Chapter - 10

ကျိုးချန်ဖျင် ထွက်သွားပြီးနောက်မှ အန်းလော့ ဘူးလေးအားဖွင့်လိုက်သည်။ အထဲတွင် အဖြူရောင် touch screen ဖုန်းတစ်လုံး ထည့်ထားသည်။ ရိုးရှင်းသည့်ပုံစံနှင့်ဖြစ်ကာ ကိုင်ရသည်မှာလည်း အလွန်ကောင်းသည်။ အန်းလော့ power button အား စမ်းနှိပ်ကြည့်လိုက်သည်။ နားဝင်ချိုသည့် သီချင်းသံလေး ထွက်လာပြီးနောက် ဖုန်းစခရင်မှာ လင်းလာတော့သည်။
__________ phone wallpaperမှာ အန်းရန်၏လက်ချက်ဖြင့် သူ့ပုံအဖြစ် ပြောင်းထားခံရလေသည်။ ဖွဖွပြုံးနေသည့် မျက်နှာမှာ အရိုက်တောင်းနေသည့်ပုံ ပေါ်နေသည်။
အန်းရန် မပျော်မရွှင်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ Settingထဲဝင်ကာ အန်းရန်၏ဓာတ်ပုံအား နဂိုပါသည့် စကြဝဠာပုံဖြင့် အစားထိုးလိုက်သည်။ ထို့နောက်မှ ပင်မစာမျက်နှာအား ပြန်သွားကာ ဖုန်းအသစ်၏ လုပ်ဆောင်မှုများကို ကြည့်ရှုတော့သည်။
ဤဖုန်း၏ လျင်မြန်မှုမှာ မိမိ ယခင်က အသုံးပြုခဲ့သည့် ဖုန်းများထက် အများကြီးပိုသာ၏။ ဆော့ကောင်းသည့် ဂိမ်းတစ်ချို့အားလည်း ထည့်ထားပေးသည်။ သို့သော် အန်းလော့မှာ ဂိမ်းကစားရန် စိတ်မဝင်စားပေ။ တစ်ချက်ကြည့်ပြီးသည်နှင့် ပိတ်လိုက်တော့သည်။ ဖုန်းနှင့် အင်တာနက်သုံးသည့် လုပ်ဆောင်မှုမှာတော့ အလွန်ကောင်းမွန်သည်။ browser အား ဖွင့်ကာ အသုံးများသည့် website link များအား နှိပ်ကာ ဖွင့်လိုက်သည်။ အင်တာနက်လိုင်းမှာ အလွန်လျင်မြန်သည်။
စခရင်ပေါ်၌ မဖတ်ရသေးသည့် မက်ဆေ့တစ်စောင် ပေါ်လာသည်။ ပို့သည့်သူမှာ အန်းရန်______
“ဒီလက်ဆောင်ကို ကျွန်တော်ကိုယ်တိုင် ရွေးထားတာ။ ကောကောသဘောကျဖို့ မျှော်လင့်ပါတယ်။ လက်ခံရရှိရင် စာပြန်ပါ ^_^ ”
နောက်ဆုံးရှိ အပြုံးမျက်နှာလေးမှာ အန်းလော့အား နှုတ်ခမ်းတွန့်သွားစေသည်။ ခဏတိတ်ဆိတ်နေပြီးမှ တောင့်တင်းသည့်မျက်နှာဖြင့် စာလုံးသုံးလုံးအား ရိုက်ထည့်လိုက်သည် “ရပြီးပြီ”
ထိုအချိန်ရှိ အန်းရန်မှာ ရေချိုးပြီး ထွက်လာခါစ ဖြစ်သည်။ ဖုန်းစခရင် လင်းသွားသည်အား မြင်သည်ကြောင့် ယူကြည့်လိုက်ချိန်______ကောကောပို့လာသည့် ရိုးရိုးရှင်းရှင်း စာသုံးလုံးအား တွေ့လိုက်ရသည် : ရပြီးပြီ
သူစာပို့နေချိန်တွင် ဖြစ်နေမည့် အမူအရာမဲ့ တည်ကြည်နေမည့်မျက်နှာအား တွေးမိချိန်တွင် အန်းရန်၏နှုတ်ခမ်းလေးမှာ တွန့်ကွေးသွားရသည်။
“ကောကော ဒီနေ့ အနုပညာသတင်း ကြည့်လိုက်သေးလား?”
