Chapter - 5

ကျိုးချန်ဖျင် ဖုန်းကိုင်လိုက်ပြီးနောက် နားထဲ၌ အသံနိမ့်နိမ့်တစ်သံ ထွက်ပေါ်လာသည်။ ခပ်အေးအေးလေသံဖြင့် ပြတ်ပြတ်မေးလာသည် “ကျွန်တော့်ကော ဘယ်လိုနေလဲ?”
ကျိုးချန်ဖျင် စဥ်းစားပြီးနောက် ပြောလိုက်သည် “မင်းနားဝင်ချိုတဲ့အဖြေနားထောင်ချင်လား ဒါမှမဟုတ် အဆိုးဆုံးသောဖြစ်နိုင်ချေကို နားထောင်ချင်လား?”
အန်းဇယ် ပြတ်သားစွာပြော၏ “အဆိုးဆုံးဖြစ်နိုင်ချေကိုပြော”
ကျိုးချန်ဖျင် ပြောလိုက်သည် “အဆိုးဆုံးဖြစ်နိုင်ချေကတော့ သူနောက်ကျရင် ဒုက္ခိတဖြစ်သွားနိုင်တယ်။ ဒါပေါ့ ငါပြောတာက ဖြစ်နိုင်ချေတစ်ခုသာသာပဲ”
အန်းဇယ်စကားပြောမလာတော့ပေ။
ဖုန်းတစ်ဖက်ရှိ အသက်ရှူသံမှာ ကြားရသလောက် ဘယ်လောက်မှ ပြောင်းလဲမှုမရှိပေ။ သို့သော် လေထုမှာ ရုတ်တရက် တင်းမာသွားပုံရလေသည်။
ကျိုးချန်ဖျင် တိတ်ဆိတ်နေပြီးနောက် တိုးတိုးရှင်းပြလာသည် “အန်းဇယ် မင်းကောကောရဲ့ ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာရသွားတာ။ ညာဘက်ခြေထောက်က အခြေအနေပိုဆိုးတယ်။ ကနဦးဆုံးဖြတ်ချက်အနေနဲ့ကတော့ လေးပင်တဲ့အရာတစ်ခုခုနဲ့ ရိုက်မိတာကြောင့်ဖြစ်သွားတဲ့ အရိုးအက်မှုပဲ။ ပြန်ပေးဆွဲတဲ့ အဲဒီလူတွေ လုပ်တာဖြစ်နိုင်တယ်”
အန်းဇယ်မှာ ဆက်လက်တိတ်ဆိတ်နေပြီး တစ်ခုခုကို စဥ်းစားနေပုံရလေသည်။
ကျိုးချန်ဖျင် ပြောလိုက်သည် “သူရက်အတော်ကြာ ပျောက်နေခဲ့တာ။ နောက်တော့ ဆောက်လုပ်ရေးအလုပ်သမားတွေက သူ့ကို စွန့်ပစ်ထားတဲ့စက်ရုံတစ်ရုံမှာ ရှာတွေ့ခဲ့ကြတာ။ ငါတို့လူနာတင်ယာဥ် ရောက်သွားတဲ့အချိန်မှာ အသက်မျှင်းမျှင်းပဲရှိတော့တယ်။ ဆေးရုံရောက်တော့ နှလုံးခုန်တောင် ရပ်နေပြီ။ မနည်းပြန်ကယ်လာနိုင်ခဲ့တာ……”
အန်းဇယ်မှာ ဆက်လက်တိတ်ဆိတ်နေလျက် တစ်လုံးမှပြန်မပြောချေ။
ကျိုးချန်ဖျင် ဆက်ပြောရုံသာ တတ်နိုင်သည်။ “အရိုးအထူးကုဆရာဝန်နဲ့ ဆက်ပြီးကုသရမယ်။ ငါ့အမြင်ပြောရရင် သူ့ခြေထောက်သက်သာနိုင်ချေက အရမ်းမများဘူး။ ဒါပေါ့ သူကိုယ်တိုင်ရဲ့ စိတ်အခြေအနေနဲ့ ပြန်လည်သက်သာနိုင်စွမ်းအပေါ်လည်း မူတည်သေးတာပေါ့” သူခဏရပ်ကာ ဆက်ပြောလာသည် “ဘာလို့တစ်ချိန်လုံး ငြိမ်နေတာလဲ?”
