Chapter 30
“ထ”
ဘောမ်ဂျွန်းကိုငုံ့ကြည့်နေတဲ့ ဆောင်းဟျော့ရဲ့အကြည့်ထဲမှာ အေးစက်စက်အငွေ့အသက်တွေ ထွက်နေခဲ့တယ်။ ဒါပေမဲ့ ဘောမ်ဂျွန်းကတော့ လွန်ခဲ့တဲ့မိနစ်၂၀ တုန်းကထက်တောင် ပိုမူးနေခဲ့တာမို့ လုံးဝအခြေအနေကို မရိပ်မိခဲ့ဘူး။
“ဟင်? ဆောင်းဟျော့ပဲ!”
ပြုံးတုံ့တုံ့ရယ်နေတဲ့ကြားမှာတောင် သူ့မျက်လုံးတွေက အရက်ဒဏ်ကြောင့် ကြောင်ပြီးတော့မှေးစင်းနေခဲ့တယ်။
“ဒီကောင်၊ မဟုတ်ရင်တောင် တစ်ယောက်ထဲမသောက်ချင်တာနဲ့အတော်ပဲ ထိုင်လေ”
“ထိုင်ရအောင် ဘယ်မှာထိုင်ရမှာလဲ။ ထလို့ပြောတာ မကြားဘူးလား”
“ငါနဲ့အရက်သောက်ဖို့လာတာ မဟုတ်ဘူးလား”
“တစ်ယောက်ထဲ အိမ်မပြန်နိုင်တဲ့ကောင်ကို လာကြိုတာမို့လို့ စကားတစ်ခွန်းထဲကို ထပ်ခါထပ်ခါပြောရအောင်မလုပ်ဘဲနဲ့ ထလို့”
“မင်း မဟုတ်မှ…… ယောင်အင်းအစား ငါ့ကိုလာကြိုတာလား……?”
“ဟုတ်တယ်”
ဗျူဟာအစည်းအဝေးပြီးသွားတော့ အစည်းဝေးအကြောင်းအရာထဲမှာပါတဲ့ စီမံခန့်ခွဲရေးလုပ်ငန်းကို လျှော့ချဖို့နဲ့ပတ်သက်တဲ့ အဖွဲ့ခေါင်းဆောင်အစည်းအဝေးကို ထပ်လုပ်ခဲ့တယ်။ စီမံခန့်ခွဲရေးအဖွဲ့ခေါင်းဆောင်တွေရဲ့ စိုးရိမ်ပူပန်မှုလျော့ကျသွားအောင် ဆောင်းဟျော့လည်းပဲ အတူတက်ရောက်ခဲ့တယ်။
၅ နာရီကနေစတဲ့အစည်းအဝေးက ထင်ထားတာထက် ပိုကြာလာတာမို့ ထမင်းဘူးနဲ့ပဲ ညနေစာကိုရိုးရိုးရှင်းရှင်းစားခဲ့ကြပြီးတော့ အစည်းအဝေးကိုဆက်လုပ်ခဲ့ကြတယ်။ ယောင်အင်းကို ဒီနေ့ညနေစာအတူစားဖို့ပြောထားတဲ့ ဆောင်းဟျော့ရဲ့ကမ်းလှမ်းမှုက အောင်တော့အောင်မြင်သွားခဲ့တယ်။ နှစ်ယောက်တည်းစားတာတော့ မဟုတ်ပေမဲ့လို့။
ခဏနားတဲ့အချိန် ဆောင်းဟျော့က၊ ဖုန်းကိုယူပြီးတော့ ခပ်မြန်မြန် အစည်းအဝေးခန်းထဲကနေ အရေးပေါ်ထွက်ပေါက်နားသွားနေတဲ့ ယောင်အင်းနောက်ကိုလိုက်သွားတဲ့အချိန်၊ လာမကြိုနိုင်ဘူးဆိုတဲ့စကားကိုကြားလိုက်တာမို့ ဘောမ်ဂျွန်းဖုန်းခေါ်မှန်း သိသွားခဲ့တယ်။
ဖုန်းထဲကနေ ဖောက်ထွက်လာတော့မတတ် အော်နေတဲ့အသံကိုကြားပြီးတော့ စိတ်တိုလာတာမို့ ယောင်အင်းရဲ့ဖုန်းကိုလုယူပြီး ကိုင်လိုက်တာပင်။
“ငါသွားလိုက်မယ်”
“ဘာလုပ်မလို့လဲ”
“အခု မင်းကိုခေါ်ရင် ငါသွားမှာဆိုတာ ပြောပြပေးမလို့”
အဲ့ဒါက သူအခု ဒီနေရာမှာရှိနေရတဲ့ အကြောင်းရင်းပင်။
“မင်းကဘာလို့…?”
