Chapter 9
ယောင်အင်းဟာ ဟဲဆောင်းအင်တာတိန်းမန့်ရုံးမှာ အလုပ်ဆင်းခဲ့တယ်။
SL အင်တာတိန်းမန့်မှာ အလုပ်ဆင်းရမှာကတော့ နောက်အပတ် တနင်္လာနေ့မှပင်။
ဥက္ကဌရုံးခန်းကိုတစ်ချက်ကြည့်လိုက်တော့ ဥက္ကဌဂန်က လက်နဲ့မျက်လုံးကိုအုပ်ထားပြီး ဆိုဖာပေါ်မှာလှဲနေခဲ့တယ်။ စားပွဲပေါ်မှာအိတ်ကိုတင်ပြီးတော့ ဥက္ကဌရုံးခန်းထဲကိုသွားတဲ့ယောင်အင်းက မှန်တံခါးကို နှစ်ချက်ခေါက်ပြီး အထဲကိုဝင်လိုက်တယ်။
“စောစောလာတာပဲနော်”
လက်ကိုအောက်ချပြီးတော့ မျက်လုံးဖွင့်လိုက်တဲ့ဥက္ကဌဂန်ရဲ့မျက်နှာဟာ သေခါနီးပုံစံလိုဖြစ်နေခဲ့တယ်။
“ငါ့မိန်းမက အမူးပြေစွပ်ပြုတ်ကို လုံးဝမချက်ပေးဘူးလေ။ ဗိုက်မကောင်းလို့ အရက်နာပျောက်အောင်လုပ်ဖို့ထွက်လာရာကနေ ကုမ္ပဏီကိုပဲတန်းလာလိုက်တာ”
“နေ့တိုင်း အရက်သောက်ပြီးပြန်လာတဲ့ယောက်ျားက ဘာများချစ်စရာကောင်းနေလို့ အမူးပြေစွပ်ပြုတ် ပြုတ်ပေးရမှာလဲ”
“မင်းကလေ ဘာလို့အမြဲတမ်း ငါတို့မိန်းမတွေလိုပြောရတာလဲ…….”
ယောင်အင်းလည်း တမင်သက်သက် ပိုစိတ်ညစ်နေတဲ့အသံနဲ့ပြောပြီးတော့ ထထိုင်လိုက်တဲ့ဥက္ကဌဂန်နဲ့ မျက်နှာချင်းဆိုင်ဆိုဖာမှာ ဝင်ထိုင်လိုက်တယ်။
ရီဝေဝေဖြစ်နေတဲ့ ဥက္ကဌဂန်ရဲ့မျက်လုံးတွေက ရုတ်တရက်ဝိုင်းစက်လာခဲ့တယ်။
“အာ ဟုတ်သားပဲ ယောင်အင်း”
“ဟုတ်ကဲ့”
“မင်း ဥက္ကဌချားဆောင်းဟျော့က ဥက္ကဌကြီးချားဟျောင်းအွန်းရဲ့သားဆိုတာ သိလား”
“သိပါတယ်”
“အာ သိတာကိုး…….”
ရှက်သွားတာလည်း ခဏပင်၊ ဥက္ကဌဂန်ဟာ စိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ မျက်လုံးတွေလက်သွားခဲ့တယ်။
“SL အင်တာတိန်းမန့်ကိုလာတာကြည့်ရင် အဖေ့ဆီကနေ အမုန်းခံရသလိုမျိုး ထင်ရတယ်မလား”
“မဟုတ်ပါဘူး”
“မဟုတ်ဘူးလား”
“သူ့ဆန္ဒနဲ့သူလာတာပါ”
“ဘာလို့လဲ”
“မပြောတတ်ဘူးလေ”
ဘာလို့လဲဆိုတာတော့သိပေမဲ့ မပြောနိုင်ခဲ့ဘူး။
“မင်းနဲ့နေ့တိုင်းတွေ့ဖို့”
မနေ့က ဆောင်းဟျော့ပြောခဲ့တဲ့စကားကိုသတိရသွားတဲ့ ယောင်အင်းက နောက်တစ်ကြိမ် ထူးဆန်းတဲ့ခံစားချက်ကို ခံစားမိသွားတယ်။
“အဖေ့ဆီကနေအမုန်းခံရလို့မဟုတ်ဘဲ သူ့ဆန္ဒနဲ့သူလာတယ်ဆိုတာကို ဘယ်လိုသိတာလဲ”
“ကာယကံရှင်ဆီကနေ ကြားတာပါ”
“မနေ့က ကုမ္ပဏီမှာ နှစ်ယောက်ထဲစကားပြောတုန်းကလား”
“…….”
