Chapter 7
“ပို့ပေးလိုက်တဲ့ဇာတ်ညွှန်းကို စစ်ပြီးပါပြီ၊ အထဲပိုင်းကိုကြည့်ပြီးတာနဲ့ ပြန်ဆက်သွယ်လိုက်ပါ့မယ်၊ ဟုတ်ကဲ့..ဒါဆိုဒါပဲနော်”
ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ စီမံခန့်ခွဲရေးဌာနမှုးနဲ့ ဖုန်းပြောပြီးသွားတာမို့ ယောင်အင်း ဖုန်းကိုချပြီးတော့ ကုလားထိုင်ခေါင်းမှီပေါ် မှီလိုက်တယ်။
လေးလံနေတဲ့မျက်လုံးကို ခဏအနားပေးဖို့လုပ်ပေမဲ့ partition ကို တစ်ဒေါက်ဒေါက်ခေါက်နေတဲ့အသံကိုကြားလိုက်ရတယ်။ တစ်ဝက်လောက်ထိဆင်းသွားတဲ့မျက်ခွံကို ပြန်ဖွင့်လိုက်တော့ ရှေ့က partition ပေါ်မှာ မျက်နှာပြည့်ပြည့်နဲ့ယောကျ်ားတစ်ယောက်ကို တွေ့လိုက်ရတယ်။
ဟဲဆောင်း အင်တာတိန်းမန့်ရဲ့ဥက္ကဌ ဂန်ယူဂေါန်။
“အဖွဲ့ခေါင်းဆောင်ချဲ အခုထိမအိပ်ရသေးဘူးလား”
“အိပ်ပါတယ်”
၃ နာရီလောက်ပဲ အိပ်ခဲ့တာလားတော့မသိဘူး။
ယောင်အင်းလည်း ‘မနေ့ကတစ်ရက်တည်းမဟုတ်ဘဲ အခုတလော ဆက်တိုက် အိပ်ချိန်မူမမှန်ဘူး’ ဆိုတဲ့စကားကို စိတ်ထဲမှာပဲထားပြီးတော့ ခါးကိုဆန့်လိုက်တယ်
“ပြောစရာစကား ရှိလို့လား”
“ငါနဲ့ခဏလောက်တွေ့ရအောင်”
နေရာကနေထသွားတဲ့ယောင်အင်းဟာ ဥက္ကဌဂန်နောက်ကိုလိုက်ပြီးတော့ ရုံးခန်းထဲကိုဝင်သွားခဲ့တယ်။
ယောင်အင်းနဲ့အတူ ဆိုဖာပေါ်မှာမျက်နှာချင်းဆိုင်ထိုင်နေတဲ့ ဥက္ကဌဂန်က ချက်ချင်း လိုရင်းကိုပြောလာတယ်။
“ငါတို့ ဟဲဆောင်းကို SLအင်တာတိန်းမန့်ဆီရောင်းဖို့ ဆုံးဖြတ်လိုက်ပြီ၊ ကျယ်ကျယ်ပြန့်ပြန့် ဆက်ခံနိုင်ဖို့ဆိုတဲ့ကန့်သတ်ချက်နဲ့”
မနှစ်က အကြာကြီးနာမကျန်းဖြစ်နေတဲ့သူ့အမေ ဆုံးပါးသွားပြီးနောက်ပိုင်း အရမ်းစိတ်ပင်ပန်းခဲ့တာမို့ ဟဲဆောင်းအင်တာတိန်းမန့်ကိုပိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိုယ်ယုံကြည်ခဲ့တဲ့ကုမ္ပဏီရဲ့ သရုပ်ဆောင်ဆီကနေ နောက်ကျောဓါးထိုးခံရတဲ့ကိစ္စကလည်း အဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုကြီးမားခဲ့တယ်။
ကုမ္ပဏီကိုပိတ်ပြီးတော့ လက်တလောနားနေရင်း တခြားစီးပွားရေးလုပ်ဖို့ အစီအစဉ်ဆွဲထားတယ်။
“…SL အင်တာတိန်းမန့်ကိုလား”
