Chapter - 7

ညနေအချိန် အန်းယွိတုန်းက သတင်းကြား၍ ဆေးရုံကို အလျင်အမြန် ရောက်လာခဲ့သည်။ အန်းလော့၏ ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာကြောင့် ကူးစက်မည်စိုး၍ အထူးကြပ်မတ်ရေးအခန်းမှာ လုံးဝသီးခြားဧရိယာ ဖြစ်နေလေသည်။ မိသားစုဝင်များ ဝင်ရောက်တွေ့ဆုံခွင့်မရှိပေမဲ့ ကျိုးချန်ဖျင်က အန်းမိသားစု၏ လူရင်းဖြစ်တာကြောင့် ခေါင်းဆောင်နာစ့်အား ပြောကြားပြီးနောက် အန်းယွိတုန်းကို ခွဲစိတ်ခန်းဝတ်စုံဝတ်ခိုင်းကာ လူနာခန်းထဲ ဝင်ခွင့်ပြုလိုက်သည်။
အန်းလော့မျက်လုံးဖွင့်လိုက်ချိန် ထိုစိမ်းသက်သည့်အမျိုးသားမှာ မိမိကုတင်ဘေးသို့ လျှောက်လာကြောင်း တွေ့လိုက်ရသည်။
ထိုသူ့ကိုကြည့်ရသည်မှာ အသက်၅၀ကျော်ဖြစ်ပုံရပေမဲ့ ကျက်သရေရှိဆဲ၊ ရုပ်ဖြောင့်ဆဲဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း အတော်လေးရှည်လျားသည်။ ငယ်ရွယ်တုန်းကလည်း အလွန်ချောမောမည့်သူဖြစ်မှာ သေချာလှသည်။ သို့သော်ယခုတွင်တော့ သူ့မျက်နှာပေါ်တွင် နှစ်လများ၏ ကြာညောင်းမှု အရိပ်အယောင်များ ရှိနေခဲ့လေပြီ။
သူ့မျက်လုံးများမှာ နွေးထွေးကာ အချစ်များဖြင့် ပြည့်လျက်ရှိသည်။ အန်းလော့ကို ဖွဖွပြုံးကာကြည့်နေသည်။ အတော်ကြာအောင် ကြည့်နေပြီးမှ ပြောလာသည် “ချန်ဖျင်ပြောတာ နားထောင်ရသလောက် သားအတိတ်မေ့သွားတယ်ဆို။ သားအရင်ကကိစ္စတွေ မမှတ်မိတော့ဘူးပေါ့?”
တကယ်တော့ သေချာပြောရရင် အန်းလော့က အတိတ်မေ့သွားတယ်လို့ ပြောလို့မရဘူး။ အရင်ဘဝက ကိစ္စတွေအားလုံးကို သူရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။ သို့သော် ယခုအန်းလော့ကိုတော့ သူနည်းနည်းတောင် မသိပေ။ ထို့ကြောင့် “အတိတ်မေ့” ဆိုသည့် စကားလုံးကိုသာသုံးကာ ရှင်းပြနိုင်တော့မည်။
အန်းလော့ တိုးတိုးမေးလိုက်သည် “ဦးက ကျွန်တော့်ပါးပါးလား?”
ဒဏ်ရာကြောင့် သူ့အသံမှာ နားထောင်ရတာ ရှတတဖြစ်လျက်ရှိသည်။
အန်းယွိတုန်း ပြုံးလျက်ပြောလိုက်သည် “သားခန့်မှန်းကြည့်တာလား?”
အန်းလော့ ခေါင်းညိတ်လိုက်သည် “အသက်အရွယ်အရ ကြည့်လိုက်ရင် ဦးက ကျွန်တော့်ဖိုးဖိုးအရွယ်မဟုတ်ဘူး။ အဲ့တာကြောင့် ပါးပါးပဲဖြစ်နိုင်တယ်”
အန်းယွိတုန်း ကြောင်သွားရကာ ကူရာမဲ့စွာ ပြောလိုက်သည် “ ’နားထောင်ရတာ ပိုရင်းနှီး’ ပုံပေါ်တဲ့စကားမျိုးသုံးပြီး မင်းအဖေနဲ့ အဖိုးကို မနှစ်သိမ့်ပေးနိုင်ဘူးလားကွာ? အသက်အရွယ်အရ ကြည့်လိုက်ရင်ဆိုတော့ တကယ်ကို နည်းနည်းမှ မမှတ်မိတော့ဘူးလား?”
