Chapter 29
ဗျူဟာအစည်းအဝေးဆိုတာ ဆောင်းဟျော့ SL အင်တာတိန်းမန့်ကို ဥက္ကဌအနေနဲ့ရောက်လာပြီးနောက်ပိုင်း ကိုယ်တိုင်ဖြစ်မြောက်အောင်စီမံခဲ့တဲ့ ပထမဆုံးအစည်းအဝေးတစ်ခုဖြစ်ခဲ့တယ်။
သူ ဒီအတောအတွင်း အပတ်စဉ်အစည်းအဝေး၊ ဘုတ်အဖွဲ့အစည်းအဝေး၊ အဖွဲ့ခေါင်းဆောင်အစည်းအဝေး စသဖြင့် ဒီလုပ်ငန်းကိုစီစစ်ပိုင်းခြားတဲ့နေရာမှာ လိုအပ်တဲ့အစည်းအဝေးတိုင်းကို တက်တက်ကြွကြွတက်ရောက်ခဲ့ပေမဲ့ ကိုယ်တိုင်အစည်းအဝေးလုပ်ဖို့တော့ မခေါ်ခဲ့ဖူးပေ။
ဗျူဟာအစည်းအဝေးကိုစီမံတာက လုပ်ငန်းကိုစိစစ်ပိုင်းခြားတာနဲ့ လုပ်ငန်းအတွက်အစီအစဉ်ချထားတာတွေ လုံးဝပြီးသွားပြီဆိုတဲ့သဘောပင်။ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေအတွက်တော့ ချားဆောင်းဟျော့က SL အင်တာတိန်းမန့်ကို ဦးဆောင်နိုင်လောက်မဲ့အရည်အချင်းနဲ့ရော ပြည့်ဝရဲ့လားဆိုပြီး စစ်ဆေးနိုင်မဲ့ အခွင့်အရေးရလာတဲ့အဓိပ္ပါယ်လည်းဖြစ်ခဲ့တယ်။
“ရှေ့လျှောက် SL အင်တာတိန်းမန့်ကို Global စီးပွားရေးလုပ်ငန်းအဖြစ် တိုးတက်လာအောင်လုပ်တဲ့နေရာမှာ ဖြစ်နိုင်ခြေအားလုံးကို အာရုံစိုက်ထားပါမယ်”
ဆောင်းဟျော့က ရည်မှန်းချက်ကိုပြောပြီးနောက်မှာတော့ လက်ရှိအခြေအနေကိုပါ ပြောပြလာခဲ့တယ်။
“အခုချိန်အထိတော့ SL အင်တာတိန်းမန့်က ပြည်တွင်းဈေးကွက်နဲ့ စီမံခန့်ခွဲရေးလုပ်ငန်းကို အဓိကထားပြီးတော့ လုပ်လာပါတယ်။ စကားကောင်းသုံးပြီးပြောရရင် တည်တည်ငြိမ်ငြိမ်ပဲနေခဲ့တယ်။ အမှန်အတိုင်းပြောရရင်တော့ လက်ရှိနေရာကိုပဲကျေနပ်နေလို့ ချောချောမွေ့မွေ့နဲ့ နောက်ကျကျန်စပြုနေပါပြီ ”
ချက်ကောင်းထိသွားတဲ့ဘုတ်အဖွဲ့ဝင်တွေက သူ့အကြည့်ကို အသာလေးရှောင်လိုက်ကြတယ်။
“Content စီစဉ်တာနဲ့ထုတ်လုပ်တဲ့နေရာမှာ တကယ့်ကို တစ်ဟုန်ထိုးပြေးဖို့ တွေးထားပါတယ်။ လောလောဆယ်တော့ ထုတ်လုပ်ရေးမှာရင်းနှီးမြုပ်နှံဖို့ကိုက်ညီတဲ့ ဇာတ်ကားကိုရှာနေပါတယ်။ နောက်ပြီးတော့ content တီထွင်မှုစွမ်းရည်အားကောင်းစေဖို့အတွက် စတူဒီယိုတစ်ခုထောင်ဖို့ အစီအစဉ်ရှိပါတယ်။ ထုတ်လုပ်ရေးကုမ္ပဏီကိုလက်လွှဲယူဖို့လည်း စဉ်းစားနေပါတယ်။ OTT ပလပ်ဖောင်းတည်ထောင်ဖို့ ဆွေးနွေးတာကိုလည်း အမြန်ဆုံးစလုပ်ဖို့ တွေးထားပါတယ်”
