Chapter - 5.2
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 5.2 - အပိုင်း(၅) နဂါးအိပ်ရာပေါ်မှာ အိပ်ခဲ့တဲ့ ခေါင်းဖြတ်သတ်ခံရဖို့စောင့်ဆိုင်းနေတဲ့ အကျဥ်းသား (၂)
အပိုင်း(၅) နဂါးအိပ်ရာပေါ်မှာ အိပ်ခဲ့တဲ့ ခေါင်းဖြတ်သတ်ခံရဖို့စောင့်ဆိုင်းနေတဲ့ အကျဥ်းသား (၂)
စက္ကန့်ပိုင်းလေးအတွင်းမှာ ကျွန်မရဲ့မျက်နှာက နားအထိရောက်အောင် နီရဲသွားခဲ့တယ်။ ကျွန်မရဲ့စိတ်ထဲမှာတော့ မကောင်းတဲ့အတွေးတွေ အများကြီး ပေါ်လာပြီး ခြေလှမ်းကြီးတစ်ခုနဲ့ နောက်ပြန်ဆုတ်လိုက်ပြီးမှ နန်းတော်ခန်းမရဲ့တံခါးကို ဖွင့်ပြီး ထွက်မပြေးနိုင်တဲ့အဖြစ်ကို မုန်းမိတော့တယ်။ အထစ်ထစ်ငေါ့ငေါ့နဲ့ နောက်ဆုံးတော့ တစ်ဆို့နေတဲ့ စကားတစ်ခွန်းကို ထုတ်ပြောလိုက်တယ်။
“မင်းကြီး ဒီရာဇဝတ်သားက မင်းကြီးရဲ့ တော်ဝင်အနောက်နန်းဆောင်က ကိုယ်လုပ်တော်မဟုတ်ပါဘူး၊ ခစားဖို့ရာ အကြောင်းမရှိကြောင်းပါ”
တော်ဝင်ကိုယ်လုပ်တော်တွေကို ဘာမှမလုပ်ခိုင်းပဲ အလကားထားပြီး အဲဒီအစား ခေါင်းဖြတ်သတ်ခံရမှာကို စောင့်ဆိုင်းနေရတဲ့ အပြစ်သားတစ်ယောက်ဖြစ်တဲ့ ကျွန်မကို စိတ်နဲ့ခန္ဓာကိုယ် အားအင်ကုန်ခမ်းစေချင်တာကတော့ အဓိပ္ပါယ်မရှိပါဘူး။
သူ့ရဲ့ ဖီးနစ်မျက်လုံးတွေက သိမ်သိမ်မွေ့မွေ့ လင်းလက်လာပြီး သူ့ရှည်သွယ်သွယ်လက်ကို ပြန်သိမ်းထားလိုက်ပြီး
“ဒီတော့ အဲလိုပေါ့လေ ဟမ်… အန်းယိက ဖြောင့်မတ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”
မပေါ့ပါးသလို မလေးပင်လွန်တဲ့လေသံနဲ့ စကားတစ်ခွန်းက လွှင့်ပျံလာခဲ့တယ်။
“မင်းက မခစားချင်ဘူးဆိုမှတော့ ဆွဲထုတ်သွားပြီး ခုတ်ဖြတ်ပစ်လိုက်တော့”
ကျွန်မ မှားသွားသလို ခံစားလိုက်ရပြီး နောင်တရမိပေမဲ့ ချက်ချင်း ဒေါသမထွက်ရဲခဲ့ဘူး။
မုန်းစရာအကောင်းဆုံး ကိစ္စက အဲဒီလူပဲ။ သူ ကျွန်မကို သေစေချင်ရင် မျက်စိတ်မှိတ်အတွင်း အပြီးသတ်လိုက်လို့ရတဲ့ကိစ္စ။ ကြောက်စရာအကောင်းဆုံးက ကျွန်မကို နှိပ်စက်ဖို့ နည်းလမ်းပေါင်းတစ်ရာလောက် အကြံထုတ်ပြီး ကျွန်မကို သေတာထက်ဆိုးတဲ့ ဘဝတစ်ခုမှာ အသက်ရှင်ခွင့်ပြုထားမှာကိုပဲ။ ပြီးတော့ ဖြောင့်မတ်မှန်ကန်တာတွေ ဒီလိုကိစ္စမျိုးက စားလို့လည်းမရ လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ပေးလို့လည်းမရမှတော့…. ကျွန်မက ဒါကို ဘာလို့ လိုချင်နေရမှာလဲ။