အန်းလော့ ပြောလိုက်သည် “ကျွန်တော်တကယ်မမှတ်မိတော့ဘူး”
အန်းယွိတုန်း သက်ပြင်းဖွဖွချကာ ပြုံးကာပြောလိုက်သည် “အတိတ်မေ့သွားပေမဲ့ အကျင့်ကတော့ အရင်တုန်းကအတိုင်းပဲကိုး။ ကျောက်တုံးလိုမာကျောနေတုန်းပဲ”
အန်းလော့ သူ့ကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှမဖြေလိုက်လေဘူး။
အန်းယွိတုန်း ခဏတိတ်ဆိတ်သွားပြီးမှ ပြောလာသည် “ရှောင်လော့ အတိတ်မေ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး…… သားစိတ်ထဲမှာ သိပ်ပြီးလည်း ခံစားမနေပါနဲ့။ သားအသက်ရှင်နေနိုင်တာကိုက အကောင်းဆုံးဖြစ်နေပြီ။ နောက်ကျရင်…… ဖြည်းဖြည်းချင်း မှတ်မိလာမှာပါ”
“အင်း” အန်းလော့ ခေါင်းညိတ်လိုက်သည်။
အန်းယွိတုန်း ပြုံးကာ ပြောလိုက်သည် “သားရဲ့ အခုကျန်းမာရေးအခြေအနေက သိပ်ပြီးအခြေမငြိမ်သေးဘူး။ သဘက်ခါညနေကျရင် အရိုးပြန်ဆက်ဖို့ ခွဲစိတ်ရမှာ။ စိတ်မပူပါနဲ့။ ပါးပါးက သားအတွက် အကောင်းဆုံး အရိုးကုဆရာဝန် ရှာထားပေးပါ့မယ်”
“အင်း”
“သားတိတိလေးတွေက အခုချိန်ပြန်မလာနိုင်သေးကြဘူး။ သားနည်းနည်းကောင်းလာပြီဆိုတော့မှ သားကိုလာကြည့်ကြလိမ့်မယ်။ ချန်ဖျင်ကလည်း ဆေးရုံမှာ သားကိုကောင်းကောင်းစောင့်ရှောက်ပေးပါလိမ့်မယ်။ ကိစ္စတစ်ခုခုရှိရင် သူ့ကိုတိုက်ရိုက်ပြောလို့ရတယ်”
“အင်း”
“ဒါဆိုအဖေပြန်ပြီနော်။ အိမ်မှာ ဖြေရှင်းစရာကိစ္စတွေ အများကြီးရှိနေသေးလို့”
“ကောင်းပါပြီ”
လှည့်ထွက်သွားသည့် အန်းယွိတုန်း၏နောက်ကျောကိုကြည့်ရင်း အန်းလော့၏စိတ်ထဲတွင် ရုတ်တရက် အနည်းငယ်ရှုပ်ထွေးသွားရသည်။
ဤသို့ နွေးထွေးသည့်ဖခင်မျိုးမှာ…… ယခင်ဘဝက သူမျှော်လင့်ခဲ့သော်လည်း မရနိုင်ခဲ့သောဖခင်မျိုးဖြစ်သည်။
