Chapter - 3

အန်းလော့ ဘောပင်ကောက်ကိုင်ပြီး သေတမ်းစာပေါ်၌ လက်မှတ်ထိုးတော့မည့်အချိန်တွင် ရှေ့နေကျန်းက တိုးတိုးမေးလာသည် “မစ္စတာအန်း သေချာစဥ်းစားပြီးသွားပြီလား?”
အန်းလော့ ပြတ်သားစွာနှင့် မိမိနာမည်အား ထိုးလိုက်သည်။ ခေါင်းတောင်မော့မလာဘဲ ပေါ့ပါးစွာပြော၏ “အင်း အရမ်းသေချာတယ်”
10% သော ကိုယ်ပိုင်ပိုင်ဆိုင်မှုကို ရှောက်ရုန်တို့သားအဖရှိနေသော UKရှိ ကိုယ်တွင်းအင်္ဂါအစားထိုးမှု စမ်းသပ်ချက်စင်တာအား အမည်မဖော်လိုစွာ လှူဒါန်းလိုက်၏။ တခြားသော ပိုင်ဆိုင်မှုအားလုံးကို အစ်ကိုကြီး အန်းယန်သို့ လွှဲပြောင်းပေးလိုက်သည်။ ဤအရာမှာ အန်းလော့စဥ်းစား၍ရသည့်ထဲမှ အကောင်းဆုံးအရာပင်။ တစ်ခုတည်းသော ဖြေရှင်းနည်းလည်းဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဒီဘဝတွင် လက်ထပ်ပြီး ကလေးမွေးဖို့ စဥ်းစားမထားတာကြောင့် သူ့ဘေးနားရှိ ဆွေမျိုးဟူ၍ အန်းယန်သာရှိသည်။ တကယ်လို့ အန်းယန်သာ ဒီအမွေကို မလက်ခံချင်ပါလျှင် ထိုအချိန်မှပဲ သူကြိုက်သလို ဖြေရှင်းပါစေတော့။ တူလေးရှောက်ရုန်ကို ပိုင်ဆိုင်မှုအားလုံး လွှဲပေးလိုက်တာလည်း ဖြစ်နိုင်သည်။
သေတမ်းစာရေးပြီးနောက် အန်းလော့ အစည်းအဝေးခန်းထဲသို့ သွားလိုက်၏။ အစည်းအဝေးပြီးနောက် အိမ်မြန်မြန်ပြန်ခဲ့တော့သည်။
ဘာကြောင့်မှန်းမသိ သူဒီနေ့ စိတ်တည်ငြိမ်မနေပါ။ မနေ့ညက ယာဥ်တိုက်မှုနှင့်ပတ်သက်၍ အိပ်မက်ဆိုးမက်သည်ကြောင့် ထိုအချိန်က ကိစ္စများကို ပြန်လည်သတိရမိသွားသည်ထင်၏။ စောနကလည်း ကုမ္ပဏီ၌ ခဏခဏစိတ်လွတ်လွတ်နေ၍ အခြေအနေမကောင်းလှပေ။
ညနေ တရုတ်ပြည်ပြန်ရမှာဖြစ်တာကြောင့် အခုကတည်းက အိမ်ပြန်ပြီး အထုပ်အပိုးပြင်ဆင်ထားလျှင်လည်း မဆိုးလှပေ။
သူအိမ်ပြန်ရောက်သွားချိန် အန်းယန်က အိပ်ပျော်နေဆဲဖြစ်သည်။ အန်းလော့ သူ့အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီးနောက် ကုတင်ပေါ်ရှိ အိပ်ပျော်နေရင်း ပြုံးနေသည့်သူ့ပုံစံလေးကို ကြည့်နေမိသည်။ နှလုံးသားအောက်ခြေရှိ ပင်ကိုအသိစိတ်က သူ့အလိုလိုဖြစ်တည်လာသလိုမျိုး ညွှန်းစေလျက် သူ့ကုတင်ဘေးသို့ အန်းလော့ ဖွဖွလေးလျှောက်သွားမိသည်။ တဖြည်းဖြည်း မှီလိုက်ကာ……
