Chapter - 2

မနက်အချိန်ရဲ့ ပထမဦးဆုံးသော နေရောင်ခြည်လေးက ပြတင်းပေါက်လိုက်ကာကိုဖြတ်သန်းကာ အခန်းတွင်းသို့ဝင်ရောက်လာ၏။ အိပ်ခန်းအတွင်း၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကောင်လေး၏ အေးစက်စက်မျက်နှာပေါ်သို့ ကျရောက်နေလေသည်။
ချောမောလှပသောမျက်နှာ၊ နှာတံမြင့်မြင့်ဖြောင့်ဖြောင့် နှင့် အနည်းငယ်ပါးလျသော နှုတ်ခမ်းသားတို့က မျက်နှာတစ်ခုလုံးကို ရင့်ကျက်သော အမျိုးသားတစ်ယောက်၏ ဆွဲဆောင်မှုတို့ ပေးအပ်လျက်ရှိပေသည်။ သို့ပေသည့် ထိုမျက်နှာကား အလွန်အေးစက်လွန်းနေ၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေတာတောင်မှ မျက်နှာပေါ်ကို ကော်များသုတ်ထားသကဲ့သို့ တင်းရင်းနေလေ၏။
မနက်ခင်းနေရောင်ခြည်ကတောင်မှ သူ့ရဲ့ခန္ဓာကိုယ်ပေါ်သို့ နွေးထွေးမှုတစ်စုံတစ်ရာ မပေးအပ်နိုင်ပေ။
ကောင်လေး၏ဖြူဖျော့ဖျော့လက်ချောင်းများက စောင်ကိုခပ်တင်းတင်း ဆုပ်ကိုင်ထားလျက်ရှိသည်။ အားအရမ်းသုံးထားတာကြောင့် လက်ဖမိုးပေါ်ရှိ သွေးကြောများမှာထင်းနေ၏။ မျက်မှောင်ကိုဖွဖွကြုတ်ထား၍ အိပ်မက်ဆိုးဆီမှ အနှောင့်ယှက်ခံနေကြောင်း သိသာလှသည်။ သူ၏နှုတ်ခမ်းတွင်လည်း သွားဖြင့်အကိုက်ခံထားရသည်ကြောင့် သွားရာဖျော့ဖျော့ထင်နေလေသည်။
ထိုအချိန်တွင် စူးရှလှသော နှိုးစက်သံမြည်လာ၍ အန်းလော့လည်း အိပ်မက်ဆိုးမှ အလုံးစုံလန့်နိုးလာတော့သည်။
နံရံပေါ်မှ နာရီကိုမော့ကြည့်မိတော့ မနက်၇နာရီဖြစ်သည်။ ဒီနေ့မနက်ခင်းပိုင်း ကုမ္ပဏီမှာ သူမတက်မဖြစ်တက်ရမည့် အစည်းအဝေးတစ်ခုရှိသေးသည်။ အန်းလော့ နာကျင်နေသည့် နားထင်နှစ်ဖက်ကို နှိပ်နယ်လိုက်ရင်း ကုတင်ပေါ်မှ ထလိုက်သည်။ ညဝတ်အင်္ကျီအား ကိုယ်ပေါ်၍လွှမ်းခြုံကာ ရေအေးဖြင့် မျက်နှာသစ်လိုက်သည်။ ဦးနှောက်ထဲမှ အိပ်မက်ဆိုးအကြောင်း မှတ်ဉာဏ်များအား ဖယ်ရှားပစ်လိုက်၏။ ထို့နောက် အမြန်ဆုံးနှုန်းဖြင့် ကိုယ်လက်သန့်စင်ခြင်း ပြီးဆုံးလေပြီ။
အင်္ကျီချိတ်ပေါ်မှ ရှပ်အင်္ကျီအမဲရောင်ကို အလှမ်းသင့်ယူလိုက်ပြီး ကြယ်သီးများကို သေချာလိုက်တပ်၏။ necktie စည်းလိုက်ပြီးနောက် အသွင်အပြင်ပုံစံအသစ်ဖြစ်သွားကာ တကယ့်စီးပွားရေးသမားတစ်ယောက်ပုံစံအဖြစ် ပြောင်းလဲသွားတော့သည်။
