Chapter - 3
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 3 - အခန်း(၃) ကျရောက်ဆဲဆဲ အန္တရာယ်နှင့် ရင်ဆိုင်ခြင်း။ လမ်းခွဲခြင်း။
အပိုင်း (၃) ကျရောက်ဆဲဆဲ အန္တရာယ်နှင့် ရင်ဆိုင်ခြင်း။ လမ်းခွဲခြင်း။
(MCက မိန်းကလေးမှန်းသိသွားပြီဆိုတော့ ဒီအပိုင်းက စပြီး ကျွန်မလို့ ပြန်လိုက်ပါတယ်)
ဒုတိယနေ့မှာ ဗိုက်ပြည့်တဲ့အထိ စားသောက်လိုက်ပြီး ရှောင်ဟွမ်နဲ့အတူတူ အကျဥ်းသားလှည်းထဲမှာ ထိုင်ရင်း မြို့တော်ကို လိုက်ပါသွားခဲ့တယ်။ ရှောင်ဟွမ်က ကျွန်မရဲ့ခေါင်းပေါ်မှာ စည်းထားတဲ့ အဖြူရောင်ဂွမ်းစကို ပွတ်သပ်လိုက်ပြီး သူ့ရဲ့ကြီးမားရွှန်းလဲ့တဲ့ မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်။ တအံ့တဩနဲ့ သူက ပြောလိုက်တယ်။
“ရှောင်ယိ မနေ့က ငါတွေ့တဲ့ မင်းခေါင်းပေါ်မှာ ပတ်ထားတဲ့အဖြူရောင်ပိတ်စက ဟောင်းပြီးညစ်ပတ်နေတာပါ၊ တစ်ညထဲနဲ့ ဘယ်လိုလုပ်ပြီး အသစ်ဖြစ်သွားတာလဲ”
…. ဒီအဖြူရောင်ပိတ်စအပါးလေးက ရန်ဖင်ရဲ့အတွင်းအင်္ကျီကို ဖြဲထားတာလို့ ပြောနိုင်ပါ့မလား။
ရှောင်ဟွမ်သာ ဒီစကားကို ကြားလို့ကတော့ သူ့မျက်လုံးတွေ ကျွတ်ထွက်မတတ် ကြောက်သွားလိမ့်မယ်လေ။ ဟုတ်တယ်မလား။
ဟိုးအရင်ကတည်းက ရန်ဖင်က ကျွန်မကို အရိုးထိအောင်မုန်းခဲ့တာပဲ။ ကျွန်မတောင် နားမလည်နိုင်ဘူး။ ကျွန်မက အမျိုးသမီးတစ်ယောက်ပါလို့ပဲ သူ့ကို ပြောပြလိုက်တာလေ။ ဒါပေမဲ့ ထင်မထားဘဲ သူ့မှာရှိတဲ့ မျှတတဲ့လိင်သဘာဝကို ကာကွယ်ပေးချင်တဲ့ ခံစားချက်ကို သွားလှုံ့ဆော်ပေးမိပြီး ကျွန်မရဲ့ဒဏ်ရာကို စည်းဖို့အတွက် သူ့အတွင်းအင်္ကျီကိုတောင် ဖြဲပေးလိုက်တယ်တဲ့။
ကျွန်မရဲ့မျက်နှာကို ပွတ်ကြည့်လိုက်တယ်။ ကြမ်းတမ်းတဲ့အသားအရေ၊ ထူပိန်းပိန်းအသားပြင်က ဆွဲဆောင်မှုရှိတဲ့ အသွင်ပြင်တွေလို့ လုံးဝစဥ်းစားလို့မရတာ သိသာတယ်…..။ အဲဒီနှစ်တုန်းက သူ့ရဲ့အမျိုးသားတို့ရဲ့အလှတရားနဲ့ မြူစွယ်တတ်တဲ့နည်းဗျူဟာကို ကျွန်မဆီမှာ သုံးခဲ့တုန်းက ကျွန်မလည်း ကျွန်မရဲ့အလှအပအားလုံးနဲ့ စိတ်ကိုပါ သူ့ကို ပေးခဲ့တယ်လေ…. အဲဒီနှစ်မှာသာ ဖြစ်ခဲ့ရင်…. တကယ်လို့များ အဲဒီနှစ်မှာသာဖြစ်ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ။
အဲဒီနှစ်က သူ့အတွက် ကျွန်မရဲ့အရိုးတွေကို ဖျက်ဆီးပြီး ကျွန်မရဲ့အသားတွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် မလုပ်ပေးနိုင်ခဲ့တာကို မုန်းမိလေရဲ့….။
နှမြောစရာပဲ။ မနေ့ညက သူ ကျွန်မအတွက် ခေါင်းပေါ်က ဒဏ်ရာကို စည်းပေးတုန်းက စကားတစ်ခွန်း လွှတ်ခနဲ ထွက်လာခဲ့သေးတယ်။
“မင်းရဲ့အရည်အချင်းတွေနဲ့ဆိုရင် ဒါကို ရှောင်နိုင်သင့်ပါတယ်၊ ဒါနဲ့များ ဘာလို့ မရှောင်ခဲ့တာလဲ”
အဲဒီသိမ်မွေ့တဲ့မျက်ဝန်းအစုံက ကျွန်မရဲ့ကို တည်တည်ငြိမ်ငြိမ် ကြည့်နေခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးတာတောင် သူ့အတွေးတွေကို မခံစားမိနိုင်သေးဘူး၊ ပြီးတော့ အခုကျတော့ ကျွန်မရဲ့စဥ်းစားတွေးတောပေးတတ်တဲ့စိတ်ကို အချီးနှီးဖြစ်အောင် မလုပ်ချင်တော့ဘူး။ ချက်ချင်းပဲ ရယ်မောလိုက်မိတယ်။
“ငါက ယောက်ကျားတစ်ယောက်ပဲ”
သူက ကျွန်မရဲ့ခေါင်းကို တစ်ကြိမ် ခေါက်လိုက်တယ်။ ချက်ချင်းပဲ သွေးစီးကြောင်းတစ်ခု ထွက်လာပေမဲ့ ဒါကို လုံးဝ မခံစားမိခဲ့ဘဲ တောက်တောက်ပပပြီး ပြုံးနေမိခဲ့တယ်။ သူ့အရောင်အသွေးက ပြောင်းလဲသွားပြီး သူ့ရင်ဘတ်ထဲက သွေးတိတ်ဆေးကို အလျင်စလို ထုတ်လိုက်တယ်။ သူက ဆေးကို ကျွန်မရဲ့ခေါင်းပေါ် အတင်းလောင်းထည့်လိုက်ပြီး ချက်ချင်းဘဲ ပြစ်တင်ရှုံ့ချတော့တယ်။
“မင်း နာကျင်မှုကို ဘယ်လိုခံစားရမယ်ဆိုတာ မသိဘူးလား၊ ပြီးတော့ ဘယ်လိုကြိုးစားပြီး ရှောင်ရမယ်ဆိုတာ သိရက်နဲ့….”
