Chapter - 6

ICUအထူးစောင့်ကြည့်ခန်းထဲရှိ ကုတင်ပေါ်တွင်လှဲနေသည့် အန်းလော့မှာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။
မြင်တွေ့နေရသည့် မျက်စိစူးလှသည့်အဖြူရောင်မှာ သူ့အားတွေဝေမိန်းမောသွားစေ၏။ ပတ်ဝန်းကျင်ကို သေချာအကဲခတ်လိုက်ပြီးမှ ဆေးရုံရှိလူနာခန်းထဲတွင် လှဲနေသည်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ လက်ဖမိုးပေါ်တွင် ဆေးသွင်းအပ်စိုက်ထားပြီး ဘေးနားရှိဆေးအိတ်နှင့်ချိတ်ထားသည်။ ဖောက်ထွင်းမြင်နိုင်သည့်အရည်မှာ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ တစ်စက်ချင်း ဝင်ရောက်လာသည်။ ခန္ဓာကိုယ်ကိုလည်း ကြိုးရောင်စုံများဖြင့် ဘေးနားရှိ တတီတီမြည်နေသည့် စောင့်ကြည့်ရေးမော်နီတာနှင့် ဆက်သွယ်ထားသည်။
မဟုတ်မှ…… သူမသေဘူးလား?
အန်းလော့ မျက်လုံးဖွဖွမှိတ်လိုက်ပြီးမှ ဖြည်းဖြည်းပြန်ဖွင့်ကြည့်သည်။ မျက်စိရှေ့ရှိ အရာများအားလုံး ပြောင်းလဲမှုမရှိပေ။ ဤကားထင်ယောင်ထင်မှားဖြစ်နေခြင်းမဟုတ်။ ယခုအချိန်ရှိသူသည် စိမ်းသက်သည့်ဆေးရုံ၏ လူနာခန်းထဲတွင်ရောက်နေသည်။
လေယာဥ်က လေထဲတွင် ပေါက်ကွဲသွားကြောင်း သူမှတ်မိသည်။ ပေါက်ကွဲမှုကြောင့် သူပြာဖြစ်သွားသည်ကသာ ဖြစ်နိုင်မည်လေ။ ကံကြီးလို့ ပေါက်ကွဲမသေလျှင်တောင် ထိုအမြင့်မှပြုတ်ကျလာလျှင် အသားတခြား အရိုးတခြား ဖြစ်သွားမည်သာ။
ဘယ်လိုလုပ်ပြီး ဆေးရုံပေါ်မှာ လှဲနေနိုင်သေးတာလဲ?
လက်ရှိအခြေအနေကို အန်းလော့ ရုတ်တရက် မစဥ်းစားတတ်တော့ပေ။ အနည်းငယ်တွေဝေစွာနှင့် သူလက်ချောင်းလေးများ လှုပ်ကြည့်လိုက်သည်။ ရင်ဘတ်နေရာက စူးစူးရှရှနာကျင်လာကာ သူ့အားမျက်မှောင်ကြုတ်သွားစေသည်။
သူ့ရင်ဘတ်တွင် ဒဏ်ရာတစ်ခုရှိပုံရသည်။ အရေပြားအား ဓားနှင့်ခွဲလိုက်သကဲ့သို့ ပြင်းထန်သည့်နာကျင်မှုက ဤအရာမှာအိပ်မက်မဟုတ်ကြောင်း သက်သေပြလျက်ရှိသည်။
အန်းလော့ တစ်ခဏလောက် ထိတ်လန့်နေပြီးမှ သူမသေဘူးဟူသည့် အဖြစ်မှန်အား လက်ခံလိုက်နိုင်သည်။
ခြေထောက်နှစ်ဖက်ကို ရွှေ့ဖို့ကြိုးစားရာတွင် ခြေထောက်နှစ်ဖက်လုံး၏ ဒူးအောက်အစိတ်အပိုင်းများကို အသိမခံစားနိုင်တော့ကြောင်း သတိထားမိသွားရသည်။
ထိုအချိန်တွင် လူနာအခန်းတံခါးမှာ ရုတ်တရက်ပွင့်သွားရသည်။ အဖြူကုတ်ဝတ်ထားသည့် ငယ်ရွယ်သည့်အမျိုးသားမှာ သူ့ဆီလျှောက်လှမ်းလာသည်။ ဇဝေဇဝါဖြစ်နေသည့် သူ့မျက်လုံးများနှင့် ဆုံပြီးနောက် ဖွဖွပြုံးကာ ပြောလိုက်သည် “အန်းလော့ မင်းနိုးပြီလား? တစ်နေရာရာများ မသက်မသာဖြစ်နေသေးလား?”
