Chapter - 8

အန်းရန်မှာ နောက်နေ့နေ့လယ်တွင်လည်း ထပ်လာကာ ရောဂါမေးပြန်၏။ ဤတိတိ၏ အရေထူမှုက သြောချရလောက်သည်။
မိမိ၏အေးစက်စက်အပြုအမူက သူ့ကိုအနည်းငယ် အသိတရားရစေခဲ့လိမ့်မည်ဟု အန်းလော့ ထင်ထားခဲ့သည်။ သို့သော် အန်းရန်မှာ မနေ့က ကောကောဆီက မောင်းအထုတ်ခံရသည့်ကိစ္စအား လုံးဝမေ့သွားလုနီးပါးဖြစ်သည်ဆိုသည်ကို သူမထင်ထားမိခဲ့ပေ။ ယနေ့ ရောဂါလာမေးချိန်တွင် နှုတ်ခမ်းထောင့်၌ ချောချောမောမောအပြုံးအား ချိတ်ဆွဲထားပြန်သည်။ မျက်နှာပေါ်တွင်လည်း နေကာမျက်မှန်အား တပ်ထားပြန်၏။ သို့သော် ဤတစ်ခေါက်တွင်တော့ နှင်းဆီပန်းမပါ။ သစ်သီးတစ်ခြင်းသာ ယူခဲ့ပါ၏။
“ကော ဒီနေ့ နည်းနည်းပိုကောင်းလာပြီလား?” အန်းရန် ပြုံးစစနှင့် မေးလာသည်။
အန်းလော့ ဆိတ်ငြိမ်စွာပြောလိုက်သည် “မနေ့ကလိုပါပဲ”
“ဝူး” အန်းရန်မှာ ချက်ချင်းပိတ်အပြောခံလိုက်ရသည်။ သို့သော်လည်း စိတ်ထဲမထားဘဲ ပြုံးစစနှင့် ဆက်ပြောပြန်၏ “ကျွန်တော် ဆရာဝန်ကို မေးကြည့်ပြီးသွားပြီ။ ကောရဲ့ခွဲစိတ်မှုက အရမ်းအောင်မြင်တယ်တဲ့။ ပြန်ကောင်းဖို့ နည်းနည်းကြာနိုင်ပေမဲ့ မလောပါနဲ့။ ဖြည်းဖြည်းချင်း ကောင်းသွားမှာပါ”
“……” အန်းလော့ သူ့အား မတုံ့ပြန်လိုက်ပေ။
အန်းရန် သစ်သီးခြင်းထဲမှ ပန်းသီးတစ်လုံးယူလိုက်ပြီး အလေးအနက်ထားကာ အခွံနွှာတော့သည်။ သူ့ဓားကိုင်စွမ်းရည်မှာတော့ သိပ်မဆိုးလှ။ ခပ်မြန်မြန်ပင် ပန်းသီးအား သပ်သပ်ရပ်ရပ် အခွံနွှာပြီးသွားသည်။ ထို့နောက် အခွံနွှာပြီးသားပန်းသီးအား သတိတကြီးနှင့် အန်းလော့နှုတ်ခမ်းနားသို့ တိုးပေးလာသည်။ ထို့နောက် ဖားယားသည့်အပြုံးလေးဖြင့် ပြောလာသည် “ကော ပန်းသီးစားမလား?”
