Chapter - 10
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 10 - အပိုင်း (၁၀) ဘယ်သူက ဘယ်သူ့ရဲ့အတားအဆီးလဲ
အပိုင်း (၁၀) ဘယ်သူက ဘယ်သူ့ရဲ့အတားအဆီးလဲ
ကျုံးဟွားနန်းဆောင်က တောက်ပနေပြီး နေ့ခင်းဘက်လို လင်းရှင်းနေတာပဲ။ ကျွန်မ တံခါးရှေ့မှာ လေး ငါးခါလောက် ခေါက်တုန့်ခေါက်ပြန်လျှောက်နေလိုက်တယ်။ ကျွန်မ ခန်းမထဲကို ချောင်းကြည့်လိုက်တော့ ဖုန်းကျောက်ဝမ်က စာတမ်းတွေကို စစ်ဆေးရင်း အလုပ်များနေလေရဲ့။ သူ ထိုင်နေတဲ့နေရာရဲ့ မဝေးလှတဲ့နေရာက စားပွဲဝိုင်းတစ်ခုမှာတော့ ဟင်းလေးမျိုးနဲ့ စွပ်ပြုတ်တစ်ခွက်ကို တည်ခင်းထားတာ အေးတောင်အေးနေပြီ။
ကျွန်မက ဟင်းလျာတွေကို စိုက်ကြည့်နေမိပြီး တိတ်တိတ်လေး သွားရေကျနေတုန်း ဖုန်းကျောက်ဝမ်က ပြောလာခဲ့တယ်။
“ဝင်လာခဲ့”
ကျွန်မ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ တံခါးနားမှာ စောင့်နေကြတဲ့ အစောင့်တွေကလည်း သစ်သားရုပ်တုတွေလို။ လုံးဝကို မလှုပ်မယှက်ပဲ။
“ဝင်လာလေ” သူ့လေသံက စပြီး စိတ်မရှည်လက်မရှည်ဖြစ်လာပြီ။
ကျွန်မက ကျွန်မဘေးနားက အစောင့်တွေထဲက တစ်ယောက်ကို တို့ထိလိုက်ပြီး လေသံနဲ့ပြောလိုက်တယ်။
“မြန်မြန် ထလေ၊ မင်းကြီးက မင်းကို ခေါ်နေပြီ”
ကျယ်လောင်တဲ့အသံတစခုက ခန်းမထဲကနေ ထွက်လာခဲ့တယ်။
“အန်းယိ ဒီနေရာအထိ လှိမ့်ဝင်လာခဲ့စမ်း”
ကျွန်မလည်း ခေါင်းကုပ်လိုက်ပြီး ချိုမြိန်စရာကောင်းလောက်အောင် အချိန်ဆွဲရင်းက ခန်းမထဲကို လှမ်းဝင်သွားလိုက်တယ်။ နောက်ပြီး ကျွန်မ ဒူးထောက်လိုက်တယ်။
“မင်းကြီး ဒီအပြစ်သားက ဘယ်လိုလှိမ့်ရမယ်ဆိုတာ မသိလို့ပါ”
ဖုန်းကျောက်ဝမ်က ရေးလက်စကို ရပ်ထားလိုက်ပြီး သူ့မျက်လုံးထဲမှာ ဆိုးညစ်တဲ့အပြုံးတစ်ခု ဖျတ်ခနဲလင်းလက်သွားတယ်။
“မင်းက ဘယ်လိုလှိမ့်ရမယ်ဆိုတာ မသိဘူးပေါ့လေ၊ ဒါပေမဲ့ မင်းက လူတွေကို ကန်ကျောက်နည်းတော့ သေချာလေးသိသားပဲ”
ကျွန်မလည်း ဦးချလိုက်ပြီး
“မင်းကြီးက ဉာဏ်ပညာထက်မြက်ပြီး ထူးခြားလှပါတယ်၊ ဒီအပြစ်သားက အမှန်တကယ်ပဲ ဘယ်လိုလှိမ့်ရမယ်ဆိုတာကို မသိရိုးအမှန်ပါ၊ မင်းကြီးကနေပြီး ဒီအပြစ်သားကို လှိမ့်နည်းလေး သင်ပေးလိုက်ပါလား၊ ဒါဆိုရင်တော့ ဒီအပြစ်သားက မင်းကြီး ကြည့်ရအောင် လှိမ့်ပြပါ့မယ်”
‘အဟိ’ဆိုတဲ့ ရယ်သံတစ်ချက်ကို ကြားလိုက်ရပြီး မင်းကြီးနောက်မှာ ရပ်နေတဲ့ ထျန်းပင်းချင်က သူ့ပါးစပ်ကို အုပ်ထားလိုက်တော့တယ်။ သူက သူ့ခန္ဓာကိုယ်ကို တုန်တုန်ယင်ယင်နဲ့ တစ်ဖက်ကိုလှည့်လိုက်ပြီး နောက်ကိုကျုံ့သွားလိုက်တာ မသိရင် သူကပဲ အရမ်းကို နာကျင်နေရတဲ့ပုံနဲ့။