နှလုံးခုန်သံတွေက ထိန်းချုပ်မရစွာ မြန်ဆန်လာရသည်။ နေ့နေ့ညညစဥ်းစားနေမိရသူက သူ့မျက်စိရှိ လက်တစ်ကမ်းစာ နေရာတွင်။ အကယ်၍ စင်တီမီတာ အနည်းငယ်သာ ထပ်တိုးလိုက်လျှင် သူ့မျက်လုံး၊ သူ့နှုတ်ခမ်းအား ထိမိနိုင်လေပြီ။
အိပ်မက်များထဲ၌ ထိုလူ့အား အကြိမ်ပေါင်းများစွာ နမ်းရှိုက်ခဲ့ဖူး၏။ အခုအချိန်တွင်တော့ သူ့မျက်စိရှေ့တွင်ရှိနေသော်ငြား နမ်းရှိုက်ခြင်းကဲ့သို့ စည်းကျော်သည့်လုပ်ရပ်များ မည်သို့မျှ မလုပ်နိုင်ကြောင်း အန်းလော့ သတိထားမိလာရသည်။
အန်းယန်၏လက်၌ လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားသည်။ ဤလက်ထပ်လက်စွပ်အား အန်းယန် နှစ်အကြာကြီး ဝတ်ဆင်ထားခဲ့ခြင်းအားဖြင့် သူ့နှလုံးသားထဲရှိ ဆူးဇီဟန်၏နေရာအား မည်သူမျှမမီနိုင်ကြောင်း သက်သေပြနေခဲ့သည်။ ယခုမြင်လိုက်ရချိန်တွင်တော့ ဤအရာကား လှောင်ရယ်စရာတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ သူ့နှုတ်ခမ်းထက်၌ အပြုံးလေးချိတ်ဆွဲထား၏။ ဖြစ်နိုင်သည်မှာ အိပ်မက်ထဲ၌ ဆူးဇီဟန်နှင့် အတူရှိနေခဲ့သည့် လှပသောနေ့ရက်များကို မြင်မက်နေခြင်းပင်။ အိပ်မက်ထဲတွင်တောင်မှ ဤသို့နှယ် နူးညံ့ပျော်ရွှင်နေသည့် အပြုံးလေးအား ထုတ်ဖော်ပြသနေသေးသည်……
ယခုလိုအခြေအနေမျိုး၌ အန်းလော့အနေဖြင့် မည်သို့မျှ မနမ်းရှိုက်နိုင်ပေ။
ဒါအပြင် မိမိဒီလိုလုပ်လိုက်လျှင် သူ့အပေါ်၌၊ ဆူးဇီဟန်အပေါ်၌ စော်ကားခြင်းတစ်မျိုးဟု ထင်မိနေသေးသည်။
စိတ်နှလုံးမတည်ငြိမ်မှုကြောင့် ထွက်ပေါ်လာသည့် ခံစားချက်များအား ဖိနှိပ်ထားရုံသာ တတ်နိုင်တော့သည်။ သူတောင့်တင်းစွာ လှည့်ထွက်လာခဲ့သည်။ အန်းယန်ရဲ့ အိပ်ခန်းထဲမှာ ထွက်လာခဲ့ပြီးနောက် တံခါးကိုဖွဖွပိတ်လိုက်သည်။
မိမိအတွက် မရယူလိုတာမဟုတ်ပေမဲ့ သူအနေနဲ့ အန်းယန်နဲ့ ဆူးဇီဟန်ကို အလွန်နားလည်နေတာကြောင့်ဖြစ်သည်။ သူတိူ့နှစ်ယောက် ချစ်ကြိုက်နေခဲ့သမျှကို သူအလေးထားသည်။ သူတို့နှစ်ယောက်ကြားထဲကို တစ်ဦးတစ်ယောက်မှ ကြားဖြတ်မဝင်နိုင်ချေ။