ယခင်ဘဝရှိဖခင်မှာ အမှောင်စီးပွားရေးလုပ်ငန်းစု၏ မိသားစုခေါင်းဆောင်ဖြစ်ခြင်းကြောင့် အလွန်းတင်းကြပ်ကာ အေးစက်လှသည်။ ငယ်ငယ်ကတည်းက အဖွားအိမ်၌ ကြီးပြင်းခဲ့ရပြီး အဖေ့အပေါ် ထင်မြင်ချက်မှာ အလွန်ဝေဝါးလှသည်။ အန်းမိသားစုသို့ ပြန်အပို့ခံရချိန်တွင် သူအရွယ်ရောက်နေပြီဖြစ်သည်။ အဖေဆိုသည့် အမျိုးသားမှာ သူ့အတွက်တော့ အလွန်စိမ်းသက်လှသည်။ သူ့မသိစိတ်ထဲတွင် အန်းယန်ကောကောအား အရင်းနှီးဆုံးဆွေမျိုးအဖြစ် တစ်ချိန်လုံး သတ်မှတ်ထားခဲ့ပုံပေါ်သည်။
ပြန်လည်မွေးဖွားလာပြီးနောက် ဒီပါးပါး၏အကျင့်စရိုက်မှာ ဤသို့နွေးထွေး၊ ရင်းနှီးလှမည်ဟု မထင်ထားမိပေ။ ဤသည်မှာ သူ၏ ဆန္ဒသေးသေးလေးအား ဖြည့်ဆည်းပြီးသား ဖြစ်သွားသည်ဟု ဆိုနိုင်သည်။
အသက်ရနေပြီဖြစ်သည့် အဖေမှာ သူ့ကို မြတ်နိုးစွာကြည့်နေသည့် မျက်ဝန်းများအား ပြန်လည်တွေးတောမိကာ အန်းလော့ ကုတင်ပေါ်တွင် အချိန်အတော်ကြာ မှင်တက်နေမိသည်။
ယခင်ကသူသည် မှောင်မဲနေသည့် ကမ္ဘာတွင် တစ်ချိန်လုံး အသက်ရှင်နေထိုင်ခဲ့ရသည်။ ဤသို့နွေးထွေးလှသည့်မျက်ဝန်းအား မတွေ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲလေ?
ဒီအန်းလော့က အနည်းဆုံးတော့ သေဆုံးသွားသည့် အန်းလော့ထက် ပိုပျော်ရွှင်ရပါသည်။
အတိတ်ကို အတိတ်တွင်ထားကာ ရှေ့ဆက်လျှောက်ခြင်းမှာ သူ့အတွက် မကောင်းတဲ့ကိစ္စ မဟုတ်တာမျိုးလည်း ဖြစ်နိုင်ပါ၏။
***
အန်းလော့ အထူးကြပ်မတ်ရေးဆောင်မှ VIPလူနာခန်းသို့ ပြောင်းရွှေ့ရသည်မှာ တစ်ပတ်ကြာပြီးနောက်ဖြစ်သည်။ ဤတစ်ပတ်အတွင်းတွင် အန်းယွိတုန်း သူ့အား သုံးခေါက်လာကြည့်ခဲ့သည်။ မခွဲစိတ်ခင်၊ ခွဲစိတ်ပြီးနှင့် လူနာခန်းသို့ ပြောင်းရွှေ့သည့်နေ့တွင်ဖြစ်သည်။ သို့သော် တခြားမိသားစုဝင်များမှာ လုံးဝမပေါ်လာခဲ့ဖူးပေ။
ကျိုးချန်ဖျင်၏ပြောစကားအရ သခင်ကြီးအန်းမှာ သူအတိတ်မေ့သွားသည်အား ကြားပြီးနောက် နှလုံးဖောက်ကာလဲသွားခဲ့သည်။ ဤရက်များတွင် ဆေးရုံ၌ ရောဂါအခြေအနေအား ထိန်းချုပ်နေရသည်။ သူ့တိတိသုံးယောက်မှာတော့ သူ့အလုပ်နှင့်သူရှုပ်နေကြသည်။ အန်းရန်သည် Parisတွင် Fashion Weekတက်ရောက်နေပြီး အန်းမော့မှာ New Yorkတွင် နိုင်ငံတကာပန်းချီပြပွဲအတွက် ပြင်ဆင်နေရသည်။ အန်းဇယ်ကတော့ စစ်တပ်မစ်ရှင်အား ထမ်းဆောင်လျက်ရှိရာ သုံးယောက်လုံးမှာ သူ့အားလာကြည့်ရန် ထွက်မလာနိုင်ဖြစ်နေကြသည်။
အန်းလော့ ဂရုမစိုက်ပါ။
ဤတိတိများသည် သူ့အတွက်တော့ လုံးဝမတွေ့ဖူးသည့် သူစိမ်းများသာဖြစ်သည်။ အန်းရန်၊ အန်းမော့၊ အန်းဇယ်၊ ဒါအပြင် သူတို့၏နာမည်များတောင် သူမခွဲခြားနိုင်သေး။ သူတို့ မိမိကို လာမကြည့်ကြ၍ မိမိမှာ ပို၍လွတ်လပ် ပျော်ရွှင်နေမိသည်။ အနည်းဆုံးတော့ တစ်နေကုန် “တကယ်ပဲမမှတ်မိတော့ဘူးလား” “ကျွန်တော်ကကောရဲ့တိတိလေ” “ကျွန်တော်တို့ငယ်ကတည်းက အတူတူကြီးပြင်းခဲ့ကြတာလေ” ဟူသည့် ပျင်းစရာကောင်းသော၊ ကလေးဆန်သော မေးခွန်းများအား ပြန်ဖြေရန်မလိုအပ်တော့ပေ။
ဤရက်ပိုင်းတွင် ကျိုးချန်ဖျင်က ထိုသို့သောမေးခွန်းများဖြင့် သူ့ကိုခေါင်းကိုက်စေခဲ့ပြီးဖြစ်သည်။ နောက်ထပ် တိတိသုံးယောက်ကြောင့် သုံးခါထပ်ပြီး ခေါင်းမကိုက်ချင်တော့ပေ။
ဤသို့ ကိစ္စများမှာ အလျဥ်းသင့်လျက်ရှိသည်။
လွတ်လပ်အားလပ်နေသည့်နေ့များ ဖြတ်သန်းနိုင်ဦးမည်ဟု အန်းလော့ထင်နေချိန်တွင် ထိုနေ့ညနေ၌ လူနာအခန်းတံခါးမှာ ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည် _____
လူနာခန်းထဲသို့ ဝင်လာသည့် အမျိုးသားမှာ ကိုယ်တိုင်းနှင့်ချုပ်ထားသည့် အဖြူရောင်အနောက်တိုင်းဝတ်စုံအား ဝတ်ဆင်ထားသည်။ ဝိုင်နီရောင်ရှပ်အင်္ကျီမှာ လွန်ကဲစွာဖြင့် ကြယ်သီးသုံးလုံးဖြုတ်ထားသည်။ ရင်ဘတ်ရှေ့ရှိ ဖြူဖွေးသောအသားအရေနှင့် လက်ရာမြောက်လှပသော ညှပ်ရိုးတစ်စုံအား ဖော်ပြထားသည်။ သူ့ဆံပင်အား သဘာဝဆန်သည့် နီညိုရောင် (Maroonရောင်) ဆိုးထားသည်။ ကြည့်ရတာ အလွန်ကြော့မော့ကာ ခေတ်မီလှသည်။ လည်ပင်းထက်ရှိ ငွေဆွဲကြိုးမှာ မျက်စိစူးလှအောင် တလက်လက်တောက်ပနေသည်။