ဖုန်းကျောက်ဝမ်က သူ့ခြေထောက်ကို ကန်ပစ်လိုက်ပြီး
“မင်း ရယ်ချင်တယ်ဆိုရင် အပြင်မှာ သွားရယ်စမ်း”
ထျန်းပင်းချင်က ခြေတစ်ဖက် ထော့နဲ့ထော့နဲ့နဲ့ လျှောက်ပြီး ထွက်သွားပါလေရော။
ဖုန်းကျောက်ဝမ်က စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ရုပ်နဲ့ ကျွန်မကို ကြည့်လိုက်ပြီး
“အန်းယိ မင်းက အပြင်ထွက်လည်ပြီးမှ ပြန်လာတာဆိုတော့ ပင်ပန်းတာပဲ ဖြစ်ရမယ်”
သူ့အသံက သောက်ကျိုးနဲ နွေးထွေးနေပြီး စိတ်ခံစားချက်အပြည့်ဖြစ်နေတဲ့မျက်နှာတစ်ခု ဆောင်ထားလေရဲ့။ ကျွန်မလည်း ရင်ထဲထိသွားတာပေါ့။ ကျွန်မက ချင်းယွိကျန်းရဲ့ မိန်းမသားဆန်ဆန်အသံကို လိုက်တုပပြီး သူ့ကို ပြန်ဖြေလိုက်ပါတယ်။
“မင်းကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ရှင့်၊ ဒီအပြစ်သား မပင်ပန်းပါဘူး အရှင်” လူတစ်ယောက်ပဲ ဘယ်လောက်ပဲ ရင်ထဲထိသွားတယ်လို့ ပြောပြော ဖုန်းကျောက်ဝမ်ရဲ့ စိတ်ဆိုးမာန်ဆိုးရယ်သံအောက်ရောက်ရင် အားလုံးက ပျောက်ကွယ်သွားရတာချည်းပဲ။
ကျွန်မလည်း သတိနဲ့ နောက်ကိုတစ်လှမ်း ပြန်ဆုတ်လိုက်ပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ ပြောလိုက်တော့တယ်။
“မ__ မပင်ပန်းပါဘူး၊ လုံးဝ မပင်ပန်းပါဘူး”
“ဒါပေမဲ့ မင်းကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ပုံပါပဲ”
သူက ကျွန်မကို နွေးနွေးထွေးထွေး ပြုံးပြလိုက်ပြီး
“ငါကိုယ်တော် နည်းနည်း ဗိုက်ဆာနေလို့…”
သူက ကျွန်မရဲ့အဖြေလေးကို လျစ်လျူရှုထားလိုက်ပြီး အော်ပြောလိုက်တော့တယ်။
“လာကြစမ်း၊ ဒီမိန်းကလေးကို ရေချိုးဖို့ ခေါ်သွားလိုက်ကြ”
တုတ်တုတ်ခိုင်ခိုင် နန်းတွင်းအစေခံမလေး လေးယောက်က အပြင်က ရုတ်တရက် ဝင်ချလာခဲ့တာ သူတို့ရဲ့ပုံစံက အရမ်းကို အင်အားကြီးပြီး သန်မာကြတဲ့ပုံပဲ။ သူတို့တွေက အော်ဟစ်ရုန်းကန်နေတဲ့ကျွန်မကို မချီလိုက်ကြပြီး ရေးချိုးခန်းရောက်တဲ့အထိ သယ်သွားကြတော့တယ်။ အဲဒီနောက်တော့ သူတို့တွေက ကျွန်မကို ရေကန်ထဲ ခပ်ကြမ်းကြမ်း ပစ်ချလိုက်တာ ရေတွေက နေရာတိုင်းကို စင်ထွက်သွားတော့တယ်။ ကျွန်မမှာ ရေကန်ထဲ နှစ်ခါလောက် မြုပ်သွားပြီးမှ ရေကန်ဘောင်ကို မှီထားလိုက်ရတော့တယ်။ ကျွန်မက သူတို့ကို မျက်နှာလိုမျက်နှာရ သေချာပြုံးပြလိုက်ပြီး
“မမ လေးယောက်တို့ အန်းယိ ကိုယ့်ဟာကိုယ် ရေချိုးတတ်ပါတယ်၊ မမတို့အားလုံးက အန်းယိကို ကိုယ့်ဟာကိုရေချိုးခွင့် ပေးပါနော်”