ပစ္စုပ္ပန်မှာ ကျွန်မဆိုတာ ငွေမရှိတဲ့သူ။ ကျွန်မကလွဲပြီး ဘယ်သူမှ မရှိတဲ့သူ။ ချစ်ခြင်းလည်းမရှိသလို မုန်းခြင်းလည်းမရှိဘူး။ ပူပင်မှုတောင် မရှိဘူး။ ဒါကြောင့်ပဲ သူက တစ်ခုခု ကြံစည်နေရင်တောင် ကျွန်မက မကြောက်နေတာပဲ။ ပြုံးရင်း သူယူလာပေးတဲ့ အသားပန်ကိတ်ကို ကိုက်လိုက်ပြီး မပူမပင်နဲ့ ပြောလိုက်ပါတယ်။
“မနာပါဘူး၊ အရင်ကတည်းက နာကျင်မှုဆိုတာ ဘာမှန်းကို မသိတော့တာလေ”
သူက ဒေါသူပုထသွားပြီး ကြမ်းကြမ်းတမ်းတမ်း ပြောတော့တယ်။
“အန်းယိ ငါ့ရှေ့မှာ အရူးလို လုပ်မနေနဲ့၊ မင်း ဘယ်လိုစိတ်ဓာတ်ရှိတယ်ဆိုတာ ငါ မသိဘူးလို့များ မင်းက ထင်နေတာလား”
အတိတ်က အန်းယိက ရန်ဖင်ကို ကျိန်ပြောခဲ့ဖူးတယ်…. ဒါပေမဲ့ ဒါက အတိတ်ပါပဲ။
ဟိုးအရင်တုန်းက အတိတ်က ဖုန်မှုန့်လို လွှင့်မျောလာခဲ့တယ်။
ရုတ်တရက် ငါ့ခန္ဓာကိုယ်မှာ စူးခနဲ ခံစားလိုက်ရတယ်။ တကယ်ပါ မနာပါဘူး။ ကျွန်မ အရင်အတိုင်းပဲ အသားပန်ကိတ်ကို ဆက်စားရင်း ဗိုက်အရင် ပြည့်အောင်ဖြည့်ဖို့ စဥ်းစားလိုက်ပေမဲ့ သူကတော့ ရုတ်တရက် စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်မရဲ့အသားပန်ကိတ်ကို လုယူသွားပြီး ကြမ်းပြင်ပေါ် ပစ်ချရင်း ဒေါသတကြီး ပြောနေတော့တယ်။
“စား စား စားနေလိုက်၊ မင်း ဘယ်လိုစားရမယ်ဆိုတာပဲ သိတယ်၊ ဒါက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အနာကျင်ဆုံး အပ်စိုက်အမှတ်ကွ၊ မင်း ဒါကို တကယ်ပဲ ခံနိုင်ရည်ရှိတယ်ဟုတ်လား”
ကျွန်မလည်း အသားပန်ကိတ်တဝက်ကို နောင်တရနေတဲ့ပုံနဲ့ ကောက်လိုက်ပြီး အပေါ်က ဖုန်တွေကို မှုတ်ထုတ်ပြီး ပါးစပ်ထဲ ဆက်သွင်းလိုက်တယ်။ တစ်ချိန်က သိမ်မွေ့တဲ့လူတစ်ယောက်က အခုတော့ ဒီအဆင့်အထိ ဒေါသကြီးလာတဲ့အကြောင်းအရင်းကို တကယ်ပဲ နားမလည်တော့ဘူး။ သူ့ကို ဒေါသမထွက်စေချင်တာနဲ့ နောက်ဆုံးတော့ ကျွန်မ မနေနိုင်တော့ဘဲ အမှန်အတိုင်းပြောလိုက်ရတယ်။
“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ငါ နာကျင်မှုတွေကို မခံစားတတ်တော့တာ…. ငါ စမ်းကြည့်ခဲ့ပြီးပြီ၊ အပ်တစ်ချောင်းနဲ့ ထိုးစိုက်တာဖြစ်ဖြစ်၊ ဓားတစ်ချောင်းနဲ့ ထိုးလိုက်တာဖြစ်ဖြစ် ငါ ဘယ်တော့မှ နာကျင်မှကို မခံစားရဘူး”
သူ့မျက်လုံးထဲက အံ့ဩရိပ်က ပိုပြင်းထန်လာပြီး ဝမ်းနည်းမှုတွေ လိုက်ပါလာတာ နာကျင်မှုခံစားချက်တွေ ဆုံးရှုံးသွားတာ သူကိုယ်တိုင်ဖြစ်နေတဲ့အတိုင်းပဲ။ ကျွန်မအပေါ်မှာ စိတ်ကူးယဥ်ဆန်တဲ့ ခံစားချက် ကြိုးလေးတစ်ခုတောင်မရှိဘဲ သူက ကျွန်မကို အမြဲတမ်း အင်မတန်မုန်းတီးခဲ့မှန်းသာ မသိနေခဲ့ရင် သူ့နှလုံးသားက ကျွန်မအတွက် နာကျင်နေတာဆို ထင်နေမိမှာပဲ။ ကျွန်မက ကျွန်မရဲ့ဆီတွေပေကျံနေတဲ့လက်နဲ့ သူ့ပခုံးကို ပုတ်လိုက်ပြီး ဘဝင်မြင့်တဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ်။
