Chapter - 4

— ကျွန်တော်တို့သေဆုံးချိန်မှာ ခန္ဓာကိုယ်က 21ဂရမ်သော ကိုယ်အလေးချိန် လျော့ကျသွားတယ်။ သိပ္ပံပညာရှင်တွေရဲ့ ပြောဆိုချက်အရတော့ အဲဒီ21ဂရမ်က ကျွန်တော်တို့ခန္ဓာကိုယ်ကြီး လုပ်ဆောင်ချက်တွေ ရပ်တန့်သွားချိန်မှာ ဆုံးရှုံးသွားတဲ့ ရေပမာဏလို့ ပြောကြတယ်။ တစ်ချို့ကတော့ အဲဒီ21ဂရမ်က ကျွန်တော်တို့လူသားတွေရဲ့ စိတ်ဝိဉာဥ်လို့ ပြောကြတယ်။
လေယာဥ်ပေါက်ကွဲမှုတွင် အသက်ရှင်နိုင်ချေမှာ သုညဖြစ်သည်။ သို့သော် ဘာကြောင့်…… သူ့တွင် အသိစိတ်ရှိနေရသေးသနည်း?
အောက်ခြေမရှိသည့် ချောက်ကမ်းပါးထဲသို့ ကျရောက်နေသည်ဟု အန်းလော့ ခံစားနေရသည်။ မျက်စိရှေ့တွင် ရှိနေသည်က အဆုံးသတ်မရှိသည့် ကြောက်စရာကောင်းလှသော မှောင်မိုက်မှုဖြစ်သည်။ အလင်းရောင် အနည်းငယ်တောင်မရှိသလို အသံလည်း တစ်သံမှမကြားရပေ။ သို့သော် သူ၏အသိစိတ်မှာ ရှိနေဆဲဖြစ်သည်။ သူရင်းနှီးနေသည့် မျက်နှာများအား မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အဖေ၊ အမေ၊ အစ်ကို၊ …… ထိုလူများ၏မျက်နှာများသည် မျက်စိရှေ့တွင် တစ်ခုနှင့်တစ်ခုဆက်ကာ အဆက်မပြတ် လှုပ်ခါလျက်ရှိသည်။
ရာဇဝင်ထဲတွင်ပြောကြသည့် သေဆုံးပြီးကမ္ဘာကြီးကို ရောက်နေတာများဖြစ်မလား?
နှိုးထလာရန်အတွက် အဆုံးမရှိသည့် အမှောင်ထုထဲတွင် အန်းလော့ ရုန်းကန်နေရသည်။ သို့သော် မျက်ခွံများမှာ အလွန့်အလွန် လေးလံလှသည်။ သူမည်သို့ပင် အားသုံးနေပါစေ ဘယ်လိုမှ မျက်လုံးဖွင့်မရဖြစ်နေသည်။
အချိန်ဘယ်လောက်ကြာသွားလဲမသိပေ။ မှုန်မှုန်ဝါးဝါးနှင့် မျက်စိရှေ့တွင် အလင်းရောင်အချို့အား မြင်လာရသလိုပင်။ တစ်ချိန်တည်းတွင် နားထဲ၌ စူးရှလှသည့်အသံများ ကြားလာရသည် ___ “ခွဲစိတ်ခန်းနံပါတ်၇ အရေးပေါ်ကယ်ဆယ်ရေး CPR! မြန်မြန်လေးလာပြီး ကူညီပေးပါ!”