အကယ်၍ သူ့ခန္ဓာကိုယ်နောက်တွင် အမြီးရှည်တစ်ချောင်းသာ ရှိပါလျှင် ယခုအချိန်တွင် ထိုအမြီးမှာ သေချာပေါက် ဘယ်ညာလှုပ်ယိမ်းနေမည်သာ။
“……” အန်းလော့ ထိုပုံစံအား ပုံဖော်ကြည့်လိုက်မိရာ ချက်ချင်းပင် ခေါင်းကျိမ်းလာရတော့သည်။ လည်စေ့မှာ အနည်းငယ်လှုပ်ရှားသွားရသည်။ စိတ်ထဲမှရှုပ်ထွေးမှုအား သက်သာစေရန် တစ်ခုခုပြောလိုက်ချင်သည်။ သို့သော်ငြား အန်းရန်၏တောက်ပနေသည့် မျက်လုံးများနှင့် အကြည့်ဆုံမိလိုက်ရာ မျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံးများကိုကြည့်မိကာ အန်းလော့မှာ မပြောရက်တော့ပေ။
မနေ့က ပန်းယူသွားသည့်အချိန်တွင် ဝမ်းနည်းနေသည့် သူ့အမူအရာကို ပြန်စဥ်းစားမိသွား၍ အန်းလော့စဥ်းစားမိ၏။ ဤအာ့တိမှာ မျက်နှာအရည်ထူသော်လည်း ပန်းသီးကို ကိုယ်တိုင်အခွံနွှာကာ အစ်ကိုဖြစ်သူရှေ့တွင် မျက်နှာရရန်ကြိုးစား၏။ မိမိမှာလည်း သူ့အပေါ်…… သိပ်ပြီးမအေးစက်သင့်ဘူးထင်မိသည်။
မျက်စိရှေ့ရှိတိတိမှာ အလွန်စိမ်းသက်သေးသော်လည်း ဒီခန္ဓာကိုယ်နှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့သည့် ဆွေမျိုးပင်မဟုတ်ပါလား။ နောက်ပိုင်းတွင်လည်း အန်းမိသားစုတွင် ဆက်လက်၍ ရှင်သန်ရဦးမည်သာ။ ညီအစ်ကိုကြားတွင် ဆက်ဆံရေးအလွန်တောင့်တင်းလွန်းလျှင်လည်း မိမိအတွက် မည်သည့်ကောင်းကျိုးမှ မရှိချေ။
စိတ်ရှည်လက်ရှည် ခွဲခြမ်းစိတ်ဖြာပြီးနောက် မသင့်တော်ဟု ခံစားလိုက်ရသည်။ အန်းလော့ တောင့်တင်းနေသည့်မျက်နှာနှင့်ပင် သူကမ်းပေးသည့် ပန်းသီးအားယူကာ ခေါင်းငုံ့၍ တစ်ကိုက်ကိုက်လိုက်သည်။ ဤပန်းသီးမှာ မွှေးမွှေးချိုချိုနှင့် စားကောင်းလှသည်။ မိမိစဥ်းစားထားသလောက် စားရမခက်။ ထို့ကြောင့် ကြုတ်ထားသည့်မျက်မှောင်အား ဖြေလျော့ကာ တစ်ကိုက်ချင်းစားတော့သည်။
ကောကော ခေါင်းငုံ့ကာ ပန်းသီးကိုက်နေသည့်ပုံစံအားကြည့်၍ အန်းရန်နှုတ်ခမ်းထောင့်ရှိအပြုံးမှာ ပိုကြီးလာရသည်။
နေ့လယ်ခင်းနေရောင်မှာ ပြတင်းပေါက်အားဖြတ်ကျော်၍ လူနာခန်းထဲသို့ ဝင်ရောက်လာသည်။ ထို့ကြောင့် အန်းလော့၏ကိုယ်ပေါ်၌ အလင်းဖျော့ဖျော့လေး တောက်ပနေလေသည်။ ထိုရှုထောင့်မှနေ၍ သူ၏နက်မှောင်နေသည့် ဆံပင်များနှင့် မျက်တောင်ရှည်ရှည်များအား တွေ့ရနိုင်သည်။ အစက ရေခဲကဲ့သို့ အေးစက်နေသည့် မျက်နှာမှာ နေမကောင်းမှုကြောင့် ဖြူဖျော့နေသည်။ ထိုအချိန်တွင် နေရောင်၏အလင်းပေးမှုကြောင့် လူ့နှလုံးအား နာကျင်စေလောက်အောင် နူးညံ့ပျော့ဖက်နေသည့် ခံစားချက်အား ပေးစွမ်းနေလေသည်။
အန်းရန် ခဏလောက် ကြည့်နေလိုက်ပြီးနောက် တိုးတိုးပြောလိုက်သည် “ကောအတိတ်မေ့သွားတာက အရင်ကထက်ပိုပြီး နွေးထွေးနူးညံ့လာသလိုပဲ”
အန်းလော့ ခေါင်းမော့ကာ သူ့အားကြည့်လိုက်သည်။ မျက်လုံးထဲတွင်တော့ “နွေးထွေးနူးညံ့”ဆိုသည်နှင့် သက်ဆိုင်သည့် ခံစားချက်တစ်စုံတစ်ရာ ရှိမနေပေ။ ထို့အပြင် ပို၍တိတ်ဆိတ်အေးစက်နေသေးသည်။
_____ ဘာတွေများ ဟန်ဆောင်နေရတာလဲ။ အပြောမာပေမဲ့ စိတ်နုတဲ့ကောကောရဲ့။
အန်းရန် စိတ်အခြေအနေကောင်းစွာဖြင့် ပြုံးကာပြောလိုက်သည် “ကော တစ်နေ့လုံး လူနာခန်းထဲနေနေရတော့ မွန်းကြပ်များနေသလား?”