“တကယ်တော့ ဒါကလည်း ဘာမှမဟုတ်ပါဘူး၊ နာကျင်မှုမရှိတော့ အဲဒီနှစ်တုန်းက ချန်နိုင်ငံနဲ့ ချီနိုင်ငံကြားက စစ်ပွဲမှာ ငါ သေမှာမကြောက်ဘဲ ရှေ့ကို တိုးတက်နိုင်ခဲ့တယ်လေ၊ ဘာပဲဖြစ်ဖြစ်ပါ ဘာနာကျင်မှုမှ မရှိခဲ့ဘူး၊ ငါ သေရမယ်ဆိုရင်တောင် အသိစိတ်ပျောက်ဆုံးသွားတာထက် ဘာမှမပိုဘူး”
သူ့မျက်နှာက ရုတ်တရက် လူသေတစ်ယောက်ကို ဖြူဆုတ်သွားပြီး အချိန်အကြာပြီး နှုတ်ဆိတ်နေခဲ့တယ်။ သူက အဲဒီစစ်ပွဲကို ပြန်စဥ်းစားနေတာလား၊ ဒါမှမဟုတ် မြို့တံတိုင်းတွေ ပြိုကျပျက်စီးနေတဲ့ ကျွန်မတို့နိုင်ငံရဲ့ ကျရှုံးခြင်းကို ပြန်သတိရနေတာလားတော့ သေချာမသိပါဘူး….။ ကျွန်မကတော့ အသားပန်ကိတ်ကို ပျော်ပျော်ရွှင် စားနေရင်းက သက်ပြင်းချလိုက်မိတယ်။
“မနက်ဖြန် လမ်းမှာ အသားပန်ကိတ် စားနိုင်အုံးမယ်ဆိုရင် ငါတော့ အကျဥ်းသားလှည်းကို စီးနေတုန်း အငတ်ခံရတော့မှာမဟုတ်ဘူး၊ နောက်ပြီး ဒီဘဝက အဲဒီမသေမျိုးတွေရဲ့ဘဝနဲ့တောင် နှိုင်းယှဥ်ရလိမ့်မယ် ဟုတ်တယ်မလား”
ရုတ်တရက် သူ့မျက်လုံးထဲမှာ ရေအိုင်တစ်ခု ပြည့်တက်လာပြီး အဲဒီရေတွေက လေးစက်မြောက်မျက်ရည်ကို ဖိတ်ကျလာအောင် လုပ်တော့မဲ့အတိုင်းပဲ။
ကျွန်မလည်း မနေနိုင်တော့ဘဲ သူ့ကို လက်ညိုးထိုးပြီး ဝါးလုံးကွဲ အော်ရယ်လိုက်ပြီး မယုံသင်္ကာနဲ့ ပြောလိုက်တယ်။
“စစ်သူကြီးရန် ငါ မြို့ရောက်ရင် ခေါင်းဖြတ်သတ်ခံရမဲ့ ကံတရားပါတာနဲ့ပဲ မင်းက ဒီမဖြစ်စလောက် ကိုယ်ချင်းစာ မျက်ရည်တွေကျ လို့မရဘူးလေ ဟုတ်တယ်မလား၊ ဒါမှမဟုတ် ဒီလိုမျိုး ချစ်ပေးတဲ့သူ ငါ့ကို ဆုံးရှုံးရတာကြောင့် မင်းက အရမ်းစိတ်ဆင်းရဲနေရလို့ ဒီမျက်ရည်လေး တစ်စက်နှစ်စက်လောက် ကျသွားတာလား”
သူက ရှက်ရှက်နဲ့ မျက်နှာလွဲသွားလိုက်သည်။
“ဟေး ဟေး ငါ စကားမှားသွားတာပါ၊ ဟုတ်တယ်နော်၊ ငါလေးတစ်ယောက် ကြွေခသွားလောက်ပါပဲ၊ ထူးခြားပြီး အမြင်စူးရှတဲ့ အမျိုးသမီးငယ်လေးတွေက မြို့တော်မှာ မရေမတွက်နိုင်အောင်ရှိတာပဲလေ၊ စစ်သူကြီးရန်ရဲ့ ငယ်ရွယ်ပြီး သိုင်းပညာတတ်တဲ့ ရုပ်ရည်နဲ့ဆိုရင် သဘောကျတဲ့သူအရေအတွက်က ဆုံးမှာမဟုတ်ဘူး။ စစ်သူကြီးရန် စိတ်ဆင်းရဲနေစရာမလိုပါဘူး၊ လုံးဝမလိုဘူးနော်”
ကျွန်မရဲ့ ရယ်မောသံတွေကြားမှာ သူက ထွက်သွားပြေးခဲ့တယ်။
အဲဒီကတည်းက ခရီးတစ်လျှောက်လုံး အသားပန်ကိတ် ပုံမှန်လာကျွေးတဲ့ စစ်သားတွေအပြင် ရန်ဖင်က အကျဥ်းသားလှည်းကို ထပ်ပြီးချဥ်းကပ်လာတာ လုံးဝမတွေ့ရတော့ဘူး။
ရှောင်ဟွမ်က မျက်စောင်းထိုးမှာထိုင်ပြီး ကျွန်မကို စိုးရိမ်တကြီး ကြည့်နေတယ်။
“ရှောင်ယိ အစ်ကိုရန်ဖင်က ဘာလို့ ငါတို့ကို လာမကြည့်တာလဲ”
ကျွန်မက သူ့အတွေးတွေကို ဘယ်လိုလုပ်ပြီး သိမှာတဲ့လဲ။
ဒါပေမဲ့ ကျွန်မက ရှောင်ဟွမ်ကို ပညာသားပါပါ လှည့်စားနိုင်နေတုန်းပဲ။ အားကိုးရာမဲ့မျက်နှာတစ်ခုကို ဟန်ဆောင်နေလိုက်ပြီး
“သူ ငါ့ကို မုန်းလို့ ဖြစ်မှာပေါ့….”