အန်းဇယ် နောက်ဆုံးတော့ စကားပြောလာ၏ “ကျွန်တော်တွေးထားတာထက်တော့ ကောင်းပါသေးတယ်”
ကျိုးချန်ဖျင် အံ့အားသင့်စွာ ပြောလိုက်သည် “မဟုတ်မှ မင်းစဥ်းစားထားတာက ဒီထက်ပိုဆိုးနေသေးတာလား?”
အန်းဇယ်ပြောလာသည် “သတင်းရရချင်းတုန်းက သူခွဲစိတ်စင်ပေါ်မှာတင် သေသွားမယ် ဒါမှမဟုတ် Vegetative state ဖြစ်သွားမယ်လို့ ထင်ထားတာ”
[ Vegetative state – မျက်လုံးဖွင့်နိုင်တယ်။ ခဏလောက်နိုးနေမယ်။ ဒါပေမဲ့ အသိသတိမရှိဘူး။ အဲ့လိုအခြေအနေမျိုးပါ။ ကိုမာကကျ အသိသတိမရှိသလို မျက်လုံးလည်းမဖွင့်နိုင်ပါဘူး။ အသက်ရှူဖို့အတွက် အကူအညီလိုတာမျိုးလည်းရှိနိုင်ပါတယ်။ ]
ကျိုးချန်ဖျင် ခဏလောက် တိတ်ဆိတ်သွားရသည် “မင်းပြောတဲ့ ဒီဖြစ်နိုင်ချေက တကယ်ပဲပိုဆိုးတယ်”
အန်းဇယ် တည်ငြိမ်စွာပြောလာသည် “ဝမ်းနည်းကြေကွဲနေတဲ့အချိန်မှာ ပိုပြီးဝမ်းနည်းစရာကောင်းတဲ့ ဖြစ်နိုင်ချေကို စဥ်းစားလိုက်ရင် စိတ်ထဲမှာ ခံစားရ ပိုသက်သာသွားတယ်” သူဖွဖွပြုံးလိုက်သည် “သူအသက်ဆက်ရှင်နေနိုင်တာကိုက ကျွန်တော့်အတွက်ပြောရရင်…… ကောင်းကင်ဘုံကပေးတဲ့ ကောင်းချီးဖြစ်နေပါပြီ”
အန်းဇယ်ရဲ့စကားသံထဲတွင် မည်သည့်ခံစားချက်ကိုမှ ဖမ်းဆုပ်၍မရနိုင်ပေ။ ကျိုးချန်ဖျင် သူ့စကားကို သေချာစဥ်းစားလိုက်ပြီးတော့မှ နည်းနည်းလေးအဓိပ္ပာယ်ရှိကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။ သေသွားတာ ဒါမှမဟုတ် Vegetative state ဖြစ်သွားတာမျိုးထက်စာလျှင် အရိုးကျိုးသည်က အများကြီးပိုကောင်းတာ အမှန်ပင်။
ကျိုးချန်ဖျင် ထောက်ခံစွာ ခေါင်းညိတ်လိုက်သည် “မင်းဒီလိုပြောမှပဲ မင်းကောကော အသက်ရှင်နေတာက ကံကောင်းတာပဲလို့ ငါလည်းထင်မိသွားပြီ”
အန်းဇယ် အသံအနေအထားမပြောင်းဘဲ စကားခေါင်းစဥ်ပြောင်းလိုက်၏ “တခြားနှစ်ယောက်ရော? ပြည်တွင်းပြန်လာကြလား?”
“တခြားနှစ်ယောက်? အော…… မင်းပြောတာက အန်းရန်နဲ့အန်းမော့လား?”
အန်းဇယ် ခေါင်းညိတ်လိုက်သည် “အင်း”
“သူတို့ပြန်မလာသေးဘူ။ မင်းအဖေပြောတာကြားတာတော့ အန်းရန်က Parisမှာ Fashion Weekတက်နေပြီးတော့ အန်းမော့က New Yorkမှာ ပန်းချီပြပွဲလုပ်နေတယ်တဲ့။ အဲ့တာကြောင့် အချိန်မီပြန်လာနိုင်ဘူးတဲ့။ ဒါနဲ့ မင်းဖိုးဖိုးက စောနကတောင် ခွဲစိတ်ခန်းအပြင်မှာ ဒေါသထွက်နေသေးတယ်။ မင်းတို့ညီအစ်ကိုတွေကို သုံးရက်အတွင်း သေချာပေါက် ပြည်တွင်းပြန်လာရမယ်တဲ့”
အန်းဇယ်ပြောလိုက်သည် “သိပြီ”
ကျိုးချန်ဖျင် သံသယဖြစ်စွာ မေးလိုက်သည် “သိပြီဆိုတာ ဘာအဓိပ္ပာယ်လဲ? မင်းပြန်လာဖို့ စဥ်းစားထားတာလား?”