ဤအသံ၏ ခေါ်လိုက်သံနှင့်အတူ ပတ်ဝန်းကျင်တွင် ခွဲစိတ်ခန်းမော်နီတာ၏ စက်သံနှင့် ရောထွေးကာ အလျင်လိုနေသည့် ခြေသံများ ထွက်ပေါ်လာတော့သည်။ အမျိုးသားတစ်ယောက်၏ တည်ငြိမ်စွာပြောဆိုသံအား ကြားလိုက်ရသည် “ရှောင်ကျန်း မင်း Central Venous Catheter လုပ်ဖို့ ကူညီပေးပါ။ ကိုယ် Ductus arteriosus လုပ်လိုက်မယ်။ သွေးလွှတ်ကြောpressureကို အဆက်မပြတ် စောင့်ကြည့်နေပါ”
[ Central Venous Catheter နဲ့ Ductus arteriosus ကို ရှာကြည့်ပေမဲ့ နားမလည်ဘူးဗျ။ ဘာဖြစ်လို့သုံးရတာလဲ ဘယ်လိုလုပ်ရတာလဲဆိုတာမျိုးသိရင် မျှဝေသွားနိုင်ပါတယ်ဗျ။ Dreamကိုယ်တိုင်ကလည်း စိတ်ဝင်စားတာကြောင့်ပါ။ ]
“ဒေါက်တာကျိုး ကျွန်တော်ဒီဘက်မှာ လုပ်ပြီးသွားပါပြီ”
“Epinephrine 1 mg iv ထိုးလိုက် အမြန်! CPRဆက်လုပ်!”
[Epinephrine ဆိုတာက သွေးဖိအားနည်းတာကို ကုသဖို့အတွက် ထိုးရတယ်လို့တော့ တွေ့တယ်ဗျ။]
“ဒေါက်တာကျိုး လူနာက အခုထိ နှလုံးပြန်မခုန်သေးပါဘူး!”
“ကိုယ့်ကို AEDပေး အားလုံးဖယ်ကြ One-way wave 300 joules”
(Automated External Defibrillator – နှလုံးခုန်အောင်လုပ်တဲ့စက်)
“300 joules တစ်ခါ!”
“300 joules နှစ်ခါ!”
“360အထိ တင်လိုက်”
“360 joules တစ်ခါ!”
“360 joules နှစ်ခါ!”
“ဒေါက်တာကျိုး အခုထိသက်ရောက်မှုမရှိသေးပါဘူး!”
တီ…… တီ…… မော်နီတာပေါ်ရှိ နှလုံးခုန်နှုန်းသည် မျဥ်းတစ်ဖြောင့်တည်းဖြစ်နေပြီး ခွဲစိတ်စင်ပေါ်တွင် လှဲနေသည့် အမျိုးသားမှာ အသက်မရှူတော့၊ နှလုံးမခုန်တော့ပေ။ မျက်နှာဟာ စာရွက်ဖြူကဲ့သို့ ဖြူစွတ်လျက်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်စရာကောင်းလှသည့် ဒဏ်ရာများဖြင့် ပြည့်နှက်လျက်။
သူ့ကိုကြည့်ရတာ အလွန်ငယ်ရွယ်ပုံရပေမဲ့ အခုအချိန်မှာတော့ ရှင်သန်မှု၏ လက္ခဏာတစ်စုံတစ်ရာ မတွေ့ရပေ။ ပို့လာသည့်အချိန်ကတည်းက နှလုံးရပ်တန့်နေသည့် အခြေအနေဖြစ်နေခဲ့လေပြီ။ ကယ်တင်နိုင်မည့် မျှော်လင့်ချက်မှာ အလွန်ပင်နည်းလွန်းလှသည်။
ခွဲစိတ်ခန်းနာစ့်လေးက တိုးတိုးသတိပေးလာ၏ “ဒေါက်တာကျိုး ကယ်ဆယ်ရေးအချိန်က မိနစ်၃၀ကျော်သွားပါပြီ လက်လျှော့လိုက်လို့ရပြီလား?”
