Chapter 28
မနက်ကတည်းကနေ အပြင်ထွက်ရတာနဲ့ရော meeting တွေနဲ့ရော အလုပ်ရှုပ်နေခဲ့တဲ့ယောင်အင်းက ၂ ခွဲလောက်ကျမှပဲ ခဏနားနိုင်ခဲ့တယ်။ သေချာပေါက် လုပ်စရာအလုပ်မရှိတော့တာတော့ မဟုတ်ခဲ့ဘူး။
ယောင်အင်းက ဇာတ်ကား audition အချိန်ဇယားစစ်နေတာကိုရပ်ပြီးတော့ နေရာကနေထကာ ဟဲယွန်းရဲ့စားပွဲဘက်ကို သွားလိုက်တယ်။
“မျက်နှာချင်းဆိုင်မဟုတ်တဲ့ audition ကိုပို့မဲ့ဇာတ်ညွှန်းဗီဒီယို အခုထိမပြီးသေးဘူးလား။ ဘာလို့မပို့သေးတာလဲ”
ခေါင်းမော့လိုက်တဲ့ ဟဲယွန်းရဲ့မျက်ကွင်းတွေက ညိုနေခဲ့တယ်။
“အာ အခုပို့လိုက်ပါ့မယ်”
ဟဲယွန်းက ကွန်ပြူတာနောက်ခံစကရင်အလယ်မှာရှိတဲ့ folder တစ်ခုကို အမြန်နှိပ်လိုက်တယ်။
“ဂျီယူးအသစ်ရိုက်ထားတဲ့ ပရိုဖိုင်ပုံရော”
“အာ ရောက်လာပြီလားဆိုတာ စစ်ကြည့်လိုက်ပါ့မယ်”
ယောင်အင်းက ပုံမှန်နဲ့မတူစွာတလွဲတချော်ဖြစ်နေတဲ့ ဟဲယွန်းရဲ့မျက်နှာကို အသာလေးကြည့်လိုက်တယ်။
“ဘာဖြစ်လို့လဲ။ ကိစ္စတစ်ခုခုရှိလို့လား”
ဟဲယွန်းက မကြာခင်ငိုတော့မလိုမျက်နှာနဲ့ ခေါင်းမော့လာခဲ့တယ်။
“အဖွဲ့ခေါင်းဆောင်၊ အစ်မမင်ဆိုးကြောင့် ရူးပါတော့မယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်သွားလို့ ဆက်ပြီးတော့ ရိုက်ကူးရေးမလုပ်နိုင်တော့ပါဘူးတဲ့”
“အခုထိ အဲ့လိုဖြစ်နေတာလား”
“တဖြည်းဖြည်း ပိုဆိုးလာတာပါ”
“ဒါဆို ထွက်ဖို့ပြောလိုက်”
“……ရှင်?”
“ငါပြောလိုက်မှာမို့ ဖုန်းခေါ်ပြီးတော့ ငါ့ဆီလွှဲပေးလိုက်”
ဟဲယွန်းက ချက်ချင်း သူတာဝန်ယူထားတဲ့ သရုပ်ဆောင်ကိုဖုန်းခေါ်ပြီးတော့ ယောင်အင်းဆီလွှဲပေးခဲ့တယ်။
“မင်ဆိုး ကျွန်မချဲယောင်အင်းပါ”
– ဘာကိစ္စရှိလို့ပါလဲ
အသံက အတော်လေး စူးရှနေခဲ့တယ်။
“ရိုက်ကူးရေးဆက်လုပ်ဖို့ ခက်ခဲတယ်လို့ ကြားထားပါတယ်”
– အဖွဲ့ခေါင်းဆောင်ဆိုရင်ရော မခက်ခဲလောက်ပါဘူးလား။ သရုပ်ဆောင်ညံ့တယ် ဘာညာပြောနေတဲ့ သတင်းကိုတွေ့ပြီးမှတော့ ကောင်းကောင်းပြန်သရုပ်ဆောင်နိုင်ဦးမှာလားလို့! အဲ့သတင်းတစ်ခုလေးကိုတောင်မတားနိုင်ဘဲနဲ့။ တကယ်ပဲ ရှင်တို့တွေဘာလုပ်နေကြတာပါလဲ!