ကျွန်မရဲ့ခြေထောက်တွေက ထိန်းချုပ်လို့မရအောင် တုန်လှုပ်နေပြီး ကျွန်မရဲ့နှလုံးသားထဲက မျက်ရည်တွေက မြစ်တစ်ခုလို စီးဆင်းနေရင်း တစ်လှမ်းပြီး တစ်လှမ်း နဂါးအိပ်ရာဘေးကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ရတယ်။ သူ့ရဲ့သံမဏိလက်တစ်ဖက် အဆန့်မှာ ကျွန်မ ခါးကနေ တင်းနေအောင် ဖမ်းဆုပ်ခံလိုက်ပြီး နဂါးအိပ်ရာပေါ် ပစ်တင်ခံလိုက်ရတော့တယ်။ သူက ကိုယ်ကိုလှည့်လိုက်ပြီး ကျွန်မအပေါ်မှာ သူ့ကိုယ်နဲ့ ဖိထားလိုက်တယ်။ ဒီလုပ်ရှားမှုအားလုံးက ထွက်ပြေးနေတဲ့ယုန်တစ်ကောင်လို မြန်မြန်ဆန်ဆန် ပြီးမြောက်သွားပြီး ကျားသစ်နက်တစ်ကောင်လို ပေါ့ပါးသွက်လက်ပေမဲ့ တိမ်တွေ ရွေ့လျားပြီး ရေအလျဥ်စီးနေသလို တင့်တယ်နေလေရဲ့။ ဖြစ်စဥ်တစ်ခုလုံးမှာ ကျွန်မက ဖိအားပေးခံနေရမှန်း သိနိုင်ပါတယ်။
ကျွန်မလည်း အရင်က ဒီနဂါးအိပ်ရာပေါ်မှာ အိပ်ခဲ့ဖူးပါတယ်။ ကျွန်မဘေးကလူ ပြောင်းသွားတာတစ်ခုပဲ။ ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်း၊ စိုးရိမ်လှုပ်ရှားနေပြီး ကျွန်မကိုယ်တိုင်တောင် မပြောပြတတ်တဲ့ တခြားခံစားချက်တွေ ထွက်လာခဲ့တယ်။
ဖုန်းကျောက်ဝမ်က ကျွန်မနှုတ်ခမ်းကြားကို အတွင်းနက်နက်အထိ ထိုးဆွနေပြီး လုယက်သူတစ်ယောက်ရဲ့ ထက်သန်မှုတစ်ခုကို သူနဲ့အတူ တစ်ပါထဲ ယူဆောင်လာခဲ့တယ်။ ကျွန်မရဲ့စိတ်ထဲမှာ မူးဝေတဲ့ခံစားချက်တစ်ခုက ကျွန်မကို သဲကြီးမဲကြီး တိုက်ခိုက်နေပြီး ကျွန်မဘဝထဲက ကံဆိုးမှုအားလုံးကို ကျွန်မရှေ့က ဒီလူနဲ့ပေါင်းစပ်လိုက်သလို ဒီအတိုင်းခံစားလိုက်ရတယ်။
သူက ရင်းနှီးတဲ့ခံစားချက်တွေနဲ့ ထိုးဆွနယ်ချဲ့နေပြီး သူ့စိတ်တိုင်းကျ ပြုမူနေတော့တယ်။ ကျွန်မ အံကြိတ်ထားလိုက်ပြီး ကိစ္စတွေက ဒီလိုဒွိဟဖြစ်စရာအဆင့်ကို ဘယ်လိုရောက်သွားမှန်း နားမလည်နိုင်ခဲ့ဘူး။ ချီနိုင်ငံရဲ့ဘုရင်ကို တကယ်ပဲ အော်ပြောလိုက်ချင်တော့တယ်။ ကျွန်မ အကျဥ်းထောင်ထဲမှာပဲ အိပ်ချင်တယ်လို့လေ… ဒါပေမဲ့ ကျွန်မမှာ သတ္တိလည်းမရှိပြန်ဘူး။
