောင့် ဘာမှသေသေချာချာတောင် မလုပ်ကြည့်နိုင်ခဲ့ဘူး။
ဒါပေမဲ့ တကယ့်တကယ် သူ သတိပေးတာကိုခံလိုက်ရတော့ အလကားသက်သက် ဒေါသထွက်သွားခဲ့တယ်။ စိတ်ထဲမှာမရှိတဲ့စကားတွေကို ပြောရလောက်တဲ့အထိ။
“အဲ့လိုကတိမျိုးမပေးနိုင်ပါဘူး။ လူ့ဆက်ဆံရေးဆိုတာ ဘယ်အချိန်မဆိုပြောင်းလဲနိုင်တဲ့အရာလေ။ စီနီယာနဲ့ကျွန်မ ဖြစ်ခဲ့သလိုမျိုးပေါ့”
“ဆောဂျင်ဂယိုက မင်းအတွက် ယောကျ်ားတစ်ယောက်မဟုတ်ဘူးလေ”
“စီနီယာမျှော်လင့်တဲ့အရာကို ကျွန်မအတွေးလိုမျိုး ကောက်ချက်မချထားပါနဲ့ ”
“ငါ ရူးသွားတဲ့ပုံကိုမမြင်ချင်ရင် ဆောဂျင်ဂယိုနဲ့ ဘာမှမလုပ်နဲ့”
“…….”
“မင်း ဆောဂျင်ဂယိုနဲ့ လုပ်သင့်တဲ့အရာ မလုပ်သင့်တဲ့အရာ အကုန်လုပ်ရင်တောင် ငါမင်းကိုလုံးဝလက်လျှော့မှာမဟုတ်ဘူး။ မင်းက နောက်ဆုံးကျရင် ငါ့ဆီကိုပဲ ပြန်လာရမှာ။ ဒါကြောင့်မို့ အဲ့အချိန်ကျရင် နောင်တမရအောင် စည်းမကျော်နဲ့”
နှုတ်ခမ်းကိုတင်းတင်းကိုက်ထားတဲ့ယောင်အင်းက အေးစက်စက်ပြောလိုက်တယ်။
“ကျွန်မ ဘာတွေများလုပ်ခဲ့လို့ ဒီလိုပြောတာအထိတောင် နားထောင်နေရတာပါလဲ။ စီနီယာက ကျွန်မကို ဒီလိုစကားမျိုးပြောပိုင်ခွင့်ရှိလို့လား”
“ရှိတာပေါ့။ ငါ မင်းကိုသဘောကျတာမို့”
ယောင်အင်းရဲ့နှုတ်ခမ်းကနေ စကားတစ်ခွန်းထွက်လာခဲ့တယ်။
“ကျွန်မအစ်မနဲ့ ကြင်ဖက်တွေ့ခဲ့တဲ့သူက ဘာတွေဘယ်လောက်တောင် ယုံကြည်ချက်ရှိနေတာပါလဲ”
အဆုံးထိထုတ်မပြောဖို့လုပ်ခဲ့ပေမဲ့ လုံးဝသည်းမခံနိုင်တော့ပေ။ ‘အဲ့လိုစကားပြောချင်ရင် ကိုယ့်ကိုကိုယ် အရင်ကောင်းကောင်းပြုမူပြီးမှပြော’ ဆိုတဲ့စကားက လည်ဝထိတက်လာခဲ့တယ်။
“အာရင်းဆီကနေ ကြားတာလား”
“ဟုတ်ပါတယ်”
“နောက်ဆုံးလက်ကျန်မာနကို ထိန်းထားပေးဖို့လုပ်တာက အလကားသက်သက် အလျှော့ပေးမိသလိုဖြစ်သွားတာပဲ”
“…….”