ထွားကြိုင်းတဲ့အစေခံမလေး လေးယောက်က ကျွန်မဘေးကို ဝိုင်းအုံလာခဲ့ကြတယ်။ သူတို့တွေက ကျွန်မရဲ့ကိုယ်ပေါ်က အဝတ်အစားတွေကို ဆွဲချွတ်ပစ်လိုက်ကြပြီး ကျွန်မတစ်ကိုယ်လုံးကို ပိတ်စအထပ်ထပ်နဲ့ ထုပ်ပြီး ဟွမ်ရှီနန်းဆောင်ကို ခေါ်လာခဲ့ကြတယ်။
နှစ်နာရီလောက်ကြာအောင် ရေချိုးလိုက်ပြီးတော့ သူတို့တွေက ကျွန်မကို ကျုံးဟွားနန်းတော်ဆီ ပြန်မ, လာခဲ့ကြတယ်။ အဲဒီအချိန်မှာတော့ ကျွန်မမှာ အရမ်းကို ဆာလောင်နေပြီလေ။
“မင်းကြီး၊ မင်းကြီးက ဒီမမ,လေးယောက်ကို ဘယ်က ခေါ်လာတာလဲ၊ သူတို့တွေ အရမ်းအားကောင်းလိုက်ကြတာ၊ ဒီအပြစ်သားရဲ့အရေပြားတွေ နှစ်လွှာလောက် ကွာကျသွားတော့မယ့်အတိုင်းပဲ”
ဖုန်းကျောက်ဝမ်က တခြားသူရဲ့ ရုန်းရင်းဆန်ခတ်အခြေအနေမှာတောင် တည်တည်ငြိမ်ငြိမ်ပါပဲ။ သူက ကုတင်ကိုမှီပြီး စာအုပ်ဖတ်နေလေရဲ့။ ကျွန်မမှာတော့ ရေကန်ထဲ ပစ်ထည့်ခံရပြီး သန့်ရှင်းရေးလုပ်ခံလိုက်ရတာ ကျွန်မရဲ့အရေပြားနဲ့အသားတွေက ပွန်းပဲ့တော့မတတ်ပဲ။ နောက်ပြီး ကျွန်မကို အစေခံလှလှလေးနှစ်ယောက်က ရေကန်ဘေးနားက ညောင်စောင်းရှည်တစ်ခုပေါ်ကို တင်လိုက်ကြတယ်။ သူတို့တွေက ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အမွှေးနံ့သာအရည်တွေနဲ့ ပွတ်လိမ်းပေးကြပြီး ကျွန်မရဲ့ခြေသည်းတွေကိုလည်း ညှပ်ပေးကြသေးတယ်။ ကျွန်မက အဲဒီအကြောင်းအရာတွေအားလုံးကို သူ့ဆီမှာ ညည်းညူပြလိုက်ပေမဲ့ သူကတော့ မကြားသလို နေနေတာတဲ့လေ။ သူက ဘာမှမဟုတ်သလိုပဲ ပြောလိုက်သေးတယ်။
“သူတို့တွေအားလုံးက ရေအိမ်သန့်ရှင်းရေးတာဝန်ယူထားကြတဲ့ စာရိနန်းဆောင်က အစေခံမတွေလေ၊ ကြည့်ရတာ သူတို့တွေက ရေအိမ်တွေကို ဆေးကြောတာပဲ အကျင့်ပါနေတော့ သူတို့ရဲ့အင်အားကို မထိန်းနိုင်တာဖြစ်မယ်….”
ကျွန်မမှာ မထွက်တဲ့မျက်ရည်ကို သုတ်လိုက်ပြီး ဒေါသတကြီးနဲ့ သူ့ကို ဝါးစားမတတ် ကြည့်မိတော့တယ်။
___ငါ ဒီတိရစ္ဆာန်ကို သင်ခန်းစာပေးဖို့တော့လိုနေပြီ။ ကျွန်မရဲ့ခြေထောက်တွေ ရုတ်တရက်ပြီး ယားလာပါလေရော။
စာအုပ်က သူ့မျက်နှာတစ်ဝက်ကို ကွယ်ထားပြီး သူ့မျက်လုံးနက်နက်တွေက ကျွန်မကို လှမ်းကြည့်နေတာကိုပဲ မြင်ရတယ်။ သူ့အသံက တကယ့်ကို နွေးထွေးပြီး စဥ◌်းစားပေးတတ်တဲ့ပုံနဲ့ သူက ပြောလိုက်တယ်။
“မင်း အပြင်ဘက်မှာ သုံးနှစ်တောင် နေလာခဲ့တာပဲ၊ ရေချိုးပေးခံရတာနဲ့ မရင်းနှီးတာ ပုံမှန်ပါပဲ၊ အခုချိန်ကစပြီး ဒီအစေခံလေးယောက်က မင်းရဲ့လူတွေဖြစ်သွားပြီ၊ သူတို့တွေက မင်းကို ရေချိုးပေးတဲ့နေရာမှာ အထူးခစားကြလိမ့်မယ်”