ငြိမ်ငြိမ်လေးပဲနားထောင်နေတဲ့ဒုဥက္ကဌက မသိမသာ ကြားဝင်ပြောခဲ့တယ်။
“ဥက္ကဌရဲ့အစီအစဉ်အတိုင်းလုပ်ဖို့ဆိုရင် လက်တလောတော့ ဝင်လာတဲ့ပိုက်ဆံမရှိဘဲ ထွက်သွားမဲ့ပိုက်ဆံတွေပဲ အရမ်းများနေမယ်ထင်ပါတယ် အဆင်ပြေပါ့မလား”
ဒုဥက္ကဌက ရုတ်တရက်ကြီး ဥက္ကဌအနေနဲ့ရောက်လာတဲ့ဆောင်းဟျော့ကို တော်တော်လေးရန်ငြိုးထားနေခဲ့တယ်။ သူ ဥက္ကဌအနေနဲ့ ရာထူးတိုးသွားနိုင်တယ်လို့ အိမ်မက်မက်လာခဲ့တာမို့ ဆောင်းဟျော့ရဲ့ဖြစ်တည်မှုကို မကျေမနပ်ဖြစ်ရုံကလွဲရင် မတတ်နိုင်ခဲ့ဘူး။
ဒီကြားထဲ ကုမ္ပဏီကို ပေါ့ပေါ့တန်တန်စီမံခန့်ခွဲလာသလိုမျိုး အပြစ်တင်ခံရတော့ တော်တော့်ကို မသက်မသာဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ ငါတို့တွေက မသိလို့မလုပ်တာမဟုတ်ဘူးဆိုတဲ့သဘောနဲ့ မဝံ့မရဲကန့်ကွက်ခဲ့တာပင်။
“သေချာတာပေါ့။ ရန်ပုံငွေထိန်းသိမ်းတာကိုရော၊ လျော့ငွေတွေကိုရော အားလုံး ကျွန်တော်ပဲတာဝန်ယူမှာပါ”
ဆောင်းဟျော့က ဘုတ်အဖွဲ့ဝင်တွေကို ဖြည်းဖြည်းချင်းဝေ့ကြည့်ရင်း စကားဆက်လိုက်တယ်။
“ကျွန်တော်သာမဟုတ်ရင် ဒီလိုများပြားတဲ့ရင်းနှီးမြုပ်နှံမှုက မဖြစ်နိုင်ဘူးဆိုတာရော၊ ကျွန်တော်မလုပ်ရင် တခြား ဘယ်သူမှမလုပ်နိုင်ဘူးဆိုတာကိုရော အားလုံးသိကြမှာပါ”
အားလုံးက တစ်ပြိုင်နက်တည်းခေါင်းညိမ့်ခဲ့ကြတယ်။
ဥက္ကဌကြီးချားဟျောန်းအွန်းရဲ့သား မလုပ်နိုင်တဲ့အရာကို တခြားဘယ်သူကလုပ်နိုင်ဦးမှာလဲ။
ဆောင်းဟျော့ ပြတ်ပြတ်သားသားပြောထားတဲ့အကြောင်းအရာတစ်ခုကို ဘယ်အချိန် တခြားနေရာပြောင်းရမလဲမသိတဲ့ လခစားဥက္ကဌက တိုက်တွန်းနိုင်လောက်တဲ့စကေးမဟုတ်ခဲ့ဘူး။
ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန်ရင်းနှီးမြုပ်နှံတာကြောင့်ဖြစ်တဲ့ လျော့ငွေလို့ပြောရင်တောင် ဖိအားများမှာတော့အသေအချာပင်။ အရိုးမြှုပ်ထားတဲ့နေရာလည်းမဟုတ်တာကို တကူးတကကြီး ငွေအဆုံးခံပြီးထွက်သွားတဲ့ဥက္ကဌလို့ နာမည်အတပ်ခံချင်တဲ့သူ ဘယ်သူမှမရှိလောက်မှာမို့။
