Chapter 6
ရပ်သွားတာလည်း ခဏပါပဲ၊ ယောင်အင်းရဲ့မျက်လုံးတစ်စုံဟာ ထွက်ကျတော့မလို ဝိုင်းစက်သွားခဲ့တယ်။
“ဘာလာလုပ်တာလဲ”
ဆောင်းဟျော့က ဘာမှမဖြစ်သလိုမျက်နှာနဲ့ ရှေ့ကိုတစ်လှမ်းတိုးလာတယ်။
“ဘာလို့ဒီလောက်တောင်လန့်နေတာလဲ။ မင်းဝင်လာဖို့ပြောလို့ ဝင်လာတာလေ”
“စီနီယာမှန်း မသိလို့လေ”
“ငါမှန်းသာသိရင် ဝင်လာခိုင်းမှာမဟုတ်ဘူးဆိုတဲ့ သဘောလား”
သူ့ရဲ့မျက်မှောင်က နည်းနည်းကြုံ့သွားခဲ့တယ်။
“မင်းဘာလို့ လူကိုခွဲခြားဆက်ဆံတာလဲ”
“…….”
ယုံကြည်မှုအပြည့်နဲ့ပြောလိုက်တဲ့ အဲ့စကားကြောင့် ယောင်အင်းပြောမဲ့စကားလုံးတွေ ရပ်သွားခဲ့တယ်။
ဒါမျိုးကို ခွဲခြားဆက်ဆံတာလို့ပြောရင် မှန်တယ်မလား။
တကယ်လို့ ခွဲခြားဆက်ဆံတာမှန်တယ်ဆိုရင်တောင် လမ်းခွဲပြီးတာကြာပြီဖြစ်တဲ့ ရည်းစားဟောင်းကို ခွဲခြားဆက်ဆံတာက အဲ့လောက်အပြစ်ကြီးတာတော့ မဟုတ်ဘူးမလား။
“အာရင်းက အမေခေါ်လို့မီးဖိုချောင်သွားတယ်။ ဘောမ်ဂျွန်းကတော့ ဖုန်းပြောနေတုန်း။ ငါဒီကိုတက်လာတာကို ဘယ်သူမှမသိတာမို့ စိတ်မပူလည်းရတယ်”
“အခု အဲ့ဒါက အရေးမကြီးဘူးလေ”
“ဒါဆို ဒီတိုင်းပြောပြီးမှ တက်လာခဲ့ရမလား။ ချဲယောင်အင်းအခန်းကို သွားဦးမယ်ဆိုပြီး”
“…….”
ယောင်အင်းလည်း ပါးစပ်ကို တစ်ခါနှစ်ခါဟလိုက်ရုံသာတတ်နိုင်တယ်။ ဘာစကားမှ ပြန်မပြောနိုင်ခဲ့ဘူး။ အဓိပ္ပါယ်မရှိပေမဲ့လည်း သူ့ပြောတာကိုကြားပြီးသွားတော့ ဘယ်သူမှမသိအောင် တက်လာပေးတဲ့သူ့ကိုကျေးဇူးတင်တဲ့စိတ်ဝင်လာခဲ့တယ်။
ယောင်အင်းပါးစပ်ပိတ်လိုက်တာနဲ့ ဆောင်းဟျော့ရဲ့နှုတ်ခမ်းက နူးညံ့စွာကွေးညွှတ်သွားတယ်။ ပြီးတော့ စူးစမ်းတဲ့မျက်လုံးနဲ့ အခန်းကိုဖြေးဖြေးချင်း ကြည့်လိုက်တယ်။
“ငါတို့ပထမဆုံးတွေ့တာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကဆိုပေမဲ့ ဒီနေ့မှ မင်းအခန်းထဲကိုဝင်ဖူးတာပဲ”
သူ ဒီအိမ်ကို ပထမဆုံးအကြိမ်လာဖူးတာက ဘောမ်ဂျွန်းနဲ့အခန်းတူတဲ့ အထက်တန်းပထမနှစ်အချိန်မှာပေါ့။ နဂိုကတည်းက ခဏခဏလာတာတော့မဟုတ်ပေမဲ့ ယောင်အင်းနဲ့တွဲတဲ့ နှစ်ဝက်လောက်ရောက်တော့ သတိထားပြီး အဲ့ဘက်ကိုထပ်မသွားဖြစ်တော့ဘူး။