အန်းလော့ စဥ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ကျွန်တော် ကောကို လေညှင်းခံဖို့ ခေါ်သွားပေးမယ်လေ”
အန်းရန်မှာ ပြောပြောဆိုဆိုနှင့် ထထွက်သွားသည်။ ခဏအကြာတွင် wheel chair တစ်လုံးအား တွန်းလာကာ အန်းလော့ကုတင်ဘေးတွင် ရပ်ထားလိုက်သည်။
အန်းလော့၏ခြေထောက်မှာ ကျောက်ပတ်တီးစည်းထားတာကြောင့် မတ်တပ်ရပ်ဖို့ဝေးစွ။ လှုပ်ရှားဖို့တောင် အလွန်ခက်ခဲလေသည်။ ထို့ကြောင့် မျက်မှောင်ကြုတ်လျက် မည်သို့လုပ်ရမည်ကို စဥ်းစားနေမိ၏။ ထို့အရာကို အန်းရန်တွေ့လျှင် ရုတ်တရက် ငုံ့ကိုင်းကာ ပြောလာသည် “ကျွန်တော်ချီပေးမယ်”
“……” အန်းလော့မှာ တခြားသူများနှင့် ထိတွေ့ဆက်ဆံရမည်ကို အလွန်အသားမကျရှိလှသည်။ သို့သော် လက်ရှိအခြေအနေအရ မိမိ၏ခွန်အားမှာ လက်နှစ်ဖက်နှင့် wheel chair ပေါ်ရောက်အောင် တက်နိုင်မည်မဟုတ်ပေ။ သူပြန်လည်မွေးဖွားလာသည်မှစ၍ လူနာအခန်းထဲတွင်သာ နေခဲ့ရသည်ဖြစ်ရာ အမှန်တကယ်ပင် အပြင်ထွက်၍ လေကောင်းလေသန့် ရှူချင်နေမိသည်။ ခြေထောက်နှစ်ဖက်မှာ မလှုပ်ရှားနိုင်သည်ဖြစ်ရာ သူ့ကိုပဲ ချီခိုင်းရတော့မည်။
အန်းလော့ ဆိတ်ငြိမ်စွာဖြင့် ခေါင်းညိတ်လျက် ပြောလိုက်သည် “ကောင်းပြီ”
အန်းရန်၏မျက်နှာအမူအရာမှာ အနည်းငယ်အံ့အားသင့်သွားပုံပေါက်သွားသည်။ ခွင့်ပြုချက်ရသည်နှင့် ကုတင်ဘေးသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ လက်တစ်ဖက်မှာ ကောကော၏ပုခုံးကာ ပွေ့ဖက်၍ တခြားတစ်ဖက်မှာ ဒူးခေါက်ကွေးအောက်မှ လျှိုလိုက်သည်။ လက်မောင်းနှစ်ဖက်မှာ အားအနည်းငယ်သုံးထားရုံနှင့် သူ့အား ကုတင်ထက်မှ ပွေ့ချီလိုက်နိုင်သည်။ ထို့နောက် ကုတင်ဘေးရှိ wheel chair ပေါ်သို့ ဖွဖွချပေး၏။
သူ့လှုပ်ရှားမှုမှာ အလွန်နူးညံ့လှသည်။ ရင်ခွင်ထဲတွင် ပွေ့ချီထားသည်မှာ ရတနာပစ္စည်းတစ်ခု ဖြစ်သကဲ့သို့ ဖြစ်စဥ်တစ်ခုလုံးမှာ သတိတကြီးနှင့်ပင်။ မည်သည့်ဒဏ်ရာမှ မထိအောင်လည်း အလွန်ဂရုစိုက်ထားသည်။
စောနက နွေးထွေးသည့်ပွေ့ချီမှုမှ ရလိုက်သည့် အသားမကျသည့်ခံစားချက်အား အန်းလော့ လျစ်လျူရှုထားလိုက်သည်။ ဆိတ်ငြိမ်သည့်မျက်နှာဖြင့် wheel chair အားတွန်းကာ တံခါးမှ ထွက်ချင်မိ၏။ သို့သော် အန်းရန်ဆီမှ ဖွဖွတားခြင်းခံလိုက်ရသည်။ _____
“ကျွန်တော်တွန်းပေးမယ်”
အန်းလော့ နောက်သို့ လှည့်ကြည့်မိချိန်၌ သူ့အပြုံးမျက်လုံးများကို မြင်လိုက်ရသည်။
