Chapter 4
ယောင်အင်းဟာ ဆောင်းဟျော့ပြန်သွားပြီးတာတောင် အချိန်အတော်ကြာတဲ့အထိ ကြောင်ပြီးတော့ထိုင်နေပြီးမှ ထထွက်လာခဲ့တယ်။
ဗလုံးဗထွေးဖြစ်ပြီးရှုပ်ထွေးနေတဲ့ခေါင်းကို ဖြေရှင်းကြည့်ဖို့ကြိုးစားခဲ့ပေမဲ့ မဖြေရှင်းနိုင်ဘူးဆိုတဲ့ နိဂုံးပဲရလာခဲ့တယ်။
ကော်ဖီဆိုင်ကနေထွက်လာပြီး ဟိုတယ်လော်ဘီကိုဖြတ်လျှောက်လာတဲ့ခြေလှမ်းတွေက လေးလံနေခဲ့တယ်။ ကြယ်တာရာတွေရဲ့အလင်းတန်းကိုပုံဖော်ထားတဲ့ ဝင်းပနေတဲ့မီးဆိုင်းရော၊ ထူးခြားတဲ့ပန်းချီကားတွေနဲ့ ပန်းပုရုပ်တွေရောက မျက်စိထဲကိုလုံးဝဝင်မလာခဲ့ဘူး။
သရဲစီးခံရသလိုခံစားချက်နဲ့ အိမ်ကိုပြန်ရောက်လာတဲ့ယောင်အင်းဟာ ဒေါက်ဖိနပ်ကိုချွတ်ဖို့လုပ်ရာကနေ မချွတ်ဘဲနဲ့ တံခါးရှေ့မှာပေါ်လာတဲ့ ကိုယ့်ပုံကိုကြည့်လိုက်တယ်။
“အများကြီးပြင်ဆင်ပြီး လာခဲ့တဲ့ပုံပေမဲ့ စောင့်နေတဲ့သူမဟုတ်လို့ စိတ်ပျက်သွားတာလား”
ထင်ရှားလှတဲ့အသံက နားထဲမှာ ပြန်ရစ်ဝဲလာတယ်။
ကိုယ့်ကိုကိုယ် ဒီလိုကြည့်လိုက်တော့ အဲ့စကားကိုမငြင်းနိုင်တော့ဘူး။ ကျွန်မအမြင်ကနေကြည့်ရင်တောင် ကြင်ဖက်တွေ့မဲ့တစ်ဖက်လူဆီကနေ အကောင်းမြင်ခံချင်လို့ ပြင်ထားတဲ့သူလိုမျိုး ထင်ရတာကိုး။
အိုချန်းဂင်းရှေ့မှာ အကောင်းမြင်ခံချင်တဲ့စိတ် နည်းနည်းလေးမှမရှိပေမဲ့ အထင်လွဲခံရတာကိုတော့ နည်းနည်းခံပြင်းမိတယ်။
အဲ့လိုနဲ့ ရုတ်တရက်ကြီး သိချင်သွားတယ်။ တကယ်လို့ ကြင်ဖက်တွေ့တဲ့သူက အိုချန်းဂင်းသာမဟုတ်ဘူးဆိုရင် ချားဆောင်းဟျော့ စိတ်ဝင်စားဦးမှာလား။
“ငါ့ကိုထားသွားတဲ့မိန်းမက အဲ့လိုကောင်မျိုးနဲ့လက်ထပ်မှာကို မကြည့်နိုင်လို့လေ၊ အဲ့လိုဆိုငါက အရမ်းသနားစရာကောင်းသွားမှာပေါ့”
အကြိမ်တစ်ရာလောက် ဦးစားပေးတဲ့အနေနဲ့ သူအဲ့လိုတွေးနိုင်တယ်လို့ထားလိုက်ရင်တောင် အောင်မြင်တဲ့ရည်းစားဟောင်းရဲ့ ဂုဏ်သိက္ခာအထိပါစဉ်းစားပေးပြီးတော့ ကိုယ့်အိမ်ထောင်ဖက်ကို မရွေးချယ်နိုင်ဘူးလေ။
မှန်ကနေအကြည့်ခွာလိုက်တဲ့ယောင်အင်းဟာ ဒေါက်ဖိနပ်ကိုချွတ်ပြီးတော့ ဧည့်ခန်းထဲကိုဝင်သွားလိုက်တယ်။
လျှောက်လမ်းကိုကျော်ပြီး ဧည့်ခန်းထဲကိုရောက်လာတဲ့သူမရဲ့ခြေလှမ်းတွေ ရပ်သွားခဲ့တယ်။ စနေနေ့မလို့ သေချာပေါက် အပြင်သွားမှာပဲလို့ထင်ခဲ့တဲ့သူက ဧည့်ခန်းထဲမှာ ရှိနေတာကြောင့်ပင်။
“အိမ်မှာရှိနေတာပဲ”