ဆေးလောက တိတ်တဆိတ်စည်းကမ်းအရ ဒီလိုမျိုး လာပို့ကတည်းက နှလုံးခုန်ရပ်နေသည့်caseမျိုးအား ကယ်ဆယ်ရေးမိနစ်၃၀အတွင်း သက်ရောက်မှုမရှိလျှင် ကယ်ဆယ်ရန် လက်လွှတ်လို့ရကာ Clinical deathဟု သတ်မှတ်လို့ရသည်။
သို့သော် ခွဲစိတ်စင်ပေါ်တွင် လှဲနေသူက သူဖြစ်နေသည်……
ဒေါက်တာကျိုးဟု ခေါ်နေကြသည့် အမျိုးသား၏အမည်မှာ ကျိုးချန်ဖျင်ဖြစ်သည်။ ယနေ့ည အရေးပေါ်ဌာန၌ တာဝန်ကျသည့် ဆရာဝန်ဖြစ်သည်။ မထင်ထားမိသည်မှာ ညလယ်အထိ dutyဆင်းပြီးသည့်နောက် နှလုံးခုန်ရပ်သွားသည့် လူနာကိုပို့လာချိန်၌ လူနာမှာ သူနှင့်ရင်းနှီးသည့်သူဖြစ်နေသည်။
ကျိုးချန်ဖျင် တိတ်ဆိတ်သွားပြီးမှ ပြောလာသည် “ရှောင်ကျန်း မင်းသွားပြီး ရောဂါအရေးကြီးကြောင်း အသိပေးစာသွားရေးပြီး မိသားစုဝင်တွေနဲ့ တစ်ချက်ပြောလိုက်ပါဦး သူတို့ကို စိတ်ပြင်ဆင်ထားပါလို့” ခဏရပ်တန့်သွားပြီးနောက် ခေါင်းလှည့်ကာပြောလိုက်သည် “နာစ့်ဗျ conductive wireတစ်ကြိုး ယူခဲ့ပေးပါ”
ခွဲစိတ်ခန်းနာစ့်လေးက တွေဝေစွာမေးလာသည် “conductive wireနဲ့ ဘာလုပ်မလို့လဲ?”
ကျိုးချန်ဖျင်ပြောလာသည် “ကိုယ် သူ့ရဲ့ သွေးကြောကနေ ညာဘက်နှလုံးအိမ်ကို conductive wireနဲ့ဆက်မယ်။ ပြီးတော့မှ အပြင်ဘက်ကနေ နှလုံးခုန်ထိန်းညှိစက်နဲ့ ပြန်ချိတ်မယ်၊ အလုပ်ဖြစ်လားကြည့်ကြည့်ရအောင်။ ဒါက နောက်ဆုံးနည်းလမ်းပဲ၊ တကယ်လို့ အသုံးမဝင်ဘူးဆိုတော့မှ သေဆုံးကြောင်း ကြေညာမယ်”
“……ကောင်းပါပြီ”
တစ်ခဏနေပြီးနောက် ခွဲစိတ်ခန်းထဲ၌ အော်ဟစ်ပြောဆိုသံ ထွက်ပေါ်လာသည် “ဒေါက်တာကျိုး သူနှလုံးပြန်ခုန်လာပြီ”
စောင့်ကြည့်ရေးစက်ပေါ်ရှိ နှလုံးခုန်နှုန်းပြမျဥ်းကြောင်းမှာ ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားလာသည်။ ထို့နောက် တဖြည်းဖြည်းနှင့် စည်းချက်ကျကျဖြစ်သွားတော့သည်။ အသက်ရှူနှုန်းမှာလည်း ပြန်လည်ကောင်းမွန်လာတော့သည်။ သွေးဖိအားသည်လည်း တဖြည်းဖြည်းမြင့်တက်လာကာ ပုံမှန်ပြန်ဖြစ်သွားသည်။ ……ခွဲစိတ်စင်ပေါ်ရှိ လူငယ်လေး၏အသက်မှာ ရုတ်တရက်ကြီး အသက်ပြန်ဝင်လာတော့သည်။
ခေါင်းဆောင်နာစ့်က စောင့်ကြည့်ရေးစက်ပေါ်ရှိ နှလုံးခုန်နှုန်းပြမျဥ်းကြောင်းကိုကြည့်နေရင်း အံ့အားသင့်စွာပြောလာသည် “ပြန်ကယ်လာနိုင်တယ်ဆိုတာ တကယ့်ကိုအံ့ဖွယ်ပဲ!”
ကျိုးချန်ဖျင် စောင့်ကြည့်ရေးစက်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး အခြေအနေအားလုံး ပုံမှန်ဖြစ်နေတာသေချာမှ နောက်ဆုံး သက်ပြင်းချလိုက်နိုင်သည်။ “ပြန်ကယ်လာနိုင်တာက သေချာပေါက် ကိစ္စကောင်းပေါ့” ခဏလောက် တိတ်ဆိတ်နေပြီးမှ ထပ်ပြောလာသည် “ဟုတ်သားပဲ ရှောင်ကျန်းကို အမြန်ပြန်ခေါ်လိုက်ဦး”
ခွဲစိတ်ခန်းအပြင်ဘက်ကို အခုမှရောက်သည့် ရှောင်ကျန်းမှာ ပြန်အခေါ်ခံလိုက်ရသည်။ သူသံသယဖြစ်စွာ မေးလာသည် “ဒေါက်တာကျိုး ဘာဖြစ်လို့လဲ?”