ကျွန်မ,မသိတဲ့အကြောင်းအရာတစ်ခုခုရှိတယ်ဆိုတာကို ရိပ်မိသွားတဲ့ယောင်အင်းရဲ့မျက်စံက နည်းနည်းလှုပ်ခတ်သွားခဲ့တယ်။
“အမေ မနေ့က ကုမ္ပဏီကိုလာသေးတယ်လေ။ အတူညနေစာစားမယ်ပြောလို့ ၇ နာရီကျရင်တွေ့ဖို့လုပ်ထားတာ”
ဆောင်းဟျော့က ယောင်အင်းမနေ့က သူ့အမေကိုတွေ့လိုက်တာရော လွန်ခဲ့တဲ့သုံးနှစ်တုန်းက သူ့အမေနဲ့တွေ့ခဲ့တယ်ဆိုတာကိုရော လုံးဝမသိခဲ့ဘူး။
“စားသောက်ဆိုင်ကိုသွားကြည့်လိုက်တော့ အမေ့အစား အာရင်းကရှိနေတာလေ”
ဆောင်းဟျော့က ဟက်ခနဲရီလိုက်ပြီးတော့ အသံနိမ့်နိမ့်နဲ့ အကြောင်းအရာအစအဆုံးကို ပြန်ပြောပြပေးခဲ့တယ်။
ယောင်အင်းမှာတော့ ဆောင်းဟျော့ရဲ့အကြည့်တွေ အရမ်းအေးစက်လွန်းလို့ အကြောင်းအရာကိုနားထောင်နေတဲ့တစ်လျှောက်လုံး အသက်တောင်ကျယ်ကျယ်မရှူခဲ့ဘူး။
“နောက်ထပ် မပတ်သက်ချင်တော့လောက်အောင် ပြင်းထန်တဲ့စကားတွေပြောလိုက်တော့ ၅ မိနစ်တောင်မကြာဘဲ ထသွားတာ။ ငါသာဆိုရင် ရှက်လွန်းလို့ ဘယ်သူ့ကိုမှပြောပြမှာမဟုတ်ဘူး။ ငါ ချဲအာရင်းကို တော်တော်လေးအထင်သေးမိခဲ့တာပဲ”
“…….”
သစ္စာဖောက်ခံရတာနဲ့ ဝမ်းနည်းတာ နောက်ပြီးတော့ သဝန်တိုတာ။
တစ်နေ့အတွင်း ကျွန်မရင်ထဲမှာရှိနေတဲ့ခံစားချက်တွေက တစ်ခဏချင်းပျောက်ကွယ်သွားခဲ့တယ်။ ဗလာဖြစ်သွားတဲ့နေရာကို ဖြည့်လိုက်တာကတော့ အားနာမှုတွေပင်။
ချားဆောင်းဟျော့က ဘယ်လိုယောက်ျားမျိုးလဲဆိုတာ တခြားသူတွေထက်ကောင်းကောင်းသိနေတာတောင် အကြောင်းတစ်ခုခုရှိလိမ့်မယ်လို့ ဘာလို့မတွေးမိခဲ့တာလဲ။ ဘာလို့သူ့ကို မယုံကြည်နိုင်ခဲ့တာလဲ။
ကျွန်မအစ်မနဲ့ လက်ထပ်မလားတောင်မသိဘူးလို့ အထင်လွဲမိလို့ အရမ်းအားနာသွားတယ်။
တစ်ဖက်မှာတော့ လိမ်ထားတာနဲ့မခြားနားတဲ့နည်းလမ်းနဲ့ ကြင်ဖက်တွေ့တာရော၊ ထပ်မပတ်သတ်ချင်လောက်အောင် ပြင်းထန်တဲ့စကားတွေကြားရတဲ့အထိ အငြင်းခံရတာရော၊ အဲ့ဒါတွေက အစ်မအတွက် ကြွားနိုင်လောက်တဲ့အရာ ဟုတ်ရဲ့လားဆိုတာကို စိတ်ရင်းနဲ့သိချင်လာခဲ့တယ်။
“မဟုတ်မှ ငါက မင်းနဲ့အာရင်းကြားမှာ လှေနံနှစ်ဖက်နင်းနေတယ်လို့ ထင်နေတာလား”
“…….”
