Chapter 8
ယောင်အင်း ခြေတစ်လှမ်းတောင် မရွေ့နိုင်ခဲ့ဘူး။
ချားဆောင်းဟျော့က SL အင်တာတိန်းမန့်ရဲ့ ဥက္ကဌတဲ့လား။ လုံးဝမထင်ထားတဲ့ အခြေအနေမျိုးပဲ။
ရုတ်တရက်ကြီး ဟဲဆောင်းအင်တာတိန်းမန့်ကိုဝယ်မယ်ဆိုပြီး ရှေ့ထွက်လာတဲ့ SL အင်တာတိန်းမန့်နဲ့ အသစ်ရောက်လာတဲ့ ဥက္ကဌချားဆောင်းဟျော့၊ ဒါတွေအားလုံးက တိုက်ဆိုင်မှုပဲလား။
ကျားဂူထဲကိုကိုယ့်ဘာသာဝင်သွားသလိုမျိုး မကောင်းတဲ့ခံစားချက် ရသွားခဲ့တယ်။
ဥက္ကဌဂန်နဲ့ယောင်အင်း တံခါးဝမှာတုတ်တုတ်မလှုပ်ဘဲရပ်နေတာကြောင့် ဥပဒေရေးရာခေါင်းဆောင်ရဲ့မျက်နှာပေါ်မှာ နေရခက်တဲ့အကြည့်တွေပေါ်လာခဲ့တယ်။
“ဒီလောက်နဲ့ပဲ..ဝင်ရအောင်လေ”
အလုပ်ရောဂါထပြီးတော့ ကိုယ့်ဘာသာတောင်မသိလိုက်ဘဲ ဆောင်းဟျော့ရဲ့မျက်နှာကို ဖောက်ထွက်မတတ် ကြည့်နေတဲ့ဥက္ကဌဂန်ဟာ ချက်ချင်းပဲ အာရုံကိုပြန်စုစည်းလိုက်တယ်။
“အာ ဟုတ်ကဲ့!”
ရုပ်ရည်က ကြည့်ကောင်းတာပဲ။ အနေအထားဆိုရင် ပိုတောင်ကောင်းသေးတယ်။
ဒီနယ်ပယ်ကနေ ထွက်သွားတော့မယ်ဆိုပြီး ကျွန်တော့်လက်နဲ့တည်ထောင်ခဲ့တဲ့ကုမ္ပဏီကိုရောင်းဖို့လာတဲ့အကြောင်း ပြန်သတိရသွားချိန်မှာတော့ စိတ်ထဲကနေရယ်မောရင်း ဘေးဘက်ကိုကြည့်လိုက်တယ်။
ယောင်အင်းလည်း ဘာထူးလဲ။ ကြောင်အ,နေတဲ့မျက်နှာနဲ့ ငေးငိုင်ပြီးတော့ရပ်နေခဲ့တယ်။
မင်းလည်းသူ့ကို လိုချင်နေတာကိုး။
သူက နားလည်လှပါတယ်ဆိုတဲ့မျက်နှာမျိုးလုပ်ပြီး အကြည့်နဲ့တင်သိနေသလိုမျိုး ပြုံးပဲပြုံးနေလိုက်တယ်။
“အဖွဲ့ခေါင်းဆောင်ချဲ”
အဲ့ချိန်ကျမှ အသိစိတ်ပြန်ဝင်သွားတဲ့ယောင်အင်းဟာ နှုတ်ခမ်းအတွင်းပိုင်းကအသားနုနုလေးကို အသားကုန်ကိုက်လိုက်တယ်။ ပြီးတော့ ဆိုဖာနားကိုလျှောက်သွားနေတဲ့ ဥက္ကဌဂန်နောက်ကိုလိုက်သွားခဲ့တယ်။
ဆိုဖာရဲ့ထိပ်ဆုံးခုံမှာထိုင်ပြီး သူတို့ကိုကြည့်နေတဲ့ဆောင်းဟျော့က နေရာကနေထလာပြီးတော့ ဥက္ကဌဂန်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလာတယ်။