ကျွန်မကလည်း အဲဒီတောင့်တင်းလွန်းလှတဲ့ အမျိုးသမီးတွေကို နာနာကျင်ကျင်နဲ့ ခေါင်းလှည့်ကြည့်လိုက်တော့ သူတို့ရဲ့မျက်နှာတွေကလည်း စိတ်ညစ်နေကြတဲ့ပုံပဲ။ သူတို့တွေ ကျွန်မက ရေအိမ်တစ်ခုလိုသဘောထားပြီး ဆက်ဆံခဲ့တာကို ကျွန်မက ကျော်သွားပေးခဲ့တဲ့အချက်ကို သူတို့တွေက ကျေးဇူးတင်နေသင့်တာပေါ့။ ဒါပေမဲ့ သူတို့ရဲ့အမူအရာကို ကြည့်ရတာတော့ သူတို့တွေက အတင့်ရဲလို့ ကျွန်မထက် ရေအိမ်ကို သန့်ရှင်းရေးလုပ်ရတာပိုကြိုက်နေကြတာပဲ။ လက်ခံနိုင်စရာကိုမရှိဘူး။
ထျန်းပင်းချင်ရဲ့မျက်နှာက နီရဲသွားပြီး သူက သူ့နှုတ်ခမ်းတွေကို ကိုက်ထားပြီး နောက်ဆုံးကျမှာ ရယ်နေတာကို ရပ်နိုင်တော့တယ်။
ဖုန်းကျောက်ဝမ်က လက်ခါပြလိုက်ပြီး
“မင်းတို့အားလုံး သွားလို့ရပြီ”
အဲဒီထွားကြိုင်းလှတဲ့ အစေခံမလေး လေးယောက်က ခေါင်းလေးတွေကို ငုံ့လို့ ကျုံးဟွားခန်းမကနေ ထွက်သွားကြတယ်။
ဖုန်းကျောက်ဝမ်က ဟင်းပွဲအပြည့်တည်ထားတဲ့ စားပွဲကို လက်ညိုးထိုးပြလိုက်ပြီး
“မင်း ဗိုက်မဆာသေးဘူးလား”
….. ကျွန်မ အစတုန်းကတော့ ဗိုက်ဆာနေတာပါပဲ။ ဒါပေမဲ့ အဲဒီဆိုးရွားလွန်းလှတဲ့ သတင်းကို ကြားလိုက်ပြီးနောက်မှာတော့ ကျွန်မရဲ့အစားစားချင်စိတ်က ပျောက်သွားတော့တယ်။ မကြာခင် နွေရာသီရောက်မှာပဲ။ ရာသီဥတုပူလာရင် တစ်နေ့ကို သုံးခါလောက် ရေးချိုးရလိမ့်မယ်။ ဒီလိုနာကျင်စရာကောင်းတဲ့ဖြစ်တည်မှုမျိုးက… အမလေး! ကျွန်မ အကျဥ◌်းထောင်ထဲမှာပဲ နေလို့ရမလား။ အဲဒီနေရာမှာ တစ်နှစ်ပတ်လုံး အေးနေတာလို့ ကြားတယ်။ ကျွန်မသာ အဲမှာသွားနေရရင် ရေမချိုးလည်း နေနိုင်လောက်တယ်။
ဖုန်းကျောက်ဝမ်က သူ့စာအုပ်ကို ချထားလိုက်ပြီး သူ့မျက်ဝန်းအစုံက တလက်လက်တောက်ပလို့နေတယ်။ ကြည့်ရတာ အဲဒီကန်ချက်တစ်ခုအတွက် ကျွန်မကို ပြန်လက်စားချေလိုက်ရတာကြောင့် စိတ်အခြေအနေ ကောင်းနေမှာပေါ့လေ။ သူက ကျွန်မက တောက်ပတဲ့အပြုံးတစ်ခုနဲ့တောင် ပြုံးပြလိုက်သေးတယ်။
“ကြည့်ရတာ အန်းယိက ဗိုက်မဆာဘူးထင်တယ်နော်၊ ထျန်းပင်းချင် အစားအသောက်တွေကို သိမ်းလိုက်တော့…”
ကျွန်မလည်း ရှေ့ကို အပြေးအလွှားသွားလိုက်ပြီး ကျွန်မရဲ့နောက်ဆုံးညစာကို အငမ်းမရစားလိုက်တော့တယ်။ စားပွဲပေါ်မှာ ဘာလို့ တူတစ်စုံနဲ့ ပန်းကန် နှစ်လုံးပဲ ရှိတာလဲဆိုတာကိုတောင် မစဥ◌်းစားနိုင်တော့ဘူး။ ပန်းကန်တစ်လုံးက လွတ်နေတာလေ။