“မကြည့်လိုက်ဘူး”
“စိတ်ဝင်စားရင် ဖုန်းနဲ့ အင်တာနက်သုံးပြီး ကြည့်ကြည့်လို့ရတယ်။ ကောနဲ့ပတ်သက်တဲ့ သတင်းတွေ အများကြီးရှိတယ်”
“အင်း”
“ဒါနဲ့ စောနက အဖေ ကျွန်တော့်ကို ဖုန်းဆက်ပြီး ဆူသေးတယ်။ ကျွန်တော်က ပါပါရာဇီတွေကို ဆေးရုံခေါ်သွားပြီး ကောကောကို အနှောင့်ယှက်ခံရအောင် လုပ်ပါတယ်တဲ့လေ။ နောက်ထပ် ဆေးရုံသွားပြီး ကောကို မကြည့်နဲ့လို့ အဖေကျွန်တော့်ကိုပြောတယ်” စကားသံအရ အလွန်အားငယ်နေပုံပင်။
အန်းလော့ မျက်မှောင်ကြုတ်လိုက်သည် “ဒါဆို မလာနဲ့တော့”
အန်းရန်မှာ အမျှင်မပြတ်စွာ ဆက်ပို့နေသည် “ကိစ္စမရှိပါဘူး စောနကပဲ ကျွန်တော် အဖေနဲ့ ဆွေးနွေးလိုက်တယ်။ အဖေက ကောကို လူလွှတ်ပြီး အမြန်ဆုံး လာကြိုပေးမယ်တဲ့။ ကောအိမ်ပြန်ရောက်မှပဲ ကျွန်တော်ထပ်လာကြည့်မယ်လေ ^_^ ”
အန်းလော့ ပြန်မဖြေလိုက်ပေ။
အန်းလော့မှာ ပြန်မဖြေတော့သော်လည်း အန်းရန်မှာ ဇွဲရှိစွာဖြင့် ဆက်ပြောနေသည် “စိတ်ချပါ ကောကောအိမ်မှာနေရင် ပိုပြီးတော့လုံခြုံတယ်။ သတင်းထောက်တွေ နှောင့်ယှက်မှာလည်း မကြောက်ရဘူး။ ကျွန်တော် နောက်ကျရင် ကောကို မကြာခဏ လာလာကြည့်မှာပါ ^_^ ”
အန်းလော့ ပြန်မဖြေလိုက်ပေ။
အန်းရန်သည် မျက်နှာအရေထူစွာဖြင့် ဆက်ပြောပြန်သည် “ကောကော ပင်ပန်းနေရင် စောစောအနားယူပါ ဝမ်အန်း ^_^ ”
ဤတစ်ခါတွင်တော့ ရိုးရိုးရှင်းရှင်း စာနှစ်လုံးဖြင့် ပြန်ပြောလိုက်သည် “ဝမ်အန်း”
“……” သူက ဒီစကားကို စောင့်နေတာဆိုတဲ့ ခံစားချက်မျိုး ဘယ်လိုလုပ်ပြီး ရနေပါလိမ့်နော်?