ကျိုးချန်ဖျင် ပြောလာသည် “သခင်ကြီးအန်းမှာ နှလုံးရောဂါရှိတယ်။ သူ့ကိုရောဂါအရေးကြီးကြောင်း အသိပေးစာသွားပေးလိုက်ရင် နေရာမှာတင် မေ့လဲသွားလိမ့်မယ်။ ကိုယ်တို့ဒီဘက်မှာ တစ်ယောက်တောင် ကယ်လို့မပြီးသေးဘူး ခဏနေရင် နောက်တစ်ယောက် ထပ်ကယ်နေရလိမ့်မယ်”
ခေါင်းဆောင်နာစ့်မှာ မေးလာသည် “ဒါဆိုဒေါက်တာ ဘယ်လိုပြောဖို့ စဥ်းစားထားလဲ?”
ကျိုးချန်ဖျင် စဥ်းစားပြီးနောက် ပြောလိုက်သည် “ကယ်ဆယ်မှုအောင်မြင်ပါတယ်။ နှလုံးခုန်နှုန်း အသက်ရှူနှုန်း ပုံမှန်ပြန်ဖြစ်သွားပါပြီ။ အန္တရာယ်အချိန်အပိုင်းအခြားကို ဖြတ်ကျော်နိုင်သွားရင် အသက်ရှင်ပြီ။ သခင်ကြီးအန်းနဲ့ အရင်ဆုံး ပါးပါးနပ်နပ် ပြောထားနှင့်လိုက်ပါ”
ခေါင်းဆောင်နာစ့်မှာ ခဏလောက် တိတ်ဆိတ်သွားရသည် “ဒါဆို သူ့ရဲ့ကိုယ်ပေါ်က ဒဏ်ရာတွေကရော?” ခွဲစိတ်စင်ပေါ်တွင် လဲလျောင်းနေသည့် ကောင်လေးကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်လိုက်မိသည်။ မျိုးစုံသောဒဏ်ရာများကို တွေ့ဖူးသည့် ခေါင်းဆောင်နာစ့်ပင်လျှင် မခံစားနိုင်ပေ “သူ့ခြေထောက်နှစ်ဖက်က ပြင်းပြင်းထန်ထန်ကျိုးသွားတာ အရိုးအထူးကုဆရာဝန်နဲ့ ဆက်ပြီး ခွဲစိတ်မှုလုပ်မှရမှာ ခွဲစိတ်မှုအောင်မြင်တယ်ဆိုရင်တောင်မှ နောက်ပိုင်း လမ်းလျှောက်နိုင်ပါ့မလားဆိုတာ မသေချာဘူး……”
ကျိုးချန်ဖျင် သက်ပြင်းဖွဖွချလိုက်မိသည် “ဒါက သူ့အဖေနဲ့ ရှင်းရှင်းလင်းလင်း ပြောလိုက်ရင်ရပြီ သခင်ကြီးအန်းက နှလုံးမကောင်းတာမလို့ စိတ်လှုပ်ရှားလို့မရဘူး” ကျိုးချန်ဖျင် လှည့်ထွက်ရင်း ခွဲစိတ်ခန်းဝတ်စုံကို ချွတ်လိုက်ကာ သူလှည့်ပြောလိုက်သည် “သူ့ကို အရင်ဆုံး အထူးကြပ်မတ်ရေးဆောင်ကို ပို့ထားလိုက် လူနာတွေ့ခွင့် မပေးနဲ့ဦး။ လူနာရှင်ဘက်ကို ကိုယ်သွားပြောလိုက်မယ်”
***
ကျိုးချန်ဖျင် ခွဲစိတ်ခန်းထဲမှ ထွက်လာချိန်တွင် အန်းမိသားစုရှိ လူနာရှင်များသည် ထိုနေရာ၌ စိတ်ပူစွာ စောင့်ဆိုင်းနေကြသည်။ ဖိုးဖိုး အန်းကွမ်းယောက် နှင့် အဖေ အန်းယွိတုန်း တို့အားလုံးရှိနေကြသည်။ အန်းမိသားစု၏ အိမ်တော်ထိန်း ဦးလေးပေါ်သည်လည်း အလံတိုင်တစ်ခုကဲ့သို့ ဘေး၌ မတ်တပ်ရပ်လျက်ရှိသည်။ သူထွက်လာတာမြင်သည်နှင့် အန်းသခင်ကြီးက တောင်ဝှေးထောက်ကာ မတ်တပ်ရပ်လာသည်။ အသံအက်အက်နှင့် မေးလာ၏ “ချန်ဖျင် အခြေအနေဘယ်လိုလဲ?”