မှန်ထဲရှိလူငယ်လေးဟာ ကြည့်ရတာတော့ ငယ်ရွယ်ချောမောကာ အားအင်အပြည့်ဖြစ်နေသည်ဆိုသော်ငြား ညနက်ကြီး မှန်ပြတင်းရှေ့ တစ်ယောက်တည်း ဆေးလိပ်သောက်နေသည့် ကောင်လေးနဲ့ ယခုအချိန်ရှိ အန်းလော့နဲ့ကို မည်သူမှ ဆက်စပ်မိလိမ့်မယ်မဟုတ်ပေ။
အန်းလော့ မှန်ထဲမှ ကိုယ့်ကိုကိုယ်ကြည့်ရင်း အင်္ကျီကော်လာကို ပြင်ဆင်လိုက်သည်။ ထို့နောက် ထမင်းစားခန်းဆီသို့ လှည့်ထွက်သွားတော့၏။
အန်းယန်က ထမင်းစားခန်းထဲတွင် သတင်းစာဖတ်နေသည်။ ပေါင်မုန့်စားရင်း ခပ်ဖွဖွပြုံးပြီး သတင်းစာဖတ်နေတဲ့ အမျိုးသားက အိမ်သားတစ်ယောက်၏ ထူးခြားသည့်နွေးထွေးမှုမျိုး ပေးလေသည်။ နေရောင်ခြည်က ပြတင်းပေါက်မှ အလိုက်သင့်ဝင်ရောက်လာကာ ထိုသူ့ကိုယ်ပေါ်သို့ ဖြာကျနေသည်။ အဖြူစွတ်စွတ်အင်္ကျီပေါ်သို့ နေအထိုးခံလိုက်ရချိန် အလွန်တောက်ပနေသယောင် ခံစားရ၏။
နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ စိတ်အစဥ်တည်ငြိမ်သွားပြီဟုထင်သော်လည်း သူ့ကိုတွေ့ချိန်တိုင်း နှလုံးသားက တင်းကျပ်သွားရစမြဲပင်။ ထိန်းချုပ်၍မရနိုင်သော ထိုအကြောင်းပြချက်များ၏ တန်ပြန်မှုကြောင့် သူ့အတွက်တော့ အကျင့်နှင့် ကိုယ်ရည်ကိုယ်သွေးကဲ့သို့ ဖြစ်နေခဲ့လေပြီ။
အန်းလော့ နေရာတွင် ခဏလောက် တိတ်ဆိတ်သွားပြီးမှ အကြည့်များအား သူ့ကိုယ်ပေါ်မှာ ဖယ်ခွာလိုက်ရ၏။ အသက်ပြင်းပြင်းရှူပြီးနောက်မှ ပြောလိုက်သည် “ကော မောနင်း”
အန်းယန် ခေါင်းမော့ကြည့်ကာ အန်းလော့အား ပြုံးပြလိုက်သည် “မနက်စာလာစားလှည့်”
အန်းလော့ ခေါင်းငုံ့ကာ ထမင်းစားပွဲတစ်ဖက်သို့ သွားထိုင်လိုက်သည်။ သူပြင်ဆင်ပေးထားသော ပေါင်မုန့်ကိုယူကာ အချဥ်ထဲနှစ်ပြီး တစ်ကိုက်ကိုက်လိုက်သည် ______ ပေါင်မုန့်ကင်ထားသည်မှာ အလွန်စားကောင်းကာ နွားနို့ကလည်း နွှေးထားပြီးသားဖြစ်သည်။ အန်းယန်ဆိုသည်မှာ အမှန်တကယ်တော့ အလွန်အသေးစိတ်ကာ နူးညံ့လှသည်။ သို့ပေမဲ့ ထိုနွေးထွေးမှုများက ဆူးဇီဟန် ထွက်သွားလိုက်သည့် နှစ်မှစ၍ ……
ဆူးဇီဟန်ဆိုသည့် နာမည်ကြားတိုင်း အန်းလော့စိတ်ထဲ၌ နာကျင်မိသည်။ ဦးနှောက်ထဲ၌ ရှုပ်ထွေးနေသော အတွေးများအားလုံးကို နှလုံးသားထဲသို့ ပြန်ဖိနှိပ်ထားလိုက်ရ၏။
လေထု အရမ်းကို့ယို့ကားယား ဖြစ်နေမည်စိုး၍ အန်းလော့ စကားစရှာပြောလိုက်သည် “ကော ဘာသတင်းတွေ ကြည့်နေတာလဲ?”