ဘောမ်ဂျွန်းရဲ့မျက်နှာက မေးခွန်းတွေနဲ့ပြည့်လာခဲ့တယ်။
“အစည်းအဝေးလုပ်နေတုန်းလေ။ အခုထိမပြီးသေးဘူး”
“ဪ….”
“ယောင်အင်းကို အရမ်းအရေးကြီးတဲ့ ပရောဂျက်တစ်ခုအပ်ထားတာလေ၊ SLအင်တာတိန်းမန့်ရဲ့ သေရေးရှင်ရေးနဲ့ဆိုင်တဲ့ပရောဂျက်”
“ငါလည်း ယောင်အင်းကို အဲ့လောက်အရေးကြီးတဲ့ပရောဂျက်အပ်ထားမှန်း မသိလိုက်လို့လေ…….”
ဘောမ်ဂျွန်းက စူးရှတဲ့အကြည့်ကိုရှောင်ကာ ရေရွတ်လိုက်တယ်။
“ထွက်ခဲ့”
ပျော့တိပျော့ယိုင်နဲ့ထလာတဲ့ဘောမ်ဂျွန်းက နောက်လှည့်ပြီးတော့ အခန်းထဲကနေထွက်သွားတဲ့ဆောင်းဟျော့နောက်ကို ယိုင်တိုင်တိုင်နဲ့လိုက်သွားခဲ့တယ်။ လေထုကအရမ်းကိုတင်းမာနေလို့ ဖြေးဖြေးလေးသွားရအောင်ဆိုတဲ့စကားကိုတောင် ထုတ်မပြောနိုင်ခဲ့ဘူး။
အဆောက်အအုံအပြင်ဘက်ကိုရောက်သွားတော့ ဝင်ပေါက်ရှေ့မှာ ဆောင်းဟျော့ရဲ့ကားကိုတွေ့လိုက်ရတယ်။
အစောင့်တွေနဲ့နှုတ်ဆက်ပြီးတော့ ရှေ့ခန်းတံခါးကိုဖွင့်ဖွင့်ချင်း မောင်းသူနေရာကနေ အေးစက်မှုတွေနဲ့ဝန်းရံနေတဲ့အသံက ထွက်လာခဲ့တယ်။
“နောက်မှာထိုင်”
“…နောက်မှာလား?”
“လာကြိုပေးဖို့ရောက်လာမှတော့ သက်သက်သာသာလိုက်ပို့ပေးရမှာပေါ့”
“မဟုတ်ပါဘူး။ ငါကဒီတိုင်း…….”