“မစဥ်းစားထားပါဘူး”
ကျိုးချန်ဖျင် ခဏရပ်ကာ ပြောလိုက်သည် “မင်းကောက ဒီလောက်ဒဏ်ရာပြင်းတာကို မင်းသူ့ကိုပြန်လာကြည့်ဖို့ အစီအစဥ်မရှိဘူးပေါ့?”
“သူ့ကိုအခု အထူးကြပ်မတ်ရေးဆောင် ပို့ထားတာမလား?”
ကျိုးချန်ဖျင် ပြောလိုက်သည် “ဟုတ်တယ်”
“ကျွန်တော့်လက်ထဲက အရေးကြီးအလုပ်တွေအကုန် လွှတ်ချထားခဲ့ပြီးတော့ အိမ်ပြန်ပြီး အထူးကြပ်မတ်ရေးဆောင်ရှေ့မှာ ထိုင်စောင့်ပြီး သီးသန့်အခန်းရဲ့နံရံပေါ်က ‘ဝင်ရောက်ခွင့်မရှိ’ဆိုတဲ့ စာလုံးကိုကြည့်ပြီး ငိုင်နေသင့်တာလား ကောပြောကြည့်လေ”
“……” သီးသန့်အခန်း အပြင်ဘက်တွင် သူထိုင်ပြီး ငိုင်နေမည့်ပုံစံကို စဥ်းစားကြည့်မိလိုက်ချိန်တွင် ကျိုးချန်ဖျင် နည်းနည်းရယ်ချင်သွားရသည်။ တစ်ချိန်လုံး တည်ငြိမ်အေးဆေးနေသည့် အန်းဇယ်မှာ “စောင့်ကြည့်ရေးအခန်းရှေ့ထိုင်ကာငိုင်နေသည့်” အရူးအလုပ်မျိုး လုပ်မည်မဟုတ်ပေ။
အန်းဇယ် တိတ်ဆိတ်နေပြီးမှ ပြောလာသည် “သူအသက်ရှင်နေရင် ပြီးတာပါပဲ။ ကျွန်တော်သူ့ကို ပြန်သွားကြည့်မှာပေမဲ့ ဒီအချိန်တော့မဟုတ်သေးဘူး”
ကျိုးချန်ဖျင် ခေါင်းညိတ်လိုက်သည်။ သူစောနကပြောသည့်စကားကို ပြန်တွေးမိပြီးနောက် စူးစမ်းစွာမေးလိုက်သည် “ဒါနဲ့ မင်းပြောတဲ့ အရေးကြီးတာဝန်ဆိုတာ…… ဘာလဲ?”
အန်းဇယ်ပြောလာသည် “တပ်ဖွဲ့ဝင်တွေကပေးတဲ့ တာဝန်ဆိုမှတော့ သေချာပေါက် စစ်တပ်လျှို့ဝှက်ချက်ပေါ့”
“……” ကျိုးချန်ဖျင် ပြောစရာမဲ့သွားရသည်။
အန်းဇယ်ပြောလာ၏ “ကျွန်တော်ချလိုက်တော့မယ်”
“……” ‘တူတူ’ ဟူသော အသံကို နားထောင်ရင်း ကျိုးချန်ဖျင် အနည်းငယ်စိတ်ဓာတ်ကျသွားရသည်။
ထိုအန်းဇယ်မှာ သဘာဝကျစွာ သူ့ဆီသတင်းလာမေးပြီး သိရသည်နှင့် ကျေးဇူးတောင်မပြောဘဲ ချက်ချင်းဖုန်းချသွားတော့သည်။
တကယ်ကို စစ်ကျောင်းကဘွဲ့ရတဲ့သူပဲ။ ကိစ္စတစ်ခုခုလုပ်ရင် အရိုးရှင်းဆုံး တိုက်ရိုက်အဆန်ဆုံးနည်းလမ်းကို အသုံးပြုတတ်သည်လေ။ စကားပြောသည်မှာလည်း တပ်ထဲတွင်ကဲ့သို့ ဘူးဆိုဖရုံမသီးသည့် အမိန့်ပေးသည့်လေသံမျိုးဖြစ်နေလေသည်။ သူနှင့်စကားပြောရင် ထူးဆန်းသည့် ဖိအားတစ်မျိုး ခေါင်းထက်၌ရှိနေသလို ကျိုးချန်ဖျင် အမြဲခံစားရသည်။