ရှောင်ဟွမ်က သူ့ခန္ဓာကိုယ်ပေါ်က ချုပ်နှောင်ထားတဲ့ လက်ထိပ်ကြိုးတွေကို အကျဥ်းသားလှည်းနဲ့ ဆောင့်တွန်းလိုက်ပြီး အကြိမ်အနည်းငယ်လောက် မြည်သံဖြစ်အောင် လုပ်လိုက်တယ်။ အပြင်ဘက်က အစောင့်စစ်သားတွေက ဒီဖက်ခြမ်းက ဆူပူသံကို လုံးဝဂရုမစိုက်တာ တွေ့လိုက်ရတော့ သူက ငါ့ကို အရမ်းဂရုတစိုက်နဲ့ လှစ်ခနဲကပ်လာခဲ့တယ်။
“ရှောင်ယိ မင်းက အမြဲတမ်း သတင်းအများဆုံး ရတဲ့သူမလား၊ ငါတို့တွေ ထွက်ပြေးဖို့ နည်းလမ်းတစ်ခု စဥ်းစားတာ အကောင်းဆုံးပဲ ဟုတ်တယ်မလား၊ ချီနိုင်ငံဘုရင် ဖုန်းကျောက်ဝမ်က မျက်တောင်တစ်ချက်မခတ်ဘဲ လူလွှတ်ပြီး ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးနိုင်တယ်လို့ ကြားထားတယ်….”
ကျွန်မက နောက်ကို ပြန်မှီထားလိုက်တယ်။ ကံဆိုးချင်တော့ ကျွန်မလည်ပင်း သစ်သားချုပ်ပြားက ထိန်းချုပ်ထားပြီး တော်တော်လေးကို သက်တောင့်သက်သာမရှိတာပဲ။ ရွေးချယ်စရာမရှိတော့ ကျွန်မ သက်ပြင်းရှည်ကြီးတစ်ချက် ချမိတယ်။ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
“မင်းကို ခေါ်လာမှတော့ ငါက လွှတ်နိုင်ပါအုံးမလား”
ရှောင်ဟွမ်ရဲ့မျက်နှာက ပေါက်စီတစ်လုံးကို ရုတ်တရက် ရှုံ့တွသွားတယ်။ အချိန်အကြာပြီး နှုတ်ဆိတ်နေပြီး သူက ခေါင်းငိုက်စိုက်ချပြီး စဥ်းစားနေတယ်။ နောက်ဆုံးတော့ သူက နောက်တစ်ခါ ထပ်တိုးလာပြီး လေသံတိုးတိုးနဲ့ တီးတိုးပြောလာခဲ့တယ်။
ဘုရင်ခံက မင်းကို စစ်တပ်တံဆိပ်တုံး သိမ်းထားခိုင်းခဲ့တယ်မလား၊ ငါတို့အသက်ကို ထိန်းသိမ်းထားဖို့က အရေးအကြီးဆုံးပဲ၊ မင်း ဒါကို သိမ်းထားပြီး ဖုန်းကျောက်ဝမ်ကို ပေးလိုက်မှာလို့တော့ ငါ့ကို မပြောနဲ့နော်”
အလန့်တကြားနဲ့ ကျွန်မ သူ့ကို အကဲခတ်မိလိုက်တယ်…..။ ဒါက ရူးအအနဲ့ ရှောင်ဟွမ်ကော ဟုတ်သေးရဲ့လား။
. . .
သူ့မျက်လုံးတွေက ခဏလောက် ဖျတ်ခနဲလက်သွားပြီး သတ္တိမွေးလိုက်ပြီး ခေါင်းပြန်လှည့်လာရင်း ကျွန်မကို တည့်တည့်ကြည့်လိုက်တယ်။
“ရှောင်ယိ ငါ မင်းနောက်လိုက်လာတာ ၃နှစ်ရှိသွားပြီ၊ ပြီးတော့ အဲဒီစစ်တပ်တံဆိပ်တုံးကို ငါ တစ်ခါမှ မတွေ့ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါက ကြိုးတစ်ချောင်းထဲမှာ အမြဲတမ်း ချည်နှောင်ထားခံနေရမှာပဲ၊ စစ်တပ်တံဆိပ်တုံးကို ထုတ်ပြီး ကိစ္စကြီးတွေ ပြီးမြောက်အောင် ငါ့ကို ကူညီပေးလိုက်ပါလား…. နောက်ဆိုရင် မင်းကို ထူးချွန်တဲ့တည်ထောင်သူ အမတ်ချုပ်လို့ သတ်မှတ်ပေးမယ်”
တကယ်ပါပဲ။ ကျွန်မရဲ့ဘယ်ကိစ္စက ဒီထူးချွန်တဲ့တည်ထောင်သူအမတ် အမှိုက်ထုပ်ဖြစ်ရမှာလဲ။
ကျွန်မအဖေ ပြောခဲ့တာတော့ သူက ကျွန်မကို စာပေမှာအရည်အချင်းမရှိ၊ သိုင်းပညာမှာအရည်အချင်းမရှိ၊ ရုပ်ရည်ကလည်း သုံးစားမရဘူးလို့ မြင်လို့ ကျွန်မက ဒီလိုဖရိုဖရဲကာလမှာ ဘဝကို အေးအေးဆေးဆေး သက်တောင့်သက်သာနေနိုင်ဖို့ပဲ မျှော်လင့်တယ်တဲ့လေ။ မဟာအောင်မြင်မှုတွေ၊ မိသားစုအတွက် ဂုဏ်ဆောင်ပေးတာတွေအတွက်ကတော့…. အဲဒီနေ့တွေတုန်းက ကျွန်မရဲ့ဘိုးဘွားတွေကို ဘယ်မှာမြှုပ်ထားမှန်း သူ တောင်မသိလေဘူး။ ဒီတော့ ကျွန်မက အဲဒီအပိုင်းကို လုံးဝမေ့ပစ်လိုက်နိုင်တာပေါ့။