အန်းယန်က တစ်ချိန်လုံး သတင်းစာကိုင်ထားကာ ဖတ်နေတာဖြစ်သည်။ အန်းလော့မေးသံကြားတော့ ပြုံးရင်းသတင်းစာအား ကမ်းပေးလာသည်။ သတင်းစာထက်ရှိ ခေါင်းစီးကိုညွှန်ပြကာ ပြောလာသည် “ရှောက်ရုန်က သူ့ပါပါးနဲ့လိုက်ပြီး ကိုယ်တွင်းအင်္ဂါအစားထိုးမှုစမ်းသပ်ချက် ပရောဂျက်တစ်ခုအတွက် လိုက်သွားတာလေ။ လန်ဒန်က ဆေးပညာဆိုင်ရာ ဟောပြောပွဲမှာတောင် ကိုယ်တိုင်ဝင်ပြောလိုက်သေးတယ်။ ဒီကလေးကလည်း အတော်လေးထက်တယ်”
အန်းယန်ပြောသည့် ရှောက်ရုန်ဆိုသည်မှာ သူတို့၏တူလေးဖြစ်သည်။ သူ့အဖေ ရှောက်ချောင်ကန်းကား ခွဲစိတ်ပါရဂူတစ်ယောက်ဖြစ်သည်။ ရှောက်ရုန်ကလည်း သူ့အဖေ၏ သက်ရောက်မှုခံရပြီး ဆေးပညာလမ်းကိုပဲ လျှောက်လမ်းခဲ့သည်။ လက်ရှိတွင်တော့ ယူကေရှိ ရှောက်ချောင်ကန်းရှိသည့် ဆေးရုံ၌ အလုပ်သင်ဆင်းနေ၏။
အန်းလော့ ခေါင်းငုံ့ကာ သတင်းစာကိုကြည့်လိုက်သည်။ အမှန်တကယ်ကိုပင် ရှောက်ရုန် မိုက်ခရိုဖုန်းကိုင်ရင်း ဟောပြောပွဲလုပ်နေသော ဓာတ်ပုံဖြစ်၏။ မှတ်ဉာဏ်ထဲရှိ အငိုသန်သော ကောင်ကလေးသည်ပင် ယခုတွင် ထူးချွန်တောက်ပသော လူငယ်လေး ဖြစ်နေလေပြီ။
အချိန်တွေက တဖြည်းဖြည်းရွေ့လျားနေရင်း မျက်စိတစ်မှိတ်အတွင်းပင် သူနှင့်အန်းယန်တို့ ညီအစ်ကိုလုပ်လာကြသည်မှာ အနှစ်၂၀နီးပါးရှိလေပြီ။
နှစ်လများသည် အန်းယန်၏ကိုယ်ပေါ်၌ မည်သည့်အမှတ်အသား ကြီးကြီးမားမားမှ မချန်ထားခဲ့ပေ။ ယခုအချိန်ရှိ အန်းယန်သည် ငယ်ရွယ်နေဆဲဖြစ်ပြီး မျက်နှာပေါ်၌လည်း နွေးထွေးသော အပြုံးလေး တပ်ဆင်ထားလျက်ပင်။ တန်ဖိုးမြင့် လူလွတ်တစ်ယောက် ဖြစ်သည့်အလျောက် သူ့ကိုလိုက်နေသူများ တန်းစီလိုက်လျှင် လမ်းအရှည်ကြီးတစ်ခု ဖြစ်သွားမလောက်ပင်။ သို့သော်ငြား သူကတော့ တစ်ဦးတစ်ယောက်ကိုမျှ မချစ်ခဲ့ဖူးပေ။ သူ့ရဲ့နှလုံးသားက သူ့ချစ်သူ ဆူးဇီဟန်နှင့်အတူ လွန်ခဲ့သော အနှစ်၂၀ရှိ အေးစက်လှသည့် အုတ်ဂူအောက်တွင် ပါသွားခဲ့ပြီဆိုသည်ကို အန်းလော့သိသည်။
အတော်ကြာ တိတ်ဆိတ်နေပြီးမှ အန်းလော့ တိုးတိုးပြောလိုက်သည် “ဇီဟန်ရဲ့နှစ်လည်က … သဘက်ခါမလား?”
