Chapter - 9

ထိုတစ်နေ့လယ်လုံး အန်းရန် ဆေးရုံတွင်နေကာ အန်းလော့အား အဖော်ပြုပေးနေခဲ့သည်။ ညစာစားပြီးနောက်တွင်လည်း အပျင်းတစ်နေကာ မသွားချင်ဖြစ်နေပြန်သည်။ အန်းလော့ အေးစက်စက်မျက်နှာနှင့် အမိန့်ချအပ်မှသာလျှင် အန်းရန်မှာ မခွဲနိုင်မခွာရက်နှင့် ထွက်ခွာသွားတော့သည်။
သူထွက်သွားပြီးနောက် အန်းလော့ အခန်းတံခါးပိတ်လိုက်သည်။ ထို့နောက် တီဗွီဖွင့်ကာ ဤနေရာရှိ သတင်းချန်နယ်သို့ ချိန်ညှိလိုက်သည်။
သတင်းသည် ည၇နာရီအချိန်တွင် အချိန်မှန် ထုတ်လွှင့်လေသည်။ သတင်းထဲတွင် ထွက်ပေါ်လာသည့် လူနာမည်နှင့် နေရာတော်တော်များများက သူမကြားဖူးသည်ချည်းဖြစ်သည်။ ယခုအချိန်တွင်ဖြစ်ပေါ်နေသည့် ပြည်တွင်းသတင်းများနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရေးရာများမှာ သူ့အတွက် အလွန်စိမ်းသက်လျက်ရှိသည်။
အန်းလော့၏မျက်ဝန်းများသည့် သတင်းအောက်ခြေ ဘယ်ဘက်ထောင့်ရှိ နေ့ရက်ပေါ်သို့ ကျရောက်သွားသည်_____
အခုအချိန်သည် Vancouver၌ လေယာဥ်ပျက်ကျပြီးနောက် ၂၇နှစ်အကြာတွင်ဖြစ်သည်။
အန်းလော့ ထိုရက်စွဲအားကြည့်ကာ မျက်မှောင်ဖွဖွကြုတ်လိုက်မိသည်။ ဒီလိုပြောရလျှင် မိမိမှာ အနှစ်၂၀ကြာပြီးနောက်ရှိ စိမ်းသက်သည့်အန်းမိသားစုတွင် ပြန်လည်မွေးဖွားလာခဲ့ခြင်းပင်။ ဤခန္ဓာကိုယ်မှာလည်း အသက်၂၀နီးပါးရှိပြီဖြစ်သည်။ နာမည်သည်လည်း အန်းရန်ဟု ခေါ်တွင်နေပြန်သည်______ မဟုတ်မှ တိုက်ဆိုင်မှတစ်ခုသာလား?
အနှစ်၂၀ကျော်ကြာပြီးနောက် ဤကမ္ဘာကြီးမှာ အလွန်ကြီးမားစွာ ပြောင်းလဲသွားရသည်။ သိပ္ပံနည်းပညာသည် တိုးတက်လျက်ရှိပြီး စီးပွားရေးမှာလည်း အလင်းအလျင်ဖြင့် ကြီးပွားတိုးတက်နေသည်။ သတင်းထဲရှိ တိုက်မြင့်အဆောက်အအုံများဖြင့် မြို့ကိုကြည့်ရင်း ကမ္ဘာလောကကြီးနှင့် အဆက်အသွယ်ပြတ်သွားသည့် ခံစားချက်မျိုး အန်းလော့ရလိုက်မိသည်။
အန်းလော့ နှလုံးသားထဲရှိ မအေးချမ်းသည့် ခံစားချက်များကို ဖိသိပ်ကာ တီဗွီချန်နယ်ကို စီးပွားရေးချန်နယ်သို့ ပြောင်းလိုက်သည်။
ဒီနှစ်ရက်အတွင်း သတင်းကြည့်ရင်း နားလည်ချက်အရ မိမိရှိနေသည့်နေရာသည် “ရှီးလင်”ဟုခေါ်သည့် မြို့တစ်မြို့ဖြစ်ကြောင်း သိထားခဲ့သည်။ အစိုးရသည် အနှစ်၂၀မတိုင်ခင်က ဤနေရာအား အလေးအနက်ထား ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးအချက်အချာမြို့အဖြစ် ပြုလုပ်ခဲ့သည့် မြို့လည်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျသည့် ပထဝီမြေအနေအထားကြောင့် တိုးတက်မှုမှာ အလွန်လျင်မြန်ခဲ့သည်။ အချိန် ၁၀နှစ်အတွင်းမှာပင် ပထမအဆင့်မြို့တစ်မြို့ ဖြစ်လာခဲ့သည်။
