Chapter 27
ဆောင်းဟျော့ ဟီးရန်းကို အခုမှပထမဆုံးအကြိမ်တွေ့ဖူးရတာက သူမ နိုင်ငံခြားမှာရိုက်ကူးရေးလုပ်ပြီး တစ်လလောက်ကြာမှ ပြန်ရောက်လာတာကြောင့်ပင်။
ဧည့်သည်က ပိုင်ရှင်မရှိတဲ့အခန်းထဲ နေရာယူထားတဲ့အကြောင်းရင်းကို စဉ်းစားနေတဲ့ဆောင်းဟျော့က နားထဲမှာ နည်းနည်းအေးစက်တဲ့အသံတစ်သံကို ကြားလိုက်ရတယ်။
“ခဏနေမှ ထပ်လာလိုက်ပါ”
ဘာပြောနေတာလဲဟ။
တွေဝေသွားတာလည်း ခဏပင်။ နောက်မှ ဟီးရန်း သူ့အဝတ်အစားကိုကြည့်ပြီးတော့ အငှားကားသမားပဲဖြစ်ဖြစ် အလုပ်ကြမ်းသမားလို့ အထင်မှားနေကြောင်းရိပ်မိသွားခဲ့တယ်။
အဲ့လိုထင်လည်းထင်ချင်စရာပဲလို့ တွေးလိုက်တယ်။ နားလည်တယ်ဆိုတိုင်း အဆင်မပြေမဖြစ်တာတော့ မဟုတ်ပေမဲ့။
ချားဆောင်းဟျော့ဆိုတာ လူတိုင်းအပေါ် သဘောထားမကြီးတတ်ဘူး။
“ခဏနေမှ ပြန်လာပေးနိုင်မလား”
သူပြန်ပြောလိုက်တဲ့စကားကြောင့် ဟီးရန်းက အဓိပ္ပါယ်မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဟက်ခနဲရီလိုက်တယ်။
“ဟမ်?”
“တွေ့တဲ့အတိုင်း ကျွန်တော်အခု ဧည့်သည်ကိုကြိုဆိုနိုင်မဲ့ အဝတ်အစားနဲ့မဟုတ်လို့”
“အခု ဘာတွေပြောနေတာပါလဲ”
အဲ့အချိန်မှာပဲ ဆောင်းဟျော့ရဲ့နောက်ကျောဘက်ကနေ မိန်းကလေးအသံကို ကြားလိုက်ရတယ်။
“ဥက္က……ဌ…?”
ဆောင်းဟျော့ မတ်စ်ချွတ်ပြီးတော့ နောက်ကိုလှည့်ကြည့်လိုက်တယ်။
သူ့မျက်လုံးတွေက အတွင်းရေးမှူးကိုင်ထားတဲ့လင်ပန်းပေါ်ကို ရောက်သွားခဲ့တယ်။ လင်ပန်းပေါ်မှာတော့ အငွေ့ထနေတဲ့ကော်ဖီတစ်ခွက် ရှိနေခဲ့တယ်။ ဥက္ကဌရုံးခန်းဘေးက ကော်ဖီဖျော်ခန်းမှာ ကော်ဖီဖျော်နေတာကြောင့် နေရာမှာမရှိခဲ့တဲ့ပုံပဲ။
သူက အတွင်းရေးမှူးရဲ့မေးခွန်းအပြည့်နဲ့မျက်နှာကို အဖြေပေးလိုက်တယ်။
“လေ့ကျင့်ခန်းလုပ်ပြီးတော့ ချက်ချင်းလာခဲ့တာပါ”
“ဪ…….”