ယောင်အင်း နေရခက်စွာနဲ့ ရယ်ရင်းသာခေါင်းညိမ့်လိုက်တယ်။
“နှစ်ယောက်သားက ငါးမိနစ်လောက်ပဲ အတူတူရှိခဲ့သလားလို့၊ အဲ့အချိန်လေးအတွင်းမှာ မင်း တက္ကသိုလ်တုန်းက အချိန်ပိုင်းလုပ်ခဲ့တာနဲ့ ဥက္ကဌချား SL အင်တာတိန်းမန့်ကို သူ့ဆန္ဒနဲ့သူလာခဲ့တဲ့အကြောင်းအထိ ပြောကြတာလား”
“အဲ့နှစ်ခုလေးပဲ ပြောခဲ့တာပါ”
“အာ ဟုတ်လား”
မသေချာသလိုမျက်နှာနဲ့ ခေါင်းကိုစောင်းလိုက်တဲ့ ဥက္ကဌဂန်က ခေါင်းစဉ်ကိုပြောင်းလိုက်တယ်။
“မင်းမနေ့က အများကြီးမသောက်ဘူးလား”
“တစ်ခွက်နှစ်ခွက်ပဲ သောက်တာပါ”
“တော်တယ်။ ငါမူးနေလို့ မင်းကိုဂရုမစိုက်ပေးနိုင်တဲ့အခြေအနေမှာ မင်းလည်းမူးနေရင် မဖြစ်ဘူးလေ”
ယောင်အင်းက အဓိပ္ပါယ်မရှိဘူးဆိုတဲ့ပုံစံနဲ့ ရယ်လိုက်တယ်။
“ဂရုစိုက်ပေးတဲ့အချိန် ရှိခဲ့ဖူးသလိုပြောနေတာပဲ။ အမြဲတမ်း အရင်မူးသွားတဲ့သူက ဥက္ကဌပါနော်”
ယောင်အင်းက ပုံမှန်ဆို ယုံကြည်ရလောက်တဲ့သူနဲ့ အတူသောက်တဲ့အရက်ဝိုင်းမဟုတ်ဘူးဆိုရင် မူးတဲ့အထိသောက်လေ့မရှိဘူး။
ဒါပေမဲ့ မနေ့က ပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်မအကြောင်းကိုပြောနေတဲ့ တစ်ယောက်သောသူကြောင့် အရက်အများကြီးသောက်မိတာတောင် မူးတဲ့အထိမသောက်ခဲ့တာက ယုံကြည်ရလောက်တဲ့သူမရှိလို့တော့ မဟုတ်ဘူး။
ကျွန်မကိုယ်ကျွန်မ မယုံလို့ပဲ။
ချားဆောင်းဟျော့ဆီ ကျွန်မစိတ်ရင်းကိုပြမိမှာဆိုးလို့။ ခက်ခက်ခဲခဲဖြတ်တောက်ထားခဲ့တဲ့ ဆက်ဆံရေးကို ပြန်ဆက်မိမှာဆိုးလို့။
လက်မခံချင်ပေမဲ့ ချားဆောင်းဟျော့နဲ့အတူတူရှိနေရင် လုံခြုံမှာဆိုတဲ့ယုံကြည်မှု၊ ဘာကိစ္စတွေပဲရှိရှိ သူက ကာကွယ်ပေးမှာဆိုတဲ့ ယုံကြည်မှုကတော့ အရင်လိုပဲရှိနေခဲ့တယ်။
“ထပ်နားလိုက်ပါဦး။ ပုံစံက အရမ်းကြည့်ရဆိုးပါတယ်”
ယောင်အင်းက မနေ့ညကတက္ကစီထဲကနေ နောက်လှည့်ကြည့်မိတဲ့အချိန် တွေ့လိုက်ရတဲ့ဆောင်းဟျော့မျက်နှာကို မေ့ဖျောက်ပစ်ဖို့ကြိုးစားရင်း နေရာကနေထလိုက်တယ်။
***
SL အင်တာတိန်းမန့်မှာ ပထမဆုံးအလုပ်ဆင်းတဲ့နေ့။
ယောင်အင်းက ဟဲဆောင်းမှာ ၂နှစ်နီးပါး အတူအလုပ်လုပ်ခဲ့တဲ့ ဟဲယွန်းနဲ့ ကားပါကင်မှာ အမှတ်မထင်တွေ့ခဲ့တယ်။ နည်းနည်းတော့ စကားနည်းပေမဲ့ အရိပ်အကဲကြည့်တာမြန်ပြီး အလုပ်ကိုလည်း သွက်သွက်လက်လက်နဲ့ ကောင်းကောင်းလုပ်တတ်တာကြောင့် သဘောကျရတဲ့ဂျူနီယာတစ်ယောက်ပေါ့။