ကျွန်မရဲ့နှစ်နာရတဲ့ကိစ္စကို လျစ်လျူရှုထားလိုက်ပြီး ငါးပုံပုံရင် လေးပုံအထိပြည့်အောင် စားပစ်လိုက်တယ်။ ဖုန်းကျောက်ဝမ်က စာရွက်ကို လှန်ရင်း ပြောလိုက်တယ်။
“အန်းယိ မင်း ငါကိုယ်တော်သုံးထားတဲ့ တူကို သုံးနေတာပဲ”
‘ချလွမ်’။ ငွေတူတစ်စုံက ကြမ်းပြင်ပေါ်ကျသွားလို့ ထွက်လာတဲ့အသံကို ကြားလိုက်ရတယ်။
ကျွန်မရဲ့မျက်နှာတွေ ပူထူသွားတယ်…။ သူ ဒါက တမင်လုပ်တာ…။ သူ တမင်လုပ်တာပဲ ဖြစ်ရမယ်။
ကျွန်မှာ ရှက်ကလည်းရှက် မကျေမချမ်းနိုင်နဲ့ ခေါင်းကို တဖက်လှည့်ထားလိုက်ရတော့တယ်။ ကျွန်မနောက်က အစေခံမလေးတွေထဲက တစ်ယောက်က ငွေတူတစ်စုံကို ကိုင်ထားလို့ပဲ။ သူက ကျွန်မကို သနားသလိုနဲ့ ကြည့်နေလိုက်တာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျတော့မယ့်ပုံနဲ့။
ကလေးမရေ ငါက နင့်ထက်တောင် ပိုငိုချင်သေးတယ်ဟဲ့….။
သူ စားလို့ပြီးသွားပြီလို့ ကျွန်မ ထင်ထားခဲ့တာလေ။
တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်ပါပဲ။ လူသားတစ်ယောက်ရဲ့ ဆင်ခြင်ဉာဏ်ကို သုံးပြီး သူတို့ရဲ့လှုပ်ရှားမှုကို မင်း စဥ◌်းစားလို့ရမှာမဟုတ်ဘူး။ လူသားတွေရဲ့စံနှုန်းကို သုံးပြီး သူတို့ရဲ့စိတ်အခြေအနေကို တိုင်းတာလို့မရနိုင်ဘူး။
ဗိုက်အပြည့်စားပြီး ပါးစပ်ဆေးပြီးတော့ စစ်မြေပြင်ကို သွားနေရတဲ့အတိုင်း ရန်သူရဲ့ခြေတံရှည်တွေကို ကျွမ်းကျွမ်းကျင်ကျင် ကျော်ခွပြီးတော့ အိပ်ရာပေါ် တက်လိုက်တော့တယ်။ ကျွန်မ သူ့ကို ခိုးကြည့်လိုက်တော့ သူက စာအုပ်ထဲမှာ ဈာန်ဝင်နေတာပဲ။ သူ့မျက်တောင်တွေတောင် မလှုပ်ဘူး။ သူက ကျွန်မရဲ့လှုပ်ရှားမှုကို လုံးဝစိတ်ထဲမရှိတာ။ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်အပြီး နောက်ဆုံးတော့ ကျွန်မရဲ့အိပ်ရာဖက်ခြမ်းကို ရောက်လာခဲ့တယ်။ ကျွန်မက နံရံကို မျက်နှာမူပြီး ခန္ဓာကိုယ် ဘောလုံးလေးလို ကျုံ့ထားလိုက်ရင်း အိပ်ဖို့အသင့်ပြင်လိုက်တယ်။
ကျွန်မရဲ့နောက်ကလူက စာမျက်နှာကို နောက်တစ်မျက်နှာကို မလှန်ဘဲ အကြာကြီးနေနေတယ်။ ဂွမ်းစောင်ကို ကျွန်မကိုယ်ပေါ်ကနေ ရုတ်တရက် ဆွဲခွာလိုက်မှာလားဆိုတဲ့ သံသယနဲ့ ဂွမ်းစောင်အောက်မှာ အသက်အောင့်ပြီး နေနေလိုက်တယ်။
သံလိုမာကြောတဲ့လက်တစ်စုံက ကျွန်မကို ဆွဲမ,လိုက်ပြီး အရမ်းကိုကျယ်ပြန့်တဲ့ရင်ဘတ် အပေါ်ပိုင်းက ကျွန်မကို ဖိထားလိုက်တယ်။ ကျွန်မရဲ့နားထဲမှာ သူ့ရဲ့တည်ငြိမ်တဲ့နှလုံးခုန်သံကို ကြားနေရတယ်။ ကျွန်မ တိတ်တိတ်လေး လှမ်းကြည့်လိုက်ပေမဲ့ ဖုန်းကျောက်ဝမ်ရဲ့အကဲခတ်နေတဲ့မျက်လုံးနဲ့မှာ တည့်တည့်သွားတိုးတော့တယ်။ သူ တိုးတိုးလေး ပြောလိုက်သံကို ကျွန်မ ကြားလိုက်ရတယ်။