“အထူးအခြေအနေကလွဲရင် ကျွန်မတို့လည်း သတင်းထွက်မှပဲသိနိုင်တာမို့ပါ”
– ဒါဆို အမြန်ပြန်ဖျက်ခိုင်းတာပဲဖြစ်ဖြစ် လုပ်ခိုင်းခဲ့ရမှာပေါ့။ အဲ့လိုမျိုးတွေလုပ်ဖို့ ကျွန်မရှာထားတဲ့ပိုက်ဆံကို မျှပေးနေတာလေ
“သတင်းထောက်ကို အကူအညီတောင်းကြည့်ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး”
– အလုပ်မဖြစ်လောက်တဲ့အထိပဲ တောင်းဆိုခဲ့လို့နေမှာပေါ့
“…….”
ယောင်အင်းက သူ့လည်ဝထိတက်လာတဲ့စကားကို ပြန်မြိုချခဲ့တယ်။
အမှန်အတိုင်းပြောရရင် သတင်းထောက်ဆီ သတင်းကိုဖျက်ပေးဖို့အကူအညီတောင်းတုန်းကလည်း ရှက်နေခဲ့တာလို့။
ဘာလို့လဲသိလား။ အစကနေအဆုံးထိ တစ်ခုမှမမှားလို့လေ။
– ဘယ်ကနေ စုတ်ပြတ်သတ်နေတဲ့ဒရာမာကိုရွေးလာပြီးတော့ ကျွန်မကို ဒီပုံစံဖြစ်အောင်လုပ်တာလဲ
အတိုင်းအတာတစ်ခုထက်ကျော်အောင် ကွန်ပလိန်းတက်နေတာကိုတော့ အခု ဒီလောက်ထိပဲလက်ခံပေးဖို့ လုပ်လိုက်တယ်။
“မင်ဆိုး ဒီဒရာမာကို သေချာပေါက်ရိုက်ချင်ပါတယ်ပြောတုန်းက ကျွန်မနဲ့ဟဲယွန်းတားခဲ့တာကို မမှတ်မိဘူးလား။ မင်ဆိုးရဲ့အသံက နန်းတွင်းဇာတ်ကားနဲ့မလိုက်တာမို့ နောက်ကျမှရိုက်ကြည့်ရင်ကောင်းမယ်လို့ ပြောခဲ့တာကို မဟုတ်မှ မေ့သွားတာတော့မဟုတ်ဘူးမလား”
– အဆုံးထိမတားနိုင်ခဲ့ဘူးဆိုရင် ပါးစပ်ပိတ်ထားလိုက်ပါ
“အဆုံးထိ မတားနိုင်ခဲ့လို့တောင်းပန်ပါတယ်”
ယောင်အင်းက ယုံကြည်ချက်ရှိရှိတောင်းပန်ခဲ့တယ်။ ဒါပေမဲ့ ပါးစပ်တော့မပိတ်နိုင်ပေါင်။
“တကယ်ပဲ ရိုက်ကူးရေးမလုပ်တော့ပါဘူးလား”
– မလုပ်ပါဘူး။ မဟုတ်ဘူး မလုပ်နိုင်တော့ပါဘူး
“ဒါဆို ထွက်လိုက်ပြီလို့ပြောလိုက်ပါ့မယ်”
– ထွက်လိုက်ပြီ? စိတ်ပုံမှန်ဟုတ်သေးရဲ့လား။ အခု ၇ ပိုင်းရိုက်ပြီးတော့ ၂ ပိုင်းထိတောင်ပြပြီးပြီကို
“ဆက်မရိုက်နိုင်တော့ဘူးဆို။ ဒါဆို တခြားနည်းလမ်းရှိသေးလို့လား”
– ဒါရိုက်တာက တော်တော်လေးကို အဲ့လိုလုပ်လိုက်ပါဆိုပြီးပြောမှာဆိုတော့
ရွဲ့ပြောသံနဲ့လှောင်ရယ်သံက တစ်ချိန်တည်းမှာပဲ နားစည်ကိုရိုက်ခတ်လာခဲ့တယ်။
“ကျွန်မတာဝန်ယူပြီးတော့ ဖြေရှင်းလိုက်ပါ့မယ်။ ဒရာမာပြနေတုန်းအချိန်မှာ တစ်ဝက်တစ်ပျက်နဲ့ထွက်သွားတဲ့ သရုပ်ဆောင်ရဲ့နောက်ကိစ္စရှင်းတာကိုတော့ တစ်ကြိမ်လုပ်ဖူးပြီးပြီမို့ ဒုတိယအကြိမ်ဆို ပိုကောင်းကောင်းလုပ်နိုင်မယ်ထင်ပါတယ်”
– “…….”