အန်းရန် ကောကောကို တောက်ပစွာ ပြုံးပြလိုက်သည်။ ထို့နောက် ကုတင်ပေါ်ရှိ ပဝါပါးပါးတစ်ထည်အား ယူလိုက်ပြီး အန်းလော့၏ခြေထောက်ကို ဂရုတစိုက်ဖုံးပေးလိုက်၏။ ထို့နောက်မှ နေကာမျက်မှန်ပြန်တပ်လိုက်ပြီး wheel chairအား တွန်းကာထွက်ခဲ့တော့သည်။
***
အပြင်ဘက်ရှိ ရာသီဥတုမှာ အလွန်ကောင်းလှသည်။ ယခုအချိန်မှာ နွေဦးဖြစ်တာကြောင့် နေရောင်ခြည်မှာ အလွန်တောက်ပလျက်ရှိသည်။ နေပူဆာလှုံချိန်၌ သက်တောင့်သက်သာဖြစ်သည့် ခံစားချက်အား ပေးစွမ်းလေသည်။ အချိန်အတော်ကြာ နေပူဆာမလှုံခဲ့ရသည့် အန်းလော့မှာ နောက်ဆုံးတွင်တော့ လတ်ဆတ်သည့်လေအား ရှူရှိုက်ခွင့်ရခဲ့လေသည်။ စိတ်ခံစားချက်မှာလည်း အများကြီးပိုကောင်းလာရ၏။
အတွင်းလူနာဌာနမှ ထွက်လာပြီးနောက် ဆေးရုံအတွင်းရှိ ရောင်စုံသောပန်းမျိုးစုံကို အန်းလော့ မြင်လိုက်ရသည်။
မလှမ်းမကမ်းတွင် ဂီတရေပန်းတစ်ခုရှိပြီး ဖောက်ထွင်းမြင်နိုင်သည့် ရေပုလဲများမှာ ဂီတသံစဥ်အလိုက် လှပသောပုံစံမျိုးစုံဖြင့် ထွက်ပေါ်လာနေသည်။ ရေပန်းဘေး၌ မြက်ခင်းစိမ်းစိမ်းရှိပြီး အလယ်တွင် တစ်မီတာနီးပါးကျယ်ဝန်းသည့် လမ်းလေးတစ်လမ်းရှိသည်။ တစ်ချို့သောလူနာများမှာ မိသားစုဝင်များ၏ ထောက်ကူမှုဖြင့် လမ်းလေးပေါ်တွင် အပန်းဖြေလမ်းလျှောက်နေကြသည်။
ဤဆေးရုံ၏ပတ်ဝန်းကျင်မှာ အလွန်ကောင်းလှသည်။ VIP လူနာခန်း၏နေရာမှာ ဟိုတယ်အလား ကြွယ်ဝလှသည်။ ပတ်ဝန်းကျင်ရှိ အစိမ်းရောင်အပင်များကလည်း အပြစ်ဆိုဖွယ်မရှိ။ ဤသို့နှယ်ကောင်းလှသည့် ဆေးရုံမျိုးရှိနေခြင်းက မိမိပြန်လည်မွေးဖွားလာသည့်နေရာမှာ စီးပွားရေးဖွံ့ဖြိုးသည့်မြို့ဖြစ်ကြောင်း သိသာလှသည်။
အန်းလော့ ပတ်ဝန်းကျင်ကို ခြုံငုံကြည့်လိုက်ပြီးနောက် ဤနေရာသို့ မိမိမရောက်ဖူးကြောင်း သေချာသွားရသည်။
ဤမြို့၏ ရာသီဥတုမှာ ကောင်းလှသည်။ လေထုကလည်း အလွန်လတ်ဆတ်သည်။ မိမိမရင်းနှီးသည့် ပတ်ဝန်းကျင်အား အန်းလော့ ကြည့်နေမိသည်။ ယခုခန္ဓာကိုယ်မှာ မည်သို့သောစရိုက်နှင့် နောက်ခံရှိနေမည်ကို အန်းလော့ ရုတ်တရက် သိချင်မိသွားရသည်။ ထွက်ပေါ်မလာသေးသည့် တိတိနှစ်ယောက်က မည်သို့သော မျက်နှာသွင်ပြင်နှင့် အကျင့်စရိုက်ရှိမည်ကိုလည်း သိချင်မိသည်။
ထိုအရာကိုစဥ်းစားမိချိန်တွင် စိမ်းသက်နေသည့် တစ်ချိန်တည်းမှာပင် မသိလိုက်ပါသာနှင့် အနည်းငယ်လည်း စူးစမ်းချင်နေမိသည်။
