Chapter 5
ကလပ်၊ ဟိုတယ်၊ ပြီးတော့ အိမ်။
ယောင်အင်း စိတ်ကိုမပြင်ဆင်ထားတဲ့အချိန်မှာ ဆောင်းဟျော့နဲ့တွေ့ခဲ့တဲ့နေရာတွေပေါ့။
ကလပ်မှာတွေ့တာကိုတော့ တိုက်ဆိုင်တာလို့ပြောနိုင်ပေမဲ့ အဲ့နောက်ပိုင်းတွေ့တာတွေကိုတော့ တိုက်ဆိုင်တာလို့ပြောလို့မရဘူး။
ချဲယောင်အင်းနေတဲ့အိမ်ကိုလာပြီး ချဲယောင်အင်းနဲ့တွေ့နိုင်ခြေကို စိတ်ထဲမရှိဘဲတော့နေမှာမဟုတ်ဘူး။
အိုချန်းဂင်းအစား ကြင်ဖက်တွေ့တဲ့နေရာကိုလာတာကလည်း သေချာပေါက်သူ့ရဲ့ဆန္ဒဖြစ်သလို ဒီနေ့လည်း အဲ့လိုပဲဖြစ်လောက်တယ်။
သူက ဘယ်သူခိုင်းလို့၊ ဘယ်သူကအပူကပ်လို့ဆိုပြီး မလုပ်ချင်တဲ့အလုပ်ကိုလုပ်မဲ့သူမျိုး မဟုတ်ဘူး။ ‘မတတ်သာလို့’ ဆိုတဲ့စကားက သူနဲ့မလိုက်ဖက်ဘူး။
‘အစ်ကို့ကိုတွေ့ဖို့လာတာ။ ငါ့ကိုတွေ့ဖို့လာတာမဟုတ်ဘူးလေ’
ယောင်အင်း အဲ့လိုမျိုးစည်းတားလိုက်တယ်။ သူ့ရဲ့အပြုအမူတွေကို ဘာအဓိပ္ပါယ်မှမကောက်ဖို့ ဆုံးဖြတ်ထားခဲ့တယ်။
သူ့ရဲ့တကယ်ရည်ရွယ်ချက်ကဘာလဲဆိုတာမသိရင်တောင် ထပ်ပြီးတော့ စိတ်မယိုင်ချင်တော့ဘူး။ ဒီထပ်ပိုပြီးတော့ ကျွန်မရဲ့နေ့စဉ်ဘဝထဲမှာ အက်ကြောင်းတွေဖြစ်မလာဖို့ မျှော်လင့်မိရုံပဲ။
ချားဆောင်းဟျော့နဲ့ပြန်တွေ့တဲ့နေ့ကနေ အခုချိန်ထိ တစ်ရက်လေးမှ စိတ်အေးအေးချမ်းချမ်းနဲ့ တည်ငြိမ်တဲ့နေ့မရှိခဲ့ဘူး။ အချိန်တိုင်း ပရမ်းပတာတွေဖြစ်ပြီး စိတ်ရှုပ်ထွေးခဲ့ရတယ်။ အခု ဒီလောက်နဲ့ပဲ ကျွန်မရဲ့နေ့ရက်တွေကို အရင်လို ပြန်ငြိမ်းချမ်းစေချင်မိတယ်။
မျက်လုံးသုံးစုံက သူ့ဆီမှာ ဆုံနေတာကိုတောင်မသိဘဲ အဲ့နေရာမှာ ငေးငိုင်ပြီးတော့ရပ်နေတဲ့ ယောင်အင်းရဲ့နားထဲကို စူးရှတဲ့အမြင့်သံက ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။
“နှုတ်မဆက်ဘဲနဲ့ ဘာလုပ်နေတာလဲ”
မှုန်ဝါးနေခဲ့တဲ့ ယောင်အင်းရဲ့မျက်လုံးထဲကို အမြင်အာရုံပြန်ရောက်လာခဲ့တယ်။