“မကြာခင် ဥပဒေအသင်းဘက်ကနေ လျော်ကြေးငွေ ပြဿနာနဲ့ ဆက်သွယ်လာမှာပါ။ ဖုန်းမပိတ်ထားပါနဲ့”
– လျော်ကြေးငွေလား
“ဒါဆို ဘာတာဝန်မှမယူဖို့ လုပ်နေတာပါလား”
– အဖွဲ့ခေါင်းဆောင် တကယ်ပဲ ဒီလိုလုပ်နေတော့မှာလား။ ကျွန်မအခု ခက်ခဲနေတာကိုသိရက်နဲ့ တကယ့်ကို ဒီလောက်ထိ လုပ်မှရမှာလား
ခုနတုန်းကအသားကုန်အော်ငြင်းနေတဲ့သူရော ဟုတ်ရဲ့လားလို့ပြောရလောက်အောင်ကို အားကုန်သွားတဲ့အသံနဲ့ပြောခဲ့တာပင်။ ဒါပေမဲ့ယောင်အင်းက ဒီနေရာမှာ မနိုင်ချင်ယောင်ဆောင်ပြီးတော့ ကျော်သွားပေးမဲ့စိတ် နည်းနည်းလေးမှ မရှိခဲ့ဘူး။
“မင်ဆိုး ဖြစ်ချင်တဲ့အတိုင်းပဲ လုပ်ပေးနေရုံပါ။ ကျွန်မတို့တွေက သရုပ်ဆောင်ရဲ့သဘောထားကို ပထမဦးစားပေးထားတာမို့”
– “…….”
“ဒါရိုက်တာနဲ့တွေ့ပြီးရင် ပြန်ဆက်သွယ်လိုက်ပါ့မယ်။ နားနေလိုက်ပါ”
ယောင်အင်းက ဖုန်းချပြီးတော့ ဟဲယွန်းဆီ ဖုန်းပြန်ပေးလိုက်တယ်။
“လှဲမဲ့နေရာရှာပြီးတော့ ခြေထောက်ဆန့်နေတာလေ။ တစ်ခါနှစ်ခါလည်းမဟုတ်၊ အဓိပ္ပါယ်မရှိတာတွေအတင်းလျှောက်ပြောနေတာအထိတော့ လက်မခံပေးနဲ့တော့”
“ဒါပေမဲ့လည်း ရိုက်ကူးရေးကိုမလာရင် မဖြစ်လို့…….”
