Chapter - 1

အန်းလော့ အိပ်မက်တစ်ခု မက်ခဲ့သည်။ အိပ်မက်ထဲတွင် အသက်နှစ်ဆယ်အရွယ်၏ နွေရာသီတစ်ခုကို သူပြန်ရောက်သွားခဲ့သည်။ ကားလိုင်စင်ဖြေပြီးပြီးချင်းဖြစ်သော သူနဲ့ သူ့ကောကော အန်းယန်တို့ ကားထွက်မောင်းကြရင်း အမြန်လမ်းပေါ်တွင် အထူးပြင်းထန်သော ကားတိုက်မှုဖြစ်ခဲ့၏။
“__အန်းလော့__သတိထား!”
ကားအတိုက်ခံလိုက်ရချိန်တွင် အန်းယန်ရဲ့စိုးရိမ်တကြီး အော်ဟစ်သံက နားထဲဝဲလျက်ရှိသည်။ အလွန်ကြီးမားသော အားအင်တစ်ခု သူ့ဆီတိုးဝင်လာသည်ကို အန်းလော့ ခံစားလိုက်မိ၏။ ထို့နောက် သူ့ခန္ဓာကိုယ်က အန်းယန်၏ရင်ခွင်ထဲ၌ ပွေ့ဖက်ခြင်းခံလိုက်ရသည်။
အတိုက်ခံလိုက်ရပြီးနောက် ကားသည်အမြန်လမ်းပေါ်မှ ချော်ထွက်ကာ တောင်စောင်းမှတစ်ဆင့် ကျွမ်းပစ်သွား၏။ အန်းလော့အနေဖြင့် မျက်စိရှေ့မှ ကမ္ဘာကြီး တစ်ပတ်လည်နေသည်ကိုသာ ခံစားမိနိုင်တော့သည်။ ခန္ဓာကိုယ်ကို အန်းယန်က ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ထားသည်ကြောင့် မည်သည့်နာကျင်မှုတစ်စုံတစ်ရာမှ မခံစားရပေ။ သို့သော်လည်း သူ့ကိုယ်ပေါ်က အန်းယန်၏ လည်ချောင်းထဲမှ မသက်မသာငြီးငြူသံလေးကို ရှင်းရှင်းလင်းလင်းကြားနိုင်နေ၏။
ကားက လေးငါးပတ်ခန့် လည်ထွက်နေပြီးနောက် တောင်စောင်းအောက်မှ မြေပြင်တွင် ရပ်တန့်သွားလေပြီ။ ညှော်နံ့ထွက်နေသော ဓာတ်ဆီနံ့က နှာခေါင်းနားတိုးဝှေ့လာသည်။ အန်းလော့ ကားတံခါးကို အမြန်ဖွင့်လိုက်ပြီးနောက် အားကုန်သုံးကာ အန်းယန်အား ကားထဲမှာ ဆွဲထုတ်ရ၏။
သူ့အနောက်တွင် ချန်ထားခဲ့သော ကားသည် ပေါက်ကွဲသွားကာ ကောင်းကင်ထိအောင် လောင်ကျွမ်းနေသော မီးတောက်များကြောင့် အန်းယန်ရဲ့သွေးလွှမ်းလျက်ရှိသော မျက်နှာမှာထင်ရှားလျက်။
အန်းယန်ခေါင်းကွဲသွားကာ သွေးစိမ်းရှင်ရှင်စီးနေ၏။ အန်းလော့ သူ့မျက်နှာကို ပြာယာခတ်စွာ သုတ်ပေးနေမိသည်။ သို့သော်လည်း သုတ်လေ များလေ ဖြစ်နေရာ လက်ချောင်းများက ထိန်းချုပ်မရစွာ တုန်ယင်နေတော့၏။ အသံသည်လည်း မထိန်းချုပ်နိုင်စွာ တုန်ယင်လျက် : “ကော ကောထပါဦး……”
အန်းယန် မျက်လုံးဖွင့်ဖို့ အလွန်ရုန်းကန်လိုက်ရကာ အန်းလော့၏လက်ကို ဖွဖွဆုပ်ကိုင်လိုက်၏။ သူဖွဖွရယ်လျက်ပြောလာ၏ : “အန်းလော့ မင်းဘာမှမဖြစ်ရင် ပြီးတာပါပဲ……”