အန်းရန် စိတ်ဓာတ်ကျစွာဖြင့် ဖုန်းအား ပြန်သိမ်းထားလိုက်တော့သည်။
***
အန်းလော့ ကုတင်ခေါင်းရင်းတွင်ထိုင်ကာ အင်တာနက်ပေါ်ရှိ သတင်းများကို ကြည့်နေသည်။ website တော်တော်များများ၏ အနုပညာသတင်းခေါင်းစဥ်မှာ ဤအကြောင်းနှင့် ပတ်သက်သည်များသာ ဖြစ်သည် ______
“အန်းရွှီ မသင့်မြတ်မှု ကောလဟာလ ပြန်လည်မြင့်တက်လာ၊ ရန်ဖြစ်နေသည့်ဓာတ်ပုံပေါ်ထွက်!” “အန်းရန် ပြည်တွင်းပြန်လာပြီး အစ်ကို့ကိုလာကြည့်၊ လစာမြင့်အလုပ်မှာ ညီအစ်ကိုဆက်ဆံရေးလောက် အရေးမကြီး?” “အန်းမိသားစု အကြီးဆုံးသခင်လေး မိမိပြန်ပေးဆွဲခံရကြောင်း ဝန်ခံ၊ ခြေထောက်နှစ်ဖက် ဒုက္ခိတဖြစ်ကာ အတိတ်မေ့?”
အန်းလော့ အမူအရာမဲ့စွာဖြင့် အင်တာနက်တစ်ခုလုံးရှိ အနုပညာသတင်းများကြည့်ပြီးနောက် မျက်မှောင်ဖွဖွကြုတ်လိုက်သည်။ ထို့နောက် ဖုန်းအား ကုတင်ခေါင်းရင်းသို့ ပြန်ထားလိုက်သည်။
လူနာခန်းထဲရှိ မီးလုံးအားပိတ်ကာ အမှောင်ထဲရှိကုတင်ပေါ်တွင် မျက်လုံးမှိတ်လျက် တိတ်တဆိတ်လှဲနေတော့သည်။ စောနက သတင်းထဲတွင် တွေ့လိုက်ရသည်များကို ပြန်စဥ်းစားမိသည်။ ထိုပုံများ _____ သို့မဟုတ်အန်းရန် _____ မိမိကိုတွန်းကာ လမ်းလျှောက်နေသည့်သူ သို့မဟုတ် ညီအစ်ကိုနှစ်ယောက် ခုံတန်းရှည်ပေါ်တွင် အကြည့်ချင်းဆုံနေပုံ။
ထိုအရာများအားလုံးကို မီဒီယာက “ညီအစ်ကိုဆက်ဆံရေး” ဟု ရှင်းပြလိုက်သည်။
မီဒီယာ၏ မျက်လုံးထဲတွင် အန်းရန်သည် ကောကော၏ ပြင်းထန်သောဒဏ်ရာအား စိုးရိမ်သောကြောင့် <အဆုံးမရှိ ၂ > ရိုက်ကူးရေးအဖွဲ့၏ အလေးအနက်ထား တောင်းဆိုမှုအား ငြင်းဆိုခဲ့သည်။ ပြည်တွင်းသို့ အလျင်အမြန်ပြန်လာကာ ရောဂါလာကြည့်ခဲ့သည်။ ထို့အပြင် ကောကောအား wheel chairဖြင့် ကိုယ်တိုင်တွန်းပေးကာ လမ်းလျှောက်ထွက်ခဲ့သည်…… ထိုအရာများမှာ သူတို့ကြားရှိ ညီအစ်ကိုဆက်ဆံရေးအား သံသယမရှိ မီးမောင်းထိုးပြနေသည်။
သို့သော် ထိုသတင်းများကို တွေ့ရချိန်တွင် အန်းလော့၌ သံသယတစ်ချို့ ရှိနေခဲ့သည်……