ရေရွတ်တာလည်းခဏပင်၊ ဟဲယွန်းရဲ့မျက်လုံးနှစ်လုံးက သိချင်စိတ်တွေနဲ့တောက်ပလာခဲ့တယ်။
“ဒါနဲ့လေ အဖွဲ့ခေါင်းဆောင်။ အစ်မမင်ဆိုးကို တကယ်ထွက်ခိုင်းမလို့လား”
“မဖြစ်နိုင်တာတွေ လာပြောနေတာပဲ”
“တစ်ကြိမ်လုပ်ဖူးပြီးပြီမို့ ဒုတိယအကြိမ်ဆိုပိုကောင်းကောင်းလုပ်နိုင်မှာလို့ ပြောခဲ့ပြီးတော့…….”
“ပိုကောင်းကောင်းလုပ်နိုင်မယ်လို့တော့ထင်ပေမဲ့ မလုပ်ချင်ပါဘူး။ ပင်ပန်းတယ်”
ဟဲယွန်းက ခေါင်းခါနေတဲ့ယောင်အင်းကိုစိုက်ကြည့်ရင်း ပြုံးလိုက်တယ်။
“မကြာခင် ပြန်ဆက်သွယ်လာလိမ့်မယ်။ ကောင်းကောင်း ပြောပေးလိုက်ဦး”
“ဟုတ်ကဲ့ အဖွဲ့ခေါင်းဆောင်”
“ရှေ့လျှောက် ဒီလိုကိစ္စမျိုးထပ်ပေါ်လာရင် ငါ့ဆီကိုပဲချက်ချင်းလွှဲပေးလိုက်။ ဗီလိန်ဇာတ်ကောင်ကိုတော့ ငါယူလိုက်မှာမို့”
“တော်ပါပြီ”
“တော်ပြီ?”
“အခုကနေ ကျွန်မဘာသာပဲ လုပ်ကြည့်တော့မှာပါ။ အဖွဲ့ခေါင်းဆောင်ရဲ့ လုံးဝ သွေးရောမျက်ရည်ရောမရှိတဲ့ image ကို ထပ်ပြီးတော့ ပိုဆိုးအောင်မလုပ်နိုင်ပါဘူး”
စတာတစ်ဝက် စိတ်ရင်းတစ်ဝက်နဲ့ပြောလိုက်တဲ့စကားကို ယောင်အင်းကလည်း ကာရန်ပြန်လိုက်ပေးခဲ့တယ်။
“ငါက သွေးရောမျက်ရည်ရောမရှိတဲ့ image လား”
“ဟုတ်ပါတယ်”
ဟဲယွန်းက တော်တော့်ကိုအားပါပါနဲ့ ခေါင်းညိမ့်လိုက်တယ်။
“တစ်ဝက်ကတော့ မှန်နေတာပဲ။ ငါက မျက်ရည်မရှိဘူးလေ”
ပထမဆုံးသဘောကျခဲ့တဲ့ယောကျ်ားနဲ့ လမ်းခွဲပြီးနောက်မှာတောင် တစ်ခါမှမငိုဖူးတာမို့ မငြင်းနိုင်တဲ့အမှန်တရားပဲ ဖြစ်ခဲ့တယ်။
အေးအေးဆေးဆေး ပြန်ပြောလိုက်တဲ့ယောင်အင်းရဲ့အကြည့်က နံရံကပ်နာရီဆီ ရောက်သွားခဲ့တယ်။
“အချိန်က ဒီလောက်တောင်ရှိသွားပြီပဲ။ ဗျူဟာအစည်းအဝေး သွားတက်လိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ”