နေကာမျက်မှန်က သူ့မျက်နှာတစ်ဝက်လောက်အား ကာထားလျက်ရှိသည်။ နှာခေါင်းမြင့်မြင့်အောက်တွင် လှပသည့်နှုတ်ခမ်းလေးမှာ အပေါ်သို့ ဖွဖွကော့တက်နေသည်။ ခပ်ဆိုးဆိုးအပြုံးဖြင့် အထိန်းအကွတ်မရှိ ကြော့မော့လျက်ရှိသည်။
ထိုသို့ဝတ်စားထားပုံမှာ နာမည်ကြီးအိုင်ဒေါတစ်ယောက်ကဲ့သို့ဖြစ်ကာ ချက်ချင်းပင် အင်တာဗျူးလက်ခံလို့ ရနေလေပြီ။ ဒါအပြင် ဆုပေးပွဲအခမ်းအနားရဲ့ ကော်ဇောနီကိုပင် သွားလျှောက်လို့ရနေလေပြီ။ ရောဂါလာမေးသော်ငြား နေကာမျက်မှန်က တပ်ထားသေးသည်။ အမှန်ကိုချဲ့ကားလွန်းလှသည်။ ပို၍ချဲ့ကားသည်မှာ နေကာမျက်မှန် တပ်ထားရုံသာမက လက်ထဲတွင် အဖြူရောင် နှင်းဆီပန်း တစ်စည်းကိုလည်း ကိုင်ထားသေးသည်။
အန်းလော့ စိတ်ထဲ၌ ဆုတောင်းနေမိသည် : အခန်းမှားဝင်လာတာဖြစ်ဖို့ပဲ ဆုတောင်းပါတယ်။ ထူးဆန်းတဲ့ “တိတိ” မဖြစ်တာပဲ ကောင်းလိမ့်မယ်။
“ကောကော” တစ်ဖက်မှာ ပြောလာသည့် စကားသံမှာ နူးညံ့နွေးထွေးနေကာ အပြုံးသံစွက်လျက်ရှိသည်။
ထိုစကားလုံးနှစ်လုံးမှာ အန်းလော့၏ “အခန်းမှားဝင်” ဆိုသည့် မျှော်လင့်ချက်အား ပြိုကွဲပျက်စီးသွားစေတော့သည်။
အန်းလော့ ရုတ်တရက်ကြီး မိမိ၏နားထင်များ ထိုးကိုက်လာသည်ဟု ခံစားလိုက်ရတော့သည်။
တစ်ဖက်လူမှာ ခြေလှမ်းကျယ်နှင့် ကုတင်ဘေးသို့ လျှောက်လှမ်းလာသည်။ နှင်းဆီစည်းကိုလည်း အန်းလော့ရှေ့သို့ ထိုးပေးလိုက်သည်။ နှင်းဆီပန်းမှာ လတ်လတ်ဆတ်ဆတ် ဝယ်လာတာဖြစ်ကြောင်း သိသာလှသည်။ ပန်းပွင့်ဖတ်များပေါ်တွင် ရေပုလဲလုံးလေးများသီးနေဆဲပင်။ အမျိုးသားမှာ နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးလျက်ပြောလာသည် “ကောကော အတိတ်မေ့သွားတယ်လို့ကြားတယ်။ ကျွန်တော်က ဘယ်တိတိလဲဆိုတာ ခန့်မှန်းကြည့်ပါလား? ကောအထင်…… ကျွန်တော်က အာ့တိ(ဒုတိယညီ), စန်းတိ(တတိယညီ) ဒါမှမဟုတ် စစ်တိ(စတုတ္ထညီ) ဘယ်သူနဲ့ တူသလဲ?”