အမျိုးသား၏ ဖွဖွပြုံးနေသည့်ပုံစံမှာ ရင်းနှီးနွေးထွေးလျက်ရှိသည်။
___ သူကငါ့ကိုခေါ်နေတာလား? အန်းလော့၏အကြည့်များမှာ သူ့ရင်ဘတ်ပေါ်ရှိ “ကျိုးချန်ဖျင်”ဟူသုံး စာလုံးသုံးလုံးပေါ်သို့ ရောက်သွားသည်။ မှတ်ဉာဏ်ထဲပြန်ရှာကြည့်ရာတွင် ထိုနာမည်နှင့်သက်ဆိုင်သည့် မှတ်ဉာဏ်တစ်ခုမှမရှိနေပေ။ အန်းလော့ အနည်းငယ်ဇဝေဇဝါဖြစ်စွာ မေးလိုက်သည် “ခင်ဗျားက ကျွန်တော့်ရဲ့ တာဝန်ကျဆရာဝန်လား?”
ဆန့်ထုတ်ထားသည့် ကျိုးချန်ဖျင်၏လက်မှာ လေထဲတွင်ရပ်တန့်သွားရသည်။
ကို့ယို့ကားယားနိုင်သည့် တိတ်ဆိတ်မှုမှာ အချိန်အတော်ကြာ တည်ရှိနေလေသည်။ ကျိုးချန်ဖျင် ထိုအချိန်မှာသာ အပူချိန်တိုင်းစက်ပေါ်ရှိ ဂဏန်းအားကြည့်လိုက်မိသည် “မဖျားပါဘူး……ထူးဆန်းတယ်။ မင်းငါ့ကို မမှတ်မိတော့ဘူးလား? ငါက ချန်ဖျင်လေ”
အန်းလော့ ခေါင်းခါလိုက်သည် “မမှတ်မိဘူး”
ကျိုးချန်ဖျင် ထိတ်လန့်သွားရပြီးမှ ဆက်မေးလိုက်သည် “မင်းအရင်က ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိသေးလား?”
“မမှတ်မိဘူး”
“မင်းပြန်ပေးဆွဲခံရပြီး သေတော့မလိုဖြစ်သွားတဲ့ကိစ္စကိုရော?”
“မမှတ်မိဘူး”
ကျိုးချန်ဖျင် တိတ်ဆိတ်သွားရပြီး မျက်နှာမှာ လေးနက်သွားရသည်။
အန်းလော့ မျက်မှောင်ကြုတ်လိုက်မိသည် “အန်းယန်ရော? သူအသက်ရှင်နေသေးလား?”
ကျိုးချန်ဖျင် ကြောင်သွားရသည် “ဘယ်အန်းယန်တုန်း?”