“ဘယ်အချိန်အထိ SL အင်တာတိန်းမန့်မှာ နေဖြစ်မလဲတော့မသိပေမဲ့၊ သွားတဲ့အချိန်သွားရင်တောင် အရှိန်အဝါကိုတော့ သေသေချာချာလေး ပျိုးထောင်ပေးပြီးမှ သွားမှာပါ”
တည်နေခဲ့တဲ့မျက်နှာမှာ အပြုံးပါးပါးလေးက ပေါ်လာခဲ့တယ်။
“ရှေ့ကနေသေချာလေးနေပေးမှာမို့ လူကြီးမင်းတို့ကတော့ ကျွန်တော့်ကိုပဲ ယုံကြည်ပြီးလိုက်လာပေးရင်ရပါပြီ”
မင်းငါ ပြောစရာမလိုဘဲနဲ့ အားလုံးတင်မကဘဲ ဒုဥက္ကဌအထိတောင် သူ့ကို အားကိုးရတဲ့ဥက္ကဌဆိုပြီး လက်ခံခဲ့ရတယ်။
“ဟောလီးဝုဒ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ USI နဲ့ ရင်းနှီးမြုပ်နှံမှု partnership စာချုပ်ကိုတော့ အတည်ပြုခဲ့ပြီးပါပြီ။ တရုတ်၊ ဂျပန်ရဲ့ ပြည်တွင်း ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ နည်းဗျူဟာအရပူးပေါင်းဆောင်ရွက်ဖို့ကိုတော့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ Global စီးပွားရေးအသင်းရဲ့ အဖွဲ့ခေါင်းဆောင်ယွန်ဂျီဆန်းက ရှင်းပြပေးပါလိမ့်မယ်”
ယောင်အင်းက အားကောင်းတဲ့ leadership ကိုပြပေးပြီးတော့ ဂျီဆန်းဆီ ဆက်ကြေညာခွင့်လွှဲပေးလိုက်တဲ့ဆောင်းဟျော့ဆီကနေ အကြည့်မခွာနိုင်ခဲ့ဘူး။
ဒီနေ့တော့ ယောကျ်ားလေး ချားဆောင်းဟျော့မဟုတ်တဲ့ ဥက္ကဌချားဆောင်းဟျော့ကို ကြွေသွားတဲ့နေ့ပဲဖြစ်ခဲ့တယ်။
ဒါပေမဲ့ သူ့ကိုကြွေသွားတဲ့ နောက်မိန်းမတစ်ယောက်က ထပ်ရှိနေခဲ့တယ်။
အဲဒီတစ်ယောက်ကတော့ ပတ်ဟီးရန်ပင်။
***
ဘောမ်ဂျွန်းနဲ့ ချန်းဂင်းက ခွက်တိုက်ပြီးတော့ သောက်လိုက်ကြတယ်။ အဲ့ဒီနောက် ပြောင်ရှင်းသွားတဲ့အရက်ခွက်နှစ်ခွက်ကို တစ်ချိန်တည်းမှာ စားပွဲပေါ်တင်ခဲ့ကြတယ်။
အစတုန်းကတော့ နှစ်ယောက်ပဲတွေ့ဖို့လုပ်ထားတာမဟုတ်ပေ။ အားလုံးက မအားဘူးဆိုပြီးမလာကြလို့သာ နောက်ဆုံးမှာ လူနည်းနည်းလေးဖြစ်သွားရုံ။
“တကယ် မင်းကလေးရော ဟုတ်ပါ့မလား”
“မသိဘူး”
ချန်းဂင်းက မျက်မှောင်ကြုတ်ပြီးတော့ ဗလုံးဗထွေးနဲ့ပြောလိုက်တယ်။
နှစ်ယောက်သား အခု ကလပ်မှာတွေ့ပြီးတော့၊ ညတစ်ညကုန်ဆုံးပြီးနောက်မှာ ကိုယ်ဝန်ရှိပြီဆိုပြီး ချန်းဂင်းကိုလာရှာတဲ့မိန်းမအကြောင်းကို ပြောနေတာပင်။
“သေသေချာချာ အဆုံးသတ်လိုက်ပြီလား”
“သေချာတာပေါ့။ သေသေချာချာကို ရှင်းခဲ့တာ”
