Chapter 3
လွတ်နေတဲ့အရက်ပုလင်းတွေများလာတော့ တစ်ယောက်ပြီးတစ်ယောက်လျှာလိပ်လာပြီး မျက်လုံးတွေလည်း ရီဝေဝေဖြစ်လာကြတယ်။
လူတိုင်းအရက်မူးပြီး ရူးကြောင်ကြောင်လုပ်နေတဲ့အချိန်မှာ တစ်ယောက်သောသူကတော့ အေးအေးဆေးဆေးနဲ့ အရက်ကိုပဲ တိတ်ဆိတ်စွာသောက်နေခဲ့တယ်။
ဆောင်းဟျော့ရဲ့ဘေးပတ်ဝန်းကျင်နားမှာပဲ တခြားကမ္ဘာဖြစ်နေသလိုမျိုး တိတ်ဆိတ်နေခဲ့တယ်။ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေထဲမှာတော့ သူ့ပုံရိပ်က ဘာကိုမှအဖက်မလုပ်တဲ့သူလို့ ထင်စရာကောင်းလှတယ်။
သူ ဒီပျင်းစရာကောင်းလွန်းတဲ့နေရာကနေ ထထွက်မသွားတာက လုံးဝကို Single malt ဝီစကီကြောင့်ပဲ။ သစ်ခွ၊ သစ်ကြံပိုးခေါက်နဲ့ ဂျင်းရဲ့ပေါင်းစပ်မှုအရသာကို တော်တော်လေး သဘောတွေ့တာလည်းပါတယ်။
မူးနေတဲ့ဘောမ်ဂျွန်းနဲ့ချန်းဂင်း ဘာတွေကိုပဲ တိုးတိုးတိတ်တိတ် ပြောနေပါစေ သူ စိတ်မဝင်စားခဲ့ဘူး။ မကြာခင် စီမံခန့်ခွဲရေးဒါရိုက်တာဖြစ်တော့မှာဆိုပြီး အချိန်အကြာကြီးကြွားပြီးတော့ သန့်စင်ခန်းခဏသွားမယ်ဆိုကာ ယိုင်တိယိုင်တိုင်နဲ့ အခန်းထဲကနေထွက်သွား၊မသွားကိုတောင် သူ ဂရုမစိုက်ခဲ့ဘူး။
အဲ့လိုနဲ့ မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ တစ်ယောက်ယောက်က အခန်းထဲကိုဝင်လာခဲ့တယ်။
သေချာပေါက် ဘောမ်ဂျွန်းဝင်လာတာလို့တွေးရင်း ဖြတ်ခနဲကြည့်လိုက်တဲ့အကြည့်တွေက အဲ့အတိုင်း အဲ့နေရာမှာရပ်သွားခဲ့တယ်။
၃ နှစ်ကြာသွားတာတောင် စိတ်ပျက်စရာကောင်းလွန်းလောက်အောင် မမေ့နိုင်တဲ့မျက်နှာ။
မေ့ဖို့ကြိုးစားခဲ့တဲ့အချိန်တွေကို နှမြောရလောက်တဲ့ထိ ကိုရီးယားမြေပေါ်ခြေချချချင်း တွေးမိခဲ့တဲ့မိန်းမ၊ ချဲယောင်အင်း။
‘ဘာလို့ဒီမှာရှိနေတာလဲ’
မမျှော်လင့်ထားတဲ့ ပြန်တွေ့ဆုံမှုကြောင့် အံ့ဩပြီးတော့သိချင်နေမိတာတောင် ဆောင်းဟျော့ရဲ့မျက်လုံးတွေက ယောင်အင်းဆီကနေ ခွာရကောင်းမှန်းမသိခဲ့ဘူး။
ညှပ်ရိုးနည်းနည်းကျော်တဲ့ဆံပင်က ရင်ဘတ်အောက်ထိတောင်ရှည်လာခဲ့တဲ့အပြင် အမဲရောင် highwaist ဘောင်းဘီရှည်နဲ့ နို့နှစ်ရောင်ဘလောက်အင်္ကျီက ဆန်းသစ်ပြီး ထက်မြက်တဲ့ပုံပေါ်စေခဲ့တယ်။