“ချားဆောင်းဟျော့”
“ဂန်ယူဂေါန်လို့ ခေါ်ပါတယ်”
ဆောင်းဟျော့က ယောင်အင်းဘက်ကိုလည်း လက်ကမ်းလာခဲ့တယ်။
ယောင်အင်းတစ်ယောက် ဆက်တိုက်ကြည့်နေတဲ့ စူးရှရှအကြည့်တွေကိုရှောင်ရင်း သူ့ရဲ့လက်ကိုပြန်ကိုင်လိုက်တယ်။
ဖြန့်ထားတဲ့လက်ချောင်းရှည်ရှည်တွေ ကျွန်မလက်ကိုအသာလေးဆုပ်ကိုင်လိုက်တဲ့အခါ ထူးဆန်းစွာပဲ စိတ်လှုပ်ရှားသွားခဲ့တယ်။ တစ်ကိုယ်လုံးက အမွေးတွေထောင်နေသလိုခံစားရတာကြောင့် ထိတ်လန့်သွားတဲ့ယောင်အင်းဟာ သူ့ရဲ့လက်ထဲကနေ အတတ်နိုင်ဆုံးမသိသာအောင် ပြန်ဆွဲယူလိုက်တယ်။
အေးအေးဆေးဆေးလက်ကိုချလိုက်တဲ့ဆောင်းဟျော့က ဆိုဖာဆီမျက်လုံးဝေ့ကြည့်လိုက်တယ်။
“ထိုင်ကြတာပေါ့”
ယောင်အင်းနဲ့ ဥက္ကဌဂန်လည်း သူ့ရဲ့ညာဘက်နေရာမှာ အတူထိုင်လိုက်တယ်။
“ဒါဆိုချက်ချင်း စလုပ်လိုက်ပါ့မယ်”
သူတို့နှစ်ယောက်ရဲ့မျက်နှာချင်းဆိုင်မှာထိုင်တဲ့ ဥပဒေရေးရာခေါင်းဆောင်က ပြင်ဆင်ထားတဲ့ စာချုပ်ကို ဆောင်းဟျော့နဲ့ ဥက္ကဌဂန်ဆီ အသီးသီးပေးလိုက်ပြီးတော့၊ စာချုပ်မှာ အလှည့်ကျလက်မှတ်ထိုးပြီးတာနဲ့ စာချုပ်ချုပ်တာ ပြီးဆုံးသွားခဲ့တယ်။
ဆောင်းဟျော့က ဆိုဖာကိုမှီထိုင်ပြီးတော့ ရှေ့လျှောက်လုပ်မဲ့အစီအစဉ်တွေကို ပြောပြလာတယ်။
“လက်ရှိ SL အင်တာတိန်းမန့်မှာ သရုပ်ဆောင်စီမံခန့်ခွဲရေးအသင်း စုစုပေါင်း ၄ သင်းရှိတယ်။ ဒီတစ်ခေါက် အသစ်ဖွဲ့မဲ့ ၅ သင်းမြောက်အသင်းမှာတော့ ဟဲဆောင်းကလူတွေပါမှာပါ။ အဖွဲ့ခေါင်းဆောင်ကိုတော့ ချဲယောင်အင်းကို လုပ်စေချင်တယ်”
ဥက္ကဌဂန်လည်း ရွှင်ရွှင်ပြပြနဲ့ အားတက်သရော ခေါင်းညိတ်ပြလိုက်တယ်။
“ကျွန်တော်တို့ယောင်အင်းက မဟုတ်ဘူး ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင်ချဲက ကောင်းကောင်းလုပ်နိုင်မှာပါ။ သူက တော်တော်လေး အရည်အချင်းရှိတဲ့သူလေ”