အန်းရန်သည် အနုပညာနယ်ပယ်၌ သူပြောသကဲ့သို့ “နည်းနည်းကျော်ကြားရုံသာ”မဟုတ်ပေ။ ကောင်းကင်ဘုရင်အဆင့်နီးပါး လူတစ်ယောက်ဖြစ်သည်။ သတင်းထဲတွင်လည်း ယမန်နှစ် နှစ်နှောင်းပိုင်းတွင် ကျင်းပသော ရုပ်ရှင်ပွဲတော်၌ တစ်နှစ်တည်းနှင့် “လူကြိုက်အများဆုံးအနုပညာရှင်ဆု” “အွန်လိုင်းမဲပေးမှုအကျော်ကြားဆုံးဆု” စသဖြင့် ဆုအများအပြားအား ရရှိခဲ့သည်ဟုဆိုသည်။ လက်ကျဥ်သည်အထိ ဆုယူရသည်ဟုတောင် ဆိုနိုင်ဖွယ်ရှိသည်။
သူ့ကဲ့သို့ အနုပညာလောကထဲတွင် ကျင်လည်နေသည့် အနုပညာရှင်မှာ အပြင်ထွက်ချိန်တွင် သေချာပေါက် အလွန်သတိထားမည်သာ။ ဘေးနားတွင် ကာကွယ်ပေးမည့် ဘော်ဒီကပ်များ မရှိလျှင်တောင် ပါပါရာဇီများအား ရှောင်ဖယ်နိုင်ရန် နည်းလမ်းများ ရှိနေသင့်သည်လေ။
သို့သော် ဘာကြောင့်များ သူ့အစ်ကိုကို သီးသန့်သတင်းလာမေးချိန်တွင် တိုက်ဆိုင်စွာဖြင့် မီဒီယာသတင်းထောက်များက အနောက်ကလိုက်ကာ ရိုက်ကူးမိသွားသနည်း။
အန်းရန် တမင်လုပ်ခြင်းဖြစ်သည်ဟု အန်းလော့ထင်နေမိသည်…… မီဒီယာများ၏ အာရုံစိုက်မှုအား တမင်တကာ လွှဲပြောင်းနေသယောင်။
ဘာအတွက် အန်းရန် ထိုသို့လုပ်သည်မှန်း မသိသော်လည်း အန်းလော့အနေဖြင့် “မတော်တဆ”ဆိုသည့် ရှင်းပြမှုမျိုးအား ထပ်ပြီး မယုံကြည်နိုင်တော့ပါပေ။
အေးစက်နေသည့် လက်ချောင်းများအား ကိုင်ကာ ကုတင်ခေါင်းရင်းရှိ မီးလင်းနေသည့်ဖုန်းအားကြည့်လျက်…… မှောင်မဲနေသည့် ညအမှောင်ထဲတွင် ဤသို့မှိန်ဖျော့ဖျော့ အလင်းရောင်လေးမှာ ယခင်နှစ်များက အန်းယန်(အရင်ဘဝကအစ်ကို)သူ့အားပေးထားသည့် ထိုမီးခြစ်လေးနှင့် ဆင်တူလှသည်။
ယခင်ဘဝက မှောင်မိုက်သောညများတွင် မီးခြစ်လေးအားကိုင်ကာ တစ်ယောက်တည်း အိပ်ရာဝင်ခဲ့ရသည့် အဖြစ်များကို ပြန်အမှတ်ရမိသည်။ အန်းလော့၏စိတ်ထဲတွင် ရုတ်တရက် စူးခနဲနာကျင်လာရသည်။
ယခုရှိ သူမှာ ဘေးနားတွင် အန်းယန်မရှိတော့။ နှစ်ပေါင်းများစွာ အဖော်ပြုနေခဲ့သည့် ထိုအမှတ်တရပစ္စည်းလေးမှာပင် မရှိတော့ပေ။
အမှန်တကယ်ပင် တစ်ယောက်တည်းသာ။
စိမ်းသက်နေသည့် ပတ်ဝန်းကျင်ကြောင့်လားမသိ။ အနည်းငယ်အေးနေသည်ဟုတောင် အန်းလော့ ခံစားမိသည်။ မျက်မှောင်ကြုတ်ကာ မိမိကိုယ်ကိုအား စောင်ထဲတွင် တင်းတင်းကျပ်ကျပ်ထုပ်ထားလိုက်သည်။ ထိုအချိန်မှသာ ၎င်းအေးစက်မှုမှာ မိမိနှလုံးသားအောက်ခြေမှ ထွက်ပေါ်လာသည်ဖြစ်ကြောင်း သတိထားမိရတော့သည်။
