Chapter 26
ဆောင်းဟျော့က အင်္ကျီပဲလဲပြီးတော့ ချက်ချင်းအိမ်ထဲကနေထွက်လာကာ ဓာတ်လှေကားစီးလိုက်တယ်။
ဓာတ်လှေကား ပထမထပ်ကိုဆင်းနေတဲ့အချိန်အတွင်း စိတ်နဲ့လူသိပ်မကပ်တာတောင် ယူလာခဲ့တဲ့ဦးထုပ်နဲ့ မတ်စ်ကိုတပ်လိုက်တဲ့သူက တံခါးဖွင့်ဖွင့်ချင်း ပြေးသွားခဲ့တယ်။
ဦးတည်တဲ့နေရာကတော့ မြေအောက်ရထားဘူတာ။
အိမ်ကနေမြေအောက်ရထားဘူတာအထိဆို အကွာအဝေးက 1km လောက်ရှိတယ်။
ယောင်အင်းသာ ဂိတ်အစောင့်ဆီမှာကားသော့အပ်ပြီးပြီးချင်း မတ်ဆေ့ချ်ပို့လိုက်တာဆိုရင် မှီဦးမယ်လို့တွက်ထားခဲ့တယ်။
ဆောင်းဟျော့က လေကိုဖြတ်ပြေးသွားတယ်ဆိုတဲ့အသုံးအနှုန်းနဲ့ ကွက်တိကျလောက်အောင်ကို အသားကုန်ပြေးလာခဲ့တယ်။ ဒီလိုမျိုးအရှိန်နဲ့ပြေးဖူးတာ ဘယ်လောက်ကြာပြီးမှလဲဆိုတာ မှတ်တောင်မမှတ်မိတော့ဘူး။
နေ့တိုင်း gym က အပြေးလေ့ကျင့်တဲ့စက်ပေါ်မှာပဲပြေးခဲ့တာ၊ ဒီလိုမျိုးအပြင်မှာပြေးဖူးတာတော့ စစ်ထဲကနေထွက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပင်။
လေတွေပါးပေါ်ဖြတ်သွားတာရော၊ အသက်ရှုကျပ်လာတာရောက ပြောရရင် တော်တော်တော့ အဆင်ပြေခဲ့ပါတယ်။ ချဲယောင်အင်းကိုတွေ့ရမှာ ဆိုတဲ့မျှော်လင့်ချက်ကြောင့် ခံစားချက်ကောင်းနေတာလားတော့ မသိပေမဲ့။
တော်သေးလို့ မျှော်လင့်ချက်တွေကတော့ ရိုက်ချိုးမခံခဲ့ရဘူး။
ဝမ်းသာစရာကောင်းလှတဲ့ နောက်ကျောပြင်ကိုတွေ့လိုက်တာနဲ့ နောက်ဆုံးအရှိန်ထပ်မြင့်ပြီးတော့ မြေအောက်ရထားဘူတာလှေကားပေါ်ကနေ ဆင်းလာတဲ့ယောင်အင်းရဲ့လက်မောင်းကို ဖမ်းကိုင်လိုက်တယ်။
“မိပြီ”
လန့်ပြီးတော့ နောက်ကိုလှည့်ကြည့်လိုက်တဲ့ ယောင်အင်းရဲ့မျက်နှာပေါ်မှာ အံ့ဩရိပ်တွေပေါ်လာခဲ့တယ်။
“ဘာကိစ္စလဲဟင်။ ဒီကိုဘယ်လိုလုပ်…..”