ကျိုးချန်ဖျင် ဖွဖွပြုံးကာ ပြောလိုက်သည် “အဖိုးစိတ်ချပါ ကယ်လိုက်နိုင်ပါပြီ။ နှလုံးခုန်နှုန်းရော အသက်ရှူနှုန်းရော ပုံမှန်ပြန်ဖြစ်သွားပါပြီ။ အန္တရာယ်အချိန် အပိုင်းအခြားကို ဖြတ်ကျော်နိုင်သွားရင် ဘာမှပြဿနာကြီးကြီးမားမား မရှိတော့ပါဘူး”
သခင်ကြီးအန်းမှာ နောက်ဆုံးတော့ သက်ပြင်းချလိုက်နိုင်၏။ ကျိုးချန်ဖျင်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ပြောလာသည် “ကျေးဇူးပါ…… ချန်ဖျင်ရေ ကျေးဇူးပါ။ တို့အိမ်က ရှောင်လော့ကို ကယ်နိုင်တာ မင်းရှိနေလို့သာပါပဲ”
နှစ်သိမ့်ပေးသည့်အနေဖြင့် ကျိုးချန်ဖျင် သခင်ကြီးအန်း၏လက်ကို ပုတ်ပေးလိုက်သည်။ ဘေးနား၌ထိုင်နေသည့် အန်းယွိတုန်းဆီလှည့်ကာ အချက်ပြလိုက်သည်။ အန်းယွိတုန်းကလည်း ချက်ချင်း သဘောပေါက်လိုက်တာကြောင့် ဘေးကနေ သူ့အဖေကိုလာကူရင်းနှင့် ပြောလိုက်သည် “ပါး ဒီမှာတစ်ညလုံးတောင် စောင့်နေတာဆိုတော့ အရင်အိမ်ပြန်ပြီး အနားယူရအောင်လေ”
“ဘာအနားယူမှာလဲ? ငါဘယ်လိုလုပ်စိတ်အေးအေး အနားယူနိုင်မှာလဲ? !” သခင်ကြီး၏မျက်နှာမှာ လေးနက်သွားရ၏။ သူခေါင်းလှည့်ကာ တင်းမာစွာမေးလိုက်သည် “ဟိုကောင်စုတ်လေးတွေရော? သူတို့အစ်ကိုကြီးက ခွဲစိတ်ခန်းထဲမှာ အသက်လုနေရတာကို သူတို့က အခုထိ ဘာလို့အရိပ်အယောင်တောင် မတွေ့ရသေးတာလဲ?”
အန်းယွိတုန်း၏ အပြုံးမှာ ကို့ယို့ကားယားဖြစ်သွားရသည် “အဲ စောနကဖုန်းဆက်ပြီးသွားပြီ သူတို့အားလုံး ကိစ္စရှိနေကြလို့ မလာနိုင်တော့ဘူးတဲ့……”
သခင်ကြီးအန်းမှာ မျက်မှောင်ကြုတ်လျက် သူ့ကိုဖြတ်ပြောလာသည် “ဘယ်ကိစ္စကများ သူတို့ရဲ့ကောကော အသက်လုနေရတာထက် ပိုအရေးကြီးလို့လဲ?”