အဲ့အချိန်ကျမှ ဆောင်းဟျော့ရဲ့ဘေးမှာထိုင်နေတဲ့အစ်မနဲ့ သူတို့နှစ်ယောက်ရဲ့မျက်နှာချင်းဆိုင်နေရာမှာထိုင်နေတဲ့အစ်ကို့ကို တွေ့လိုက်ရတယ်။
“နင် အစ်ကိုဆောင်းဟျော့ကို မသိဘူးလား”
အာရင်းရဲ့မျက်နှာထားရော စကားသံထဲမှာရော အမြင်ကပ်မှုတွေအပြည့်ဖြစ်နေရတာက ယောင်အင်းနဲ့ချန်းဂင်းရဲ့မင်္ဂလာပွဲအတွက် မျှော်လင့်ထားတာတွေ ရိုက်ချိုးခံလိုက်ရလို့ပင်။
“အမေအခက်တွေ့မှာဆိုပြီးပြောလို့သာ မတတ်နိုင်ဘဲ သွားလိုက်ရတာပါ။ လက်ထပ်ဖို့အတွေးမရှိပါဘူး”
ကြင်ဖက်တွေ့ခဲ့တာဘယ်လိုလဲလို့ အမေမေးတဲ့အချိန် ယောင်အင်းပြန်ဖြေခဲ့တဲ့စကားကိုသတိရတော့ ပိုပြီးဒေါသထွက်လာခဲ့တယ်။
အဲ့အစား အစကတည်းက အဲ့လိုပြောရောပေါ့။ ငါ့ရှေ့မှာကျတော့ အိုချန်းဂင်းနဲ့လက်ထပ်ဖို့ကို အကောင်းဘက်ကနေတွေးသလိုလုပ်ပြီးမှ တစ်နာရီတောင်မကြာသေးဘဲ နောက်စကားတစ်မျိုးကိုပြောတာက ဘာသဘောလဲလို့။
လူကို သရော်ချင်ရင်တောင်၊ သရော်နိုင်လောက်တဲ့ အဆင့်အတန်းရှိဦးမှပေါ့။
ဘယ်လိုဖြစ်ဖြစ် တစ်ကနေ တစ်ဆယ်အထိ ကြိုက်တဲ့နေရာတစ်ခုမှကို မရှိဘူး။
“ဘာလို့မသိရမှာလဲ။ ကြင်ဖက်တောင်တွေ့ခဲ့တဲ့ဆက်ဆံရေးကို”
ယောင်အင်းစိတ်ထဲ poker faceကို မထိန်းထားနိုင်လိုက်လို့ ကိုယ့်ကိုကိုယ်အပြစ်တင်နေတဲ့အချိန် ဘောမ်ဂျွန်းက ထေ့ငေါ့ပြီးတော့ ဝင်ပြောလာခဲ့တယ်။
“ကြင်ဖက်တွေ့တာတဲ့လား”
အာရင်းရဲ့ မျက်လုံးကပြူးသွားပြီးတော့ နေရာကနေထရပ်လိုက်တာနဲ့ ယောင်အင်းလည်း သူဒီနေရာမှာထပ်နေရင် ကောင်းမှာမဟုတ်တော့ဘူးဆိုတာကို ရိပ်မိသွားခဲ့တယ်။
“အေးအေးဆေးဆေးလည်ပြီးမှ ပြန်ပါ”
ပထမဆုံးနဲ့နောက်ဆုံးနှုတ်ဆက်တာကို တစ်ခါတည်းလုပ်ပြီးတော့ လှေကားပေါ်တက်သွားတဲ့ယောင်အင်းဆီ အာရင်းရဲ့ အဆိပ်ပြင်းလွန်းတဲ့မျက်လုံးက ကပ်ပါသွားခဲ့တယ်။ ဘာမှမပြောဘဲနဲ့လွှတ်ပေးလိုက်တာက အခု ပိုအရေးကြီးတဲ့ကိစ္စရှိနေလို့ပင်။
“ကြင်ဖက်တောင်တွေ့ခဲ့တဲ့ဆက်ဆံရေးဆိုတာက ဘာအဓိပ္ပါယ်လဲလို့”