“ဘာလို့လဲ၊ ပြဿနာတစ်ခုခုရှိလို့လား”
“မဟုတ်ပါဘူး အဲ့လိုမျိုးတော့မဟုတ်ပေမဲ့….SL အင်တာတိန်းမန့်ကို စိတ်ထဲမှာမထားဖူးဘူးမလား”
“လုံးဝငြင်းစရာအကြောင်းမရှိတဲ့ကန့်သတ်ချက်နဲ့ ကမ်းလှမ်းလာလို့လေ”
“အာ ဟုတ်ကဲ့…”
ယောင်အင်းစိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့တယ်။ SL အင်တာတိန်းမန့်ဆိုတာ SL Group ကုမ္ပဏီခွဲတွေထဲက တစ်ခုဖြစ်တာမို့ အေးအေးဆေးဆေး ကျော်သွားလို့မရတာကတော့ အသေအချာပဲ။
“ယောင်အင်းလေး.. ဟဲဆောင်းက SLဆီရောက်သွားရင်တောင် အလုပ်တော့မထွက်ဘူးမလား”
ဥက္ကဌဂန်က ယောင်အင်း သူငယ်ချင်းလို အစ်ကိုလိုခင်ရတဲ့ သူတစ်ယောက်ပဲ။ ဒါကြောင့် သူတို့နှစ်ယောက်က သာမန် ဥက္ကဌနဲ့ဝန်ထမ်းဆက်ဆံရေးထက် လုံးဝပိုခိုင်မာတဲ့ ဆက်ဆံရေးဖြစ်ခဲ့တယ်။
“အလုပ်ထွက်လို့မဖြစ်ဘူးလို့ ကြားမိပါတယ်”
“ဟုတ်တယ်၊ အဲ့ဒါပဲ”
ဥက္ကဌဂန်က ပြုံးရင်းနဲ့စကားကိုဆက်ပြောလာခဲ့တယ်။
“SL က တခြားသူကိုမသိရင်တောင် မင်းကိုတော့ သေချာပေါက်ခေါ်ချင်နေတာလေ”
“ကျွန်မကိုလား”
ဥက္ကဌဂန်က အံ့ဩနေတဲ့ယောင်အင်းကို ပိုအံ့ဩသွားတဲ့မျက်နှာနဲ့ကြည့်လိုက်တယ်။
“ဖြစ်သင့်တယ် မဟုတ်ဘူးလား၊ မင်းက ငါတို့ဟဲဆောင်းရဲ့ Ace လေ”
“ဘယ်ကသာ Ace ဖြစ်ရမှာလဲ…….”
“မထွက်ဘူးမလား”
ယောင်အင်း ခဏစဉ်းစားပြီးတော့ ခေါင်းငြိမ့်လိုက်တယ်။
“တကယ်တော့ ကုမ္ပဏီကြီးတွေ ဘယ်လိုလည်ပတ်လဲဆိုတာကို သိတော့သိချင်နေခဲ့တာပါ”
SL Group ရဲ့ အဓိကစီးပွားရေး မဟုတ်ရုံတင်။ SL အင်တာတိန်းမန့်ဆိုတာ ထိပ်တန်း ပြည်တွင်းအင်တာတိန်းမန့် ၅ ခုထဲမှာပါရတဲ့အထိ စကေးကြီးခဲ့တယ်။
ယောင်အင်း အလုပ်မထွက်ဘူးလို့ဆုံးဖြတ်လိုက်တာက လွန်ခဲ့တဲ့ရက်အနည်းငယ်က ကိစ္စကြောင့်ပဲ။ ဆောင်းဟျော့ SL Group စီမံခန့်ခွဲရေးဌာနကိုသွားမှာဆိုတဲ့စကားကိုသာ မကြားလိုက်ဘူးဆိုရင် စဉ်းတောင် မစဉ်းစားဘဲ ခိုင်ခိုင်မာမာနဲ့ကို အလုပ်ထွက်မှာဆိုပြီး ပြောလိုက်မှာ။
“ဒါပေါ့ ဒါပေါ့.. အဲ့ဒါတွေအားလုံးက အဖိုးတန်အရည်အချင်းတွေပဲလေ။ နောက်ကျရင် မင်းကုမ္ပဏီထောင်တဲ့အခါ အများကြီး အထောက်အကူဖြစ်လာမှာ”
“ဟုတ်”