အန်းယန်အား ခံစားချက်တွေ မဝန်ခံချင်သလို မိမိကိုယ်မိမိလည်း ဂျိုကာမဖြစ်သွားစေချင်ပေ။ ထို့ကြောင့် ဒီလိုခံစားချက်မျိုးကို ရင်ထဲမှာပဲသိမ်းထားလိုက်ပြီး နှလုံးသားကို အဖျက်ဆီးခံ၊ မှိုအတက်ခံကာ တဖြည်းဖြည်းနှင့် ကင်ဆာကဲ့သို့ ဖြစ်တည်မှုမျိုးအဖြစ် ပြောင်းလဲလာခဲ့ရသည်ကိုပဲ လက်ခံလိုက်ရတော့သည်။
အန်းလော့ အသက်ပြင်းပြင်းရှူကာ ရင်ထဲရှိနာကျင်မှုကို ဖြည်းဖြည်းချင်း သက်သာအောင်ကြိုးစားနေမိသည်။ ထို့နောက် အိပ်ခန်းဆီသို့ပြန်ကာ luggage ယူပြီး အထုပ်အပိုင်းပြင်ဆင်တော့သည်။
***
နေ့လယ်တစ်နာရီအချိန်တွင် အန်းယန်နိုးလာခဲ့သည်။ ဧည့်ခန်းဆီ လျှောက်သွားလိုက်တော့ ဆိုဖာပေါ်မှာထိုင်ပြီး တီဗွီကြည့်နေသည့် အန်းလော့အား တွေ့လိုက်ရသည်။ တီဗွီထဲတွင် မနေ့ညက ဘောလုံးပွဲအား ပြန်ပြနေသည်။ အန်းလော့ရဲ့အာရုံကတော့ ဘောလုံးပွဲပေါ်၌မရှိဘဲ ခေါင်းငုံ့ကာ ကြမ်းပြင်ကို စိုက်ကြည့်နေ၏။ ဦးခေါင်းက အောက်ကိုကျကျသွားကာ ငိုက်နေတာဖြစ်ကြောင်း သိသာလှသည်။
အန်းယန် မတတ်နိုင်စွာ ရယ်လိုက်မိသည်။ သူ့ဘေးလျှောက်သွားလိုက်ပြီးနောက် ပုခုံးလေးအား ပုတ်လိုက်သည် “ရှောင်လော့ အိပ်ချင်နေရင် အိပ်ရာပေါ် သွားအိပ်လေ”
အန်းလော့ ချက်ချင်းပဲ အိပ်ချင်မူးတူးဖြစ်နေသည့်အခြေအနေမှ နိုးထလာခဲ့သည်။ အန်းယန်၏ ပြုံးနေသည့် မျက်လုံးများကိုမြင်တော့ မျက်နှာလေးနီသွားရသည်။ ချောင်းတစ်ချက်ဟန့်လိုက်ပြီး “ကျွန်တော်… ကျွန်တော်မအိပ်ချင်ပါဘူး”
အန်းယန် မေးလိုက်သည် “ဘယ်လိုလုပ်ပြီး ဆိုဖာပေါ်မှာ အိပ်နေတာလဲ အအေးမိမှာမစိုးဘူးလား”
အန်းလော့ နှုတ်ခေါင်းလေးကို ပွတ်ကာ ပြောလိုက်သည် “ကျွန်တော် လေယာဥ်ချိန်လွဲသွားမှာစိုးလို့ အဲ့တာကြောင့် အခန်းပြန်မအိပ်တာ……”
သူအနေခက်နေတဲ့ ပုံစံကိုတွေ့တော့ အန်းယန် ပိုပြီးပြုံးလာသည်။ သူစကားခေါင်းစဥ်လွှဲလိုက်၏ “လေယာဥ်လက်မှတ် ဖြတ်ပြီးသွားပြီပေါ့?”
အန်းလော့ ခေါင်းညိတ်လိုက်သည် “အင်း ညနေ ၃နာရီခွဲလေယာဥ် အခုဘယ်နှနာရီလဲ?”