စိတ်မရှည်ဖြစ်နေတဲ့အာရင်းနဲ့မတူဘဲ ဘောမ်ဂျွန်းရဲ့မျက်နှာကတော့ နည်းနည်းစိတ်မပါသလိုဖြစ်နေခဲ့တယ်။
“ချန်းဂင်းနဲ့တွေ့ဖို့လုပ်ထားတဲ့နေရာကို ဆောင်းဟျော့ကသွားလိုက်တာတဲ့”
“အစ်ကိုဆောင်းဟျော့က ဘာလို့လဲ”
“နင်လည်း သိတယ်မလား။ ချန်းဂင်းက မိန်းမတွေနဲ့ပတ်သက်ရင် နည်းနည်း လွတ်လွတ်လပ်လပ်နေတတ်တယ်ဆိုတာ။ ဆောင်းဟျော့ရဲ့နေရာကနေဆိုရင် အာရုံစိုက်ရုံကလွဲပြီး မတတ်နိုင်လောက်ဘူးလေ”
ဘောမ်ဂျွန်းကတော့ သူ့ကိုနည်းနည်းတောင်မတိုင်ပင်ဘဲ ကြင်ဖက်တွေ့တဲ့နေရာကိုသွားခဲ့တဲ့ဆောင်းဟျော့ကို နည်းနည်းမှ စိတ်မဆိုးခဲ့ဘူး။ အဲ့အကြောင်းကိုသိရတဲ့အချိန် နည်းနည်း အံ့ဩသွားရုံလောက်ပင်။ ဒါပေမဲ့ ဘာမှမသိချင်ယောင်ဆောင်နေတဲ့ယောင်အင်းကိုတော့ စိတ်ဆိုးတဲ့စိတ်တွေ များခဲ့တယ်။
“အဲ့ဒါက အစ်ကိုဆောင်းဟျော့နဲ့ ဘာဆိုင်လို့လဲလို့”
တရားခံကဘေးမှာရှိတယ်ဆိုတာကို သတိရသွားတဲ့အာရင်းက ဆောင်းဟျော့ဘက်ကိုလှည့်ပြီးမေးလိုက်တယ်။
“အစ်ကိုချန်းဂင်းရဲ့မိန်းမပြဿနာကို ဘာလို့အာရုံစိုက်နေတာလဲ”
ဆောင်းဟျော့က ဖြေမဲ့အစား ပြန်မေးခဲ့တယ်။
“အဲ့အကြောင်းရင်းကို ဘာလို့သိချင်တာလဲ။ ဒီကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ”
“အစ်ကို…… စိတ်မကောင်းဖြစ်ရအောင် ဘာလို့စကားကို ဒီလိုမျိုးပြောရတာလဲ…….”
အာရင်းရဲ့မျက်လုံးထဲမှာ မျက်ရည်တွေဝဲလာတာနဲ့ ဘောမ်ဂျွန်းက အမြန်ဖြေရှင်းပေးခဲ့တယ်။
“ဘာလို့ဖြစ်ရမှာလဲ။ သေချာပေါက်ငါ့ကြောင့်ပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ယောင်အင်းကလည်း ငါ့ညီမပဲကို၊ ဒီတိုင်း မသိချင်ယောင်ဆောင်ဖို့ အဆင်မပြေလို့ဖြစ်မှာပေါ့”
ယောင်အင်းနဲ့ဆောင်းဟျော့က ဘယ်လိုဆက်ဆံရေးဖြစ်ခဲ့လဲဆိုတာကို လုံးဝမသိတဲ့ဘောမ်ဂျွန်းက စိတ်ရင်းနဲ့ အဲ့လိုတွေးနေခဲ့တယ်။
“သေချာပေါက် တခြားအကြောင်းရင်းကတော့ ရှိစရာအကြောင်းမရှိပေမဲ့…….”