ယောင်အင်းဘက်က မငြင်းတာနဲ့ ဆောင်းဟျော့ရဲ့မျက်ခုံးတွေ တွန့်ချိုးသွားခဲ့တယ်။
“တကယ်ပဲငါ့ကို ဘယ်လောက်တောင်အမှိုက်ကောင်လို ထင်နေတာလဲ။ ဘယ်လောက်ပဲ မင်းတို့က သွေးတစ်စက်မှမရောတဲ့ ညီအစ်မဖြစ်နေပါစေ အဲ့လိုမျိုးမလုပ်ဘူး။ ငါက မင်းမဟုတ်တဲ့ တခြားမိန်းကလေးတွေကို စိတ်တောင်မဝင်စားဘူး”
“…….”
“တခြားသူဆိုရင်တော့ မသိရင်တောင် မင်းကတော့ ငါ့ရဲ့ရိုးသားမှုကို လက်ခံပေးရမှာပေါ့။ ငါက မင်းကြောင့် သုံးနှစ်ကြီးတောင် သစ္စာရှိ…….”
နောင်တရသလိုမျိုး မျက်လွှာချထားတဲ့ ယောင်အင်းရဲ့မျက်လုံးက ဝိုင်းစက်သွားပြီးတော့ ယောင်အင်းက သူမလက်နဲ့ သူ့ပါးစပ်ကိုပိတ်လိုက်တယ်။
“ကျေးဇူးပြုပြီး အဲ့အကြောင်းကို ဒီလောက်ပဲပြောပါတော့”
တာဝန်ယူဆိုတဲ့သဘောနဲ့ပြောလိုက်တဲ့စကားဆိုရင် လုံးဝကိုအောင်မြင်သွားပြီ။ တကယ် တာဝန်ယူမှဖြစ်တော့မလို ခံစားချက်တွေ စဝင်လာတာမို့။
ယောင်အင်းက သူမလက် ဘယ်နေရာကိုရောက်နေလဲဆိုတာ နောက်ကျမှမြင်သွားပြီးတော့ ဆတ်ခနဲလန့်သွားခဲ့တယ်။ ဒါပေမဲ့ လက်ကိုတော့ ပြန်မဆွဲယူနိုင်ခဲ့ဘူး။ ဆောင်းဟျော့က သူမလက်ကိုကိုင်ထားပြီးတော့ မလွှတ်ပေးတာမို့။
ယောင်အင်းရဲ့အကြည့်က သူမလက်ဖမိုးကိုဖုံးသွားတဲ့ သူ့ရဲ့လက်ဆီကို ရောက်သွားခဲ့တယ်။
ရုတ်တရက်ပဲ ကျွန်မလက်ကို အပြည့်ဖုံးပစ်နိုင်လောက်အောင် ကြီးမားတဲ့လက်ကို သဘောကျခဲ့တဲ့အကြောင်း သတိရသွားခဲ့တယ်။ ရှည်ပြီးတော့ထူထဲတဲ့မျက်တောင်ကိုရော တော်တော်လေးထင်းနေတဲ့ လည်တိုင်ကိုရော အရမ်းသဘောကျခဲ့တယ်။
သူ့ကိုတော့ တစ်ခါမှမပြောခဲ့ဖူးဘူး။ ရှေ့လျှောက်လည်း ပြောပြမှာမဟုတ်ဘူး။
“မင်းရဲ့မျက်လုံးက အရမ်းကြည်လင်တယ်”
“နှာခေါင်းပေါက်ကလည်း ဝိုင်းဝိုင်းလေးနဲ့ ချစ်စရာလေး”
“သွားတွေက ဘာလို့ဒီလောက်တောင်ညီရတာလဲ”
“ဘယ်နေရာမှ စိတ်ထဲထင့်တဲ့နေရာမရှိဘူး”