အကြောင်းရင်းကတော့ ချဲယောင်အင်းရဲ့ဆန္ဒမို့။
လျို့ဝှက်တွဲရအောင်လို့ပြောတဲ့သူရော၊ အိမ်ကိုမလာနဲ့လို့ပြောတဲ့သူရောက ယောင်အင်းပဲဖြစ်နေခဲ့တာ။
အပေါ်ယံကြည့်ရင်တော့ သူက သူ့စိတ်ကြိုက်ပဲလုပ်သလိုထင်ရပေမဲ့၊ သူ,မလုပ်ချင်တဲ့အရာတွေကို မကြိုက်ရင်တောင် အားလုံးလိုက်လုပ်ပေးခဲ့တယ်။
နောက်ဆုံးအနေနဲ့ လမ်းခွဲစကားအထိတောင်ပဲ။
“ဘယ်သူက ချဲယောင်အင်းအခန်းမဟုတ်ဘူးလို့ ပြောမှာမို့လဲ”
အခန်းပိုင်ရှင်ရဲ့အကျင့်စရိုက်ကို အပြည့်အဝတွေ့ရတဲ့အခန်းတစ်ခုလို့ဆိုရလောက်အောင် မလိုအပ်တာတွေတစ်ခုမှမရှိဘဲ ရှင်းလင်းနေခဲ့တယ်။ အဖြူရောင်အတွင်းပိုင်းဒီဇိုင်းက အခန်းပိုင်ရှင်လိုမျိုး သန့်ရှင်းပြီးတော့ အေးစက်စက်ခံစားချက်ကို ရစေတယ်။
အလှပြပစ္စည်းဆိုလို့ အိပ်ယာဘေးကစားပွဲပေါ်မှာတင်ထားတဲ့ အစိမ်းရောင် အပင်သေးသေးလေးနဲ့ မှန်တင်ခုံပေါ်မှာတင်ထားတဲ့ မှန်ဘောင်တစ်ခုကလွဲရင် မရှိခဲ့ဘူး။
ယောင်အင်းတားချိန်တောင်မရလိုက်ဘဲ မှန်တင်ခုံနားကိုသွားလိုက်တဲ့ဆောင်းဟျော့က ခါးကိုကုန်းပြီးတော့ ဓာတ်ပုံကိုကြည့်လိုက်တယ်။
ဓာတ်ပုံကတော့ အသက် ၅နှစ် ၆နှစ်အရွယ် ကလေးမလေးတစ်ယောက်ပင်။
“ငယ်ငယ်တုန်းကတော့ ချစ်စရာလေးပဲ”
နှစ်ဖက်ချည်ထားတဲ့ဆံပင်၊ ဝိုင်းစက်နေတဲ့မျက်လုံး၊ ဖောင်းနေတဲ့ပါးနှစ်ဖက်ကိုတွေ့လိုက်ရတော့ အလိုလို ပြုံးမိသွားခဲ့တယ်။
“ကျွန်မလည်းသိပါတယ် အခုတော့ ချစ်စရာမကောင်းတော့တာကို”
ဆောင်းဟျော့က ဓာတ်ပုံကနေအကြည့်ခွာလိုက်ပြီးတော့ ယောင်အင်းကို တစ်ချက်ကြည့်လာတယ်။
“အခုကတော့ လှတာပေါ့”
ဒီတိုင်းပြောလိုက်တဲ့စကားကို သူက တစ်စက်လေးမှမစနောက်ဘဲ ပြန်ပြောလာတာမို့ ယောင်အင်းလည်း အံ့ဩသွားတာကိုဖုံးဖို့အတွက် အမြန်စကားလမ်းကြောင်းလွှဲလိုက်တယ်။
“အစ်ကို့ကိုလာတွေ့တာဆိုရင် အစ်ကိုနဲ့သွားတွေ့လေ။ ဘာလို့ ဒီအထိလာပြီးတော့ ဒီလိုတွေလုပ်နေတာလဲ”
“ငါဘယ်တုန်းက ဘောမ်ဂျွန်းကိုလာတွေ့တာလို့ပြောလို့လဲ။ မင်းကိုတွေ့ဖို့လာတာလေ”
“…….”
ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့မျက်ဝန်းတွေက အနည်းငယ်တုန်ရင်သွားခဲ့တယ်။ ကျွန်မကိုတွေ့ဖို့လာတာမဟုတ်ဘူးလို့ ကြိုးစားပြီးမျက်နှာလွှဲနေခဲ့ပေမဲ့ အလဟဿအချိန်ဖြုန်းမိသွားတာပဲ။
“ဘောမ်ဂျွန်းလာလည်လို့ပြောလို့ လာတာမှန်ပေမဲ့ မင်းနဲ့တွေ့ရမလားဆိုပြီးတော့ လာခဲ့တာ။ မင်းသာ ဒီအိမ်မှာမနေဘူးဆိုရင် လာမှာမဟုတ်ဘူး”
ယောင်အင်းက ဖြေးဖြေးချင်းလျှောက်လာပြီးတော့ သူ့ရှေ့မှာရပ်လိုက်တဲ့ဆောင်းဟျော့ကို တကယ်ပဲ ဘာလို့ဒီလိုတွေလုပ်နေတာလဲ၊ ဘာဖြစ်ချင်နေတာလဲလို့ မေးကြည့်ချင်ခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်များတက်လာမလားဆိုပြီးတော့ စိတ်ပူနေတာမို့ ပြောရမဲ့စကားကိုမဟုတ်ဘဲ အဆက်အစပ်မရှိတဲ့စကားတွေကို ပြောမိသွားတယ်။
“……အ အမြန်အောက်ဆင်းပါတော့”
ဆောင်းဟျော့က ခေါင်းကိုညိတ်လိုက်ပေမဲ့ ခန္ဓာကိုယ်ကိုတော့မလှုပ်ခဲ့ဘူး။ အခုထိ ပြောစရာစကားကျန်သေးတဲ့ပုံပဲ။
“နောက်ကျရင် ဘယ်သူလဲဆိုတာအရင်သိအောင်လုပ်ပြီးမှ ဝင်လာဖို့ပြော။ ဘယ်သူမဆို အခန်းထဲဝင်ခိုင်းမနေနဲ့ဦး”
ယောင်အင်းက ဟက်ခနဲရီလိုက်တယ်။
“ဒီနေရာက ကျွန်မအိမ်ပါ”
“အပြင်လူတွေလည်း ဝင်ထွက်နိုင်တာပဲလေ”
“မဟုတ်မှ ကိုယ်တိုင်ကရောအပြင်လူမဟုတ်ဘူးလို့ တွေးနေတာလား”
“သေချာပေါက် ငါကတော့မဟုတ်ဘူးပေါ့”
“…….”