အန်းယန် ခေါင်းငုံ့ကာ နာရီကြည့်လိုက်သည် “တစ်နာရီ”
အန်းလော့ ပြောလိုက်သည် “ဒါဆိုပြင်ဆင်တော့လေ လေဆိပ်ကိုသွားရအောင်”
အန်းယန် ခေါင်းညိတ်လိုက်ကာ အိပ်ခန်းဆီပြန်သွားတော့သည် “ကိုယ်အင်္ကျီသွားလဲလိုက်ဦးမယ် မင်းကားသွားယူထားလိုက်”
အန်းလော့ သူ့နောက်ကျောကိုကြည့်ကာ မေးလိုက်သည် “driver ခေါ်လိုက်ရမလား?”
အန်းယန် လက်ခါပြကာ ပြောလိုက်သည် “မလိုဘူး ကိုယ်မောင်းမယ်”
***
အန်းယန်ရဲ့ ကားမောင်းစကေးက အလွန်ကောင်းလှသည်။ Vancouver မှာနေလာတာ နှစ်နှစ်ရှိပြီဖြစ်တာမလို့ ဤနေရာရှိ လမ်းဆိုင်းဘုတ်များကို ယေဘုယျအားဖြင့် မှတ်မိနေပြီဖြစ်ကာ ကားမောင်းပြီးအပြင်ထွက်လည်း လမ်းမပျောက်နိုင်ပေ။
ပြတင်းပေါက်အပြင်ဘက်ရှိ တောက်ပနေသည့် အဆောက်အအုံများကိုကြည့်ရင်း ဒီနေရာကို သူစိမ်းသက်နေဆဲဖြစ်ကြောင်း အန်းလော့ ရုတ်တရက်သတိထားမိသွားရသည်။
သူက အတိတ်ကို အမှတ်ရတတ်သည့်သူ ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်သည်။ သူ့စိတ်ထဲရှိ မွေးရပ်မြေသည် ငယ်ငယ်က ကြီးပြင်းခဲ့သည့် ထိုမြို့ငယ်လေးပဲဖြစ်ပြီး နောက်ပိုင်း နှစ်အတော်ကြာနေထိုင်ခဲ့သည့်မြို့ဖြစ်စေ၊ ယခုနေထိုင်နေသည့် Vancouverဖြစ်စေ သူ့အတွက်တော့ နေထိုင်စရာတစ်ခုထပ်မပိုပေ။ အချိန်သက်သက်အကုန်ခံပြီး ဒီမြို့ရဲ့ရိုးရာဓလေ့တွေ၊ အဆောက်အအုံတွေအပြင် လမ်းပန်းဆက်သွယ်ရေးတွေကို သွားပြီးဂရုစိုက်နေမည်မဟုတ်ပါ။
အန်းယန်ကတော့ မတူလေဘူး။ ဒီနှစ်နှစ်ဆိုသည့် အချိန်အတွင်းတွင် ဤနေရာကို မွေးရပ်မြေကဲ့သို့ ကျွမ်းဝင်နေလေပြီ။
အန်းယန်က ကားမောင်းနေတုန်း သီချင်းဖွင့်ရတာ မကြိုက်လှတာကြောင့် ကားအတွင်း၌ အလွန်တိတ်ဆိတ်လျက်ရှိသည်။ သူနှင့် နှစ်ယောက်တည်း ရှိနေရတာက အန်းလော့အား စိတ်မတည်မငြိမ်ဖြစ်စေသည်။ ထို့ကြောင့် ပြတင်းပေါက်ဘက်ကိုခေါင်းလှည့်ကာ ရှုခင်းသာ ကြည့်နေနိုင်တော့သည်။
တိတိက သူ့ကိုတစ်ချိန်လုံး ကျောပေးထားတာကြောင့် အန်းယန် မနေနိုင်ဘဲ တွေဝေစွာမေးလိုက်မိသည် “မင်းဘာတွေကြည့်နေတာလဲ?”