အန်းယန်က အမူအရာကင်းမဲ့စွာ ပြောလာသည် “အင်း ကိုယ်ဒီနေ့နေ့လယ်လေယာဥ်နဲ့ တရုတ်ပြန်ပြီး သူ့ကိုပြန်သွားကြည့်မလို့”
အန်းလော့ပြောလိုက်သည် “အတူတူသွားရအောင်လေ ကျွန်တော်လည်း တရုတ်ပြန်ဖို့အတွက် လက်မှတ်ဝယ်ရမှာရှိသေးတယ်”
အန်းယန် တွေဝေစွာနဲ့ ခေါင်းမော့ကြည့်လာသည် “မင်းကပြန်သွားပြီးဘာလုပ်မှာလဲ?”
အန်းလော့ တိုးတိုးပြောလိုက်သည် “အန်းမိသားစုရဲ့ ဘိုးဘွားပိုင်အိမ်က မကြာခင်ဖျက်တော့မှာမလို့ တစ်ချို့ပြဿနာလေးတွေ ပြန်သွားပြီး ဖြေရှင်းဖို့လိုနေလို့”
အန်းယန် ခေါင်းညိတ်လိုက်သည် “ဒါဆိုလည်း ကောင်းပြီလေ။ လေယာဥ်လက်မှတ်ကို မင်းကိုဝယ်ထားလိုက်တော့”
အန်းလော့ ပြောလိုက်သည် “အင်း စိတ်ချပါ”
***
မနက်၈နာရီတွင် ကုမ္ပဏီသို့ အချိန်မီရောက်၏။ ဓာတ်လှေကားဖြင့် ၂၈ထပ်ရှိ ရုံးခန်းသို့ တက်လာခဲ့သည်။ ငယ်ရွယ်လှပသော လက်ထောက်လေးLisaက အစောကတည်းက ထိုနေရာ၌ စောင့်နေလေပြီ။ အန်းလော့ကို မြင်လိုက်သည်နှင့် ပြုံးကာကြိုဆိုလာသည် “ဥက္ကဌအန်း မောနင်းပါ”
“မောနင်း” အန်းလော့ သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ အနောက်တိုင်းအင်္ကျီကို တံခါးဝရှိ အင်္ကျီချိတ်စင်တွင် ချိတ်ပြီးနောက် စားပွဲရှေ့ရှိ ဆုံလည်ထိုင်ခုံပေါ်တွင်ထိုင်ကာ သူ(မ)ပေးလာသည့် အလုပ်အချိန်ဇယားကို ကြည့်လိုက်သည်။ “မနက်ဖြန်ကျရင် ဘာအစီအစဥ်တွေရှိလဲ?”
“မနက်ဖြန်ညနေကျရင် လုပ်ငန်းစုအတွင်းပိုင်း အစည်းအဝေးတစ်ခုကို ဥက္ကဌတက်ရောက်ပေးဖို့ လိုပါတယ် ညကျရင် ဥက္ကဌကျိုးရဲ့ မွေးနေ့ပွဲ……”
အန်းလော့ မျက်မှောင်ကြုတ်လိုက်မိသည် “နည်းလမ်းတစ်ခုခုရှာပြီး ငြင်းလိုက်။ ကိုယ်ခွင့်၃ရက်ယူရမယ်”
Lisa ခဏလောက် တုံ့ဆိုင်းသွားရသည်။ “ကောင်းပါပြီ ကျွန်မသိပါပြီ”
သူ(မ) ဒီမှာအလုပ်လုပ်လာတာ တစ်နှစ်ကျော်ပြီဖြစ်တာကြောင့် အန်းလော့၏ဒေါသအကြောင်းကို ရှင်းရှင်းလင်းလင်း သိနေပြီးလေပြီ။ အန်းလော့က အေးစက်စက်နှင့် အပြုံးအရယ်ကင်းမဲ့ကာ လှုပ်ရှားနိုင်သည့် ရုပ်တုတစ်ခုနှယ်။ သူ့ကို ဒေါသထွက်စေလျှင် နောက်ဆက်တွဲရလဒ်မှာ အလွန်ပြင်းထန်၏။ မည်သည့်အတိုင်းအတာအထိ ပြင်းထန်သည်ကိုတော့ ဘယ်မှမသိပေ။ ဘယ်သူမှ သူ့ဒေါသကို သွားမဆွဲရဲ၍ဖြစ်သည်။