မြေအောက်ရထားဘူတာဝင်ပေါက်ကို ပိတ်နေတာသတိထားမိသွားတဲ့ဆောင်းဟျော့က ယောင်အင်းကိုခေါ်ပြီးတော့ ဘေးကိုရွှေ့လိုက်တယ်။
“အတူရုံးတက်မလို့လေ။ ဖုန်းချပြီးပြီးချင်း ပြေးလိုက်လာတာ”
ကြောင်တောင်တောင်ဖြစ်သွားတာလည်း ခဏပင်။ ယောင်အင်းရဲ့မျက်လုံးတွေက မှေးကျဥ်းသွားခဲ့တယ်။
“ကျွန်မ ယောကျ်ားလေးဘေးမှာ ရပ်မှာဆိုးလို့လား”
“မဟုတ်ပါဘူး။ ယောကျ်ားလေးက မင်းနားမှာရပ်မှာဆိုးလို့”
ယောင်အင်းက မတ်စ်အောက်ကနေ အသက်ပြင်းပြင်းရှုနေတဲ့သူ့ကို စိတ်တောင်မဆိုးနိုင်ခဲ့ဘူး။
“အခု ဒီလိုပုံစံနဲ့ အလုပ်တက်မလို့ပါလား”
ယောင်အင်းရဲ့အကြည့်က ဘေ့စ်ဘောဦးထုပ်ကနေ ရှပ်အင်္ကျီလက်တို၊ training ဘောင်းဘီနဲ့ အားကစားဖိနပ်ပေါ်မှာ ရပ်သွားခဲ့တယ်။
“သေသေချာချာပြင်ဆင်ဖို့ အချိန်မရလိုက်ဘူး”
Suit ဝတ်ဖို့အချိန်မရှိလို့ အများဆုံး ၅ စက္ကန့်လောက်ဆိုရင်လုံလောက်တဲ့ အားကစားဝတ်စုံကိုဝတ်ခဲ့လိုက်တာ။ ပြီးတော့ မျက်နှာကိုပြထားရင် ယောင်အင်း သူ့ဘေးမှာမရပ်ခိုင်းလောက်ဘူးလို့ထင်လို့ ဦးထုပ်နဲ့မတ်စ်အထိတောင် ယူလာခဲ့တယ်။
“ကုမ္ပဏီမှာ အင်္ကျီရှိတယ်။ ရောက်ရင် လဲလိုက်လို့ရတယ်”
“ကျွန်မ ကားထားပြီးတော့ အကြာကြီးနေမှ ဆက်သွယ်ခဲ့တာဆိုရင် ဘယ်လိုလုပ်မလို့ ဒီလောက်ထိပြေးလာတာလဲ”
လိုက်လာဖို့တစ်ခါမှမပြောဖူးတာမို့ သူလိုက်လာတာ အလကားဖြစ်ဖြစ်၊မဖြစ်ဖြစ် ဘာသိစရာလိုလို့လဲဆိုပြီးတော့ ကျော်သွားလိုက်ရင်ရပေမဲ့ သူလိုက်လာတာအလကားဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ စိုးရိမ်နေတဲ့ကိုယ့်ကိုကိုယ် အဓိပ္ပါယ်မရှိသလို ခံစားခဲ့ရတယ်။
“ငါသိတဲ့မင်းက လုပ်စရာအလုပ်ရှိရင် ချက်ချင်းလက်ငင်း လုပ်တတ်တယ်၊ အကြာကြီးနေပြီးမှ လုပ်မဲ့သူမဟုတ်ဘူးလေ”
“…….”
မကြာသေးခင်အထိတောင် ချားဆောင်းဟျော့ဆိုတဲ့ယောကျ်ားအကြောင်း ကောင်းကောင်းသိတယ်ဆိုပြီး သေချာထားခဲ့ပေမဲ့ အခုတော့ သိပ်မသေချာတော့ဘူး။ သူ့ရဲ့အပြုအမူတွေကို လုံးဝမခန့်မှန်းနိုင်တာမို့။
တစ်ဖက်မှာတော့ သူ့ဘက်က ကျွန်မအကြောင်းကိုအကုန်သိနေတယ်ထင်လို့ နည်းနည်းခံပြင်းသွားတယ်။
“သွားရအောင် နောက်ကျတော့မယ်”
ယောင်အင်းက နှုတ်ခမ်းကိုပဲသုံးလေးကြိမ်ကိုက်ပြီးတော့ သက်ပြင်းချလိုက်ကာ ခြေလှမ်းကိုစလှမ်းခဲ့တယ်။
သူ့နည်းလမ်းနဲ့သူ ရုပ်ဖျက်ထားတယ်ဆိုရင်တောင် သူ့ကိုမှတ်မိတဲ့သူ မရှိလောက်ဘူးလား။
အတွေးထဲမှာနစ်မြောနေရင်း စက်ရုပ်လိုလမ်းလျှောက်လာခဲ့တဲ့ယောင်အင်းက ဆုံလည်ဂိတ်ကိုဖြတ်ပြီးတော့မှ ဆောင်းဟျော့ကိုသတိရသွားခဲ့တယ်။
နောက်ကိုလှည့်ကြည့်လိုက်တော့ သူက ဆုံလည်ဂိတ်နားမှာ ဖုန်းကို ကပ်လိုက်ပြန်ယူလိုက်နဲ့ လုပ်နေခဲ့တယ်။
ယောင်အင်းလည်း အမြန်ဆောင်းဟျော့နားကိုသွားပြီးတော့ ဘေးဖယ်ဖို့လက်ဟန်ပြလိုက်တယ်။ ပြီးမှ သံလက်ကိုင်ကို ကြားမှာထားပြီးတော့ သူနဲ့မျက်နှာချင်းဆိုင်ရပ်ခဲ့တယ်။
ထင်တဲ့အတိုင်း သူက အရမ်းမလိုမကျတဲ့မျက်နှာပုံစံ လုပ်နေခဲ့တယ်။
“ဘာလို့ ငါ့ဖုန်းကျတော့မရတာလဲ”
“ဖုန်းရှိတယ်ဆိုတိုင်း ရတာမဟုတ်ပါဘူး”
“ဒါဆို?”