နေရာကိုပြန်သွားတဲ့ယောင်အင်းက Tablet PC နဲ့ ဖုန်းကိုယူပြီးတော့ ရုံးခန်းကနေထွက်လာခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က ရုံးခန်းတံခါးဘေးကနံရံမှာ မှီနေခဲ့တယ်။
“အချစ်လေး”
စီမံခန့်ခွဲရေးအသင်း ၂ ခေါင်းဆောင် ဟျောန်းရှင်းမ်ပင်။
“ကုမ္ပဏီဝင်သရုပ်ဆောင်ရဲ့ စိတ်အခြေအနေကို ဂရုစိုက်ပေးဖို့ကလည်း မန်နေဂျာရဲ့အလုပ်ပဲဆိုတာကို မဟုတ်မှ မသိတာတော့မဟုတ်ဘူးမလား”
ဟျောန်းရှင်းမ်က ပေါ့ပေါ့ပါးပါးအပြုံးကိုဆင်မြန်းထားတာတောင် အကြံပေးနေတာဆိုတဲ့အဓိပ္ပါယ်ကိုတော့ နည်းနည်းလေးမှ မဖုံးကွယ်ခဲ့ဘူး။ နှစ်ယောက်လုံး အဖွဲ့ခေါင်းဆောင်ဖြစ်နေရင်တောင် နင်နဲ့ငါက အဆင့်မတူဘူးဆိုတဲ့အမှန်တရားကို သေသေချာချာသိအောင်လုပ်ပေးဖို့ စီစဉ်ထားတာပင်။
“ဘယ်လိုလုပ် မသိဘဲနေမှာပါလဲ”
“ဒါဆို ဘာလို့မလုပ်တာလဲ”
အေးအေးဆေးဆေးပြန်ဖြေတာကို ဒေါသထွက်သွားတဲ့ဟျောန်းရှင်းမ်ရဲ့လေသံက နည်းနည်းစူးရှလာခဲ့တယ်။ နှုတ်ခမ်းမှာဆင်ထားတဲ့အပြုံးကလည်း လုံးဝပျောက်သွားခဲ့တယ်။
“ဘာလို့ မလုပ်ဘူးလို့ထင်တာပါလဲ။ လုပ်ခဲ့တာပဲကို”
“အကောင်းဆုံးလုပ်ခဲ့လို့လား”
“ဟုတ်ကဲ့”
“…….”
ယောင်အင်းရဲ့အဖြေက ခိုင်မာနေတဲ့ကြားမှာတောင် နူးညံ့နေခဲ့သေးတယ်။ စိတ်တိုသွားပြီးပြန်ခံပြောမှ ရန်ဖြစ်တာပဲဖြစ်ဖြစ်လုပ်နိုင်မှာကို အဲ့လိုမဟုတ်တော့ ဟျောန်းရှင်းမ်လည်း ဒီထပ်ပိုပြီး ရန်မစနိုင်တော့ပေ။
“စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်”
“ဆိုင်အသေးလေးလောက်ပဲရှိတဲ့ဟဲဆောင်းနဲ့ SL က အဘက်ဘက်ကနေ တူမှာမဟုတ်ဘူး။ မသိတာရှိရင် ဘယ်အချိန်ဖြစ်ဖြစ် လာမေးလိုက်”
“ဟုတ်ကဲ့”
ဟျောန်းရှင်းမ်ဘက်ကနေ နောက်ဆုံးအထိ ယောင်အင်းကိုနှိမ်ပြီးတော့ထွက်သွားပြီးပြီးချင်း နောက်ကျောကနေ ဟဲယွန်းရဲ့မကျေမနပ်ပြောသံကို ကြားလိုက်ရတယ်။
“တစ်ယောက်ယောက်ကြားရင် ကျွန်မတို့အဖွဲ့ခေါင်းဆောင်ကို အလုပ်သင်လေးလို့ ထင်နေတော့မှာပဲ…….”