ဆိုဖာပေါ်မှာမှီထိုင်ပြီးတော့ ဖုန်းထဲကဂိမ်းကို ကြိုးကြိုးစားစားဆော့နေတဲ့အာရင်းတစ်ယောက် ခေါင်းလှည့်ကြည့်လာတယ်။ မျက်နှာပေါ်မှာကပ်ထားတဲ့ မက်စ်ကြောင့် ရုတ်တရက် ရယ်စရာကောင်းနေခဲ့တယ်။
“ဘာလို့ ဒီလောက်တောင် မြန်မြန်ပြန်လာတာလဲ။ ညနေစာအတူမစားဘဲ ပြန်လာခဲ့တာလား”
“အင်း”
“ဘယ်လိုလုပ်ဖို့ ဆုံးဖြတ်ကြလဲ”
“ဘာကို”
အာရင်းက မျက်မှောင်ကြုတ်လိုက်တယ်။
“ဘာကို ဘာရမှာလဲ။ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြလားလို့”
ယောင်အင်း ‘ဒီမေးခွန်းမေးဖို့ မစောလွန်းဘူးလား’ဆိုပြီး ပြန်မပြောနိုင်ခဲ့ဘူး။ အစ်မထက် လုံးဝပိုပြီးတော့ အလျင်လိုတဲ့သူကိုတွေ့ပြီး ပြန်လာတာကြောင့်လည်းဖြစ်နိုင်တယ်။
“လက်ထပ်ကြရအောင်တဲ့”
အဲ့ဒါကို လက်ထပ်ခွင့်တောင်းတယ်လို့ခေါ်တာလားဆိုပြီး ကိုယ့်ကိုကိုယ်ပြန်မေးမိပေမဲ့။
“တကယ်လား..လက်ထပ်မယ်လို့ပြန်ပြောခဲ့လား”
အာရင်းရဲ့မျက်လုံးတွေ ပြူးကျယ်ကျယ်ဖြစ်လာရုံမကဘူး၊ တင်ပါးကိုပါ ဟိုရွေ့ဒီရွေ့လုပ်လာတယ်။
“လက်ထပ်လိုက်ရမလား၊ လက်ထပ်လို့ရလား”
ယောင်အင်းရဲ့နှုတ်ခမ်းပေါ်မှာ ခါးသက်တဲ့အပြုံးတစ်ခုပေါ်လာပြီး ပြန်ပျောက်သွားခဲ့တယ်။
“မေးစရာလိုလို့လား၊ သေချာပေါက် လက်ထပ်လို့ရတာပေါ့။ နှစ်ယောက်သား အရမ်းလိုက်တယ်လေ။ အစ်ကိုနဲ့ငါ့ကိုဂရုမစိုက်ဘဲနဲ့ အရင်လက်ထပ်လိုက်။ အခုခေတ်ကြီးမှာ ဘယ်သူက အစဉ်လိုက်လုပ်တော့လို့လဲ။ တောကျအောင်”
အာရင်း သူတို့မင်္ဂလာပွဲကို အားပေးရတဲ့အကြောင်းရင်းက သူ့ရဲ့အိမ်ထောင်ဖက်ကဘယ်သူပဲဖြစ်ဖြစ် အိုချန်းဂင်းထက် အခြေအနေဆိုးတဲ့သူဖြစ်မှာမဟုတ်ဘူးဆိုတဲ့ သေချာမှုကြောင့်ပဲ။ အဲ့ထက် မပိုရင်တောင် လျော့လည်းလျော့မှာမဟုတ်ဘူး။ ယောင်အင်း သူ့ထက်သာတဲ့ယောက်ျားနဲ့တွဲတာကိုတော့ လုံးဝလက်မခံနိုင်ဘူး။
“အပေါ်တက်တော့မယ်”
အာရင်းလည်း ‘အဖြေကိုသေသေချာချာပေးဦးလေ’လို့ အော်ဖို့လုပ်ရာကနေ ရပ်လိုက်တယ်။
ကျွန်မလောက်နီးပါး အိုချန်းဂင်းရဲ့အစစ်အမှန်ကို သေသေချာချာသိတဲ့ယောင်အင်းဆီကနေ ဒီလိုတုံ့ပြန်ချက်ကိုတွေ့ရတာနဲ့တင် အဆင်ပြေခဲ့ကြတယ်လို့ ထင်တာမို့လေ။ တစ်ဖက်ကတွေးရင်တော့ ထူးဆန်းနေသလိုပဲ။
‘ဘာလို့မကြိုက်သလိုတော့ မထင်ရတာပါလိမ့်’
လှေကားပေါ်ကိုတက်သွားတဲ့ယောင်အင်းဆီ မသင်္ကာတဲ့အကြည့် ကပ်ပါသွားခဲ့တယ်။