***
အန်းရန် ပြောသည်များအရ နောက်နေ့ နေ့လယ်ခင်းတွင် အန်းယွိတုန်း လူတစ်ယောက်နှင့် ရောက်လာကာ အန်းလော့အား နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားမည်ဟူ၍။
အဖေ့ဘေးတွင် သက်လတ်ပိုင်း အမျိုးသားတစ်ယောက် မတ်တပ်ရပ်နေကာ ဦးလေးဝူ (ဝူပေါ်) ဟု အမည်ရ၏။ အန်းမိသားစု၏ အိမ်တော်ထိန်းဖြစ်နိုင်သည်။ ထိုအမျိုးသားမှာ အန်းလော့ရှေ့ရပ်သည်တွင်လည်း လေးလေးစားစားပုံစံနှင့်ဖြစ်သည်။ ခါးညွှတ်ကာ သူ့အား ခေါ်လာသည် “အကြီးဆုံးသခင်လေး(တာ့ရှောက်ယဲ)”
ထိုသို့ခေါ်ဆိုမှုအား အန်းလော့ အသားမကျပေ။
မသေခင်ကာ မိမိမှာ အန်းမိသားစု၏ ဒုတိယမြောက်သားဖြစ်ကာ အိမ်တွင် မိမိအား အာ့ရှောက်(ဒုတိယသခင်လေး)ဟုသာ ခေါ်ကြသည်။ ပြန်လည်မွေးဖွားလာပြီးနောက် အကြီးသခင်လေးအဖြစ် ရုတ်တရက်ရောက်သွားကာ ထူးဆန်းလှသည့် ညီလေးတစ်အုပ်လည်း ရှိလာပြန်၏။ အန်းလော့စိတ်ထဲ၌ အလွန်ထူးဆန်းနေရသည်။
သို့သော်ငြားလည်း အန်းလော့၏မျက်နှာတွင် မည်သည်မှ ထင်ဟပ်သွားခြင်းမရှိ။ တည်ငြိမ်သည့်အမူအရာဖြင့် ခေါင်းညိတ်ကာ ခေါ်လိုက်သည် “ဦးလေးဝူ (ဝူပေါ်)”
ဦးလေးဝူ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ရစ်သိုင်းနေသယောင်ရှိသည်။
ဤအကြီးဆုံးသခင်လေးအပေါ် ခံစားချက်အနည်းနှင့်အများ ရှိသည့်ပုံပဲဟု အန်းလော့ စဥ်းစားမိသည်။
ဦးလေးဝူနှင့် အဖေတို့က သူ့အား အတူမကာ wheel chair ပေါ်သို့ တင်လိုက်သည်။ အဖေဖြစ်သူ အန်းယွိတုန်းမှာ သူ့အား ကိုယ်တိုင်တွန်းပေးကာ အောက်ထပ်သို့ဆင်း၏။ ကျိုးချန်ဖျင်သည်လည်း အလျင်အမြန်ရောက်လာကာ ဆေးရုံအဝအထိ လိုက်ပို့လေသည်။ အိမ်ပြန်ရောက်ပြီးနောက် ဂရုစိုက်ရမည်များကိုလည်း အန်းယွိတုန်းအား ပြောပြပေးသည်။ ထို့နောက် ကားပါကင်ရှိ အနက်ရောင်ကိုယ်ပိုင်ကားထံသို့ အန်းလော့အား တွန်းသွားလေသည်။