အန်းမိသားစုသခင်ကြီး အန်းကွမ်းယောက်မှာ စီးပွားရေးနယ်ပယ်တွင် ထိပ်သီးဖြစ်ကြောင်း ပီသလှသည်။ ဤမြို့ ဖွံ့ဖြိုးတိုးတက်စမှာပင် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်။ ပိုက်ဆံအတော်အများ ရရှိပြီးနောက် ကုမ္ပဏီခွဲများထောင်ကာ မိမိနေရာ တည်ငြိမ်အောင် လုပ်ကိုင်ခဲ့သည်။ အန်းမိသားစုသည် ဤမြို့တွင် ကျော်ကြားမှုနှင့်အာဏာ အလွန်ရှိသည်ဟု ဆိုနိုင်ပေသည်။ အန်းကွမ်းယောက်နှင့် သက်ဆိုင်သည့် သတင်းများမှာလည်း စီးပွားရေးချန်နယ်တွင် မကြာမကြာ ထွက်ပေါ်လာတတ်သည်။
အန်းလော့ဟု ခေါ်ဆိုဆဲဖြစ်သည့် မိမိသည် အန်းမိသားစု၏ အကြီးဆုံးသားဖြစ်နိုင်သည်။ အန်းကွမ်းယောက်၏ အချစ်ဆုံး မြေးပင်။
အန်းမိသားစု အကြီးဆုံးသခင်လေး ပျောက်ဆုံးပြီး သုံးရက်အကြာ၌ ဆောက်လုပ်ရေးအလုပ်သမားများသည် စွန့်ပစ်စက်ရုံ၌ ရှာတွေ့ခဲ့ကြသည်။ တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး လူနာတင်ကားဖြင့် သယ်ဆောင်ခြင်းသွားခြင်း ခံလိုက်ရသည်…… ဤသတင်းကို တီဗွီချန်နယ်များတွင် ၃,၄ရက်ဆက်တိုက် ထုတ်လွှင့်ခဲ့သည်။ ရဲဘက်ကလည်း စုံစမ်းစစ်ဆေးနေကာ ယနေ့အထိ ရလဒ်မသိရသေးပေ။
နာကျင်နေသည့် နားထင်အား အန်းလော့ နှိပ်နယ်လိုက်သည်။
ဤသို့သော သရုပ်သကန်မှာ သူ့အား အသားမကျစေခဲ့ပေ။
ယခု ခန္ဓာကိုယ်တည်ရှိနေသည့် ပတ်ဝန်းကျင်ဖြစ်စေ၊ အန်းမိသားစု၏ ဆွေမျိုးများဖြစ်စေ သူ့ကို အလွန်စိမ်းသက်စေလျက်။
ခြေထောက်ရှိ ကျောက်ပတ်တီးခပ်ထူထူမှာ သူ့အား လှုပ်ရှားနိုင်စွမ်း ပျောက်ဆုံးစေရုံသာမက အလေးအပေါ့သွားသည့် ကိစ္စသေးသေးလေးတွင်တောင် ကူညီပေးရန် လူလို၏။ အသုံးမကျသည့် လူတစ်ယောက်ကဲ့သို့ ရက်အတော်ကြာ အပြုစုခံခဲ့ရသည်။ ကုတင်ပေါ်တွင် တစ်ယောက်တည်းလှဲနေရသည့် ညအချိန်တိုင်း ခံစားမှုပျောက်နေသည့် မိမိခြေထောက်နှစ်ဖက်အား ဖွဖွနှိပ်နယ်ကာ…… တစ်ကမ္ဘာလုံးတွင် မိမိတစ်ယောက်တည်းသာ ကျန်ရှိတော့သည့် အထီးကျန်ခံစားချက်မျိုးကိုပါ ရရှိလေသည်။