ကိုယ်ပိုင်လက်ထောက်တစ်ယောက်အနေနှင့် သူ(မ)လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အမိန့်အတိုင်းလိုက်နာရန်ပင်။ အမိန့်အတိုင်း အတိအကျ လိုက်နာရန်ပင်။
ဒီသွက်လက်သည့် လက်ထောက်လေးအပေါ် အန်းလော့အနေဖြင့် အလွန်ကျေနပ်မိသည်။ သူ(မ)ကို မော့ကြည့်ပြီး ပြောလိုက်သည် “ဒီနေ့ညနေ တရုတ်ပြည်ပြန်ဖို့ လေယာဥ်လက်မှတ်နှစ်စောင် ဖြတ်ထားပေး။ ကိုယ်တစ်ခေါက်ပြန်သွားရမယ်။ ဒီသုံးရက်အတွင်းမှာ ကိစ္စတစ်ခုခုရှိခဲ့ရင် ဒုဥက္ကဌကို အာဏာအပြည့်အဝပေးပြီး ဖြေရှင်းခိုင်းလိုက်ပါ။ ဖြေရှင်းလို့မရနိုင်တော့မှ ကိုယ့်ဆီကိုဖုန်းဆက်”
Lisa လေးစားစွာ ခေါင်းညိတ်လိုက်သည် “နားလည်ပါပြီ”
“ကောင်းပြီ မင်းသွားလို့ရပြီ”
လက်ထောက်လေးအား ထွက်သွားခိုင်းလိုက်ပြီးနောက် အန်းလော့ ထိုင်ခုံပေါ်မှ ထလာလိုက်သည်။ ရေအေးတစ်ခွက် ငှဲ့ထည့်လိုက်ရင်း ကြမ်းထိသောပြတင်းပေါက်ရှေ့သွားကာ ခြေထောက်အောက်ရှိ စည်ကားနေသော လမ်းမကြီးအား ဆိတ်ငြိမ်စွာ ကြည့်နေမိသည်။
သူမွေးဖွားခဲ့သည့် နေရာနှင့်မတူဘဲ ဤမြို့ကား အလွန်စည်ကားရှုပ်ထွေးလှသည်။ အထပ်မြင့်အဆောက်အအုံများဖြင့် ပြည့်နှက်နေသည့် စီးပွားရေးဇုန်၊ ခေတ်မီမြို့ပြဒီဇိုင်းများဖြင့် မြင့်မားသော အဆောက်အအုံများ၊ အေးစက်မာကျောသည့် သတ္တုပစ္စည်းများက မနက်ခင်း ရွှေရောင်သန်းသည့် နေရောင်အောက်တွင် ဝင်းလက်တောက်ပနေသည်။
ဤနေရာရှိ အဆောက်အအုံများသည် အထပ်၂၀ထပ် နိမ့်သည်ဟူ၍မရှိ။ စီးပွားရေးမြို့တော်၏ အဆောက်အအုံကြီးများသည် အလွန်ကြီးကျယ်မြင့်မြတ်ပေါ်ပုံသော်လည်း ငွေဖြင့်တည်ဆောက်ထားသော လောကကြီး၏ ထူးခြားသည့် ရက်စက်အေးစက်မှူကို ဖော်ပြနေလျက်ရှိသည်။
အမြင့်မှာရပ်လေလေ တိုက်အောက်က လမ်းပေါ်ရှိ ကားများနှင့်လူများက အလွန်သေးငယ်သွားလေပင်။
ငယ်စဥ်အခါက အမေနှင့်အတူ အဖွားအိမ်၌နေရချိန်က ထိုနေရာမှာ ကျေးလက်မြို့ငယ်လေးတစ်ခုဖြစ်ကြောင်း မှတ်မိသေး၏။ အဖွားအိမ်ခြံဝင်းထဲတွင် ချယ်ရီပင်အကြီးကြီးတစ်ပင် စိုက်ထားသည်။ ချယ်ရီသီးတို့ ရင့်မှည့်ချိန်ရောက်တိုင်း အပင်ကြီးအောက်၌ ခြေဗလာနှင့်ရပ်၍ သူချယ်ရီသီးခူး၏။ ချယ်ရီသီးတစ်ပန်းကန်အပြည့်ကို တစ်ခဏအတွင်း စားကုန်နိုင်လေသည်။