ချန်းဂင်းက ဘောမ်ဂျွန်းထည့်ပေးတဲ့အရက်ကို အကုန်သောက်လိုက်ပြီးတော့ ခေါင်းစဉ်ကိုပြောင်းလိုက်တယ်။
“ဒါနဲ့ ချဲယောင်အင်းရော အဆင်ပြေရဲ့လား”
“မင်း အခုထိ ယောင်အင်းကို စိတ်ဝင်စားနေတုန်းလား။ တကယ် ယောင်အင်းနဲ့လက်ထပ်ဖို့ထိ တွေးထားခဲ့တာလား”
“ငါကရူးနေလို့လား။ မွေးစားသမီးနဲ့လက်ထပ်ရအောင်”
“မင်းက အသားကုန် ကြင်ဖက်တွေ့တဲ့နေရာတွေအထိတောင်လုပ်နေတော့ ငါလည်း စိတ်ရင်းလို့ထင်သွားတာပေါ့”
“စိတ်ရင်းကတော့ ဘယ်ကသာဟုတ်မှာ။ အဲ့ကလေးမလေးက အမြဲတမ်းပြေးနေတော့ ပိုအနိုင်ယူချင်လာတာလေ”
“သူက နဂိုကတည်းက တော်တဲ့နေရာတစ်နေရာမှမရှိဘဲ မောက်မာတယ်လေ”
ဘောမ်ဂျွန်းက တစ်တွတ်တွတ်ထောက်ခံပေးကာ ချန်းဂင်းရဲ့အမေးကို ဖြေလိုက်တယ်။
“ယောင်အင်း SL အင်တာတိန်းမန့်ကိုရောက်ပြီးမှ ပိုအလုပ်များလာတယ်ထင်တယ်။ ကုမ္ပဏီတစ်ခုလုံး အလုပ်ရှုပ်နေလို့လားမသိဘူး။ ဆောင်းဟျော့မျက်နှာလည်း တွေ့ဖို့ခက်တယ်နော်”
“SL အင်တာတိန်းမန့်ကိုပြောင်းသွားတာလား။ ဒါနဲ့ ဆောင်းဟျော့အကြောင်းက ရုတ်တရက်ကြီး ဘာလို့ပါလာတာလဲ”
“အာ မင်း အခုထိမသိသေးဘူးပဲ”
ဘောမ်ဂျွန်းက ချန်းဂင်းကို ဆောင်းဟျော့နဲ့ယောင်အင်း လက်ရှိ SL အင်တာတိန်းမန့်မှာ အလုပ်လုပ်နေတဲ့အကြောင်း ပြောပြလိုက်တယ်။
မျက်နှာသေနဲ့ နားပဲနားထောင်နေတဲ့ချန်းဂင်းက တစ်ခုခုကို ပြင်းပြင်းထန်ထန်တွေးပြီးတော့ တစ်ယောက်ယောက်ဆီ ဖုန်းခေါ်လိုက်တယ်။
“ငါပါ။ အခုခဏလောက်တွေ့ရအောင်”
ဖုန်းပြောနေတဲ့ချန်းဂင်းကို ကြောင်ကြည့်နေတဲ့ဘောမ်ဂျွန်းက ဖုန်းချလိုက်တဲ့သူကို မယုံကြည်နိုင်ဘူးဆိုတဲ့အသံနဲ့မေးလိုက်တယ်။
“အခုသွားမလို့လား။ ငါ့ကိုတစ်ယောက်ထဲထားပြီးတော့လေ”
“အရေးကြီးကိစ္စကို တွေးမိသွားလို့”
“ဘယ်သူ့ကိုသွားတွေ့မလို့လဲ”
“ပတ်ဟီးရန်း”
ချန်းဂင်းက ငွေရှင်းပြီးမှသွားမှာမို့ ဖြေးဖြေးချင်းသောက်ပြီးမှပြန်လို့ပြောကာ အခန်းထဲကနေထွက်လာခဲ့တယ်။
****
ဟီးရန်းက ဝင်ပေါက်ရှေ့မှာလက်ပိုက်ရပ်ပြီးတော့ ချန်းဂင်းနဲ့တွေ့ခဲ့တယ်။
“အစ်ကို ကျွန်မကို ဒီလိုမျိုးရုတ်တရက်တွေ့ဖို့ပြောတာ မကောင်းမှန်းသိတယ်မလား”