တစ်ခွန်းထဲပြောရရင် အရင်လို လှနေဆဲပဲ။
ကျော့ရှင်းသပ်ရပ်ပေမဲ့ ဂရုမစိုက်တဲ့မျက်နှာထားကလည်း မပြောင်းလဲသွားခဲ့ဘူး။ ထူးခြားတဲ့ အေးစက်သလို အမူအရာရောပါတယ်။
ချဲယောင်အင်းဆိုတာ ခေါင်းအစခြေအဆုံး မလှတဲ့နေရာမရှိတာတောင် ဘာလို့လည်းမသိ အနားကပ်ဖို့ခက်တဲ့မိန်းမတစ်ယောက်လေ။
အနားပတ်လည်မှာ စည်းတစ်ခုကိုဆွဲထားပြီးတော့ ကျော်မလာဖို့ သတိပေးနေသလိုမျိုး ခံစားရစေတယ်။
အဲ့သတိပေးချက်လောက်လေးကို အေးအေးဆေးဆေးလစ်လျူရှုပြီးတော့ ကျော်ခဲ့ဖူးတယ်။ မဟုတ်ဘူး။ ကျော်သွားနိုင်တယ်လို့ ထင်ခဲ့တယ်။
ဒီလောက်နဲ့ပဲ လမ်းခွဲရအောင်ဆိုတဲ့စကားကိုကြားမှ ပထမဆုံးအကြိမ် သိသွားခဲ့ရတာ။
ကျော်သွားနိုင်တယ်လို့ထင်ခဲ့တဲ့ ကျွန်တော့်အထင်မှားခဲ့တယ်ဆိုတာကိုပေါ့။ ချဲယောင်အင်းအတွက် ချားဆောင်းဟျော့ဆိုတာ ဘာကိုမှမဟုတ်ခဲ့ဘူး။
သူမနဲ့ ကျွန်တော်ရဲ့ဆက်ဆံရေးက သူစိမ်းတွေလိုပဲ လွယ်လွယ်အဆုံးသတ်သွားခဲ့တယ်။
ချန်းဂင်းရဲ့ခန္ဓာကိုယ်နဲ့ ယောင်အင်းကို ကာလိုက်တဲ့အချိန်မှာတော့ ဆောင်းဟျော့ အတိတ်ကိုတွေးနေရာကနေ သတိပြန်ဝင်လာခဲ့တယ်။
သူမျက်မှောင်ကြုတ်လိုက်တဲ့အချိန်မှာပဲ ဘေးကနေ ရယ်မောပြီးပြောလာတဲ့စကားသံကို ကြားလိုက်ရတယ်။
“ချဲဘောမ်ဂျွန်း ဒီကောင်၊ ယောင်အင်းကို လာကြိုဖို့ ထပ်ခေါ်လိုက်ပြန်တာလား”
“အဲ့ကောင်ချန်းဂင်းက ယောင်အင်းကိုခေါ်ဖို့ ဆက်တိုက်ပြောနေလို့လေ”
“ဘာလဲဟ အခုထိလက်မလျှော့သေးဘူးလား”
“အခုလောက်နဲ့တော့ ဘယ်ကသာလက်လျှော့မှာ။ အသားကုန်စိုးရိမ်တကြီးနဲ့ အားမရဖြစ်နေတာလေ”
ဆောင်းဟျော့ဟာ ယောင်အင်းရဲ့လက်ကောက်ဝတ်ကို ချန်းဂင်းကိုင်လိုက်တာတွေ့တွေ့ချင်း နေရာကနေထလာခဲ့တယ်။
ဒီမိန်းမ ဟိုမိန်းမကိုလိုက်ထိရင်း ရှုပ်ပွေအောင်ပျော်တတ်တဲ့ချန်းဂင်းကို အရင်ကတည်းက စိတ်ထဲထင့်ခဲ့ပေမဲ့ သည်းမခံနိုင်လောက်တဲ့အထိတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ သည်းခံဖို့ခက်ခဲလောက်အောင် အမြင်နောက်သွားတယ်။
အခု ကျွန်တော်နဲ့ဘာမှမဆိုင်တဲ့မိန်းမဆိုရင်တောင် အိုချန်းဂင်းလို စိတ်ပျက်စရာကောင်မျိုးက ယောင်အင်းကိုပရော်ပရည်လာလုပ်နေတဲ့ပုံက ကျွန်တော့်အတွက်အဆင်မပြေခဲ့ဘူး။ ကိုယ့်ကိုစော်ကားနေသလိုမျိုး ခံစားရတယ်။
