Chapter - 6.2
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 6.2 - အပိုင်း (၆) လမ်းကျဥ်းတစ်ခုပေါ်က ရန်သူများ၊ မျက်လုံးနီနီနဲ့ချစ်သူလုဖက် (၆.၂)
ကျွန်မက ဝမ်းနည်းတဲ့ရုပ်နဲ့ ရန်ဖင်ကို ဆက်ပြီးကြည့်နေလိုက်တယ်… လောကကြီးရဲ့ တခြားဖက်အထိ ချစ်သူနဲ့ကွဲကွာခဲ့ရတဲ့ တရုတ်မင်္ဂလာဘဲတစ်ကောင်က ဒီလိုဒုက္ခနဲ့ မချိတင်ကဲအမူအရာကို မကြာခဏဆိုသလို ထုတ်ပြမှာပါပဲ။ သူ့အခြေအနေကို နားလည်ပေးမယ့် တစ်ယောက်ယောက်လောက်နဲ့တောင် တွေ့ရဖို့ ခဲယဥ်းတယ်ထင်ပါ့။ ဒီတော့ သူ့ရဲ့ခံစားချက်အစစ်အမှန်ကို ထုတ်ပြတာက ပုံမှန်ပါပဲလေ။
__ ကျွန်မက တကယ့်ကို အဲလိုနားလည်ပေးနိုင်တဲ့သူတစ်ယောက်ပဲ။ ဒီလိုလူကောင်းမျိုးက ရန်ငြိုးဟောင်းတွေကို မှတ်မထားဘဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်တတ်ပါသေးတယ်။
ကျွန်မရဲ့ကိုယ်ပိုင် သဘောထားကြီးလွန်းတဲ့ နှလုံသားကြောင့် ရင်ထဲထိသွားပြီး ကျွန်မကပဲ ကျွန်မရဲ့လက်ကို သူ့ပခုံးကို ဖက်လိုက်ပြီး တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်နဲ့ ချိန်းတွေ့ဖို့အတွက် ပါးနှပ်ပြီးသိုသိပ်တဲ့ နည်းလမ်းတစ်ချို့ကို သူ့ကို သင်ပေးဖို့ ပြင်လိုက်ပါတယ်။ အဲဒါမှ ဖုန်းကျောက်ဝမ်ကို အရှက်ခွဲမယ့်အရေးက ပိုပြီးနက်ရှိုင်းအရိပ်ထင်လာနိုင်မှာပဲ။ ဒါပေမဲ့ ကျွန်မက ပြောတောင်မပြောသေးပါဘူး။ ထျန်ပင်းချင်က ကျွန်မကို ဆွဲထုတ်လိုက်ပြီး
“မိန်းကလေး အမျှော်အမြင်လေးရှိပါအုံး”
…….
ကျွန်မ အခုမှသိသွားတော့တယ်။ ဖုန်းကျောက်ဝမ်က ထျန်းပင်းချင်ကို ကျွန်မနဲ့ အဖော်လုပ်ခိုင်းတာက ကောင်းတဲ့ရည်ရွယ်ချက်နဲ့မှမဟုတ်ဘဲ။ ကျွန်မကို စောင့်ကြည့်နေအဖို့အပြင်… မဟုတ်မှလွဲရော သူ့မှာ တခြားနောက်ကွယ်က ရည်ရွယ်ချက်တွေ ရှိနေတာများလား။
နောက်ထပ် အသံတစ်ခုက မယုံနိုင်လောက်တဲ့အထိ စူးရှပြီး ကျယ်ကျယ်လောင်လောင်နဲ့ ထွက်လာခဲ့တယ်။
“အန်းယိ….အန်းယိ… နင် တကယ်ပဲ အသက်ရှင်နေသေးတာလား၊ တကယ်တော့ နင်က ယောက်ျားလား မိန်းမလား”
ချင်းယွီကျန်းက ရှေ့ကို အရှိန်နဲ့တိုးလာပြီး ရန်ဖင်ရဲ့အင်္ကျီလက်ကို တင်းနေအောင် ဖမ်းဆွဲထားလိုက်တယ်။ ပန်းထွက်လာတော့မတတ် မီးတောက်တွေနဲ့ မျက်လုံးတစ်စုံက ကျွန်မကို စိုက်ကြည့်နေပြီး
“အစ်ကိုဖင် သူ ဘာလို့ အသက်ရှင်နေသေးတာလဲ၊ သူက မိန်းမတဲ့လား၊ သူက တကယ်ပဲ မိန်းမတဲ့လား”
ဒါကြောင့်ပဲ သူတို့တွေ ပြောကြတာပေါ့။ အရမ်းကို ကြီးမားတဲ့ ထိတ်လန့်စရာက လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်တယ်တဲ့လေ။ အဟား။ ရူးသွပ်သွားတဲ့ ဖင်အဆင့်မိဖုရားတစ်ယောက်ကတော့ ဒေါသမီးတွေ တောက်လောင်နေပါပြီ။
ဒီလောက်များပြားလှတဲ့ နန်းတွင်းသက်တော်စောင့်တွေနဲ့ အစေခံတွေရဲ့ရှေ့မှာ ချင်းယွီကျန်းက မင်းကြီးကို လူကြားထဲ အရှက်ခွဲလိုက်ပြီလေ။ ဖုန်းကျောက်ဝမ်သာ ဒီသတင်းကြားရင် ဘယ်လိုအမူအရာမျိုး ဖြစ်သွားမလဲ။
ကျွန်မတော့ တကယ် မျှော်လင့်နေပါပြီ။ ဒါကို မြင်လိုက်ရရင်တော့ တကယ် ဝမ်းသာစရာကောင်းနေတော့မှာ။
“ယွီဖင်”
“ယွီဖင်”
……..