“ဘာလို့ ခဏခဏ ထပ်ခါထပ်ခါပြောရအောင်လုပ်နေတာလဲ။ နောက်မှာထိုင်လို့”
တုံ့ဆိုင်းသွားတဲ့ဘောမ်ဂျွန်းက တင်ထားတဲ့ခြေထောက်ကို အသာလေးချပြီးတော့ အနောက်ခုံမှာ ငြိမ်ငြိမ်လေးထိုင်လိုက်တယ်။
သက်သောင့်သက်သာရှိဖို့ကတော့ဝေးသေး။ တစ်ခါမှ ဒီလောက်ထိ သက်သောင့်သက်သာမရှိတဲ့အချိန် မရှိခဲ့ဖူးပေ။ ချားဆောင်းဟျော့ကို ကားသမားလို့ခေါ်ရတာကို ဘယ်လိုလုပ် သက်သောင့်သက်သာရှိနိုင်မှာလဲ။
“ခါးပတ်”
ဘောမ်ဂျွန်းက ချက်ချင်း ခါးပတ်ကိုပတ်လိုက်တယ်။ တစ်ခေါက်လောက်ထပ်မေးလိုက်တာနဲ့ ချက်ချင်း အဆဲစကားထွက်လာမယ်ထင်လို့ သေချာအာရုံစူးစိုက်ပြီးတော့ နေနေလိုက်တယ်။
ကားထွက်ပြီးတော့ အချိန်အတော်ကြာတဲ့အထိ နှုတ်ဆိတ်နေခဲ့တဲ့ဘောမ်ဂျွန်းက ဂရုတစိုက်နဲ့ပြောလိုက်တယ်။
“ဒါနဲ့ မင်း…… အရင်တစ်ခေါက်က ချန်းဂင်းကိစ္စတုန်းကရောပဲ…… ဘာလို့ ဒီလောက်ထိ ယောင်အင်းကိုဂရုစိုက်တာလဲ…?”
“မင်း ဂရုမစိုက်လို့လေ”
“…….”
“မင်းက သူစိမ်းလိုပဲနေနေတော့ ငါပဲဖြစ်ဖြစ် ဂရုစိုက်ပေးချင်လာတာလေ”
“အာရင်းကိုသာ နည်းနည်းလောက် ဂရုစိုက်ပေးရောပေါ့…….”
“ငါ ဘယ်လောက်တောင် ဒေါသထွက်ခဲ့လဲဆိုတာသိရင် အဲ့လိုစကား မပြောနိုင်လောက်ဘူးထင်တယ်”
“အာရင်းက အခုထိ သိပ်မရင့်ကျက်သေးဘူးလေ။ မင်းဘက်က နည်းနည်းလောက် နားလည်ပေးလိုက်”
“ဆင်းတော့”
“ဟင်?”
ဘောမ်ဂျွန်းက အဲ့အချိန်ကျမှသာ အိမ်ရောက်ပြီဆိုတာကို သိလိုက်ရတယ်။
“ရှေ့လျှောက် လာကြိုပေးဖို့လူလိုရင် ငါ့ကိုဖုန်းခေါ်လိုက်။ အလုပ်များတဲ့သူကို မခေါ်ဘဲ”
“အင်းပါ….”
“ဆင်းတော့လို့”
“…….”
ပုခုံးကိုကျုံ့ကာ ကားပေါ်ကနေဆင်းသွားတဲ့ဘောမ်ဂျွန်းက တစ်စက္ကန့်တောင်ပိုမနေချင်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ မောင်းထွက်သွားတဲ့ဆောင်းဟျော့ရဲ့ကားကို မှိုင်ပြီးတော့ရပ်ကြည့်နေခဲ့တယ်။
အခုကစပြီးပဲဖြစ်ဖြစ် ယောင်အင်းအပေါ် ကောင်းပေးရမလားလို့ တွေးပြီးတော့။