SL Group လုပ်ငန်းခွဲတွေက အဲ့လောက်များတာမို့၊ သူ အင်တာတိန်းမန့်လုပ်ငန်းအထိတော့ အာရုံစိုက်မှာမဟုတ်ပါဘူး။
ယောင်အင်းတစ်ယောက် ကျန်နေတဲ့ မယုံသင်္ကာစိတ်ကို အဲ့လိုနဲ့ ဖယ်ထုတ်လိုက်တယ်။
***
အဲ့နေ့ည။
အတင်းအိပ်ဖို့ကြိုးစားနေတဲ့ယောင်အင်းဟာ နောက်ဆုံးမှာတော့ ပိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။
သိုးတွေကို ရာချီတဲ့အထိရေတွက်နေတာတောင် အိပ်မပျော်ဘူးဆိုတော့ အဲ့အစား အလုပ်လုပ်တာကမှကောင်းဦးမယ်လို့ထင်လို့ပင်။ ဖတ်ရမဲ့ဇာတ်ညွှန်းတွေ အများကြီးပုံနေတာကို အလကားသက်သက် အချိန်ဖြုန်းလိုက်တာပဲဆိုပြီး နောင်တတောင်ရသွားခဲ့တယ်။
အိပ်ယာဘေးကစားပွဲဆီ လက်ဆန့်ပြီးတော့ ညကြည့်မီးကိုထွန်းလိုက်တဲ့အချိန် လိမ္မော်ရောင်မီးအလင်းရောင်က အခန်းထဲမှာပျံ့သွားခဲ့တယ်။
ယောင်အင်း အိပ်ရာကနေထပြီးတော့ အိပ်ယာထိပ်ကခုံကိုမှီထိုင်ပြီး ညကြည့်မီးဘေးမှာထားထားတဲ့ Tablet PCကိုယူလာကာ စကရင်ကိုဖွင့်လိုက်တယ်။
ည ၁၀ နာရီ ၅၂ မိနစ်။
၉ခွဲလောက်က အိပ်ရာပေါ်မှာလှဲခဲ့တာဆိုတော့ တစ်နာရီခွဲနီးပါးလောက် ဟိုလှည့်ဒီလှည့်လုပ်ခဲ့မိပုံပဲ။
ယောင်အင်းလည်း တောင့်နေတဲ့လည်ပင်းနဲ့ပုခုံးကို နည်းနည်းအကြောဖြေပေးပြီးတော့ ဖတ်လက်စဇာတ်ညွှန်းကို ဖွင့်လိုက်တယ်။
အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေကိုထောက်ပံ့ပေးတာ၊ လုပ်ငန်းတာဝန်ရှိသူတွေနဲ့ meetingလုပ်တာ ၊ ဇာတ်ကားကိုစောင့်ကြည့်မှတ်သားတာ၊ ခေတ်ရေစီးကြောင်းကိုဆန်းစစ်တာ၊ သတင်းကောင်းကောင်းရေးတာ စသဖြင့် စီမံခန့်ခွဲရေးအဖွဲ့ခေါင်းဆောင်အနေနဲ့ ယောင်အင်းရဲ့အလုပ်တွေက မကုန်နိုင်ပေမဲ့ သူ အလေးပေးဆုံးအလုပ်ကတော့ ဇာတ်ညွှန်းစစ်ဆေးတာပဲ။
ဟဲဆောင်းအင်တာတိန်းမန့်ဆီ ရောက်လာတဲ့ဇာတ်ညွှန်းတိုင်း ယောင်အင်းကိုဖြတ်သွားရတယ်။ ယောင်အင်း ဇာတ်လမ်းကိုကြည့်တတ်တဲ့အမြင်ရှိတယ်ဆိုတာ ကုမ္ပဏီအတွင်းပိုင်းမှာတင်မက အဲ့လုပ်ငန်းခွင်မှာလည်း တော်တော်လေးနာမည်ကြီးခဲ့တယ်။
ခြောက်နေတဲ့မျက်လုံးကို လက်ဖဝါးနဲ့အသာလေးဖိပေးပြီးလို့ တကယ့်တကယ် စာကိုအာရုံစိုက်ဖို့လုပ်တဲ့အချိန် စောင်ထဲကတစ်နေရာရာမှာ ဖုန်းသံတိုးတိုးလေးကို ကြားလိုက်ရတယ်။