အသေးစိတ်ပြန်စဥ်းစားကြည့်မှ ရုတ်တရက်သိလိုက်ရသည်မှာ စကားပြောစဥ်တစ်ခုလုံးတွင် သူကသာ တစ်လျှောက်လုံး တည်ငြိမ်စွာမေးမြန်းနေပြီး မိမိကရိုးရိုးသားသား ပြန်ဖြေနေခဲ့သည်ပင်။ တပ်မှူးနဲ့စစ်သားလေးလိုပင်…… ကျိုးချန်ဖျင် ပို၍စိတ်ဓာတ်ကျသွားရသည်။
ထိုအချိန်တွင် နောက်တစ်ကြိမ် ဖုန်းမြည်လာပြန်သည်။
ကျိုးချန်ဖျင် ခေါ်ဆိုသူကိုကြည့်လိုက်တော့ စိတ်ဓာတ်ကျသည်ထက် ကျလာရတော့သည်။
အန်းမိသားစုရှိ ညီအစ်ကိုများသည် အကျင့်စရိုက်မတူကြပေ။ ကျိုးချန်ဖျင်မှာ သူတို့၏ဝမ်းကွဲအစ်ကိုအနေနှင့် ငယ်ရာမှ အတူကြီးပြင်းလာပြီး သူဆရာဝန်ဖြစ်လိုက်ပြီးကတည်းက အန်းမိသားစုရှိလူတိုင်းမှာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိတိုင်း သူ့အားဖုန်းဆက်မေးမြန်းကြသည်။ အန်းမိသားစု၏ ကိုယ်ပိုင် ဆွေးနွေးမေးမြန်းရေး hotline အဖြစ်ပြောင်းလဲတော့မည်ဟု ကျိုးချန်ဖျင် မိမိကိုယ်ကိုခံစားနေရသည်။ အခုတွင်လည်း အန်းဇယ်ဖုန်းချပြီးပြီးချင်းဆိုသလို အန်းရန်က ဖုန်းဆက်လာပြန်သည်။
ကျိုးချန်ဖျင် ကူရာမဲ့စွာ ဖုန်းကိုင်လိုက်ပြီး ပြောလိုက်သည် “အန်းရန်”
ရယ်သံစွက်သည့် အသံလေးမှာ နားထဲဝင်လာလေသည် “ချစ်ရတဲ့ဝမ်းကွဲအစ်ကိုရေ အခုတလောဘယ်လိုနေလဲ?”
စကားပြောသေသပ်ကာ ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောသည့် အန်းဇယ်နှင့်မတူ အန်းမိသားစု၏ လောင်အာ့(ဒုတိယ)ဖြစ်သည့် အန်းရန်ကတော့ တကယ့်သခင်လေးပုံစံဖြစ်သည်။ စိတ်ကူးယဥ်ဆန်ကာ အပြောအဆိုညက်သလို သူ့ဘဝမှာလည်း အလွန်သိမ်မွေ့သည်။ စကားပြော’အနုပညာ’ဆန်ကာ တစ်ပါးသူအား မြောက်တက်သွားအောင် ချီးကျူးတက်သည်။
သူဆက်ပြီး စကားကိုကွေ့ဝိုက်ကာ ပြောနေမည်စိုးသည်ကြောင့် ကျိုးချန်ဖျင် အလျင်အမြန် စကားလမ်းကြောင်းတည့်လိုက်ရသည် “အင်း ငါကောင်းပါတယ်။ မင်းကောကောကို စောနကပဲ အသက်ကယ်လိုက်နိုင်တယ်။ အခုအထူးကြပ်မတ်ရေးဆောင်ကိုပို့ထားတယ်”
အန်းရန် တိတ်ဆိတ်သွားပြီးမှ ပြုံးကာပြောလာသည် “အသက်ကယ်လိုက်နိုင်တယ်? ဒါကတကယ့်ကို သတင်းကောင်းပဲ။ ဒေါက်တာကျိုး ပင်ပန်းသွားရပြီ။ ဒေါက်တာကျိုးက တကယ့်ကို ကျွန်တော်တို့မိသားစုရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ။ ကျွန်တော် ပြည်တွင်းပြန်ရောက်တာနဲ့ သေချာပေါက် အိမ်တိုင်ရာရောက် ကျေးဇူးလာတင်ပါ့မယ်”
“…… ငါအရင်ချလိုက်တော့မယ်”