ကျွန်မရဲ့နားထဲမှာ အသံ ၄-၅ခုလောက်က တိုက်တိုက်ဆိုင်ဆိုင် တပြိုင်ထဲ အော်လိုက်တာ ကြားလိုက်ရတယ်။ ကျွန်မ “ယွီဖင်”လို့ခေါ်လိုက်သံကို တိတ်တိတ်လေး ရေတွက်ကြည့်တော့ ကူကယ်ရာမဲ့သွားတဲ့ လေသံနဲ့ ထွက်လာတဲ့ ရန်ဖင်ရဲ့အသံရယ်၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတဲ့ ထျန်းပင်းချင် အော်လိုက်တဲ့အသံရယ်၊ နောက်ပြီး ချင်းယွီကျန်းဘက်မှာ ရှိနေတဲ့ နန်းတွင်းအစေခံ သုံးယောက်ရဲ့ အကြိမ်ကြိမ်ခေါ်လိုက်တဲ့အသံရယ်…..
မျက်လုံးပေါင်းစုံက မီးဟုန်းဟုန်းတောက်နေတာ ရှင်းလင်းနေတာပဲ။ လူရှေ့မှာ မင်းကြီးကို အရှက်ခွဲတဲ့ ချင်းယွီကျန်းကို လက်မခံနိုင်စရာပဲလေ။
ချင်းယွီကျန်းက တုန်တုန်ယင်ယင်နဲ့ သူ့နှုတ်ခမ်းကို ကိုက်ထားလိုက်တော့တယ်။ ရန်ဖင်ရဲ့ အင်္ကျီလက်ကို မလွတ်ပေးချင်လျက်နဲ့ သူ့မျက်ဝန်းတွေက ရုတ်တရက် နီရဲသွားတော့တယ်။ ကျွန်မကို ကြည့်နေလိုက်တာများ သူ့အဖေကို သတ်ပြီး သူ့ယောက်ျားကို ခိုးယူသွားခဲ့တဲ့ ရန်သူတစ်ယောက်ကို မြင်လိုက်ရတဲ့အတိုင်း။
သူ့ရဲ့မွန်းကြပ်ပြီး အပြစ်ရှိဟန် အကြည့်အောက်မှာ ကျွန်မကပဲ ရက်ရက်စက်စက် တရုတ်မင်္ဂလာဘဲနှစ်ကောင်ကို ခွဲပစ်ခဲ့တဲ့ ဖုန်းကျောက်ဝမ်များ ဖြစ်သွားသလာလို့ ကိုယ့်ဟာကို သံသယဖြစ်သွားတော့တယ်။ ဒီလိုရုပ်လေးကပဲ ဒီလိုခါးသီးပြီး မုန်းတီးတဲ့အကြည့်မျိုးကို လက်ခံနိုင်စွမ်းရှိတာလေ။
ကျွန်မလည်း ခြေလှမ်းကြီးတစ်ခုနဲ့ နောက်ကို ဆုတ်လိုက်ပြီး လက်ခါပြရင်း ငြင်းဆန်လိုက်ပြီး ရန်ဖင်နဲ့ ကျွန်မကြားက ဆက်ဆံရေးကို ချက်ချင်း ဖြတ်ချလိုက်တော့တယ်။
“မင်းသမီးယွီ၊ မင်းသမီး နားလည်မှု လွဲနေပါပြီ၊ ကျွန်မက ရှင့်ရဲ့အစ်ကိုဖင်ကို ခိုးယူဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး… ကျွန်မ အခုမှ သိလိုက်ရပါပြီ၊ မင်းသမီးရဲ့ အစ်ကိုဖင်က မင်းသမီးတစ်ယောက်ထဲအတွက်ပဲ ဖြစ်နိုင်တာပဲ၊ ဘယ်သူကမှ လက်တစ်ချောင်းတောင် ထိုးထည့်ဖို့ မစဥ်းစားနိုင်ပါဘူး”
ရန်ဖင်ရဲ့နောက်က နန်းတွင်း သက်တော်စောင့် လူအုပ်ကြီးရဲ့မျက်နှာထားက အင်မတန်မှ ကြောင်တိကြောင်တောင် ဖြစ်သွားခဲ့တယ်။ ချင်းယွီကျန်းနဲ့ ရန်ဖင်ကို ကြည့်ကြတဲ့ သူတို့ရဲ့မျက်လုံးတွေက အရမ်းကို အသက်ဝင်နေမှာ ပြောစရာတောင် မလိုဘူး။
…. ကျွန်မ ဒါကို တမင်လုပ်ခဲ့တာ ဝန်ခံပါတယ်။