ယခင်ရှိအန်းလော့သည် အသက်ရှင်နေထိုင်ရသည်မှာ အလွန်ခက်ခဲသော်လည်း အနည်းဆုံးတော့ သူ့ဘေးတွေ စကားနားထောင်မည့် လက်အောက်ငယ်သားများရှိနေသေးသည်။ ထိုအချိန်က သူ့လူနေမှုပတ်ဝန်းကျင်ကို အလွန်ရင်းနှီးပါ၏။ အခက်အခဲများတွေ့သော်လည်း တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းနိုင်သည်။
သို့သော်ယခုတွင် သူ့၌ ယုံကြည်ရသည့် သူတစ်ယောက်တောင် မရှိပါလေ။
ပြန်ပေးဆွဲခံရကာ သေမလိုဖြစ်သွားသည့်အပြင် ရဲဘက်ကလည်း အခုထိ သဲလွန်စမရှိဖြစ်နေဆဲပင်။ အန်းမိသားစု၏ အကြီးဆုံးသခင်လေးမှာ အလွန်ကြီးမားသည့် အန္တရာယ်ရှိနေကြောင်းမှာ အလွန်သိသာလှသည်။ ညီလေးအရင်းတောင်မှ ယုံကြည်၍မရပါလေ။
အထူးသဖြင့် ယခုကဲ့သို့ မိသားစုအကြီးကြီးထဲတွင် ပိုက်ဆံ၊ အာဏာ၊ နေရာဟူ၍ အမျိုးမျိုးသော ဆွဲဆောင်မှုများက မိသားစုဆက်ဆံရေးအား ပါးလွှာသွားစေသည်။ သူ့ရှေ့တွင် လိမ်လိမ်မာမာနှင့် ကောကောခေါ်နေသည့် အနှီလူမှာ နောက်ကွယ်တွင် မျက်စိဆံပင်မွှေးစူးနေသည်လည်း ဖြစ်နိုင်သည်။
ယနေ့ သူ့ရှေ့တွင်ထိုင်ကာ “ကောကော တောင်းပန်ပါတယ်” ဟုပြောနေသည့် အန်းရန်ကို သူအမှတ်ရသွားမိသည်။ အန်းလော့၏နှလုံးသားထဲ၌ အနည်းငယ်စူးသည့်ခံစားချက်မျိုး ရလိုက်သည် _____ အန်းရန်သည် မိမိဖခင် အန်းယွိတုန်း ပြီးနောက် သူ့ကို ဆေးရုံ၌လာကြည့်သည့် ပထမဆုံးသူဖြစ်သည်။
ချဲ့ကားစွာဖြင့် နှင်းဆီအဖြူတစ်စည်း ယူလာကာ မိမိထံမှာ အနှင်ထုတ်ခံလိုက်ရသော်လည်း နောက်တစ်နေ့၌ တော်ဖီလေးခဲ့သို့ ပြန်ရောက်လာပြန်သည်။ ဖွဖွပြုံးနေသည့်ပုံမှာ ကောကော၏အေးစက်မှုကို လုံးဝဂရုမစိုက်သည့်ပုံဖြစ်သည်။ တစ်နေကုန် ပြုံးစစနှင့်ဖြစ်ကာ ဂရုစိုက်စွာဖြင့် မိမိအား နေပူဆာလှုံရန် ခေါ်သွားပေးသေးသည်။
(တော်ဖီ – ယန်ကျိုး ကျန်းဆူးက နာမည်ကြီး အစားအစာပါတဲ့။ ဒီမုန့်ကို လူတစ်ယောက် မျက်နှာပြောင်တာ၊ မျက်နှာအရေထူတာမျိုးကို ရည်ညွှန်းဖို့အတွက် သုံးပါတယ်တဲ့။)
လတ်ဆတ်သည့်လေကို ရှူရှိုက်ခွင့်ရသည့် ထိုတစ်ခဏတွင် အန်းလော့၏စိတ်၌ အမှန်တကယ် ပျော်ရွှင်မိပါသည်…… မိမိသည် ခံစားချက်ကို ဖော်ပြသည့်နေရာ၌ မကျွမ်းကျင်သည်သာ။ ထို့အပြင် မရင်းနှီးသေးသည့် တိတိကို ကျေးဇူးတင်စကားပြောဖို့မှာ ပို၍ပင်မဖြစ်နိုင်ပေ။
အမြဲတစေ ပြုံးနေတတ်သည့် အန်းရန်သည်…… ယုံကြည်ရန်ထိုက်တန်သည့် လူတစ်ယောက် ဟုတ်ပါရဲ့လား?