ဆောင်းဟျော့က ချဲယောင်အင်းအဆင့်လောက်ကို ကြိုက်စရာအကြောင်းမရှိဘူးဆိုပြီး ခိုင်ခိုင်မာမာယုံကြည်ထားမှုကနေဖြစ်လာတဲ့ အလဟဿအတွေး၊ အလဟဿခန့်မှန်းချက်တစ်ခုပဲဖြစ်ခဲ့တယ်။
***
နောက်တစ်နေ့မနက်မှာတော့ ယောင်အင်းက ကုမ္ပဏီကားပါကင်မှာကားကိုထားပြီးတော့ ဓာတ်လှေကားဆီ လျှောက်သွားခဲ့တယ်။ ဒါပေမဲ့ ဓာတ်လှေကားအနီးနားက လျှောက်လမ်းမှာ Ven ကားတစ်စီးကရှိနေခဲ့တယ်။
တစ်ယောက်ယောက်ကိုစောင့်နေတာနေမှာလို့တွေးပြီးတော့ လျှောက်သွားတဲ့အချိန် မောင်းသူနေရာကနေ လူတစ်ယောက်ဆင်းလာခဲ့တယ်။ ဟီးရန်းရဲ့ကွင်းဆင်းမန်နေဂျာ။
သူမက ခေါင်းငုံ့နှုတ်ဆက်ပြီးတော့ လိုရင်းကိုပြောလာတယ်။
“အဖွဲ့ခေါင်းဆောင်၊ အစ်မဟီးရန်းက ပြောစရာစကားရှိလို့ ခဏလောက် ကားပေါ်တက်ခဲ့ပါတဲ့”
စောင့်နေတဲ့ ‘တစ်ယောက်ယောက်’က သူဖြစ်နေတာကိုသိသွားတဲ့ယောင်အင်းက Ven ကားပေါ်ကိုတက်လိုက်တယ်။ ဟီးရန်းရဲ့မျက်နှာမှာတော့ အေးစက်တဲ့အငွေ့အသက်တွေနဲ့ ဝန်းရံနေခဲ့တယ်။
“ပြောစရာစကားရှိတယ်ဆိုလို့ပါ”
တကယ်ပဲ ဘာပြောမလို့၊ ဒီနေရာမှာ အလုပ်လာတက်တဲ့သူကိုဆွဲထားရတာလဲဆိုပြီး စိတ်ထဲကနေသိချင်ခဲ့တယ်။
“ကျွန်မ မနေ့တုန်းက အိုချန်းဂင်းဆီကနေ အရမ်းအံ့ဩစရာကောင်းတဲ့စကားကို ကြားလိုက်ရလို့လေ”
“အိုချန်းဂင်းဆီကနေလား”
“အိုချန်းဂင်းကို မသိဘူးလား”
“သိပါတယ်”
ဟီးရန်းက မနေ့က ချန်းဂင်းဆီကနေကြားခဲ့ရတဲ့စကားကိုပဲ အဲ့အတိုင်းပြန်ပြောပြလိုက်တယ်။
“အဲ့ဒါက အခု ကျွန်မကြောင့်လို့ပြောနေတာလား”
“အစ်ကိုချန်းဂင်းက ရှင့်ကြောင့်လို့ပြောတယ်လေ”
“…….”
ယောင်အင်းက အဓိပ္ပါယ်မရှိလွန်းလို့ ပြောစရာစကားပျောက်သွားခဲ့တယ်။ အသက်ရှင်လာတဲ့တစ်လျှောက်လုံး ဒီလိုအပြစ်တင်ခံရတာတော့ ပထမဆုံးပင်။ ဒါပေမဲ့ ပိုအံ့ဩစရာစကားကို ကြားလိုက်ရတယ်။
“သွားပြီးတော့ တောင်းပန်လိုက်ပါ”
“တောင်းပန်ရမယ်တဲ့လား”
“ရှင် ဘာကိစ္စနဲ့ အစ်ကိုချန်းဂင်းကို စိတ်တိုအောင်လုပ်လိုက်လဲတော့မသိပေမဲ့ မှားသွားပါတယ်ဆိုပြီးတော့ မရမချင်း သွားတောင်းပန်ပါလို့။ နောက်ပြီးတော့ ကျွန်မ စာချုပ်သက်တမ်းတိုးဖို့ကိုလည်း အဖြေတိတိကျကျယူလာခဲ့ပါ”