အန်းယွိတုန်းသည် အလွန်အသေးစိတ်သည့် ဖခင်တစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။ ကားအနောက်တွင် wheel chair အတွက် အသုံးပြုနိုင်သည့် လျှောစောက်တစ်ခုအား ထည့်သွင်းထားပေးသည်။ ကားတံခါးဖွင့်ကာ ခလုတ်အားနှိပ်သည်နှင့် လျှောစောက်မှာ ဖွဖွကျဆင်းလာသည်။ အန်းလော့မှာ wheel chair နှင့်အတူ ကားပေါ်သို့ ရောက်သွားတော့သည်။ ဤသို့လည်း အဆင်ပြေလှသည်။ ကားအတက်အဆင်းအတွက် ချီလိုက်ပွေ့လိုက်နှင့် အလုပ်မရှုပ်တော့ပေ။
အန်းလော့ ကျေးဇူးတင်စွာဖြင့် အဖေ့အားတစ်ချက် လှည့်ကြည့်လိုက်မိချိန် အန်းယွိတုန်း၏ နွေးထွေးသည့်အပြုံးလေးနှင့် တွေ့ကြုံလိုက်ရသည် “အိမ်ပြန်ရောက်ရင် မင်းကိုစောင့်ရှောက်ဖို့ လူရှိမှာပါ စိတ်မပူနဲ့” ပြောရင်းဖြင့်ပင် လက်ဆန့်တန်းကာ အန်းလော့၏ပုခုံးအား ဖွဖွပုတ်ပေးလိုက်သည်။
ဤသို့နှယ် ရင်းနှီးသည့် လှုပ်ရှားမှုကြောင့် အန်းလော့မှာ အနည်းငယ် ကို့ရို့ကားယားဖြစ်သွားရသည်။ ခန္ဓာကိုယ်မှာလည်း သဘာဝမကျစွာဖြင့် တောင့်တင်းသွားရသည်။ အန်းယွိတုန်းသည် ယခုအန်းလော့၏ ဖခင်ဖြစ်သော်ငြား အမှန်တကယ်ပြောရပါက မိမိနှင့် ဘယ်နှခေါက်မျှ မတွေ့ဖူးသေး။ ခံစားချက်ပိုင်းတွင် အလွန်စိမ်းသက်နေဆဲဖြစ်သည်။
အန်းယွိတုန်းမှာ အားပေးသည့်သဘောဖြင့် သား၏ပုခုံးအား တစ်ချက်လောက် ပုတ်ရုံသာမလို့သာ တော်သေးတော့၏။
ကားလေးသည် ဆေးရုံမှ ခပ်ဖြေးဖြေးထွက်လာသည်။ ပြတင်းပေါက်အပြင်ရှိ ရှုခင်းအား ခေါင်းစောင်းကာ အန်းလော့ ကြည့်နေမိသည် ______
ဤသည် အသစ်စက်စက်မြို့လေးဖြစ်ကာ လမ်းများမှာလည်း အလွန်ကျယ်ပြောသည်။ လမ်းနှစ်ဖက်ရှိ အဆောက်အဦများမှာလည်း ယခုခေတ်မြို့တော်၏ အဆောက်အဦဒီဇိုင်းများဖြစ်သည်။ မြို့၏သစ်ပင်စိုက်ပျိုးမှုမှာလည်း ကောင်းမွန်လျက်ရှိကာ စိမ်းလန်းစိုပြည်၍ ပန်းမျိုးစုံမှာ နေရာအနှံ့ဖြစ်သည်။ ထိုအရာများက မြို့အား ရှင်သန်မှုနှင့် တက်ကြွမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။
မလှမ်းမကမ်းရှိ ကွင်းပြင်ဘေးတွင် အထပ်၂၀ကျော်သည့် အဆောက်အဦတစ်လုံးရှိကာ ထိုအဆောက်အဦပေါ်တွင် အလွန်ကြီးမားသည့် ပိုစတာတစ်ခုအား ကပ်ထားသည်။ ပိုစတာထဲရှိ လူငယ်လေး၏ ဖွဖွပြုံးနေသည့် မျက်နှာအပေါ် နေ့လယ်ခင်းနေရောင်သည် ကျရောက်လျက်ရှိရာ ပြိုးပြိုးပြက်ပြက်အလင်းများဖြင့် ဖုံးလွှမ်းထားသယောင် ဖြစ်နေတော့သည်။