အန်းလော့ မသေချာပေ။
ကိစ္စအများအပြားကို ကြုံတွေ့ခဲ့ပြီးနောက် မိမိကိုယ်တိုင်မှလွဲ၍ တခြားလူများအား အလွယ်တကူ မယုံကြည်ရဲတော့ပေ။
ခေါင်းစောင်းကာ ကောင်းကင်ကြီးကို နေ့အချိန်ကဲ့သို့ အလင်းပေးနေသည့် ပြတင်းပေါက်အပြင်ဘက်ရှိ တိုက်မြင့်အဆောက်အဦများ၏ တောက်ပနေသော မီးရောင်များအားကြည့်နေမိသည်။ ဤဆေးရုံမှာ မြို့လယ်၌ တည်ထားခြင်း ဖြစ်နိုင်သည်။ ညအချိန်ရောက်တိုင်း ပြတင်းပေါက်အပြင်ဘက်ရှိ အလွန်လှပသော ညရှုခင်းအား ရှုစားနိုင်သည်။ သို့သော် ဤအချိန်တွင် မိမိတစ်ယောက်တည်း လူနာခန်းထဲ လှဲနေရကာ ထိုရှုခင်းအားရှုစားရန် စိတ်အခြေအနေ လုံးဝရှိမနေခဲ့ပါပေ။
နောင်အနာဂတ်၌ မည်သို့သော အခက်အခဲများကို တွေ့ကြုံရမည်မှန်း အန်းလော့ကိုယ်တိုင်ပင် မသိနိုင်တော့ပါပေ။
ယနေ့တွင် မီဒီယာအားအသုံးချကာ မိမိအတိတ်မေ့သွားသည့်သတင်းအား အသိပေးခဲ့ပြီးဖြစ်သည်။ အန်းလော့၏အကျိုးအား မလိုလားသည့် ထိုလူများကို စုစည်းမိရန် လုံလောက်လောက်ပြီ မဟုတ်ပါလား? ထို့အပြင် လမ်းမလျှောက်နိုင်သည့်အပြင် အတိတ်မေ့သွားသည့် အမှိုက်ကောင်တစ်ယောက်အား ရင်ဆိုင်ရန် အားအင်အများအပြားသုံးရန် မလိုအပ်သည်မှာ အမှန်ပင်မဟုတ်လားလေ?
အန်းလော့ သက်ပြင်းဖွဖွ ရှိုက်လိုက်မိသည်။ တခြားသူလာမရှုပ်လျှင် သူကလည်း သွားမရှုပ်သည်မှာ အန်းလော့နေထိုင်သည့်စည်းမျဥ်းပင်။ အကယ်၍ တစ်စုံတစ်ယောက်က မိမိခေါင်းပေါ်တက်ကာ အနိုင်ကျင့်ပါလျှင်လည်း ထိုသူအား သက်ညှာပေးမည်မဟုတ်ပါ။
***
တီဗွီထဲတွင် စတော့ရှယ်ယာအမြတ်ငွေအကြောင်း ဆွေးနွေးသုံးသပ်နေကြသည်။ အန်းလော့ တစ်ခဏကြည့်ပြီးနောက် ပျင်းစရာကောင်းသည်ကြောင့် remoteဖြင့် ချန်နယ်များလျှောက်ပြောင်းနေမိသည်။ ချန်နယ်အများအပြား ပြောင်းပြီးသည်အထိ ကြည့်ချင်သည့်အစီအစဥ်အား ရှာမတွေ့ပေ။ တီဗွီအား ပိတ်ရန်ပြင်နေသည့်အချိန်တွင် ဖန်သားပြင်ပေါ်၌ ရင်းနှီးနေသည့် မျက်နှာတစ်ခုအား မြင်လိုက်ရသည်။ remoteအား နှိပ်နေသည့်လက်မှာ ___ မရပ်ဘဲမနေနိုင်လိုက်ပေ ___