အန်းလော့ သူ့ကိုတင်းကျပ်စွာ ပွေ့ဖက်လိုက်မိသည် “ကျွန်တော်… ကျွန်တော် ဘာမှမဖြစ်ဘူး… ကျွန်တော်လူနာတင်ယာဥ်ခေါ်လိုက်မယ်… ကောစိတ်မပူနဲ့… ကော… ကောဘာမှဖြစ်မှာမဟုတ်ပါဘူး……”
သူ့အသံထဲရှိ ရှိုက်သံများအား ဖုံးကွယ်မထားနိုင်ကြောင်း သတိထားမိလိုက်သည်။ အသံတစ်သံထွက်တိုင်း သူ့အဆုတ်အား လက်တစ်စုံက အားသုံးကာဖိနေသည့်အတိုင်း အသက်ရှူကျပ်ကာ နာကျင်မှုကို ခံစားမိလေသည်။
လူနာတင်ယာဥ်၏ ခပ်စူးစူးအသံက နားထဲထွက်ပေါ်လာလျက်ရှိသည်။ ထို့နောက် အန်းလော့ အိပ်မက်ထဲမှ လန့်နိုးလာခဲ့၏။
ကျောဘက်မှ စိမ့်ထွက်နေသော ချွေးအေးများကြောင့် ညဝတ်အင်္ကျီသည် ခန္ဓာကိုယ်တွင် ကပ်လျက်ရှိသည်။ တစ်စုံတစ်ယောက်မှ လည်ပင်းညှစ်ထားသည့်အတိုင်း ခံစားနေရ၏။ အန်းလော့ အင်္ကျီကော်လံကို ဖြေလျော့လိုက်ပြီး အသက်ပြင်းပြင်းရှူကာ မြန်ဆန်နေသော နှလုံးခုန်နှုန်းအား ထိန်းညှိနေမိသည်။ မျက်မှောင်ကြုတ်ထားမိလျက်ပင် ခေါင်းရင်းမှ မီးအိမ်အား လှမ်းဖွင့်လိုက်သည်။ ခေါင်းမော့ကာ ပြတင်းပေါက်အပြင်ကို ကြည့်မိတော့ မှောင်မဲနေဆဲပင်။ နံရံပေါ်က နာရီလက်တံသည် မနက်သုံးနာရီကို ညွှန်ပြလျက်ရှိသည်။
အဲဒီအိပ်မက်ဆိုးပဲ။
သာမန်မက်နေကျ အိပ်မက်ဆိုးပါပဲ။
ဒီလိုဖြစ်ရပ်များက အိပ်မက်ထဲတွင် အခေါက်ပေါင်း မရေမတွက်နိုင်အောင် သရုပ်ပြနေခဲ့ပြီးဖြစ်သည်။ မျက်စိရှေ့တွင် အကြိမ်ကြိမ် replayလုပ်ထားသည့် ရုပ်ရှင်ဟောင်းကဲ့သို့ပင်။ ဒါအပြင် အထဲမှ အသေးစိတ်အချက်အလက်တိုင်းအား သူရှင်းလင်းစွာမှတ်မိပါ၏။ မျက်ရည်များကျဆင်းလာချိန် အေးစက်နေသော အပူချိန်သည်ပင် အမှန်တကယ်လက်တွေ့ တည်ရှိနေသယောင်ပင်။
ထိုနှစ်က သူ အသက်၂၀သာ ရှိသေး၏။
ထိုအချိန်က သူကိုယ်ပိုင်အသိဉာဏ်ရှိပြီးနောက် ပထမဆုံးအကြိမ် အထိန်းအကွပ်မဲ့စွာ ငိုခဲ့မိခြင်းဖြစ်သည်။
နောက်ပိုင်းရှိ များစွာသောညများတွင် အန်းယန်မျက်လုံးဖွင့်ချိန် ပြောခဲ့သော “အန်းလော့ မင်းဘာမှမဖြစ်ရင် ပြီးတာပါပဲ” ဟူသော စကားသံသည် အိပ်မက်ကမ္ဘာ၌ အကြိမ်ကြိမ်အခါခါ ထွက်ပေါ်နေခဲ့၏။ စကားလုံးတစ်လုံးစီတိုင်းသည် အလွန်ထက်လှသော ဓားတစ်ချောင်းကဲ့သို့ သူ့နှလုံးသားအား နက်ရှိုင်းစွာထွင်းထုလျက်ရှိတော့သည်။