အန်းယွိတုန်း အသံတိုးနှင့် ရှင်းပြလာသည် “အန်းရန်က Paris မှာ Fashion Week တက်နေတာ ဘယ်လိုမှထွက်လာလို့မရဘူး။ အန်းမော့ရဲ့ New Yorkက ပန်းချီပြပွဲကလည်း မပြီးသေးဘူး။ အန်းဇယ်ကလည်း ဘွဲ့စာတမ်းအတွက် ပြင်ဆင်နေတာ။ သူတို့သုံးယောက်လုံး အခုအချိန် ဘယ်လိုမှ ပြည်တွင်းကိုပြန်မလာနိုင်သေးဘူး”
သခင်ကြီးအန်းမှာ တောင်ဝှေးကို ပြင်းထန်စွာ ဆောင့်ချလိုက်သည် “သူတို့သုံးယောက်လုံးကို သုံးရက်အတွင်း ပြည်တွင်းပြန်လာခိုင်းလိုက်စမ်း!”
အန်းယွိတုန်းမှာ သူ့ကို အလျင်အမြန် ကိုင်ပေးလိုက်ရ၏။ “ပါး ပါးအရမ်းစိတ်မတိုပါနဲ့ဦး…… ကျွန်တော်သူတို့ကို ပြန်လာခိုင်းလိုက်ပါ့မယ်။ အန်းလော့လည်း အခုကယ်နိုင်လိုက်ပြီပဲဟာ။ ဘာမှပြဿနာမရှိလောက်တော့ပါဘူး။ တစ်ခုခုဆိုလည်း ကျွန်တော်ပဲဖြေရှင်းလိုက်ပါ့မယ်။ ပါးအရင်ပြန်အနားယူလိုက်ပါဦး နော်?”
သခင်ကြီးအန်းမှာ ထိုအချိန်မှာ ခေါင်းညိတ်လေသည် “ဒါဆိုကောင်းပြီ ငါအရင်ပြန်နှင့်မယ်” နှစ်လှမ်းလောက်သွားပြီးနောက် ခေါင်းလှည့်ကာ ပြောပြန်သည် “အန်းလော့ သတိရလာတာနဲ့ ပထမဆုံး ငါ့ကိုအကြောင်းကြားပေး”
အန်းယွိတုန်း အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်သည် “သေချာပေါက်ပေါ့”
နောက်ဆုံးတော့ အဖေ့ကို သွားနားဖို့ ဖြောင်းဖြနိုင်ခဲ့ပြီးနောက်မှ အန်းယွိတုန်းလည်း သက်ပြင်းချလိုက်နိုင်သည်။ သူခေါင်းမော့ကာ ကျိုးချန်ဖျင်အားကြည့်ပြီး လေးနက်စွာပြောလာသည်။ “ချန်ဖျင် မင်းငါ့ကိုအမှန်တိုင်းပြော အန်းလော့ အခုနေ တကယ်ပဲဘယ်လိုနေလဲ?”
ကျိုးချန်ဖျင် အပြုံးလေးကို ပြန်သိမ်းကာ တိုးတိုးပြောလိုက်သည် “အခြေအနေက သိပ်တော့မကောင်းဘူး”
အန်းယွိတုန်း မျက်မှောင်ကြုတ်လိုက်မိသည် “ကိစ္စမရှိပါဘူး မင်းတည့်သာပြောပါ”
ကျိုးချန်ဖျင် စဥ်းစားကာ ပြောလာသည် “အသက်ဘေးကနေ လွတ်သွားပြီဆိုပေမဲ့ သူ့ရဲ့ခြေထောက်နှစ်ဖက်က ဒဏ်ရာအရမ်းပြင်းတယ် ညာဘက်ခြေထောက်က အရိုးအက်သွားတာ။ နောက်ပိုင်းကျတော့ လမ်းလျှောက်နိုင်ပါ့မလားဆိုတာ မသေချာဘူး”
အန်းယွိတုန်း မျက်မှောင်ကြုတ်လိုက်သည် “ခြေထောက်ကျိုးတာအပြင် တခြားဘာဒဏ်ရာရှိသေးလဲ?”