တီဗွီဖန်သားပြင်ပေါ်တွင် ကြော်ငြာတစ်ခုအား ထုတ်လွှင့်နေခြင်းဖြစ်သည်။ အဖြူရောင် အနောက်တိုင်းဝတ်စုံဝတ်ထားသည့် လူငယ်လေးမှာ နေကာမျက်မှန်တပ်ထားလျက် အနီရောင် အမိုးပွင့်ကားအားမောင်းကာ လမ်းမပေါ်တွင် ဝူးခနဲဖြတ်မောင်းသွားသည်။ ထို့နောက် လမ်းအဆုံးတွင် ကားလေးသည် အလွန်လှပသည့် 90 degree turn ဖြင့် ရပ်တန့်သွားသည်။ အမျိုးသားသည် ကားပေါ်မှာဆင်းလာသည်။ နေကာမျက်မှန်အား ချွတ်လိုက်ပြီးနောက် ကင်မရာအား ခပ်ဖွဖွပြုံးပြလိုက်သည်။
ပတ်ဝန်းကျင်ရှိ လင်းလက်နေသည့် မီးရောင်အောက်တွင် လူငယ်ကောင်လေး၏ ဖွံ့ဖွံ့ထွားထွားခန္ဓာကိုယ်မှာ ကိုယ်နှင့်တစ်သားတည်းဖြစ်နေသည့် အနောက်တိုင်းဝတ်စုံကြောင့် ပိုမိုကျစ်လျစ်သွယ်လျသွားဟန်ပေါ်သည်။ စူးရှပြတ်သားသည့် အင်္ဂါငါးရပ်၊ ခပ်ပြုံးပြုံးမျက်လုံး၊ ကိုယ်ပေါ်ရှိ အဖြူရောင်အနောက်တိုင်းဝတ်စုံ၊ ကိုယ်နောက်ရှိ ထင်ရှားသည့်ပြိုင်ကား ____ ဤပုံရိပ်မှာ အမှန်ပင် Idol Drama ထဲရှိ အချောမောဆုံးသော မြင်းဖြူစီးမင်းသားလေးကဲ့သို့ပင်။
သူ၏မျက်နှာကို အနီးကပ်ဆွဲကာ ချဲ့ပြလာသည်။ နောက်ဆုံး အလွန်သန့်စင်နေသည့် ရှေ့မျက်နှာတည့်တည့်တွင် အဆုံးသတ်၏။ ထို့နောက် နှုတ်ခမ်းအား ဖွဖွတွန့်ကွေးကာ ဆွဲဆောင်မှုရှိသည့်အသံဖြင့် တိုးတိုးပြောလာသည်_____ IMPERIAL ဘယ်တော့မှ မှေးမှိန်မသွားတဲ့ ဂန္ထဝင်ပစ္စည်း။
တစ်ချိန်တည်းတွင် ဘယ်ဘက်အောက်ထောင့်၌ စာလုံးအသေးဖြင့် စာတစ်တန်းပေါ်လာသည် : IMPERIAL ပြောရေးဆိုခွင့်ရှိသူ။ ကိုးကြိမ်မြောက် ရုပ်ရှင်ပွဲတော်၏ လူသစ်ဆုရှင် : အန်းရန်
၁၀စက္ကန့်ကျော် ကြော်ငြာလေးဖြစ်သော်ငြား အန်းလော့အား အချိန်အတော်ကြာသည်အထိ ထိတ်လန့်စေခဲ့သည်။
ကြော်ငြာထုတ်လွှင့်မှုပြီးဆုံးကာ တီဗွီဖန်သားပြင်ပေါ်တွင် “Entertainment World” ဟူသည့် စာသားပေါ်လာသည်အထိ တီဗွီထဲ၌မြင်လိုက်ရသည့် အန်းရန်ကြောင့် အန်းလော့တစ်ယောက် ထိတ်လန့်နေဆဲဖြစ်သည်။
IMPERIAL ဆိုသည့်brandအား အန်းလော့ ယခင်ဘဝ၌ မကြားဖူးခဲ့။ လတ်တလောနှစ်များတွင် အသစ်ထွက်သည့် brand ဖြစ်နိုင်သည်။ ဤကြော်ငြာ၏ ပုံစံကိုကြည့်၍ ဤ brand ကို သုံးစွဲသူများမှာ အလွန်အဆင့်မြင့်သူများဖြစ်နိုင်ပါသည်။ ညဘက် အဖိုးတန်သည့်အချိန်တွင် ကြော်ငြာလွှင့်နိုင်ရန်အတွက် ကြီးမားသည့် ငွေကြေးအထောက်အပံ့လည်း ရှိရန်လိုအပ်ပါ၏။ ဤဝတ်စုံမှာ အန်းရန်အတွက် အထူးတလည် ချုပ်လုပ်ထားခြင်းဖြစ်ကြောင်း သံသယဝင်စရာမလိုပေ။။ သူ့ခန္ဓာကိုယ်၏ဆွဲဆောင်မှုကို ပရိသတ်အား အပြည့်အဝထုတ်ပြထား၏။