ဆောင်းဟျော့စိတ်ထဲမှာတော့ ‘ကျွန်တော်တို့ယောင်အင်း’ ဆိုတဲ့အချိန်ကတည်းက ကသိကအောက်ဖြစ်နေခဲ့တယ်။
ဥက္ကဌဂန်နဲ့ ယောင်အင်းတို့ကြားမှာ အလုပ်သဘောဆက်ဆံရေးပဲဆိုတာ မသိတာတော့မဟုတ်ပေမဲ့ ဥက္ကဌဂန်ဘက်ကနေ ယောင်အင်းကိုရင်းရင်းနှီးနှီးဆက်ဆံနေတာကိုတော့ တော်တော်လေးစိတ်ထဲထင့်နေခဲ့တယ်။ အရင်ကတည်းကနေ ချဲယောင်အင်းနဲ့ရင်းနှီးတဲ့ယောက်ျားတိုင်းကို သဘောမကျခဲ့တာ။ ဒါပေမဲ့ အပြင်ဘက်မှာတော့ ထုတ်မပြခဲ့ဘူး။
“သိပါတယ်၊ ဒါကြောင့်ပဲ အဖွဲ့ခေါင်းဆောင်ချဲယောင်အင်းကို ကျွန်တော့်လူ ဖြစ်စေချင်တာပါ”
ဥက္ကဌဂန်နဲ့ ဥပဒေရေးရာခေါင်းဆောင်ကတော့ အရည်အချင်းရှိတဲ့သူတွေကိုခေါ်ဖို့သုံးတဲ့ သာမန်အသုံးအနှုန်းလို့ပဲ ထင်ခဲ့ကြတယ်။
ဒါပေမဲ့ ယောင်အင်းကတော့ ဆောင်းဟျော့ရဲ့စကားမှာပါတဲ့ ထူးဆန်းတဲ့အဓိပ္ပါယ်ကို တစ်ခါတည်း နားလည်သွားတယ်။ အဲ့ဒါကြောင့် သူ့ပါးစပ်ကနေ နောက်ထပ် ဘာစကားတွေထွက်လာမလဲမသိလို့ စိုးရိမ်သွားခဲ့တယ်။
“ဘယ်သူက မဖြစ်စေချင်ဘဲနေမှာလဲ။ ဒီနယ်ပယ်ကနေထွက်မယ်လို့ စိတ်မဆုံးဖြတ်ခဲ့ဘူးဆိုရင် ကျွန်တော် အဖွဲ့ခေါင်းဆောင်ချဲကို လက်လွှတ်ပေးမှာမဟုတ်ပါဘူး”
ဆောင်းဟျော့က သူမကြိုက်တဲ့စကားတွေကိုပဲရွေးပြောနေတဲ့ ဥက္ကဌဂန်နဲ့စကားဝိုင်းကိုအဆုံးသတ်ဖို့အတွက် ခေါင်းစဉ်ကိုပြောင်းလိုက်တယ်။
“အချိန်ရရင် ဒီနေ့ညနေစာ အတူတူစားကြမလား”
“ပိုနေတာက အချိန်တွေပါပဲ”
ဆောင်းဟျော့ရဲ့အကြည့်က ယောင်အင်းဆီရောက်သွားတာနဲ့ ဥက္ကဌဂန်က အရင်အဖြေပေးလာတယ်။
“အဖွဲ့ခေါင်းဆောင်ချဲလည်း ဒီနေ့ချိန်းထားတာမရှိပါဘူး၊ ကျွန်တော်သိပါတယ်”
ယောင်အင်းက ဥက္ကဌဂန်ကိုကြည့်ပြီးတော့ အသားကုန် အံ့ကြိတ်လိုက်တယ်။
ညနေပိုင်း ချိန်းထားတာမရှိတာတော့မှန်ပေမဲ့ ကျွန်မ အဲ့နေရာကိုမသွားချင်ဘူးလို့!