ကိုယ့်ဟာကို အစားအသောက်နဲ့ နွေးထွေးတဲ့အဝတ်အစား လုံလုံလောက်လောက် ရှိဖို့ စိတ်ပူနေရတဲ့အပြင် ကျွန်မရှေ့က ဒီကလေးအတွက်ပဲ စိတ်ပူခဲ့ရတယ်။ ကျွန်မက သူ့ကို မျက်လုံးနဲ့ အနားပိုကပ်လာဖို့ မျက်ရိပ်ပြလိုက်ပြီး ကျွန်မရဲ့နဖူးနဲ့ သူ့နဖူးကို ထိထားလိုက်တယ်။
“သေချာသွားပြီ၊ အကျဥ်းထောင်ထဲမှာ အချိန်အကြာကြီးနေရင် လူတစ်ယောက်ကို အလွယ်တကူ စိတ်ရှုပ်ထွေးသွားစေနိုင်တယ်တဲ့၊ ရှောင်ဟွမ်ရာ မင်းကို ဒီစကားတွေ ဘယ်သူ သင်ပေးခဲ့တာလဲ”
သူ့နဖူးက နည်းနည်းအေးစက်နေတယ်။ သူ့နဖူးနဲ့ ထိကပ်ထားတာ့တော့ ကျွန်မရဲ့နှလုံးသားတစ်ခြမ်းတောင် ချမ်းစိမ့်စိမ့်ဖြစ်သွားသလို ခံစားလိုက်ရတယ်… ကျွန်မ ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ စစ်တပ်တံဆိပ်တုံးအတွက်နဲ့ သူက ကျွန်မနောက်လိုက်ခဲ့ပြီး ဒုက္ခခံနေတာမှန်း စောစောကသာသိခဲ့ရင် သူ့ကို စောင့်ရှောက်ဖို့အတွက် လယ်ထဲမှာ အလုပ်လုပ်ပြီး အဲလောက်အားထုတ်မှုတွေ လုပ်ခဲ့မှာမဟုတ်ဘူး။ သူ သေမလိုဖြစ်တဲ့အထိ ဒီအတိုင်း အငတ်ပဲ ထားခဲ့လိုက်မှာ….။
ရေလိုကြည်လင်နေတဲ့ သူ့မျက်လုံးတွေထဲမှာ မြက်ခြောက်ပင်လို ရှုပ်ထွေးတဲ့ဆံပင်၊ ညိုးနွမ်းတဲ့အသားအရေနဲ့ ကျွန်မရဲ့ပုံရိပ်တစ်ခု ထင်နေတယ်။ ကျွန်မက မဲ့ပြုံးပြုံးလိုက်မိပြီး ချက်ချင်းဆိုသလို သူ့မျက်လုံးထဲက အဲဒီနိမ့်ကျတဲ့လူက ကလေးငယ်တစ်ယောက်ကို ကြောက်လန့်အောင် ငိုသွားတဲ့အထိ ရုပ်ဆိုးသွားခဲ့တယ်။
“ရှောင်ယိ မင်း ခေါင်းမာနေစရာမလိုပါဘူး၊ ဒီအတိုင်းဆက်သွားနေရင် ငါတို့တွေ သက်ရှင်ဖို့ အခွင့်အရေးလုံးဝ မရှိတော့ဘူး၊ မင်း အခုနေ ဒါကို ထုတ်မလာဘူးဆိုရင် ငါတို့တွေ ခေါင်းဖြတ်ခံရတော့မဲ့အချိန်အထိ စောင့်မယ်လို့တော့ မပြောနဲ့နော်”
“ဟားဟား…. ဟား ဟားဟားဟား…..”
အရယ်ရပ်ဖို့ အရမ်းခက်ခဲနေရတဲ့အကြောင်းအရင်းကိုတောင် မသိတော့ဘူး။
“မင်း… ဒီအရူးလေးကတော့၊ အဲတုန်းက ငါ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ မင်း ငါ့ကို ချက်ချင်းမေးခဲ့သင့်တာပေါ့၊ အဲပစ္စည်းသာ ငါနဲ့ရှိနေရင် ငါမင်းကို သေချာပေါက် ပေးခဲ့မှာပဲ, ပစ္စည်းတစ်ခုမရှိရုံနဲ့ မနေနိုင်တော့တဲ့ဟာမှ မဟုတ်တာ၊ ဒီသုံးနှစ်အတွင်းမျာ မင်းအတွက် အရမ်းပင်ပန်းခဲ့မှာပဲ၊ ငါနောက်လိုက်ပြီး ဒုက္ခခံနေရတယ်လို့ကွာ”
သူက ကျွန်မကို အူကြောင်ကြောင်း စိုက်ကြည့်နေလိုက်ြီး သူ့မျက်နှာပေါ်က အမူအရာက နည်းနည်းဇဝေဇဝါဖြစ်သွားပုံပဲ။ နောက်တော့ သူ့အသံလေသံက အေးစက်သွားခဲ့တယ်။
“မင်းက စစ်တပ်တံဆိပ်တုံးကို လိုလိုလားလား ထုတ်ပေးလိုက်ရမှာထက် တကယ်ပဲ သေဖို့ရွေးချယ်ထားတာလား”
ကျွန်မက သူ့ကို ကြည့်နေရင်း ဒေါသထွက်သွားခဲ့တယ်။ သူ ကျွန်မကို ယုံကြည်အောင် ဘယ်လိုလုပ်ပေးရမှာတဲ့လဲ။