နောက်တစ်နေ့ ကျွန်မ နိုးလာတဲ့အချိန်မှာ ကျွန်မဘေးကလူက အရိပ်အယောင်တောင်မကျန်ဘဲ ထွက်သွားနှင့်နေပြီ။
လူတစ်ယောက်အနေနဲ့ သူက ဘယ်လောက်တောင် ဗိုလ်ကျပြီး ချယ်လှယ်တတ်တယ်ဆိုအုံးတော့ ဖုန်းကျောက်ဝမ်က နိုင်ငံကို ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာသိတဲ့ မင်းကောင်းတစ်ပါးပါပဲ။ ဒါက ကျွန်မ ဝန်ခံရမယ့် အချက်တစ်ခုပဲ။
ကျွန်မ မနေ့ညက ကိစ္စကို ပြန်မှတ်မိသွားခဲ့တယ်။ ပင်ပန်းလွန်းလို့ အိပ်ပျော်သွားပြီး ဝိုးတဝါးအခြေအနေမှာ တစ်ယောက်ယောက်က ကျွန်မနားဘေးမှာ အရမ်းကို ချစ်စရာကောင်းအောင် ရေရွတ်နေသလိုပဲ : “ရှောင်ယိ…. ရှောင်ယိ”တဲ့။ တိုးညင်းနူးညံ့ပျော့ပြောင်းတဲ့ အနမ်းတွေက ကျွန်မရဲ့ပါးပြင်ပေါ် ကျလာပြီး နူးညံ့သိမ်မွေ့ပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့ သက်ပြင်းချသံတစ်ခု။
ကျွန်မကို အသေရိုက်ခဲ့ရင်တောင် ဒါက ဖုန်းကျောက်ဝမ်လုပ်မယ့်ကိစ္စဆိုတာကိုတော့ ကျွန်မ ယုံမှာမဟုတ်ဘူး။
ကျွန်မ အရမ်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလို့နေပါလိမ့်မယ်။ ဒါကြောင့် ခေါင်းနှောက်နေပြီး ဒီနဂါးအိပ်ရာပေါ်မှာ အိပ်ခဲ့တဲ့သူကို ကျွန်မမျက်နှာပေါ် သွားရေတွေပေကျံအောင် လုပ်ရတာကို ကြိုက်တဲ့ ရှောင်ဟွမ်နဲ့ အထင်မှားသွားတာဖြစ်မယ်။
အဲလိုဆိုရင်တောင် နိုးတဝက် အိပ်တဝက် အခြေအနေကြားမှာ ကျွန်မ မစဥ်းစားဘဲ “ရှောင်ဟွမ်…”လို့ အော်ခေါ်ခဲ့မိသေးပုံပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ ဘယ်အရာမှ အမှန်တကယ် ရှင်းလင်းလာမှာမဟုတ်တဲ့ အိပ်မက်တစ်ခုပါပဲ။
လှုပ်ရှားမှု တစ်ချို့ကို ကြားလိုက်တဲ့ပုံပဲ။ နန်းတွင်းအစေခံမလေးက ပန်းထိုးထားတဲ့ခန်းဆီးစတွေကို တစ်လွှာချင်း ချည်လိုက်ပြီး ကျွန်မကို သိမ်သိမ်မွေ့မွေ့လေး ခေါ်လိုက်တယ်။
“တော်ဝင်ကိုယ်လုပ်တော် နိုးပါပြီလား”
ဒီလိုအခေါ်အဝေါ်က တကယ့်ကို ကြောက်စရာကောင်းလှပါတယ်။
ကျွန်မမှာ အစတုန်းက မျက်လုံးတစ်ဝက်မှေးရင်း ထိုင်နေပေမဲ့ အရမ်းကို လန့်ဖြတ်သွားပြီး ကျွန်မရဲ့ဦးခေါင်းက လှပတဲ့အိပ်ရာထဲကို နောက်ပြန်လှန်ကျသွားခဲ့တယ်။ ကျွန်မရဲ့နှာခေါင်းထဲမှာ ဖုန်းကျောင်းဝမ်ရဲ့ ခပ်ဖျော့ဖျော့ကိုယ်သင်းနံ့ကို ခံစားမိလိုက်ပြီး ကျွန်မရဲ့မျက်နှာက ချက်ချင်းဆိုသလို ပူတက်လာခဲ့တယ်။ ကျွန်မရဲ့မျက်နှာကို တည်တည်တံ့တံ့မျက်နှာထားတစ်ခုဖြစ်အောင် အတင်းအားထုတ်လိုက်ပြီး