ယောင်အင်းရဲ့တည်ငြိမ်နေတဲ့မျက်နှာအမူအရာနောက်ကွယ်မှာ အသံမထွက်ဘဲ အော်ဟစ်နေတယ်ဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ဘူး။
“ဒါဆို ကောင်းတာပေါ့”
ဆောင်းဟျော့က ကျေကျေနပ်နပ်ခေါင်းငြိမ့်နေတဲ့ ဥက္ကဌဂန်ဆီ တစ်ခုတောင်းဆိုလိုက်တယ်။
“အဖွဲ့ခေါင်းဆောင်ချဲကို သက်သက်မေးစရာစကားရှိလို့ ခဏလောက် ဧည့်ခန်းမှာစောင့်ပေးနိုင်မလား”
“ဖြေးဖြေးချင်း စကားပြောကြပါ”
ဥက္ကဌဂန်က ဘာသံသယမှမဝင်ဘဲ ဥပဒေရေးရာခေါင်းဆောင်နဲ့အတူ ဥက္ကဌရုံးခန်းကနေထွက်သွားခဲ့တယ်။
တံခါးပိတ်သွားတာနဲ့ ပြောချင်တဲ့စကားကို မနည်းထိန်းထားရတဲ့ယောင်အင်းက ပြောလာခဲ့တယ်။
“ဘာမေးချင်တာရှိလို့ပါလဲ ဥက္ကဌချားဆောင်းဟျော့”
ထေ့ငေါ့ပြောတဲ့မျက်နှာအမူအရာနဲ့အတူ အသံကပြတ်သားနေခဲ့တယ်။
“အဲ့လိုတော့မရှိဘူး။ မင်း ငါ့ကိုပြောချင်တာတွေ များနေမယ်ထင်လို့ ထွက်ခိုင်းလိုက်ရုံပဲ”
ယောင်အင်းလည်း ဒါကိုစောင့်နေသလိုမျိုး မေးလိုက်တယ်။
“ဘာလို့ SL အင်တာတိန်းမန့်ရဲ့ ဥက္ကဌနေရာကိုလာခဲ့တာလဲ”
“မင်းနဲ့နေ့တိုင်းတွေ့ဖို့”
တုန်လှုပ်သွားတာလည်းခဏပင်၊ ယောင်အင်း စိတ်ပြန်စုစည်းပြီးတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်တယ်။
“စီမံခန့်ခွဲရေးဌာနကို သွားမှာဆို”
“သွားမလို့ပဲ မသွားဖြစ်တော့တာ”
“ကျွန်မကြောင့်လား”
“အင်း”
“ရူးနေတာလား”
ယောင်အင်းအနေနဲ့ SL Group မှာစီမံခန့်ခွဲရေးဒါရိုက်တာနေရာက ဘယ်လိုအဓိပ္ပါယ်လဲဆိုတာကို မသိဘဲမနေခဲ့ဘူး။
“အဲ့လိုထင်သလိုလိုပဲ”
ဆောင်းဟျော့က ရယ်မောပြီးတော့ စနောက်သလိုနဲ့ စကားဆက်ပြောလာခဲ့တယ်။
“အဲ့ဒါကြောင့် ဘယ်သူက ငါ့မျက်စိရှေ့မှာပေါ်လာခိုင်းလို့လဲ။ မင်းကြောင့်သာမဟုတ်ဘူးဆိုရင် စီမံခန့်ခွဲရေးဌာနကိုသွားမှာလေ”
“အခု ကျွန်မကိုအပြစ်တင်နေတာလား။ ကျွန်မက စီနီယာအဲ့မှာရှိနေမှန်းမသိခဲ့ဘူးလို့”
“ဘယ်လိုပဲဖြစ်ဖြစ်လေ”
“တောင်းပန်တာပဲဖြစ်ဖြစ် လုပ်ရမလား”
“မဟုတ်ဘူး ဒီတိုင်းလက်ခံလိုက်။ အလုပ်ထွက်တာပဲဖြစ်ဖြစ်”
ယောင်အင်းက လက်ခံတာရော အလုပ်ထွက်တာရောမလုပ်ခဲ့ဘူး။ အဲ့အစား သတိပေးလိုက်တယ်။
“အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုတော့ ခွဲထားပေးပါ”