ကျွန်မ အဖြေတစ်ခုကို စဥ်းစားလို့မရခင်မှာပဲ ကျွန်မနားထဲကို မြင်းခွာသံတွေက ဝင်လာခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အနက်ရောင်ဝတ်လူဆယ်ယောက်ကျော်က မြင်းစီးလာပြီး ဓားတွေကို ဆုပ်ကိုင်ရင် တိုးဝင်လာခဲ့တယ်။ ရှောင်ဟွမ်ရဲ့မျက်နှာအမူအရာက စိတ်အေးသွားပုံရတယ်။ ကျွန်မခန့်မှန်းချက်အရတော့ ဒီလူအုပ်ကြီးက ချီနိုင်ငံမင်းကြီးကို အကာအကွယ်ပေးနေတဲ့အဖွဲ့ပဲဖြစ်လိမ့်မယ်။ သူတို့တွေက အစောကြီးကတည်း ဖုန်းကျောက်ဝမ်ရဲ့ သုတ်သင်တာခံလိုက်ရပြီလို့ အစက ထင်ထားခဲ့တာပဲ။ တကယ်တော့ သူတို့တွေက ရှောင်ဟွမ်ကို တိတ်တိတ်လေး ကာကွယ်ပေးနေတာ ဖြစ်နေတာကိုး။
ဒီအနက်ရောင်ဝတ်လူတွေရဲ့ အရည်အချင်းတွေက မသေးဘူး။ အရမ်းမြန်ဆန်ပြီး သူတို့တွေက အစောင့်စစ်သားတွေကို တစ်နေရာထဲမှာ အနီးကပ်တိုက်ခိုက်ခဲ့ကြတယ်။ သူတို့ထဲကမှ အရမ်းအမြင့်ကြီးနဲ့ တုတ်ခိုင်တဲ့ခန္ဓာကိုယ်ရှိတဲ့ အနက်ရောင်ဝတ်လူတစ်ယောက်က ဟိန်းနေအောင် အော်လိုက်တယ်။
“မင်းကြီးကို ကယ်ကြ၊ မြန်မြန်၊ မင်းကြီးကို ကယ်ကြ”
ကျွန်မကတော့ ရှောင်ဟွမ်ကို ဝမ်းသာရနဲ့ပဲ လက်သီးဆုပ်ပြီး လက်နှစ်ဖက်ကို ယှက်ထားလိုက်ပြီး ပြောလိုက်တယ်။
“ရှောင်ဟွမ် ဒီနေ့ မင်းနဲ့ငါ လမ်းခွဲရတော့မယ်၊ အခုချိန်ကစပြီး ဒီအစေခံက မင်းကြီးရဲ့ အစားအသောက် အဝတ်အစားအတွက် စိတ်ပူပေးစရာမလိုတော့ဘူး၊ နောက်ဆုံး လေးလံတဲ့ဝန်ထုပ်တစ်ခု လျော့သွားပြီ၊ မင်းကြီးက ကျေးဇူးပြုပြီး ကိုယ့်ဟာကိုယ် ဂရုစိုက်ပါ”
သူက အတိုင်းအတာတစ်ခုထိ စိတ်ပူတဲ့အသွင်နဲ့ တိုက်ပွဲကို စောင့်ကြည့်နေခဲ့တယ်။ ကျွန်မပြောလိုက်တော့ စကားကို ကြားတော့ မှင်သက်အံ့ဩသွားပြီး
“ရှောင်ယိ မင်း ငါနဲ့အတူ မလိုက်ဘူးလို့တော့ မပြောနဲ့နော်”
ကျွန်မက ပြုံးရင်း ခေါင်းခါပြလိုက်ပြီး မြင့်မားတဲ့ကောင်းကင်နဲ့ ကျယ်ပြောတဲ့တိမ်တွေကို မော့ကြည့်လိုက်တယ်။ ကျွန်မရဲ့အမူအရာက မတတ်သာပဲ ဝမ်းနည်းပုံပေါ်နေတော့တာပေါ့။
“မင်းရွေးထားတဲ့လမ်းက အရမ်းပင်ပန်းတယ်၊ ငါက ကောင်းကောင်းဝတ် ကောင်းကောင်းစားပြီး ပျော်ပျော်ရွှင်ရွှင် သက်တောင့်သက်သာနဲ့ ငါ့ရဲ့ကျန်တဲ့ဘဝကို စမ်းချောင်းတွေ သစ်ပင်တွေရှိတဲ့နေရာမှာပဲ နေချင်တော့တာ၊ အင်းလေ၊ နောက်ဆုံးတော့လည်း ဒါက အိမ်မက်တစ်ခုပါပဲ၊ ဒါပေမဲ့လည်း အဆင်ပြေပါတယ်၊ စမ်းချောင်းတွေ သစ်ပင်တွေ ရှိတဲ့နေရာကို ငါ မသွားနိုင်ပေမဲ့ ငရဲပြည်ကိုတော့ ဆင်းသွားနိုင်သေးတယ်လေ၊ ဘာပဲဖြစ်ဖြစ် အဲဒီနေရာက ငါ အလုပ်လုပ်စရာမလိုတဲ့နေတစ်ခုဖြစ်နေသေးတာပဲ”
အားလုံးက အကျဥ်းသားလှည်းကို ဝိုင်းထားပြီး လူနဲ့မြင်းအုပ်စုနှစ်ခုက အသည်းအသန် တိုက်ခိုက်နေကြတယ်။ သူက နှုတ်ဆိတ်ရင်း ကျွန်မကို စိုက်ကြည့်နေပြီး အရမ်းကို စိတ်ပျက်နေမှာပေါ့။ တစ်ခုခု ပြောဖို့ပြင်လိုက်တဲ့အချိန်မှာ ရုတ်တရက် နှင်းလိုတောက်ပတဲ့ အပြန့်ကြီးတဲ့ဓားတစ်လက်က အကျဥ်းသားလှည်းရဲ့ သံကြိုးတွေကို ချွမ်းခနဲ ခုတ်ချပစ်လိုက်တယ်။ နှစ်ချက် သုံးချက်လောက် ခုတ်ထစ်လိုက်အပြီးမှာ သစ်သားစတွေက လေထဲ ဝေ့ခနဲလွှင့်ထွက်သွားပြီး အကျဥ်းလှည်းရဲ့ တစ်ဖက်က ကာထားတဲ့အကာအရံက ခုတ်ချခံလိုက်ရတယ်။ ခုတ်ချက် နှစ်ချက်သုံးချက်မှာ ကျွန်မနဲ့ ရှောင်ဟွမ်ရဲ့ ကိုယ်ပေါ်က အချုပ်အနှောင်တွေအားလုံး ကျိုးပျက်သွားခဲ့တယ်။ တကယ့်ကို ကောင်းလိုက်တဲ့ ဓားသွားပဲ။