အန်းလော့ ကျောလေးတုန်သွားရကာ အလျင်အမြန်ပြောလိုက်သည် “ဘာမှမကြည့်ပါဘူး”
သူ၏မူမမှန်မှုကို အန်းယန်ကတော့ သတိမထားမိလေဘူး။ ဖွဖွပြုံးကာ ပြောလာလေသည် “ဒီတစ်ခေါက် တရုတ်ပြည်ပြန်တာကို ကိုယ်ရက်နည်းနည်းပိုနေချင်တယ်။ မင်းကိုယ့်ကိုဂရုစိုက်စရာမလိုပါဘူး။ မင်းလုပ်စရာပြီးတာနဲ့ ကနေဒါကို ပြန်သွားလိုက်လို့ရတယ်”
“အင်း……” အန်းလော့ ခဏရပ်နေပြီးမှ ပြောလာသည် “ကော ဘယ်နှရက်ပိုနေမှာလဲ အရေးကြီးကိစ္စရှိလို့လား?”
အန်းယန် ခေါင်းခါလိုက်သည် “မရှိပါဘူး နည်းနည်းလောက် ပိုနေဖို့စဥ်းစားထားရုံပဲ။ ပြီးတော့ သူအရင်က သွားခဲ့ဖူးတဲ့နေရာတွေ ပြန်သွားကြည့်ကြည့်ချင်လို့”
အန်းယန် ပြောနေသည့် “သူ”ဆိုသည်မှာ သေချာပေါက် ဆူးဇီဟန်ပင်။
အန်းလော့၏နှာခေါင်းလေး ရုတ်တရက်ချဥ်တူးသွားရသည်။
အန်းယန်က သူ့ရှေ့တွင် တုံ့ဆိုင်းမှုမရှိစွာနဲ့ ဆူးဇီဟန်အကြောင်း ပြောလိုက်နိုင်သည်။ မိမိကတော့ ဘာမှမဖြစ်သလို ဟန်ဆောင်ရင်းသာ နားထောင်နေနိုင်သည်။ ထိုငြိမ်ငြိမ်လေး နားထောင်နေတတ်သူဟာ တကယ်တော့ တစ်ချိန်လုံး သူ့ကိုကြိုက်နေခဲ့တယ်ဆိုတာ၊ နှစ်တွေအများကြီး ကြိုက်နေခဲ့တယ်ဆိုတာ အန်းယန် ဘယ်တော့မှ သိမည်မဟုတ်ပါ။
တစ်လမ်းလုံး အန်းလော့ စကားထပ်မပြောတော့ပေ။
ကားလေးက နောက်ဆုံးတွင်တော့ ၂နာရီခွဲအချိန်တွင် လေဆိပ်သို့ ဆိုက်ရောက်ခဲ့တော့သည်။ အချိန်ဘယ်လောက်မှ မရှိတော့တာကြောင့် နှစ်ယောက်သား လေဆိပ်တွင် ကြာကြာမနေတော့ဘဲ စစ်ဆေးခံကာ တန်းဝင်ခဲ့လိုက်တော့သည်။ လေယာဥ်ပေါ်ရောက်တော့ ထိုင်ခုံနေရာမှာ အမှန်ပင် ကပ်ရပ်ဖြစ်နေသည်။
သူတို့နှစ်ယောက် ပစ္စည်းတွေထားပြီးနောက် ထိုင်ချကာ လုံခြုံရေးခါးပတ်ပတ်ထားလိုက်သည်။ ထို့နောက် တောင်းဆိုမှုအတိုင်း ဖုန်းပိတ်လိုက်တော့သည်။ ထုံးစံအတိုင်း လုံခြုံရေးဗွီဒီယိုအားဖွင့်ပြပြီးနောက် လေယာဥ်သည် လမ်းကြောင်းအတိုင်း စတင်ပျံသန်းလေတော့သည်။