“အဖွဲ့ခေါင်းဆောင် ကျွန်မနည်းနည်း စိတ်လှုပ်ရှားတယ်”
“ငါရောပဲ”
“အိုင်း လိမ်နေတာပဲ။ အဖွဲ့ခေါင်းဆောင်က ဒီလိုကိစ္စကြောင့် စိတ်လှုပ်ရှားမဲ့သူမဟုတ်ဘူးလေ”
“တကယ်ပြောတာကို”
စိတ်ရင်းနဲ့ပြောလိုက်တာ။ ဒါပေမဲ့ အကြောင်းရင်းကတော့ ဟဲယွန်းနဲ့တူမနေခဲ့ဘူး။ ဒီအတောအတွင်း ငြိမ်နေခဲ့တဲ့ချားဆောင်းဟျော့က ဘယ်လိုဖြစ်လာမလဲမသိလို့ စိတ်လှုပ်ရှားနေခဲ့တယ်။
မိန်းကလေးနှစ်ယောက်သား ပိတ်ရက်အတွင်းမှာကြုံခဲ့တဲ့ ကိစ္စအသေးလေးတွေကိုဝေမျှရင်း ဓာတ်လှေကားဆီကို လျှောက်သွားခဲ့ကြတယ်။ ဒါပေမဲ့ ဓာတ်လှေကားရှေ့မှာ သန့်ပြန့်ချောမောတဲ့ယောက်ျားတစ်ယောက်က ရပ်နေခဲ့တယ်။
ဘယ်သူလဲဆိုတာ တစ်ခါတည်းသိသွားတဲ့ယောင်အင်းက နေရာမှာတင် ရပ်သွားခဲ့တယ်။
“ဘာဖြစ်လို့လဲဟင်”
ဟဲယွန်းက စိတ်ပူနေတဲ့မျက်နှာနဲ့ ယောင်အင်းကိုကြည့်လိုက်တဲ့အချိန် တစ်ပြိုင်နက်တည်းမှာပဲ လူရှိတာကိုခံစားမိတဲ့ယောကျ်ားက ခေါင်းကိုလှည့်ကြည့်လာတယ်။
ဓာတ်လှေကားကိုစောင့်နေတဲ့သူက တကယ်တော့ ဆောင်းဟျော့ဖြစ်နေခဲ့တာ။
“ဘာမှမဖြစ်ပါဘူး”
ယောင်အင်းက တိုးတိုးလေးဖြေပြီးတော့ သူ့ဆီသွားလိုက်တယ်။ နောက်ပြီးတော့ တည်ငြိမ်နေတဲ့မျက်နှာနဲ့ အရင်နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ ဥက္ကဌ”
“ဒီနေ့ကနေစပြီး အလုပ်ဆင်းတာလား”
“ဟုတ်ကဲ့”
“ဝင်ကြတာပေါ့”
ရောက်လာတဲ့ဓာတ်လှေကားထဲကို အရင်ဝင်သွားတဲ့ဆောင်းဟျော့က ဥက္ကဌရုံးခန်းရှိတဲ့ ၈ထပ် နဲ့ စီမံခန့်ခွဲရေးအသင်းရှိတဲ့ ၅ထပ်ကို အလှည့်ကျနှိပ်လိုက်တယ်။
နောက်ကနေလိုက်ဝင်သွားတဲ့ယောင်အင်းက သူ့ကို ဟဲယွန်းနဲ့မိတ်ဆက်ပေးခဲ့တယ်။ အေးဆေးတဲ့ဆောင်းဟျော့နဲ့ စိတ်လှုပ်ရှားနေတဲ့ဟဲယွန်းတို့ နှုတ်ဆက်တာပြီးသွားလောက်တဲ့အချိန် ဓာတ်လှေကားက ၅ ထပ်မှာ ရပ်သွားခဲ့တယ်။
မိန်းကလေးနှစ်ယောက်က ဆောင်းဟျော့ဆီခေါင်းငုံ့လိုက်ပြီးတော့ ဓာတ်လှေကားကနေ ဆင်းလာခဲ့ကြတယ်။ အဲဒီနောက် ဟဲယွန်းက ယောင်အင်းရဲ့လက်ကိုချိတ်ပြီးတော့ ချဲ့ကားပြောလာတယ်။
“ဝါး ဥက္ကဌဂန်ဆီကနေကြားလို့ ခန့်တော့ခန့်မှန်းထားပေမဲ့ ကျွန်မတွေ့ဖူးတဲ့မင်းသားတွေထဲမှာ အချောဆုံးပဲ၊ သြော်…မဟုတ်သေးဘူး၊ သပ်ရပ်ကြော့မော့နေတဲ့ပုံစံက သာမန်အနုပညာရှင်တွေထက် လုံးဝပိုမိုက်တယ်နော်”
“အဲ့လောက်ကြီးတော့…….”