“ကော ကျွန်တော်တို့ အဲဒီဘက်သွားကြည့်ရအောင်” အန်းရန် မလှမ်းမကမ်းရှိ မြက်ခင်းပြင်ကို ညွှန်ပြလိုက်သည်။ ထိုနေရာမှာ နေပူဆာလှုံရန် ပိုကောင်း၏။ အန်းလော့ ခေါင်းညိတ်လိုက်ကာ wheel chair အား မြက်ခင်းပြင်ဆီသို့ တွန်းသွားခွင့်ပြုလိုက်သည်။
မြက်ခင်းပြင်ဘေးတွင် လူအများအနားယူရန် သစ်သားခုံတန်းလေး ပြုလုပ်ထားပေးသည်။ အန်းရန်သည် wheel chairကို ခုံတန်းဘေးတွင် ရပ်လိုက်သည်။ သူကိုယ်တိုင်မှာလည်း ခုံတန်းပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် ကောကောကိုလှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ နေရောင်ခြည်အောက်တွင် သူ၏နီညိုရောင်ဆံပင်မှာ ရွှေချထားသကဲ့သို့ ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။
သူဘာကြောင့် ရယ်နေသည်ကို အန်းလော့ နားမလည်နိုင်ပေ။ သူ့အပြုံးအားကြည့်ကာ ခဏလောက် တိတ်ဆိတ်သွားရသည်။ အကြည့်မှာ သူ့မျက်နှာမှတစ်ဆင့် အဝေးရှိ လှပသည့်ရှုခင်းများဆီသို့ ရောက်ရှိသွားသည်။
မလှမ်းမကမ်းတွင် ကင်မရာကိုင်ထားသည့်သူများမှာ ဤဘက်သို့ ပြေးလာနေကြသည်။ ပုံစံအရ သတင်းထောက်များ ဖြစ်နိုင်သည်…… ဆေးရုံတွင် မီဒီယာများကို ဆူပူအုံကြွသွားစေသည့် ဆေးဘက်ဆိုင်ရာ မတော်တဆမှုများဖြစ်သလားဟု အန်းလော့ တွေးမိသွားရသည်။ ထို့နောက် အန်းရန် မျက်နှာပြောင်းသွားသည်ကိုသာ တွေ့လိုက်ရသည်။ အန်းရန်မှာ ရုတ်တရက် ထရပ်လိုက်ပြီး မိမိရှေ့၌ကွယ်လိုက်သည်။
ထိုသတင်းထောက်များမှာ အမှန်ပင် သူ့ရှေ့၌ရပ်လိုက်ကြသည်။
“လူကြီးမင်းအန်းရန် ‘အဆုံးမရှိ’ရိုက်ကူးရေးအဖွဲ့ရဲ့ နောက်ဆက်တွဲရိုက်ကူးရေးဖိတ်ခေါ်ချက်ကို ငြင်းလိုက်တယ်ဆိုဗျ ရွှီရှောက်ချန်နဲ့ မတည့်ဘူးဆိုတဲ့ ကောလဟာလက အမှန်ပဲလား?”
“ရွှီရှောက်ချန်က ဇာတ်လိုက်နေရာကို လက်ခံလိုက်ပြီးတော့ လူကြီးမင်းဘာလို့ ဆက်ပြီး သရုပ်မဆောင်တော့တာလဲ?”
“လူကြီးမင်း ပြည်တွင်းကို မြန်မြန်ပြန်လာတာက အိမ်မှာ မတော်တဆတစ်ခုခုများ ဖြစ်လို့ပါလား? !”
“လူကြီးမင်းရဲ့ ကောကောက ပြန်ပေးဆွဲခံလိုက်ရတယ်ဆိုတာ အမှန်ပဲလားရှင့်? ဒီအပေါ် ဘာများ ပြောချင်တာရှိလဲရှင့်?”
“လူကြီးမင်းအန်း လူကြီးမင်းရဲ့ကောကော ပြန်ပေးဆွဲခံရတာက အန်းမိသားစုက စီးပွားရေးလောကမှာ ရန်သူတွေအရမ်းများနေလို့ လက်စားချေခံရတာများလား?”
“wheel chair ပေါ်မှာထိုင်နေတာက လူကြီးမင်းရဲ့ကောကော အန်းလော့လား?”