“……” တကယ်ကို တစ်ယောက်တစ်မျိုးစီနဲ့ နားမလည်နိုင်ကြပါလား။
အန်းလော့ မျက်လုံးဖွဖွမှိတ်ကာ စကားထပ်မပြောတော့ပေ။
ကျိုးချန်ဖျင် နေရာတွင် အချိန်အတော်ကြာရပ်နေပြီးမှ အခန်းအပြင်အမြန်ထွက်ကာ ဖုန်းတစ်ကောခေါ်လိုက်သည် “ဝေ ဦးနှောက်နှင့်အာရုံကြောဌာနက ပါမောက္ခချန်လားဗျ? မင်္ဂလာပါ ကျွန်တော်ကျိုးချန်ဖျင်ပါ။ ဆရာအခု ICUကို တစ်ခေါက်လာခဲ့ပေးလို့ရမလားဗျ။ ကျွန်တော့် ဝမ်းကွဲအစ်ကို အန်းလော့က သူ့မှတ်ဉာဏ်ပိုင်းမှာ ပြဿနာဆိုးဆိုးရွားရွားရှိနေလို့ဗျ ဦးနှောက်ထိခိုက်သွားတာလားမသိဘူးဗျ……”
တစ်ခဏကြာပြီးနောက် ဆေးဝန်ထမ်းတစ်စုက ICU လူနာခန်းကို အလျင်အမြန်ရောက်လာကြတော့သည်။ အန်းလော့အား အရေးပေါ်CT ရိုက်ပေးလိုက်သည်။ ဆရာဝန်တွေက ထိုနေရာတွင် အချိန်အတော်ကြာ ဆွေးနွေးနေခဲ့ပြီးမှ ဦးနှောက်နှင့်အာရုံကြောဌာနက ပါမောက္ခချန်က နောက်ဆုံး ဆုံးဖြတ်ချက် ထုတ်လာပေးသည် “ချန်ဖျင်ရေ စစ်ဆေးမှုရလဒ်အရတော့ မင်းဝမ်းကွဲအစ်ကိုရဲ့ဦးနှောက်က ထိခိုက်ထားတဲ့ဒဏ်ရာမတွေ့ရဘူး”
ကျိုးချန်ဖျင် ဇဝေဇဝါဖြစ်စွာ မေးလိုက်သည် “ဒါဆို သူ့မှတ်ဉာဏ်တွေ ကမောက်ကမဖြစ်ကုန်တာကရော ဘယ်လိုဖြစ်တာလဲ? အရင်ကကိစ္စတွေကို သူလုံးဝမမှတ်မိတော့ဘူး။ ‘အန်းယန်’ဆိုတဲ့ နာမည်ကိုလည်း ပြောလာသေးတယ်။ အဲ့နာမည်ကို ကျွန်တော်လည်း တစ်ခါမှမကြားဖူးဘူး”
“ဒါက…… အရင်တုန်းက caseတစ်ခု ရှိခဲ့ဖူးတယ်။ တစ်ယောက်က ချော်လဲပြီးနောက် ရက်ပိုင်းလောက် သတိလစ်နေခဲ့တာ။ သူပြန်နိုးလာတော့ ရုတ်တရက်ကြီး ဘာသာစကား၈မျိုး ပြောတတ်သွားတယ်။ အဟမ်းအဟမ်း…… တကယ်တော့လည်း ကိစ္စတော်တော်များများက ငါတို့ဆေးပညာနဲ့ ရှင်းပြလို့မရတာတွေရှိတယ်လေ”
ဦးနှောက်နှင့်အာရုံကြောဌာနက ပါမောက္ခချန်၏ လှည့်ထွက်သွားသည့် နောက်ကျောအားကြည့်ရင်း ကျိုးချန်ဖျင် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ နောက်ဆုံး ကူရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။
____ကောင်းပြီ။ ရှင်းမပြနိုင်တဲ့ အတိတ်မေ့မှုပေါ့။
ဒီသတင်းကို အန်းဇယ်ကြားရင် ဘယ်လိုအမူအရာများ ဖြစ်သွားလိမ့်မလဲမသိဘူး။
အဆိုးဆုံးသောဖြစ်နိုင်ချေက ခွဲစိတ်စင်ပေါ်တင် သေသွားတာနဲ့ vegetative state ဖြစ်သွားတာလို့ မနေ့ကမှ ပြောနေသေးတယ်။ ဒီနေ့ အတိတ်မေ့သွားလိမ့်မယ်လို့ ထင်မထားမိဘူး…… အန်းလော့ မင်းငါတို့ကို ကစားနေတာလား?