ဟီးရန်းအနေနဲ့ ဆောင်းမြောင်းဆောက်လုပ်ရေးကြော်ငြာကို လက်မလျှော့နိုင်ရတာက ပိုက်ဆံကြောင့်မဟုတ်ဘဲ မာနကြောင့်ဖြစ်ခဲ့တယ်။
ပွဲဦးထွက်တာငါးနှစ်ကြာမှ ရုတ်တရက်ပေါက်သွားတဲ့သူ့ကို မနာလိုနေကြတဲ့သူတွေက အဲ့နာမည်ကြီးတာ ဘယ်လောက်ခံမလဲကြည့်ကြသေးတာပေါ့ဆိုပြီး အခွင့်အရေးစောင့်နေကြတာကို ၆ လလေးနဲ့ မော်ဒယ်ပြောင်းသွားရင် ဘယ်လောက်တောင်လှောင်ကြမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာကောင်းခဲ့တယ်။
ဒါတင်မကဘဲ မော်ဒယ်ပြောင်းရတဲ့အကြောင်းရင်းက သူ့ကြောင့်မဟုတ်ဘဲ တခြားသူကြောင့်ဆိုတာကို ပိုသည်းမခံနိုင်ခဲ့ဘူး။
ပြီးတော့ အဲ့တစ်ခြားသူက ချဲယောင်အင်းဖြစ်နေတာကိုလည်း စိတ်တိုခဲ့တယ်။ မုန်းတဲ့သူက မုန်းတဲ့အရာတွေကိုပဲ ရွေးလုပ်နေတဲ့အခြေအနေပေါ့။
“အိုချန်းဂင်းနဲ့ ဘယ်လိုဆက်ဆံရေးလဲတော့မသိပေမဲ့ နှစ်ယောက်သားဖြေရှင်းလိုက်ပါ”
စကားနဲ့သာ အဲ့လိုပြောလိုက်ရုံ၊ ဘာဆက်ဆံရေးလဲဆိုတာကိုတော့ အကြမ်းဖျင်းခန့်မှန်းမိပြီးသား။
“မပြောတတ်ဘူးလေ။ ကျွန်မ ဖြေရှင်းရမဲ့ကိစ္စမဟုတ်ပါဘူးဆို။ ရှင့်ကြောင့်ဖြစ်တာကို ဘာလို့ ကျွန်မတို့နှစ်ယောက်ကို လာဖြေရှင်းခိုင်းနေတာလဲ”
“နည်းနည်းတော့ ယဉ်ကျေးမှုရှိပေးပါ။ ကျွန်မလည်း သူငယ်ချင်းလိုမပြောတတ်လို့ မပြောတာမဟုတ်ပါဘူး”
“ကျွန်မတို့တွေ အသက်တူတူပဲလို့ ကြားထားတာကို”
“ပတ်ဟီးရန်းရှီးလည်း လောကကြီးထဲက သက်တူရွယ်တူအားလုံးကို အရင်အဆင်ပြေရဲ့လားလို့တောင်မမေးဘဲ ရုတ်တရက်ကြီး သူငယ်ချင်းလိုပြောတာပါပဲလား”
“…….”
“သွားပါတော့မယ်”
ယောင်အင်းက တစ်ခဏ ပြောစရာစကားပျောက်သွားတဲ့ဟီးရန်းကို နောက်မှာထားခဲ့ပြီးတော့ Ven ကားပေါ်ကနေ ဆင်းလိုက်တယ်။ နှစ်လှမ်းလောက်လျှောက်ပြီးတဲ့အချိန်မှာလားမသိဘူး၊ စူးရှတဲ့အော်သံက ခေါင်းအနောက်ဘက်ကနေ ရိုက်ခတ်လာခဲ့တယ်။
“ကျွန်မပြောလို့ မပြီးသေးပါဘူး!”