ထိုအချိန်တုန်းက ဤသို့မြင့်မားသော အဆောက်အအုံများကို မမြင်ဖူးခဲ့။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအားလုံးက ၂ထပ်၃ထပ်များသာ။ အိမ်အပေါ်ထပ်၌ ရပ်နေလျှင်တောင် အိမ်အောက်ရှိ သူငယ်ချင်းအား လှမ်းနှုတ်ဆက်နိုင်၏။ ထိုအချိန်တုန်းက ကုမ္ပဏီ၊ ငွေကြေးကဲ့သို့သော စိမ်းသက်လှသည့် အတွေးမျိုး မတွေးဖူးခဲ့။ ထိုအချိန်တုန်းက သူသည် ယခုကဲ့သို့ မအေးစက်ခဲ့။ ထို့အပြင် တခြားလူများကို ပြုံးရယ်ပြတတ်သေးသည်။
ထို့နောက် မိခင်ဆုံးပါးကာ သူသည်လည်း အန်းမိသားစုသို့ ဖခင်ဆီမှ ပြန်လည်ခေါ်ဆောင်ခံခဲ့ရသည်။ ဘဝအခြေအနေများလည်း လုံးဝပြောင်းလဲသွားတော့သည်။
ယနေ့ရောက်တော့ အာဏာ၏ထိပ်ဆုံးနေရာ၌ ရပ်နေခဲ့ရပေမဲ့ သူပျော်ရွှင်မနေဘူးဆိုတာကို အန်းလော့ သတိထားမိလာရသည်။
ဒါအပြင် ကောင်းမွန်သည့် အိပ်စက်ခြင်းတစ်ခုတောင် သူမရရှိနိုင်ပေ။
အထပ်ထပ်အခါခါသော အိပ်မက်ဆိုးများက သူ့ကိုအမြဲတမ်း မနက်၂နာရီ၃နာရီမှာ လန့်နိုးစေလျက်ရှိသည်။ နှစ်တွေကြာတော့ ခန္ဓာကိုယ်က အလွန်ပိန်ပါးလာသည်ကိုမပြောနှင့် စိတ်အာရုံသည်လည်း အရင်နှင့် မတူညီတော့ပေ။ ဒါအပြင် ဖွင့်ပြရခက်သည့် အစ်ကို့အပေါ် တိတ်တခိုးခံစားချက်များက သူ့ကို အလွန်စိတ်ဓာတ်ကျနေသည့် အခြေအနေဖြစ်စေခဲ့တော့သည်။ စိတ်ရောဂါကုဆရာဝန်၏ တိုင်ပင်ဆွေးနွေးမှုများနှင့်မှသာ ဝန်ထုပ်ဝန်ပိုးအချို့အား လျော့ချနိုင်တော့၏။
သိပ်ပင်ပန်းသည်။
ဒါပေမဲ့ အန်းမိသားစုက အခုအချိန်ထိ ဆက်ခံသူမရှိသေး။ အဖေချန်ထားခဲ့သည့် ကုမ္ပဏီအားလည်း မိမိလက်ထဲတွင် အပျက်စီးမခံနိုင်တာကြောင့် ဆက်ပြီးတောင့်ခံထားရုံသာရှိတော့သည်။
သူဒီလို တောင့်ခံထားရတဲ့အတွက် ဘာအဓိပ္ပာယ်ရှိသလဲဆိုတာကို သူမသိနိုင်ရုံသာ။
အန်းမိသားစုတွင် မျိုးဆက်မရှိနိုင်။ ပိုက်ဆံများများရှာနိုင်လျှင်တောင် ဆက်ခံမည့်သူမရှိ။ မိမိသေဆုံးသွားချိန်တွင် အန်းမိသားစု၏လုပ်ငန်းများသို့ ဆက်ခံသူမရှိလျှင် တစ်ဘဝလုံး ပင်ပန်းခဲ့သမျှသည် နောက်ဆုံးတွင် ရေမြှုပ်များကဲ့သို့ ပျောက်ကွယ်သွားမည်သာ။
စားပွဲပေါ်ရှိ ဖုန်းမှာ မြည်လာပြန်သည်။ အရမ်းပင်ပန်းနေပြီဟု အန်းလော့ ရုတ်တရက် တွေးမိလိုက်သည်။
ဖုန်းကိုင်လိုက်တော့ လက်ထောက်လေး Lisa ဆက်လာတာ အမှန်ပင်။ စောနက လုပ်ခိုင်းသည့်ကိစ္စအားလုံး လုပ်ပြီးကြောင်း တင်ပြခြင်းဖြစ်သည်။ ညနေ၃နာရီခွဲ လေယာဥ်ကို လက်မှတ်ဖြတ်ထားကြောင်းပြော၏။ အန်းလော့ ကျေးဇူးတင်ကြောင်းပြောပြီး ဖုန်းချလိုက်သည်။