ကျိုးချန်ဖျင် လူနာအခန်းကို ပြန်ရောက်ပြီးနောက် ကုတင်ဘေးသွားကာ အန်းလော့အားကြည့်လိုက်သည်။ ထိုအချိန် တိုက်ဆိုင်စွာ သူနှင့် မျက်လုံးချင်းဆုံသွားရ၏။
___ အရင်ကနှင့် အတူတူဖြစ်သော သန့်စင်နေသည့် မျက်ဝန်းတစ်စုံပင်။ ပယင်းရောင်မျက်ဝန်းများမှာ ကြည်လင်တောက်ပလျက်ရှိသည်။ သို့သော် ယခင်က မောက်မာမှု၊ အေးစက်မှုများနှင့်မတူဘဲ ယခုအချိန်တွင် သူ့မျက်လုံးထဲ၌ သံသယအပြည့်နှင့် သတိအပြည့် ရှိလျက်နေသည်။
သူ့အကြည့်တွေက ကျိုးချန်ဖျင်ကို တစ်ချိန်လုံးကြည့်နေပြီး ကုတင်ဘေးသို့ ကျိုးချန်ဖျင် ရပ်လိုက်တော့မှသာ မေးလာသည် “ဆရာဝန်တွေ စစ်ဆေးချက် ထွက်လာပြီလား?”
ကျိုးချန်ဖျင် အမူအရာလေးနက်စွာနှင့် ခေါင်းညိတ်လိုက်သည်။
အန်းလော့ အေးဆေးစွာ ပြောလိုက်သည် “ဒါဆို ဒေါက်တာကျိုး ကျွန်တော့်ရောဂါအခြေအနေကို ရှင်းပြလို့ရမလား?”
ကျိုးချန်ဖျင် တစ်ချက်တွေဝေသွားပြီးမှ တိုးတိုးပြောလာသည် “မနေ့က ဆေးရုံကို အပို့ခံလိုက်ရတုန်းက မင်းနှလုံးခုန်ရပ်နေပြီးပြီ။ ငါတို့ မိနစ်လေးဆယ်လောက် အရေးပေါ်ကယ်ဆယ်ပြီးမှ မင်းရဲ့အရေးကြီးအင်္ဂါတွေက ပုံမှန်ပြန်အလုပ်လုပ်လာတာ။ အခုတော့ အန္တရာယ်အချိန်အပိုင်းအခြားကို ကျော်ဖြတ်ပြီးသွားပြီ။ လောလောဆယ်တော့ အသက်အန္တရာယ်မရှိတော့ဘူး။ ခြေထောက်ဒဏ်ရာကတော့ နောက်တစ်ဆင့်ထပ်ပြီး ခွဲစိတ်ဖို့လိုသေးတယ်”
အန်းလော့ ခေါင်းညိတ်လိုက်သည် “ခြေထောက်ဒဏ်ရာက ဘယ်လောက်ပြင်းထန်လဲ? အခု ကျွန်တော့်ခြေထောက်က လုံးဝခံစားမှုရှိမနေဘူး”
“ဒါ……” သံသယအပြည့်ဖြစ်နေသည့် ကြည်လင်တောက်ပသော မျက်ဝန်းများကို ကြည့်ကာ ကျိုးချန်ဖျင် အမှန်တိုင်း မပြောရက်လေဘူး။ သူမပြင်းမပေါ့ပြောလိုက်ရသည် “မင်းရဲ့ ခြေထောက်နှစ်ဖက်က အရိုးကျိုးသွားတာ…… ညာဖက်ခြေထောက်က အခြေအနေပိုဆိုးတယ်။ ခွဲစိတ်ပြီးသွားရင်တောင်…… ပြန်ကောင်းဖို့…… အချိန်ပေးရလောက်တယ်”
အန်းလော့ တိတ်ဆိတ်သွားပြီးမှ ပြောလာသည် “သိပါပြီ ကျေးဇူးပါ”