ယောင်အင်းမှာ အံ့ဩလွန်းလို့ ပြောစရာစကားတောင်ပျောက်သွားခဲ့တယ်။ ‘အပြင်လူ’နဲ့ ‘ဘယ်သူမဆို’ ဆိုတဲ့စကားလုံးတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့သူရဲ့ပါးစပ်ကနေ ထွက်လာတဲ့စကားရောဟုတ်ရဲ့လားလို့ သံသယဝင်ရလောက်အောင် အံ့ဩသွားခဲ့တယ်။
ဒါတင်မက အဲ့လောက်နဲ့ပဲ မပြီးသွားခဲ့ဘူး။
“ဆေးသောက်ပြီးပြီလား”
ဒါကရောဘာစကားလဲဆိုပြီးတော့ ယောင်အင်းရဲ့မျက်လုံးတွေ မှေးကျဥ်းသွားခဲ့တယ်။
“ဘာဆေးကိုပြောတာလဲ”
“ခေါင်းကိုက်ပျောက်ဆေး။ မင်းအခု ခေါင်းကိုက်နေတယ်လေ”
“…….”
ယောင်အင်းလည်း သူ့ကို ‘ခေါင်းကိုက်တယ်’လို့ ပြောမိလိုက်လားဆိုပြီး ပြန်တွေးကြည့်ခဲ့တယ်။
သေချာပေါက်ကို တွေးလို့မရခဲ့ဘူး။ မပြောဖူးတာမို့လေ။
“မင်းက ခေါင်းကိုက်တဲ့အချိန်ဆို နှာခေါင်းရှုံ့တတ်တဲ့အကျင့်ရှိတယ်”
“ကျွန်မကလား”
ယောင်အင်းရဲ့မျက်လုံးတွေဝိုင်းစက်သွားတော့ ဆောင်းဟျော့ရဲ့မျက်နှာမှာ စနောက်မှုတွေပြည့်နေတဲ့အပြုံး ပေါ်လာခဲ့တယ်။
“ကျွန်.. ကျွန်မမှာလား”
“…….”
ယောင်အင်း သူမ,ကိုယ်တိုင်တောင်မသိတဲ့ သူမရဲ့အကျင့်ကိုသိနေတဲ့သူကို ဘာမှမပြောဘဲ မော့ကြည့်လိုက်တယ်။
“သည်းခံနေတာ မကောင်းဘူး။ ဆေးသောက်လိုက်”
ဆောင်းဟျော့က အဲ့စကားကိုပြောပြီးပြီးချင်းပဲ နောက်လှည့်ကာ အခန်းထဲကနေထွက်သွားခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်လိုက်ပြီး ပိတ်သွားတဲ့တံခါးကိုကြည့်နေတဲ့ယောင်အင်းရဲ့နှုတ်ခမ်းကနေ အသံတိုးတိုးလေး ထွက်လာခဲ့တယ်။
“အဲ့ဒါ အကုန်လုံး စီနီယာကြောင့်လေ…….”
ခေါင်းကိုက်ရတဲ့အကြောင်းရင်းရော ၊ အိတ်ထဲမှာရှိတဲ့ခေါင်းကိုက်ပျောက်ဆေးကို မသောက်နိုင်တဲ့အကြောင်းရင်းရော အားလုံးက တစ်ယောက်သောသူကြောင့်သာ။
ကျွန်မခေါင်းကိုရှုပ်ထွေးစေတဲ့သူရော၊ ရေယူဖို့အောက်ကိုမဆင်းနိုင်အောင်လုပ်တဲ့သူရောက ချားဆောင်းဟျော့တစ်ယောက်တည်းပဲ။
အားလုံးကသူ့အပြစ်ဆိုပြီး သူ့ကိုပဲအပြစ်ဖို့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
အဲ့လိုပဲဖြစ်ဖြစ်လုပ်မှ သူ့ဆီကို ကူကယ်ရာမဲ့စိတ်ယိုင်နေတဲ့ ကိုယ့်ကိုကိုယ် ပိုမသနားမိလောက်ဘူးထင်လို့…….
အချိန်ဘယ်လောက်တောင် ကုန်သွားပြီလဲ။
စိတ်ပျံ့လွင့်နေတဲ့မျက်လုံးနဲ့ ငိုင်ပြီးထိုင်နေတဲ့ယောင်အင်းရဲ့နားထဲမှာ ဝုန်းခနဲတံခါးဖွင့်လိုက်တဲ့အသံကိုကြားလိုက်ရတယ်။ အဲ့ဒီနောက် စိတ်တိုနေတဲ့အသံက ဆက်ပြီးထွက်လာခဲ့တယ်။
“ရား ထမင်းစားမယ်!”