အန်းလော့ မျက်မှောင်ကြုတ်ကာ ပင်ပန်းနွမ်းနယ်နေသည်ကို အန်းယန်မြင်တော့ နူးညံ့စွာပြောလာသည် “အိပ်ချင်နေရင် ခဏလောက်အိပ်လိုက်လေ” အပြောနှင့်ညီစွာ ထိုင်ခုံကိုလည်း သက်တောင့်သက်သာဖြစ်အောင် ဂရုတစိုက်ချိန်ညှိပေးလာသည်။
အန်းလော့ အန်းယန်ကိုလှည့်ကြည့်ကာ ပြောလိုက်သည် “ဒါဆို…… ကျွန်တော်ခဏလောက် အိပ်လိုက်ဦးမယ်”
အန်းယန်ဖွဖွပြုံးလိုက်သည် “အိပ်လေ တစ်ခုခုဆို ကိုယ်မင်းကိုနှိုးမယ်”
အန်းလော့ အမှန်တကယ်ကို ငိုက်နေပြီဖြစ်တာကြောင့် ခဏလေးအတွင်း အိပ်ပျော်သွားတော့သည်။ မသိလိုက်ပါသာနဲ့ ခေါင်းလေးစောင်းသွားပြီး အန်းယန်၏ပုခုံးပေါ်၌ ဖွဖွမှီထားမိတော့သည်။ အန်းယန်က သူ့ကိုမတွန်းဖယ်လိုက်သည့်အပြင် သူ့ကို ပိုပြီးသက်တောင့်သက်သာ မှီထားနိုင်အောင် ထိုင်နေသည့်ပုံစံပါပြင်ပေးသည်။
ပျင်းနေတာကြောင့် ကျောမှီနောက်ရှိ မဂ္ဂဇင်းကို ဖတ်နေလိုက်သည်။ နှစ်မျက်နှာလောက် လှန်ပြီးချိန်၌ လေယာဥ်မှာ ရုတ်တရက် လှုပ်ရှားယိမ်းထိုးလာသည်။ အရေးပေါ်အသုံးပြုနိုင်သည့် အောက်ဆီဂျင်အိတ်များမှာလည်း ကျလို့လာသည်။ ထိုအချိန်မှာပဲ ကြေညာသံတစ်ခုကြားလိုက်ရသည် “ခရီးသည်များအားလုံး……”
ကျန်သည့် ကြေညာမှုအပိုင်းမှာ ခရီးသည်များ၏အော်ဟစ်သံများကြား နစ်မြုပ်သွားရသည်။
အန်းယန် ခေါင်းလှည့်ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။ လေယာဥ်သည် အခုချိန်မှာ အမြင့်နေရာတွင်ရှိနေဆဲဖြစ်ပြီး လက်ဝဲတောင်ပံသည် မီးပြင်းထန်စွာ လောင်ကျွမ်းလျက်ရှိကာ မတော်တဆမှုဖြစ်ပွားသွားမှန်း သိသာလှသည်။ နောက်တစ်မိနစ်လောက်နေရင် လေယာဥ်ပေါက်ကွဲသွားတာလည်း ဖြစ်နိုင်သည်။ လွတ်မြောက်နိုင်ချေမှာ…… သုညပင်။
လေယာဥ်ပေါ်တွင် အားလုံးရှုပ်ရှပ်ခတ်နေသည်။ အော်ဟစ်သံ၊ ငိုကြွေးသံ၊ ယောက်ျားမိန်းမလူကြီးလူငယ်တို့၏ အသံမျိုးစုံက စုပေါင်းလျက်ရှိလေသည်။ အလွန်ဆူလွန်းတာကြောင့် နားစည်တွေတောင် နာလာရသည်အထိ။
အန်းလော့ကို သူနှိုးလိုက်သင့်လား?