“ဒီမနက်ခင်းတုန်းက မင်း အစေခံတွေဆီကနေ တားဆေးတောင်းခဲ့တယ်လို့ ငါကိုယ်တော် ကြားတယ်”
သူ့လေသံက လုံးဝသဘောမကျတဲ့ပုံပဲ။ သူ ပြောချင်တဲ့စကားကို နားလည်ဖို့ ကြိုးစားလိုက်ပေမဲ့ ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။ ကျွန်မလည်း လေးလေးနက်နက်နဲ သူ့ကို မေးလိုက်တာပေါ့။
“မင်းကြီး မင်းကြီးက ဒီအပြစ်သားကို မေးခွန်းထုတ်နေတာလား ဒါမှမဟုတ် ချီးမွှမ်းနေတာလား”
သူက ကျွန်မရဲ့ခေါင်းကို နှစ်ကြိမ်လောက် သပ်ပေးလိုက်ပေမဲ့ သူ့အသံကတော့ ကြက်သီးထရလောက်အောင် အေးစက်စက်နဲ့ ပြောလိုက်တယ်။
“မင်းက ရာဇဝတ်သားတစ်ယောက် ဖြစ်နေသေးတာပဲ ဟုတ်တယ်မလား”
ကျွန်မက ခေါင်းကို ရှောင်လိုက်ပြီး စိတ်မကောင်းကြီးစွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဒီလူက ကျွန်မရဲ့ဒဏ်ရာကို သက်သက်လာဆွနေတာပဲ။
“မင်း အဲဒီရာဇဝတ်သားဆိုတဲ့ ဂုဏ်ပုဒ်ကို ဖယ်ရှားချင်စိတ်ရှိလား”
ကျွန်မရဲ့မျက်လုံးတွေ တဖျက်ဖျက်လက်လာပြီး သူ့ကို မြန်မြန်ကြည့်လိုက်မိတော့တယ်။
သူ့လက်ဖဝါးနဲ့ ကျွန်မခေါင်းကို ဆက်ပွတ်သပ်နေလိုက်ပြီး သူ့အသားမာတက်နေတဲ့လက်ချောင်းက ကျွန်မရဲ့မျက်ခုံးကြားက နေရာဆီကို ဖွဖွလေးရောက်လာခဲ့တယ်။ သူက ဘာမှမဖြစ်တဲ့အတိုင်း အမိန့်ချလိုက်တယ်။
“မင်းသာ ချီနိုင်ငံတော်ဝင်မျိုးဆက်ကို အကောင်းဆုံးကြိုးစားပြီး ကိုယ်ဝန်ဆောင်ပေးနိုင်သရွေ့ ငါတို့တော်က မင်းကို ‘ရာဇဝတ်သား’ဆိုတဲ့တံဆိပ် ဖယ်ရှားခွင့်ပြုပေးမယ်”
ကျွန်မ သူ့ကို ဒေါသထွက်ထွက်နဲ့ စိုက်ကြည့်လိုက်ပြီး
“မင်းကြီး… မင်းကြီး….”
တော်ဝင်မျိုးဆက်တဲ့လား။ သူက ကလေးအကြောင်း ပြောနေတာမလား။
ကျွန်မ ဖုန်းကျောက်ဝမ်နဲ့ စတွေ့ကတည်းက အမြဲတမ်း ဘာမှမပြောနိုင်လောက် ဒေါသထွက်ခဲ့ရတာလေ။ ကျွန်မမှာ စကားပြောစွမ်းရည်တောင် ဆုံးရှုံးခဲ့ရပြီး ကျွန်မရဲ့ဉာဏ်ရည်တွေလည်း ကျကုန်ပြီ။ လက်သီးတစ်ချက်စာပစ်သွင်းမယ့် ကျွန်မရဲ့အရည်အချင်းတွေတောင် တဖြည်းဖြည်းနဲ့ အားနည်းလာခဲ့တယ်။
ကျွန်မ ကြားလိုက်တာ မမှားဘူးလို့ ပြောနေတဲ့ပုံနဲ့ သူက အသာအယာပြုံးပြီး ခေါင်းတောင်ညိတ်ပြလိုက်သေးတယ်။
“မင်း ထင်တာမှန်တယ်၊ မင်းက တကယ်ပဲ ချီးမြောက်ဖို့ ထိုက်တန်တာပဲ” သူက ကိုယ်ညွှတ်လိုက်ပြီး ကျွန်မရဲ့နှုတ်ခမ်းကို အနမ်းပြင်းပြင်းတစ်ချက် ပေးလိုက်တယ်။