ယောင်အင်းရဲ့ခြေလှမ်းတွေ ရပ်သွားခဲ့တယ်။
သူလည်း တော်တော့်ကို ဒေါသမထိန်းနိုင်ဘူးပဲ။
တစ်ယောက်ယောက်ကြားသွားမလားမသိဘူးလို့တောင် မတွေးနိုင်လောက်တဲ့အထိ စိတ်လှုပ်ရှားနေတာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကြားလည်းကိစ္စမရှိဘူးလို့ တွေးတာပဲဖြစ်ဖြစ်၊ နှစ်ခုထဲကတစ်ခုတော့ဖြစ်မှာပေမဲ့ ဘယ်ဘက်ကပဲဖြစ်ဖြစ် ဂရုမစိုက်တာကတော့ အတူတူပင်။
ရပ်သွားတဲ့ခြေလှမ်းကို ပြန်လှမ်းဖို့လုပ်တဲ့အချိန် ဆောင်းဟျော့ရဲ့မျက်နှာကိုတွေ့လိုက်ရတယ်။ ယောင်အင်းက သူ့ဘေးကနေဖြတ်သွားပြီးတော့ ဟီးရန်းဆီသွားတဲ့သူကို လှည့်ကြည့်လိုက်တယ်။
ဟီးရန်းရဲ့ရှေ့မှာရပ်လိုက်တဲ့ဆောင်းဟျော့က ခြောက်ကပ်ကပ်အသံနဲ့ မေးလိုက်တယ်။
“ဘာဖြစ်တာပါလဲ”
“အဖွဲ့ခေါင်းဆောင်ချဲယောင်အင်းနဲ့ စကားပြောနေတာပါ”
“အသံအကျယ်ကြီး ကြားလိုက်သလားလို့”
“ကျွန်မက အသံအောင်လို့ပါ”
“အာ ဟုတ်လား”
“ကျွန်မ ရိုက်ကူးရေးရှိသေးလို့ ဒီလောက်နဲ့ပဲ သွားပါတော့မယ်”
ဟီးရန်း သဘာဝကျကျပဲ Ven ကားကိုစီးပြီးပျောက်သွားတာနဲ့ ဆောင်းဟျော့က ယောင်အင်းဘက်ကို လျှောက်လာခဲ့တယ်။ ပြီးတော့ ဟီးရန်းကိုမေးခဲ့သလိုပဲ မေးလိုက်တယ်။
“ဘာကိစ္စလဲ”
“ခဏစကားပြောပြီးတော့ ပြန်ဖို့လုပ်နေတာပါ”
“ငါကြားလိုက်တဲ့ အသံအကျယ်ကြီးကရော”
သူက ယောင်အင်းမဖြေခင် အရင်ပြောလိုက်တယ်။
“ပတ်ဟီးရန်းက အသံအောင်လို့ဆိုပြီးပြောမှာဆိုရင် ဘာမှမပြောနဲ့တော့”
“…….”
ယောင်အင်းက သူ့စကားအတိုင်း ဘာမှမပြောဘဲ ခေါင်းကိုငုံ့ပြီးတော့သာ ထွက်သွားလိုက်တယ်။
ဆောင်းဟျော့လည်း ကားပေါ်မှာမေ့ကျန်ခဲ့တဲ့ဖုန်းကို လာယူတဲ့အကြောင်းမေ့သွားကာ အတွေးထဲမှာ နက်နက်နဲနဲ နစ်မြောသွားခဲ့တယ်။
နှစ်ယောက်ကြားမှာ တကယ်ပဲ ဘာကိစ္စရှိနေတာလဲ။