ရှောင်ဟွမ်က သူ့ခြေထောက်နဲ့ သူ့လက်တွေကို လှုပ်ရှားလိုက်ပြီး လှည်းပေါ်က ခုန်ဆင်းလိုက်တယ်။ သူက ကျွန်မဆီကို လက်လှမ်းလိုက်တယ်။ အဲဒီအနက်ရောင်ဝတ်နဲ့ ကျွန်မရဲ့ ချစ်လှစွာသောမိတ်ဆွေကလည်း အရမ်းကိုဖော်ဖော်ရွေရွေနဲ့ ပြောလိုက်တယ်။
“ဒါက စစ်သူကြီးငယ်လေး အန်း မဟုတ်လား”
ကျွန်မက ခေါင်းခါပြလိုက်ပြီးမှ ခေါင်းညိတ်လိုက်တယ်။ ဒီလိုအခေါ်အဝေါ်ကို မသုံးတော့တာ အချိန်အရမ်းကြာသွားပြီပဲ။
သူတို့နှစ်ယောက်လုံး ဇဝေဇဝါဖြစ်သွားကြတယ်။ ကျွန်မက သွားတွေပေါ်တဲ့အထိ ပြုံးပြလိုက်ပြီး သူတို့ကို တိုက်တွန်းပေးလိုက်ပါတယ်။
“မင်း မှန်ပါတယ်၊ ကျွန်တော်က အန်းယိပါ၊ ဒါပေမဲ့ ကျွန်တော် မင်းတို့နဲ့ မလိုက်ဘူး၊ မင်းတို့တွေ မြန်မြန် ထွက်ပြေးသင်းပြီ၊ ကျေးဇူးပြုပြီး ကိုယ့်ဟာကိုယ် ဂရုစိုက်ကြပါ”
အနက်ရောင်ဝတ်နဲ့လူက စိတ်ရှုပ်သွားပြီး
“စစ်တပ်တံဆိပ်တုံးက စစ်သူကြီးငယ် အန်း ရဲ့လက်ထဲမှာမဟုတ်ဘူးလား….”
ဒါပေမဲ့ သူ့ကို ရှောင်ဟွမ်က ရုတ်တရက်လှမ်းဆွဲလိုက်တယ်။ ဒီအချိန်မှာ အကျဥ်းသားလှည်းကို စောင့်ကြပ်နေတဲ့ စစ်သားတွေက အလစ်ဝင်တိုက်လိုက်ကြတယ်။ ရှောင်ဟွမ်နဲ့ကျွန်မလည်း ဒီလူနဲ့မြင်း အဖွဲ့နှစ်ခုကြောင့် ချက်ချင်း လူချင်းကွဲသွားခဲ့တယ်။
သုံးနှစ်လုံးလုံး ကျွန်မရဲ့ကိုယ်ပိုင်လက်တွေနဲ့ မွေးလာခဲ့တဲ့ အဲဒီရူးမိုက်လှတဲ့ကလေးက သူ့မြင်းပေါ် လွှားခနဲခုန်တက်ပြီး အနက်ရောင်ဝတ်စုံနဲ့လူနဲ့အတူတူ ပျောက်ကွယ်သွားတာကို မမှိတ်မသုန် စောင့်ကြည့်နေမိတယ်။ သူ့ခေါင်းက တစ်ချက်လေးတောင် နောက်ပြန်မလှည့်ကြည့်လေဘူး။ ဒီခံစားချက်က ဖော်ဖြဖို့ ခက်လှပါတယ်။ မပျော်ဘူး။ အဲဒီအစား ဝမ်းနည်းနေမိတယ်။ သမီးဖြစ်သူကို လက်ထပ်ပေးလိုက်ရတဲ့မိဘတွေက အရိုးကိုထွင်းပြီး အသားကို ထုတ်ပေးလိုက်ရသလို ခံစားရမှာပဲ။ ကျွန်မလည်း ခဏတဖြုတ်တော့ ဝမ်းနည်းမိသွားတယ်။ ဒီလောက်ပါပဲ။
ကျွန်မက အထိန်းအချုပ်လွတ်ကင်းသွားပြီဆိုတော့ အကျဥ်းသားလှည်းပေါ်မှာ လဲလျောင်းနေလိုက်တာ အိပ်ပျော်သွားတာ အရမ်းကို ချောမွေ့ပြီးချိုမြိန်လို့ပါပဲ။ ဝိုးတဝါးအခြေအနေတစ်ခုမှာ ရန်ဖင်ရဲ့သိမ်မွေ့တဲ့အသံက စစ်သားတွေကို တိုက်ပွဲမြေပြင် ရှင်းလင်းခိုင်းပြီး နောက်ဆုံးထွက်သက်မကုန်သေးတဲ့ အနက်ရောင်ဝတ်နဲ့လူတွေကို တစ်ချက်ထဲနဲ့ ကူညီပေးလိုက်ဖို့ အမိန့်ပေးနေတဲ့အသံ ကြားလိုက်ရတယ်။ ဒါတွေအားလုံးကို ကျွန်မကတော့ သားချောတေ့တစ်ပုဒ်လို မှတ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရင်းက ကျွန်မကို ဖြည်းဖြည်းချင်း တွန်းသွားလိုက်ကြတယ်။ အကျင့်ပါနေလို့ထင်ပါတယ်။ ကျွန်မလည်း မဆင်မခြင်နဲ့ ပြောလိုက်တယ်။
“ရှောင်ဟွမ် မင်း ဗိုက်ဆာရင် အိုးထဲက ပြောင်းဖူးပန်ကိတ်ကို သွားယူချည်၊ ငါ့ကို နည်းနည်းလောက် ပေးအိပ်စမ်းပါ၊ အရမ်းပင်ပန်း….”