အတွင်းရေးမှူးက အရင်အတိုင်း ဝိုင်းစက်နေတဲ့မျက်လုံးနဲ့ သူ့သူဌေးကိုကြည့်ရင်း ခေါင်းတစ်ဆတ်ဆတ်ညိမ့်လိုက်တယ်။
ဒီအတောအတွင်း ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားတဲ့ပုံကိုပဲတွေ့ခဲ့ရတာမို့ casual ဖြစ်တဲ့ပုံစံမျိုးနဲ့တော့ နည်းနည်းစိမ်းနေခဲ့တယ်။ ဒါပေမဲ့ တော်တော်လေးကိုလိုက်ဖက်လှတယ်။ ဘာပဲဝတ်ဝတ် မလိုက်လောက်ဘူးလားလို့တောင် တွေးမိသွားခဲ့တယ်။
အဲ့အချိန် အသံနှေးနှေးလေးကို ကြားလိုက်ရတယ်။
“ဥက္ကဌ ချားဆောင်းဟျော့လားဟင်”
ဆောင်းဟျော့က ထပ်ပြီးတော့ ဟီးရန်းကိုကြည့်လိုက်တယ်။
“ဟုတ်ပါတယ်”
“မမှတ်မိလိုက်လို့ပါ။ တစ်ခုခုလာပြင်ပေးတဲ့သူလို့ ထင်နေတာ”
သူထင်တဲ့အတိုင်း ကွက်တိပင်။ ကျွန်တော့်သရုပ်မှန်ကိုသိရင် ပတ်ဟီးရန်းပြောင်းလဲသွားမှာဆိုတဲ့ ခန့်မှန်းချက်အထိတောင် မှန်နေခဲ့တယ်။
ပတ်ဟီးရန်းအကြောင်း ကြားထားတာတွေရှိလို့ အံ့သြတာတွေမဖြစ်ခဲ့ဘူး။
“ဥက္ကဌနဲ့မတူတဲ့အဝတ်အစားနဲ့ စိတ်ရှုပ်အောင်လုပ်မိလို့ တောင်းပန်ပါတယ်”
ဟီးရန်းက ညို့ဓာတ်ပါတဲ့အပြုံးကို ဆင်မြန်းလိုက်တယ်။
“မနေ့ကပြန်ရောက်လို့ ဥက္ကဌအသစ်ကို လာနှုတ်ဆက်တာပါ။ ကျွန်မ အချိန်မတူတာကို အခုထိနေသားမကျသေးလို့ နည်းနည်းဆတ်ဆတ်ထိမခံဖြစ်သွားတာ ထင်ပါတယ်။ နားလည်ပေးပါ”
“ဒီလိုမျိုး နှုတ်ဆက်ရတာကတော့ မယဉ်ကျေးဘူးလို့ထင်ပါတယ်။ နောက်ကျရင် တရားဝင်တွေ့ကြတာပေါ့”
“ဘာဖြစ်လို့လဲ ကြည့်လို့ကောင်းပါတယ်။ ဒီမှာလာထိုင်ပါ”
ဟီးရန်းက စိတ်ရင်းနဲ့ အဲ့လိုတွေးခဲ့တယ်။ သူကဥက္ကဌဆိုတာသိလိုက်ရတော့ ပေါ့ပေါ့ပါးပါးအဝတ်အစားနဲ့လည်း တော်တော်လေးမိုက်တယ်လို့မြင်ခဲ့တယ်။ ကျန်းမာသန်စွမ်းတဲ့ image ကလည်း ဆိုးတော့မဆိုးပေ။
ဆောင်းဟျော့က စကားတစ်ခွန်းထဲကို ထပ်ခါထပ်ခါပြန်မပြောချင်လို့ ဟီးရန်းရဲ့မျက်နှာချင်းဆိုင်နေရာမှာ သွားထိုင်လိုက်တယ်။
အမြန်လျှောက်လာတဲ့အတွင်းရေးမှူးက ဟီးရန်းရှေ့မှာကော်ဖီခွက်ချပေးပြီးတော့ ဆောင်းဟျော့ကိုကြည့်လာခဲ့တယ်။
“ချက်ချင်း ကော်ဖီဖျော်ပေးပါ့မယ် ဥက္ကဌ”
“ငါတော့ ခနနေမှ”
“သိပါပြီ”
“အပြင်ထွက်နေလိုက်ပါ”