နောက်ပိုင်းနှစ်များစွာ၌ သူတစ်ယောက်တည်း ကြီးမားလှစွာသော ဖိအားများခံနေရပြီး အားလုံးကို အတိုက်အခံလုပ်ကာ အန်းမိသားစု၏ ရှယ်ယာများကို ပြန်သိမ်းယူခဲ့ချိန်၊ အမြင့်မားဆုံးသော အာဏာအား သူရရှိခဲ့ပြီး အန်းGroup၏ ထိပ်ဆုံးနေရာတွင် သူရပ်နေခဲ့ချိန်၊ တိုက်အောက်မှ စည်ကားနေသော လူအုပ်ကြီးနှင့် ကြမ်းထိသောပြတင်းပေါက်၌ သူ့အရိပ်ကို မြင်တွေ့နေရချိန်တိုင်း……
အခက်ခဲဆုံးသော၊ အထီးကျန်ဆုံးသော အချိန်ကို ဖြတ်သန်းရချိန်တိုင်း ထိုနှစ်က မြင်ကွင်းကို သူပြန်လည်စဥ်းစားမိ၏။
ကားအက်စီးဒန့်ဖြစ်ချိန် အန်းယန်သည် ကိုယ့်အသက်အန္တရာယ်ကို ဂရုမထားဘဲ ခန္ဓာကိုယ်ဖြင့် သူ့အား တွေဝေမှုမရှိစွာ ကာကွယ်ပေးခဲ့သည်။ မျက်နှာတွင် သွေးများဖုံးလွှမ်းလျက် သူ့လက်ကိုကိုင်ကာ ပြောလာသည် “မင်းဘာမှမဖြစ်ရင် ပြီးတာပါပဲ”
ထိုမြင်ကွင်းကို ပြန်လည်စဥ်းစားမိချိန်တိုင်း အန်းလော့၏စိတ်၌ နွေးထွေးသွားရ၏။
အန်းယန်က သူ့အား ညီလေးတစ်ယောက် အနေဖြင့်သာ သတ်မှတ်ထားကြောင်း သူသိသည်။ အန်းယန်၏စိတ်ထဲ၌ ဆူးဇီဟန်၏နေရာအား မည်သူမှအစားမထိုးနိုင်ကြောင်းလည်း သူသိသည်။
ညီလေးအဖြစ်နဲ့ဆိုရင်တောင်…… သူ့အတွက်တော့ အများကြီးလုံလောက်နေနှင့်ပါပြီ။
***
အန်းလော့ စားပွဲပေါ်မှာ ဆေးလိပ်တစ်လိပ် ယူလိုက်သည်။ ကြမ်းထိသောပြတင်းပေါက်ရှေ့သွားကာ တဖြည်းဖြည်း လောင်ကျွမ်းစေလိုက်၏။
အန်းယန် ကားအက်စီးဒန့်ဖြစ်၍ ပြန်လည်အနားယူနေစဥ်အချိန်တွင် ငယ်ရွယ်သေးသော သူသည် မိဘများထားခဲ့သော တာဝန်ကြီးများကို တစ်ယောက်တည်းအားဖြင့် ထမ်းရွက်ခဲ့သည်။ တဖြည်းဖြည်းနှင့် တစ်ယောက်တည်း ဖြတ်ကျော်ရသော အခက်အခဲများကို အသားကျလာခဲ့၏။ တစ်ယောက်တည်း ညနက်ကြီး နှိုးထလာပြီး မှောင်မဲနေသော အခန်းအတွင်း၌ တစ်ခုတည်းသော အလင်းရောင်ဖျော့ဖျော့လေးကို ထိုင်ကြည့်နေရခြင်းကို အသားကျလာခဲ့၏။