‘အိုချန်းဂင်းဆီမှာ ထင်မထားတဲ့ဆွဲဆောင်မှုတွေများ ရှိနေလို့လား”
ယောင်အင်း ကြင်ဖက်တွေ့ခဲ့တဲ့သူက ဘယ်သူလဲဆိုတာကို ထင်တောင်မထင်ထားမိတာမို့ သူဒီလောက်ပဲ တွေးနိုင်ခဲ့တယ်။
***
နောက်တစ်နေ့ည။
ဆောင်းဟျော့ ယောင်အင်းနဲ့ပြန်တွေ့ခဲ့တဲ့ကလပ်ကို ပြန်သွားဖြစ်ခဲ့တယ်။ အခန်းကလည်း အရင်အခန်းပဲ။
အခန်းထဲကိုရောက်တာနဲ့ ဘောမ်ဂျွန်းရဲ့အသံကို ကြားလိုက်ရတယ်။
“ဇာတ်ဆောင် ရောက်လာပြီ”
ဆောင်းဟျော့ နေရာကနေထပြေးလာတဲ့သူကို သဘောမကျတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
“ဘာလို့ဒီလောက်နောက်ကျမှ လာရတာလဲ”
“မလာဖို့လုပ်ထားရင်းကနေ ခဏဝင်ခဲ့တာ။ ဘာလို့ကြိုဆိုပွဲလုပ်မယ်ဆိုပြီးတော့ အရှုပ်ထုပ်တွေ လုပ်နေပြန်တာလဲ”
ဆောင်းဟျော့ရဲ့မျက်နှာ မကြည်မသာဖြစ်နေရတာက သူ့ဆန္ဒမပါဘဲနဲ့လုပ်တဲ့ သူ့ကြိုဆိုပွဲကြောင့်ပင်။
ဒီနေ့နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီ။
အပျော်ရှာတဲ့နေရာမှာရူးသွပ်တဲ့ဘောမ်ဂျွန်းနဲ့မတူဘဲ သူကတော့ အရက်သောက်ပြီးပျော်ရတာမျိုးကို မကြိုက်ဘူး။ အထူးသဖြင့် ဒီလိုမျိုး စုပြုံနေကြတာမျိုးကို လုံးဝမကြိုက်ခဲ့ဘူး။
“ချားဆောင်းဟျော့ပြန်လာတာကို တစ်လောကလုံးသိအောင် လုပ်ရမှာပေါ့”
“အရက်သောက်ချင်လို့ ဆင်ခြေရှာဖို့ကြိုးစားတာပဲ”
ဘောမ်ဂျွန်း ဘာမှမကြားသလိုလုပ်ကာ ဆောင်းဟျော့ရဲ့လက်မောင်းကိုဆွဲပြီးတော့ လွတ်နေတဲ့နေရာမှာထိုင်ခိုင်းခဲ့တယ်။
“ကဲ အရင်ဆုံး တစ်ခွက်လောက်သောက်လိုက်ဦး”
ဆောင်းဟျော့လည်း သူငယ်ချင်းတွေမိတ်ဆက်တာကို စိတ်မပါတပါပြန်ဖြေပြီးတော့ ဘောမ်ဂျွန်းထည့်ပေးတဲ့အရက်ကိုသောက်လိုက်တယ်။
အဲ့နောက်မှာတော့ လျှာလိပ်နေတဲ့အသံကို ကြားလိုက်ရတယ်။
“ရား.. ချားဆောင်းဟျော့……”
ခေါင်းလှည့်ကြည့်လိုက်တော့ အရက်မူးလို့ ရီဝေဝေဖြစ်နေတဲ့ ချန်းဂင်းရဲ့မျက်နှာကိုတွေ့လိုက်ရတယ်။ ပြီးတော့ ပါးလွှာတဲ့နှုတ်ခမ်းတွေက စိတ်လှုပ်ရှားစွာနဲ့ ပွင့်လာခဲ့တယ်။
“ကြင်ဖက်ရော ကောင်းကောင်းတွေ့ခဲ့လား”
ဆောင်းဟျော့က လှောင်ရီသလိုမျိုး နှုတ်ခမ်းတစ်ဖက်ကိုပဲကွေးတင်လိုက်တယ်။
“အင်း”
သူဒီနေရာကိုလာတာက တကယ်တော့ ဘောမ်ဂျွန်းကြောင့်ပဲမဟုတ်ခဲ့ဘူး။ အိုချန်းဂင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိချင်တဲ့စိတ်က ပိုများနေခဲ့တာ။