အန်းလော့ နိုးနိုးလာချင်းနေ့အား သတိရမိသွားသည်။ “အန်းရန် Paris၌ Fashion Week တက်ရောက်” သည့်ကိစ္စအား ကျိုးချန်ဖျင် အရင်က ပြောပြဖူးသည်…… ဖြစ်နိုင်သည်မှာ သူ Paris ၌ Fashion Week တက်ရောက်ခြင်းမှာ ဤbrandနှင့် သက်ဆိုင်နေနိုင်သည်။
ပြောရေးဆိုခွင့်ရှိသူ၊ ရုပ်ရှင်ပွဲတော်ဆုရှင်…… ဤစကားလုံးများမှာ အန်းရန်ရဲ့ကိုယ်ပေါ်တွင် ဆင်မြန်းလိုက်ချိန်တွင် လှပသည့်အလင်းလေး တပ်ဆင်ထားသကဲ့သို့ဖြစ်ကာ အန်းလော့ပင် မမှတ်မိနိုင်အောင် ဖြစ်သွားရသည်။
ဖန်သားပြင်ထက်၌ တောက်ပနေသည့် နာမည်ကျော်အိုင်ဒေါမှာ အမှန်ပင် မိမိ၏တိတိဖြစ်သည်လား?
ယနေ့ နေ့လယ်တွင် မျက်နှာပြောင်ပြောင်ဖြင့် မိမိအတွက် ပန်းသီးအခွံခွာပေးနေသည့် အန်းရန်၊ ထို့နောက် မိမိမျက်နှာကို လေးလေးနက်နက်ကြည့်ကာ “ကောကော တောင်းပန်ပါတယ်” ဟုပြောနေသည့် အန်းရန်မှာ တီဗွီထဲရှိ ချောမောချေမိုးနေသည့်စတားနှင့် လုံးဝမတူညီကြောင်း သတိရမိပြန်သည်။
မိမိရှေ့ရှိအန်းရန်မှာ အရှက်မရှိဆိုးသွမ်းကာ ခပ်ဆိုးဆိုးကလေးတစ်ယောက်ကဲ့သို့ဖြစ်သည်။ တစ်ခါတစ်ရံတွင် သနားစရာကောင်းအောင်လည်း ဟန်ဆောင်ပြတတ်သေးသည်။ ဖန်သားပြင်ပေါ်ရှိ မောက်မာချောမောနေသည့် အမျိုးသားနှင့် နှိုင်းယှဥ်ပါက ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။ စိတ်နှစ်မျိုးခွဲထားသည့်အလားပင်။
ဤသို့သောတိတိနှင့် နောင်အတူနေရမည်ကို တွေးမိကာ အန်းလော့ ခေါင်းကိုက်လာရတော့သည်။
သို့သော် သူသာ နာမည်ကြီးဖြစ်ပါလျှင် သေချာပေါက် အလွန်အလုပ်ရှုပ်လိမ့်မည်သာ။ နာမည်ကြီးတစ်ယောက်သည် အပြင်တွင် တစ်ယောက်တည်းသီးသန့် နေလောက်သည်မဟုတ်လား? သူနှင့်မကြာခဏတွေ့ရတာမျိုး…… မရှိသည်လည်းဖြစ်နိုင်သည်ပင်။
ထိုသို့ဖြစ်ရန်သာ မျှော်လင့်ပါ၏။
အန်းလော့ မျက်မှောင်ဖွဖွကြုတ်ကာ ကုတင်ပေါ်ပြန်လှဲလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