သူ့အမူအရာမှာ အလွန်တည်ငြိမ်လှသည်။ ဒီကိစ္စက သူ့အတွက်တော့ ကိစ္စကြီးမဟုတ်သည့်အတိုင်းပင်။ ကျိုးချန်ဖျင် ပါးစပ်ဟကာ သူ့ကိုနှစ်သိမ့်ပေးချင်သော်လည်း ဘာပြောရမှန်းမသိပေ။
အန်းလော့ ငယ်ငယ်ကတည်းက ယခုကဲ့သို့ အန္တရာယ်များ တွေ့ကြုံခဲ့ရသည်။ အသက်ဘေးမှ မလွယ်မကူ ကယ်တင်နိုင်ခဲ့သော်လည်း ရုတ်တရက် အတိတ်မေ့သွားပြန်သည်။ ပတ်ဝန်းကျင်ရှိလူများနှင့် ကိစ္စများကို မမှတ်မိတော့သည့်သူမှာ မည်မျှထိတ်လန့်ကာ ကူရာမဲ့နေမည်လဲဆိုသည်ကို ခန့်မှန်းရခက်လှသည်……
ကုတင်ပေါ်တွင် ဖြူဖျော့နေသည့် မျက်နှာလေးနှင့် မလှုပ်မယှက် လှဲနေပုံကိုကြည့်ကာ ကျိုးချန်ဖျင် ရင်နာမိရသည်။ သူ့လက်ကို ဖွဖွဆုပ်ကိုင်လိုက်ပြီး တိုးတိုးပြောလိုက်သည် “ဝမ်းကွဲအစ်ကို မင်းစိတ်မပူပါနဲ့ မင်းကိုကုဖို့အတွက် အကောင်းဆုံး အရိုးအထူးကုခေါ်ထားပေးတယ်။ မင်းပြန်ကောင်းလာမှာပါ”
အန်းလော့ လေသံမပြောင်းဘဲ သူ့လက်ထဲကမှ လက်အားပြန်ဆွဲယူလိုက်သည်။ ထို့နောက် ငြိမ်သက်စွာမေးလာသည် “ကျွန်တော့်မိသားစုဝင်တွေရော?”
ကျိုးချန်ဖျင် အလျင်အမြန် ရှင်းပြလိုက်သည် “မင်းဖိုးဖိုးနဲ့မင်းအဖေက မနေ့ညကပဲ ဒီမှာတစ်ညလုံး စောင့်နေခဲ့ကြတာ။ မင်းကိုကယ်လိုက်နိုင်ပြီးတဲ့နောက် အိမ်ပြန်ပြီး သွားအနားယူကြတယ်။ မင်းတိတိသုံးယောက်လုံးက ကိစ္စရှိနေကြလို့ လောလောဆယ် အိမ်မပြန်လာနိုင်သေးဘူး…… မင်းနိုးလာတဲ့ကိစ္စကို သူတို့ကိုအကြောင်းကြားလိုက်ပါ့မယ်”
အန်းလော့ ခေါင်းညိတ်လိုက်သည် “ကျွန်တော်အတိတ်မေ့သွားတဲ့အကြောင်းကိုလည်း သူတို့ကို အသိပေးလိုက်ပါဦး သူတို့ကို စိတ်ပြင်ဆင်ခိုင်းထားပေးပါ”
သူ့အေးစက်နေမှုကြောင့် ကျိုးချန်ဖျင် လန့်သွားရသည်။ ခဏတိတ်ဆိတ်သွားပြီးမှ မလိုလားစွာမေးလိုက်သည် “အန်းလော့ မင်းတကယ် ဘာမှမမှတ်မိတော့ဘူးလား? ငါတို့ငယ်ကတည်းက အတူတူကြီးပြင်းခဲ့ကြတာလေ။ ၁၀နှစ်ကျော်လောက်တောင် သိခဲ့ကြတာ။ ငါကမင်းရဲ့ဝမ်းကွဲညီလေ။ မင်းရဲ့အကောင်းဆုံးသူငယ်ချင်းဆိုလည်းဟုတ်တယ်။ ငါ့မွေးနေ့က မင်းမွေးနေ့ပြီး နောက်တစ်ရက်လေ။ အရင်တုန်းက ငါတို့ မွေးနေ့အတူတူတောင် လုပ်ကြသေးတယ်…… မဟုတ်မှ မင်းနည်းနည်းလေးမှ မမှတ်မိတော့ဘူးလား?”