ယောင်အင်း နောက်လှည့်ကာ အခန်းထဲကထွက်သွားပြီးနောက်မှာတော့ ပိတ်သွားတဲ့တံခါးကို ယောင်ဝါးဝါးကြည့်ပြီးရပ်နေတဲ့ ချန်းဂင်းဆီလျှောက်သွားနေတဲ့ သူ့မျက်နှာက အတော်လေးအေးစက်နေခဲ့တယ်။
“ဖယ်”
ရပ်နေတဲ့ချန်းဂင်းက နောက်ကိုချက်ချင်းလှည့်ကြည့်လာတယ်။
ခပ်စိမ်းစိမ်းကြည့်နေတဲ့အကြည့်နဲ့ မျက်လုံးချင်းဆုံသွားတဲ့ချန်းဂင်းက ကျစ်’လို့တောင်မပြောနိုင်ဘဲ ငြိမ်ငြိမ်လေးရှေ့ကနေ ဖယ်ပေးခဲ့တယ်။
***
အဲ့အချိန်ကနေ ရက်အနည်းငယ်ကြာသွားတယ်။
ဆောင်းဟျော့မှာ ချဲယောင်အင်းနဲ့ ထပ်ပြီးဘာလုပ်မယ်ဆိုတဲ့စိတ် လုံးဝမရှိခဲ့ဘူး။ အခုမှလာပြီးပြန်စဖို့ကျတော့လည်း ဒီအတောအတွင်းကုန်ခဲ့တဲ့အချိန်တွေကို အရမ်းနှမြောပြီး ခံပြင်းလို့လေ။
အဲ့ဒါက ပြီးခဲ့တဲ့၃နှစ်အတွက်လျော်ကြေးဆိုပြီးတော့ တွေးခဲ့မိတယ်။ ကိုယ့်မာနကိုအောက်မချနိုင်တဲ့တန်ဖိုးကကြီးမားလွန်းတယ်ဆိုတဲ့အမှန်တရားကို လက်မခံချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ခက်ခက်ခဲခဲပိုင်းဖြတ်ထားတဲ့စိတ် ပြောင်းလဲသွားရတဲ့အကြောင်းရင်းကတော့ ဘောမ်ဂျွန်းကိုမနိုင်လို့ ထပ်သွားခဲ့ရတဲ့ ဒုတိယအကြိမ်မြောက်ကြိုဆိုပွဲမှာဖြစ်ခဲ့တယ်။
အိုချန်းဂင်း ချဲယောင်အင်းနဲ့ကြင်ဖက်တွေ့ဖို့လုပ်ထားတယ်ဆိုတဲ့စကားကိုကြားတဲ့အချိန် ခိုင်မာတယ်လို့ထင်ခဲ့တဲ့ဆုံးဖြတ်ချက်က ချက်ချင်းပြိုလဲသွားခဲ့တယ်။
“ငြင်းသလိုလုပ်ပေမဲ့ ကြင်ဖက်တွေ့မယ်ပြောတော့ ချက်ချင်းလက်ခံတာပဲ။ လက်ထပ်မယ်လို့သာ ပြောလိုက်ရင် ပျော်လွန်းလို့ငိုတောင်ငိုမလားမသိဘူး”
ဆောင်းဟျော့ဟာ အခုကတည်းကနေ ယောင်အင်းကပဲသူ့မိန်းမဖြစ်သွားသလိုမျိုး လေလုံးထွားနေတုန်းမှာ အဖေ့ဆီကဖုန်းလာတယ်ဆိုပြီးတော့ လျှောက်လမ်းကိုအလောတကြီးပြေးသွားတဲ့ချန်းဂင်းရဲ့နောက်ကို လိုက်သွားလိုက်တယ်။ ပြီးတော့ သူဖုန်းပြောလို့ပြီးတဲ့အထိစောင့်ပြီး လိုရင်းကိုတန်းပြောလိုက်တယ်။
“ငါ့ဆီကို လွှဲပေးလိုက်”
ဘာပြောချင်တာလဲဆိုတာကို နားမလည်တဲ့ ချန်းဂင်းက မျက်တောင်ပဲခတ်နေခဲ့တယ်။
“……ဘာကိုလဲ”