“အလျင်စလို မချလိုက်ပါနဲ့ဦး မဆက်သွယ်ရတာကြာနေပြီကို ဖုန်းထဲကနေ အလွမ်းသယ်ရအောင်လေ”
“……အခုငါ့ဆီမှာ မနက်၂နာရီ” ကျိုးချန်ဖျင် သမ်းဝေလိုက်မိသည် “နောက်နေ့မှပဲ အလွမ်းသယ်တော့ ချပြီ”
တစ်ဖက်က စကားပြန်လာမှာကို မစောင့်တော့ပဲ ကျိုးချန်ဖျင် အလျင်အမြန် ဖုန်းချလိုက်တော့သည်။
အချိန်ဘယ်လောက်မှ မကြာသေးခင် မက်ဆေ့တစ်ဆောင် ရောက်လာ၏။ စာထဲတွင် ပြုံးဖြီးနေသည့် မျက်နှာတစ်ခုပါပြီး စာကြောင်းတစ်ကြောင်းနှင့် တွဲဖက်ထားသည် “မြန်မြန်သွားပြီး အနားယူတော့။ အိပ်မက်လှလှမက်ပါစေ။ ကျွန်တော့်ကောကောကို စောင့်ရှောက်ဖို့ ကောကိုပဲ အားကိုးရတော့မှာပဲ ^_^”
ဤအပြုံးမျက်နှာemoji နှင့် ပြုံးဖြီးနေသည့် မျက်နှာပုံမှာ ကြည့်ရတာ လက်သီးတောင်းနေသည့်ပုံ အလွန်ပေါက်လေသည်။
ကျိုးချန်ဖျင် ခေါင်းခါယမ်းကာ ကိုယ်ပိုင်ဖုန်းအား စက်ပိတ်ထားလိုက်တော့သည်။
အရေးပေါ်လူနာအခန်းကို လှည့်ပတ်စစ်ဆေးပြီး လူနာ၏အခြေအနေအားလုံး တည်ငြိမ်သည်ဆိုတော့မှ ကျိုးချန်ဖျင် စိတ်ချသွားကာ နားနေခန်းတွင် နားနိုင်တော့သည်။
အရမ်းပင်ပန်းသွားသည်ကြောင့်ဖြစ်နိုင်သည်။ သူမျက်လုံးမှိတ်လိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။
အိပ်မက်ထဲတွင် ရယ်စရာကောင်းသည့် မြင်ကွင်းတစ်ခုအား မြင်မက်လေသည်။ သူနှင့် အန်းမိသားစုရှိ ညီအစ်ကိုများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ရိုးသားဖြူစင်သည့် ကလေးဘဝသို့ ပြန်ရောက်သွားပုံရသည်။ ကလေးတစ်စုမှာ ဆူညံစွာဖြင့် ဆော့ကစားနေကြသည်။
အန်းလော့မှာ ငယ်ကတည်းက အေးစက်စက်နှင့်ဖြစ်ကာ လူများအား သိပ်အဖက်မလုပ်ချင်ပေ။ အသက်ကျော်လွန်နေသည့် ရင့်ကျက်မှုမျိုးရှိလေသည်။ အမြဲတမ်း တစ်ယောက်တည်း ခေါင်းစိုက်ကာ သစ်သားတုံးများ ဆက်နေတတ်သည်။
အန်းရန်မှာ ငယ်စဥ်က အလွန်ကမြင်းလှသည်။ ကောကောဆက်ထားသည့် သစ်သားတုံးများအား အမြဲတမ်းဖြိုချပစ်တတ်သည်။ ထိုအချိန်ရောက်တိုင်း အန်းဇယ်မှာ လူကြီးလေးကဲ့သို့ရှေ့ထွက်လာကာ သူ့အားသင်ပြတတ်၏ “ကောကော အချိန်အကြာကြီး ဆက်ထားရတာကို မင်းဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ!” အန်းရန်ကလည်း မကျေနပ်စွာ ပြန်ပြော၏ “မင်းဆက်ထားတာလည်းမဟုတ်ဘဲနဲ့ မင်းနဲ့ဘာဆိုင်လို့လဲ?”