ပတ်ဝန်းကျင်ရှိ လမ်းများပေါ်တွင် ကားများမပြတ်ရှိနေပြီး လမ်းဖြတ်သန်းသည့်လူများမှာလည်း အလျင်စလိုဖြစ်နေကြသည်။ သို့ရာတွင် ပိုစတာထဲရှိ ကောင်လေး၏ သိသာသည့်အပြုံး၊ ချောမောသည့်မျက်နှာသည် သူထောက်ခံသည့် brand ကဲ့သို့ ဘယ်တော့မှ မှေးမှိန်ပျောက်ကွယ်သွားမည်မဟုတ်ပေ။
အန်းလော့၏ အကြည့်များမှာ ထိုကြီးမားသည့် ပိုစတာကြီးပေါ် ကျရောက်သွားကာ အချိန်အတော်ကြာသည်အထိ မဖယ်ခွာလိုက်နိုင်ပေ။
မိမိသားမှာ ထိုပိုစတာအား ကြည့်နေသည်ကို နောက်မှန်မှတစ်ဆင့် အန်းယွိတုန်းမြင်ချိန်၌ ဖွဖွမပြုံးဘဲ မနေလိုက်နိုင်ပေ။ ထို့နောက် ပြော၏ “အဲတာက သားရဲ့ အာ့တိအန်းရန်လေ သားသူနဲ့ တွေ့ဖူးပြီးပြီမလား?”
အန်းလော့ ပိုစတာကိုကြည့်ရင်း ခေါင်းဖွဖွညိတ်ပြလိုက်သည်။
အန်းယွိတုန်းက ဆက်ပြောလာသည် “အန်းရန်ဆိုတဲ့ ကောင်ဆိုးလေးက ငယ်ကတည်းက ပြဿနာရှာလွန်းပြီး မသိတတ်ဘူး။ အရင်ကလည်း သားစိတ်ဆိုးအောင် ခဏခဏစတာလေ…… ဒါပေမဲ့ သူ့စိတ်လေးကတော့ မဆိုးရှာပါဘူး။ သားကိုလည်း ဂရုစိုက်တယ်။ သားဒီတစ်ခေါက် အရေးပေါ်ဖြစ်တော့ သူParisကနေ မြန်မြန်ပြန်လာခဲ့တာ။ ပြီး ဆေးရုံမှာစောင့်နေတဲ့ ပါပါရာဇီတွေကို ဆွမိပြီး သူ့အေးဂျင့်ဆီကနေတောင် အဆူခံလိုက်ရသေးတယ်။ သူ့ကို တစ်ပတ်အပြင်ထွက်ခွင့် ပိတ်တယ်တဲ့လေ”
အန်းလော့ သံသယဖြစ်စွာဖြင့် လှည့်ကြည့်လိုက်မိသည် “အဖေသူ့ကိုဆူတာမဟုတ်ဘူးပေါ့?”
အန်းယွိတုန်းမှာ တစ်ခဏလောက် ကြောင်သွားပြီးမှ ရယ်လာလေသည် “သားရှေ့မှာ သူလျှောက်ပြောတာနေမှာ။ အဖေက ဘယ်လိုလုပ်ပြီး သူ့ကိုဆူရဲပါ့မလဲ။ သူ့ကြောင့်နဲ့ ဒေါသထွက်မသေရင်တောင် အရမ်းကျေနပ်နေရပြီ”
“……” အန်းလော့ ငြိမ်သက်သွားတော့သည်။
ပိုစတာထဲရှိ ခပ်ပြုံးပြုံးမျက်နှာအား မော့ကြည့်ကာ စိတ်ထဲ၌ လှုပ်ခတ်သွားရသည် ______ မဟုတ်မှ ငါပဲ အထင်လွဲမိတာလား? သူက ကောကောကို လာကြည့်ဖို့အလျင်လိုနေလို့ ပါပါရာဇီတွေဆီကနေ အမိခံလိုက်ရတာလား? တမင်လုပ်တာ မဟုတ်ဘဲနဲ့လေ?