နှစ်ယောက်သားက အသိတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့် နှစ်ဝက်ကျော်အောင် ရင်းရင်းနှီးနှီးနေခဲ့ကြတယ်။ ဟီးရန်း ဆောင်းမြောင်းဆောက်လုပ်ရေးရဲ့ မော်ဒယ်ဖြစ်လာတာကလည်း ချန်းဂင်းရဲ့ကျေးဇူးကြောင့်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတလောတော့ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် သိပ်စိတ်မဝင်စားတော့ပေ။
“အခု ဒီလိုမျိုး ရုတ်တရက်တွေ့ဖို့ခေါ်တဲ့ကိစ္စမျိုး ထပ်မရှိတော့မှာမို့ အဲ့စိတ်တိုတယ်ဆိုတဲ့မျက်နှာကြီးကို တစ်ခုခုလုပ်လိုက်ဦး”
ဟီးရန်းက နှုတ်ခမ်းအတွင်းသားကို အသားကုန်ကိုက်ပြီးတော့ နှုတ်ခမ်းထောင့်ကိုဆွဲတင်လိုက်တယ်။
“ခဏအိပ်ပျော်သွားရာကနေနိုးလာလို့ နည်းနည်းစိတ်ဆတ်သွားတာထင်တယ်။ ဆောရီးနော် အစ်ကို။ ဝင်ရအောင်”
ချန်းဂင်းက သူ့လက်မောင်းကိုတွဲလိုက်တဲ့ဟီးရန်းကို မနိုင်ဘူးဆိုတဲ့ပုံစံနဲ့လိုက်သွားပြီးတော့ ဧည့်ခန်းဆိုဖာပေါ်မှာထိုင်လိုက်တယ်။
“ရုတ်တရက်ကြီး ဘာကိစ္စလဲ။ ဘာပြောမလို့လဲဟင်”
“မင်းကို ပြောပြချင်တာလေးရှိလို့”
“ပြောပြချင်တာ?”
“ဆောင်းမြောင်းဘက်က မင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘူးဆိုတဲ့ကိစ္စ”
ဟီးရန်းရဲ့မျက်လုံးတွေ ဝိုင်းစက်သွားခဲ့တယ်။
“ဘာလို့လဲ။ အကြောင်းရင်းကဘာလဲ”
ဆောင်းမြောင်းဆောက်လုပ်ရေးနဲ့ ၆ လတာ မော်ဒယ်စာချုပ်ချုပ်ထားတာက အခုဘယ်လောက်မှမကျန်တော့ပေမဲ့ ဟီးရန်းက သေချာပေါက် စာချုပ်သက်တမ်းတိုးမှာလို့ ယုံကြည်ထားခဲ့တာပင်။
“မင်းက SL အင်တာတိန်းမန့်ကဆိုတော့လေ”
“အဲ့ဒါကဘာစကားလဲ။ ကျွန်မ ဘယ်တုန်းက SL အင်တာတိန်းမန့်က မဟုတ်ခဲ့လို့လဲ”
“SL အင်တာတိန်းမန့်ကို သဘောမကျတော့လို့လေ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မပတ်သက်ချင်တော့ဘူး”
“ဘာပြောနေတာလဲဆိုတာ တစ်ခုမှနားမလည်တော့ဘူး။ နားလည်အောင်ပြောပေးပါ”
“ချဲယောင်အင်းကို သိလား”
“သိတယ်။ အသင်း ၅ အဖွဲ့ခေါင်းဆောင်။ ချဲယောင်အင်းကို ဘာလို့လဲ”
“ချဲယောင်အင်းက ငါ့ကို အရမ်းဒေါသထွက်အောင်လုပ်ခဲ့တာလေ။ ဆိုတော့ သူတက်နေတဲ့ကုမ္ပဏီကို ငါက ကြော်ငြာပေးချင်ပါဦးမလား”