အန်းရန် လက်မြောက်ကာ နေကာမျက်မှန်အား ချွတ်လိုက်သည်။ အကြည့်များဖြင့် သတင်းထောက်အုပ်စုအား ဝေ့ဝိုက်ကြည့်လိုက်သည် ____
သူ့မျက်နှာပေါ်တွင် အပြုံးဖွဖွရှိသော်လည်း အကြည့်များမှာတော့ အေးစက်လျက်ရှိသည်။ သူတစ်လုံးချင်း သေချာပြောလိုက်သည် “မေးခွန်းတစ်ခုခုရှိရင် မနက်ဖြန် သတင်းစာရှင်းလင်းပွဲကျမှပဲ ကျွန်တော့်ကို သီးသန့်မေးပေးပါ။ အခု ကျွန်တော့်ကောကော အနားယူနေတာကို မနှောင့်ယှက်ပါနဲ့ !”
လူများမှာ သူ့၏စူးရှသည့်မျက်ဝန်းများကြောင့် လန့်သွားရကာ ကြောင်အသွားကြသည်။ ထို့နောက် အတင်းအကြပ် မေးလာကြပြန်သည် “လူကြီးမင်းအန်း ကျွန်တော့်မေးခွန်းလေးကို ဖြေပေးပါဦး……” “လူကြီးမင်းအန်းရန်……”
သတင်းထောက်များမှာ ဆက်လက်၍ မရမက တောင်းဆိုနေကြဆဲပင်။ လူနှစ်ယောက်ကို ဝိုင်းထားကြလေသည်။ ကင်မရာဖရက်ရှ်လိုက်များသည်လည်း အဆက်မပြတ် လင်းလက်နေသည်။ မေးခွန်းများမှာလည်း စက်သေနတ်ပစ်သကဲ့သို့ တစ်ခုပြီးတစ်ခု။ ဤသို့သောမြင်ကွင်းမှာ ပတ်ဝန်းကျင်ရှိလူများကို စူးစမ်းစွာဖြင့် ခြေလှမ်းများ ရပ်တန့်သွားစေခဲ့သည်။
အန်းရန် မျက်လုံးအား ဖွဖွမှေးထားလိုက်သည်။
တကယ်လို့ သူတစ်ယောက်တည်းဆိုရင်တော့ ပုံရိပ်ကိုဂရုမစိုက်ဘဲ ထိုသတင်းထောက်များအား တွန်းထုတ်လိုက်လျှင်ရသော်ငြား ယခုတွင် အန်းလော့ရှိနေသည်။ wheel chair ပေါ်တွင်ထိုင်နေသည့် အန်းလော့မှာ ခြေထောက်နှစ်ဖက်ကို ခွဲစိတ်ထားသည်မှာ မကြာသေး။ အကယ်၍များ ထပ်ပြီးထိခိုက်မိပါလျှင် အကျိုးဆက်မှာကား မတွေးနိုင်လောက်အောင်ပင်။
အန်းရန် အသက်ပြင်းပြင်းရှူကာ စကားပြောရန်ပြင်ဆင်မှာပဲ wheel chair ပေါ်တွင်ထိုင်နေသည့် အန်းလော့မှာ ရုတ်တရက် စကားပြောလာသည် _____
“မင်းတို့ပြောတာမမှားဘူး။ ကျွန်တော်က သူ့ကောကော အန်းလော့ပဲ”
တစ်ချိန်လုံး အေးစက်တည်ငြိမ်နေခဲ့သည့် အန်းမိသားစုအကြီးဆုံးသခင်လေးမှာ မီဒီယာရှေ့တွင် စကားပြောလာလိမ့်မည်ဟု မထင်ထားမိပေ။ သတင်းထောက်များသည် ကင်မရာများအား သူ့ထံသို့ အလျင်အမြန် ဦးတည်လိုက်တော့သည်။
