Chapter - 5.1
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 5.1 - အပိုင်း (၅) နဂါးအိပ်ရာပေါ်မှာ အိပ်ခဲ့တဲ့ ခေါင်းဖြတ်သတ်ခံရဖို့စောင့်ဆိုင်းနေတဲ့ အကျဥ်းသား (၁)
အပိုင်း (၅) နဂါးအိပ်ရာပေါ်မှာ အိပ်ခဲ့တဲ့ ခေါင်းဖြတ်သတ်ခံရဖို့စောင့်ဆိုင်းနေတဲ့ အကျဥ်းသား
တညနေခင်းလုံး ဖုန်းကျောက်ဝမ်က ကျွန်မကို ဆွဲထုတ်သွားပြီး ခေါင်းဖြတ်သတ်ဖို့ အမိန့်လုံးဝမချခဲ့ဘူး။
ပိုပြီးထူးဆန်းတာက ညစာကို အတူတူစားတာလည်း ကျွန်မတို့နှစ်ယောက်ထဲ ဖြစ်နေတာပဲ။
အစားအသောက်တာဝန်ယူထားတဲ့ ကုန်းကုန်းက အသားဟင်းနှစ်ပွဲနဲ့ အသီးအရွက်ဟင်းနှစ်ပွဲကို စားပွဲပေါ်မှာ တည်ခင်းပေးလိုက်တဲ့အချိန်မှာ ကျွန်မရဲ့တူနဲ့ ဟင်းပွဲတွေကို မထိရဲဘဲ အဲဒီ ‘နန်းတွင်းဟင်းလျာ’တွေကို စိတ်ဓာတ်ကျကျနဲ့ ကြည့်နေလိုက်မိတယ်။
…. သုံးနှစ်တာကာလမှာ အသားကို မတွေ့ခဲ့ရသလောက် ဖြစ်ခဲ့တဲ့လူတစ်ယောက်အတွက်၊ ထမင်းတစ်နပ်စားပြီး နောက်တစ်ကြိမ် ဗိုက်ဆာနေတဲ့လူတစ်ယောက်အတွက်၊ ခေါင်းဖြတ်သတ်ခံရဖို့ စောင့်ဆိုင်းနေတဲ့ ရာဇဝတ်သားတစ်ယောက်အတွ် ဒီအသားဟင်း နှစပန်းကန်က….တကယ့်ကို နည်းပါးလွန်းပါတ်….
ဖုန်းကျောက်ဝမ်က သူ့ငွေတူတစ်စုံကို သုံးပြီး လက်ရာမြောက်လှတဲ့ဟင်းပွဲကို ထောက်ပြလိုက်ပြီး
“စားလေ၊ မင်း ဘာလို့ မစားတာလဲ”
အင်း။ ကျွန်မက မကြာခင်သေတော့မယ့်လူတစ်ယောက်ပဲ။ ဒီလို လှည့်စားမှုပါတဲ့ လောကဝတ်ကို ကျွန်မက ဘာမှမဟုတ်သလို သဘောထားနိုင်ပါတယ်။
ကျွန်မလည်း ကျွန်မရဲ့ငွေတူကို ဝေ့ယမ်းပြီး ဘယ်ညာ လှုပ်ရှားလိုက်တယ်။ ဂရုတစိုက်နဲ့ ဝါးပြီး ဖြည်းဖြည်းချင်း မြိုချနေတဲ့ ဖုန်းကျောက်ဝမ်က ထမင်းပန်ကန်တစ်ဝက်မကျိုးခင်မှာ အသားဟင်းနှစ်ပန်းကန်လုံးက ကျွန်မရဲ့ဗိုက်ထဲ ရောက်နေနှင့်ပြီ။