အာရင်းက စကားအဆုံးပိုင်းကိုဆွဲပြောရင်း ဆောင်းဟျော့ရဲ့မျက်နှာအမူအရာကို ကြည့်လိုက်တယ်။
ဆောင်းဟျော့ ယောင်အင်းကို စိတ်ဝင်စားသွားတာလားဆိုပြီး ပူပန်သွားလို့လေ။ ဒီအတောအတွင်း ယောင်အင်းကိုစိတ်ဝင်စားတဲ့ ဘောမ်ဂျွန်းရဲ့သူငယ်ချင်းတွေက တစ်ယောက်နှစ်ယောက်ပဲ မဟုတ်ဘူးဆိုတဲ့အမှန်တရားက အာရင်းကို ပိုစိတ်ပူစေခဲ့တယ်။
“အစ်ကို”
ခုနတုန်းက စစ်မေးသလိုမေးခဲ့တာတွေကို နောင်တရသလိုမျိုး၊ ဆောင်းဟျော့ကိုခေါ်တဲ့အာရင်းရဲ့အသံက တိုးလာခဲ့တယ်။
“ကျွန်မကိုလည်း နည်းနည်းလောက်အာရုံစိုက်ပေးပါ။ အဲ့ဒါကမှ မှန်တာလေ”
အာရင်းက ငယ်ငယ်ကတည်းကနေ ယောင်အင်းနဲ့ပက်သက်ပြီး သိမ်ငယ်စိတ် ပြင်းထန်ခဲ့တယ်။
ယောင်အင်းရဲ့ ဖြူစင်တဲ့မျက်နှာနဲ့ ရှင်းလင်းတဲ့အသံကလည်း မလိုက်ဖက်လှသလို ပိန်သွယ်တဲ့ခန္ဓာကိုယ်နဲ့ ထင်းနေတဲ့မေးရိုးကိုလည်း ကြည့်မရခဲ့ဘူး။ ဆွဲထုတ်ခံရတော့မလို နက်ရှိုင်းတဲ့မျက်လုံးတွေကိုသာတွေ့လိုက်ရင် ဘာမှမဟုတ်ဘဲ စိတ်တိုလာခဲ့တယ်။
ဝက်ခြံပျောက်ဖို့ အသားဖြူဖို့အတွက် နှစ်တိုင်း အရေပြားဆေးခန်းမှာ ပိုက်ဆံ ထောင်ချီသုံးရတဲ့သူတစ်ယောက်အနေနဲ့ အမည်းစက်တစ်ခုမှမရှိဘဲ ကြည်လင်နေတဲ့ယောင်အင်းရဲ့အသားအရေကို ရူးလောက်အောင် အားကျခဲ့တယ်။
အသွင်အပြင်တင်မကဘူး။ ပညာရေးကလည်း သိမ်ငယ်စိတ်ကိုဖြစ်စေတဲ့ အခန်းကဏ္ဍမှာပါဝင်ခဲ့တယ်။
ကျွန်မထက်ပိုငယ်တဲ့ယောင်အင်းက ကိုရီးယားမှာအကောင်းဆုံးဖြစ်တဲ့ နာမည်ကြီးတက္ကသိုလ်ကနေဘွဲ့ရခဲ့တယ်ဆိုတဲ့အမှန်တရားနဲ့တင် မကျေမနပ်ဖြစ်မိပေမဲ့ ဆောင်းဟျော့နဲ့တက္ကသိုလ်တူတယ်ဆိုတာက ပိုပြီးမကျေမနပ်ဖြစ်စေခဲ့တယ်။