အတွင်းရေးမှူး ရုံးခန်းထဲကနေထွက်သွားတာနဲ့ ဆောင်းဟျော့က ဦးထုပ်ချွတ်ပြီးတော့ ပေါ့ပေါ့ပါးပါး စကားစလိုက်တယ်။
“ရိုက်ကူးရေးလုပ်နေရတာနဲ့ ပင်ပန်းသွားပါပြီ”
သေသေချာချာကြည့်တော့ ပိုချောတာပဲ။
ဟီးရန်းက အတွင်းစိတ်ကိုဖုံးဖို့ အောက်နှုတ်ခမ်းကိုဆူလိုက်တယ်။
“ပင်ပန်းနေမယ်မှန်းသိရင် အားပေးစကားပြောဖို့ ဖုန်းတစ်ကောလောက်ခေါ်ခဲ့ရောပေါ့”
“အဲ့အထိတော့ မတွေးမိလိုက်ပါဘူး”
“စာချုပ်သက်တမ်း သိပ်မကျန်တော့လို့ အခုကတည်းကနေ ဂရုမစိုက်တော့လားဆိုပြီးတော့ ဝမ်းနည်းနေခဲ့တာပါ”
“အဲ့လိုဖြစ်စရာပါလား”
“ကျေးဇူးတင်စွာနဲ့ပဲ စာချုပ်ချုပ်ဖို့ကမ်းလှမ်းလာတဲ့ ကုမ္ပဏီတွေနည်းနည်းရှိလို့ အဲ့ဖက်နဲ့ဆွေးနွေးကြည့်ရမလားဆိုပြီးတော့တောင် စဉ်းစားခဲ့တာပါ”
ဆောင်းဟျော့က သူမရဲ့ကိုယ့်ကိုကိုယ်နှိမ့်ချသလိုနဲ့ တော်တတ်ချင်ယောင်ဆောင်နေတာကို မသိဘဲမနေခဲ့ဘူး။
ငါ့မှာ စာချုပ်သက်တမ်းသိပ်မကျန်တော့ဘူး။ စာချုပ်ထပ်မချုပ်ဘဲ တခြားကုမ္ပဏီကိုလည်းသွားနိုင်တာမို့ ကိုယ့်အသိနဲ့ကိုယ် ကောင်းကောင်းလုပ်ကြဆိုတဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်။
တခြားသူစိတ်ချမ်းသာအောင်ပြောပေးတဲ့နေရာမှာ အရည်အချင်းတော့မရှိပေမဲ့ အဲ့လိုဆိုရင်တောင် ကြိုးစားကြည့်ဖို့တော့လုပ်ခဲ့တယ်။
“ရှေ့လျှောက်လည်း အတူအလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”
“ကျွန်မလည်း အဲ့လိုလုပ်နိုင်ရင် ကောင်းမှာပါ”
သာမန်စကားဝိုင်းအတိုင်း နှစ်ခွန်းသုံးခွန်း အပြန်အလှန်ပြောပြီးနောက်မှာတော့ ဟီးရန်းက သိပ်မကြာခင် တစ်ခေါက်လောက် ထမင်းအတူတူစားရအောင်လို့ပြောကာ ရုံးခန်းကနေထွက်သွားခဲ့တယ်။ ပြီးတာနဲ့ အတွင်းရေးမှူး ဝင်လာခဲ့တယ်။
“နောက်ကျရင်တော့ ငါမရှိတဲ့အချိန် ရုံးခန်းထဲကို ဘယ်သူမှမဝင်ခိုင်းပါနဲ့”
“သတိထားလိုက်ပါ့မယ်။ တောင်းပန်ပါတယ် ဥက္ကဌ”
အတွင်းရေးမှူးက ‘ဧည့်ခန်းထဲကိုလမ်းညွှန်ပေးဖို့လုပ်ပေမဲ့ ပတ်ဟီးရန်းခေါင်းမာနေလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး’ဆိုတဲ့စကားကို စိတ်ထဲမှာပဲသိမ်းထားခဲ့တယ်။
ဘာမှပြန်မပြောဘဲ ခေါင်းပဲညိမ့်လိုက်တဲ့ဆောင်းဟျော့က အဝတ်လဲဖို့အတွက် ရုံးခန်းအတွင်းဘက်မှာရှိတဲ့ အဝတ်လဲခန်းထဲကို ဝင်သွားခဲ့တယ်။