“ကတ်ကိုထည့်ထားရပါမယ်”
“အာ ဟုတ်လား”
ဆောင်းဟျော့က ဒါမျိုးကို TV ထဲမှာပဲတွေ့ဖူးတာပင်။ မွေးကတည်းကနေ တစ်ခါမှ မြေအောက်ရထားမစီးဖူးပေ။
ဘတ်စကားကိုတော့ တစ်ကြိမ်စီးဖူးတယ်။
ဘတ်စ်ကားနောက်ဆုံးခုံမှာထိုင်ပြီးတော့ အပြင်ဘက်ကိုကြည့်ရင်း ဘယ်နေရာမှာပဲဖြစ်ဖြစ်ဆင်းမယ်။ ပြီးသွားရင် ကော်ဖီဆိုင်လှလှလေးထဲဝင်ထိုင်ပြီး လက်ဖက်ရည်နွေးနွေးလေးသောက်ရတာကြိုက်တယ်ဆိုတဲ့ ယောင်အင်းရဲ့စကားကို ကြားတဲ့နေ့မှာပေါ့။ ကျွန်တော့်အကြိုက်နဲ့တော့မတူကြောင်း အတည်ပြုလိုက်ရတဲ့နေ့လည်းဖြစ်ပေမဲ့ထူးခြားတဲ့အတွေ့အကြုံတစ်ခုလည်း ဖြစ်ခဲ့တယ်။
ပြန်တွေးကြည့်လိုက်မှ ပထမဆုံးဘတ်စ်ကားစီးတာရော၊ ပထမဆုံးမြေအောက်ရထားစီးတာရောက ယောင်အင်းနဲ့အတူတူပဲ ဖြစ်ခဲ့တယ်။ တစ်ခုမတူတာက အဲ့နေ့တုန်းကတော့ ယောင်အင်းဘက်ကနေ ကျွန်တော့်ဘတ်စ်ကားခအထိတောင် ပေးခဲ့တာပင်။
“အကြွေးဝယ်ကတ်မှာ transportation card သုံးလို့ရတဲ့ဟာရှိပါလား”
“မသိဘူး။ ဒါပေမဲ့ ငါမေ့ပြီးတော့ ပိုက်ဆံအိတ်ထားခဲ့မိတာ။ ဖုန်းပဲယူလာတယ်”
ဆောင်းဟျော့ရဲ့ မျက်လုံးထောင့်တွေက လှလှပပကွေးသွားခဲ့တယ်။
“ငါ့ကို လက်မှတ်လေးဝယ်ပေးဦး”
ဘယ်သူ့ကိုမဆို ညှို့နိုင်လောက်အောင်ဆွဲဆောင်မှုရှိတဲ့ eye smile လေးပင်။
ပထမဆုံးတွေ့ဖူးတာလည်းမဟုတ်ဘဲ ငါဘာလို့ရင်တွေခုန်နေပါလိမ့်။
ယောင်အင်းက အမြန်မျက်လွှာချပြီးတော့ အိတ်ထဲကနေ ပိုက်ဆံအိတ်ကိုထုတ်လိုက်တယ်။ ပြီးတော့သူ့ကို transportation card သုံးလို့ရတဲ့စနစ်ထည့်ထားတဲ့ အကြွေးဝယ်ကတ်ကို ကမ်းပေးလိုက်တယ်။
“ဒါနဲ့ ဖြတ်လိုက်ပါ”
ခေါင်းညိမ့်ပြီးတော့ ဆုံလည်ဂိတ်ကိုပြန်သွားတဲ့ဆောင်းဟျော့က အကြွေးဝယ်ကတ်ကိုကပ်လိုက်ပြီးမှသာ သူ့ရှေ့မှာပိတ်ထားတဲ့ ဂိတ်ကိုဖြတ်နိုင်ခဲ့တယ်။ ဘာမဟုတ်တဲ့ ဒီအသေးအမွှားကိစ္စလေးကို စိတ်ထဲမှာတော့ ဂုဏ်ယူနေခဲ့တယ်။
“သွားရအောင်”
ယောင်အင်းက ယုံကြည်ချက်ရှိရှိ တစ်ဖက်ကိုလျှောက်သွားသူရဲ့အင်္ကျီကို ဆွဲလိုက်တယ်။