ယောင်အင်း စိတ်မဝင်စားတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သည်းခံရတာကြာနေပြီမို့လို့ အစ်မ တံခါးမခေါက်ဘဲ ရုတ်တရက်ဝင်လာရင်တောင် ဘာမှသိပ်မခံစားရတော့ဘူး။
“ထမင်းစားချင်စိတ်မရှိဘူး”
“နင့်စိတ်အခြေအနေဆိုတာမျိုးကို ငါစိတ်မဝင်စားဘူး။ အဖေကခေါ်ခိုင်းလိုက်လို့လာခေါ်တာ”
အာရင်းက ‘နင်ငတ်သေသေ မသေသေ နည်းနည်းလေးမှစိတ်မဝင်စားဘူး’ ဆိုတဲ့အဓိပ္ပါယ်နဲ့ နှုတ်ခမ်းတစ်ဖက်ကိုပဲ ကွေးတင်လိုက်တယ်။
“စောစောပြန်လာတာပဲ”
“အဲ့ဒီတော့ မကျေနပ်ဘူးလား”
“မဟုတ်ပါဘူး။ ဆင်းလာခဲ့မယ်”
အဖေအိမ်မှာရှိတဲ့အချိန်ဆိုရင် သေချာပေါက် တစ်မိသားစုလုံးထမင်းစားပွဲမှာထိုင်ရတာက စည်းကမ်းဖြစ်တာကြောင့် ယောင်အင်းအနေနဲ့ ခေါင်းမာကြည့်ဖို့အတွေးတောင် မတွေးနိုင်ခဲ့ဘူး။ ခန္ဓာကိုယ် ထမထိုင်နိုင်လောက်တဲ့အထိ နေမကောင်းတာမဟုတ်ဘူးဆိုရင် ဘယ်သူမှ ချွင်းချက်မဖြစ်နိုင်ခဲ့ဘူး။
ဘာလို့အရာအားလုံးက ထင်ထားတာနဲ့မတူရတာလဲ။
ကျွန်မအခန်းထဲမှာနေနေရင်ရပြီလို့ ထင်ထားတာက ခန့်မှန်းချက်အမှားကြီးဖြစ်ခဲ့တယ်။ ဆောင်းဟျော့ ကျွန်မအခန်းထဲအထိ တက်လာတာရော၊ အဖေ အောက်ဆင်းဖို့ပြောတာရောက လုံးဝတွေးမထားတဲ့အရာတွေပဲ။
“နင် အစ်ကိုချန်းဂင်းနဲ့မဟုတ်ဘဲ အစ်ကိုဆောင်းဟျော့နဲ့ကြင်ဖက်တွေ့တာဆို”
“အင်း”
“ဘာလို့မပြောတာလဲ”
“ဘာကြီးကျယ်တဲ့ကိစ္စမှတ်လို့”
တည်ငြိမ်တဲ့အဖြေကြောင့် ဒေါသထွက်သွားတဲ့အာရင်းက အံ့ကိုကြိတ်လိုက်တယ်။
“ဉာဏ်နီဉာဏ်နက်များတဲ့ကောင်မ”
“…….”