“မမှတ်မိဘူး” အန်းလော့ သူ့အားတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောလာသည် “မင်းပြောတဲ့ ဖိုးဖိုး၊ အဖေ၊ တိတိဆိုတဲ့သူတွေအပါအဝင် ကျွန်တော်ဘယ်သူ့ကိုမှ မမှတ်မိဘူး”
“……” အေးစက်နေသည့် သူ့လေသံအားနားထောင်ကာ ကျိုးချန်ဖျင် ရင်ထဲ၌ တင်းကြပ်သွားရသည်။
ဘာတွေလာနောက်နေတာလဲ? နည်းလမ်းအကုန်သုံးပြီး နေ့တစ်ဝက်လောက် ကယ်လိုက်ရတာတောင် “မမှတ်မိဘူး”ဆိုတဲ့ စကားပဲ ကြားရနိုင်တာတဲ့လား?
အန်းလော့ ပင်ပန်းစွာနှင့် မျက်လုံးမှိတ်လိုက်တော့သည်။ သူတိုးတိုးပြောလာသည် “ဒေါက်တာကျိုး ကျွန်တော်အနားယူချင်ပြီ”
“အင်း……ကောင်းပြီ” သူက နှင်ထုတ်နေမှတော့ ကျိုးချန်ဖျင် ထွက်သွားရန်ပဲ တတ်နိုင်တော့သည်။ တံခါးဝဆီလျှောက်သွားပြီးနောက် သူ့အား မထိန်းနိုင်စွာ လှည့်ကြည့်လိုက်မိသည်။ အန်းလော့မှာ မျက်လုံးကို ဖွဖွမှိတ်ထားလျက်ရှိသည်။
ကယ်လိုက်နိုင်ပြီဆိုပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ အားနည်းနေဆဲဖြစ်သည်။ မျက်နှာမှာဖြူဖျော့နေပြီး နှုတ်ခမ်းပါးပါးမှာလည်း သွေးရိပ်အနည်းငယ်တောင် မရှိပေ။ အမူအကျင့်မှာ အရင်ကအတိုင်း အေးစက်ဆဲဆိုသော်လည်း မျက်တောင်ရှည်ကြီးများက မျက်နှာပေါ်တွင် အရိပ်ထင်စေလျက်ရှိရာ မျက်မှောင် ကြုတ်ကြုတ်ထားသည့် ကောင်လေးမှာ ယခုအချိန်တွင် သူ့မျက်စိထဲ၌ ရင်နာစရာကောင်းလောက်အောင် အားနည်းလျက်ရှိလေသည်။
အခုအချိန်တွင် သူ့တစ်ကိုယ်လုံး၌ ဒဏ်ရာများဖြင့်ပြည့်နေကာ ခြေထောက်နှစ်ဖက်လုံးမှာလည်း အတင်းအဓမ္မရိုက်ချိုးခံထားရသည်။ ထို့အပြင် အတိတ်လည်းမေ့နေပြန်၏။ တကယ့်ကိုကံဆိုးလှသည်…… ဖြစ်နိုင်သည်မှာ ပြန်ပေးဆွဲခံရပြီးနောက် နှိပ်စက်ခံခဲ့ရသည်များကို မမှတ်မိသည်မှာ သူ့အတွက် ကိစ္စကောင်းပင် ဖြစ်ပါလိမ့်မည်လား?