“မှန်တယ်၊ ငါကိုယ်တော်အတွက် ကလေးတစ်ယောက်မွေးပေး၊ ငါကိုယ်တော်က မင်းကို ပြစ်မှုအားလုံးနေ လွှတ်ငြိမ်းပေးမယ်”
ကျွန်မမှာ ဆွံ့နေပါရောပဲ။
____ ချီနိုင်ငံရဲ့အနောက်နန်းဆောင်က မိဖုရားတွေအားလုံးက မြုံသွားကြပြီလား။
ကျွန်မလည်း နောက်ဆုံးကို ဆက်ပြီး သည်းမခံနိုင်တော့ပဲ သူ့ကို ဒေါသတကြီးနဲ့အော်ဟစ်ပစ်လိုက်တော့တယ်။
“ကျွန်တော်မျိုးမက ဘာလို့ လုပ်ပေးရမှာပဲ”
ဖုန်းကျောက်ဝမ်က ကျွန်မကို မျက်စိကျိန်းလောက်တဲ့အပြုံးနဲ့ ပြုံးပြလိုက်ပြီး
“ဘာလို့လဲဆိုတော့ ကြီးမားတဲ့ပြစ်ဒဏ်တစ်ခုကို စောင့်ဆိုင်းနေတဲ့ အပြစ်သားဆိုတဲ့ မင်းရဲ့အဆင့်ကြောင့်လေ”
ကျွန်မ သူ့ကို မုန်းစရာကောင်းလောက်အောင် ဝါးစားမတတ်ကြည့်လိုက်တော့တယ်။ သူက ဓားနဲ့တူတဲ့ သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး
“မင်းက ဓားချက်ပေါင်းတစ်ထောင်နဲ့ပဲ သေချင်တယ်လို့တော့ ငါကိုယ်တော့်ကို မပြောနဲ့နော်”
ကျွန်မက မနေနိုင်တော့ဘဲ တုန်ယင်သွားပြီး သူ့ကိုယ်ပေါ်ကို မောက်ချလိုက်တော့တယ်။ ဒီလိုသနားစရာကောင်းတဲ့ပုံစံ သေရမယ်ဆိုတာက ကျွန်မဘဝရဲ့ရည်ရွယ်ချက် မဟုတ်ဘူးလေနော်။ အဖေက ကျွန်မကို အမြဲတမ်းပြောတတ်တယ်။ သေခြင်းနဲ့ရှင်ခြင်းကို ပေါ့ပေါ့တန်တန် သဘောမထားရဘူးတဲ့။ အခြေအနေကို အကဲခတ်ပြီး အသက်ဆက်ရှင်ဖို့ အခွင့်အရေးကို သေချာပေါက် ဖမ်းဆုပ်ရမယ်တဲ့။
ကျွန်မက သေးငယ်လှတဲ့ကျွန်မရဲ့အသက်ကို သေချာပေါက် တန်ဖိုးထားရမယ်လေ။ မဟုတ်ရင် အဖြူရောင်အရိုးစုရုပ်နဲ့ အောက်ဘုံကို ရောက်သွားတဲ့အခါ အဖေတောင် ကျွန်မကို မမှတ်မိဘဲနေအုံးမယ်။
ကျွန်မမှာ ဆန့်ကျင်ဖို့ အင်အားမရှိတော့တာကို တွေ့လိုက်ရတော့ သူက အောင်နိုင်သူလို့ ရယ်မောလိုက်ပြီး
“ဒီတော့ အခုချိန်ကစပြီး တားဆေးအကြောင်း လုံးဝထပ်မပြောနဲ့တော့”
ဆာလောင်နေတဲ့ကျားတစ်ကောင်က သိုးငယ်လေးပေါ်ကို ခုန်အုပ်လိုက်သလို သူက ကျွန်မကိုဆွဲလှည့်လိုက်ပြီး အိပ်ရာပေါ်မှာ သူ့ခန္ဓာကိုယ်အောက်ကို ရောက်သွားအောင် လုပ်လိုက်တယ်။ ကျွန်မ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ သူ့အချုပ်အနှောင်ကနေ မလွှတ်မြောက်နိုင်ပါဘူး။
နောက်တစ်နေ့ ကျွန်မ နိုးလာတော ကျွန်မရဲ့ရင်သားပေါ်မှာ အညိုခရမ်းအကွက်တွေ ဖုံးလို့။ ကျွန်မကို ခစားနေတဲ့ အစေခံမလေးက ရှက်နေလိုက်တာများ မနေ့ညက နဂါးအိပ်ရာပေါ်မှာ ရှိခဲ့တဲ့သူက သူကျလို့လေ။ ကျွန်မတော့ တဖြည်းဖြည်းနဲ့ မျက်နှာပြောင်လာပြီလို့ စဥ◌်းစားမိလိုက်တယ်။