ဆုံလည်ခုံပေါ်၌ တစ်ခဏလောက် ငြိမ်သက်နေပြီးမှ ဖုန်းကိုကိုင်ပြီး တခြားနံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်သည်။
“ရှေ့နေကျန်းလား? ကျွန်တော့်ရုံးခန်းကို တစ်ချက်လာခဲ့ပါဦး … အင်း … အခုလာခဲ့ပါ …… ကျွန်တော်သေတမ်းစာတစ်စောင်ရေးချင်လို့”
ဒီလိုလူငယ်လေးတစ်ယောက်က ဘာကြောင့်သေတမ်းစာရေးချင်သလဲဆိုတာ စဥ်းစားကြည့်ဖို့ အလွန်ခက်ခဲကောင်း ခက်ခဲနိုင်သည်။ ဒီလို သေတမ်းစာ စောစောရေးထားရသည့် အကြောင်းအရင်းကို အန်းလော့သာလျှင် နားလည်ပါလိမ့်မည်။
သူ့တွင် မိဘမရှိ။ ချစ်သူမရှိ။ ကလေးမရှိ။ အန်းယန်မှလွဲ၍ တခြားသော ဆွေမျိုးသားချင်းဟူ၍လည်းမရှိ။ အကယ်၍ တစ်နေ့နေ့မှာ ဒီကမ္ဘာကြီး၏ထောင့်တစ်နေရာရာတွင် သူရုတ်တရက်သေသွားခဲ့လျှင်တောင် သူ့အတွက် ဝမ်းနည်းပေးမည့်သူ အများကြီးမရှိနိုင်ပေ။
တစ်ယောက်တည်း အသက်ရှင်နေထိုင်ရခြင်းတွင် အဆိုးဆုံးသောအရာအတွက် အမြဲတစေ အစီစဥ်ချထားသင့်သည်။
သူသေသွားသည့်အချိန်တွင်တောင် လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မိမိ၏ပိုင်ဆိုင်မှုအားလုံးကို အန်းယန်အတွက် ချန်ထားခဲ့ခြင်းပင်။
ထိုပိုင်ဆိုင်မှုအားလုံးက အန်းယန်၏ မျက်လုံးထဲတွင် အရာမဝင်သော်လည်း ဤသည်မှာ သူပိုင်ဆိုင်သည့် အလုံးစုံသော အသွေးအသားပင်။
—————-
စာရေးသူတွင် ပြောစရာရှိပါသည် :
လူတော်တော်များများ အထင်လွဲနေကြတယ်။ ဒီNovelရဲ့ CPက အန်းယန် မဟုတ်ပါဘူး။ အန်းယန်နဲ့ ဆူးဇီဟန်က တစ်တွဲဖြစ်ပြီးတော့ သူတို့ကဘယ်လိုမှ နောက်ပြန်လှည့်လို့မရတော့ပါဘူး။ အန်းယန်ရဲ့စိတ်ထဲမှာ ဇီဟန်ပဲရှိပြီးတော့ ရှောင်လော့မရှိဘူး။ ကိုယ့်အနေနဲ့ ရှောင်လော့ကို သူလက်ထဲ အတင်းထိုးထည့်မပေးလိုက်ချင်ဘူး။
အရမ်းကောင်းတဲ့ gong တစ်ယောက်က အရှေ့မှာ အန်းလော့ကို စောင့်နေမှာပါ။ အန်းလော့ မင်းကောင်းကောင်း ပြင်ဆင်ထားတော့နော် >_<
အန်းလော့ (မျက်မှောင်ကြုတ်လျက်) : ကျွန်တော်သူ့ကိုစိတ်မဝင်စားဘူး
တစ်စုံတစ်gong (အနောက်၌ ရုတ်တရက်ပေါ်လာကာ ပြုံးလျက်) : ကောကော စောနက ဘာပြောလိုက်တာ?
အန်းလော့ (ကြက်သီးမွေးညင်းထလျက်) : ……ဘာမှမပြောပါဘူး မင်းအကြားမှားတာနေမှာပါ
——————–
Word – 2691
Xiao Dream
အန်းလော့က shouဆိုတာ ကိုယ့်မှာမယုံနိုင်ဖြစ်နေရတာ(;´д`)ゞ