တစ်သက်လုံးမလုပ်ဖူးတာတွေကို လုပ်နေပုံထောက်ရင်တော့ အတော်လေးစိတ်ထိခိုက်သွားပုံပဲ။ သေချာပေါက် အားနာတဲ့စိတ်ကတော့ နည်းနည်းလေးမှမရှိခဲ့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်စိတ်ကိုမဆွဖို့ဘဲ မျှော်လင့်ခဲ့ရုံ။ ဒါပေမဲ့ အဲ့မျှော်လင့်ချက်က ဖြစ်မလာခဲ့ဘူး။
“ရယ်ရတာပဲ။ မင်း အငြင်းခံလိုက်ရတာမလား”
ချန်းဂင်း အဓိပ္ပါယ်မရှိလိုက်တာဆိုတဲ့သဘောနဲ့ ဟက်ခနဲရီတဲ့အချိန်မှာ ဆောင်းဟျော့ရဲ့မျက်မှောင်တွေ ကြုံ့သွားခဲ့တယ်။
“အငြင်းခံရတာတဲ့လား”
“မစ္စဂျင်ဆိုလား ဘာလား။ အဲ့ အောင်သွယ်တော်အဒေါ်ကြီးက မိန်းကလေးဘက်ကနေ သဘောမတူဘူးလို့ပြောသလားလို့။ အဲ့လောက်ဆိုရင် ယောင်အင်း ငြင်းလိုက်တာဟုတ်တာပဲလေ”
ပုံမှန်ဆို ဆောင်းဟျော့ကို စကားတစ်ခွန်းထောက်ပေးဖို့တောင် မဝံ့ရဲတဲ့ကောင်က ဘာဖြစ်နေတာလဲဆိုပြီးသိချင်တာနဲ့ ငြိမ်ငြိမ်လေးနားပဲထောင်နေတဲ့ဘောမ်ဂျွန်းလည်း နားမလည်တဲ့မျက်နှာနဲ့ ဝင်ပြောလိုက်တယ်။
“အဲ့ဒါက ဘာစကားလဲ။ ယောင်အင်းဆီကနေ အငြင်းခံရတာတဲ့လား”
“ငါ့ကိုတော်တော်ကြည့်မရတဲ့ အဒေါ်ကြီးကို အသားကုန်သိမ်းသွင်းပြီးတော့ ခက်ခက်ခဲခဲရလာတဲ့ ကြင်ဖက်တွေ့ဆုံခွင့်ကို ချားဆောင်းဟျော့.. ဒီကောင်က လုသွားတာလေ”
ချန်းဂင်းဟာ ဒေါသကိုမထိန်းနိုင်ဘဲနဲ့ အော်ဟစ်ပစ်လိုက်တယ်။ ကြင်ဖက်တွေ့တာကိုလွှဲပေးဖို့ပြောတဲ့အချိန် ချက်ချင်းမငြင်းနိုင်တဲ့ကိုယ့်ကိုကိုယ်သနားလို့ ပိုဒေါသထွက်သွားတယ်။
“ဘာ.. မနေ့က ယောင်အင်းနဲ့ကြင်ဖက်တွေ့တာ မင်းမဟုတ်ဘဲ ဆောင်းဟျော့ဆိုတဲ့သဘောလား”
ဘောမ်ဂျွန်းလည်း မေးခွန်းတွေပြည့်နေတဲ့မျက်လုံးနဲ့ ဆောင်းဟျော့ကိုကြည့်လိုက်တယ်။
“မင်းက ဘာလို့လဲ”
ဆောင်းဟျော့ အဖြေအစား မေးခွန်းပြန်မေးလိုက်တယ်။
“မင်းလိုမျိုး အစ်ကိုအမည်ခံနဲ့ကောင်ကရော ကိုယ့်ညီမကို အဲ့လိုကောင်က ပရော်ပရည်လုပ်နေတဲ့ကိစ္စ ဘာလို့ကြည့်ပဲကြည့်နေတာလဲ”
သူ ကြင်ဖက်တွေ့တဲ့နေရာကိုသွားရတဲ့အကြောင်းရင်းက ယောင်အင်းဆီမှာ တကယ်လက်ထပ်ချင်စိတ်ရှိတယ်ဆိုပြီး ထင်ခဲ့လို့ပင်။ ယောင်အင်း ချန်းဂင်းရဲ့ပုံစံအစစ်ကိုမသိဘူးလို့ ထင်တာကြောင့်လည်းပါတယ်။ ရလဒ်အနေနဲ့ အားလုံး အလဟဿဖြစ်သွားပေမဲ့။
“ငါဘာလုပ်လို့လဲ…….”
ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ဘောမ်ဂျွန်းတစ်ယောက် ဆောင်းဟျော့အကြည့်ကိုရှောင်ရင်း စကားအဆုံးကိုသံရှည်ဆွဲလိုက်တာနဲ့တစ်ပြိုင်နက် ချန်းဂင်းက သူ့ကိုယ်သူပြောသလိုဟန်ဆောင်ပြီး ရွဲ့စောင်းပြောလာခဲ့တယ်။
“ချားဆောင်းဟျော့လည်း ဘာမှမဟုတ်ဘူးပဲ။ မွေးစားသမီးဆီကတောင် အငြင်းခံလိုက်ရတယ်”
ဟက်ခနဲရီလိုက်တဲ့ဆောင်းဟျော့ဟာ သူ့ကိုတည့်တည့်ကြည့်ရင်း ပြန်ဖြေလိုက်တယ်။
“နောက်ကျရင်တော့ တရားမဝင်ကလေးကိုဖယ်ပြီးပဲ တွေ့ကြရအောင်”
နိမ့်ပေမဲ့ ရှင်းလင်းတဲ့အသံကို အခန်းထဲမှာရှိတဲ့လူတွေအားလုံး သေသေချာချာကြားလိုက်ရတယ်။
ချန်းဂင်းရဲ့မျက်နှာဟာ သူလုပ်မိတဲ့ရှုပ်ထွေးတဲ့အခြေအနေကြောင့် နီရဲလာခဲ့တယ်။
ဆောင်းဟျော့ကတော့ ချန်းဂင်းကိုအရှက်ခွဲရုံတင်မကဘဲ အနားကိုသွားပြီးတော့ ကော်လံကိုပါဆွဲကိုင်လိုက်တယ်။ ပြီးတော့ အဲ့လိုပုံစံနဲ့ အခန်းပြင်ကိုဆွဲထုတ်သွားခဲ့တယ်။
“အ!”
သန်မာတဲ့အားနဲ့ နံရံဆီအတွန်းခံလိုက်ရတဲ့ချန်းဂင်းဟာ နာကျင်စွာနဲ့ ပုခုံးကိုလှည့်လိုက်တယ်။
“ချဲယောင်အင်းနားကို ဒီလောက်ပဲလိုက်ကပ်တော့။ ညစ်ပတ်တဲ့ကောင်က ဘယ်နေရာလာပြီးတော့ အဆင့်အတန်းမသိ”
ချန်းဂင်း ကြောက်လန့်နေတဲ့မျက်လုံးနဲ့အတူ တုန်နေတဲ့နှုတ်ခမ်းကို ဖြေးဖြေးချင်းဟလိုက်တယ်။
“မင်း မဟုတ်မှ…… ယောင်အင်းကိုကြိုက်နေတာလား……?”
“မင်းကို မကြိုက်တာ”
“…….”