သေချာပေါက် တွေးကြည့်ရင်တောင် အဖြေရစရာအကြောင်းရင်းမရှိခဲ့ဘူး။
***
ပိတ်ရက်ကုန်သွားပြီးတော့ တနင်္လာနေ့ရောက်လာခဲ့တယ်။
အလုပ်များတဲ့ တနင်္လာနေ့မနက်ကတည်းကနေ စီမံခန့်ခွဲရေး အသင်း ၅ ကိုလာရှာတဲ့သူ ရှိနေခဲ့တယ်။
“ဒေါက်ဒေါက်”
အားလုံးက အသံလာရာဘက်ကို တစ်ပြိုင်နက်ခေါင်းလှည့်ခဲ့ကြတယ်။
လန်းဆန်းတဲ့အပြုံးကို ဆင်မြန်းထားတဲ့ဟီးရန်းက တံခါးဝမှာရပ်နေခဲ့တယ်။ အနီရောင် pencil skirt နဲ့ အနီရောင် ဒေါက်မြင့်ဖိနပ်က မျက်စိအာရုံကိုချက်ချင်းဖမ်းစားသွားခဲ့တယ်။
“ချဲယောင်အင်းရှီး”
ယောင်အင်းကလွဲရင် အသင်း ၅ လူတွေအားလုံးရဲ့မျက်နှာက ချက်ချင်းတည်သွားခဲ့တယ်။ တမင်သက်သက် အဖွဲ့ခေါင်းဆောင်ဆိုတဲ့ နာမည်ပြောင်မသုံးတာကို ခံစားမိလို့ပင်။
အဖွဲ့ခေါင်းဆောင်ကိုအထင်သေးတာက အသင်း ၅ တစ်ခုလုံးကို အထင်သေးတာနဲ့မခြားတာမို့ စိတ်မသက်မသာဖြစ်လာတာက သေချာတဲ့အရာဖြစ်ခဲ့တယ်။
“ကျွန်မနဲ့ ခဏလောက် စကားပြောရအောင်”
ယုံကြည်ချက်ရှိတဲ့မျက်နှာနဲ့ နေရာကနေထလာတဲ့ယောင်အင်းက နောက်လှည့်ကာလျှောက်သွားတဲ့ ဟီးရန်းနောက်ကို လိုက်သွားခဲ့တယ်။
အစည်းအဝေးခန်းအလွတ်ထဲကိုဝင်သွားတဲ့ဟီးရန်းက စားပွဲထိပ်မှာထိုင်ပြီးတော့ ရယ်လိုက်တယ်။
“အခုထိ အဆက်အသွယ်မရသေးဘူးထင်တယ်”
“ဘာကိုပါလဲ”
“နောက်အပါတ်ကျရင်လုပ်မဲ့ Memorial day နှစ်ပတ်လည်ပွဲတော်မှာ အထိမ်းအမှတ်ကဗျာကို မင်ဆားဟီးဖတ်မှာဆို”
“ဟုတ်ပါတယ်”
“ချဲယောင်အင်းရှီးရဲ့ တာဝန်ခံသရုပ်ဆောင်လည်းဟုတ်တယ်မလား”
“ဟုတ်ပါတယ်”
“အဲ့ဒါကို ကျွန်မဖတ်မှာပါ”
“ဟင်?”
နေ့တိုင်း ခံစားချက်မရှိတဲ့မျက်နှာပေါ်မှာ အံ့ဩမှုနဲ့ ထိတ်လန့်မှုပေါင်းသွားတာကိုတွေ့လိုက်ရတော့ ဟီးရန်းရဲ့နှုတ်ခမ်းမှာ ကျေနပ်တဲ့အပြုံးပေါ်လာခဲ့တယ်။
“ကျွန်မကိုယ်တိုင်ပြောပြပေးဖို့ လာခဲ့တာပါ”
“…….”