“ဘယ်သွားနေတာလဲ။ အဲ့ဘက်မဟုတ်ပါဘူး”
“မဟုတ်ဘူးလား”
“ဒီဘက်ပါ”
ဆောင်းဟျော့လည်း ရှေ့ကနေသွားတဲ့ယောင်အင်းနောက်ကို ထပ်ကြပ်မကွာလိုက်သွားခဲ့တယ်။ ဒါပေမဲ့ ရထားစင်္ကြံဘက်ကို ဆင်းသွားနေတဲ့အချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတဲ့ရထားကနေ ဆင်းလာတဲ့လူတွေက အပြုံလိုက်ကြီး လှေကားပေါ်ကိုတက်လာခဲ့ကြတယ်။
သူက ယောင်အင်းလူအုပ်ကြီးထဲမှာညှပ်သွားတာပဲဖြစ်ဖြစ်၊ တိုက်မိတာတွေမဖြစ်ရအောင် သေသေချာချာလေး ကာကွယ်ပေးခဲ့တယ်။
အကာအကွယ်ပေးခံအနေနဲ့ လှေကားပေါ်ကနေဆင်းသွားတဲ့ယောင်အင်းက လူသိပ်မရှိတဲ့နေရာမှာ တန်းစီခဲ့တယ်။
“နဂိုကတည်းက ဒီလောက်လူများတာလား၊ မဟုတ်ရင် ဒီနေ့မှပိုဆိုးတာလား”
နောက်လှည့်လိုက်တဲ့ယောင်အင်းရဲ့မျက်လုံးထဲမှာ အတည်ပေါက်ဖြစ်နေတဲ့မျက်နှာကို တွေ့လိုက်ရတယ်။
“ရုံးတက်တဲ့အချိန်ဆိုရင်တော့ ပုံမှန်ဒီလိုပါပဲ”
သူ့ရဲ့မျက်နှာက ပိုတည်သွားခဲ့တယ်။
“နောက်တစ်ခေါက် မြေအောက်ရထား ထပ်မစီးနဲ့တော့”
“တစ်လမှာ တစ်ခေါက် နှစ်ခေါက်တောင် ပုံမှန်မစီးပါဘူး”
ရွေ့လျားသွားလာဖို့လိုအပ်တဲ့အလုပ်ကို ရသွားပြီးနောက်ပိုင်း ယောင်အင်းလည်း အရင်လောက် အများသုံးယာဉ်တွေကို မသုံးနိုင်တော့ပေ။ အရက်သောက်ဖို့ချိန်းထားတာရှိတဲ့နေ့ဆို ကုမ္ပဏီမှာကားထားပြီး သွားဖြစ်တယ်ဆိုရင် အလုပ်တက်တဲ့အချိန် မြေအောက်ရထားပဲဖြစ်ဖြစ် ဘတ်စ်ကားစီးရုံလောက်ပဲ ဖြစ်ခဲ့တယ်။
“အဲ့တစ်ခေါက် နှစ်ခေါက်လည်း မစီးနဲ့လို့။ တက္ကစီစီး”
“အချိန်ရတဲ့အချိန်ဆို တက္ကစီစီးပါတယ်။ မြေအောက်ရထားက နောက်ကျတော့မယ်ထင်တဲ့အချိန် တစ်ခါတလေစီးတာပါ”
“ဒီတိုင်းနောက်ကျလိုက်”
ယောင်အင်က အခိုင်အမာဖြစ်နေတဲ့သူ့ကို သိမ်းသွင်းနိုင်မဲ့နည်းလမ်းမရှိဘူးဆိုတာ သိသွားခဲ့တယ်။ ဒီလိုအချိန်ဆိုရင်တော့ ခပ်ပြင်းပြင်းပြန်ဖြေတာက အကောင်းဆုံးပဲဆိုတာကိုလည်း သိနေခဲ့တယ်။
“ရှုပ်ရှက်ခတ်နေတယ်လို့ထင်ရရင်တောင် အားလုံး သူ့စည်းကမ်းနဲ့သူရှိပါတယ်။ ပုံကြီးချဲ့မနေပါနဲ့”
“…….”