တကယ်တော့ အရင်က နာကြည်းချက်အဟောင်းတွေကို ပြန်သတိမရဘဲ၊ ရန်ငြိုးဟောင်းတွေကို အသိအမှတ်မပြုဘဲ၊ ဒါတွေအားလုံးက တဒင်္ဂဖြစ်သွားတဲ့ တိမ်စိုင်တစ်ခုလိုပါပဲ… ဪ… တဒင်္ဂတိမ်စိုင်တွေတဲ့… ကျွန်မ အဖေက ပြောခဲ့တယ်။
“နာကြည်းချက်ရှိနေရင် အပြည့်အဝ ပြန်ပေးရလိမ့်မယ်၊ တကယ်လို့များ တစ်ယောက်ယောက်က မင်းကို ကန်ကျောက်ခဲ့ရင် ညီမျှသွားအောင် အနည်းဆုံးတော့ လက်သီးတစ်ချက် ပြန်ကျွေးရမယ်၊ အင်းပေါ့၊ အခြေအနေက မင်းဘက်မှာ ရှိနေရင်တော့ မင်းက ထပ်ပြီး သူ့ကို နှစ်ချက်သုံးချက်လောက် ကျွေးလိုက်ရင် အကောင်းဆုံးပဲ၊ ဒါမှ သူ မင်းကိုနောက်ထပ် အနိုင်မကျင့်ရဲတော့မှာ” တဲ့။
ကျွန်မအဖေပေးခဲ့တဲ့ သင်ခန်းစာကို ကျွန်မရဲ့ နှလုံးသားနဲ့ စိတ်ထဲမှာ သိမ်းထားခဲ့တယ်လေ။ ဒါပေါ့။ ကျွန်မက ဒါတွေကို ပြတ်ပြတ်သားသားနဲ့ လက်တွေ့အကောင်အထည်ဖော်နေတာပါ။
တရှုံ့ရှုံ့ငိုရင်း ချင်းယွီကျန်းက ပြေးထွက်သွားတော့တယ်….
ယွီဖင်ရဲ့နောက်လိုက်တွေကလည်း သူမနောက်ကနေ မြန်ဆန်တဲ့ခြေလှမ်းတွေနဲ့ လိုက်ပါသွားကြတော့တယ်။
ကျွန်မလည်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရန်ဖင်ကို ကိုယ်ချင်းစာသလို ကြည့်လိုက်တယ်။ တစ်ချိန်တုန်းက သူက ချန်နိုင်ငံရဲ့ တော်ဝင်မျိုးနွယ် အမျိုးသမီးတွေကို ပြုစားထားခဲ့ဖူးတယ်လေ။ ဒီအထဲမှာ နိမ့်ကျလှတဲ့ ဒီလူရဲ့ ယောက်ျားဆန်ဆန် နှလုံးသားတစ်ခုလဲပါတာပေါ့။ အဲဒီနေ့ရက်တွေတုန်းကဆိုရင် သူက သူ့နှလုံးသားထဲမှာ တစ်ယောက်ယောက်ကိုများ ထည့်ထားခဲ့ဖူးလို့လား။ ဟမ်။ ဘာမှဂရုမစိုက်တတ်တဲ့တိမ်တွေနဲ့ ကြည်လင်ပြီး တိုက်ခတ်နေတဲ့လေတွေလို ရုပ်အသွင်ကို ဆောင်ထားလိုက်တာများ သူ့နှလုံးသားက ဘယ်မိန်းမကြောင့်မှ လှုပ်ရှားလာမှာမဟုတ်ဘူးလို့တောင် ကျွန်မ တစ်ခါက ယုံကြည်ခဲ့ဖူးသေးတယ်….။
အခုတော့ သူက ချင်းယွီကျန်းအတွက် နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိနေတာပဲ။ ကံတရားရယ်။ လူတွေကို ဘယ်လိုများ ကျီစယ်ရက်နိုင်ရတာလဲ။
ဒါပေမဲ့ ကံတရား ကျီစယ်တာခံခဲ့ရတဲ့သူက ကျွန်မတော့ မဟုတ်ခဲ့ဘူး။ ဒီတော့ ဒီလူနှစ်ယောက် ဘယ်နှစ်ကြိမ်ထပ်ပြီး ကျီစယ်ခံရလည်း ကျွန်မကတော့ ဂရုစိုက်မှာမဟုတ်ဘူး။ ဒါလည်း ကောင်းပါတယ်လေ။ ဒီလို ပြဇာတ်ကောင်းမျိုးကို ကြည့်ရမယ့် အခွင့်အရေး အများကြီးရှိလာမှာပေါ့။ ကွဲကွာသွားတဲ့ မင်္ဂလာဘဲအကြောင်းနဲ့ ဖင်အဆင့်မိဖုရားတစ်ပါးက တံတိုင်းကို ကျော်သွားဖို့ ဆန္ဒရှိနေတဲ့အကြောင်း ဇာတ်လမ်းမျိုးလေ။
…