သူတို့နှစ်ယောက်က စီနီယာ ဂျူနီယာဆိုတဲ့အမှန်တရားကို လုံးဝမုန်းတီးခဲ့တယ်။ ခုနက ဆောင်းဟျော့ ယောင်အင်းကို ဂျူနီယာလို့ခေါ်တဲ့အချိန် စိတ်တိုသွားလို့လည်း စကားကို ပိုပြီးတော့ခပ်ကြမ်းကြမ်းပြောမိခဲ့တာ။
“ဘာက မှန်တာလဲ”
“ချဲဘောမ်ဂျွန်းရဲ့ညီမအရင်းက ကျွန်မပါ။ ယောင်အင်းမဟုတ်ဘူးလို့”
ဆောင်းဟျော့က ရုတ်တရက် ရယ်လိုက်တယ်။
ဘောမ်ဂျွန်းနဲ့အာရင်းက ယောင်အင်းကို ညီမလိုမတွေးဘူးဆိုတာကို မသိတာလည်းမဟုတ်ဘဲနဲ့ ဒီနေ့ကျမှ ဘာလို့ဒီလောက်တောင် အော်ဂလီဆန်စရာကောင်းနေရတာလဲ။
“ဒါဆိုမင်းလည်း အိုချန်းဂင်းနဲ့ကြင်ဖက်တွေ့လိုက်ပါလား”
သေချာပေါက် အာရင်းကိုတော့ အိုချန်းဂင်းနဲ့ ကြင်ဖက်ပဲတွေ့တွေ့ မင်္ဂလာပဲဆောင်ဆောင် နည်းနည်းမှ စိတ်မဝင်စားဘူး။
သူက တခြားသူတွေရဲ့ကိစ္စဆို စိတ်လည်းမဝင်စားသလို စပ်လည်းမစုတတ်ဘူး။ ချဲယောင်အင်းဖြစ်နေလို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီးတော့ ချဲယောင်အင်းဖြစ်နေလို့ စပ်စုခဲ့ရုံပင်။
“ကျွန်မက ရူးနေလို့လား”
အာရင်း ချက်ချင်းအော်ပြောလိုက်တာနဲ့ အေးစက်စက်အကြည့်က ဘောမ်ဂျွန်းဆီရောက်သွားခဲ့တယ်။
“ကြားတယ်မလား။ ရူးမိုက်တဲ့လုပ်ရပ်တဲ့”
ဘောမ်ဂျွန်းက မျက်လုံးပြူးလာပြီးတော့ ခံပြင်းတယ်ဆိုတဲ့ပုံစံနဲ့ လက်ကိုယမ်းလိုက်တယ်။
“ကြင်ဖက်တွေ့ဖို့စီစဉ်တာက ငါမဟုတ်ပါဘူးဆို။ ငါ့အမေလို့ ငါ့အမေ”
“အိုချန်းဂင်းက ဘယ်လိုကောင်လဲဆိုတာကိုသေချာသိရဲ့သားနဲ့ မတားတဲ့မင်းက ပိုဆိုးတယ်လို့ရော မတွေးမိဘူးလား”
“…….”