ပုံကြီးချဲ့မနေနဲ့ဆိုတဲ့စကားကို မွေးကတည်းကနေ အခုမှပဲကြားဖူးတဲ့ဆောင်းဟျော့က ပြောစရာစကားပျောက်သွားခဲ့တယ်။
မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ မြေအောက်ရထားစီးတာ အတွေ့အကြုံရှိသူနဲ့ အသစ်ကလေးက ရောက်လာတဲ့ရထားပေါ်ကို တက်ခဲ့ကြတယ်။
အသစ်ကလေးဖြစ်ပေမဲ့ မွေးရာပါ အာရုံခံနိုင်စွမ်းကောင်းတဲ့ဆောင်းဟျော့က တစ်ချက်တည်းနဲ့ လုံခြုံတဲ့နေရာက ဘယ်နေရာလဲဆိုတာကို တွေ့သွားခဲ့တယ်။
“ဒီမှာရပ်”
သူက ယောင်အင်းကို တံခါးနဲ့သက်ကြီးရွယ်အိုထိုင်ခုံကြားခေါ်သွားပြီးတော့ အဲ့မှာရပ်ခိုင်းကာ သူ့လက်နဲ့ ခန္ဓာကိုယ်သုံးပြီး ကွယ်ပေးထားခဲ့တယ်။
လူတွေက အစုလိုက်တွန်းဝင်လာတာမို့ နှစ်ယောက်သား လုံးဝပူးကပ်သွားခဲ့တယ်။ ဖက်လိုက်တာနဲ့ မခြားမနားပင်။
ဆောင်းဟျော့ရဲ့ကိုယ်သင်းနံ့တွေ နှာခေါင်းထဲကိုဝင်လာတာနဲ့ ယောင်အင်းလည်း ဒီတိုင်းမျက်နှာပူလာလို့ မေးစေ့ကိုအောက်နည်းနည်းချလိုက်တယ်။ ဒါပေမဲ့ သူနဲ့အရမ်းကပ်နေလို့ နဖူးက သူ့ရင်ဘက်ကို ထိမိသွားခဲ့တယ်။
ယောင်အင်း အလန့်တကြားခေါင်းပြန်မော့ဖို့လုပ်တဲ့အချိန် သူမနောက်စေ့ကို အသာလေးကိုင်လိုက်တဲ့လက်အထိအတွေ့ကို ခံစားခဲ့ရတယ်။ ဒီအတိုင်းလေးပဲနေဆိုပြီး ပြောနေသလိုမျိုး။
ခေါင်းကိုတည့်တည့်ထားပြီးနေတာထက် လုံးဝပိုသက်သောင့်သက်သာရှိတယ်ဆိုတာကို သူလည်းသိပုံပင်။
ပထမတစ်ခေါက်ကခက်ပေမဲ့ ဒုတိယတစ်ခေါက်ဆိုရင်တော့လွယ်တယ်ဆိုတဲ့စကားကို ဒီလိုနေရာမှာသုံးရမလား။
ထိလက်စနဲ့ နည်းနည်းလောက်ပိုမှီလိုက်လို့လည်း ဘာပြဿနာတက်မှာလဲဆိုပြီးတွေးမိတာက ကိုယ့်ဘာသာ ရှာကြံအကြောင်းပြနေတာလားတောင် မသိဘူး။
ဆောင်းဟျော့ဘက်က အတတ်နိုင်ဆုံး ယောင်အင်းကိုမဖိမိအောင် တောင့်ခံခဲ့ပြီးတော့၊ သူ့ကိုမနိုင်ဘူးဆိုတဲ့သဘောနဲ့ သူ့လက်အထိအတွေ့ကိုအသားကျသွားတဲ့ယောင်အင်းက တစ်သောင်းတန်မြေအောက်ရထားပေါ်မှာဆိုတာကို မေ့သွားလောက်တဲ့အထိ သက်သောင့်သက်သာရှိတဲ့အချိန်ကို ကုန်ဆုံးနိုင်ခဲ့တယ်။