သူ့နောက်မှာ ရပ်ပြီးခစားနေတဲ့ ကုန်းကုန်း ထျန်းပင်းချင်ရဲ့ပါးစပ်က မဲ့ရွဲ့သွားတယ်။ သူ့မျက်လုံးထဲက အမူအရာက ကျွန်မကို အချက်ပေါင်းတစ်ထောင်နဲ့ သေအောင် ခုတ်ဖြတ်ချင်စိတ်ပေါက်တဲ့အထိ ပြင်းထန်နေတယ်။ အဓိကကတော့ သူက တင်းမာတဲ့မျက်နှာထားတစ်ခုကို သုံးပြီး ကျွန်မက မင်းကြီး ထမင်းစားဖို့ အသားလေးတစ်တုံးတောင် မချန်ဘဲ အသီးအရွက်တွေပဲ ချန်ထားရလောက်တဲ့အထိ ‘အင်မတန်ရဲရင့်’လေခြင်းလို ပြောချင်နေတာ…..။
ဒါပေမဲ့ ကျွန်မကတော့ ဗိုက်တစ်ဝက်ပြည့်အောင်ပဲ စားရသေးတယ်လေ။ ပြီးခဲ့တဲ့ သုံးနှစ်တာကာလမှာ ကျွန်မရဲ့ဝမ်းဗိုက်က အဆီတွေချို့တဲ့နေခဲ့တာ။ ဒီ မဖြစ်စလောက် အသားတုံးတွေက နှစ်နာကြေးလို့ပြောရလောက်အောင် မထိုက်တန်ပါဘူး။ ကျွန်မလည်း မတတ်သာတော့ဘဲ အဲဒီပန်းကန်လွတ်ကြီးကို အခါခါ ခိုးကြည့်နေခဲ့မိတယ်။
ဖုန်းကျောက်ဝမ်က သူ့တူကို ချထားလိုက်ပြီး သူ့နှုတ်ခမ်းထောင့်က မသိမသာကွေးတက်သွားတယ်ဆိုတော့ စိတ်အခြေအနေကောင်းနေတာ သိသာတယ်။
“ဗိုက်မပြည့်သေးဘူးလား၊ တစ်ခုခု စားချင်နေသေးတာလား”
သူ့စကားပြောတဲ့အမူအရာက အတုအယောင်မဟုတ်တဲ့ပုံမှန်း ကျွန်မတွေ့လိုက်ရတယ်။ ကြီးမြတ်လှတဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ သူက ဒီဟင်းလျာအများကြီးကို စားနေတာက ခြိုးခြံတာဆိုပေမဲ့ သေခါနီးလူတစ်ယောက်အတွက်တော့ အသားလေးတစ်တုံးနှစ်တုံးအတွက် အာဃာတ ထားမှာမဟုတ်လောက်ဘူးမလားလို့ ခံစားမိလိုက်တယ်။ ဒါကြောင့် နည်းနည်းလေးမှ တွေဝေမနေဘဲ ကျွန်မလည်း တောင်းဆိုလိုက်တယ်။
“အသား၊ ဖြည်းဖြည်းချင်းနှပ်ထားတဲ့ ဝက်ပခုံးသား၊ ဆီအေးအေးနဲ့ကြော်ထားတဲ့ အဆီပါတဲ့ဝက်သား၊ ဆီအေးအေးနဲ့ကြော်ထားတဲ့ ဝက်ခြေထောက်…. ပြောရရင်တော့ ဆီအေးအေးနဲ့ကြော်ထားတဲ့ အသား၊ ဘယ်အပိုင်းပဲဖြစ်ဖြစ် ဝက်ဖြစ်နေသရွေ့ ကျွန်မရဲ့ချ်ခြင်းကို ကျေနပ်စေမယ့် အသားကို ယူလာပေးနိုင်မလား”
ကျွန်မက ပြင်းပြင်းပြပြနဲ့ဲ့သူ့ကို စိုက်ကြည့်လိုက်တယ်။ ကျွန်မရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါနော်။ ဂုဏ်ကျက်သရေနဲ့ပြည့်စုံလှတဲ့ မင်းကြီးရယ် ကျွန်မရဲ့တောင်းဆိုချက်ကို လက်ခံပေးပါနော်ဆိုတဲ့ရုပ်။