***
“ယောင်အင်း”
မှုန်ဝါးဝါးဖြစ်နေတဲ့မျက်လုံးတွေက ချက်ချင်းအာရုံပြန်ကပ်သွားခဲ့တယ်။
“……အာ စီနီယာ”
ယောင်အင်းက သူအခု ဂျင်ဂယိုနဲ့ ၅ ထပ်ကနားနေခန်းမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ကော်ဖီသောက်နေတုန်းဆိုတာနဲ့၊ ခဏမတ်ဆေ့ချ်ဖတ်နေတဲ့အချိန် ခုနကကိစ္စကိုပြန်တွေးမိသွားတယ်ဆိုတာကို သိသွားခဲ့တယ်။
လန်းဆန်းတဲ့ကိုယ်သင်းရနံ့နဲ့ တောင့်တင်းနေတဲ့ရင်ဘတ်၊ ပြီးတော့ နွေးနေတဲ့ကိုယ်အပူချိန်က အရင်လိုပဲ စိတ်ထဲမှာထင်ရှားနေခဲ့တယ်။
ဆောင်းဟျော့ရဲ့စကားကို ငှားပြီးတော့ပြောရမဲ့ဆိုရင် လုပ်သင့်တာမလုပ်သင့်တာ အကုန်လုပ်ဖူးတဲ့ဆက်ဆံရေးပေမဲ့ ဘာလို့အခုမှ ရည်းစားစထားဖူးတဲ့သူလိုမျိုး ရင်ခုန်နေရတာလဲဆိုတာ မသိတော့ပေ။
သူနဲ့ skinship လုပ်ရတာကို တစ်ကြိမ်လေးမှ မကြိုက်တဲ့အချိန် မရှိတာကြောင့်လား။ သူနဲ့ကုန်ဆုံးခဲ့တဲ့ညတွေကို ပထမဆုံးညကနေ နောက်ဆုံးညအထိ မကြိုက်တဲ့အချိန် မရှိခဲ့တာကြောင့်လား။
ဘယ်သူ့ဆီကမှ လိင်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မခံရဖူးပေမဲ့ ချားဆောင်းဟျော့ကတော့ ချွင်းချက်ဖြစ်ခဲ့တယ်။
“ဘာတွေ ဒီလောက်တောင်တွေးနေတာလဲ။ သုံးလေးကြိမ်လောက် ခေါ်ခဲ့တာကို”
“တောင်းပန်ပါတယ်”
“မဟုတ်မှ တစ်နေရာရာ နေမကောင်းဖြစ်နေတာလား”
“မဟုတ်ပါဘူး။ ကောင်းကောင်းအိပ်မပျော်လို့ ထင်ပါတယ်”
ဂျင်ဂယိုက ဒီနေ့မနက် ယောင်အင်းနဲ့ဆောင်းဟျော့ကြားမှာ ဘာကိစ္စရှိခဲ့လဲဆိုတာကို လုံးဝမသိတာတောင် ယောင်အင်း ပုံမှန်နဲ့မတူဘဲငေးငိုင်နေရတဲ့အကြောင်းရင်းက ချားဆောင်းဟျော့ကြောင့်ဆိုတာကိုတော့ ရိပ်မိနေခဲ့တယ်။ ချက်ချင်းပဲ စိတ်က မသက်မသာဖြစ်လာခဲ့တယ်။
“ဘာလို့ ကောင်းကောင်းအိပ်မပျော်တာလဲ။ မဟုတ်မှ ကိုယ့်ကိုတော့အိမ်ပြန်မယ်လို့လိမ်ပြောပြီး တခြားနေရာသွားလည်တာတော့ မဟုတ်ဘူးမလား”
နောက်နေသလိုမျိုးပြောပေမဲ့ ယောင်အင်းက သူ့စကားမှာပါတဲ့အဓိပ္ပါယ်ကို မသိဘဲမနေခဲ့ဘူး။
“စီနီယာ့ကို ဘာလို့အဲ့လိုလိမ်ပြောရမှာလဲ။ တကယ်အိမ်ပြန်ရောက်လို့ ဖုန်းခေါ်တာပါ”