ယောင်အင်း ရှက်စရာအမှန်တရားတစ်ခုကိုသိသွားတာက သွားမဲ့နေရာကိုဦးတည်တဲ့ အသိပေးချက်ကြေငြာတဲ့အချိန်မှာပင်။
အခု နှစ်ယောက်သားရပ်နေတဲ့နေရာက ဘယ်ဘက်တံခါးနားမှာပေမဲ့ ဆင်းရမဲ့တံခါးက ညာဘက်မှာရှိတာမို့။
ယောင်အင်းက ခေါင်းကိုအနောက်ဘက်အတင်းဆုတ်ပြီးတော့ ဆောင်းဟျော့ကိုမော့ကြည့်လိုက်တယ်။
“ဒီဘက် မဟုတ်ပါဘူး”
“ဘာက မဟုတ်တာလဲ”
ရှေ့နောက်စကားကိုမကြားလိုက်တဲ့သူက ခေါင်းငုံ့ပြီးတော့ ယောင်အင်းရဲ့နှုတ်ခမ်းနားမှာ သူ့နားကိုကပ်လိုက်တယ်။
“ဟိုဘက်တံခါးကနေ ဆင်းရမှာပါ”
တစ်ခဏ ဆောင်းဟျော့ရဲ့ခန္ဓာကိုယ်က တောင့်သွားခဲ့တယ်။ နားနားကိုဖြတ်သွားတဲ့ အသက်ရှုသံနွေးနွေးလေးက သည်းခံဖို့ခက်ခဲလောက်အောင် တက်ကြွစေခဲ့တယ်။
မနက်ကတည်းကနေ ရူးနေပြီပဲ။
အသက်ပြင်းပြင်းရှုပြီးတော့ စိတ်ငြိမ်အောင်လုပ်လိုက်တဲ့သူက ဘာကိစ္စမှမရှိခဲ့သလိုမျိုး အေးအေးဆေးဆေးနဲ့ ခေါင်းကိုတည့်တည့်ပြန်ထားခဲ့တယ်။ ပြီးတော့ ယောင်အင်းရဲ့လက်ကို နူးနူးညံ့ညံ့လေးဆုပ်ကိုင်လိုက်တယ်။
“ငါ့နောက်မှာသေချာကပ်ပြီးတော့ လိုက်လာခဲ့”
တင်းတင်းတွဲထားတဲ့လက်နှစ်ဖက်က ဆောင်းဟျော့ရဲ့နောက်ကျောခါးနေရာမှာ တစ်သမတ်တည်းရှိနေခဲ့တယ်။
မြန်မြန်လျှောက်ပြီး သူ့နောက်ကိုလိုက်သွားတဲ့ယောင်အင်းဟာ ဆောင်းဟျော့ သူ့ခန္ဓာကိုယ်နဲ့တိုးပေးတာမို့ တခြားသူနဲ့နည်းနည်းလေးတောင်မတိုက်မိဘဲ ရထားပေါ်ကနေဆင်းလာနိုင်ခဲ့တယ်။
နောက်ဆုံးလောက်မှဆင်းတာမို့ လူတွေကဒီရေလိုလျော့သွားတဲ့အပြင် ရထားစင်္ကြံက တော်တော်လေးကို ရှင်းသွားခဲ့တယ်။
ဆောင်းဟျော့ကတော့ ယောင်အင်းကို ထောင့်နားလေးဆီ ခေါ်သွားခဲ့တယ်။
“အရင်သွားလိုက်။ ငါနောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာခဲ့မယ်”
“ဟုတ်ကဲ့ပါ”
ယောင်အင်းက သူမ,ပြောရမဲ့စကားကို အစားပြောပေးတဲ့သူ့ကို ကျေးဇူးတင်သွားတယ်။ ဒါပေမဲ့ တကယ့်တကယ် ကျေးဇူးတင်တယ်ဆိုတဲ့စကားကို ထုတ်ပြောလာတဲ့သူကတော့ ဆောင်းဟျော့ဖြစ်နေခဲ့တယ်။
“ကျေးဇူးပဲ။ မင်းကျေးဇူးကြောင့် ဘေးကင်းကင်းနဲ့အလုပ်တက်နိုင်တာ”