နံရံကိုစောင်းမှီပြီးတော့ရပ်နေတဲ့ ဆောင်းဟျော့ရဲ့နှုတ်ခမ်းဖျားက ကွေးတက်သွားခဲ့တယ်။
“ကြင်ဖက်တွေ့တာ”
“……ဟင်”
ချန်းဂင်းဟာ ယောင်အင်းနဲ့ကြင်ဖက်တွေ့မဲ့ကိစ္စကို အဲ့လိုမျိုးအလုခံလိုက်ရတယ်။
***
၆နာရီအတိ။
ဆောင်းဟျော့ H ဟိုတယ် ကော်ဖီဆိုင်ကို ရောက်သွားခဲ့တယ်။
ရှာကြည့်စရာမလိုအောင်ပဲ ယောင်အင်းက သူ့မျက်လုံးထဲကိုချက်ချင်းဝင်လာတယ်။ ပြတင်းပေါက်နေရာမှာထိုင်ပြီးတော့ တစ်ခုခုကို အာရုံစိုက်ပြီးတွေးနေပုံပဲ။
ဧည့်ကြိုဖို့ကပ်လာတဲ့ဝန်ထမ်းကို အဖော်ရှိတယ်ပြောပြီးတော့ ပြတင်းပေါက်နားကိုလျှောက်သွားတဲ့ သူ့ရဲ့မျက်နှာပေါ်မှာ မနှစ်မြို့တဲ့အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်။
ယောင်အင်းဟာ ခန္ဓာကိုယ်ကို ကျစ်လျစ်စေတဲ့အမဲရောင်ဂါဝန်ကိုဝတ်ထားပြီးတော့ ဆံပင်ကို ဖွဖွလေးချည်ထားခဲ့တယ်။ ပြီးတော့ သွယ်ပြီးတော့ဖြူဖွေးတဲ့လည်တံလေးက မျက်စိအာရုံကိုဆွဲဆောင်နေခဲ့တယ်။
အိုချန်းဂင်းဆီမှာ အမြင်ကောင်းရချင်လို့ ဒီလောက်ပြင်ထားတာလားဆိုပြီးတွေးမိတော့ စိတ်တိုသွားခဲ့တယ်။
လှလို့ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုကြောင့်။
လှနေလို့ ဒေါသထွက်သွားတာ။
ဒီနေ့ဒီနေရာကို အိုချန်းဂင်းသာလာတယ်ဆိုရင် ဘယ်လောက်တောင် ပါးစပ်ဟောင်းလောင်းဖြစ်သွားလောက်မလဲဆိုပြီး သဝန်တိုသွားမိတယ်။
ဖျာကိုပြောင်းပြန်ပတ်ပြီးတော့ မျက်နှာမှာအိုးမည်းသုတ်ပြီးလာတဲ့အဆင့်သာမဟုတ်ရင် ယောင်အင်းဘယ်လိုပုံစံနဲ့လာလာ သူ့ရဲ့reaction ကတော့ သိပ်ပြောင်းလဲမှာမဟုတ်ဘူး။
ဒါပေမဲ့ ဆောင်းဟျော့ဟာ သူအခု အဓိပ္ပါယ်မရှိ ခေါင်းမာနေတယ်ဆိုတာကို မသိခဲ့ဘူး။ စိတ်အခြေအနေကွေးကောက်သွားတဲ့သူတစ်ယောက်ဆီကနေ ချိုသာတဲ့စကား ထွက်လာစရာအကြောင်း မရှိခဲ့ဘူး။
“ဒီနေ့ ကြင်ဖက်တွေ့တာကို ငါ့ဆီလွှဲပေးဖို့ပြောလိုက်တာလေ”
အဲ့အထိပဲ စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ခဲ့တယ်။
ဆောင်းဟျော့လေသံက ချက်ချင်း အေးစက်တဲ့ဘက်ကို ပြောင်းသွားခဲ့တယ်။
“အများကြီးပြင်ဆင်ပြီး လာခဲ့တဲ့ပုံပေမဲ့ စောင့်နေတဲ့သူမဟုတ်လို့ စိတ်ပျက်သွားတာလား”
“…….”