“ဟုတ်လားပဲ ရှောင်လော့ အဖေ သားကို အိမ်က အခြေအနေကို အကြမ်းဖျင်းပြောပြပေးမယ်။ သားအဖိုးက အခုထိ ဆေးရုံမှာ ပြန်ကုသနေတုန်းပဲ။ အန်းမော့က ဒီနေ့ပြည်တွင်းပြန်လာပြီ။ အိမ်ပြန်ရောက်ရင် တွေ့ရင်တွေ့ရမှာ”
အန်းလော့၏ အတွေးလမ်းကြောင်းမှ ဖခင်ကြောင့် ပြန်အဆွဲခေါ်ခံလိုက်ရသည်။ သူခေါင်းညိတ်ကာ ပြောလိုက်သည် “သြော အန်းမော့……စန်းတိ(တတိယညီ)မလား?”
အန်းယွိတုန်း ပြောလိုက်သည် “ဟုတ်တယ်။ သားရဲ့စန်းတိ။ တကယ်တော့ သူက သားဦးလေးရဲ့သားလေ။ သူ့မိဘတွေက သူငယ်ငယ်ကတည်းက မတော်တဆဖြစ်ပြီး ဆုံးသွားကြတာ။ အဲတာနဲ့ အဖေက သူ့ကိုမွေးစားလိုက်တာ။ သားတို့နဲ့ ငယ်ကတည်းက အတူတူကြီးပြင်းလာတာပဲ။ ခံစားချက်ပိုင်းမှာလည်း ညီအစ်ကိုအရင်းတွေနဲ့ သိပ်ပြီးမကွာခြားလှပါဘူး”
“သြော” အန်းလော့ ခေါင်းညိတ်လိုက်သည်။ ဆေးရုံ၌ ကျိုးချန်ဖျင် ပြောခဲ့ဖူးသည့် အန်းမိသားစု၏ ညီအစ်ကိုများအကြောင်း ယေဘုယျအသိအား ပြန်လည်အမှတ်ရမိသွားသည်။ အန်းမော့သည် အနုပညာကျောင်းသားဖြစ်ဟန်တူသည်။ New York တွင် ပန်းချီပြပွဲ တက်ရောက်နေသည်တဲ့။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တခြားနာမည်တစ်ခုအား ရုတ်တရက် သတိရသွားသည်။ အန်းလော့ မထိန်းနိုင်စွာဖြင့် ခေါင်းလှည့်မေးလိုက်မိသည် “ဟုတ်သားပဲ ကျွန်တော့်မှာ နောက်ထပ်တိတိတစ်ယောက် ရှိသေးတယ်မလား။ အန်းဇယ်ဆိုလားလေ?”
အန်းယွိတုန်း ဖွဖွပြုံးလေးသည် “သားရဲ့စစ်တိ(စတုတ္ထညီ)လား? သူကအခု တပ်ဖွဲ့ကပေးတဲ့ လျှို့ဝှက်တာဝန်လုပ်နေရလို့ လောလောဆယ် ပြန်မလာနိုင်သေးဘူး”
အန်းလော့ တွေဝေစွာဖြင့် ဖခင်အား ကြည့်လိုက်မိသည် “လျှို့ဝှက်……တာဝန်?”
အန်းယွိတုန်း ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်။ အန်းဇယ်က စစ်သားလေ။ ရှီးလင်လေတပ်အခြေစိုက်စခန်းရဲ့ အငယ်ဆုံးတပ်မှူးဆိုလည်းဟုတ်တယ်”
____________________
Word – 3872
Xiao Dream