“အဲ့လိုမျိုးကို သေချာပေါက်လုပ်ရမှာလား။ ငါက ဒီတိုင်း လုပ်ချင်တာလုပ်ပြီးတော့ အသက်ရှင်ချင်တာလေ”
ဆောင်းဟျော့က ခြေထောက်ရှည်ကြီးကို ကျကျနနချိတ်ပြီးတော့ ပြုံးလိုက်တယ်။
“ငါဘက်ကတော့ မလုပ်နိုင်ပေမဲ့ မင်းကတော့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို သေသေချာချာ ခွဲနိုင်မယ်လို့ယုံကြည်ပါတယ်”
ယောင်အင်းရဲ့မျက်မှောင်က ကြုံ့သွားခဲ့တယ်။
“ဘာအဓိပ္ပါယ်ပါလဲ”
“ငါ့ကို SL အင်တာတိန်းမန့် ဥက္ကဌမှန်းသိသွားလို့ အလုပ်ထွက်မှာမဟုတ်ဘူးဆိုတဲ့မင်းရဲ့စကားကို ပြန်ပြောင်းတဲ့ကိစ္စရှိမှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ငါ့ကိုအလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲဖို့ သင်ပေးတဲ့သူက မဟုတ်မှ အဲ့လိုလုပ်မှာတော့ မဟုတ်ဘူးမလား”
ယောင်အင်းလည်း ပြန်ချေပစရာစကားမရှိလို့ လက်သီးကိုပဲ ဖြေးဖြေးချင်းဆုပ်လိုက်တယ်။
ဒီအတောအတွင်း လူပေါင်းစုံကိုတွေ့ဖူးပေမဲ့ ချားဆောင်းဟျော့လောက်ခက်ခဲတဲ့သူကိုတော့ ပထမဆုံးတွေ့ဖူးတာပင်။ သူနဲ့ မျက်နှာချင်းဆိုင်ကြာကြာထိုင်ရာကနေ သူလုပ်မယ်ဆိုတဲ့အတိုင်း လုပ်ဖြစ်သွားမလားတောင်မသိဘူးဆိုတဲ့ စိုးရိမ်စိတ်ဝင်လာခဲ့တယ်။
“ကျွန်မတို့ဥက္ကဌက စိတ်မရှည်တတ်လို့ စောင့်ရတာသိပ်မကြိုက်ပါဘူး။ ဒီလောက်နဲ့ပဲသွားပါတော့မယ်”
ဆောင်းဟျော့က မျက်နှာတည်တည်နဲ့ပြန်ပြောလာတယ်။
“အခု အဖွဲ့ခေါင်းဆောင်ချဲအတွက် ကျွန်မတို့ဥက္ကဌဆိုတာ ငါမဟုတ်ဘူးလား”
“…….”
“နောက်ကျရင်တော့ နာမည်ပြောင်နဲ့နာမည်ရင်းကို ပိုသတိထားပေးဖို့မျှော်လင့်ပါတယ်၊ အဖွဲ့ခေါင်းဆောင်ချဲယောင်အင်း”
ယောင်အင်းက မြင့်တက်လာတဲ့ဒေါသကိုပြန်ထိန်းရင်း မပွင့်တပွင့်ပြောလိုက်တယ်။
“မှတ်ထားလိုက်ပါ့မယ် ဥက္ကဌ”
“သွားကြရအောင်”
အရင်ဆုံး နေရာကနေထလိုက်တဲ့ဆောင်းဟျော့ဟာ ရှေ့ကဦးဆောင်ပြီးတော့ ရုံးခန်းကနေထွက်သွားခဲ့တယ်။ သူ့ရဲ့နှုတ်ခမ်းမှာတော့ မြင်ရသလိုလို မမြင်ရသလိုလို အပြုံးလေးကချိတ်ဆွဲနေခဲ့တယ်။
***
ယောင်အင်း အဆင့်မြင့်ဝိုင်ကိုရေလိုသောက်ရင်း တစ်တွတ်တွတ်ပြောနေတဲ့ ဥက္ကဌဂန်ကို စိတ်ကုန်သလိုနဲ့ကြည့်လိုက်တယ်။