ယောင်အင်းက သူ ခနဲ့ပြီးပြောနေရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် ဘာမှပြန်မပြောခဲ့ဘူး။ ဒီနေ့ သူငယ်ချင်း မင်္ဂလာဆောင်ရှိလို့ ပြီးပြီးချင်း ဒီကိုချက်ချင်းလာခဲ့တဲ့အကြောင်းကို ပြောစရာလိုတယ်လို့ မထင်ခဲ့ဘူး။
“ချဲယောင်အင်း လက်မထပ်ချင်တဲ့သူ မဟုတ်ဘူးလား”
ငါ မတော်တဆ လက်ထပ်မဲ့ခေါင်းစဉ်လေးကိုထုတ်ပြောမိရင်တောင် မျက်နှာတည်သွားတဲ့မင်းက လက်ထပ်တာကိုအဓိကထားတဲ့ ကြင်ဖက်တွေ့တဲ့နေရာကိုတော့ လာတာလားဆိုတဲ့ အပြစ်တင်သံမျိုးပင်။
“ကိုယ့်တန်ဖိုးကို ပြောင်းလဲနိုင်တာမို့လို့လေ”
ယောင်အင်းလည်း သူဘာအဓိပ္ပါယ်နဲ့ပြောလဲဆိုတာကို မသိဘဲမနေခဲ့ဘူး။
အရင်လိုပဲ လက်ထပ်ဖို့အတွေးတော့မရှိသေးပေမဲ့ ကြင်ဖက်လာတွေ့ပြီးတော့ တစ်ဖက်သားကို ‘လက်မထပ်ချင်တဲ့သူ’လို့ ပြောလိုက်တာက ရှေ့နောက်စကားမညီသလိုဖြစ်နေမှာဆိုးလို့ ထွင်ပြောလိုက်တာ။
“ဝမ်းသာစရာ စကားပဲ”
“…….”
ယောင်အင်း သူ့တန်ဖိုးပြောင်းသွားတာက ဘာလို့သူ့အတွက် ဝမ်းသာစရာလဲဆိုတာကိုနားမလည်လို့ ဘာမှပြန်မပြောနိုင်ခဲ့ဘူး။
“ငါ ခင်ပွန်းတစ်ယောက်အနေနဲ့ဆို ဘယ်လိုလဲ”
“မထိုက်တန်ပါဘူး”
စိတ်ရင်းနဲ့ထွက်လာတဲ့အဖြေတစ်ခုပင်။
ချားဆောင်းဟျော့ဆိုတာ သူ့အတွက် ကျွန်မရဲ့ဖြစ်တည်မှုက တစ်ခုတည်းသောအပြစ်အနာအဆာ ဖြစ်နေမလားဆိုပြီး ကြောက်ရလောက်အောင် ပြည့်စုံတဲ့ယောက်ျားဖြစ်နေတယ်။
“ဒါဆို ငါနဲ့လက်ထပ်မလား”
ယောင်အင်း ဟက်ခနဲရီလိုက်မိတယ်။
အရမ်းကို အဓိပ္ပါယ်မရှိတဲ့ကမ်းလှမ်းချက်မလို့ အံ့ဩချင်စိတ်တောင်မရှိခဲ့ဘူး။ တကယ်ပဲ ဘာလို့ဒီလိုဖြစ်နေတာလဲဆိုတာကို သိချင်ရုံလောက်ပဲ။
“အစ်ကိုချန်းဂင်းအစား ဒီနေရာကိုလာရတဲ့အကြောင်းရင်းက ဘာလဲဟင်”