သူက လက်ထဲက ထမင်းပန်ကန်ကို အိန္ဒြေရရနဲ့ချထားလိုက်ပြီး နောက်မှာရပ်နေတဲ့ ကုန်းကုန်းဘက်ကို ဘာမှမဖြစ်လို လှည့်လိုက်ပြီး စကားတခွန်းကို ခပ်မိုက်မိုက် ပြောလိုက်တယ်။
“ထျန်းပင်းချင်ရေ ဒီနေ့ရဲ့တော်ဝင်စားတော်ပွဲက နည်းနည်းလေး ရိုးရှင်းနေတယ်လို့ ကိုယ်တော် မြင်တယ်”
ထျန်းပင်းချင်ရဲ့နဖူးပေါ်မှာ ချွေးအေးတွေ ချက်ချင်း တက်လာပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့တယ်။ တောင်းဆိုထားတဲ့ ဟင်းလျတွေကို ပြန်သွားပြောဖို့ အရှိန်နဲ့ ပြေးထွက်သွားပြီး သူ့ခြေထောက်တွေက နည်းနည်းအားလျော့သွားခဲ့တယ်။
အဝေးကို ထွက်သွားတဲ့ သူ့ပုံစံကို ကြည့်ပြီး ကျွန်မ အရမ်း ကိုယ်ချင်းစာမိသွားခဲ့တယ်။
“မင်းကြီး, မင်းကြီးရဲ့ ဒီအိန္ဒြေက နည်းနည်းလေး အရမ်းပြင်းထန်နေတယ်”
ဖုန်းကျောက်ဝမ်ရဲ့ တည်ငြိမ်လှတဲ ဖီးနစ်မျက်လုံးတွေက သိမ်သိမ်မွေ့မွေ့နဲ့ လှမ်းကြည့်လာတယ်။ ကျွန်မရဲ့ဝက်သားနီချက်အတွက် ကျွန်မလည်း ချက်ချင်း ပါးစပ်ပိတ်ထားလိုက်တော့တယ်။
အဲလိုပြောလို့ ဖုန်းကျောက်ဝမ်ကလေ အင်မတန်ကို ထူးဆန်းတဲ့လူတစ်ယောက်ပဲ။
သူနဲ့ နေ့တစ်ဝက်လောက် အတူတူရှိလာပြီးတဲ့နောက်မှာ ကျွန်မ ဒီလိုပဲ ကောက်ချက်ချမိတယ်။
သူက ဖခင်ဖြစ်သူ တလောကလုံးကို သိမ်းပိုက်တဲ့နေရာမှာ ကူညီဖို့ သူ့ခွန်အားကို စိတ်နှစ်ပြီး အသုံးချခဲ့တယ်။ သူကိုယ်တိုင် အစားအသောက်ကို ခြိုးခြံ၊ အဝတ်အစာခြိုးံပြီး ညနောက်ကျတဲ့အထိ အလုပ်ကြိုးစားခဲ့တယ်။ ညစာ ပြီးသွားရင်တောင် သူ့ခန္ဓာကိုယ်ကို မပြောင်းလဲဘဲနဲ့ စာရေးစားပွဲနောက်မှာထိုင်ပြီး စာရင်းစာအုပ်တွေကို စစ်ဆေးနေတတ်တယ်။ နောက်ဆုံးတော့ ဘာအတွက်တဲ့လဲ။