ထိုအရာက သေသပ်လှပသော မီးခြစ်လေးတစ်ခုဖြစ်၏။ သူအသက်၁၈နှစ်အရွယ်က အန်းယန် စျေးကောင်းပေးပြီး မှာယူထားသော သူ့အတွက် မွေးနေ့လက်ဆောင်ဖြစ်သည်။ မီးခြစ်ပေါ်၌ “လော့”ဟု ရေးထွင်းထားသည်။ ခုတင်ခေါင်းရင်း၌တင်၍ အမြတ်တနိုးတန်ဖိုးထားကာ သုံးဖို့နှမြောခဲ့ရသော ပစ္စည်းဖြစ်။
မီးခြစ်၏အလယ်၌ ညဘက်အချိန် တောက်ပသောအလင်းရောင် ထုတ်လွှတ်ပေးသည့် ညပုလဲလုံးလေးတစ်လုံး မြှုပ်နှံထားသည်။
ညနက်ကြီး တစ်ယောက်တည်း နိုးထလာချိန်တိုင်း၊ ကြောက်စရာကောင်းသော ညအမှောင်၏ ဝါးမြိုခြင်းခံနေရချိန်တိုင်း ထိုအလင်းရောင်ထုတ်ပေးသော မီးခြစ်လေးအား အန်းလော့ လက်ထဲ၌ ကိုင်ထားမိသည်။ ထိုခပ်ဖျော့ဖျော့ အလင်းရောင်ကိုကြည့်ရင်း ပုလဲလုံး၏အအေးဓာတ်ကို ခံစားမိချိန်တိုင်း သူ့အား စိတ်အေးသွားစေလျက်ရှိသည်။
နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
သူသည် အန်းယန်ဆေးလိပ်သောက်တာမြင်တိုင်း လိုက်သောက်ရင်း သီးတတ်သည့် အရင်က ရှောင်အန်းလော့လေး မဟုတ်တော့ပေ။ ကောကော၏မီးခြစ်ကို အိတ်ကပ်ထဲ၌ ဖွက်ဖွက်ထားတတ်သည့် ရှောင်အန်းလော့လေး မဟုတ်တော့ပေ။ ကောကော၏နောက်မှနေ၍ ကောကော၏နောက်ကျောပုံရိပ်ကို တိတ်တဆိတ်ငေးမောနေတတ်သည့် ရှောင်အန်းလော့လေး မဟုတ်တော့ပေ။
အခုအချိန်၌သူသည် အန်းမိသားစုရဲ့ အာဏာရှိသူဖြစ်ပြီး အမြင့်မားဆုံးသော အာဏာကို လက်ဝယ်ကိုင်ဆောင်ထား၏။
အပြင်လူများရှေ့၌ အေးစက်စက်နေတတ်သော သူသည် အမူအရာကင်းမဲ့နေသည်ကို အသားကျလျက်ရှိပြီး အေးစက်သော စကားပြောဆိုမှုကို အသားကျနေခဲ့ပြီ။ သို့သော် သူ့နှလုံးသားထဲ၌ မည်သို့မျှ ဖြည့်တင်း၍မရနိုင်သော ချို့ယွင်းချက်တစ်ခုရှိနေသည်ကို မည်သူမှ သိမည်မဟုတ်ပေ။
ထိုချို့ယွင်းချက်ကား အန်းယန်တည်း။
တစ်စုံတစ်ယောက်အား ကြိတ်ကြိုက်ရသော ခံစားချက်သည် စကားဖြင့်ဖော်ပြရန် အမှန်တကယ် ခက်ခဲလှ၏။
တိတ်တခိုးကြိုက်ခဲ့ရသည်မှာ ကြာခဲ့လွန်း၍ အန်းယန်အပေါ် မည်သည့်အချိန်မှစ၍ သဘောကျခဲ့မိသည်ကို ယခုအချိန်တွင် မမှတ်မိနိုင်တော့ပေ။ ဒါအပြင် ထိုအချိန်က စိတ်လှုပ်ရှားခဲ့ရသည့် အခိုက်အတန့်ကိုတောင် မမှတ်မိနိုင်တော့ပေ။
အန်းယန်အား ပထမဆုံးတွေ့ဆုံခဲ့ရသည့် အချိန်ကာလသည်သာလျှင် ဦးနှောက်ထဲ၌ ပြတ်သားစွာ တည်ရှိနေခဲ့တော့သည်။