“အိုချန်းဂင်း၊ အဲ့ကောင်က သူ့အောက်ကဟာကို လူတကာနဲ့သုံးတာလေ”
ဆောင်းဟျော့စိတ်ထဲ ဘာလို့ငါ့ကိုကျတော့စီနီယာလို့ခေါ်ပြီး အဲ့ကောင်ကျတော့အစ်ကိုလို့ခေါ်တာလဲ ဆိုတဲ့စကားက လည်ဝထိတက်လာခဲ့တယ်။ ဒါပေမဲ့ ကလေးဆန်တဲ့သဝန်တိုမှုဆိုတာကိုသိလို့ ပြောချင်တာတောင် ထုတ်မပြောနိုင်ခဲ့ဘူး။
“တစ်နေ့ ရုတ်တရက်ကြီး အဖေလို့လာခေါ်တဲ့ကလေးပေါ်လာရင်တောင် မထူးဆန်းဘူးဆိုတဲ့သဘောပဲ”
“အဲ့ဒီတော့”
“ငါ့ကိုထားသွားတဲ့မိန်းမက အဲ့လိုကောင်နဲ့လက်ထပ်မှာကိုမကြည့်နိုင်လို့လေ၊ အဲ့လိုဆိုငါက အရမ်းသနားစရာကောင်းသွားမှာပေါ့”
“…….”
ချားဆောင်းဟျော့ဆိုတာ အဲ့လောက်လေးနဲ့ သနားစရာကောင်းသွားစရာလား။
ယောင်အင်းလည်း ရှင့်လောက်သနားစရာကောင်းဖို့ခက်တဲ့လူ ရှိမှာမဟုတ်ဘူးဆိုတဲ့စကားကို စိတ်ထဲမှာပဲသိမ်းထားလိုက်တယ်။
“အဲ့ဒါကြောင့် အိုချန်းဂင်းလိုကောင်နဲ့လက်ထပ်မဲ့အစား ဒီတိုင်း ငါနဲ့ပဲလက်ထပ်လိုက်လို့”
“အဓိပ္ပါယ်မရှိတဲ့စကားကိုမပြောပါနဲ့”
“ဘာက အဓိပ္ပါယ်မရှိလို့လဲ”
“စီနီယာ့ပါးစပ်ကနေ ထွက်လာတဲ့စကားလုံးတိုင်းလေ”
“ကြင်ဖက်တွေ့ဖို့လာပြီးတော့ ဒါဆိုရင် ဘာစကားကိုပြောစေချင်တာလဲ။ ကြင်ဖက်တွေ့တယ်ဆိုတာ ဒီလိုပဲမဟုတ်ဘူးလား။ အချင်းချင်းအကြောင်း၊ နှစ်ဖက်မိသားစုအကြောင်းကိုသိပြီးတော့တွေ့တဲ့ ယောကျ်ားနဲ့မိန်းမက လက်ထပ်ဖို့အကြောင်းပြောကြတာ”
ဆောင်းဟျော့က ယောင်အင်းကိုဝင်ပြောဖို့အချိန်မပေးဘဲနဲ့ စကားကိုဆက်ပြောလိုက်တယ်။
“ငါ မင်းအကြောင်းသိသလို မင်းလည်းငါ့အကြောင်းသိတယ်။ အခု ငါတို့တွေ ကြင်ဖက်တွေ့တယ်ဆိုတဲ့စနစ်ထဲမှာ သေသေချာချာပါဝင်နေတာပဲလေ”
“ငါတို့တွေမဟုတ်ဘဲနဲ့ စီနီယာတစ်ယောက်ထဲပါ”
“တစ်ကူးတကကြီး နှစ်ဖက်စလုံးက စိတ်အားထက်သန်နေဖို့လည်း မလိုဘူးလေ”
“…….”