“အဲဒီအရူးက ထွက်သွားပြီ….”
ရုတ်တရက် ကျွန်မရဲ့မျက်လုံးတွေကို ဖွင့်လိုက်တော့ ကျွန်မရှေ့က ရန်ဖင်ရဲ့မျက်လုံးတွေက မယုံကြည်နိုင်စရာကောင်းလောက်အောင် သိမ်မွေ့နေခဲ့တယ်။ ကျွန်မက မသိနားမလည်တဲ့မိန်းမငယ်လေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလူက ရန်သူကိုဖြစ်ဖြစ် ကျေးဇူးရှင်ကိုဖြစ်ဖြစ် ဒီလိုမျက်နှာမျိုးထားတတ်တာ သိနေသားပဲ။ ဒါကြောင့် အခုလို အချိန်တွေကြာသွားတဲ့အခါမှ ကျွန်မဆီမှာ ဘာထင်ယောင်ထင်မှားစိတ်မှ မရှိတော့ဘူး။ ကျွန်မရဲ့နှလုံးသားက ကျွန်မရင်ဘတ်ထဲမှာ တသမတ်တည်း ဖြစ်နေခဲ့တယ်။
ကျွန်မက မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်တယ်။ အနက်ရောင်ဝတ်နဲ့လူနဲ့ ကျွန်မရဲ့ချစ်လှစွာသော သူငယ်ချင်းလေးရဲ့အကူအညီနဲ့ ကျွန်မှာ ဘာအချုပ်အနှောင်မှ မရှိတော့ဘူး။ တကယ့်ကို နေသာထိုင်သာ ရှိတာပါပဲ။
“အကျင့်ဖြစ်နေတာကိုတော့ အပြစ်ပြောလို့မရဘူးမလား”
သူက ကျွန်မကို တိတ်တိတ်လေး ကြည့်နေလိုက်တယ်။ အချိန်ခဏကြာသွားမှ သူက ပြောလိုက်တယ်။
“အန်းယိ မင်း လုံးဝ စိတ်မဆိုးဘူးလား”
“ဘာကို စိတ်ဆိုးရမှာလဲ”
မုန်းတီးနေတဲ့ အမူအရာတစ်ခုနဲ့ဖြစ်နေတဲ့ သူက ကျွန်မ သူ့မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့တာရဲ့ သက်သေပါပဲ။
“အဲဒီချင်ဟွိုက်က မင်းဘေးမှာ သုံးနှစ်လောက် ဖုံးကွယ်ပြီးနေလာခဲ့တာ၊ အားလုံးက စစ်တပ်တံဆိပ်တုံးအတွက်တဲ့၊ ဒါပေမဲ့ မင်းကတော့ သူ့ကို ကျွေးမွေးပျိုးထောင်ဖို့အတွက် တိရိစ္ဆာန်တစ်ကောင်လို နေခဲ့ရတယ်၊ မင်း ခွဲခွာနိုင်စရာမကောင်းတဲ့ကံကောင်းခြင်းကို မခံစားမိဘူးလား”
သူသာ သတိမပေးခဲ့ရင် ကျွန်မတောင် မေ့သွားတော့မလို့ပဲ။ ချီနိုင်ငံရဲ့ ကလေးဘုရင်၊ မင်းကြီးနာမည်က ချင်ဟွိုက်တဲ့။
ကျွန်မက စုပ်သံတစ်ချက်နဲ့ ရယ်မောလိုက်ပြီး ကျွန်မကိုယ်ကို ပျင်းပျင်းရိရိ တဖက်လှည့်လိုက်တယ်။
“သူ့လို ဘရိုကိတ်ဝတ်ရုံ၊ ကျောက်စိမ်းအစားအသောက် စားသုံးခဲ့တဲ့ ကလေးဘုရင်တစ်ပါးက ငါ့ဘေးမှာ ဒုက္ခခဲ့တာလေ၊ သုံးနှစ်လုံး အဆာခံ၊ ကြမ်းတမ်းတဲ့အစားအသောက်စားပြီး အသီးအရွက်တွေပဲ မြိုချခဲ့ရတာ၊ နောက်ဆုံးတော့လည်း စစ်တပ်တံဆိပ်တုံးကို ရှာမတွေ့သေးဘူး၊ အဲဒီကံကောင်းခြင်းနဲ့လူက သူပဲ ဖြစ်သင့်တာပေါ့ ဟုတ်တယ်မလား”
နည်းနည်းလောက်ထပ်စဥ်းစားလိုက်ပြီး ကျွန်မ ထပ်ပြောလိုက်တယ်။
“အဲဒီနှစ်တုန်းက ငါ အဲအရူးကို ကယ်ခဲ့တုန်းက သူ ငါ့ကို ဒီလို ကျေးဇူးပြန်ဆပ်လိမ့်မယ်လို့ တစ်ခါလေးတောင် မတွေ့ခဲ့မိဘူး၊ အခုတော့ အဲဒီအရူးက တကယ်တမ်း အရူးလုံးဝမဟုတ်တာ သိလိုက်ရတယ်၊ ဒီတော့ နည်းနည်းဝမ်းနည်းမိပေမဲ့ ဒီလောက်ပါပဲ၊ ဘာလို့ စိတ်အနှောင့်အယှက်ခံပြီး နေနေရမှာလဲ”
သူ့အမူအရာက တဖန် မြင်မကောင်းအောင် ဖြစ်သွားခဲ့တယ်။ သူက အေးတိအေးစက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားခဲ့တယ်။
သူ အရင်က ဒီလိုလူမျိုးမဟုတ်ခဲ့ပါဘူး။
. . .