“သူနဲ့ကျွန်မနဲ့ ဘာဆိုင်လို့လဲ”
ဟီးရန်းရဲ့ပြူးထားတဲ့မျက်လုံးက ထပ်ကြီးချင်ရင်တောင် မကြီးနိုင်လောက်တဲ့အထိဖြစ်နေခဲ့တယ်။
“မင်းနဲ့ဆိုင်တယ်။ ကြော်ငြာခထဲက တစ်ချို့ကိုတော့ SL အင်တာတိန်းမန့်က စားမှာလေ၊ အဲ့ပိုက်ဆံနဲ့ ချဲယောင်အင်းလစာကိုလည်း ပေးမှာမလား။ အဲ့ပုံစံကိုမကြည့်နိုင်တော့ဘူး”
“မဖြစ်နိုင်ဘူး။ ကျွန်မက ဘာလို့သူ့ကြောင့်နစ်နာရမှာလဲ”
“အပြစ်တင်ချင်ရင် ချဲယောင်အင်းကိုတင်”
ဒေါသကြီးတဲ့ပတ်ဟီးရန်းအနေနဲ့ ‘အာ၊ ငါက ချဲယောင်အင်းကြောင့် စာချုပ်သက်တမ်း ထပ်မတိုးနိုင်တော့တာပဲ။ နှမြောပေမဲ့လည်း မတတ်နိုင်ဘူးလေ’ ဆိုပြီးတော့ ရိုးရိုးရှင်းရှင်းလက်ခံစရာအကြောင်းမရှိဘူးဆိုတာသေချာလို့ စီစဉ်ထားတဲ့အစီအစဉ်သာ။
ချန်းဂင်းက အခုထိ ဆောင်းဟျော့ရဲ့စကားကို မမေ့နိုင်ခဲ့ဘူး။
“ချဲယောင်အင်းကို ဒီလောက်ပဲထိတော့။ ညစ်ပတ်တဲ့ကောင်က ဘယ်ကိုလာပြီးတော့ အဆင့်အတန်းမသိ”
ချဲယောင်အင်းသာ သူစိတ်ဝင်စားတာကို လျစ်လျူမရှုခဲ့ဘူးဆိုရင် ကြင်ဖက်တွေ့တဲ့နေရာကို လုပ်စရာအကြောင်းလည်းရှိမှာမဟုတ်သလို အဲ့လိုစော်ကားတဲ့စကားကိုလည်း ကြားခဲ့ရမှာမဟုတ်ဘူးလို့တွေးတာမို့ အားလုံးကို ယောင်အင်းဆီ အပြစ်ပုံချခဲ့တယ်။
ကိုယ့်ကိုကိုယ်သိမ်ငယ်တဲ့စိတ်တွေနဲ့ပြည့်နေတာမို့ ယောင်အင်းဘက်ကနေ သူ့ကိုတရားဝင်ကလေးမဟုတ်လို့ ငြင်းလိုက်တာဆိုပြီး သေချာနေခဲ့တယ်။
အဲ့ကြားထဲမှာ တကယ့်တကယ် ဒေါသပုံချရမဲ့ဆောင်းဟျော့ကို ကြိုးစားမသိချင်ယောင်ဆောင်ပြီးတော့ လွယ်ကူတဲ့ယောင်အင်းကိုပဲ ဒေါသပုံချခဲ့တာပင်။
အိုချန်းဂင်းဆိုတာ အရိုးထဲအထိတောင် ညစ်ပတ်တဲ့ကောင်ပဲ။
****
တစ်ယောက်ထဲ မှိုင်တိုင်တိုင်ထိုင်နေပြီးတော့ ဖြေးဖြေးချင်းအရက်သောက်နေတဲ့ဘောမ်ဂျွန်းက ဖုန်းကိုဖွင့်လိုက်တယ်။
ခေါ်စရာလူမရှိတော့ဘူးလားဆိုပြီး နောက်တစ်ကြိမ် ထပ်ရှာကြည့်ဖို့ပင်။
Contact ကို တော်တော်လေး အောက်ကိုရွှေ့ကြည့်လိုက်တော့ ‘ချားဆောင်းဟျော့’ ဆိုတဲ့နာမည်ကို တွေ့သွားခဲ့တယ်။ ရုတ်တရက် အသားကုန်ငိုနေတဲ့အာရင်းရဲ့မျက်နှာကိုပါ သတိရသွားတယ်။
“ဒါပေမဲ့လည်း ငါ့ညီမပဲကို။ အသင့်အတင့်လောက်ပဲ လုပ်ရောပေါ့…….”