ယောင်အင်းက ဘာလို့လည်းမသိပေမဲ့ ဒေါသထွက်နေပုံပေါ်တဲ့သူ့ကို ဘာမှမပြောဘဲနဲ့ကြည့်နေခဲ့တယ်။
“ငါတို့လောက် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိဖို့မလွယ်ဘူးလေ။ ကြင်ဖက်လာတွေ့တဲ့တစ်ဖက်လူရဲ့ အိပ်ယာပေါ်ကအကြိုက်ထိတောင်သိတဲ့ဆက်ဆံရေးက ရှားတယ်လေ။ ဘယ်ကိုထိပေးလိုက်ရင် စိတ်တက်ကြွလာလဲ၊ ကိုယ့်ရဲ့ညည်းသံက ဘယ်လောက်တောင်ဆွဲဆောင်မှုရှိလဲ…….”
“စီနီယာ”
“ဘာလဲ”
“ပါးစပ်ပိတ်ပေးပါ”
ရန်စတာအောင်မြင်သွားတဲ့ ဆောင်းဟျော့ရဲ့နှုတ်ခမ်းမှာ အပြုံးရေးရေးလေးပေါ်လာခဲ့တယ်။ သူ့ကိုပါးစပ်ပိတ်ဖို့ပြောတဲ့ တစ်ဉီးတည်းသောသူကိုပြန်တွေ့ရလို့ နည်းနည်းစိတ်လှုပ်ရှားသွားတာကြောင့်ပင်။
“ငါ လွယ်လွယ်နဲ့ငြီးငွေ့တတ်တာသိတယ်မလား။ ငြီးငွေ့သွားရင် ကွာရှင်းပေးမယ်”
လွန်ခဲ့တဲ့သုံးနှစ်တုန်းက ဆောင်းဟျော့ကိုထားခဲ့တဲ့သူက ယောင်အင်းဆိုပေမဲ့ ယောင်အင်းစိတ်ထဲ သူအထားခံခဲ့ရသလိုမျိုး ခံစားလိုက်ရတယ်။
အဲ့ကြားထဲမှာတောင် သူ့နဲ့ဒီလိုဘဝင်မြင့်တဲ့ပုံစံက တော်တော်လေးလိုက်တယ်ဆိုပြီး အဓိပ္ပါယ်မရှိတာကို တွေးမိသွားခဲ့တယ်။
“ကျွန်မကို ဘယ်လောက်ကြာမှ ငြီးငွေ့မလဲဆိုတာကို သိချင်တာလား”
“အင်း.. စိတ်ကိုမပြင်ဆင်ရသေးဘဲ အထားခံခဲ့ရတာဆိုတော့ စစ်ဆေးကြည့်နိုင်ဖို့ အခွင့်အရေးမရှိခဲ့ဘူးလေ”
ယောင်အင်းရဲ့ခေါင်းထဲမှာ ဆောင်းဟျော့နဲ့ နောက်ဆုံးပြောခဲ့တဲ့စကားကို သတိရသွားတယ်။
“ကျွန်မတို့ ဒီလောက်ထိပဲတွဲရအောင်”
“သဘောပဲလေ”
အဲ့နေ့တုန်းက ဘာအကြောင်းရင်းကြောင့်လဲဆိုတာကိုမမေးဘဲနဲ့ ထွက်သွားခဲ့တဲ့သူက ရုတ်တရက်ကြီး လက်ထပ်ဖို့ပြောနေတာကို စိတ်ပုံမှန်မဟုတ်ဘူးဆိုတဲ့စကားနဲ့ပဲ ရှင်းပြနိုင်တော့တယ်။ ဘယ်လိုပဲပြောပြော ရူးနေတာ သေချာတယ်။
“အခုအဲ့ဒါကိုစစ်ဆေးဖို့ လက်ထပ်ကြမယ်ဆိုတဲ့သဘောလား”
“ငါက သိချင်တာရှိရင် သည်းမခံနိုင်တဲ့စရိုက်ဆိုတော့လေ”
“သည်းခံလိုက်ပါ”
“သည်းမခံချင်ရင်ရော”
“စီနီယာသိချင်တာကိုဖြေရှင်းတဲ့နေရာမှာ ပူးပေါင်းပေးချင်စိတ် မရှိပါဘူး”
ရုတ်တရက် ဆောင်းဟျော့ရဲ့အကြည့်တွေ ညိုးငယ်သွားခဲ့တယ်။
“မပူးပေါင်းပေးချင်ဘူးဆိုရင် ဒီလိုနေရာကို နောက်တစ်ခေါက်တော့မလာနဲ့တော့။ အိုချန်းဂင်းနဲ့တော့ လုံးဝမဖြစ်ဘူး”
ယောင်အင်းလည်း အမှန်အတိုင်းသာမပြောရင် အဓိပ္ပါယ်မရှိတဲ့စကားဝိုင်းကို ဆက်ပြောနေရမဲ့အကြောင်း သဘောပေါက်သွားခဲ့တယ်။
“လက်ထပ်ချင်တဲ့စိတ်ရှိလို့ ကြင်ဖက်လာတွေ့တာမဟုတ်ပါဘူး”
“ဒါဆို?”