သူက အိတ်ကပ်ထဲမှာထည့်ထားတဲ့ အကြွေးဝယ်ကတ်ကိုထုတ်ပြီးတော့ ပေးလိုက်တယ်။
“အခုထိမပြီးသေးပါဘူး။ သွားရင်းနဲ့ နောက်တစ်ခေါက် ထပ်လုပ်ရဦးမှာပါ”
“အာ ဟုတ်လား”
“နောက်ကျမှပေးလိုက်ပါ”
“ငါ အသားကုန်သုံးပြီးတော့ လျှောက်သွားနေရင် ဘယ်လိုလုပ်မှာလဲ”
“ရဲတိုင်လိုက်မှာပေါ့”
ဆောင်းဟျော့က ရှက်ကိုးရှက်ကန်းနဲ့ နောက်လှည့်သွားတဲ့ယောင်အင်းကိုကြည့်ပြီး ရယ်လိုက်တယ်။
မြေအောက်ရထားဘူတာကို ဟိုကြည့်ဒီကြည့်နဲ့လျှောက်ပတ်ကြည့်ရုံမကဘဲ မြေအောက်ရထားဘူတာကနေ ကုမ္ပဏီအထိလမ်းလျှောက်ထွက်လာတဲ့လူလိုမျိုး ဖြည်းဖြည်းချင်းလျှောက်လာတဲ့သူက ကားလည်းမရှိပါဘဲ ကားပါကင်ကနေ ၈ ထပ်ကိုတက်လာခဲ့တယ်။
ယောင်အင်း ပထမထပ်တံခါးပေါက်ကနေ ဝင်သွားလောက်မယ်ထင်လို့ တခြားလမ်းကနေ ပတ်လာခဲ့တာပင်။
ဥက္ကဌရုံးခန်းထဲကို ဝင်သွားလိုက်တော့ အတွင်းရေးမှူးနေရာက လွတ်နေခဲ့တယ်။
သန့်စင်ခန်းသွားတာပဲဖြစ်ဖြစ် တခြားအလုပ်ရှိလို့နေမှာပါလို့တွေးပြီး ရုံးခန်းတံခါးကိုဖွင့်လိုက်တဲ့ဆောင်းဟျော့က ရုတ်တရက်ရပ်သွားခဲ့တယ်။
ဆိုဖာပေါ်မှာ မိန်းမတစ်ယောက်က ခြေချိတ်ပြီးတော့ ထိုင်နေတာကြောင့်ပင်။
သူက လှိုင်းတွန့်ဆံပင်အညိုရောင်နဲ့ ကြော့ရှင်းတဲ့ပန်းပွင့်ဂါဝန်ဝတ်ထားတဲ့မိန်းမကဘယ်သူဆိုတာကို ချက်ချင်းမှတ်မိသွားခဲ့တယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ပွဲဦးထွက်ပြီးတာ ၅ နှစ်ကြာမှရိုက်တဲ့ဇာတ်ကားပေါက်သွားလို့ တစ်ခါတည်း SL အင်တာတိန်းမန့်ရဲ့ရောင်းအား နံပါတ် ၁ နေရာကိုရောက်သွားတဲ့မင်းသမီး။
အတားအဆီးမရှိ ယုံကြည်မှုအပြည့်ရှိတဲ့ပုံရိပ်နဲ့ အသက် ၂၀ – ၃၀ အရွယ် လူငယ်မိန်းကလေးတွေရဲ့ wannabe လို့အခေါ်ခံရတဲ့ ပတ်ဟီးရန်းပင်။
******
အပိုင်း ၁၀၀ အစအဆုံးဖတ်ချင်ရင် telegram Channel မှာ Kpay 4K နဲ့ တစ်သက်စာဝင်ဖတ်လို့ရပါတယ်ရှင်။
ဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်။
YeYint Mg
Kpay ဘယ်လ်ု လွှဲရမလဲ