ဆောင်းဟျော့သာကြားရင် ဘယ်သူ့ကိုတော့ ဖုန်းခေါ်ပြီး ဘယ်သူ့ကိုတော့ မတ်ဆေ့ချ်ပဲပို့တာလဲလို့ဆိုကာ ကတ်သီးကတ်သတ်ပြောနေမှာပင်။
“စတာပါ”
ယောင်အင်းက မျက်နှာတည်ကြီးနဲ့ ဆက်အငြင်းပွားနေရင် မျက်နှာနီလာမယ်ထင်လို့ ခေါင်းစဉ်ကိုပြောင်းပစ်လိုက်တယ်။
“ဒီနေ့ အချိန်ဇယားလည်းမရှိဘဲနဲ့ မနက်ကတည်းကနေ ကုမ္ပဏီကိုဘာလို့လာတာပါလဲ”
“ဒီနေ့စောစောနိုးတာနဲ့ လုပ်စရာမရှိလို့ အလည်လာလိုက်တာ”
“ကျွန်မ မိနစ် ၂၀ ကြာရင် အစည်းအဝေးရှိပါတယ်”
“အင်းပါ။ ၁၅ မိနစ်နေရင် ပို့ပေးမယ်”
ယောင်အင်းက ခေါင်းညိမ့်ပြီးတော့ စားပွဲပေါ်ကိုအကြည့်လွှဲလိုက်တယ်။
ခွက်ထဲမှာထည့်ထားတဲ့ကော်ဖီက တစ်ယောက်ယောက်ရဲ့အကြည့်လိုမျိုး နက်မှောင်လိုက်တာဆိုပြီး တွေးမိသွားခဲ့တယ်။
“ယောင်အင်း”
ယောင်အင်းလည်း ဂျင်ဂယို ပြန်ကြည့်လိုက်တယ်။
တော်တော်လေး ထူးဆန်းတယ်။ နာမည်ကအတူတူပဲကို ဘာလို့ခေါ်တဲ့သူအပေါ်မူတည်ပြီး ခံစားချက်က ဒီလောက်တောင်ကွာခြားနေရတာလဲ။
တစ်ဖက်ကနေတော့ သိချင်ခဲ့တယ်။ ဘာလို့ချားဆောင်းဟျော့ခေါ်တဲ့အချိန်ကျမှ ရင်ခုန်သွားရတာလဲ။
သူတောင်မသိလိုက်ခင် ထပ်ပြီးတော့ သူ့အကြောင်းတွေးမိသွားတာကိုသိသွားတဲ့ယောင်အင်းက အဓိပ္ပါယ်မရှိလို့ စိတ်ထဲကနေ ကိုယ့်ကိုကိုယ်ရယ်လိုက်တယ်။
ဒါကတော့ ‘နောက်ဆုံးတော့လည်း ချားဆောင်းဟျော့ပါပဲ” ဆိုတာပင်။
“မင်းကိုမေးချင်တာလေးရှိလို့”
“ဟုတ်ကဲ့”
“မင်းမျက်လုံးထဲမှာ ကိုယ်က လိုအပ်ချက်ရှိတဲ့သူလား မရှိတဲ့သူလား”
“စီနီယာ့မှာတော့ အကုန်ရှိတယ်လေ။ ရုပ်ရည်၊ စည်းစိမ်ဥစ္စာ၊ ပြီးတော့ စိတ်သဘောထားအထိတောင်”
ဂျင်ဂယိုရဲ့မေးခွန်းကို မသက်မသာဖြစ်တာနဲ့မဆိုင်ဘဲ ယောင်အင်း စိတ်ရင်းနဲ့အဲ့လိုမျိုးတွေးခဲ့တယ်။
“ဥက္ကဌချားကို လိုအပ်တာမရှိလို့သဘောကျခဲ့တာဆို၊ ပြည့်စုံလို့ကြိုက်ခဲ့တာလို့ပြောပြီးမှ ဘာလို့ကိုယ့်ကိုကျတော့မကြိုက်တာလဲ”
“ကြိုက်ပါတယ်”
“အဲ့လိုအဓိပ္ပါယ်နဲ့ ပြောတဲ့စကားမဟုတ်ဘူးဆိုတာကို သိတယ်မလား”
“လိုအပ်တာမရှိတဲ့ယောက်ျားမို့လို့ ကြိုက်ခဲ့ပေမဲ့ အဲ့ဒါကြောင့် မုန်းလည်းမုန်းခဲ့တယ်လို့ ပြောခဲ့ပါတယ်”
“အဲ့လို ဆန့်ကျင်ဘက် ခံစားချက်မျိုးရှိတာကိုတောင် အားကျမိတာပဲ”
“…….”