ဟျောန်းရှင်းမ်တာဝန်ယူထားတဲ့သရုပ်ဆောင်ရဲ့အောင်မြင်မှုက သူ့အောင်မြင်မှုပဲဖြစ်နေသလိုမျိုး ဘဝင်မြင့်နေလို့ staff တွေကြားမှာလည်း နာမည်ဆိုးများခဲ့တယ်။ အခုတလောတော့ ဟီးရန်းရဲ့နာမည်ကျော်ကြားမှုကြောင့် ပခုံးမှာအားအပြည့်ရှိနေပုံပင်။
“အသစ်တော့ ဟုတ်တာပဲလေ”
ယောင်အင်းက ပထမဆုံး တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်တဲ့နေ့တုန်းက သူ့အသက်ကိုမေးပြီးတော့ ‘ငါက အချစ်လေးထက် ၂ နှစ်ပိုကြီးတာပဲ’ ဆိုပြီး ချက်ချင်းသူငယ်ချင်းလိုပြောခဲ့တဲ့ဟျောန်းရှင်းမ်ကို သတိရသွားတာမို့ ရယ်လိုက်တယ်။
“အဖွဲ့ခေါင်းဆောင်ကိုပဲ အဲ့လိုပိုလုပ်နေရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ”
နိုင်ငံခြားရိုက်ကူးရေးကနေပြန်လာတာ ၄ ရက်ပဲရှိသေးပေမဲ့ အခုကတည်းကနေ အဓိပ္ပါယ်မရှိ အပြစ်လိုက်ရှာနေတာတွေကို လက်တစ်ဖက်တည်းနဲ့တောင် မရေနိုင်တော့ပေ။
“ငါ့ကိုမကြိုက်လို့ ဖြစ်မှာပေါ့”
ယောင်အင်းရဲ့မျက်နှာက အတော်လေး အေးချမ်းနေခဲ့တယ်။
အမုန်းခံရတာကို နေသားကျနေလို့လားမသိဘူး။ တစ်ယောက်ယောက် ကျွန်မကို မကြိုက်ဘူးလို့ပြောရင်တောင် နေပါစေဆိုပြီးတော့ ကျော်သွားနိုင်ခဲ့တယ်။ တစ်ဖက်သားဆီမှာ ကောင်းကောင်းအမြင်ခံရဖို့ အချစ်ခံရဖို့အတွက် မကြိုးစားချင်ခဲ့ဘူး။ အဲ့လိုမကြိုးစားရင်လည်းရတဲ့သူတွေကိုပဲ ဘေးမှာထားရင်ဖြစ်တာမို့။
ဥပမာ……
“နောက်ကျတော့မှာပဲ”
အရင်ဆုံးတွေးမိသွားတဲ့ယောကျ်ားရဲ့မျက်နှာကို ခေါင်းထဲကနေအမြန်ဖျက်ပစ်လိုက်တဲ့ယောင်အင်းက ဟျောန်းရှင်းမ်သွားတဲ့ဘက်ကို အမြန်လိုက်သွားခဲ့တယ်။
ထင်တဲ့အတိုင်း ဟျောန်းရှင်းမ်က ဓာတ်လှေကားရှေ့မှာ ရှိနေခဲ့တယ်။
နှစ်ယောက်သားရဲ့ဦးတည်ချက်ကတော့ အတူတူပင်။ တတိယထပ်က အစည်းအဝေးခန်းမ။
နောက် ၁၀ မိနစ်နေရင် ဌာနမှုးအဆင့် အထက်ကသူတွေအကုန်လုံးတက်ရောက်ရမဲ့ ဗျူဟာအစည်းအဝေးစတော့မှာကြောင့်ပင်။
ခဏစောင့်လိုက်တော့ အပေါ်ကနေဆင်းလာတဲ့ ဓာတ်လှေကားက ငါးထပ်မြောက်ကို ရောက်လာခဲ့တယ်။