“အစ်ကိုဆောင်းဟျော့က လက်ထပ်ဖို့ပြောတာတဲ့လား။ ဘယ်ကိုလာပြီး လာလိမ်နေတာလဲ။ နောက်တစ်ခေါက်ထပ်ပြီးတော့ အဓိပ္ပါယ်မရှိတဲ့စကားပြောရင် ဒီတိုင်းမထားဘူးမှတ်””
အာရင်းက နင့်ကိုဝါးစားရင်တောင် မကျေနပ်ဘူးဆိုတဲ့မျက်နှာထားနဲ့ ပြင်းပြင်းထန်ထန်သတိပေးပြီးတော့ အခန်းထဲကနေထွက်သွားခဲ့တယ်။
ယောင်အင်းလည်း တိတ်ဆိတ်စွာနဲ့ သူ့နောက်ကနေလိုက်သွားလိုက်တယ်။
ထင်ထားတာထက်ပိုရိုးရှင်းတဲ့တုံ့ပြန်မှုကြောင့် ဝမ်းသာဖို့အချိန်တောင်မရှိလိုက်ရတာက ဆောင်းဟျော့နဲ့စားပွဲတစ်ခုထဲမှာ ထမင်းအတူစားရမယ်ဆိုတဲ့ အမှန်တရားကြောင့်ပင်။ အခုကတည်းကနေ အစာမကြေဖြစ်ချင်သလို ခံစားလိုက်ရတယ်။
သားသတ်ရုံကိုဆွဲခေါ်ခံရတဲ့နွားဖြစ်သွားသလို ခံစားချက်နဲ့အတူ လှေကားပေါ်ကနေဆင်းလာတဲ့ယောင်အင်းဟာ ထမင်းစားခန်းထဲကို ဝင်လာခဲ့တယ်။
ပိန်သွယ်သွယ်မျက်နှာနဲ့ အသားညိုညို သက်လက်ပိုင်းယောက်ျားတစ်ယောက်က ထမင်းစားပွဲမှာထိုင်နေခဲ့တယ်။
ဘောမ်ဂျွန်းနဲ့ အာရင်းရဲ့အဖေရင်းတစ်ဖြစ်လဲ ယောင်အင်းရဲ့မွေးစားအဖေ ချဲဗြောင်ဂု။
သူက အမျိုးသမီးအဝတ်အထည်တွေထုတ်လုပ်ရောင်းချတဲ့ အလယ်အလက်ကုမ္ပဏီ ‘ချဲဆင်း’ ရဲ့ ဥက္ကဌတစ်ယောက်ပဲ။ ချဲဆင်းက ဘောမ်ဂျွန်းနဲ့အာရင်းရဲ့ အလုပ်ခွင်ဆိုလည်း ဟုတ်တယ်။
“ပြန်ရောက်ပါပြီ”
ယောင်အင်းက ဥက္ကဌချဲဘက်ကို နည်းနည်းခေါင်းငုံ့လိုက်တယ်။
“ဟုတ်ပြီ။ ထိုင်ကြတော့”
စားပွဲထိပ်မှာထိုင်တဲ့ ဥက္ကဌချဲဘက်ကနေဆို ဘယ်ဘက်မှာကဆောင်းဟျော့၊ ညာဘက်မှာက မဒမ်ဂွက် ထိုင်တယ်။ ဘောမ်ဂျွန်းက မဒမ်ဂွက်ရဲ့ဘေးမှာ၊ ယောင်အင်းထက် ပိုစောပြီးဆင်းသွားတဲ့အာရင်းကတော့ ဆောင်းဟျော့ရဲ့ဘေးမှာ နေရာယူထားတယ်။
ယောင်အင်း ဘောမ်ဂျွန်းရဲ့ဘေးမှာထိုင်လိုက်တာနဲ့ ဥက္ကဌချဲက စောင့်နေသလိုမျိုး ဇွန်းကိုကောက်ကိုင်လိုက်တယ်။
“စားရအောင်”