ချန်းဂင်းလည်း ခြိမ်းခြောက်သလိုအကြည့်ကို ဖြေးဖြေးချင်းရှောင်လိုက်တယ်။ စိတ်ထဲမှာတော့ အမူးဓာတ်ခံလေးကိုငှားပြီး အလကားသက်သက် သွားထိမိပြီလို့ နောင်တရရင်းနဲ့။
“ရှေ့လျှောက် ငါလာမဲ့နေရာဆို ကိုယ့်အသိစိတ်နဲ့ကိုယ်ရှောင်လိုက်။ မင်းမျက်နှာကို နောက်တစ်ခေါက် ထပ်မမြင်ချင်ဘူး”
“အင်း အင်းပါ…….”
အလောတကြီးခေါင်းညိမ့်လိုက်တဲ့ချန်းဂင်းတစ်ယောက် သူ့အင်္ကျီကို ဖြဲတော့မလိုဆုပ်ကိုင်ထားတဲ့လက်ထဲကနေ အားလျော့သွားသွားချင်းမှာပဲ ခပ်မြန်မြန် ကြောက်အားလန့်အားနဲ့ ထွက်ပြေးသွားခဲ့တယ်။
ဆောင်းဟော့ကတော့ မျက်မှောင်ကြုတ်ပြီးအဲ့ပုံစံကိုကြည့်နေရာကနေ ဆန့်ကျင်ဘက်လမ်းကိုလျှောက်သွားလိုက်တယ်။
ဒီလိုစိတ်အခြေအနေနဲ့သာအရက်သောက်ရင် နောက်နေ့ အရက်နာကျမဲ့ပုံပေါ်လို့။
***
ဟဲဆောင်းအင်တာတိန်းမန့်ဆိုတာ သူဌေးအပါအဝင် ဝန်ထမ်း ၇ ယောက်နဲ့ဖွဲ့စည်းထားတဲ့ သရုပ်ဆောင်အဓိကအေဂျင်စီတစ်ခုပေါ့။ အရွယ်အစားကသေးပေမဲ့ နာမည်ကြီးတဲ့သရုပ်ဆောင်တချို့ရှိတာကြောင့် အဲ့နယ်ပယ်မှာတော့ သေးပေးမဲ့အကောင်းဆုံးဆိုပြီး သိထားကြတယ်။
ယောင်အင်းရဲ့တရားဝင်ရာထူးကတော့ စီမံခန့်ခွဲရေးအဖွဲ့ခေါင်းဆောင်။
အနုပညာရှင် လူသစ်စုဆောင်းတာ၊ စံမီခန့်ခွဲပေးတာနဲ့ မီဒီယာမှာကြော်ငြာပေးတာစတဲ့ နေရာတိုင်းမှာဘက်စုံစွမ်းဆောင်နိုင်တာကြောင့် ဟဲဆောင်းရဲ့ Ace အဖြစ်လည်း အခေါ်ခံရတယ်။
အားလုံးတန်းတူညီတူဖြစ်တဲ့ကုမ္ပဏီလေထုအလိုက် ဟဲဆောင်းရဲ့အစည်းအဝေးဟာ အမြဲပြင်းထန်လေ့ရှိတယ်။ ဥက္ကဌ ထိုင်ကြည့်နေရင်တောင် စကားရန်ပွဲဖြစ်ဖို့ တွန့်ဆုတ်မနေကြဘူး။
ဒီနေ့မှာတော့ ယောင်အင်းနဲ့ ကြော်ငြာအဖွဲ့ခေါင်းဆောင်တို့ သဘောထားကွဲလွဲနေခဲ့တယ်။
“သရုပ်ဆောင်ကြေးကိုမယူဘဲနဲ့ ပြန်ရိုက်ကူးမယ်ဆိုတဲ့ သတင်းကိုတော့ မထုတ်ရင်ကောင်းမယ်။ ဂျူယောင်း ဘာသရုပ်ဆောင်ကြေးမှမယူဘူးဆိုတဲ့ သတင်းကိုဖြန့်လိုက်ရင် အရံသရုပ်ဆောင်က သရုပ်ဆောင်ကြေးရဖို့ ပိုခက်သွားတော့မှာ”
ဟဲဆောင်းရဲ့အဓိကသရုပ်ဆောင်ပါဝင်ထားတဲ့ ဒရာမာမှာ တစ်ဖက်ကမင်းသမီး ရုတ်တရက်ထွက်သွားခဲ့တယ်။ အကြောင်းရင်းကတော့ အိမ်ထောင်ရှိယောကျ်ားနဲ့ ဖောက်ပြန်တာတွေ့သွားလို့ပဲ။ ဒါကြောင့် တခြားမင်းသမီးကိုငှားပြီးတော့ ပြန်ရိုက်ဖို့ ဆုံးဖြတ်နေကြတဲ့ အခြေအနေပေါ့။