ယောင်အင်းက ဟျောန်းရှင်းမ်နောက်ကိုလိုက်ပြီးတော့ ဓာတ်လှေကားထဲကိုဝင်လိုက်တယ်။ ဓာတ်လှေကားအတွင်းဘက်မှာတော့ လူနှစ်ယောက်က ဘေးချင်းကပ်ရပ်နေခဲ့တယ်။
ဆောင်းဟျော့နဲ့ ဟီးရန်းပင်။
“မင်္ဂလာပါ ဥက္ကဌ”
ဟျောန်းရှင်းမ်က ဆောင်းဟျော့ကို ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်ပြီးနောက်၊ ဟီးရန်းကိုတော့ အသာလေးပဲပြုံးပြခဲ့တယ်။ ဟီးရန်း ဥက္ကဌရုံးခန်းကိုတက်သွားမှန်းသိတာမို့ နှစ်ယောက်သား ဘာလို့အတူဆင်းလာလဲဆိုတာကို နည်းနည်းမှမအံ့ဩခဲ့ဘူး။
ဟီးရန်းက ဗျူဟာအစည်းအဝေးကိုတက်တဲ့ တစ်ဦးတည်းသောသရုပ်ဆောင်ဖြစ်ခဲ့တယ်။
မနေ့က ဟျောန်းရှင်းမ်ကနေတစ်ဆင့် စာချုပ်သက်တမ်းတိုးဖို့ မဆုံးဖြတ်ရသေးခင် အလယ်အလတ်အမြော်အမြင်(mid to long term)တွေကိုတင်ပြမဲ့ ဗျူဟာအစည်းအဝေးကိုတက်ကြည့်ချင်တယ်လို့ ပြောခိုင်းခဲ့ပြီးတော့ သူကလည်းလက်ခံပေးခဲ့တယ်။ အဲ့ဒါက အခု နှစ်ယောက်သား တတိယထပ်ကိုအတူဆင်းနေတဲ့ အကြောင်းရင်းပင်။
ယောင်အင်းက သူတို့နှစ်ယောက်ရှေ့ခေါင်းပဲငုံ့လိုက်ပြီးတော့ နောက်လှည့်ကာ တံခါးရှေ့မှာရပ်လိုက်တယ်။
ယောင်အင်းလည်းပဲ မနေ့တုန်းက ဟျောန်းရှင်းမ်ရဲ့ကြွားသလိုပြောပြမှုကြောင့် ဟီးရန်း ဗျူဟာအစည်းအဝေးတက်မယ်ဆိုတာကို သိနေခဲ့တယ်။
အဲ့အချိန်မှာပဲ နူးနူးညံ့ညံ့အသံလေးက တိတ်ဆိတ်မှုကိုဖြိုခွဲလာခဲ့တယ်။
“ဥက္ကဌ ဒီနေ့အချိန်ရရင် ထမင်းအတူတူစားရအောင်လေ။ စားကောင်းတာလေး ဝယ်ကျွေးပါ”
အဲ့အချိန်မှာပဲ ဓာတ်လှေကားက တတိယထပ်ကိုရောက်သွားတာမို့ ယောင်အင်းက တစ်ယောက်ယောက်တွန်းလိုက်တာမဟုတ်ဘူးလားလို့ ထင်ရလောက်တဲ့အထိ အမြန် ဓာတ်လှေကားကနေဆင်းလာခဲ့တယ်။
ဆောင်းဟျော့ဘယ်လိုပြန်ဖြေမလဲဆိုပြီး အသားကုန်နားစွင့်နေတဲ့ ကျွန်မကိုယ်ကျွန်မ သဘောမကျလို့ပင်။ ဥက္ကဌအနေနဲ့ ကုမ္ပဏီဝင်သရုပ်ဆောင်နဲ့ ညနေစာမစားနိုင်စရာအကြောင်းရင်း လုံးဝမရှိတာတောင် စိတ်ထဲကနေ သူငြင်းလိုက်ဖို့မျှော်လင့်နေတဲ့ကိုယ့်ကိုကိုယ် မကျေနပ်ခဲ့ဘူး။
အာရုံမစိုက်ကြရအောင်။ အာရုံမစိုက်ကြရအောင်။
ယောင်အင်းက ဂါထာရွတ်နေသလိုရွတ်ရင်း အစည်းအဝေးခန်းမထဲကိုဝင်သွားပြီးတော့ နေရာယူလိုက်တယ်။ ခဏကြာတော့ ဟီးရန်းနဲ့ဟျောန်းရှင်းမ်က အစဉ်လိုက်ဝင်လာခဲ့တယ်။ ဆောင်းဟျော့ကိုတော့ မတွေ့ခဲ့ရဘူး။