ကျွနမကတော့ ပျင်းရိခြင်းကို ကျော်လွှာရင်း တော်ဝင်ထိုင်ခုံကို မှီထားပြီး ထင်းရှူးပင်လို မားမားမတ်မတ်ထိုင်နေတဲ့ အရှင်မင်းကြီးကို မကြာခဏ ဖြတ်ခနဲကြည့်မိလိုက်ပြီး သူ့မျက်နှာပေါ်က အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပေမဲ့ သူ့အသားအရည်ကတော့ အရင်လိုပဲ ချောမွတ်နေတုန်းပဲ လို့ခံစားလိုက်ရတယ်။ အရေးအကြောင်းတစ်ခုလေးတောင် မဖြစ်နေဘူး။ ဒီပြောင်းလဲသွားတဲ့ခံစားချက်က ဘယ်ကလာသလဲဆိုတာကိုတော့ ကျွန်မ တကယ် မခန့်မှန်းနိုင်ခဲ့ဘူး။
သူ့နောက်မှာ ရပ်နေတဲ့ ထျန်းပင်းချင်ရဲ့ခေါင်းက မကြာခဏဆိုလို ငိုက်စိုက်ကျနေပြီး ကြက်ပေါက်ကလေးက ဆန်စေ့ကို ပေါက်ပြီးစားသနေသလိုပဲ။ သူ့ပုံစံက ရူးအအလေးလို ချစ်စရာကောင်းနေပုံများက ကျွန်မကို ခိုးပြီး ရယ်ချင်စိတ်တောင် ဖြစ်သွားစေတယ်။
ကံကောင်းချင်တော့ ဖုန်းကျောက်ဝမ်က ဒီနေ့ရဲ့လုပ်ငန်းကို နောက်တော့ သိမ်းလိုက်တယ်။ သူက ကျောကို မတ်မတ်ထားလိုက်ပြီး ထရပ်လိုက်တယ်။ ထျန်းပင်းချင်က သူ့ဆံပင်ကို ဖြည်ပေးဖို့နဲ့ နာဂါးဝတ်ရုံကို ချွတ်ပေးဖို့ ရှေ့ကို လှမ်းလိုက်တယ်။ နန်းတွင်းအစေခံမလေးက အသံတစ်ချက်တောင်မလှုပ်ပဲ တိတ်တိတ်လေးဝင်လာပြီး သူမရဲ့မျက်နှာသေးသေးလေးက နီမြန်းလို့ သူ့ကိုမျက်နှာသစ်ပေးပြီး ပါးစပ်ဆေးပေးလိုက်တယ်။
ကျွန်မကတော့ စိတ်ထဲကနေ ဝါးလုံးကွဲမတတ် အော်ရယ်နေတာပေါ့။ ဖုန်းကျောက်ဝမ်ရဲ့အသားအရည်က အင်မတန်ကို ကောင်းမွန်လွန်းပါတယ်။ကျွန်မသိတဲ့ ယောက်ျားလေးအားလုံးထဲမှာ သူက မှင်သက်အံ့ဩစရာကောင်းလောက်အောင် ချောမောတယ်လို့ မှတ်လို့ရတယ်။ သူ့ရဲ့ပုံမှန် အေးတိအေးစက်မျက်နှာက အမျိုးသမီးငယ်လေးကို ကျုံ့ကျုံ့လေးနဲ့ နောက်ပြန်ဆုတ်သွားအောင် လုပ်နေတာတစ်ခုပဲ။
ဒါပေမဲ့လည်း အခုဆိုရင် သူက ချီနိုင်ငံရဲ့ အဖိုးတန်မင်းဧကရာဇ်လေ။ နန်းတွင်းအစေခံနဲ့ တော်ဝင်ကိုယ်လုပ်တော်တွေ တသုတ်ပြီး တသုတ်ဝင်ထွက်သွားလာနေတာ သူ လူပျိုတစ်ယောက် ဖြစ်နေအုံးမယ်လို့ စိုးရိမ်ပေးစရာတောင် မလိုလေဘူး။
ဆေးကြောသန့်စင်ပြီးသွားတော့ သူက ခေါင်းမော့လာပြီး ကျွန်မကို ခန့်ခန့်ညားညားကြည့်လိုက်တယ်။