ယောင်အင်း စောင်ထဲမှာဖုန်းကိုလိုက်ရှာပြီးတော့ ယူလိုက်တယ်။ စကရင်ပေါ်မှာ နာမည်မမှတ်ထားတဲ့ ဖုန်းနံပါတ်ကပေါ်နေခဲ့တယ်။
နာမည်တော့မမှတ်ထားပေမဲ့ သိနေတဲ့ဖုန်းနံပါတ်တစ်ခုပဲ။
အစောကြီးကတည်းက မေ့သွားရင်တောင် မထူးဆန်းတာကို ဘာလို့ ၃ နှစ်တောင်ကြာသွားပြီးလို့ အခုချိန်ထိ ချားဆောင်းဟျော့ရဲ့ဖုန်းနံပါတ်ကို စိတ်ထဲကနေ မမေ့နိုင်သေးတာလဲဆိုပြီး သိချင်ခဲ့တယ်။ အဲ့ဒါကြောင့် သူဖုန်းခေါ်လာတဲ့အကြောင်းရင်းကို ပိုတောင်သိချင်သွားတယ်။
ဒီထပ်ပိုပြီး ထပ်မပတ်သက်ရအောင် လျစ်လျူရှုရမယ်ဆိုတာကို ဦးနှောက်နဲ့တော့သိနေပေမဲ့ လက်ကတော့ ဖုန်းပြန်ဖြေတဲ့ခလုတ်ကို နှိပ်လိုက်တယ်။
ဘာအကြောင်းလဲဆိုတာကို သိချင်တာမဟုတ်ဘဲ သူ့အသံကိုကြားချင်ခဲ့တာလားတော့မသိဘူး။
စိတ်မခိုင်တဲ့ညတာကုန်သွားလို့ အခုရဲ့ဒီအချိန်ကို ပြန်နောင်တရမိရင်တောင်…။
“ဟယ်လို”
– ငါပါ
အပြင်မှာကြားရတဲ့အသံနဲ့ ဖုန်းထဲကနေကြားရတဲ့အသံက ကွာနေခဲ့တယ်။ အသံက နည်းနည်းပိုနိမ့်ကာ ပိုသြနေခဲ့တယ်။
– ငါမှန်းသိပြီးမှ ကိုင်တာထင်တယ်
“…….”
– နှစ်ခုထဲက တစ်ခုဖြစ်လောက်တယ်။ ငါ့ဖုန်းနံပါတ်ကိုဖျက်လိုက်ပြီဆိုတာက လိမ်ပြောတာ၊ ဒါမှမဟုတ် ငါ့ဖုန်းနံပါတ်ကို မှတ်မိနေသေးတာ။
“လိမ်မပြောဖူးပါဘူး”
– ဒါဆို နောက်ကဟာဖြစ်မှာပဲ
“…….”
အဖြေအစား နှုတ်ဆိတ်မှုက ပြန်ဖြေပေးခဲ့တယ်။
– ပြောပြစရာရှိလို့ ဖုန်းဆက်လိုက်တာ
“ဘာလဲဟင်”
ယောင်အင်းက ခွေထားတဲ့ခြေထောက်ကို လက်တစ်ဖက်နဲ့ပိုက်လိုက်ပြီးတော့ ဒီနေ့ကျမှ ထူးထူးခြားခြားချိုမြနေတဲ့သူ့အသံကို သေသေချာချာလေး နားထောင်ခဲ့တယ်။
– အိုချန်းဂင်း ကလေးအဖေဖြစ်သွားပြီ၊ one night မိန်းမက ကိုယ်ဝန်ရှိနေပြီဆိုပြီး လာရှာတာတဲ့။
အကြောင်းအရာကတော့ လုံးဝမချိုမြိန်ပေမဲ့။
“ဟုတ်လား”
ယောင်အင်းရဲ့မျက်နှာကတော့ တည်ငြိမ်နေခဲ့တယ်။
– တကယ်တော့ မင်း သူနဲ့ငါ့ကို စရိုက်တူတယ်ထင်မှာဆိုးလို့ ပြောပြတာပေမဲ့ ငါ အိုချန်းဂင်းနဲ့လုံးဝမရင်းနှီးဘူး။ ငါက အဲ့ကောင်လို မဟုတ်ဘူး။
“…….”