“ဒီတိုင်းပျင်းလို့”
အိမ်မှာ ကိုယ်ကဘယ်လိုဖြစ်တည်မှုလဲဆိုတာကို သိနေတဲ့သူရှေ့မှာ စတေးခံဆိုတဲ့စကားအထိတော့ မပြောချင်ခဲ့ဘူး။
“ငါ မင်းနဲ့ကစားပေးမှာမို့ နောက်ကျရင်တော့ အဓိပ္ပါယ်မရှိတဲ့အလုပ်ကို မလုပ်နဲ့”
ဆောင်းဟျော့က ယောင်အင်းရဲ့နား နည်းနည်းနီနေတာကိုတောင်မသိဘဲ လက်ကောက်ဝတ်ကနာရီကိုငုံ့ကြည့်လိုက်တယ်။
“ငါ ဒီလောက်နဲ့ပဲသွားရတော့မယ်။ ညနေစာအတူတူစားချင်ပေမဲ့ ချိန်းထားတာရှိသေးတယ်”
“အတူညနေစာစားဖို့ မပြောမိပါဘူး”
ကစားပေးမယ်ဆိုတဲ့စကားလေးမှာ ဘာလို့ရင်ခုန်နေရတာလဲ။
ယောင်အင်းလည်း သူ သူမရဲ့စိတ်ကိုဖမ်းမိသွားမှာဆိုးတဲ့အတွက် တမင်သက်သက် ပိုပြီးတော့တောင် မာဆတ်ဆတ်ပြောခဲ့တယ်။
“ငါ အတူစားချင်လို့ပါ”
ဆောင်းဟျော့ကတော့ ပုံမှန်အတိုင်း ပုခုံးကိုတွန့်ပြီးတော့ စကားလမ်းကြောင်းလွှဲလိုက်တယ်။
“အရင်ဖုန်းနံပါတ်အတိုင်းပဲ၊ ဖုန်းခေါ်လိုက်”
“စီနီယာ့ဖုန်းနံပါတ်ကို ဖျက်လိုက်ပြီ”
“သွေးအေးလိုက်ပုံကတော့”
“ဘယ်သူက ရည်းစားဟောင်းရဲ့ဖုန်းနံပါတ်ကို ၃နှစ်ကျော်သိမ်းထားမှာလဲ”
“ငါ့မှာတော့ ရည်းစားဟောင်းဖုန်းနံပါတ်က အခုထိရှိတုန်းပဲ”
ယောင်အင်းရဲ့မျက်နှာမှာ အံ့ဩရိပ်တွေထင်ဟပ်သွားခဲ့တယ်။
“……စီနီယာက ထူးဆန်းတာလေ”
“ငါလည်းသိပါတယ်၊ ငါထူးဆန်းတယ်ဆိုတာကို”
သူက ယုံကြည်ချက်ရှိရှိဝန်ခံပြီးတော့ နေရာကနေထသွားပေမဲ့ ယောင်အင်းမှာတော့ သရဲစီးခံရသလိုမျိုး သူ့ရဲ့နောက်ကျောပုံရိပ်ကို ကြောင်ကြည့်ရုံကလွဲရင် မတတ်နိုင်ခဲ့ဘူး။