တခြားသူတွေနဲ့မတူဘဲ ပိုထူးခြားခဲ့တဲ့ ချားဆောင်းဟျော့ရဲ့ ကိုယ်ပိုင်ချီးကျူးတဲ့နည်းလမ်းတွေကိုတွေးမိသွားတော့ သူ့ကိုလည်း နည်းနည်းလောက်တော့ ပြောပြပေးခဲ့ရမှာဆိုတဲ့ နောင်တတချို့ရလာခဲ့တယ်။ ဘာလို့သူ့ကို အဲ့လောက်တောင် မပြောပြပေးခဲ့ရတာလဲဆိုပြီးတော့ နောက်ကျမှနောင်တရမိသွားတယ်။
ကိုယ်တိုင်တောင်မသိလိုက်ဘဲ တခြားအတွေးထဲကိုနစ်မြောသွားတဲ့ယောင်အင်းက လက်ပေါ်မှာ နှုတ်ခမ်းရဲ့ထိတွေ့မှုကိုခံစားမိတော့မှ ချက်ချင်းအသိစိတ်ပြန်ကပ်သွားခဲ့တယ်။
အမြန် လက်ကိုဆွဲယူလိုက်တဲ့ယောင်အင်းက ရှက်သွေးဖြန်းနေတဲ့မျက်နှာနဲ့ တွေ့ကရာစကား လျှောက်ပြောမိသွားတယ်။
“ကျွန်မကြောင့်ဖြစ်တာလား မဖြစ်တာလားဆိုတာကို ကျွန်မသိတော့ရော ဘာလုပ်ရမှာလဲ…….”
ဆောင်းဟျော့က မျက်မှောင်ကြုတ်သွားခဲ့တယ်။
“ဘာလဲ ငါအခု စွမ်းဆောင်နိုင်ရည် ဘာညာ အဲ့လိုဟာမျိုးကြောင့် မတတ်သာဘဲ သစ္စာစောင့်လိုက်ရပြီးတော့ မင်းကိုအပြစ်တင်တဲ့သူဖြစ်သွားတယ်လို့လား”
“မဟုတ်ဘူး အပြစ်တင်တယ်ဆိုတာထက်…….”
“မယုံရင် စစ်ဆေးကြည့်လိုက်လေ”
ယောင်အင်းရဲ့မျက်လုံးက ယုန်တစ်ကောင်လန့်သွားတဲ့မျက်လုံးလိုဖြစ်သွားပြီး သူ့ကိုကြည့်လိုက်တယ်။
“ဘာကိုစစ်ဆေးခိုင်းနေတာပါလဲ”
“ငါမင်းကိုဘယ်လောက်တောင် လိုချင်လဲဆိုတာ”
“…ထူး ထူးဆန်းတဲ့စကားတွေကို ဒီလောက်ပဲပြောပြီး ဆင်းပါတော့”
“ဆင်းမှာပါ။ လုပ်စရာရှိတာလုပ်ပြီးရင်”
“……လုပ်စရာဘာရှိလို့လဲ”
ဆောင်းဟျော့က မောင်းသူထိုင်ခုံဘက်ကပြတင်းပေါက်နားကို တဖြည်းဖြည်းတိုးသွားတဲ့ယောင်အင်းကိုကြည့်ပြီး ရယ်လိုက်တယ်။
အထင်လွဲခံရလက်စနဲ့ ဒီတိုင်းမှောက်ပစ်လိုက်ချင်ပေမဲ့ နည်းနည်းလောက်ထပ်ပြီးတော့ သည်းခံဖို့လုပ်ခဲ့တယ်။ ယောင်အင်း သူ့မိန်းကလေးပြန်ဖြစ်လာတဲ့အချိန်ကျမှ သည်းခံခဲ့ရတဲ့အချိန်တွေကို သေသေချာချာ လျော်ကြေးပြန်ယူဖို့ စီစဉ်ထားတာပင်။