အန်းယန် တွေဝေနေမိသည်။ နောက်ဆုံးတွင်တော့ ဤအတွေးအား ပယ်ချလိုက်ပါ၏။
တကယ်လို့သာ ဤနေရာတွင် အမှန်တကယ် သေဆုံးရတော့မည်ဆိုလျှင် အန်းလော့အတွက် အိပ်နေလျက်သေဆုံးခြင်းက အများကြီးရုန်းကန်စရာမလိုတာကြောင့် ကိစ္စကောင်းတစ်ခုဖြစ်နိုင်သည်။
ပတ်ဝန်းကျင်ရှိ စိတ်လှုပ်ရှားနေကြသူများနှင့်မတူ အန်းယန်သည် အလွန်ငြိမ်သက်လျက်ရှိသည်။ ဒါအပြင် စိတ်ထဲ၌ အလွန်ပေါ့ပါးနေသည်ဟု သူခံစားနေမိသည်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ဘာမှတွယ်တာစရာမရှိတော့ပေ။ တစ်ဦးတည်းသော တွယ်တာစရာမှာလည်း အစောကြီးကတည်းက အေးစက်လှသည့်အုတ်ဂူအောက်သို့ ရောက်သွားလေပြီ။
အန်းယန်မျက်လုံးဖွဖွမှိတ်ထားကာ သေမင်းလာရောက်ခေါ်ဆောင်မည့်အချိန်ကို စောင့်နေမိသည်။ ဦးနှောက်ထဲ၌ တစ်ခဏအတွင်း ပုံရိပ်အမျိုးမျိုး ပေါ်လာသည်။ အများဆုံးထွက်ပေါ်လာသည်ကတော့ လွန်ခဲ့တဲ့နှစ်က ဆူးဇီဟန်နှင့်အတူ ‘I Deal in Danger’ ကြည့်သည့် အချိန်ပင်ဖြစ်သည်။ သူနှင့် ပထမဆုံးတွေ့ဖူးသည့် ခမ်းနားလှသည့် အကပါတီ၊ သူ့ကိုပထမဆုံးနမ်းခဲ့ဖူးသည့်ညအခါက ကြယ်တွေနှင့်ပြည့်နေသည့် ကောင်းကင်ကြီး…… ထိုပြတ်သားလှစွာသည့် မှတ်ဉာဏ်များသည် မနေ့ကကဲ့သို့ လတ်ဆတ်နေဆဲပင်။
ဆူးဇီဟန်နှင့် ပတ်သက်သမျှအား သေသေချာချာကြီး ပြန်စဥ်းစားနေဖို့ တကယ်မလိုအပ်ပေ။ အကြောင်းမှာ…… သူတစ်ခါမှ မမေ့ခဲ့ဖူး၍ပင်။
ထိုအချိန်မှာပဲ အမျိုးသမီးငယ်တစ်ယောက်က ရူးသွပ်စွာနှင့် ပြေးလာသည်။ သူ(မ)၏ဒေါက်မြင့်ဖိနပ်သည် အရှုပ်အထွေးများကြား အန်းလော့၏ခြေထောက်ပေါ်သို့ နင်းမိသွားသည်။ အိပ်ပျော်နေသည့် အန်းလော့သည် ထိုသို့အနင်းခံလိုက်ရခြင်းကြောင့် မျက်မှောင်ကြုတ်ကာ နိုးထလာ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ငိုသံ အော်ဟစ်သံများ ပြည့်နှက်လျက်။ အန်းလော့ စက္ကန့်ပိုင်းလောက် ကြောင်အနေပြီးမှ တုန့်ပြန်နိုင်လာကာ အန်းယန်၏လက်အား ဆွဲကိုင်ကာပြောလာတယ် “ကော! မြန်မြန်သွား!”
အန်းယန် ငြိမ်သက်စွာနှင့် သူ့လက်အား ဖိကိုင်လိုက်သည် “မင်းဘယ်ကိုများသွားနိုင်မှာမလို့လဲ?”