အန်းလော့ ကင်မရာကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည် “ကျွန်တော် ပြန်ပေးဆွဲခံလိုက်ရတယ်ဆိုတာ အမှန်ပါပဲ။ ဘယ်သူက ကျွန်တော့်ကို ပြန်ပေးဆွဲသလဲဆိုတာကိုတော့ ခင်ဗျားတို့တင်မဟုတ်ဘူး၊ ကျွန်တော်ကိုယ်တိုင်ကလည်း သိချင်မိပါရဲ့” ခဏနားကာ ဆက်ပြောလာသည် “ဒါနဲ့ ခင်ဗျားတို့ကို သတင်းတစ်ခု ပေးရဦးမယ် _____ ကျွန်တော် မှတ်ဉာဏ်ပျောက်သွားတယ်။ အရင်ကကိစ္စတွေကို တစ်ခုမှ မမှတ်မိတော့ဘူး”
အံ့အားသင့်နေသည့် သတင်းထောက်များကို အန်းလော့ မော့ကြည့်လိုက်သည်။ ထို့နောက် မျက်ခုံးပင့်ကာ ဆက်ပြောသည် “ခင်ဗျားတို့ပြန်ပြီးတော့ သတင်းရေးလို့ရပြီ။ တခြားမေးခွန်းတွေကို ကျွန်တော်မဖြေချင်ဘူး။ ခင်ဗျားတို့လည်း ထပ်မေးဖို့ မလိုတော့ဘူး” ပြောပြီးနောက် ခေါင်းလှည့်သွားကာ ထပ်ပြီး အဖက်မလုပ်တော့ချေ။
“……” သူစကားပြောသည်နှင့် ဤသို့ပေါက်ကွဲသွားစေသည်များ ပြောလာလိမ့်မည်ဟု မထင်ထားမိကြ။ သတင်းထောက်အုပ်စုမှာ ကြောင်အအဖြစ်နေကြကာ အတော်ကြာသည်အထိ စကားမပြောနိုင်ကြတော့ပေ။
အန်းလော့ မျက်နှာပြလာလိမ့်မည်ဟု အန်းရန်သည်လည်း မထင်ထားမိချေ။ ထို့နောက် စကားနှစ်ခွန်းနှင့်ပင် သတင်းထောက်များ၏ပါးစပ်အား ပိတ်ဆို့လိုက်တော့သည်။
သတင်းထောက်များ ထိုနေရာတွင် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေသည်အားမြင်တော့ အန်းရန် အလျင်အမြန်ပြောလိုက်သည် “အခုက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အချိန်မလို့ ကျေးဇူးပြုပြီး မနှောင့်ယှက်ကြပါနဲ့” ပြောပြီးနောက် ချက်ချင်း လှည့်ထွက်ကာ အန်းလော့ကိုတွန်းလျက် လူအုပ်ကြားမှ ထွက်လာခဲ့တော့သည်။
***
လူနာခန်းသို့ ပြန်ရောက်ချိန်အထိ အန်းလော့ စကား ထပ်မပြောခဲ့ပေ။
အန်းရန်မှာ စိတ်ရှုပ်နေရသည်။ ကောကော၏မျက်နှာပေါ်တွင် ခံစားချက်များမှာ တည်ငြိမ်ဆဲဖြစ်သည်ကြောင့် သူစိတ်ဆိုးသွားသလားဆိုသည်ကို မသိရနိုင်။ စောနက wheel chair ပေါ်တွင်ထိုင်ရင်း သတင်းထောက်များဆီမှ အဝိုင်းခံထားရသည့်မြင်ကွင်းအား ပြန်မြင်ယောင်ကြည့်သည်နှင့် အန်းရန်မှာ စိတ်များပူပန်လာရတော့သည်။
တစ်ခဏကြာပြီးနောက် အန်းရန် တိုးတိုးပြောလိုက်သည် “ကော စိတ်ဆိုးသွားလား?”