ယောင်အင်းက သိပါတယ်ဆိုတဲ့စကားကတောင် သူ့ကိုအရှက်ခွဲသလိုဖြစ်နေမယ်ထင်လို့ နှုတ်ဆိတ်ပြီးပဲနေလိုက်တယ်။
ချဲဘောမ်ဂျွန်းနဲ့ အိုချန်းဂင်းဆိုရင်တော့ ထားဦး။ ဘယ်လိုလုပ် ချားဆောင်းဟျော့နဲ့အိုချန်းဂင်းကို စရိုက်တူတယ်လို့ ပြောနိုင်ရမှာလဲ။
– ကိုယ်ဝန်ရနေပြီဆိုပြီး လာရှာမဲ့သူမရှိဘူးလို့ပြောတာ။ ငါ မင်းနဲ့လမ်းခွဲပြီးနောက်ပိုင်း တခြားမိန်းကလေးနဲ့ ကလေးရမဲ့အလုပ် မလုပ်ဖူးဘူးလေ။
“…….”
ယောင်အင်းရဲ့မျက်နှာမှာ အံ့ဩတဲ့အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်။
ကိုယ်ဝန်ရှိတဲ့မိန်းမက အိုချန်းဂင်းကိုလာရှာတယ်ဆိုတဲ့အမှန်တရားထက် ချားဆောင်းဟျော့က ပြီးခဲ့တဲ့ ၃ နှစ်အတွင်း တခြားမိန်းမနဲ့မအိပ်ဖူးဘူးဆိုတဲ့အမှန်တရားက အဆပေါင်းများစွာ ပိုအံ့ဩစရာကောင်းနေခဲ့တယ်။
သူနဲ့လမ်းခွဲပြီးတာနဲ့ သိပ်မကြာခင် တခြားကောင်မလေးတစ်ယောက်ကိုတွဲမှာပဲလို့ ထင်ခဲ့တာမို့လေ။ မိန်းကလေးတွေအနေနဲ့ သူ့ကိုဒီတိုင်းထားစရာအကြောင်းမရှိဘူးလို့ စဉ်းစားခဲ့တာမို့။
ရိုးရိုးရှင်းရှင်း အစ်ကို့သူငယ်ချင်းအချိန်ကတည်းကနေ သူနာမည်ကြီးတာကို သိခဲ့ရုံတင်မကဘူး။ အလုပ်မှာ ထိပ်တန်းအနုပညာရှင်တွေကိုတွေ့ဖူးလာရတော့ သူ့လောက်ဆွဲဆောင်မှုရှိတဲ့သူကို မမြင်ဖူးတာမို့ အဲ့လိုတွေးခဲ့တာက မဖြစ်နိုင်တာတော့မဟုတ်ခဲ့ဘူး။
– ဒါမျိုးကို သစ္စာရှိတယ်လို့ ခေါ်တာမလား
အံ့ဩသွားတဲ့ယောင်အင်းရဲ့မျက်လုံးတွေဟာ ဝိုင်းစက်သွားခဲ့တယ်။
“ကျွန်မတို့တွေ ရှင်းရှင်းလင်းလင်းလမ်းခွဲပြီးပြီလေ။ ဘာလို့သစ္စာစောင့်သိနေရတာလဲ”
– အကွက်ကျကျ လုပ်တာတော့မဟုတ်ပေမဲ့ တခြားမိန်းကလေးတွေကိုတော့ ခန္ဓာကိုယ်ကမတုံ့ပြန်လို့
ယောင်အင်းဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဆောင်းဟျော့ အခန်းထဲကိုဝင်လာတဲ့အချိန် မပြောလိုက်ရတဲ့စကားကို ပြောဖို့ဆုံးဖြတ်လိုက်တယ်။
“စီနီယာ၊ တကယ်ပဲ ကျွန်မကိုဘာလို့ဒီလိုလုပ်နေတာလဲ။ ဘာလိုချင်လို့လဲ”
– မင်း
“…….”
