Chapter - 7.2
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 7.2 - အပိုင်း (၇) အားနဲ့ကိုက်လိုက်မိတဲ့အတွက် နဂါးလက်သည်းဆီက နောက်ဆက်တွဲရလဒ်(၂)
အပိုင်း (၇) အားနဲ့ကိုက်လိုက်မိတဲ့အတွက် နဂါးလက်သည်းဆီက နောက်ဆက်တွဲရလဒ် (၂)
တံခါးအပြင်ဘက်မှာ ထျန်းပင်းချင်က နန်းတော်ခန်းမ တံခါးရဲ့ ဟနေတဲ့ကြားထဲကနေ သံသယဖြစ်စရာမလိုအောင် နားထောင်နေတုန်း ကျွတ်ဆတ်ဆတ် ရှင်းလင်းတဲ့အသံတစ်ခု ထွက်လာခဲ့တယ်။ နန်းတော်ခန်းမတံခါးက ကျွီခနဲမြည်သံတစ်ခုနဲ့ ပွင့်သွားခဲ့တယ်။ အအေးလေးမျိုး၊ အပူလေးမျိူးပါတဲ့ စုစုပေါင်း ဟင်းလျာရှစ်မျိုးကို စားပွဲပေါ်မှာ စီထားလိုက်တယ်။ မနေ့ကထက်စာရင် ပိုပြီးအများကြီးနဲ့ အလျှံပယ်ပဲ။
မင်းကြီးက ခြေနှစ်လှမ်းထဲနဲ့ စားပွဲကို ရောက်သွားပြီး ဖြေးဖြေးချင်းထိုင်ချလိုက်တာကို ကျွန်မကတော့ မတတ်သာဘဲ ကြည့်သာနေရတယ်။ တစ်ချိန်လုံး ကျွန်မမှာ ဒူးဆက်ထောက်နေဖို့ပဲ တတ်နိုင်ခဲ့တယ်။ စားပွဲပေါ်ကို လည်ပင်းဆန့်ပြီးကြည့်လိုက်တော့ တိုးဝင်လာတဲ့ အသားနံ့က သွားရေစီးကျလာအောင် ထိုးဆွနေတော့တယ်__ ထင်မထားဘူး။ စားပွဲပေါ်မှာ ဝက်သားနီးကင်ချက်ရှိနေတာပဲ။
သူ့လက်နဲ့ ဟိုရွယ်ဒီရွယ်လုပ်ရင်း သူက ကျွန်မကို အေးစက်စက်အကြည့်တစ်ချက် လှမ်းပစ်လိုက်တယ်။
“အခုထိ မြန်မြန်မလာသေးဘူးလား”
ကျွန်မလည်း မဟာခွင့်လွှတ်မှုကို ရသွားတာနဲ့ လေလိုပဲ မြန်မြန်ဆန်ဆန် ထရပ်လိုက်ပြီး ထမင်းစား စားပွဲဆီကို ပစ်ဝင်လိုက်တော့တယ်။ ငွေတူကို မကိုင်ရသေးခင်မှာပဲ ကျွန်မကိုက်တာခံထားရဲ့ သူ့ညာဖက်လက်ကို ဆန့်လိုက်ပြီး အသာအယာ ချောင်းဟန့်ပြတော့တယ်။
သူ့နောက်မှာ ရပ်နေတဲ့ နန်းတွင်းအစေခံမလေးက အလိုက်တသိ ရှေ့တက်လာပြီး သူ့အတွက် အစားအသောက်ကို ယူပေးဖို့ ကိုယ်ကိုညွှတ်လိုက်တယ်။ သူမက ငွေတူကို ကိုင်ဖို့ ပြင်လိုက်ပေမဲ့ ကြောက်စရာကောင်းလွန်းတဲ့ သူ့စကားတစ်ခွန်းက သူမကို ငိုသွားတော့မတတ် လန့်ဖြတ်သွားစေခဲ့တယ်။
“ထွက်သွားစမ်း၊ ဘယ်သူက မင်းကို လုပ်ခိုင်းလို့လဲ”
ထျန်းပင်းချင်က ကျွန်မကို ကိုယ့်ဟာကိုယ် ကံကောင်းဖို့ ဆုတောင်းပေတော့ဆိုတဲ့ မျက်နှာထားနဲ့ ကြည့်လိုက်ပြီး နန်းတွင်းအစေခံတစ်အုပ်နဲ့အတူတူ တိတ်တိတ်လေး ပြန်ထွက်သွားခဲ့တယ်။
ဒီသောက်ကျိုးနဲမိန်းမစိုးဆိုတဲ့ဟာက တကယ်ပဲ ထွက်ပြေးသွားရဲသတဲ့။
ဖုန်းကျောက်ဝမ်က ဘာမှမဖြစ်သလိုနဲ့ ပြောလိုက်တယ်။
“ငါကိုယ်တော် ဗိုက်ဆာနေပြီ__”