ယောင်အင်းဟာ သဘောတူချင်တဲ့စိတ်ကို အသားကုန်ထိန်းပြီးတော့ ခြေလှမ်းကိုအရှိန်မြင့်လိုက်တယ်။
***
တစ်မနက်လုံး မနားဘဲနဲ့ အလုပ်လုပ်ပြီး အချိန်ကုန်ခဲ့တဲ့ယောင်အင်းက ဟဲယွန်းနဲ့အတူ ကန်တင်းကိုဆင်းလာခဲ့တယ်။
တခြားအဖွဲ့သားတွေဆိုရင် ထမင်းတောင်စားပြီးလို့ ရုံးခန်းထဲကိုပြန်သွားကြတဲ့အချိန်ပေါ့။ နှစ်ယောက်ထဲ သက်သက်စားဖြစ်တာက ယောင်အင်းတက်ခဲ့တဲ့ အဖွဲ့ခေါင်းဆောင်အစည်းအဝေးက နောက်ကျမှပြီးသွားတာကြောင့်ပင်။
“နောက်တစ်ခါဆိုရင်တော့ မစောင့်ဘဲနဲ့အရင်စားနှင့်လိုက်”
“အာ တကယ်ပါပဲ ဗိုက်မဆာသေးလို့ပါဆို။ အမြန်တန်းစီရအောင်”
ဟဲယွန်းက တစ်တွတ်တွတ်ပြောပြီးတော့ ယောင်အင်းကိုဆွဲခေါ်သွားခဲ့တယ်။
ရွှန်းလဲ့နေတဲ့ငါးရှဉ့်ထမင်းကိုယူပြီးတော့ ပြတင်းပေါက်ဘက်မှာ နေရာယူထိုင်လိုက်ကာ နှစ်ယောက်သား ဇွန်းကိုကိုင်လိုက်တဲ့အချိန် အသံတစ်သံကိုကြားလိုက်ရတယ်။
“ထိုင်လို့ရသေးလား”
ယောင်အင်းနဲ့ဟဲယွန်းရဲ့အကြည့်က တစ်နေရာထဲကိုဦးတည်သွားခဲ့တယ်။ နှစ်ယောက်သားရဲ့အကြည့်ဆုံသွားတဲ့နေရာမှာတော့ ဆောင်းဟျော့က လေးထောင့်လင်ဗန်းကိုကိုင်ပြီး ရပ်နေခဲ့တယ်။
“ရတာပေါ့။ ဒီမှာထိုင်ပါ ဥက္ကဌ”
ယောင်အင်းရပ်သွားတဲ့အချိန် ဟဲယွန်းက သူ့နေရာကိုဖယ်ပေးပြီးတော့ ဘေးကိုရွှေ့လိုက်တယ်။ အဲ့လိုနဲ့ ဆောင်းဟျော့နဲ့ ယောင်အင်းက သဘာဝကျကျ မျက်နှာချင်းဆိုင်ထိုင်ဖြစ်သွားတယ်။
“နေ့လည်စာစားတာ နောက်ကျတယ်နော်”
စိတ်ပြန်ငြိမ်သွားတဲ့ယောင်အင်းက အေးအေးဆေးဆေးပြန်ပြောလိုက်တယ်။
“ဥက္ကဌလည်း စားတာနောက်ကျတယ်နော်”
ပုံမှန်စကားစမြည်ပြောပြီးနောက်မှာတော့ တကယ့်တကယ် ထမင်းစစားခဲ့ကြတယ်။
“ဒီနေ့ ညနေအချိန်ရရင် အသင်း ၅ တစ်ဖွဲ့လုံး အတူတူထမင်းစားကြရအောင်လေ”
“ချိန်းထားတာရှိပါတယ်”
ယောင်အင်းက ပစ်ပစ်ခါခါ စကားကိုချက်ချင်းဖြတ်ပြီးပြောလိုက်တာကြောင့် လန့်သွားတဲ့ဟဲယွန်းက အမြန်ဝင်ပြီးတော့ ရှင်းပြပေးခဲ့တယ်။