ဘောမ်ဂျွန်း ဆောင်းဟျော့ရဲ့အကြည့်ကိုရှောင်ရင်း မဖြေဘဲနေလိုက်တယ်။ တိုက်ရိုက်တွန်းအားပေးခဲ့တယ်ဆိုတဲ့အမှန်တရားကို သိသွားမှာထက် အဲ့အစား မတားလိုက်ဘူးဆိုပြီးအထင်လွဲတာက ပိုကောင်းတယ်လို့ထင်မိလို့ပဲ။
ဆောင်းဟျော့လည်း ထပ်ပြီးတော့ သူ့ကိုဘာမှမပြောတော့ဘူး။ အဲ့အစား ကိုယ့်ကိုကိုယ် ပြန်မေးခဲ့တယ်။
တကယ်လို့ ယောင်အင်းသာ အိုချန်းဂင်းမဟုတ်ဘဲ ကောင်းတဲ့ယောကျ်ားနဲ့ဆုံခဲ့မယ်ဆိုရင် ဒီလိုမျိုး ခံစားချက် ဆိုးဝါးနေဦးမှာလား။
အဖြေကတော့ ‘ဟုတ်တယ်’ သာ။
ယောင်အင်းရဲ့ဘေးမှာတခြားယောကျ်ားရပ်နေတဲ့ပုံကို တွေးကြည့်ရုံနဲ့တင် ရူးလောက်အောင် စိတ်မချမ်းမသာဖြစ်ရတယ်။
***
ဘောမ်ဂျွန်းရဲ့အခန်းက ပထမထပ်၊ အာရင်းနဲ့ယောင်အင်းရဲ့အခန်းက ဒုတိယထပ်မှာဖြစ်လို့ ဆောင်းဟျော့အိမ်ပေါ်ကိုတက်လာစရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပင်။
အဲ့အမှန်တရားက ယောင်အင်းကို စိတ်အေးစေခဲ့တယ်။
လူသုံးယောက်ရဲ့အကြည့်ကိုခံရင်း ဒုတိယထပ်ကိုတက်လာတဲ့ယောင်အင်းဟာ အဲ့ချိန်ကျမှ တင်းနေတဲ့ပုခုံးကနေ အားလျော့နိုင်ခဲ့တယ်။
အံကြိတ်ထားလို့လားမသိ၊ မေးစေ့ကနာနေပြီးတော့ လက်ကချွေးတွေနဲ့ ရွှဲစိုနေခဲ့တယ်။
‘အရေးကြီးကိစ္စပေါ်လာလို့ဆိုပြီးတော့ အပြင်ပြန်ထွက်သွားရမလား’
ရုတ်တရက်ပေါ်လာတဲ့အတွေးကို အမြန်ပြန်ဖျောက်လိုက်ရတာက အရမ်းဆိုးဝါးတဲ့ဆင်ခြေလို့ခံစားရလို့ပဲ။ အဲ့လိုဆင်ခြေပေးပြီးတော့ထွက်သွားတာက ချားဆောင်းဟျော့ကိုသတိထားနေတယ်ဆိုတာကို သိသာအောင်လုပ်သလိုဖြစ်မှာမို့ ဒီတိုင်း အိမ်မှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်။
‘ပထမထပ်ကို မဆင်းရင်ရပြီ’
ခြေလှမ်းကိုအမြန်လှမ်းပြီးတော့ အခန်းထဲဝင်သွားတဲ့ယောင်အင်းက တံခါးပိတ်ပြီးတော့ တံခါးကိုကျောမှီထားလိုက်တယ်။
စိတ်လှုပ်ရှားတာပြေသွားတဲ့ခန္ဓာကိုယ်က သူ့ဘာသာ လျှောကျသွားခဲ့တယ်။
ယောင်အင်း ကြမ်းပြင်ပေါ်မှာထိုင်ချပြီးတော့ ခုန်နေတဲ့နှလုံးသားကိုငြိမ်အောင်လုပ်လိုက်တယ်။ မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက်ပေါ်ပေါ်လာတဲ့ ချားဆောင်းဟျော့ကြောင့် နှလုံးတောင်မကျန်တော့မဲ့အခြေအနေပဲ။
နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်လောက်တဲ့အချိန် သတိမထားမိခဲ့တဲ့ ခေါင်းကိုက်တာကလည်း ပြန်စလာခဲ့တယ်။
လက်ဖျားနဲ့နားထင်ကိုနှိပ်ပေးပြီးတော့ ပြန်ထလိုက်တဲ့ယောင်အင်းဟာ လဲမဲ့အဝတ်အစားကိုယူပြီး အခန်းထဲကနေ ပြန်ထွက်သွားလိုက်တယ်။ ရေနွေးနွေးလေးနဲ့ရေချိုးလိုက်ရင် ခေါင်းကိုက်တာနည်းနည်းလောက်ဖြစ်ဖြစ် သက်သာသွားမလားထင်လို့။
လှေကားဘက်ကိုတစ်ချက်ကြည့်ပြီးတော့ ရေချိုးခန်းထဲကိုလျှောက်သွားတဲ့ ယောင်အင်းရဲ့ခြေထောက်တစ်စုံဟာ ရပ်သွားခဲ့တယ်။ ခဏလောက်မေ့နေခဲ့တဲ့ပြဿနာကို သတိရသွားလို့ပင်။
ကျွန်မ ကြင်ဖက်တွေ့ခဲ့တဲ့သူက အိုချန်းဂင်းမဟုတ်ဘဲ ချားဆောင်းဟျော့ဆိုတာကို အစ်မနဲ့အစ်ကိုသိသွားပြီ။
သေချာပေါက် အဲ့နှစ်ယောက် သိသွားမယ်လို့ခန့်မှန်းထားပြီးသားမို့ ဖြေရှင်းဖို့လည်းလုပ်ထားခဲ့တယ်။ အေးအေးဆေးဆေးကျော်သွားပေးမှာဆိုတဲ့ မျှော်လင့်ချက်ကတော့လုံးဝမရှိပေမဲ့ တကယ်ကိုယ့်ရှေ့ကိုရောက်လာတဲ့အချိန်ကျတော့လည်း သူ့အလိုလိုသက်ပြင်းချမိတယ်။
“ဟာ…….”