ကျိုးချန်ဖျင် သက်ပြင်းဖွဖွ ချလိုက်မိသည်။ တံခါးမှထွက်ကာ အခန်းတံခါးအား ဖြည်းညင်းစွာ ပိတ်ပေးခဲ့လိုက်သည်။
***
အန်းလော့ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
စောနက ကျိုးချန်ဖျင်ရှေ့တွင် ဖော်ပြခဲ့သည့် တည်ငြိမ်၊ အေးစက်မှုများနှင့်မတူဘဲ တစ်ယောက်တည်း ကျန်ရှိနေချိန်တွင် စိတ်ထဲရှိ ယောက်ရက်ခတ်နေသည့် နာကျင်သောစိတ်ခံစားချက်များကို မထိန်းချုပ်ထားနိုင်တော့ပေ။ နှလုံးသားထဲတွင် ပြင်းထန်စွာ နာကျင်နေမှုကြောင့် သူ့မျက်နှာအမူအရာမှာလည်း ဆိုးရွားလျက်ရှိပေသည်။
အစက သူသေမယ်လို့ ထင်ထားခဲ့တာ။ အဲဒီမတော်တဆဖြစ်တဲ့ လေထဲမှာတင် အန်းယန်နှင့်အတူ သေမယ်လို့ထင်ထားခဲ့တာ။
အန်းယန်ပြောတာမှန်သည်။ အိုသေခြင်း၊ နာသေခြင်းနှင့်ယှဥ်လျှင် သူတို့ညီအစ်ကိုနှစ်ယောက် လေယာဥ်ပေါ်မှာတင် ပြာအဖြစ်ပြောင်းသွားတာက အဲဒီဘဝ၏ အကောင်းဆုံးသော အဆုံးသတ်ဖြစ်ပါလိမ့်မည်။
အန်းယန်မသေခင်အချိန်က သူ့ကိုဖွဖွပြုံးပြနေခဲ့တာ သူမှတ်မိသေးသည်။ ထိုပုံရိပ်မှာ သူမသေခင်အချိန်၏ အကောင်းဆုံးမှတ်ဉာဏ်အဖြစ် ကျန်ရှိခဲ့တော့သည်။ ____ တကယ်တော့ ကျွန်တော်ကောကိုသဘောကျတယ် ____ ဟူသောစကားကို ပြောဖို့မမီလိုက်ကြောင်းလည်း သူမှတ်မိပါသည်။
ထိုဘဝတွင် အသက်ရှင်ရသည်မှာ အလွန်ပင်ပန်းလွန်းသည်။ ထိုသို့အဆုံးသတ်သွားခြင်းက အနည်းငယ် နောင်တရစရာဖြစ်ပေမဲ့ သူ့အတွက်တော့ လွတ်မြောက်မှုတစ်မျိုးပင်။
သို့သော သူမသေဘဲနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပိုမထင်မှတ်ထားသည်မှာ ထိုမှတ်ဉာဏ်များနှင့်အတူ တခြားစိမ်းသက်သည့် ပတ်ဝန်းကျင်၌ ပြန်လည်မွေးဖွားလာမည်ဟူ၍ပင်။
ကျိုးချန်ဖျင်ဆီမှ ယခုသူကိုလည်း အန်းလော့ဟုခေါ်ကြောင်း သိရှိခဲ့ပေမဲ့ ယခုအန်းလော့မှာ ယခင်ကအန်းလော့နှင့် နောက်ခံလုံးဝမတူတော့ပေ။ ယခင်ကအန်းလော့တွင် ဆွေမျိုးဟူ၍ အန်းယန်တစ်ယောက်တည်း ရှိသော်ငြား ယခုအန်းလော့တွင် ဖိုးဖိုး၊ အဖေ၊ တိတိ ဟူ၍ များစွာသော သူစိမ်းမိသားစုများ ရှိနေလေပြီ။
အန်းလော့ လက်ဖမိုးပေါ်ရှိ ဆေးထိုးအပ်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ဤကိစ္စမှာ အဓိပ္ပာယ်မရှိဟု သူထင်မိသည်။
သေပြီးတာတောင် မလွတ်မြောက်နိုင်သေးဘဲ ထပ်ပြီး ပြန်မွေးဖွားလာရသေးတာလား? ဘာကြောင့် နာမည်တောင် မပြောင်းသွားရတာလဲ?