“ကျွန်တော် ဝန်ထမ်းတွေကိုအရေးပေးပြောတတ်တာက ‘အနုပညာရှင်တွေကို ခခယယမဆက်ဆံနဲ့၊ မင်းတို့တွေက ပါတနာတွေလေ၊ အစေခံမဟုတ်ဘူး’ ဆိုတဲ့ ဒီစကားပါပဲ။ ယောင်အင်းဆီကိုလည်း နားကွဲလောက်အောင်ပြောခဲ့တာပေါ့။ ခခယယဆက်ဆံဆိုလို့ ခခယယဆက်ဆံမဲ့သူလည်း ဟုတ်တော့မဟုတ်ပေမဲ့…… ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါကမရေးကြီးပါဘူး…… လက်ရှိ အဖွဲ့ခေါင်းဆောင်ချဲကိုပျိုးထောင်ထားတာ ကျွန်တော်ပါ”
နဂိုကတည်းက အရက်ကိုကြိုက်တဲ့သူမို့ တစ်ယောက်ထဲ ဝိုင်နှစ်ပုလင်းကို သူ့ဘာသာအပြောင်ဆွဲလိုက်တဲ့အထိ နားလည်ပါတယ်။ ဒါပေမဲ့ ဘာလို့ ဒီတိုင်းနေနေတဲ့ကျွန်မအကြောင်းကို ဗလုံးဗထွေးလိုက်ပြောနေတာလဲဆိုတာကိုတော့ လုံးဝနားမလည်နိုင်ခဲ့ဘူး။
“ယောင်အင်းကို ဒီနယ်ပယ်ထဲဆွဲခေါ်ခဲ့တာ ကျွန်တော်လေ၊ ယောင်အင်းကိုထားပြီးတော့ ကျွန်တော်ပဲထွက်သွားတာမို့ စိတ်မကောင်းတွေဖြစ်ပြီး…… စိတ်တွေပူပြီးတော့…… စိတ်က တော်တော်ရှုပ်နေတာပါ”
“စိတ်ပူစရာမလိုပါဘူး။ ကျွန်တော် ကောင်းကောင်းထောက်ပံ့ပေးမှာပါ”
ယောင်အင်းမှာတော့ ဥက္ကဌဂန်တင်မကဘူး၊ ခဏခဏ စိတ်လှုပ်ရှားစရာစကားတွေကိုပြောနေတဲ့ ဆောင်းဟျော့ကြောင့် စိတ်အနားပေးဖို့အချိန်တောင် မရှိခဲ့ဘူး။
“ယောင်အင်းက တက္ကသိုလ် စတုတ္ထနှစ် နွေရာသီကျောင်းပိတ်တဲ့အချိန်တုန်းက ဟဲဆောင်းမှာ ခဏအချိန်ပိုင်းလုပ်ဖူးတယ်လေ”
“သိပါတယ်”
ဥက္ကဌက ကြောင်သွားတဲ့မျက်နှာနဲ့ ခေါင်းကိုစောင်းလိုက်တယ်။
“သိတာလား”
“ခုနတုန်းက အဖွဲ့ခေါင်းဆောင်ချဲဆီကနေ ကြားခဲ့တာပါ”
ဆောင်းဟျော့က စကားမှားပြောမိတာတောင် ထိတ်လန့်မသွားဘဲနဲ့ မီးစဉ်ကြည့်ကပြီးတော့ အခြေအနေကနေရုန်းထွက်နိုင်ခဲ့တယ်။ တကယ်တော့ လွန်ခဲ့တဲ့သုံးနှစ်မတိုင်ခင်ကတည်းက ကြားခဲ့တဲ့စကားပင်။
“အာ ယောင်အင်း ပြောပြခဲ့တာကိုး…….”
တစ်ယောက်ထဲရေရွတ်ရင်း ခေါင်းကိုဖြည်းဖြည်းချင်းငြိမ့်နေတဲ့ဥက္ကဌဂန်က ပြောလက်စ စကားကိုဆက်ပြောလာတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မရမကတိုက်တွန်းပြီးတော့ ဘွဲ့ရတဲ့အချိန်မှာ လုံးဝခေါ်လာခဲ့တာပါ”
ယောင်အင်း ဟဲဆောင်းအင်တာတိန်းမန့်ထဲဝင်သွားတာက ဆောင်းဟျော့နဲ့လမ်းခွဲပြီး ဘယ်လောက်မှမကြာသေးတဲ့အချိန်မှာပေါ့။
“ယောင်အင်းက အလုပ်ဝင်ပြီး ၃ နှစ်ကျော်အထိ သေလောက်အောင်အလုပ်ပဲလုပ်လာတဲ့ သနားစရာကလေးတစ်ယောက်ပါ။ အဲ့မျက်နှာလေးနဲ့ တစ်ခါမှရည်းစားတောင်မထားနိုင်ဘဲ…….”