“သရုပ်ဆောင် ဂျီဆင်းချန်းရဲ့မွေးနေ့ပါတီကို ကျွန်မတို့အသင်းတစ်ခုလုံး အဖိတ်ခံထားရလို့ပါ။ အဖွဲ့ခေါင်းဆောင်ချဲကိုခေါ်ချင်လို့ ကျွန်မတို့ကို အပိုအနေနဲ့ခေါ်တာဖြစ်ပေမဲ့ပေါ့”
ယောင်အင်းရဲ့မျက်မှောင်က နည်းနည်းကြုံ့သွားခဲ့တယ်။
“ဟဲယွန်း၊ ဥက္ကဌက တစ်စက်မှတောင် စိတ်မဝင်စားလောက်မဲ့အကြောင်းကို ဘာလို့ဒီလောက်တောင် အသေးစိတ်ပြောပြနေရတာလဲ”
ဆောင်းဟျော့က အခိုင်အမာကို ပြန်ငြင်းလာတယ်။
“မဟုတ်ပါဘူး။ တော်တော်လေးကို အများကြီးသိချင်ပါတယ်၊ ဆက်ပြောပါ”
ဟဲယွန်းက ဘယ်သူ့စကားကိုနားထောင်ရမလဲမသိလို့ နှစ်ယောက်သားရဲ့အရိပ်အခြေကို တစ်လှည့်စီကြည့်လာခဲ့တယ်။
“အာ အင်း၊ အော်၊ ဆိုတော့လေ…….”
သေသေချာချာ ဆုံးဖြတ်ဖို့လိုတဲ့အချိန်ပဲ။
***
အဲ့နေ့ညနေ ကုမ္ပဏီကနေထွက်လာတဲ့ဆောင်းဟျော့က ရှင်းဆားဒုံးမှာရှိတဲ့ Lounge Bar ကို ချက်ချင်းသွားခဲ့တယ်။
ဖွင့်ထားတာတော့မကြာသေးပေမဲ့ အနုပညာရှင်တွေအများကြီးအဝင်အထွက်လုပ်လို့ ခဏလေးနဲ့နာမည်ကြီးလာတဲ့နေရာပေါ့။
ဝင်ပေါက်နားကနေရာမှာထိုင်ပြီး ၅ မိနစ်လောက်စောင့်လိုက်တော့ ဂုတ်ဝဲဆံပင်တိုနဲ့ ကော်ကိုင်းမျက်မှန်တပ်ထားတဲ့ ယောကျ်ားတစ်ယောက်ရောက်လာခဲ့တယ်။
“ဒီမှာအခန်းမရှိဘူးလား။ ဒီရှုပ်ပွတဲ့နေရာက ဘာကြီးလဲ”
အနီးအနားကိုဝေ့ပတ်ကြည့်ရင်း ဆောင်းဟျော့ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တဲ့သူရဲ့နာမည်ကတော့ ယွန်ဂျီဆန်း၊ ဆောင်းဟျော့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းပင်။
ပြီးခဲ့တဲ့ ၃ နှစ်အတွင်း နှစ်ယောက်လုံး အမေရိကမှာနေခဲ့ပေမဲ့ ဂျီဆန်းက ဆောင်းဟျော့ထက် ၁၅ ရက်စောပြီး အရင်ပြန်သွားခဲ့တယ်။
“မွန်းကြပ်လို့”
ဆောင်းဟျော့ရဲ့မျက်နှာကိုစိုက်ကြည့်နေတဲ့ ဂျီဆန်းရဲ့မျက်နှာက လေးနက်လာခဲ့တယ်။
“စိတ်ပူပန်ရောဂါတွေများ ရှိနေတာလား”
“စိတ်ပူပန်ရောဂါ?”