စကားတိုတိုလေးတစ်ခွန်းမှာ နှလုံးသားက ဒုန်းဆိုပြီးပြုတ်ကျသွားခဲ့တယ်။ တွေဝေမှုတွေ၊ ယိမ်းယိုင်မှုတွေမရှိတဲ့ အဖြေတစ်ခုပင်။
– နောက်တစ်ကြိမ် အရင်လိုဆက်ဆံရေး ပြန်ဖြစ်ချင်တယ်။
သွေးထွက်လောက်အောင် နှုတ်ခမ်းကိုခပ်ကြမ်းကြမ်းကိုက်ထားတဲ့ယောင်အင်းက ခိုင်ခိုင်မာမာပဲ စကားကိုဖြတ်ပြောလိုက်တယ်။
“ကျွန်မ စီနီယာနဲ့အရင်လိုဆက်ဆံရေး ပြန်ဖြစ်ချင်တဲ့စိတ်မရှိပါဘူး”
– အရင်ဆက်ဆံရေးကိုမကြိုက်ဘူးဆိုရင် လက်ထပ်လို့လည်းရတယ်လေ
ယောင်အင်းအနေနဲ့ လက်ထပ်ဖို့ဆိုတာက တစ်ဖက်ထဲကနေပဲ လုပ်ချင်တယ်ဆိုပြီးလုပ်လို့ရတဲ့အရာမဟုတ်မှန်းကို အပြည့်အဝသိတဲ့အရွယ်ဖြစ်နေပြီ။
သာမန်လူတွေအတွက်တောင်မလွယ်တာကို ကိုရီးယားကိုကိုယ်စားပြုတဲ့ Royal family ချားဆောင်းဟျော့အတွက်ကတော့ ပိုလို့တောင်မဖြစ်နိုင်တဲ့အရာတစ်ခုပဲ။ ဒါကြောင့်လည်း သူ့ကိုပိုသဘောမကျသွားခင်၊ ကျွန်မက သူ့ရဲ့အမည်းစက်မဖြစ်ခင်အချိန်မှာ လက်လွှတ်ပေးခဲ့တာပေါ့။
“စီနီယာ ကျွန်မမှာတွဲနေတဲ့သူရှိပါတယ်”
– မလိမ်ပါနဲ့
ခပ်ဆိတ်ဆိတ်နဲ့ မဟုတ်တရုတ်ပြောဖို့ပြင်ထားတဲ့စကားလုံးတွေအားလုံး အလဟသဖြစ်သွားလောက်တဲ့အထိ ချက်ချင်းမိသွားခဲ့တယ်။ ဒါပေမဲ့ ချက်ချင်းကြီးတော့ လက်မခံနိုင်ပါဘူး။
“ဘာလို့ လိမ်ပြောတာလို့ သေချာနေရတာလဲ”
– တွဲနေတဲ့သူသာရှိရင် ဘယ်လောက်ပဲအိမ်ကတိုက်တွန်းရင်တောင် မင်းက ကြင်ဖက်တွေ့တဲ့နေရာကိုသွားမှာမဟုတ်ဘူး။ ငါက ချဲယောင်အင်းကို ကောင်းကောင်းသိတယ်လေ
“…”
ယောင်အင်းရဲ့နှုတ်ခမ်းမှာ ခါးသက်သက်အပြုံးက ပေါ်လာခဲ့တယ်။
ကျွန်မဘာလို့ လမ်းခွဲစကားပြောတာလဲတောင်မသိဘဲနဲ့။ ရှင့်အမေ ကျွန်မကိုလာရှာခဲ့တယ်ဆိုတာတောင် မသိဘဲနဲ့။
– ချဲယောင်အင်း
“…….”
– ယောင်အင်း
ယောင်အင်း နှုတ်ခမ်းကိုကိုက်ထားလိုက်တယ်။ သူ့ရဲ့အသံခပ်နိမ့်နိမ့်က နှလုံးသားကိုထိုးဖောက်နေတဲ့ ခံစားချက်မျိုး ဖြစ်လာလို့။
အဲ့လိုမခေါ်နဲ့လို့ ပြောချင်ခဲ့တယ်။ ကျွန်မတို့တွေက ပြီးပြီးသားဆက်ဆံရေးမို့ ခဏခဏ စိတ်ယိုင်အောင်မလုပ်ပါနဲ့လို့ တောင်းပန်ချင်တဲ့စိတ်မျိုးဖြစ်လာခဲ့တယ်။
– ဒီအတောအတွင်း ငါ့ကိုသတိမရဘူးလား
“…….”
ယောင်အင်းဟာ ‘သတိရတယ်’ ဆိုတဲ့စကားလုံး ပါးစပ်ကနေထွက်သွားမှာစိုးလို့ အံ့ကိုကြိတ်လိုက်ရတယ်။
– ငါတော့ မင်းကိုသတိရနေခဲ့တာ။ အများကြီး..