“……” အန်းလော့ မျက်မှောင်ကြုတ်လိုက်မိသည်။
“ခန့်မှန်းကြည့်ပါ မှန်သွားရင် လက်ဆောင်ပေးမယ်လေ”
“ပန်းကိုဝေးဝေးယူသွား” အန်းလော့၏မျက်နှာမှာ မှောင်မဲလာရသည်။
“ဒါက ကောအတွက် သေချာဝယ်ခဲ့တာကို။ အဖြူရောင်နှင်းဆီတွေက အရမ်းလည်းအရောင်မစူးဘူး။ အနံ့လည်းကောင်းတယ်။ အခန်းထဲထားထားရင် စိတ်အခြေအနေလည်း ညှိပေးနိုင်သေးတယ်။ ကောကော နေမြန်မြန်ပြန်ကောင်းဖို့အတွက် အကျိုးရှိတယ်လေ”
နှင်းဆီပန်းတစ်စည်းမှာ သူ့ပြောမှ ဆန်းကြယ်သည့် ဆေးကောင်းအဖြစ် ပြောင်းလဲသွားရတော့သည်။
အန်းလော့ သူ့ရင်ထဲရှိ နှင်းဆီပန်းကိုကြည့်ကာ မျက်မှောင်ကိုပိုတိုး၍ ကြုတ်လိုက်မိသည်။ သူဖွဖွပြောလိုက်၏ “ယူသွား ငါပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဘူး”
“ကောပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဘူးလို့ ကျွန်တော် အရင်ကဖြင့် မကြားဖူးပါဘူး” ထိုတိတိမှာ စကားနားမထောင်သည့်အပြင် အန်းလော့၏စကားအား လျစ်လျူရှုကာ ကုတင်ခေါင်းရင်းရှိ စင်လေးပေါ်တွင်တင်ကာ ကြည့်ကောင်းအောင် ပြင်ဆင်ပေးလိုက်သည်။
“……” အန်းလော့ တောင့်တင်းစွာ ခေါင်းအား တစ်ဖက်သို့ လှည့်လိုက်သည်။
တိတိ ကိုယ်ကိုလှည့်ကာ အန်းလော့ကုတင်ဘေးသို့ ဝင်ထိုင်လာသည်။ မျက်နှာအားဖုံးကွယ်ထားသည့် နေကာမျက်မှန်ကို ချွတ်လိုက်သည်။ ထို့နောက် အနားတိုးကပ်ကာ အန်းလော့၏မျက်ဝန်းများသို့ လေးလေးနက်နက်ကြည့်လိုက်၏။ တစ်ခဏတာ တိတ်ဆိတ်နေပြီးမှ သူပြုံးစစနှင့် ပြောလာသည် “တကယ်အတိတ်မေ့သွားတာလား? ဟန်ဆောင်နေတာမဟုတ်ဘူးလား?”
ထိုသို့ဖြင့် မျက်နှာကို အနီးကပ်မြင်လိုက်ရသည်။ ထိုအခါမှ ဤတိတိမှာ အလွန်ချောမောကြောင်း အန်းလော့သတိထားမိသွားရသည်။ သူ့မျက်လုံးများမှာ အရောင်ဖျော့ဖျော့ဖြစ်ကာ ကြည်လင်နေသော မျက်ဆံများသည် အရည်အသွေးကောင်းမွန်သည့် သလင်းကျောက်များကဲ့သို့ပင်။ ဖွဖွပြုံးလိုက်သည့်အခါတွင်မူ စွဲလမ်းစေသည့် အရောင်အဝါတစ်မျိုးရှိနေသည်။
ဤသို့ဆိုးလည်းဆိုး ချောလည်းချောသည့် အမျိုးသားမှာ အလွန်လူကြိုက်များလောက်သည်။ သို့သော် အန်းလော့အတွက်တော့ ဤသို့မောက်မာသည့်ကောင်လေးမှာ ခေါင်းကိုက်စရာသာဖြစ်သည်။ သူ၏ခပ်ဆိုးဆိုးအပြုံးကိုလည်း ခုခံနိုင်စွမ်းရှိနေပြီးဖြစ်သည်။ သူတိတ်ဆိတ်စွာကြည့်လိုက်ပြီးမှ ပြောလာသည် “မေးပါရစေဦး မင်းက ဘယ်တိတိတစ်ယောက်လဲ? နာမည်ဘယ်လိုခေါ်လဲ? ဒီနှစ်အသက်ဘယ်လောက်လဲ?”