ယောင်အင်းက ဗလာသက်သက်ရယ်နေတဲ့သူကို တိတ်တိတ်လေးကြည့်နေလိုက်တယ်။
“ချားဆောင်းဟျော့၊ အခုထိရော အများကြီးသဘောကျသေးလား”
“ဟုတ်ကဲ့”
ဂျင်ဂယိုရဲ့မျက်နှာမှာ ခါးသက်သက်အပြုံးက ပေါ်လာခဲ့တယ်။ ယောင်အင်းရဲ့ပါးစပ်ကနေ သဘောမကျပါဘူးဆိုတဲ့အဖြေထွက်လာရင်တောင် ယုံမှာတော့မဟုတ်ပေမဲ့ တွေဝေမှုမရှိတဲ့အဖြေကိုကြားလိုက်ရတော့ စိတ်ဓာတ်ကျသွားခဲ့တယ်။
“ဒါဆိုဘာလို့ လက်မခံပေးတာလဲ”
“သတ္တိမရှိလို့ပါ”
“ဘယ်လိုသတ္တိလဲ”
“အရမ်းအောင်မြင်တဲ့ယောကျ်ားကို ကိုင်တွယ်နိုင်မဲ့သတ္တိပါ”
ဂျင်ဂယိုက သက်ပြင်းအကြီးကြီးချလိုက်တယ်။
“ဖွင့်တောင်မပြောရသေးခင် အငြင်းခံလိုက်ရတဲ့ခံစားချက်က ဘယ်လိုမျိုးလဲသိလား”
“…….”
“တော်တော်လေး မကောင်းဘူး”
“…….”
“အဲ့အစား ဖွင့်ပြောကြည့်ပြီးမှ အငြင်းခံရတာပိုကောင်းလောက်မလား”
“မကောင်းပါဘူး”
ယောင်အင်းက အမြန်ကြားဖြတ်ပြီးတော့ သူ့တစ်ယောက်တည်း ကိုယ့်ကိုကိုယ်မေး ကိုယ့်ကိုကိုယ်ဖြေနေတာကို တားလိုက်တယ်။
ချားဆောင်းဟျော့နဲ့တင် နားမလည်နိုင်ဖြစ်နေတာကို ဆောဂျင်ဂယိုအထိပါလာမှာကို တကယ်မမျှော်လင့်တာမို့။
***
ဥက္ကဌရုံးခန်းကနေထွက်လာပြီး စီမံခန့်ခွဲရေးအသင်း ၂ ကိုသွားတဲ့ဟီးရန်းက အဖွဲ့သားတွေနဲ့ ရိုးရိုးရှင်းရှင်းနှုတ်ဆက်ပြီးတော့ ရုံးခန်းကနေထွက်လာခဲ့တယ်။
လုံးဝမိတ်ကပ်မလိမ်းထားတဲ့မျက်နှာပေါ်မှာ ပုခုံးထိရောက်တဲ့ဆံပင်ကို နောက်ကနေတင်းတင်းချည်ထားတဲ့အမျိုးသမီးက ဟီးရန်းနောက်ကိုလိုက်သွားခဲ့တယ်။ အသင်း ၂ ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဖြစ်လဲ ဟီးရန်းရဲ့မန်နေဂျာ ဟျောန်းရှင်းမ်။
နှစ်ယောက်သား ဖြည်းဖြည်းချင်း ကော်ရစ်ဒါမှာလမ်းလျှောက်နေခဲ့ကြတယ်။
“ဥက္ကဌက ဘယ်လိုလဲ”