“နင်ဟာလေ မဆင်မခြင်နဲ့ လူတွေကို ဘယ်လိုခေါ်နေတာလဲ၊ တော်ဝင်ကိုယ်လုပ်တော်ဆိုတာ လူတွေကို မဆင်မခြင်နဲ့ ခေါ်နိုင်တဲ့အရာလား”
နန်းတွင်းအစေခံမလေးက ဖုတ်ခနဲ ဒူးထောက်ချလိုက်ပြီး
“တော်ဝင်ကိုယ်လုပ်တော်၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ… တော်ဝင်…”
ကျွန်မလည်း မတတ်သာတော့ဘဲ လက်ခါပြလိုက်ပြီး
“ငါ့ကို မိန်းကလေးလို့ပဲ ခေါ်ပါ”
အဲဒီနန်းတွင်းအစေခံမလေးက ခဏလောက် တွေဝေသွားပြီး နောက်မှ သတိအနေအထားနဲ့
“မ…မိန်းကလေး နန်းတော်ထဲမှာ ဒီလိုအစဥ်အလာမျိုး လုံးဝမရှိပါဘူး၊ မင်းကြီးကို ခစားပြီးသွားပြီကို ရှင့်ကို မိန်းကလေးလို့ ခေါ်နေသေးရင် ဒါက စည်းမျဥ်းနဲ့ မကိုက်ညီပါဘူး”
… နန်းတော်ကလည်း ခေါင်းဖြတ်သတ်ခံရဖို့ စောင့်ဆိုင်းနေတဲ့ ရာဇဝတ်သားတစ်ယောက်ကို နဂါးအိပ်ရာပေါ်မှာ ဘယ်တော့မှာ အိပ်ခွင့်ပေးမှာမဟုတ်ပါဘူး။
ဖုန်းကျောက်ဝမ်က နန်းတော်ပြင်ပက စဥ်းလဲတဲ့စီးပွားရေးသမားတွေနဲ့ တကယ့်ကို ယှဥ်နိုင်လွန်းပါတယ်။ အရာအားလုံးကို အသုံးချပြီး အခွင့်အရေးတိုင်းကို အပြည့်အဝဖမ်းဆုပ်လိုက်တာ ခေါင်းဖြတ်သတ်ခံရဖို့ စောင့်နေတဲ့ ရာဇဝတ်သားတစ်ယောက်ကိုတောင် အခွင့်အရေးယူခဲ့တဲ့အထိပဲ။
ကျွန်မလည်း စိတ်ထဲမှာ နစ်နာရသလိုခံစားလိုက်ရပေမဲ့ ဖွင့်ချစရာ နေရာကလည်း မရှိပြန်ဘူး။ ဒါနဲ့ ဖုန်းကျောက်ဝမ်ရဲ့ရုပ်လို လိုက်တုပြီး နန်းတွင်းအစေခံမလေးကို အေးစက်စက်အကြည့်တစ်ချက်နဲ့ လှမ်းကြည့်လိုက်တယ်။ သူမရဲ့မျက်နှာက စာရွက်တစ်ခုလို ရုတ်တရက် ဖြူဆွတ်သွားပြီး ဦးခေါင်းနဲ့ ကြမ်းပြင်ကို ဆောင့်ရင်း တုန်တုန်ယင်ယင်နဲ့ ကျွန်မကို ခေါ်နေတော့တယ်။
“မိန်းကလေး… မိန်းကလေး ထသင့်ပါပြီ”
“တားဆေးဟင်းရည်ကော”
သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တော့ နန်းတွင်းအစေခံမလေးက တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသလို ကြောက်ကြောက်လန့်လန့်နဲ့ ထပြီးထွက်ပြေးသွားမှာကိုတော့ မစဥ်းစားမိလိုက်ပါဘူး။ သိပ်မကြာခင်မှာပဲ လူတစ်ယောက်က နန်းတော်ခန်းမအပြင်ဘက်ကနေ စိုးရိမ်တကြီးနဲ့ အပြေးလွှားဝင်လာခဲ့တယ်။ နိုင်ငံအတွက် လူမျိုးတွက် ပေးဆပ်ထားတဲ့မျက်နှာတစ်ခုနဲ့ သူက အင်တိုက်အားတိုက် တိုက်တွန်းလာလေရဲ့။
“မိန်းကလေး မင်းက ဘယ်လိုလုပ်ပြီး နန်းတွင်းအစေခံဆီမှာ တားဆေးဟင်းရည်ကို တောင်းရက်နိုင်ရတာလဲ၊ အာ… မင်းက မင်းကြီးကို စိတ်ဆိုးလို့ဆိုရင်တောင် တားဆေးဟင်းရည်ကို လိုချင်ပါတယ်လို့တော့ မပြောသင့်ဘူးလေ”
… ကျွန်မက ဘယ်တုန်းက ဖုန်းကျောက်ဝမ်ကို စိတ်ဆိုးနေလို့တုန်း။
ဒီထျန်းပင်းချင်ကတော့ ဖုန်းကျောက်ဝမ်နောက် နှစ်ပေါင်းများစွာလိုက်လာတာတောင် အုံးနှောက်က ဒီလိုပေါက်ကရတွေးနေတုန်းပဲ။ ကျွန်မတော့ သူ့နေရာအတွက် တကယ်ပဲ စိတ်ပူမိတာပါပဲ။
ကျွန်မရဲ့ ဖျောင်းဖြလို့မရနိုင်တဲ့ အမူအရာကို တွေ့လိုက်ရတော့ သူက ဒေါသူပုန်ထပြီး ပြောပါတော့တယ်။
“အခုနေ မိန်းကလေးက အတိတ်ကမိန်းကလေးနဲ့ မတူပါဘူး၊ ချန်နိုင်ငံက ပျက်သုန်းသွားပါပြီ၊ မိန်းကလေးကလည်း အဖမ်းခံရပြီးမှ ခေါ်လာခံခဲ့ရတာ၊ စည်းမျဥ်းတွေကို လိမ်လိမ်မာမာနဲ့ လိုက်နာသင့်ပါတယ်၊ ဘယ်လိုဖြစ်ပြီး မင်းရဲ့သေးသိမ်တဲ့ စိတ်သဘောထားကို အသုံးချပြီး မင်းကြီးကို စိတ်ဆိုးရအောင် ထိုးဆွနေတာလဲ၊ သူ ဒီမနက်နိုးလာတော့ မျက်နှာက မကြည်သာဘူး… ပြီးတော့ အခု မင်းက တားဆေးရည်ကို တကယ်ပဲ တောင်းဝံ့သေးသလား”
….မဟုတ်သေးပါဘူး။ ကျွန်မ နားမလည်တာပါ။ ကျွန်မက ချန်နိုင်ငံရဲ့ အရာရှိဟောင်းတစ်ယောက်ဆိုတာ ဖုန်းကျောက်ဝမ် သိသိကြီးနဲ့ကို ကျွန်မက နိုင်ငံကို ပြန်ရယူဖို့ ရည်ရွယ်ချက် ရှိမရှိဆိုတာကို သူက မစုံစမ်းတော့ဘူးတဲ့လား။ သူ့က ကျွန်မကို ပေါ်တင်ကြီး ကလေးမွေးခိုင်းရဲလိမ့်မယ်ဆိုတာတော့ မဖြစ်နိုင်ဘူးမလား။
ဒီလို တခြားလူအတွက်တွေးပေးတတ်တဲ့လူ ကျွန်မက သူ့နေရာမှာဝင်ပြီး စဥ်းစားမိလိုက်တယ်။ အဲဒီ နန်းတွင်းထဲက နှုတ်ဆိုး၊ မျက်နှာမဲနဲ့ အကြီးအကဲအမျိုးသမီးတွေက ကျွန်မကို တားဆေးအတင်းတိုက်တာ ခံနေမဲ့အစား ကျွန်မက ကိုယ့်ဟာကို တောင်းပြီး လိမ်လိမ်မာမာနဲ့ ဆေးရည်ကို သောက်လိုက်ရင် အရှက်ခွဲခံရတာကို ရှောင်နိုင်မှာပဲလေ။