“အန်းယိ မင်း မဆေးကြောတော့ဘူးလား”
ရုတ်တရက် ဂရုစိုက်ပေးသံကြောင့် ကျွန်မမှာ တအံ့တဩသွားပြီး ဝမ်းသာတက်ကြွစွာနဲ့ပဲ မျက်နှာသစ်၊ ပါးစပ်ဆေးဖို့ ရှေ့တိုးသွားလိုက်တယ်။ မင်းကြီးရဲ့ ကြင်နာလှတဲ့စောင့်ရှောက်မှုကို လက်ခံရဖို့ဆိုတာ ကျွန်မက ဘာလို့မဖြစ်နိုင်ရမှာလဲ။
သေသေချာချာ သန့်ရှင်းအောင် လုပ်လိုက်ပြီးနောက်မှာ နန်းတွင်းအစေခံမလေးက ငွေဇလား၊ တဘက် စတာတွေကို သယ်လာပြီး အသံတစ်ချက်မထွက်ပဲ တိတ်တိတ်လေး ထွက်သွားခဲ့တယ်။ နန်းတော်ခန်းမတံခါးကို တစ်ခါ ကျီခနဲမြည်သွားပြီးတော့ တင်းကြပ်နေအောင် ပိတ်သွားခဲ့တယ်။ ကျွန်မ ကိုယ်ကို အလှည့်မှာ ထျန်းပင်းချင်ကိုတောင် မတွေ့ရတော့ဘူး။ မှိန်ပြပြ မီးထွန်းထားတဲ့အခန်းထဲမှာ နဂါးအိပ်ရာပေါ် တက်သွားတဲ့ လူတစ်ယောက်ပဲ ရှိပြီး အတိုင်းအတာတစ်ခုအထိ စဥ်းစားပေးတတ်တဲ့ သူ့မျက်လုံးတွေက ကျွန်မရဲ့မျက်နှာပေါ်မှာ ဝေ့ဝဲနေခဲ့တယ်။
ကျွန်မမှာ ရှင်းမပြတတ်တဲ့ စိုးရိမ်စိတ်အလုံးကြီးတစ်ခုကို ခံစားမိသွားပြီး တံတွေးကို မြိုချလိုက်မိလိုက်တော့တယ်။
“မင်းကြီး ကျွန်တော်မျိုးမ… ကျွန်တော်မျိုးမ ဘယ်မှာအိပ်ရမှာလဲ”
ဖုန်းကျောက်ဝမ်က ခပ်ရေးရေး ပြုံးလိုက်တယ်။ ကျွန်မရဲ့နှလုံးက ရုတ်ချည်းဆိုသလို ခုန်ပေါက်သွားတော့တယ်။ သူ ချက်ချင်း ဒေါသူပုန်ထပြီး ကျွန်မကို ဆွဲထုတ်သွားဖို့ အမိန့်ပေးလိုက်မှာကို စိုးရိမ်စိတ်နဲ့ ကျွန်မမှာ ခြေလှမ်းကျဲကြီးတွေနဲ့ နောက်ကို ပြန်ဆုတ်ခဲ့မိတယ်။
ဒီလူရဲ့စိတ်နေသဘောထားက နဂိုကမှ ဆိုးနေတာလေ။ တစ်စုံတစ်ယောက်ကို ရက်စက်နိုင်လွန်းတဲ့ သူ့အရည်အချင်းကို အဲဒီနှစ်က ကျွန်မ မျက်မြင်ကိုယ်တွေ့မြင်ခဲ့ပြီးသား။
ဒါပေမဲ့ အမှန်တရားကတော့ ကျွန်မထင်ထားတာထက် ကျော်လွန်နေခဲ့တယ်။ သူက ကျွန်မကို လက်ချောင်းနဲ့ လှုပ်ပြလိုက်ပြီး
“မင်း ဒီဘုရင်ရဲ့အိပ်ရာပေါ်မှာ အိပ်ခဲ့တာ ပထမဆုံးအကြိမ်လဲ မဟုတ်တော့ပါဘူး၊ အခုထိ မလာသေးဘူးလား”
….