ထို့ကြောင့်နှင့် နှစ်ယောက်သားမှာ လုံးထွေးရန်ဖြစ်ကြတော့သည်။ မင်းတစ်ချက်ထိုး ငါတစ်ချက်ကန်နှင့် တစ်ဖက်လူမှာ မကြာခင်ပင် မျက်နှာများ ဖူးရောင်ကုန်တော့၏။ ကျိုးချန်ဖျင်မှာ တစ်ဖက်တွင်ပုန်းလျက် ပွဲကြည့်နေချိန်တွင် အန်းမော့မှာ အမြန်ပြေးလာလျက် ဖြောင်းဖြရသည် “ဘယ်လိုလုပ် ရန်ဖြစ်ကြပြန်တာလဲ ရန်မဖြစ်ကြနဲ့ ရန်မဖြစ်ကြနဲ့!”
အန်းရန်နှင့် အန်းဇယ်မှာ ချလေအားပါလေပင်။ အဓိကဇာတ်လိုက်ဖြစ်သည့် အန်းလော့မှာမူ အေးစက်နေသည့်အမူအရာနှင့်ပင် မိမိနှင့်မဆိုင်သလို ပြုမူနေ၏။ သူ့သစ်သားတုံးများကို တွန်းချလိုက်သည့် အန်းရန်ဘက်ကဖြစ်စေ၊ သူ့အားကာကွယ်ပေးသည့် အန်းဇယ်ဘက်ကဖြစ်စေ ဘယ်သူ့ဘက်ကမှ ဝင်မကူညီသလို ဘယ်သူ့ကိုမှလည်း အဖက်မလုပ်ပေ။
တိတိနှစ်ယောက် အချိန်အတော်ကြာ ရန်သတ်နေကြသော်လည်း အန်းလော့မှာ သမ်းဝေလိုက်ပြီးနောက် အပေါ်ထပ်တက်သွားကာ အရိပ်ပင်မမြင်ရတော့ချေ။
***
စူးရှသည့်ဖုန်းသံကြောင့် ကျိုးချန်ဖျင် အိပ်မက်မှ လန့်နိုးလာရသည်။
နံရံပေါ်ရှိ နာရီအားမော့ကြည့်လိုက်တော့ မနက်၇နာရီအချိန်ဖြစ်၏။ အရှေ့အရပ်ရှိကောင်းကင်တွင် နေရောင်အနည်းငယ်မှာ တိမ်တိုက်များအပေါ် ဖြာကျလျက်ရှိလေပြီ။ တစ်မြို့လုံးအား ရွှေရောင်အလင်းဖြင့် ဖုံးအုပ်ထားလျက်ရှိသည်။
နေ့တစ်နေ့၏ အစပင်ဖြစ်လေသည်။
ကျိုးချန်ဖျင် ဖုန်းကိုင်လိုက်ချိန်၌ ငယ်ရွယ်သည့် သူနာပြုလေး၏ နူးညံ့သည့်အသံအား ကြားလိုက်ရသည် “ဒေါက်တာကျိုး မနေ့ကICUပို့လိုက်ရတဲ့ အန်းလော့လို့ခေါ်တဲ့လူနာက ဒေါက်တာ့ဝမ်းကွဲမလား? သူအခုလေးတင်ပဲနိုးလာတာ။ ဒေါက်တာလာကြည့်ဦးမလား?”
ကျိုးချန်ဖျင် ချက်ချင်းထထိုင်လိုက်သည် “သိပြီ ကိုယ်အခုပဲလာခဲ့မယ်”
***
လူနာမည်တွေ ရောကုန်မှာစိုးလို့ အန်းမိသားစုရဲ့ မိသားစုဝင်တွေ ပြောပြပါဦးမယ်
ဖိုးဖိုး:သခင်ကြီးအန်း (အန်းကွမ်းယောက်)
ပါပါး:အန်းယွိတုန်း
မားမား:ကျိုးပိကျန်း (တူ:ကျိုးချန်ဖျင်)
အကြီးဆုံးသခင်လေး:အန်းလော့
ဒုတိယသခင်လေး:အန်းရန်
တတိယသခင်လေး:အန်းမော့
စတုတ္ထသခင်လေး:အန်းဇယ်
____________________
Word – 2371
Xiao Dream