“ဘယ်ကိုထွက်ပြေးနေတာလဲ”
ယောင်အင်းရဲ့လက်ကောက်ဝတ်ကိုကိုင်ပြီးတော့ သူ့ဘက်ကိုဆွဲလိုက်တဲ့သူက ကျန်လက်တစ်ဖက်နဲ့ သူမရဲ့ဆံပင်ကို ချိုမြိန်စွာသပ်ပေးခဲ့တယ်။
“တော်တယ်”
ဆောင်းဟျော့ပြောတဲ့ ‘လုပ်စရာ’ ဆိုတာက ချီးကျူးတာပင်။
“ဘာကိုပါလဲ”
ယောင်အင်းက မျက်လုံးပဲဝိုင်းစက်သွားရုံသာ၊ ခဏလေးအတွင်းမှာပဲ သူ့လက်ကိုအသားကျသွားတာကြောင့် ရှောင်တာပဲဖြစ်ဖြစ် တားရမယ်လို့တောင် မတွေးမိခဲ့ဘူး။
“သဝန်တိုတာ”
“ဘယ်သူက သဝန်တိုလို့လဲ။ အဲ့လိုဟာမျိုးမလုပ်ဖူးပါဘူး”
မသိချင်ယောင်ဆောင်လိုက်ပေမဲ့ ဆောင်းဟျော့ဆီကို အဲ့လိုမသေသပ်တဲ့ငြင်းဆိုမှုတွေက သက်ရောက်စရာအကြောင်းမရှိခဲ့ဘူး။
“မင်း အဲ့လိုဟာမျိုးလုပ်ခဲ့တယ်လေ”
“…….”
“သဝန်တိုလို့တော့ရပေမဲ့ အထင်တော့မလွဲနဲ့”
“…….”
ယောင်အင်းစိတ်ထဲ ကိုယ့်စိတ်ကြိုက် အထင်လွဲခဲ့တာကို နောင်တရနေတာနဲ့ အခု ဆောင်းဟျော့ဆံပင်ကိုပွတ်ပေးနေတဲ့နေရာက ခုနတုန်းက ဂျင်ဂယိုလက်ထိခဲ့တဲ့နေရာဆိုတာကို မသိနိုင်ခဲ့ဘူး။
“ရောက်ရင်ဖုန်းခေါ်လိုက်”
“…….”
“ငါပဲခေါ်လိုက်ပါ့မယ်”
“ကျွန်မခေါ်လိုက်မှာမို့ အမြန်သွားပါတော့”
ချီးကျူးတာကနေဆက်ပြီးတော့ ကတိအထိတောင်ရလိုက်တဲ့ဆောင်းဟျော့က ကျေနပ်နေတဲ့မျက်နှာနဲ့ ကားပေါ်ကနေဆင်းသွားခဲ့တယ်။ ပြီးတော့ ကားပြတင်းပေါက်ကိုမပိတ်ခင် ခါးကိုကိုင်းကာ ယောင်အင်းနဲ့မျက်လုံးချင်းဆုံအောင် လုပ်ခဲ့တယ်။
“သွားတော့ ကားရောသတိထားမောင်းဦး”
ယောင်အင်းက ဘာမှမပြောဘဲ ခေါင်းပဲညိမ့်ပြလိုက်တယ်။
အခု ပါးစပ်ဖွင့်လိုက်ရင် ကောင်းကောင်းနားပါဆိုတဲ့ ရင်းနှီးတဲ့စကားတွေ ထွက်လာလိမ့်မယ်ထင်လို့။
သူ့ကိုပြောလို့မဖြစ်တဲ့စကားတွေက အရမ်းများနေခဲ့တယ်။
***
နောက်နေ့မနက်။