သို့သော်… အဓိပ္ပာယ်မရှိသည့်ကိစ္စမှာ ဖြစ်ပြီးသွား၍ အမှန်တရားကို လက်ခံဖို့ပဲ တတ်နိုင်တော့သည်။
ကိုယ့်ပါကိုယ်သတ်သေသည့် နည်းလမ်းအားသုံး၍ သေမသေစမ်းသပ်သည့် ရူးမိုက်မိုက်အလုပ်မျိုး အန်းလော့လုပ်မည်မဟုတ်ပေ။ ကောင်းကင်ဘုံက ပြန်လည်မွေးဖွားရန် အခွင့်အရေး ပေးလာသည်ဆိုမှတော့ ပြန်ပြီး ကောင်းကောင်းမွန်မွန် ဖြတ်သန်းရန်သာရှိတော့သည်။ အနည်းဆုံးတော့ ဤဘဝတွင် အရင်ဘဝကဲ့သို့ နာနာကျင်ကျင် ရှင်သန်တော့မည်မဟုတ်ပေ။
အန်းယန်အတွက်တော့ …… သေရင်သေသွားနိုင်သလို သူ့လိုမျိုး တခြားကမ္ဘာတစ်ခုမှာ ပြန်လည်မွေးဖွားလာနိုင်သည်။ မည်သို့ပင်ဖြစ်ပါစေ အန်းယန်ဟူသည့်နာမည်မှာ လေယာဥ်ပေါက်ကွဲသည့် ထိုအချိန်မှစ၍ ယခင်ကအန်းလော့နှင့်အတူ ထာဝရပျောက်ကွယ်သွားခဲ့လေပြီ။
မှန်၏။ ပျောက်ကွယ်သွားခဲ့ပြီ။
သူတို့တစ်ချိန်က ညီအစ်ကိုကောင်းများဖြစ်ခဲ့ပြီး နောက်တွင် လေယာဥ်ပျက်၍ အတူတူသေဆုံးခဲ့ကြသည်။
ဤကားသူတို့၏အဆုံးသတ်ပင်။ နောက်ထပ်ပြောင်းလဲရန် အခွင့်အရေးမရှိတော့ပေ။
ထပ်ပြီး လွမ်းဆွေးနေရန် မလိုအပ်တော့ပေ။ အန်းယန်ဟူသည့်နာမည်အား ယခင်ဘဝရှိအန်းလော့နှင့်အတူ နှလုံးသားအောက်ခြေသို့ ဖွဖွဖိသိပ်လိုက်တော့မည်။ မလှပသော်ငြား တန်ဖိုးထားအပ်သည့် မှတ်ဉာဏ်အစိတ်အပိုင်းအဖြစ်သာ ပြောင်းလဲစေတော့မယ်။
ဤဘဝရှိ အန်းလော့မှာ ကောင်းကောင်းမွန်မွန်နှင့် မိမိအတွက်မိမိ ရှင်သန်ရန်သာ လိုအပ်ပါ၏။
____________________
Word – 2839
Xiao Dream