“ဥက္ကဌ အရမ်းမူးနေပြီပဲ”
ယောင်အင်းက အိပ်ချင်မူးတူးဖြစ်နေတဲ့အချိန် သနားစရာကလေးဖြစ်သွားတာထက် တစ်ခါမှရည်းစားမထားနိုင်ဘူးဆိုတဲ့စကားကို ပိုလန့်သွားခဲ့မိတယ်။
ဘယ်လောက်ပဲ ချားဆောင်းဟျော့ဆီမှာ တွဲနေတဲ့သူရှိတယ်ဆိုတဲ့အလိမ်စကားက အလုပ်မဖြစ်ရင်တောင် ဒီလိုနည်းနဲ့အဖော်ခံလိုက်ရတာတဲ့လား။ တစ်တွတ်တွတ်ပြောနေတဲ့ပါးစပ်ကို အပ်နဲ့ချုပ်ပေးလိုက်ချင်တဲ့စိတ်မျိုး ဖြစ်သွားခဲ့တယ်။
“မဟုတ်ပါဘူး။ ငါတစ်စက်မှ မမူးသေးဘူး”
ဝေဝါးနေတဲ့အမြင်ထဲကို အာရုံစူးစိုက်လိုက်တဲ့ ဥက္ကဌဂန်က ထပ်ပြီးတော့ ဆောင်းဟျော့ကိုပြန်ကြည့်ရင်း စကားကိုပြန်ပြင်ပြောလာတယ်။
“ကျွန်တော် မှားပြောမိတာပါ။ မထားနိုင်တာမဟုတ်ဘဲ မထားတာပေါ့။ ယောင်အင်းကိုကြိုက်တဲ့သူတွေက ဘယ်လောက်တောင်များလိုက်လဲ။ အံ့ဩရလောက်အောင်ကို နာမည်ကြီး သရုပ်ဆောင်တွေလည်းပါသေးတယ်”
ယောင်အင်းဟာ ကျွန်မအရာအားလုံးကိုဖွင့်ချဖို့စီစဉ်ထားပုံရတဲ့ ဥက္ကဌဂန်ကိုစိုက်ကြည့်ပြီး ကျွန်မရှေ့မှာချထားတဲ့ဝိုင်ကို တစ်ကျိုက်တည်းနဲ့မော့သောက်လိုက်တယ်။
“မူးနေပြီလို့”
ယောင်အင်းက ခွမ်းဆိုတဲ့အသံထွက်အောင် ခွက်ကိုချလိုက်ပြီးတော့ မျက်လုံးကိုလှည့်လိုက်တာမို့ ဥက္ကဌဂန်ခမျာ မူးနေတဲ့ကြားမှာတောင် လုံးဝကြောက်သွားခဲ့တယ်။
“အာ ဟုတ်ပ မူးနေပြီထင်တယ်။ မူးနေပြီပဲ မူးနေပြီ…….”