လေးစားရတဲ့အရှင်မင်းကြီးက ဗိုက်ဆာတယ်ဆိုလည်း ကျေးဇူးပြုပြီး စားတော့လေနော်။ ကျွန်မမှာ အဲလိုအကျယ်ကြီး အော်လိုက်ချင်ပေမဲ့ သူရဲ့ဝှစ်ခနဲအေးစက်စက်အကြည့်နဲ့ ဆုံသွားတော့ ကျွန်မလည်း တခြားရွေးစရာမရှိတော့ဘဲ မျက်နှာချိုသွေးပြီး အတင်းပြုံးပြလိုက်ရတော့တယ်။ ကိုယ်ကိုညွှတ်လိုက်ပြီး တူကောက်ကိုင်ရင်း သူ့ကို အစားအသောက် ခွံ့ကျွေးလိုက်ရတော့တယ်။
အဲဒီလူက ထိုင်နေပြီး ကျွန်မက ရပ်နေရတာလေ။ အဲဒီလူက စားသောက်နေတော့ ကျွန်မက ရပ်ကြည့်နေရတာပေါ့….။ ကျွန်မရဲ့လက်ရှိအခြေအနေထက် ပိုပြီးသနားစရာကောင်းတယ်လို့ စဥ်းစားလို့ရမယ့် တစ်ယောက်ယောက်များ ရှိနိုင်ပါ့မလား။
ကျွန်မရဲ့အတွေးတွေကို မောင်းထုတ်လိုက်ပြီး ကျွန်မရဲ့စူးရှလှတဲ့အကြည့်က ဖုန်းကျောက်ဝမ်ဆီမှာ ရပ်တံ့သွားခဲ့တယ်။
တကယ်တော့ ချီနိုင်ငံရဲ့ ယောက်ျားသားတွေအားလုံးက အရပ်မြင့်ပြီး ချောမောကြတယ်။ ကျွန်မရှေ့က လူကတော့ အထူးတလည်ကို ပိုပြီးချောမောနေတာပေါ့။ ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်၊ ခါးသိမ်သိမ်တွေနဲ့ ဒီအတိုင်း အေးအေးဆေးဆေး ထိုင်နေရင်တောင် တဖက်လူကို ကြောက်ရွံ့တုန်လှုပ်စေနိုင်တဲ့ အိန္ဒြေတစ်ခုရှိပြီး ကျွန်မက ခွေးခြေခုံပေါ် တက်ရပ်လိုက်တာလောက်နဲ့ညီတဲ့ အရပ်အမြင့်လည်းရှိတယ်။ သူ့မျက်နှာသွင်ပြင်က လေးနက်ပြီး တောက်ပတဲ့မျက်လုံးတွေရှိတယ်။ သူ ကျွန်မကို ကြည့်နေတုန်းက သူ့မျက်နှာထားကို လျစ်လျူရှုထားမိရင် သူက ကျွန်မကို စဥ်းနှီတုံးပေါ်က အသားတုံးတစ်တုံးလို ကြည့်နေလိမ့်မယ်။ နောက်ပြီး သူ့ထမင်းစားတဲ့အချိန် အပြုအမူတွေကလည်း ယဥ်ကျေးလိုက်တာဆိုတာ။ သူ့ရဲ့ထူးချွန်ထက်မြက်လှတဲ့ အရည်အချင်းတွေနဲ့ ပေါင်းလိုက်ရင် သူ့ကို ပြီးပြည့်စုံတဲ့သူလို့ သတ်မှတ်လို့ရတယ်။
ဒီအချိန်မှာ ဖုန်းကျောက်ဝမ်က ချေးမများနေတော့ဘူး။ သူ့ပါးစပ်ထဲကို ကျွန်မထည့်ပေးလိုက်တာကိုပဲ နာနာခံခံနဲ့ စားလိုက်တော့တယ်။ သူက ၇ပုံ ၈ပုံလောက် ဗိုက်ပြည့်သွားတာကို တွေ့လိုက်ရတော့ ကျွန်မက ဝက်သားနီတုံးတစ်တုံးကို လှမ်းယူမယ်ပြင်လိုက်တဲ့အချိန်မှာ ထျန်းပင်းချင်ရဲ့ နားကွဲမတတ် စူးရှတဲ့အသံက ထွက်လာခဲ့တယ်။
“မင်းကြီး ယွီဖင်က တွေ့ခွင့်တောင်းနေပါတယ်”
ဒီသောက်ကျိုးနဲ မိန်းမစိုးကတော့ အမြဲတမ်း အပြင်ကနေ ခေါင်းလေးပြူထွက်ပြီး နန်းတော်ခန်းမရဲ့တံခါးကနေ အထဲကို ကြည့်နေတော့တာပဲ။ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတာသိသားပဲ။
ဖုန်းကျောက်ဝမ်က သူမကို တွေ့မယ်လို့မပြောလိုက်သလို မတွေ့ချင်ဘူးလို့လည်း မပြောလိုက်ဘူး။ သူ့ဖီးနစ်မျက်လုံးတွေက ကျွန်မအပေါ်မှာ အသာအယာ လွှင့်မြောသွားခဲ့တယ်။