“……” မေးခွန်းသုံးခုမေးပြီးနောက် တိတိ၏အပြုံးမှာ နှုတ်ခမ်းဘေး၌ ပျောက်ကွယ်သွားရတော့သည်။
အန်းလော့ မပျော်ရွှင်စွာဖြင့် မျက်ခုံးကိုမြှင့်မြောက်လိုက်သည် “ပန်းကိုယူသွား ငါပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဘူး သုံးကြိမ်မြောက် မပြောရပါစေနဲ့”
တိတိကြောင်သွားပြီးမှ မျက်နှာပေါ်တွင် နာကျင်သွားသည့်အမူအရာ ပေါ်လာလေသည်။ အသံမှာလည်း သနားစရာကောင်းသွားကာ ဝမ်းနည်းမှုအနည်းငယ် ပါနေသယောင်ပင်။ “ကော ကျွန်တော်က ကောရဲ့အာ့တိ အန်းရန်လေ”
အန်းလော့ ခေါင်းညိတ်လိုက်သည် “အင်း သိပြီ နောက်တစ်ခါတွေ့ရင် ငါမင်းကိုမှတ်မိမှာပါ အန်းရန်” ခဏရပ်လိုက်ပြီးနောက် “ရန်က ဘယ်ရန်လဲ?”
“……” အန်းရန်မှာ အစွန်းအဆုံးအထိ အတိုက်ခိုက်ခံလိုက်ရတော့သည်။ ခဏတိတ်ဆိတ်သွားပြီးမှ သနားစရာကောင်းစွာ ပြောလာသည် “တောင်တန်း(山-ရှန်း) ကျောက်တုံး(石-ရှီ) ရန်(岩)”
“သြော”
အန်းရန်ခဏနေတော့ ထပ်မေးလာသည် “ဒါနဲ့ ချန်ဖျင်ပြောတာကြားတာတော့ ကောရဲ့ခြေထောက်…… အရိုးကျိုးသွားတယ်ဆို?”
အန်းလော့ မိမိ၏ကျောက်ပတ်တီးစီးထားသည့် ခြေထောက်နှစ်ဖက်အား ငုံ့ကြည့်လိုက်ကာ ပြောလိုက်သည် “ဟုတ်တယ် အရိုးကျိုးသွားတာ။ ကျောက်ပတ်တီးဖြည်မှပဲ လမ်းလျှောက်နိုင်မလားဆိုတာ သိရမှာ”
အန်းရန် နာကျင်စွာဖြင့် လက်ဆန့်ထုတ်ကာ အန်းလော့၏ခြေထောက်ကား ပွတ်သပ်ကာ နှစ်သိမ့်ပေးချင်ခဲ့သည်။ သို့သော် အန်းလော့၏ အေးစက်စက်အကြည့်ကြောင့် လက်ချောင်းများကို ဦးတည်ဘက်ပြောင်းကာ မာကျောနေသည့် ကျောက်ပတ်တီးကိုပဲ ပွတ်သပ်လိုက်တော့သည်။
“နာနေသေးလား?“ အန်းရန် တိုးဖွဖွမေးလာသည်။
“ခံစားမှုမရှိတာက နာကျင်တာထက် ပိုကြောက်ဖို့ကောင်းတယ်” အန်းလော့ ပြောလိုက်သည်။
“……”
ကောကောမှာ အမြဲပင် ဤသို့အေးစက် တိတ်ဆိတ်လှသည်။ ငယ်ကတည်းက သူ့ကိုဂရုစိုက်ပေးချင်သည့်အချိန်တိုင်း သူ့စကားတစ်ခွန်းနှင့် အပိတ်ဆို့ခံလိုက်ရတတ်သည်။ အန်းရန် အနည်းငယ် အားငယ်သွားရသည်။ သူခေါင်းကြီးငုံ့ကာ ခြေထောက်ပေါ်ရှိ ကျောက်ပတ်တီးအား ဗလာသက်သက်စိုက်ကြည့်နေမိသည်။
ဘယ်လောက်ကြာသွားလဲမသိ။ အန်းလော့မှာ ရုတ်တရက် ထုတ်မေးလာသည် “မင်းက ငါ့ရဲ့ကျောက်ပတ်တီးပေါ်မှာ အပေါက်များဖောက်ချင်နေသလား?”