“မာနကြီးတယ်။ ဖော်ရွေမှုလည်းမရှိဘူး”
ဟီးရန်းက ‘အဲဒါကလွဲရင် တခြားအချက်တွေကိုတော့အကုန်သဘောကျတယ်’ ဆိုတဲ့စကားအထိတော့မပြောခဲ့ဘူး။
“ဖြစ်မှာပဲလေ။ SL Group ရဲ့သားငယ်ပဲကို”
ဟီးရန်းရဲ့ခေါင်းထဲမှာတော့ မာနကြီးပြီးမဖော်ရွေတဲ့ နောက်တစ်ယောက်ကိုသတိရသွားတယ်။
“အာ ဟုတ်သားပဲ။ ကျွန်မ ရုံးခန်းကိုလာတဲ့လမ်းမှာ သူ့ကိုတွေ့ခဲ့သေးတယ်”
“ဘယ်သူလဲ”
“ဟဲဆောင်းကနေ လာတဲ့တစ်ယောက်လေ”
“ချဲယောင်အင်းလား”
“အာ ဟုတ်တယ် ချဲယောင်အင်း။ အစ်ကိုဂျင်ဂယိုနဲ့ အတူရှိနေတာလေ”
“အရည်အချင်းလည်းရှိတယ်။ ဘယ်လိုလုပ်ပြီး ဆောဂျင်ဂယိုကို သူ့ခြေထောက်နဲ့သူလာအောင် လုပ်လိုက်ပါလိမ့်”
သူတို့နှစ်ယောက်လည်း ဂျင်ဂယို SL အင်တာတိန်းမန့်နဲ့ စာချုပ်ချုပ်လိုက်တဲ့ဖြစ်စဉ်ကို အားလုံးနီးပါးသိထားခဲ့ကြတယ်။
“လှတယ်လေ”
“ဆောဂျင်ဂယိုအနားမှာ သူ့ထက်လှတဲ့သူ မရှိလောက်ဘူးလား။ ဆောဂျင်ဂယို ကျွန်မကိုတောင် စိတ်မဝင်စားပုံထောက်ရင် ရုပ်ရည်ပဲကြည့်တာမဟုတ်လောက်ဘူး”
“ဒါဆို ယောကျ်ားကိုဆွဲဆောင်တဲ့နေရာမှာ တော်လို့နေမှာပေါ့”
ဟီးရန်းက ရိုက်ကွင်းမှာ သွားလာရင်း ခဏလေး နှစ်ခေါက်သုံးခေါက်လောက်ပဲ နှုတ်ဆက်ဖူးရုံဆိုတော့ ယောင်အင်းအကြောင်းကို ကောင်းကောင်းမသိနိုင်ခဲ့ဘူး။
အဲ့ဒါတောင် ယောင်အင်းကိုမကြိုက်ရတဲ့အကြောင်းရင်းက ရိုးရိုးရှင်းရှင်းပင်၊ ဟျောန်းရှင်းမ်ကြောင့်ပဲဖြစ်ခဲ့တယ်။ ‘သူကမာနကြီးတယ် ယဉ်ကျေးမှုမရှိဘူး’ ဆိုပြီးတော့ ဟျောန်းရှင်းမ်ဆီကနေ မကောင်းတာပဲကြားခဲ့ရလို့။
ယောင်အင်း ဟဲဆောင်းအင်တာတိန်းမန့်မှာအလုပ်ဝင်ပြီးနောက်မှာ လအနည်းငယ်လောက် ဒီလုပ်ငန်းဘယ်လိုလှည့်ပတ်နေလဲဆိုတာကို ဆန်းစစ်ဖို့အတွက် ကွင်းဆင်းတဲ့အချိန်ရှိခဲ့ဖူးတယ်။ ဟျောန်းရှင်းမ်နဲ့က ဇာတ်ကားအတူတူရိုက်တဲ့သရုပ်ဆောင်ရဲ့မန်နေဂျာအဖြစ် ပထမဆုံးတွေ့ခဲ့တာပင်။ အဲ့အချိန်တုန်းက ဟျောန်းရှင်းမ်မှာတော့ မန်နေဂျာသက်တမ်း ၆ နှစ်ရှိနေပြီ။