ရေချိုးပြီးတော့ထွက်လာတဲ့ဆောင်းဟျော့က စိုနေတဲ့ဆံပင်ကို တဘက်နဲ့သုတ်ရင်း စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကိုယူလိုက်တယ်။ လွန်ခဲ့တဲ့ငါးမိနစ်တုန်းက ယောင်အင်းဆီကနေ မတ်ဆေ့တစ်စောင်ရောက်လာခဲ့တယ်။
<ကားကို ကားပါကင်မှာထားပေးခဲ့ပါတယ်။ ကားသော့ကိုတော့ ဂိတ်စောင့်ဆီမှာအပ်ထားခဲ့တယ်>
မနေ့ညနေတုန်းကလည်း ဖုန်းဆက်ပါဆိုတဲ့စကားကိုလျစ်လျူရှုပြီးတော့ ‘ရောက်ပါပြီ’ဆိုတဲ့ ခြောက်ခြောက်ကပ်ကပ်မတ်ဆေ့ချ်ကြီးကိုပဲပို့ထားပြီးမှ၊ ဒီနေ့လည်း အတူတူပင်။
အသံလေးကို နည်းနည်းလောက်တောင် ပေးနားမထောင်ဘူး။
ဆောင်းဟျော့က ကလေးဆန်တယ်လို့ရေရွတ်နေရင်းနဲ့ ယောင်အင်းဆီ ချက်ချင်းဖုန်းခေါ်လိုက်တယ်။
– ဟုတ်ကဲ့
“အခုဘယ်မှာလဲ”
– မြေအောက်ရထားစီးဖို့ လမ်းလျှောက်သွားနေတာပါ
“ဒီတိုင်းသွားရင် ဘယ်လိုလုပ်မှာလဲ”
– ဒီတိုင်းမသွားရင်?
“ငါ့အိမ်ထိတောင်ရောက်လာပြီဆိုမှတော့ ငါနဲ့အတူအလုပ်တက်ရမှာပေါ့။ ပြန်လာခဲ့”
– အဓိပ္ပါယ်မရှိတဲ့စကားကို ဒီလောက်ပဲပြောပြီးတော့ အလုပ်တက်ဖို့သာပြင်ဆင်ပါ
အလိုမကျတဲ့သဘောနဲ့ ဆောင်းဟျော့ရဲ့မျက်မှောင်ကကြုတ်သွားခဲ့တယ်။
“အခု မြေအောက်ရထားမှာ လူများလောက်မဲ့အချိန်မဟုတ်ဘူးလား”
– များမှာပေါ့
“ယောက်ျားလေးဘေးမှာ မရပ်နဲ့”
ယောင်အင်းရဲ့ခန္ဓာကိုယ်က တခြားယောကျ်ားရဲ့ခန္ဓာကိုယ်ကို ထိသွားတဲ့ပုံကိုစဉ်းစားကြည့်လိုက်တော့ မနက်ကတည်းကနေစပြီး စိတ်အခြေအနေက မသက်မသာဖြစ်လာခဲ့တယ်။
“ဘာမှမဟုတ်တော့ပါဘူး ငါ အခု….”
– ချပါတော့မယ်
တီ၊ အေးစက်စွာနဲ့ ဖုန်းချသွားခဲ့တယ်။
ဆောင်းဟျော့လည်း အိမ်ကနေမြေအောက်ရထားဘူတာအထိ ဘယ်လောက်ကြာမလဲတွက်ချက်ရင်း အမြန် ရေချိုးဝတ်ရုံကို ချွတ်လိုက်တယ်။
***
Telegram Channel မှာ အစအဆုံး အပိုင်း ၁၀၀ ကို တစ်သက်စာ Kpay 4K နဲ့ ဝယ်ဖတ်လို့ရပါတယ်နော်။
Telegram ACC – @lioniscute