အဆင်မပြေတဲ့ကြားမှာတောင် ဆောင်းဟျော့ကို မနာကျည်းခဲ့ဘူး။ အစ်ကို့ကို သူပြောလိုက်တာမဟုတ်ဘူးလို့ သေချာနေခဲ့လို့လေ။ လျို့ဝှက်ထားပေးမယ်လို့ကတိပေးခဲ့တာတောင်မဟုတ်ဘဲ ဒီတိုင်း အဲ့လိုပဲသေချာနေခဲ့တယ်။
တကယ် နာကျည်းမိတာကတော့ ကြင်ဖက်တွေ့ပြီးပြန်လာတဲ့နေ့မှာ အစ်မကိုအဓိပ္ပါယ်မရှိတဲ့စကားတွေပြောခဲ့တဲ့ ကျွန်မကိုယ်ကျွန်မပဲ။
အိုချန်းဂင်းရဲ့ပုံစံအစစ်ကို တခြားသူတွေထက် ကောင်းကောင်းသိရက်နဲ့တောင် လက်ထပ်ဖို့တိုက်တွန်းတဲ့အစ်မကို မုန်းခဲ့တယ်။ ဒါကြောင့် ချားဆောင်းဟျော့နဲ့သာလက်ထပ်နိုင်မယ်ဆိုရင် နတ်ဆိုးဆီကိုတောင် ဝိညာဉ်ရောင်းစားနိုင်တဲ့အစ်မကို အထင်ကြီးအောင် လုပ်ပြချင်ခဲ့မိတယ်။
အရင်ကလိုမျိုး။
လွန်ခဲ့တဲ့ ၃နှစ်တုန်းက ဆောင်းဟျော့ တွဲကြရအောင်လို့ပြောခဲ့တဲ့ အဲ့နေ့ကလိုမျိုး။
အဲ့နေ့တုန်းက အကြောင်းရင်း ရေရေရာရာလည်းမရှိဘဲနဲ့ အစ်မဆီကနေသာ ပါးရိုက်မခံခဲ့ရဘူးဆိုရင် တွဲရအောင်ဆိုတဲ့ သူ့ရဲ့ကမ်းလှမ်းချက်ကို လွယ်လွယ်လက်ခံပေးခဲ့မှာမဟုတ်ဘူး။
ဒေါသထွက်နေတုန်း စခဲ့တဲ့ဆက်ဆံရေးက အဲ့လောက် နက်နဲသွားမယ်လို့ရော၊ သူနဲ့လမ်းခွဲတာက အဲ့လောက်နာကျင်ရမယ်လို့ရော အဲ့တုန်းကမသိခဲ့တာမို့။
တကယ်လို့ သိခဲ့မယ်ဆိုရင် သူ့ကိုအဆုံးထိငြင်းနိုင်ခဲ့လောက်လား။
တကယ်တော့ ယုံကြည်ချက်မရှိခဲ့ဘူး။
ဟိုလိုဒီလို အတိတ်ထဲမှာမျောနေပြီး ရေချိုးခန်းထဲကိုဝင်သွားတဲ့ယောင်အင်းဟာ ရေချိုးပြီးတော့ အခန်းထဲကို ပြန်ဝင်လာခဲ့တယ်။ ခေါင်းထဲမှာ ပိုရှုပ်လာလို့လားမသိ ခေါင်းကိုက်တာက နည်းနည်းလေးမှသက်သာချင်တဲ့အရိပ်အယောင်ကို မတွေ့ခဲ့ရဘူး၊
အိပ်ယာထိပ်မှာထိုင်နေရင်းကနေ လုံးဝလှဲဖို့လုပ်တဲ့အချိန် ရှင်းလင်းတဲ့တံခါးခေါက်သံက တိတ်ဆိတ်မှုကိုဖြိုခွဲလာတယ်။
‘ဘယ်သူပါလိမ့်’
ချက်ချင်းထထိုင်လိုက်တဲ့ ယောင်အင်းရဲ့မျက်စံက ပူပန်စွာလှုပ်သွားခဲ့တယ်။
အစ်မက အမြဲ တံခါးမခေါက်ဘဲနဲ့အခန်းထဲကိုဝင်လာတတ်ပြီးတော့ အစ်ကိုကတော့ တံခါးကိုခြေထောက်နဲ့ကန်တာပဲဖြစ်ဖြစ် အပြင်ကနေ အော်ခေါ်တတ်တယ်။ အဲ့ဒါကြောင့်မို့ အဲ့နှစ်ယောက်တော့ဖြစ်နိုင်စရာအကြောင်းမရှိဘူး။
‘မစ္စဂင်များလား’
ယောင်အင်း အိမ်ရှင်ရဲ့မျက်နှာကိုသတိရသွားတာမို့ သတိထားပြီးတော့ ပြန်ဖြေလိုက်တယ်။
“ဟုတ်ကဲ့…….”
လေသံမလန်းဆန်းနေတာက ဘာလို့မှန်းမသိ သက်သောင့်သက်သာမ
ရှိတဲ့ ခံစားချက်ဝင်လာလို့ပင်။ နောက်ပြီးတော့ ဘာလို့အဲ့လိုခံစားရလဲဆိုတာကို တံခါးဖွင့်ပြီးဝင်လာတဲ့လူရဲ့မျက်နှာကိုတွေ့ပြီးမှ သိလိုက်ရတယ်။
ချားဆောင်းဟျော့၊ သူက သူ့ရဲ့ထူးခြားတဲ့ သက်သောင့်သက်သာအပြုံးကို ပြုံးပြလာခဲ့တယ်။