သူ့ပါးစပ်ကနေ မကျေမနပ်စကား ထွက်လာခဲ့တယ်။
နေ့တိုင်း ရန်ဖြစ်နေရတာနဲ့အလုပ်ရှုပ်နေရင်တောင် ညီမအရင်းဆိုပြီးတော့ အာရုံစိုက်မိခဲ့တယ်။
အာရင်းက ဆောင်းဟျော့ကိုကြံတဲ့အချိန်တိုင်း အဆင့်အတန်းလေးလည်းခွဲဦးဆိုပြီး ချိုးချိုးဖဲ့ဖဲ့ပြောခဲ့ပေမဲ့လည်း တကယ့်တကယ် ရစရာမရှိအောင်အငြင်းခံလိုက်ရတယ်ဆိုတဲ့ စကားကိုကြားတော့ စိတ်မကောင်းဖြစ်တဲ့စိတ်လည်း ဝင်လာခဲ့တယ်။
အမေနဲ့ညီမ ပေါင်းကြံပြီးလုပ်ခဲ့တဲ့ကိစ္စကိုကြားပြီးတော့ အံ့ဩသွားတာကိုမရပ်နိုင်တာနဲ့မတူဘဲ တစ်ယောက်ပဲရှိတဲ့သူ့ညီမလေးကို အသားကုန်စားလို့မကြိုက်ဘူးဆိုပြီး ပြောခဲ့တဲ့ဆောင်းဟျော့ကို နည်းနည်းတော့ ခါးသီးခဲ့တယ်။
ဘောမ်ဂျွန်းက ဝီစကီကို ခွက်ထဲအပြည့်ထည့်ကာသောက်လိုက်ပြီးနောက် ယောင်အင်းဆီဖုန်းဆက်ခဲ့တယ်။
ဖုန်းခေါ်နေတဲ့အသံပဲ ငြီးငွေ့လောက်အောင် ဆက်သွားနေတယ်၊ ယောင်အင်းကတော့ အသံမတ်ဆေ့ချ်ချန်ဖို့ပြောတဲ့အချိန်ထိရောက်တာတောင် ဖုန်းမကိုင်ခဲ့ဘူး။
အလျှော့မပေးချင်လို့ သုံးကြိမ်ဆက်တိုက်ဖုန်းခေါ်လိုက်ပေမဲ့ ရလဒ်ကတော့ တူညီနေခဲ့တယ်။
‘ဖုန်းပြန်ခေါ်’ဆိုတဲ့ စာလုံးသုံးလုံးကို မတ်ဆေ့ချ်ပို့ပြီးလို့ ၁၀မိနစ်လောက်ကြာသွားမလား။ အဲ့အချိန်မှာ ယောင်အင်းဆီကနေ ဖုန်းဝင်လာခဲ့တယ်။
– ဘာကိစ္စလဲ
“ရား ငါအခု The new palace မှာ။ လာခေါ်ဦး”
– အခုတော့လာမခေါ်နိုင်ဘူး။ ကုမ္ပဏီမှာလေ?
“ငါ့အရေးမပါလို့ အမြန်ထွက်ခဲ့လို့!”
ဖုန်းအကျော်ကနေ နည်းနည်းအံ့ဩသွားတဲ့အသံကိုကြားလိုက်ရသလိုဖြစ်ပြီးမှ ယောကျ်ားတစ်ယောက်ရဲ့အသံကို ဆက်ကြားလိုက်ရတယ်။
– အဖွဲ့ခေါင်းဆောင် ချဲယောင်အင်း အခုအလုပ်လုပ်နေတာပါ
“ဘယ်သူမို့လို့ သူများဖုန်းကိုလျှောက်ကိုင်နေတာလဲ”
– ချဲယောင်အင်း အထက်လူကြီး
ရင်းနှီးနေတဲ့အသံမှန်းသိသွားတဲ့ဘောမ်ဂျွန်းက တစ်ခဏ တုံ့ဆိုင်းသွားခဲ့တယ်။
“……ဆောင်းဟျော့လား”
– အင်း
“စောင့်နေမှာမို့ အလုပ်ပြီးတာနဲ့ လာကြိုပေးလို့ ယောင်အင်းကိုပြောပေးဦး”
– တစ်ယောက်တည်း အိမ်မပြန်နိုင်ဘူးလား
“အေး မပြန်နိုင်ဘူး”
ဘောမ်ဂျွန်းက အလကားသက်သက် ဆန့်ကျင်ဘက်စကားကိုပြောကာ ဖုန်းချလိုက်တယ်။
မိနစ် ၂၀ ကြာပြီးနောက်မှာတော့ မထင်မှတ်ထားတဲ့မျက်နှာက သူ့မျက်စိရှေ့ကိုပေါ်လာခဲ့တယ်။
“ထ”
ယောင်အင်းမဟုတ်ဘဲ ဆောင်းဟျော့ပင်။
******
Telegram channel မှာ အပိုင်း ၁၀၀ အပြီးကို Kpay 4K နဲ့ လာဝယ်ဖတ်လို့ရပါတယ်ရှင်။
ဆက်သွယ်ရမဲ့ Telegram ACC – @lioniscute