မရည်ရွယ်ထားတဲ့ဖွင့်ချမှုက အဲ့လိုနဲ့ အဆုံးသတ်သွားခဲ့တယ်။
***
ယောင်အင်းစိတ်ထဲ အရက်ရှိန်ကြောင့် နည်းနည်းထွေလာခဲ့တယ်။ စိတ်တိုနေတာနဲ့ပဲ ဝိုင်ကိုဆက်တိုက်သောက်ခဲ့တဲ့အပြစ်တွေပေါ့။
“သန့်စင်ခန်း ခဏသွားလိုက်ပါဦးမယ်”
ရေအေးအေးနဲ့လက်ဆေးပြီးတော့ အခန်းထဲကိုပြန်လာတဲ့အချိန်မှာတော့ ဥက္ကဌဂန်နဲ့ ဥပဒေရေးရာခေါင်းဆောင်ကိုမတွေ့ရတော့ဘူး။
ယောင်အင်း ခုံကိုကျောမှီပြီးတော့ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေတဲ့ဆောင်းဟျော့ကို တိတ်တိတ်လေးရပ်ကြည့်နေလိုက်တယ်။
မဲမှောင်နေတဲ့ညကောင်းကင်နဲ့ အဲ့အောက်မှာမြင်ရတဲ့မျက်စိကျိန်းစရာ ညရှုခင်း၊ ပြီးတော့ ယောက်ျားတစ်ယောက်၊ အားလုံးပေါင်းလိုက်ရင် ပန်းချီကားနဲ့တောင်တူနေခဲ့တယ်။
ချားဆောင်းဟျော့ကိုကြည့်လိုက်ရင် အလင်းနဲ့အမှောင်ယှဉ်တွဲနေသလို ခံစားချက်မျိုးရစေတယ်။ ဒီနေ့ တောက်ပတဲ့နေရောင်နဲ့တူတယ်ဆိုရင် နောက်တစ်နေ့ကျရင်တော့ အသူတစ်ရာနက်တဲ့ချောက်နဲ့ တူသွားပြန်ရော။
“ပြန်လာပြီလား”
အာရုံပြန်စုစည်းလိုက်တဲ့ယောင်အင်းက ကျေးဇူးပြုပြီး ကျွန်မမျက်နှာပေါ်မှာ သဘောကျတဲ့အရိပ်အယောင်တွေ မပေါ်သွားပါစေနဲ့လို့မျှော်လင့်ရင်း သဘာဝကျကျနဲ့ လေထုအခြေအနေကိုပြောင်းလိုက်တယ်။
“ကျွန်မတို့ ဥက္ကဌ…….”
ထပ်ပြီးတော့ အပြစ်ရှာနေဦးမှာဆိုးလို့ အမြန် စကားကိုပြင်ပြောလိုက်တယ်။
“ဥက္ကဌ ဂန်ယူဂေါန်ရော”
ချီးကျူးသလိုမျိုး သူ့ရဲ့နှုတ်ခမ်းပေါ်မှာ အပြုံးပေါ်လာခဲ့တယ်။
“အရမ်းမူးနေလို့ ဥပဒေရေးရာခေါင်းဆောင်ကို အိမ်အထိလိုက်ပို့ဖို့ပြောထားတယ်”
“ကျွန်မတို့လည်း သွားကြရအောင်”
ယောင်အင်း သူ့နေရာကိုသွားပြီးတော့ အိတ်ကိုယူလိုက်တယ်။
“လိုက်ပို့ပေးမယ်”
“တက္ကစီခေါ်လိုက်လို့ရပါတယ်”
“အင်းပါ ဒါဆို”
နှစ်ယောက်သား အတူတူ Fine Dining ကနေ ထွက်လာခဲ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဝင်ပေါက်မှာ တက္ကစီတစ်စီးက ရပ်နေခဲ့တယ်။
“အရင်သွားနှင့်ပါတော့မယ်”
ဆောင်းဟျော့က ဘာမှမပြောဘဲနဲ့ ခေါင်းကိုဘဲအသာလေးညိတ်လိုက်တယ်။
ယောင်အင်းကိုတင်သွားတဲ့တက္ကစီထွက်ထွက်ပြီးချင်းမှာပဲ Valet Parking ဝန်ထမ်းက သူ့ရဲ့ကားကိုယူလာပေးခဲ့တယ်။
အရက်ကိုပါးစပ်နဲ့တောင်မထိခဲ့တဲ့သူက ချက်ချင်း ကားမောင်းသူနေရာမှာထိုင်ပြီး တက္ကစီနောက်ကိုလိုက်သွားခဲ့တယ်။ ပြီးတော့ အိမ်ရှေ့ကိုရောက်သွားတဲ့ယောင်အင်း တက္ကစီကနေဆင်းပြီး အိမ်ရှေ့တံခါးထဲကိုဝင်သွားတဲ့အချိန်ထိ စောင့်ကြည့်ပြီးမှ ပြန်သွားခဲ့တယ်။