အန်းလော့ ခေါင်းမော့ကြည့်လိုက်သည်။ အကြည့်များသည် နီညိုရောင်ဆိုးထားသည့် ဆံပင်များမှ ဖုန်တစ်စက်မပေသည့် ဖိနပ်အထိရောက်သွားသည်။ တစ်ချက် အသေအချာကြည့်ပြီးနောက် အန်းလော့ ပြောလိုက်သည် “မင်းက တကယ့်နာမည်ကြီးတစ်ယောက်ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး”
အန်းရန်ကြောင်အသွားပြီးမှ သူအတိတ်မေ့နေကြောင်း သတိရကာ အလျင်အမြန်ရှင်းပြလိုက်သည် “ကျွန်တော်က အမှန်ကို အနုပညာလောကမှာ နာမည်နည်းနည်းရှိတယ်။ ဆေးရုံလာရင် နေကာမျက်မှန်တပ်လာတာကလည်း သူများတွေ မှတ်မိသွားမှာစိုးလို့ပဲ” ခဏရပ်သွားပြီးမှ ခေါင်းငုံ့ကာ လက်သီးဆုပ်လိုက်မိသည် “ဒါပေမဲ့လည်း ပါပါရာဇီတွေက မိသွားတုန်းပဲ။ အဲဒီပါပါရာဇီတွေက တကယ်ကို နေရာတကာမှာရှိနေတာ…… ကောကိုလည်း နှောင့်ယှက်မိသွားသေးတယ်။ တကယ်တောင်းပန်ပါတယ်”
အန်းရန် ဖွဖွဒူးထောက်လိုက်ပြီး လက်တွေက wheel chair လက်တန်းကို ဖွဖွထောက်ထားလိုက်သည်။ အန်းလော့ကို ရင်ခွင်ထဲပိတ်ထားလိုက်ပြီး စောင့်ကြည့်သည့်အမူအရာဖြင့် သူ့ကိုသေချာကြည့်နေသည် “တောင်းပန်ပါတယ် ကောကော…… ကျွန်တော်အာမခံပါတယ်။ ဒီလိုအခြေအနေမျိုး နောက်မရှိစေရပါဘူး”
ဤလှုပ်ရှားမှုနှင့် အကြည့်မှာ သခင်အား အမှားဝန်ခံကာ ချွဲနေသည့် တိရစ္ဆာအကြီးကြီးနှယ် အန်းလော့တွေးမိသွားစေသည်။
အကယ်၍ မိမိမျက်စိရှေ့တွင် ထိုင်နေသည်က ခွေးကြီးကြီးတစ်ကောင်သာ ဖြစ်ခဲ့ပါလျှင် အန်းလော့ လက်ဆန့်တန်းကာ သူ့ခေါင်းကို ပွတ်ပေးမိမည်ဖြစ်သည်။ သို့သော် မျက်စိရှေ့ထိုင်နေသည်က သနားချင်ယောင်ဆောင်နေသည့် အန်းရန်ဖြစ်သည်။ အန်းလော့ ကို့ရိုးကားယားနိုင်စွာဖြင့်သာ အကြည့်လွှဲလိုက်နိုင်သည်။ သူဖွဖွပြောလိုက်သည် “ငါစိတ်မဆိုးပါဘူး မင်းထပြီးပြောပါ”
အန်းရန် ချက်ချင်းပင် ခပ်ချောချောပြုံးပြလိုက်သည်။ မတ်တပ်ရပ်ပြီးနောက် နားနားကပ်ကာ မေးလိုက်သည် “ကောကော တကယ်စိတ်မဆိုးဘူးလား?”
အန်းလော့ တောင့်တင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
သတင်းထောက်ဆီက အဝိုင်းခံရသည့်မြင်ကွင်းမျိုးကို အရင်ဘဝ၌ အတွေ့များခဲ့ပြီးဖြစ်သည်။ ကိစ္စအသေးလေးအား ယုတ္တိမရှိအောင် လျှောက်ရေးတတ်သည်က အလွန်စိတ်ရှုပ်ဖွယ်ဖြစ်ကြောင်း တစ်ခါတစ်လေတွေးမိသည်။ သို့သော်လည်း တစ်ချို့အချိန်များတွင် သတင်းထောက်များ၏ ဤသို့နှယ်ချဲ့ကားလွန်းသည့် သတင်းဆောင်းပါးများကိုအသုံးပြု၍ မိမိရည်မှန်းချက်ကို ပြည့်ဝအောင်လုပ်နိုင်သည်။
အန်းလော့ ခေါင်းစောင်းကာ ပြတင်းပေါက်ကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာပြောလိုက်သည် “ငါအတိတ်မေ့သွားတဲ့ကိစ္စက မဟုတ်လည်း အနှေးနဲ့အမြန်ပေါ်မှာပဲ တခြားသူတွေကို လျှောက်ပြီးခန့်မှန်းခိုင်းနေမဲ့အစား အခုကတည်းက မီဒီယာကနေ တရားဝင်ပြောလိုက်တော့ ပိုကောင်းတာပေါ့”
ဤသည်ကိုပြောရင်း အန်းလော့၏နှုတ်ခမ်းများမှာ အေးစက်စက် တွန့်ချိုးသွားလေသည် “ငါ့ကို ပြန်ပေးဆွဲတဲ့သူတွေ ငါသေသွားမှာ လိုချင်ကြတဲ့သူတွေ…… ဒီသတင်းကိုကြားရင် ပျော်ရင်ပျော်နေမှာပေါ့”
_____________________
Word – 4,500
Xiao Dream
အန်းလော့မျက်လုံးထဲရှိအန်းရန် : အမွှေးဖွားဖွားခွေးကြီးကြီး