“ဖုန်းကျောက်ဝမ်က ကျွန်မကို တားဆေးရည် မချီးမြှင့်လိုက်ဘူးလား”
ထျန်းပင်းချင်ရဲ့အမူအရာက မသိနားမလည်ရကောင်းလားဆိုတဲ့ပုံနဲ့ ကျွန်မကို ကြမ်းတမ်းတဲ့အကြည့်တစ်ခုနဲ့ စိုက်ကြည့်လာခဲ့တယ်။
“မိန်းကလေး မင်းကြီးရဲ့နာမည်အရင်းကို မင်း မစဥ်းစားမဆင်ခြင်ဘဲ ခေါ်ချင်သလို ခေါ်လို့ရတယ်လို့များ ထင်နေတာလား”
ပြန်ပြောဖို့ ပြင်လိုက်ရင်း ကျွန်မက နန်းတော်ခန်းမရဲ့တံခါးဆီကို လှမ်းကြည့်လိုက်တယ်။ အဲဒီနန်းတွင်းအစေခံမလေးရဲ့မျက်နှာက သေမတတ်ကို ဖြူဆုတ်နေလို့ပါပဲ။ မထိန်းနိုင်အောင် တုန်ယင်နေပြီးတော့ အခန်းထောင့်မှာ ကပ်နေရင်း ခိုးကြောင်ခိုးဝှက်နဲ့ အပြင်ဘက်ကိုထွက်ဖို့ ဖြည်းဖြည်းချင်း ပြင်နေလေရဲ့။ နန်းတော်ရဲ့ခန်းမ တံခါးဆီအရောက်မှာ နန်းတွင်းအစေခံမလေးက အသံတစ်ချက် မထွက်နိုင်တာကို မုန်းမိတော့တယ်။ မျက်စိတမှိတ်အတွင်းက သူမက ပျောက်ကွယ်သွားတော့တယ်။
ကျွန်မလည်း မထိန်းနိုင်တော့ဘဲ တဟားဟားနဲ့ အော်ရယ်မိတော့တာပေါ့။ ဒီနန်းတွင်းအစေခံလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။
“ရယ်နိုင်သေးတယ်ဟုတ်လား”
ထျန်းပင်းချင်က ကျွန်မကို ဝါးစားမတတ်ကြည့်လိုက်ပြီး မထိန်းနိုင်တော့ဘဲ သူကိုယ်တိုင်လည်း လိုက်ရယ်လေတော့တယ်။
“မင်းကြီးမှာ ဒီနေ့အထိ ကလေးတစ်ယောက်မှ မရှိသေးဘုး”
ရှောင်ထျန်းက စိုးရိမ်တဲ့လေသံနဲ့ သက်ပြင်းချလိုက်တယ်။ အဲဒီနောက်တော့ သူ့ လေသံတိုးတိုးနဲ့ ရေရွတ်လိုက်တယ်။
“ပြီးတော့ မိန်းကလေးကို တားဆေးရည်ချီးမြှင့်ဖို့ရာ…. သူ ဘယ်လိုလုပ်ပြီး သဘောတူနိုင်မှာလဲ”
ဖုန်းကျောက်ဝမ်က ငယ်သေးတယ်လို့တော့ စဥ်းစားလို့မရတော့ဘူးမလား။
သူက အခုဆိုရင် နိုင်ငံတစ်ခုရဲ့ တန်ဖိုးကြီးလှတဲ့သခင်တစ်ယောက် ဖြစ်နေပြီပဲ။ သူ့အနောက်နန်းဆောင်မှာ ကိုယ်လုပ်တော်ပေါင်း သုံးထောင်လောက် မရှိဘူးဆိုရင်တောင် အနည်းဆုံး ငါးရာလောက်တော့ရှိမှာပေါ့လေ။ ဟုတ်တယ်မလား။ သူ့မှာ ကလေးတစ်ယောက်တောင် မရှိသေးဘူးလို့တော့ ထင်တောင်မထားဘူး။ မဟုတ်မှလွဲရော…. မနေ့ညက ကျွန်မရဲ့ပျက်စီးနေတဲ့ ရုပ်ရည်ကို မှတ်မိသွားပြီး ကျွန်မက အဲဒီရယ်စရာကောင်းတဲ့စိတ်ကူးကို ဖယ်ရှားပစ်လိုက်လို့များလား။
…