“တကယ်လို့များ မီးလောင်ရင် အရင်ဆုံးအပြင်ထွက်ဖို့ ဝင်ပေါက်မှာထိုင်နေတာမဟုတ်ဘူးလား”
“အော၊ မဟုတ်ပါဘူး”
“ဒါဆို ဖြတ်သွားတဲ့သူတွေ တစ်ခေါက်စီလှည့်ကြည့်ပေးတာကို လိုချင်တာလား”
ဆောင်းဟျော့က မျက်မှောင်ကြုတ်လိုက်တယ်။
“ဘာတွေလာပြောနေတာလဲ”
“ဒါဆို ဒီလိုအမှိုက်လိုနေရာမှာ ထိုင်ရတဲ့အကြောင်းရင်းက ဘာလဲလို့”
သူတို့နှစ်ယောက် ဒီလိုမျိုး လူပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင်သွားနေကြတဲ့နေရာကြီးမှာတွေ့တာတော့ ဒီနေ့က ပထမဆုံးအကြိမ်ပင်။
“ဒီတိုင်း”
ဂျီဆန်းရဲ့မကျေနပ်ချက်ကို တစ်ခွန်းထဲနဲ့ငြင်းလိုက်တဲ့ဆောင်းဟျော့က ချထားပြီးသားခွက်အလွတ်ထဲကို ဝီစကီ ထည့်ပေးလိုက်တယ်။
တစ်ကျိုက်တည်းနဲ့ ခွက်ကိုအလွတ်ဖြစ်ခိုင်းလိုက်တဲ့ဂျီဆန်းက ခန္ဓာကိုယ်အပေါ်ပိုင်းကိုရှေ့ကိုင်းရင်း စိတ်ဝင်စားမှုအပြည့်နဲ့ မျက်လုံးတွေတောင် ဘလင်းဘလင်းဖြစ်လာတယ်။
“ယောင်အင်းလေးကို ဘယ်အချိန်ပြပေးမှာလဲ”
“ဘယ်ကိုလာပြီးတော့ ရင်းနှီးချင်ယောင်ဆောင်နေတာလဲ”
“ရင်းနှီးချင်ယောင်တောင် ဆောင်လို့မရဘူးလား”
“ယောင်အင်းက ငါနဲ့ရင်းနှီးတာလေ၊ မင်းနဲ့ရင်းနှီးတာမှမဟုတ်တာ၊ မင်းကဘာလို့လဲ”
“မင်းနဲ့ရင်းနှီးတာရောဟုတ်လို့လား၊ အရင်တုန်းက ခဏရင်းနှီးခဲ့တာမဟုတ်ဘူးလား”
“မကြာခင် ပြန်ရင်းနှီးတော့မှာပါ”
ဂျီဆန်းက ချဲယောင်အင်းဆိုတဲ့နာမည်ကိုသာကြားရင် ဂဏမငြိမ်ဖြစ်တတ်တဲ့ဆောင်းဟျော့ကို စနောက်ရတာ အရမ်းပျော်တယ်။
“ချားဆောင်းဟျော့ကို နယ်ပယ်စွန်းမှာလုပ်အားပေးခိုင်းတဲ့မိန်းကလေးက ဘယ်သူလဲဆိုတာ သိချင်လွန်းလို့ရူးတော့မယ်”
SL Group စီမံခန့်ခွဲရေးဌာနနဲ့ယှဉ်ရင် SL အင်တာတိန်းမန့်က နယ်ပယ်စွန်းလို့ခေါ်ဖို့ လုံလောက်ခဲ့တယ်။
“ဒီလိုလုပ်မယ်ဆိုရင် ဘာလို့ ၃ နှစ်ကြီးတောင် ခေါင်းမာခဲ့တာလဲ”
ဆောင်းဟျော့က ဂျီဆန်းရဲ့ဝေဖန်မှုကို မလှုပ်မယှက် လက်ခံပေးခဲ့တယ်။
“နောင်တရနေတာလေ။ အဲ့ဒါကြောင့် အခုတော့ လက်မလွှတ်တော့မလို့”
ဒီအတောအတွင်း မသေချာခဲ့ဘူး။ တကယ် ချဲယောင်အင်းကို မမေ့နိုင်သေးတာလား၊ ကျွန်တော်တစ်ယောက်တည်း အထင်မှားနေတာလားဆိုတာကို..။