“တခြားပြင်ပဒဏ်ရာတွေက ဘာမှပြဿနာကြီးကြီးမားမားမရှိပါဘူး” ကျိုးချန်ဖျင် ခဏနားကာ ဆက်ပြောသည် “အဓိကကတော့ အရိုးကျိုးတာပဲ တကယ်လို့ နောက်ပိုင်းကျ wheel chairနဲ့ပဲ ထိုင်နိုင်တော့မယ်ဆိုရင် သူ့စိတ်ထဲ…… ခံနိုင်လိမ့်မယ်မထင်ဘူး”
အန်းယွိတုန်း ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောလာသည် “ဒီကိစ္စကို လောလောဆယ်တော့ ငါ့အဖေကို မပြောသေးနဲ့ဦး။ သူ့မှာ နှလုံးရောဂါရှိတော့ စိတ်အလှုပ်ရှားလွန်ပြီး ပြဿနာဖြစ်မှာစိုးလို့။ ရှောင်လော့ရဲ့ ခြေထောက်ဒဏ်ရာကိုတော့ အကောင်းဆုံးအရိုးအထူးကုနဲ့ ကုပေးပါ။ ပြန်ကောင်းလာအောင် အကောင်းဆုံးလုပ်ပေးပါ”
ကျိုးချန်ဖျင် ခေါင်းညိတ်လိုက်သည် “ကျွန်တော် နားလည်ပါတယ်။ အရိုးအထူးကုဘက်ကို ကျွန်တော်ဆက်သွယ်လိုက်ပါ့မယ်။ သူ့အခြေအနေ တည်ငြိမ်သွားပြီဆိုမှပဲ ထပ်ပြီးခွဲစိတ်ရမှာပါ”
အန်းယွိတုန်း သက်ပြင်းဖွဖွချကာ ပြောလိုက်သည် “ကောင်းပြီ ဒါဆို မင်းလည်းအလုပ်ပြန်လုပ်တော့လေ။ ဒီနေ့ တကယ်ကျေးဇူးတင်ပါတယ်”
ကျိုးချန်ဖျင် ဖွဖွပြုံးလိုက်သည် “ဖြစ်သင့်တာပါပဲ။ ဦးလေးလည်း ပြန်တော့လေ။ ဒီမှာနေခဲ့လည်း ဘာမှအသုံးဝင်တာမရှိဘူး။ သူနိုးလာမှ ကျွန်တော်ဦးလေးကို အသိပေးပေးပါ့မယ်”
အန်းယွိတုန်း ခေါင်းညိတ်ကာ အိမ်တော်ထိန်းနှင့်အတူ ပြန်သွားတော့သည်။
ကျိုးချန်ဖျင်လည်း အခုမှသာ နားနေခန်းထဲ ဝင်နိုင်တော့သည်။ ရေနွေးတစ်ခွက် ငှဲ့ထည့်လိုက်ပြီး ထိုင်ခုံပေါ်ထိုင်ကာ ကိုက်ခဲနေသည့် နားထင်အား နှိပ်နေမိသည်။ မျက်စိခဏမှိတ်ပြီး ပင်ပန်းမှုများ ဖြေဖျောက်ရန်ကြံနေစဥ်တွင် အိတ်ကပ်ထဲရှိ ဖုန်းမှာ မြည်လာသည်။
ခေါ်ဆိုလာသူနာမည်မှာ စာလုံးနှစ်လုံးဖြင့် ___ အန်းဇယ်။
ကျိုးချန်ဖျင် ဖုန်းကိုင်လိုက်ပြီးနောက် နားထဲ၌ အသံနိမ့်နိမ့်တစ်သံ ထွက်ပေါ်လာသည်။ ခပ်အေးအေးလေသံဖြင့် ပြတ်ပြတ်မေးလာသည် “ကျွန်တော့်ကော ဘယ်လိုနေလဲ?”
____________________
Word – 2604
Xiao Dream
ဆေးအသုံးအနှုန်းတွေက Dreamကိုယ်တိုင်လည်း အဲ့ဘက်ကို အထိအတွေ့မရှိတော့ အပြင်မှာ ဘယ်လိုသုံးနှုန်းကြသလဲဆိုတာ မသိပါဘူးဗျ။ ရှာဖွေပြီးတော့ရေးထားပေမဲ့ အသုံးအနှုန်းအခေါ်အဝေါ်တွေ မှားနေနိုင်တဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။