သူက ဆောင်းဟျော့အိမ်ရောက်လာတယ်လို့ ဇနီးဆီကနေဖုန်းရရချင်း ချိန်းထားတာတွေကိုဖျက်ပြီးတော့ အမြန်အိမ်ကိုပြန်လာခဲ့တယ်။
SL group ခေါင်းဆောင်ဖြစ်တဲ့ ဥက္ကဌချားဟျောင်းအွန်းရဲ့သားငယ်နဲ့ တွေ့ဖို့အတွက်။
SL group ဆိုတာ လျှပ်စစ်၊ ယာဉ်၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေးနဲ့ ဖြန့်ဖြူးရေးစတဲ့ လုပ်ငန်းခွဲအမျိုးမျိုးကိုဦးစီးတဲ့ ကိုရီးယားစီးပွားရေးအသိုင်းအဝိုင်းမှာ အဆင့် ၁ အကြီးစားအဖွဲ့အစည်းကြီးတစ်ခုပဲ။ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး၊ အစိုးရ၊ လူမှုရေး၊ ယဉ်ကျေးမှုတစ်ခုလုံးအပေါ် လွှမ်းမိုးနိုင်မှုကလည်း ကြီးမားတယ်။
ဒါကြောင့်မို့ ကျေးဇူးပြုပြီး ဘောမ်ဂျွန်းနဲ့ ဆောင်းဟျော့ကို အချိန်အကြာကြီး ရင်းရင်းနှီးနှီးနေသွားဖို့ မျှော်လင့်တာက လုံးဝကို သေချာတဲ့အရာတစ်ခုပဲ။
“ဥက္ကဌကြီးရော နေကောင်းတယ်မလား”
“ဟုတ်ကဲ့။ ကျွန်တော့်ထက်တောင် ပိုကောင်းရင်ကောင်းနေမှာပါ”
“ဥက္ကဌကြီးနဲ့ တစ်ခါလောက် ထမင်းအတူစားချင်လို့လေ။ ဆောင်းဟျော့ မင်း နေရာလေး ပြင်ဆင်ပေးကြည့်ပါလား”
“ပြောတော့ပြောကြည့်လိုက်ပါ့မယ်”
အဓိပ္ပါယ်ကတော့ မလုပ်ပေးနိုင်ဘူးပင်။
“အေး အေးပါ…….”
မသိမသာလေးပြောကြည့်ရာကနေ နေရခက်သွားတဲ့ ဥက္ကဌချဲက အမြန် ခေါင်းစဉ်ပြောင်းလိုက်တယ်။
“ဒါနဲ့ ဆောင်းဟျော့ မင်းဘာလို့ ရုတ်တရက်ကြီး အမေရိကကိုထွက်သွားတာလဲ”
ဆောင်းဟျော့ ရုတ်တရက် အမေရိကမှာရှိတဲ့ SL မော်တော်ယာဉ်ရုံးချုပ်ကိုထွက်သွားတာကို အခုထိလည်း လူတွေအများကြီးက သိချင်ကြတုန်းပင်။
“အဲ့အချိန်တုန်းကတော့ ကိုရီးယားမှာမနေချင်လို့ပါ”
မိန်းမတစ်ယောက်ကြောင့် ရုတ်တရက်ချလိုက်တဲ့ ဆုံးဖြတ်ချက်ပေါ့။
ဆောင်းဟျော့ အဲ့မိန်းကလေး တွန့်သွားတာကိုကြည့်နေရင်း တကယ်လို့များဆိုပြီး တွေးကြည့်မိသွားတယ်။
ငါ အဲ့အချိန်တုန်းကသာ ကိုရီးယားမှာရှိနေခဲ့မယ်ဆိုရင်…….