အခုမှ သေသေချာချာသိသွားခဲ့တယ်။ အလဟဿ အချိန်တွေဖြုန်းခဲ့တယ်ဆိုတာပေါ့။
“အဲ့ဒါက မင်းအကြောင်းလေ။ ယောင်အင်းဘက်က မင်းကိုမကြိုက်တာလည်း ဖြစ်နိုင်တာပဲ”
“ဖြစ်စရာလား။ ဘယ်မိန်းကလေးက ငါ့ကိုမကြိုက်ရမှာလဲ”
လှောင်ရယ်ရယ်ပြီးတော့သာ ပြောခဲ့ပေမဲ့ တကယ်တော့ ဆောင်းဟျော့အနေနဲ့ ယောင်အင်းဆီကနေ တစ်ခါမှသဘောကျတယ်ဆိုတဲ့စကားကို မကြားဖူးခဲ့ဘူး။
ယောင်အင်းက အမြဲ စီနီယာဆိုတဲ့ နာမည်ပြောင်နဲ့ စကားကိုယဉ်ယဉ်ကျေးကျေးပြောပြီးတော့ စည်းတားထားခဲ့တယ်။ ဒါကြောင့်မို့ ပိုတောင့်တခဲ့တာလားတော့ မသိဘူး။
တစ်ခုသေချာတာကတော့ ယောင်အင်း ငါ့ကိုမကြိုက်တာတော့ မဟုတ်ဘူးဆိုတာပဲ။
အဲ့အချိန်တုန်းကရော အခုရော။
အဲ့လိုဖြစ်တာတောင် ဒီလောက်ပဲတွဲရအောင်ဆိုတဲ့စကားကိုကြားကြားချင်း အေးစက်စက်နဲ့လမ်းခွဲပေးခဲ့တာက မာနထိခိုက်လို့ပဲ။
လမ်းခွဲဖို့ အရမ်းကို လွယ်လွယ်ပြောလာတဲ့ မိန်းမဆီ တစ်ယောက်ထဲကပ်တွယ်နေတယ်ထင်လို့ ဒေါသထွက်တဲ့စိတ်မျိုးဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ အဲ့တုန်းကနဲ့မတူတော့ဘူး။
၃ နှစ်တောင် မမေ့နိုင်တဲ့မိန်းမကို အခုချိန်မှာပဲဖြစ်ဖြစ် မဖမ်းဆွဲထားဘူးဆိုရင် တစ်သက်လုံး နောင်တရနေမှာဆိုတာကို မသိလောက်အောင် မရူးမိုက်တော့ဘူး။ အချိန်ဖြုန်းခဲ့တာတွေ ဒီလောက်နဲ့တင် လုံလောက်နေပြီ။
“ငါ မိန်းကလေးအနေနဲ့ မွေးလာပြီးတော့ မင်းလိုကောင်ကဘာမှမဟုတ်ဘူးဆိုပြီး လှောင်ချင်လိုက်တာ”
ဂျီဆန်းက မျက်နှာကိုတွန့်ရှုံ့ပြီးတော့ ပြောလိုက်တယ်။ စကားနဲ့သာ အဲ့လိုပြောခဲ့ရုံ၊ ချားဆောင်းဟျော့က ယောကျ်ားအချင်းချင်းတောင် ကြွေတဲ့အချိန်ရှိတဲ့ကောင်မို့လို့ ယုံကြည်ချက်တော့မရှိခဲ့ဘူး။
ဒါပေမဲ့ ရုတ်တရက် ဆောင်းဟျော့ရဲ့မျက်နှာက တည်သွားခဲ့တယ်။
“သွားရအောင်”
ဂျီဆန်းရဲ့မျက်နှာမှာ အံ့ဩရိပ်တွေပေါ်လာခဲ့တယ်။
“သွားတော့မှာလား။ ငါ ခုနမှ ရောက်တာလေ”
ဆောင်းဟျော့က ဘာမှမကြားတဲ့သူလိုမျိုး နေရာကနေထသွားခဲ့တယ်။
သူ့ရဲ့အကြည့်ကတော့ ဂျီဆန်းရဲ့ပုခုံးအကျော်မှာ ဟဲယွန်းရဲ့အကူအညီကိုယူထားရတဲ့ ယောင်အင်းဆီမှာ။