“ကျွန်မလိုသရုပ်ဆောင်ကို အိမ်မက်ထဲမှာတောင်မလုပ်ခိုင်းရဲရာကနေ ကျွန်မကအရင် လုပ်ပေးမယ်ပြောလိုက်တော့ တော်တော်လေးပျော်နေတာလေ”
အထိမ်းအမှတ်ကဗျာကိုဖတ်ဖို့ ရွေးချယ်ခံထားရတဲ့မင်ဆားဟီးက ဇာတ်ကားမှာပဲဖြစ်ဖြစ် ဇာတ်လမ်းတွဲတွေမှာပဲဖြစ်ဖြစ် ဇာတ်ဆောင်ရဲ့သူငယ်ချင်းနေရာလောက်နဲ့ပဲ တစ်ခါတစ်လေရိုက်တဲ့သူတစ်ယောက်။ ပုဂ္ဂိုလ်ရေးအရကြည့်ရင်တော့ နိုင်ငံတော်အတွက်အနစ်နာခံသွားသူရဲ့ ကျန်ရစ်သူဆွေမျိုးလည်း ဖြစ်နေခဲ့တယ်။
အဓိပ္ပါယ်ရှိတဲ့ပွဲတော်မှာအတူပါဝင်နိုင်တာမို့ ပျော်နေခဲ့တဲ့ သူ့သရုပ်ဆောင်ရဲ့မျက်နှာကို တွေးမိသွားတဲ့ယောင်အင်းက လက်သီးကိုအသာလေးဆုပ်လိုက်တယ်။
“ဒီလောက်ထိလုပ်မှ ဖြစ်မှာပါလား”
“အင်း ဒီလောက်ထိလုပ်မှဖြစ်မှာ”
ဟီးရန်းက မျက်လုံးကိုကွေးပြီးတော့ လှလှလေးရယ်လိုက်တယ်။
“ဒေါသပုံချချင်ရင် ကျွန်မအပေါ်ပဲပုံချပါ။ အပြစ်မဲ့တဲ့ ကျွန်မသရုပ်ဆောင်ကို မနစ်နာစေဘဲ”
“ငါလည်း အဲ့လိုလုပ်ချင်ပေမဲ့ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား ချဲယောင်အင်းရှီးကို အလုပ်ထုတ်တာကလွဲရင် တခြားမတွေးမိဘူးလေ။ ဒါပေမဲ့ အဲ့လောက်လေးနဲ့တော့ ဒေါသမပြေလောက်ဘူးလို့ထင်လို့”
“အလုပ်ရောထုတ်နိုင်မှာမို့လား”
ယောင်အင်းဘက်က ရယ်စရာကောင်းလိုက်တာဆိုတဲ့ပုံစံမျိုးနဲ့ ဟက်ခနဲရီလိုက်တော့ ဟီးရန်းရဲ့ မျက်နှာထား တင်းမာသွားခဲ့တယ်။.
“ဘာလို့လဲ။ မလုပ်နိုင်ဘူး ထင်လို့လား”
“ဟုတ်ကဲ့။ မလုပ်နိုင်ဘူးလို့ ထင်ပါတယ်”
“…….”
“ကိုယ့်ရဲ့ image ကိုဖျက်ဆီးပြီး ဒေါသပုံချတာက ဘာအဓိပ္ပါယ်ရှိလဲဆိုတာကို ကောင်းကောင်းတွေးကြည့်ပါ”
ယောင်အင်းက ဂရုမစိုက်သလိုပြောပြီးတော့ အစည်းအဝေးခန်းကနေ ထွက်သွားခဲ့တယ်။
အချိန်အတော်ကြာတဲ့အထိ နှုတ်ခမ်းကိုကိုက်နေတဲ့ဟီးရန်းက နောက်ကျမှ အစည်းအဝေးခန်းကနေ ထွက်လာခဲ့တယ်။ ပြီးတော့ ဓာတ်လှေကားထဲကို ဝင်လိုက်တယ်။
ဟီးရန်း ဦးတည်တဲ့နေရာကတော့ ၈ ထပ်က ဥက္ကဌရုံးခန်း။
*******
စာဖတ်သူတို့ရေ SG မှာဆက်မတင်တော့မှာမို့ Telegram Channel မှာ လာဝယ်ဖတ်ပေးကြပါနော်။ Paid novel မို့ free တင်လို့အဆင်မပြေလို့ပါရှင်။ တန်ရာတန်ကြးပေးပြီး ဝင်ထားတဲ့ paid member တွေ ရှိထားလို့ပါ။ အပိုင်း ၃၀ အစမ်းဖတ်ကြည့်လို့ရအာင် free ထားပေးလိုက်ပါတယ်ရှင်။
Wattpad မှာလည်းတင်ချင်ပေမဲ့ ဒီnovelကြောင့် အကောင့်နှစ်ခါပျက်ထားတာမို့ လက်လျှော့လိုက်ပါပြီ(╥﹏╥)
Telegram acc_@lioniscute