သည်းမခံနိုင်တော့ဘဲ ချဲယောင်အင်းဆီ ပြေးမသွားလောက်ဘူးလားလို့ တွေးမိခဲ့တယ်။
“အခုမှပြောတာဆိုပေမဲ့ မင်းအဲ့တုန်းက အရမ်းထူးဆန်းခဲ့တာဟ ဟေ့ကောင်။ အသည်းကွဲနေတာလို့တောင်ထင်သွားတာလေ”
ဘောမ်ဂျွန်း တူတွေနဲ့ကစားနေရင်းကနေ လမ်းကြုံလို့ဝင်ပြောသလိုမျိုး ပြောလာခဲ့တယ်။
“မင်းရိပ်မိမှန်း မသိလိုက်ဘူး”
“ငါက အရိပ်အကဲတော့ကြည့်တတ်ပါတယ်”
ဘောမ်ဂျွန်းလည်း ဆောင်းဟျော့စနေတယ်ထင်ပြီး ရယ်ရယ်မောမောပြန်ပြောလိုက်တယ်။
ယောင်အင်းကလွဲရင် ဘယ်သူကမှ ဆောင်းဟျော့ပြောတာအမှန်တွေမှန်း မတွေးမိခဲ့ကြဘူး။ ချားဆောင်းဟျော့ မိန်းကလေးဘက်ကနေ အထားခံခဲ့ရတယ်ဆိုတာက သူတို့တွေ ရာရာစစ တွေးနိုင်တဲ့ကိစ္စမဟုတ်ခဲ့ဘူး။
ချောင်းခြောက်ဆိုးပြီးလေထုကိုပြောင်းလိုက်တဲ့ ဥက္ကဌချဲက လိုရင်းပျောက်သွားတဲ့စကားဝိုင်းကို နဂိုခေါင်းစဉ်ဆီ ပြန်ပြောင်းလိုက်တယ်။
“ဘယ်နေရာကိုသွားမလဲဆိုတာရော ရွေးပြီးပြီလား ”
အဖြေက ဘောမ်ဂျွန်းပါးစပ်ကနေ ထွက်လာခဲ့တယ်။
“စီမံခန့်ခွဲရေးဒါရိုက်တာပါ”
ဘောမ်ဂျွန်းရဲ့မျက်နှာမှာ ဂုဏ်ယူနေတဲ့အရိပ်အယောင်တွေ ထင်ဟပ်နေခဲ့တယ်။ ဥက္ကဌချဲရဲ့ နှုတ်ခမ်းမှာလည်း ကျေနပ်တဲ့အပြုံး ပေါ်လာတယ်။
“အဆင်ပြေသွားတာပေါ့။ ဂုဏ်ပြုပါတယ်”
စီမံခန့်ခွဲရေးဌာနဆိုတာ SL Group ရဲ့ နှလုံးသားလိုပဲ။ သားကြီးကိုကျော်ပြီး သားငယ် ဒါရိုက်တာဖြစ်သွားတယ်ဆိုတာက ဆက်ခံသူပေးမဲ့ပုံစံ ပြောင်းသွားတယ်ဆိုတဲ့အဓိပ္ပါယ်ပေါ့။
ဆောင်းဟျော့က ဘာမှမပြောဘဲ အသာလေးပဲ ပြန်ပြုံးပြလိုက်တယ်။
စီမံခန့်ခွဲရေးဒါရိုက်တာနေရာကိုယူလိုက်ဆိုတဲ့အမိန့်ကိုရတာက ယောင်အင်းနဲ့ကြင်ဖက်တွေ့တဲ့ညနေ၊ အဖေနဲ့ညစာစားခဲ့တဲ့အချိန်မှာ ဖြစ်သွားခဲ့တာ။
သေချာပေါက် လက်ခံခဲ့တယ်။ ငြင်းစရာအကြောင်းရင်း မရှိတာမို့။
ဒါပေမဲ့ မကြာခင်မှာ အကြောင်းရင်း ရှိလာခဲ့တယ်။
တခြားနေရာကိုသွားဖြစ်လောက်မယ်ဆိုတဲ့စကားကို တကူးတကကြီးမပြောခဲ့တာက အဲ့အကြောင်းရင်းကိုဖြစ်စေတဲ့သူကြောင့်ပဲ။
လေးနက်တဲ့အကြည့်တစ်စုံက ခေါင်းငုံ့နေတဲ့ယောင်အင်းဆီ ဦးတည်နေခဲ့တယ်။