သူမက ပိန်ပိန်လေးနဲ့ အားနည်းတဲ့သူ ကျွန်မကို အဝတ်အစားလဲပေးနေရတာ သူ့အတွက် နည်းနည်းခက်ခဲနေမှာပဲ။ သူမက ခဏလောက် လေးလေးနက်နက် စဥ◌်းစားလိုက်ပြီးမှ ပြောလိုက်တယ်။
“မမလေး မမလေးကို အဝတ်အစားလဲပေးဖို့ ဟိုမမလေးယောက်ကို ဘာလို့မခေါ်လိုက်တာလဲဟင်၊ ဟိုမမလေးယောက်က အခုဆိုရင် မမလေးရဲ့အစေခံတွေဖြစ်သွားပြီလေ၊ မင်းကြီးကိုယ်တိုင် အဲလိုပြောခဲ့တာပဲ”
အဲဒီသန်မာထွားကြိုင်းလှတဲ့ အစေခံတွေကို စဥ◌်းစားလိုက်ရုံနဲ့ ကျွန်မမှာ ရုတ်တရက် ခေါင်းကိုက်သွားတော့တယ်။
ကျွန်မ ခေါင်းခါပြလိုက်ပြီး သူမရဲ့အကြံပေးချက်ကို နိမ့်နိမ့်ချချနဲ့ပဲ ငြင်းလိုက်ပါတယ်။
“ဒီနှစ်တွေမှာ ငါက အမြဲတမ်း ကိုယ့်ဟာကိုပဲ လုပ်နေလာခဲ့တာ၊ ငါ့ကို ခစားဖို့ ဘယ်သူ့ကိုမှ မလိုအပ်ပါဘူး၊ သူတို့တွေက စာရိနန်းဆောင်မှာ တကယ်အလုပ်များနေကြမှာ သေချာတယ်၊ သူတို့ကို အဲဒီကိုပဲ ပြန်ခိုင်းလိုက်ပါ”
အစေခံမလေးက ကျွန်မကို မျက်လုံးဖောင်းဖောင်းလေးတွေနဲ့ ကျွန်မကို စိုက်ကြည့်နေလိုက်ပြီးမှ ချီတုံချတုံနဲ့ ပြောလိုက်တယ်။
“အဲဒီ မမ လေးယောက်က တကယ်တော့ သိုင်းပညာအရမ်းတော်တာ၊ သူတို့တွေက စာရိနန်းဆောင်က အစေခံတွေမဟုတ်ပါဘူး၊ သူတို့အားလုံးက စစ်ပွဲအတွင်းမှာ မယ်တော်ကြီးနဲ့ ကျန်တဲ့မိဖုရားတွေကို ကာကွယ်ပေးဖို့ တာဝန်ပေးခံခဲ့ရတဲ့ အမျိုးသမီးအရာရှိတွေပါ၊ သူတို့ရဲ့ရာထူးတွေက အဲလောက်မမြင့်ပေမဲ့ ပုံမှန်ဆိုရင် သူတို့တွေက ကိုယ်လုပ်တော်တစ်ယောက်ဆီမှာ သီးသန့်အစေခံတွေလို ခစားကြတာမဟုတ်ဘူး၊ မင်းကြီး မမလေးကို ခစားဖို့ သူတို့ကို အမိန့်ပေးထားတာက ကျန်တဲ့မိဖုရားတွေ အရင်က မရဖူးတဲ့အထူးအခွင့်အရေးပဲ”
…. ဖုန်းကျောက်ဝမ်ပဲ ပြောခဲ့တာလေ။ သူတို့တွေ စာရိနန်းဆောင်က အစေခံမလေးတွေတဲ့။ သူတို့ရဲ့အလုပ်က ရေအိမ်သန့်ရှင်းရေးလုပ်ရတာလို့ သူပဲ ပြောခဲ့တာပဲ….။
သူ ငါ့ကို ဘယ်လောက်တောင် မုန်းနေတာလဲ။
ဖုန်းကျောက်ဝမ်းက ကျွန်မရဲ့ဘဝမှာ အကြီးမားဆုံးအတားအဆီးလို့ပဲ ကျွန်မတော့ ထင်တယ်။ ကျွန်မမှာ သူ့ဆီကနေ ထွက်ပြေးလို့လဲမရသလို သူ့ကို ကျွန်မရဲ့လမ်းကနေလဲ တွန်းထုတ်ပစ်လို့ မရနိုင်ဘူး။ သူ့ကို အနိုင်မယူနိုင်သလို သူ့ကို အနိုင်မယူနိုင်တဲ့အတွက်လည်း စိတ်ဆိုးဒေါသထွက်လို့ မရပြန်ဘူး။ ကျွန်မကိုယ်တိုင် စိတ်ရင်းနဲ့ သူ့ကို ဦးညွှတ်ခဲ့ရင်တောင် သူက ကျေနပ်ချင်မှ ကျေနပ်အုံးမှာ။
ကျွန်မ ဒီနေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရပါ့မလဲ။
. . .