အဲ့အချိန် မထင်မှတ်ထားတဲ့အခွင့်အရေးနဲ့ ယောင်အင်းရဲ့ပညာရေးနောက်ခံအကြောင်း ပေါက်ကြားသွားခဲ့တယ်။ အားလုံးဆီကနေ ကြားခဲ့ရတာက ‘အဲ့လောက် တက္ကသိုလ်ကောင်းမှာတက်ပြီး တကယ်ပဲ ဘာလို့ကွင်းဆင်းမန်နေဂျာအလုပ်လဲ” ဆိုတဲ့ တုံ့ပြန်ချက်တွေပင်။
သူ့ပါးစပ်နဲ့လိုက်ဖွနေတာမဟုတ်မှန်းသိတာတောင် ဟျောန်းရှင်းမ်က စိတ်ထဲမှာတော့ အမြင်ကပ်နေခဲ့တယ်။ ဒီနယ်ပယ်မှာ ပညာရေးနောက်ခံလောက် အဓိပ္ပါယ်မဲ့တာရှိလို့လားဆိုပြီးတော့ ကိုယ့်ကိုကိုယ်နှစ်သိမ့်နေရင်တောင် စိတ်ထဲမှာတော့ အထက်တန်းအောင်ဆိုတဲ့ ကိုယ့်ပညာရေးကိုရှက်ခဲ့တယ်။ အစကတည်းကနေ ပညာရေးနောက်ခံ complex ဆိုတာရှိလို့ပင်။ နူးနူးညံ့ညံ့မဟုတ်တဲ့ ယောင်အင်းရဲ့စရိုက်ကိုလည်း တော်တတ်ချင်ယောင်ဆောင်နေတာလို့ ခံစားမိလာခဲ့တယ်။
ပိုစိတ်တိုရတာကတော့ သူအလုပ်ဝင်တာ ၇ နှစ်ကြာပြီးမှရခဲ့တဲ့ အဖွဲ့ခေါင်းဆောင်နေရာကို လှိမ့်ဝင်လာတဲ့ကျောက်ခဲက ချက်ချင်းယူသွားတာကိုပင်။
“အစ်မ သူ့အသက်က ၂၇ မလား”
“အင်း နင်နဲ့ရွယ်တူပဲ”
သူတို့နှစ်ယောက် ဓာတ်လှေကားစီးနေတုန်း ဟီးရန်းရဲ့ဖုန်းသံမြည်လာခဲ့တယ်။
‘ဘယ်တုန်းက သူများအတင်းပြောခဲ့လို့လဲ’ ဆိုတဲ့ပုံစံမျိုးနဲ့ ဟီးရန်းက အသံချိုချိုလေးသုံးကာ ဖုန်းကိုင်လိုက်တယ်။
“ပြော အစ်ကို”
ဖုန်းမျက်နှာပြင်မှာတော့ ‘အစ်ကိုချန်းဂင်း’ ဆိုတဲ့ စာလုံးလေးလုံးက ပေါ်နေခဲ့တယ်။
*****
အပိုင်း ၁၀၀ အစအဆုံးကို Telegram channel မှာ Kpay 4K နဲ့ လာဝယ်ဖတ်လို့ရပါတယ်ရှင်။
Telegram ACC – @lioniscute