ထိုစဥ်က ငယ်ရွယ်သေးကာ မသိနားမလည်တတ်သေးချိန်ဖြစ်သည်။ ငယ်စဥ်ကတည်းက အဖွားအိမ်သို့(အမေဘက်မှ) အပို့ခံထားခဲ့ရသည့် သူ့အနေဖြင့် စိမ်းသက်လျက်ရှိသော အန်းအိမ်တော်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ရသည်။ အန်းအိမ်တော်၏ ပတ်ဝန်းကျင်နှင့် လုံးဝဥဿုံမရင်းနှီးသော သူသည် တံခါးဝ၌ရပ်လျက် မသက်မသာနှင့် မည်သို့မည်ပုံ လုပ်ကိုင်ရမည်မသိ ဖြစ်ခဲ့ရ၏။ ထိုအချိန် ထသွားထလာဝတ်စုံ အဖြူရောင် ဝတ်ဆင်ထားသည့် အန်းယန်သည် အိမ်အပေါ်ထပ်မှ ဆင်းလာခဲ့၏။ ဖွဖွပြုံးလျက် လက်နှစ်ဖက်ဖွင့်ဟကာ အလွန်တရာစိမ်းသက်၍ အလွန်တရာနွေးထွေးလှသော ပွေ့ဖက်မှုမျိုးပေးခဲ့၏။
သူ့နားနားကပ်ကာ ဖွဖွပြောခဲ့သည်ကို မှတ်မိနေသေးသည် “အိမ်ကနေကြိုဆိုပါတယ် အန်းလော့။ ကိုယ်က မင်းရဲ့ကောကော အန်းယန်ပါ”
အဲဒီအချိန်တုန်းက ထိုလူအား မိမိ၏ဆွေမျိုးရင်းချာအဖြစ် သတ်မှတ်ခဲ့သည်။ နောက်တော့ တဖြေးဖြေးနှင့် စိတ်များပြောင်းလဲကာ မိမိ၏အချစ်အဖြစ် သတ်မှတ်ခဲ့မိသည်။
ထိုသို့သော တိတ်တခိုးချစ်ကြိုက်မှုသည် အဆုံးသတ်မရရှိနိုင်သည်မှာ နှမြောစရာပင်။
***
အန်းယန် ပြတင်းပေါက်အပြင်ဘက်က မှောင်မဲနေသော မြင်ကွင်းကိုကြည့်ရင်း နှုတ်ခမ်း၌ ခါးသက်သက်အပြုံး ဖြစ်တည်လာရ၏။
ကိုယ်ကိုလှည့်ကာ ခုတင်ခေါင်းရင်းရှိ ထိုသေသပ်လှပသော မီးခြစ်အားယူလိုက်ကာ လက်ထဲ၌ ဖွဖွကိုင်ထားရင်း ရင်းနှီးနေသော အနွေးဓာတ်လေးအား ခံစားနေမိသည်။ ဒီလက်ဆောင်ကို သူအလွန်သဘောကျကြောင်း၊ ငယ်ကတည်း လက်ခံရရှိခဲ့သမျှသော လက်ဆောင်များ၌ အကောင်းဆုံးလက်ဆောင်ဖြစ်ကြောင်း အန်းယန်အား တစ်ခါသော်မျှ သူမပြောပြခဲ့ဖူးပေ။
___ သူ့အချစ်ကို တစ်ဘဝလုံး မရနိုင်ဘူးဆိုရင်တောင် သူ့အတွက်လုပ်ခဲ့သမျှ အရာတိုင်းအတွက် နောင်တရမိမည်မဟုတ်ပေ။
အကယ်၍များ နောက်ဘဝသာရှိခဲ့မယ်ဆိုရင် အချင်းချင်း ပြန်မတွေ့ဆုံရဖို့သာ မျှော်လင့်မိပါရဲ့။
ဒီလိုအဆုံးသတ်မရှိနိုင်သော လမ်းကြောင်းကို ဆက်သွားရန်အတွက် အားမရှိတော့၍ပင်။
____________________
Word – 1831
Xiao Dream
Season
သာသာရေအရမ်းကြိုက်သွားပြီအပိုင်း၁နဲ့တောင်ကြိုက်သွားပြီ။up ပေးပါဦး
Xiao_Dream
အပိုင်း၂လေး ဆက်တင်ထားပါပြီခင်ဗျ❤️❤️