ဘာလို့ မဝင်လာပါလိမ့်။
အဲ့အချိန် မတ်ဆေ့ချ်တစ်စောင် ဝင်လာခဲ့တယ်။
<ဒီနေ့ ညနေစာအတူစားရအောင်>
ခုနက ဟီးရန်း ဆောင်းဟျော့ကိုပြောခဲ့တဲ့စကားနဲ့ တူညီတဲ့အကြောင်းအရာပဲဖြစ်ခဲ့တယ်။ နှစ်ယောက်သား အတူတူညစာစားမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီးတော့ ဆောင်းဟျော့က ငြင်းလိုက်တယ်ဆိုတဲ့အဓိပ္ပါယ်လည်း ဖြစ်နေခဲ့တယ်။
ဆောင်းဟျော့ဘယ်လိုပြန်ဖြေမလဲဆိုပြီး ဆက်တိုက်အာရုံစိုက်နေမိပေမဲ့ အခုမှပဲ စိတ်အေးသွားခဲ့တယ်။
ယောင်အင်း အနီးအနားကိုတစ်ချက်ဝေ့ကြည့်ပြီးတော့ စာရိုက်လိုက်တယ်။
<ဘာလို့ ခဏခဏ ထမင်းစားဖို့ပဲပြောနေရတာပါလဲ>
မစားချင်ဘူးလို့ ယတိပြတ်လည်းမပြောချင်၊ စားမယ်လို့လည်း မပြောနိုင်တာမို့ ငြီးငြူသလိုမျိုးပြောကြည့်လိုက်တဲ့စကားကို ပြန်ဖြေလာတဲ့အဖြေကြောင့် အံ့ဩသွားခဲ့ရတယ်။
<အတူအိပ်ဖို့တော့ မပြောနိုင်လို့လေ>
ဒီယောကျ်ားကို ဘယ်လိုလုပ်ရင်ကောင်းမလဲ။
ယောင်အင်းက ရယ်ချင်စိတ်ရောနေတဲ့သက်ပြင်းကို ချလိုက်တယ်။ အဲ့ကနေ စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ နောက်မတ်ဆေ့ချ်တစ်စောင်ကဝင်လာခဲ့တယ်။
<ရုတ်တရက်ကြီး အရှိန်မမြင့်သွားအောင် ကြိုးစားနေဆဲမို့ နည်းနည်းလောက်ပူးပေါင်းပေးပါ>
မတ်ဆေ့ချ်ကိုစစ်ကြည့်ပြီးတော့ ခေါင်းမော့လိုက်တဲ့အချိန် အစည်းအဝေးခန်းမထဲဝင်လာတဲ့ဆောင်းဟျော့ကို တွေ့လိုက်ရတယ်။
‘ဘယ်တုန်းက ဉာဏ်များတဲ့စကားကိုပြောခဲ့လို့လဲ ဆိုတဲ့ပုံစံမျိုးနဲ့ မျက်နှာကအရမ်းကိုတည်ကြည်နေခဲ့တယ်။
သဘာပတိနေရာမှာထိုင်လိုက်တဲ့သူက မျက်နှာကိုထိန်းထားပြီးတော့ အနီးအနားကို တစ်ပတ်ဝေ့ဝဲကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ယောင်အင်းဆီမှာတော့ နည်းနည်းပိုကြာကြာရပ်သွားခဲ့တယ်။
၃ နာရီတိတိ။
ဆောင်းဟျော့က အစည်းအဝေးစကြောင်း ကြေငြာခဲ့တယ်။
“အစည်းအဝေး စပါမယ်”
******
@lioniscute အကောင့်ကနေ 4K နဲ့ paid ဝင်ပြီး ဝယ်ဖတ်လို့ရတယ်နော်။