ကြော်ငြာအဖွဲ့ခေါင်းဆောင်ဟာ သရုပ်ဆောင်ကြေးမယူမဲ့ ဇာတ်လမ်းထွင်သတင်းကို ထုတ်ပြန်ဖို့ကန့်ကွက်နေတဲ့ယောင်အင်းကို လုံးဝနားမလည်ခဲ့ဘူး။
“အဖွဲ့ခေါင်းဆောင်ချဲ၊ ကျွန်မတို့အနုပညာရှင်က ဂျူယောင်းလေ။ ဘာလို့အရံသရုပ်ဆောင်ကိုစိတ်ပူပေးနေတာလဲ။ သူ့ရဲ့ပုံရိပ်မြင့်တက်သွားမဲ့အခွင့်အရေးကို ဘာလို့လက်လွှတ်မှာလဲ”
“အရံသရုပ်ဆောင်အဆင့်ဆိုတာ အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ပြဿနာပဲ”
“အဲ့ဒါက သူတို့ပြဿနာလေ။ သူတို့လည်း တစ်ချိန်ချိန်တော့ ဂျူယောင်းအဆင့်လောက်ရောက်လာမှာပဲ”
“အဲ့ရာခိုင်နှုန်းက ဘယ်လောက်လောက်ရှိမလဲ။ 0.1%လောက်လား”
“…….”
ကြော်ငြာအဖွဲ့ခေါင်းဆောင်က ရှက်ရှက်နဲ့ ပါးစပ်ကိုပိတ်လိုက်တယ်။
“ကျွန်မတို့အနုပညာရှင်ရဲ့imageက အခုလည်း အပြည့်အဝအဆင်ပြေပါတယ်။ ဇာတ်လမ်းထွင်သတင်းမလွှင့်လို့လည်း သူ့ပုံရိပ်ကောင်း ကျသွားမှာမဟုတ်ဘူးလေ။ အဲ့အစား ပြန်ရိုက်ပြီးတော့ သရုပ်ဆောင်ကြေးကိုလည်းသေချာယူပြီး အဲ့ဒါကိုလှုပြီးသွားတဲ့အချိန်ကျမှ သတင်းထုတ်ကြတာပေါ့။ တကယ်တော့ ဒီလိုဒီလိုဖြစ်လို့ သရုပ်ဆောင်ကြေးကိုယူခဲ့ပါတယ်၊ ပြီးမှ ပြန်လှုခဲ့တာပါ။ အချိန်တော့ နည်းနည်းနောက်ကျပေမဲ့လို့။ အဲ့ဒါက နှစ်ဖက်လုံးအတွက်ပိုကောင်းတယ်မလား”
သေသေချာချာကြည့်ပဲကြည့်နေတဲ့ ဥက္ကဌဂန်က ယောင်အင်းကိုမေးလာတယ်။
“မင်ဝူးကရော ဘာတဲ့လဲ”
“ကျွန်မပြောတဲ့အတိုင်း လုပ်ပါ့မယ်တဲ့”
“ဒါဆိုရင် အဖွဲ့ခေါင်းဆောင်ချဲအကြံအတိုင်းပဲ လုပ်ကြတာပေါ့။ အစည်းအဝေးပြီးပြီ၊ သွားကြတော့”
အဲ့လိုနဲ့ အစည်းအဝေးပြီးသွားခဲ့တယ်။ မနက်ကတည်းက ခေါင်းကိုက်နေတဲ့ ယောင်အင်းဟာ ညနေစာအတူစားကြရအောင်လို့ပြောတဲ့ ဥက္ကဌဂန်ကိုငြင်းပြီးတော့ ပုံမှန်ထက် ရုံးစောစောဆင်းလာခဲ့တယ်။
ဒါပေမဲ့ ရက်အတော်ကြာ ကိုယ့်ကိုစိတ်ရှုပ်အောင်လုပ်ထားတဲ့တရားခံနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရတယ်။
အဲဒါတောင် အိမ်မှာ။
“ဂျူနီယာလေး ရောက်လာပြီပဲ”
ဆောင်းဟျော့ဟာ ဧည့်ခန်းဆိုဖာပေါ်ကနေ ခြေထောက်ကိုချိတ်ကာ ကျကျနနထိုင်ပြီးတော့ ပြုံးပြနေခဲ့တယ်။