ခဏလောက် တိတ်ဆိတ်သွားပြီးတဲ့နောက် နားထဲမှာ ပဲ့တင်သံတစ်ခုကို ကြားလိုက်ရတယ်။
– ငါ့ဖုန်းနံပါတ်ကို ခေါင်းထဲမှာမဟုတ်ဘဲ ဖုန်းထဲမှာမှတ်ထားလိုက်။
ယောင်အင်း ကျသွားတဲ့ဖုန်းကို ငြိမ်ငြိမ်လေးကြည့်နေရင်းကနေ ဆောင်းဟျော့ရဲ့ဖုန်းနံပါတ်ကို မှတ်ထားလိုက်တယ်။
၃နှစ်ကြာသွားပြီးမှ သူ့ရဲ့ဖုန်းနံပါတ်ဟာ ကျွန်မ contact ထဲ ပြန်ရောက်လာခဲ့တယ်။
***
လေးရက်ကြာပြီးနောက်မှာတော့ ယောင်အင်းနဲ့ ဥက္ကဌဂန်တို့တွေ အတူတူ SL အင်တာတိန်းမန့်ကုမ္ပဏီကိုသွားကြည့်ခဲ့ကြတယ်။
မြေအောက်မှာ ၃ထပ်၊ မြေပေါ်မှာ ၈ထပ်ဆောက်ထားတဲ့ အဆောက်အအုံကြီးဟာ အကွေ့အကောက်အလှတွေကိုအပြည့်အဝပုံဖော်ထားပြီး ထူးခြားစွဲမက်ဖွယ်ကောင်းနေခဲ့တယ်။
“ဝါး တော်တော်ခမ်းနားတာပဲ”
ဥက္ကဌဂန်ရဲ့ပါးစပ်ကနေ အဆက်မပြတ် အာမေဍိတ်သံတွေထွက်လာခဲ့တယ်။
“ကျွန်မ နည်းနည်းတောင် ရှက်လာပြီ”
“…….”
သူက ယောင်အင်းရဲ့စကားကိုကြားလိုက်မှပဲ ဟနေတဲ့ပါးစပ်ကိုပိတ်လိုက်တယ်။
သူတို့နှစ်ယောက်ဒီနေရာထိလာရတာက အရောင်းအဝယ်စာချုပ်မှာ လက်မှတ်ထိုးဖို့ပင်။ ယောင်အင်းကတော့ ဥက္ကဌဂန်က အတူလိုက်ပေးဖို့အတင်းတောင်းဆိုလို့သာ မတတ်နိုင်ဘဲလိုက်လာခဲ့ရတာ။
၈ ထပ်ကိုရောက်တော့ ဥပဒေရေးရာအဖွဲ့ခေါင်းဆောင်က ဓာတ်လှေကားရှေ့မှာစောင့်နေခဲ့တယ်။
“ဝင်လာပါ။ ဥက္ကဌ စောင့်နေပါတယ်”
နှစ်ယောက်သား ချက်ချင်း ဥက္ကဌရုံးခန်းထဲကို ရောက်လာခဲ့ကြတယ်။
“ဝင်ကြတာပေါ့”
ဥက္ကဌရုံးခန်းထဲကိုဝင်သွားတဲ့ ယောင်အင်းနဲ့ ဥက္ကဌဂန်ဟာ SL အင်တာတိန်းမန့် ဥက္ကဌရဲ့မျက်နှာကိုတွေ့တွေ့ချင်းမှာတော့ တစ်ပြိုင်နက်တည်း ရပ်သွားခဲ့ကြတယ်။
တစ်ယောက်ချင်းစီရဲ့စိတ်ထဲက မတူညီတဲ့အကြောင်းရင်းကြောင့်။
ပထမဆုံးအကြိမ်တွေ့ဖူးတဲ့မျက်နှာကြောင့် အံ့ဩသွားတဲ့ဥက္ကဌဂန်ဟာ သူ့ဘေးမှာရပ်နေတဲ့ ဥပဒေရေးရာခေါင်းဆောင်ကို တိုးတိုးလေးပြောလိုက်တယ်။
“ဥက္ကဌ ဟွမ်းဆောန်းဂျူ…မဟုတ်ဘူးပဲနော်……?”
“အသစ်ရောက်လာတဲ့ ဥက္ကဌချားဆောင်းဟျော့ပါ”
ဆောင်းဟျော့နဲ့ အင်တာတိန်းမန့်လုပ်ငန်း ပက်သက်စရာအကြောင်းမရှိဘူးဆိုတဲ့ ယောင်အင်းရဲ့သေချာမှုတွေဟာ ကြည့်ကောင်းလောက်အောင်ကို ပျောက်ရှသွားခဲ့တယ်။