အနားယူရန် ပြင်နေသည့်အချိန်တွင် တံခါးလက်ကိုင်ဖွင့်နေသည့်အချိန်အား ရုတ်တရက်ကြားလိုက်ရသည်။ ထို့နောက် လူနာအခန်းတံခါးမှာ တွန်းအဖွင့်ခံလိုက်ရကာ ကျိုးချန်ဖျင် ဝင်လာသည်။
အန်းလော့ ထထိုင်ကာ မေးလိုက်သည် “ဒေါက်တာကျိုး ကျွန်တော့်ကိုရှာတာ ကိစ္စရှိလို့လား?” သူ့ကို ”ချန်ဖျင်”ဟုခေါ်ရန် သိပ်ပြီးအသားမကျသေးပေ။ ထိုသို့ခေါ်ရသည်မှာ အလွန်ရင်းနှီးလွန်းနေသည်ဟု ခံစားရသည်။ ဒေါက်တာကျိုးဟု ခေါ်ခြင်းက ပို၍သဘာဝကျသယောင်။
ကျိုးချန်ဖျင်သည်လည်း ဒေါက်တာကျိုးဟု အခေါ်ခံရရန် အသားကျနေပြီဖြစ်သည်။ သူပြုံးကာပြောလိုက်သည် “အန်းရန် ဒီနေ့ အလောတကြီးထွက်သွားတော့ မင်းအတွက် လက်ဆောင်ပေးဖို့ မေ့နေခဲ့လို့တဲ့လေ။ စောနကမှ သတိရလို့ ငါ့ရုံးခန်းကို လူလွှတ်ပြီး ပို့ပေးလိုက်တာ။ မင်းကိုပေးလိုက်ပါတဲ့” ကျိုးချန်ဖျင် အနားရောက်လာကာ လှပသပ်ရပ်စွာ ထုပ်ပိုးထားသည့်ဘူးလေးအား အန်းလော့ရှေ့သို့ ပို့ပေးလိုက်သည်။ “ဒါက သူ Parisကနေ ပြန်ယူလာတာ သူပြောတာက…… မင်းဖုန်းအသစ်တစ်လုံးလောက် လိုတယ်တဲ့”
အန်းလော့ အမှန်ပင် ဖုန်းအသစ်တစ်လုံး လိုအပ်ပါ၏။ ဤရက်ပိုင်း ဆေးရုံတွင်နေနေစဥ် အပြင်ကမ္ဘာနှင့် တစ်ခုတည်းသော အဆက်အသွယ်မှာ လူနာခန်းထဲရှိ တီဗွီတစ်လုံးသာဖြစ်သည်။ တခြားတစ်ယောက်ယောက်ကို ဖုန်းဆက်ရန် မလိုအပ်သော်ငြား ဖုန်းဖြင့် အင်တာနက်သုံးကာ သတင်းကြည့်နိုင်သည်လေ။
အန်းရန် ဤသို့နှယ် စဥ်းစားပေးလိမ့်မည်ဟု မထင်ထားမိ။ အန်းလော့ အလိုအပ်ဆုံးပစ္စည်းအား အချိန်မီပို့လာပေးသည်။
အန်းလော့ ဘူးလေးအား လက်ခံလိုက်ကာ အပေါ်ယံအားဖြင့်ပင် အရည်အသွေးကောင်းပုံရသည့်၊ ထုပ်ပိုးထားသည့် စက္ကူလေးအား ပွတ်လိုက်မိသည်။ စိတ်ထဲ၌ အနည်းငယ်လည်း လှုပ်ရှားမိသွားရသည်။ ခေါင်းမော့ပြီးနောက် ဖွဖွပြောလိုက်သည် “ကျွန်တော့်အစား သူ့ကိုကျေးဇူးတင်ပေးပါဦး”
“ဒါတော့မရဘူး” ကျိုးချန်ဖျင် နှာခေါင်းအားပွတ်လိုက်သည် “အန်းရန်ကပြောတယ် တကယ်လို့ မင်းဒီလက်ဆောင်ကို တကယ်သဘောကျတယ်ဆိုရင် နောက်တစ်ခေါက်တွေ့တဲ့အခါ ကျေးဇူးတင်တဲ့အနေနဲ့ သူ့ကိုဖက်ပေးပါတဲ့”
“……” လှုပ်ရှားနေသည့် စိတ်အစဥ်မှာ ဤစကားကြောင့် ပျက်စီးသွားရတော့သည်။
____________________
Word – 3654
Xiao Dream