နီးကပ်လာပြီဖြစ်သည့် မီးတောက်များကိုကြည့်ရင်း အန်းလော့၏မျက်ဝန်းများ နီရဲလာရတော့သည်။ သူတစ်ဆို့စွာပြောလိုက်သည် “ကော……”
အန်းလော့၏မျက်ဝန်းများကို အန်းယန်လှည့်ကြည့်လာသည်။ သူဖွဖွပြုံးကာပြောလိုက်၏ “ရောဂါနဲ့သေတာ၊ အိုပြီးသေတာနဲ့ယှဥ်ရင် ကိုယ်တို့အခုလို အတူတူသေသွားတာကလည်း တကယ်တော့ အရမ်းမဆိုးလှပါဘူး”
သူ၏တည်ငြိမ်နေသည့် အပြုံးအားကြည့်ရင်း အန်းလော့ ရုတ်တရက်ကြီး ဘာစကားမှ ထွက်မလာနိုင်တော့ပေ။
အန်းယန်က ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဒီလိုပဲအေးဆေးလှသည်။ ငြိမ်သက်လှသည်။ သို့သော် အန်းလော့အနေဖြင့် ထိုသို့သော တည်ငြိမ်မှုမျိုး မဖြစ်နိုင်ပေ။ သူ့မှာ မလွတ်ချနိုင်သေးသည့် အရာများစွာရှိသေးသည်…… မဟုတ်ပါ။ တကယ်တော့ ဘယ်အရာကိုမှလည်း လွတ်မချနိုင်သည်ဟူ၍ မရှိတော့ပါ။
ငွေကြေး၊ ဂုဏ်သတင်း၊ အာဏာ၊ နေရာ၊ ဒါအပြင် ခံစားချက်။ ဒါတွေအားလုံးသည် မွေးတော့လည်း မပါလာသလို သေသွားလျှင်လည်း ယူမသွားနိုင်ပေ။ ဘာကိုများ လွတ်မချနိုင် ရှိလိမ့်ဦးမလဲလေ? အန်းယန်နှင့်အတူ သေဆုံးရမည်၊ တစ်ရက်တည်းတွင် သေဆုံးရမည်၊ လေယာဥ်တစ်စီးထဲတွင် သေဆုံးရမည်၊ သေပြီးလျှင် ခန္ဓာကိုယ်တွေကလည်း အတူတူတောင် လောင်ကျွမ်းကြဦးမှာပင်။ ဒါက အကောင်းဆုံးသော ဇာတ်သိမ်းပင် ဖြစ်နိုင်ပါ၏။
အန်းလော့ တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အန်းယန်၏လက်ထား တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် ခေါင်းလှည့်ကာ လေးနက်စွာပြောလိုက်သည် “ကော တကယ်တော့ ကျွန်တော်……”
ရုတ်တရက်ကြားလိုက်ရသည့် ပေါက်ကွဲသံအကြား မျက်စိရှေ့ရှိ အရာအားလုံးမှာ မီးတောက်ကြီး၏ ဝါးမြိုခြင်းခံလိုက်ရသည်။ ဖွဖွပြုံးနေသည့် အန်းယန်၏မျက်နှာသည် မှတ်ဉာဏ်ထဲတွင် နေရာယူလိုက်သည့် နောက်ဆုံးသော ပုံရိပ်လေးပင်။
ကမ္ဘာကြီးသည် တစ်ခဏအတွင်း တိတ်ဆိတ်သွားတော့သည်။ အသိစိတ်သည်လည်း တဖြည်းဖြည်းနှင့် ဝေဝါးကာ မရှင်းမလင်း ဖြစ်လာတော့သည်။
တကယ်တော့ ကျွန်တော်…… ကောကိုသဘောကျတယ်။
တိတ်တဆိတ်နဲ့ အကြာကြီး အကြာကြီး သဘောကျနေခဲ့တာ။
ထိုစကားကို နောက်ဆုံးအချိန်အထိ မပြောလိုက်နိုင်ပေ။
၅လပိုင်း ၂၃ရက်နေ့၊ ကနေဒါရှိ လေကြောင်းကုမ္ပဏီ၏ လေယာဥ်တစ်စင်းသည် ကနေဒါအချိန် ၃နာရီ၃၀မိနစ်တွင် Vancouver လေဆိပ်မှ စတင်ထွက်ခွာလာပြီးနောက် ကနေဒါအချိန် ၃နာရီ၅၀မိနစ်တွင် ထိန်းချုပ်မှုစင်တာနှင့် အဆက်အသွယ်ပြတ်ကာ လေဆိပ်နှင့် ၃ကီလိုမီတာအကွာတွင် ပျက်ကျခဲ့သည်။
လေယာဥ်ပေါ်ရှိ ၁၁၇ယောက်လုံး သေဆုံးခဲ့၍ ရှင်ကျန်သူမရှိပါ။
____________________
Word – 2968
Xiao Dream