“……” အန်းရန် ခေါင်းမော့ကာ ကူရာမဲ့စွာဖြင့် သူ့ကိုကြည့်လိုက်သည်။ ထိုအမူအရာမှာ အနိုင်ကျင့်ခံလိုက်ရသည့် အကောင်ငယ်လေးကဲ့သို့ပင်။
သူ၏သနားစရာကောင်းအောင် ဟန်ဆောင်နေသည့် မျက်ဝန်းများနှင့်ဆုံမိချိန် အန်းလော့ ခေါင်းကြိမ်းသွားရသည်။ အကြည့်များကို အမြန်ဖယ်ခွာလိုက်ကာ ငြိမ်သက်စွာပြောလိုက်သည် “ကိစ္စမရှိရင် အရင်ပြန်လိုက်တော့”
အန်းရန် အားငယ်စွာပြောလိုက်သည် “ကျွန်တော် အချိန်မနည်းထုတ်ပြီး ကောကိုလာကြည့်ရတာကို”
အန်းလော့ အမူအရာမဲ့စွာဖြင့် မျက်နှာကျက်သို့ အကြည့်ပို့လိုက်သည်။
အန်းရန် မကျေနပ်နိုင်စွာဖြင့် မျက်နှာပြောင်ပြောင်ပြောလာသည် “ကော ကျွန်တော်တို့မတွေ့ရတာကြာပြီ အတိတ်အကြောင်းလေးတွေ ပြန်ပြောကြရအောင်လေ……”
အန်းလော့မျက်လုံးမှိတ်လိုက်ကာ သူ့အားအဖက်မလုပ်တော့ပေ။
ခဏကြာပြီးတော့ စိတ်ဝင်စားစရာမကောင်းဟု အန်းရန် ထင်သွားတာဖြစ်နိုင်သည်။ နောက်ဆုံးတွင်တော့ ထလိုက်ကာ ကုတင်ခေါင်းရင်းရှိ နှင်းဆီပန်းစည်းကိုလည်း ပြန်ယူသွားသည်။
တံခါးဝဆီရောက်သွားချိန်တွင် သူရုတ်တရက် တိုးတိုးပြောလာသည် “တောင်းပန်ပါတယ် နောက်တစ်ခါကျ နှင်းဆီပန်းမပေးတော့ပါဘူး ကောပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်မှန်း ကျွန်တော်မသိခဲ့ဘူး”
သူ့အသံမှာ စောနက ပြုံးရွှင်နေသည့်ပုံစံနှင့် လုံးလုံးမတူတော့ကာ ထူးဆန်းစွာဖြင့် ခပ်နိမ့်နိမ့်ဖြစ်သွားတော့သည်။ ခပ်နိမ့်နိမ့်အသံတွင် မရှင်းလင်းသည့် ခံစားချက်တစ်မျိုးလည်း တိုးတိုးတိတ်တိတ်ပါနေလေသည်။ ထိုခံစားချက်မှာ ဖောက်ထွင်းမြင်နေရသည့် ရေစက်ကလေးတစ်စက် မှန်ပြတင်းပေါက်ပေါ်တွင် ဖြည်းဖြည်းချင်းလျောဆင်းသွားသကဲ့သို့ မည်သည့်ခြေရာလက်ရာမှ မကျန်ခဲ့တော့ပေ။
အန်းလော့ သံသယဖြစ်စွာ ခေါင်းမော့ကြည့်လိုက်ပေမဲ့ ထွက်ခွာသွားသည့် ဖြောင့်မတ်မတ်နောက်ကျောကိုသာ မြင်လိုက်ရတော့သည်။
※※※
အန်းရန်ကအရမ်းချစ်ဖို့ကောင်းပါတယ်။ သူ့ကိုမမုန်းကြနဲ့နော်~~ စစ်တိ(စတုတ္ထညီလေး)အန်းဇယ်ရဲ့ပွဲဦးထွက်က နောက်ကျဦးမှာမလို့ မလောကြပါနဲ့။
___________________
Word – 2913
Xiao Dream
အန်းရန်ဆိုတော့ Dreamတို့ရဲ့ ဘော်ဒါဟောင်းကြီးပဲ ပြေးပြေးမြင်နေတယ် ಥ_ಥ