“အန်းယိ မင်း ဒီမနက်တုန်းက မက်မွန်တောထဲမှာ ယွီဖင်နဲ့ အခြေအတင်စကားများခဲ့တယ်ဆို”
အွန်း။ ယွီဖင်ဆိုတာလေ သူ ငယ်ငယ်ကတည်းက ကြီးလာတဲ့အထိ အမြဲတမ်း သိမ်မွေ့ပြီး သဘောကျစရာကောင်းလေတော့ သူနဲ့ကျွန်မ အချင်းများကြတဲ့အကြိမ်တိုင်း အပြစ်ပေးခံရတဲ့သူက အမြဲတမ်းကျွန်မ ဖြစ်ခဲ့တာပေါ့။ တကယ်တော့ ဒီလောက်အချိန်တွေ ကြာသွားတာတောင်မှ ကျွန်မက အတွေ့အကြုံတွေကနေ အခုထိ မသင်ယူတတ်ခဲ့သေးတာပဲ။ ကျွန်မက ကျွန်မရဲ့လည်ပင်းကို ကာလိုက်ပြီး သူ့မေးခွန်းကို ပြန်ဖြေလိုက်တယ်။
“မင်းကြီး အရှင်က အရှင့်ရဲ့အလှလေးကို ကာကွယ်ပေးချင်နေတာလား” ပြောပြီးသွားတာနဲ့ချက်ချင်းပဲ ကျွန်မ နောင်တရသွားတော့တယ်။
ဖုန်းကျောက်ဝမ်က နန်းတွင်းအစေခံမလေးတစ်ယောက် ယူလာပေးခဲ့တဲ့ လက်ဖက်ရည်ကို တငုံအပြည့်မြိုချလိုက်ပြီး သူ့ရဲ့ရှည်လျားတဲ့ မျက်ခုံးတွေက သိသိသာသာ ခေါက်ကြောင်းတစ်ခုအသွင် တွန့်ချိုးသွားခဲ့တယ်။ ကျွန်မ ကိုယ့်ဟာကို ပြန်စဥ်းစားလိုက်တယ် – သွားပြီ၊ ငါတော့ သွားပါပြီ၊ သူ့ရဲ့လူသတ်ချင်တဲ့ စိတ်ကို သွားဆွမိပြီ… သေတော့မှာပဲ။ ဒီတော့ အနည်းဆုံး ဝက်သားနီချက်နောက်တစ်တုံးလောက် စားလိုက်တာက အကောင်းဆုံးပဲ။
ကျွန်မက ပါးစပ်ထဲကို အသားတစ်တုံးအထည့်မှ သူက ဘာမှမဖြစ်သလိုနဲ့ ထပ်ပြောလိုက်တယ်။
“မင်းနဲ့ ယွီဖင်နဲ့ တစ်ခါက အသိတွေပဲ၊ ယွီဖင်ရဲ့အကျင့်က ဘယ်လိုရှိလဲ”
အရှင်က သူနဲ့ ခေါင်းအုံးတစ်လုံးထဲ အတူတူအိပ်တဲ့သူလေ။ သူ့အကျင့်ဘယ်လိုရှိတာ မသိဘူးလို့တော့ မပြောဘူးမလား။
စကားလုံးတွေက ပါးစပ်ဖျားလေးတင်အရောက် အတင်း ပြန်မြိုသိပ်ထားလိုက်ရတယ်။ ဟဲဟဲ လို့ရယ်ပြလိုက်ပြီး ကျွန်မ ပြန်ဖြေလိုက်ပါတယ်။
“အရှင့်မျက်လုံးထဲကို ဝင်ရောက်လာနိုင်တဲ့ မိန်းမလှလေးတွေ၊ မင်းကြီးရဲ့နန်းတော်ထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခံရအောင် လုပ်နိုင်တဲ့မိန်းမလှလေးတွေ၊ အားလုံးက ယှဥ်ပြိုင်နိုင်စွမ်း၊ အရည်အချင်းနဲ့ လေးစားအားကျဖွယ်ရာထက် သာလွန်ပြီး သေချာပေါက် တောက်ပနေမှာအမှန်ပဲလေ” နည်းနည်းလောက်ထပ်စဥ်းစားပြီး ကျွန်မက မြောက်ပင့်တဲ့စကားတစ်ခွန်း ထပ်ပြောလိုက်သေးတယ်။
“အဲဒီ ယွီဖင်က မင်းကြီးကို စောင့်စားနိုင်တယ်ဆိုတာ တကယ့်ကိုပဲ ကံကောင်းခြင်းတစ်မျိုးပဲပေါ့ နော်!”
အဲဒီအပြင်ကို သူက လေးစားအတူယူဖွယ်မင်းကြီး အရှင့်ကို ဧရာမသိက္ခာတော်ကြီးကျဆင်းအောင် အရှက်ခွဲနိုင်တယ်လေ။ ဒီအပြစ်သားကတော့ ဖြစ်လာမယ့်အရာကို အမှန်တကယ်ပဲ ဝမ်းသာအားရနဲ့ မျှော်လင့်နေပါပြီနော်။
သူက ကျွန်မကို စိတ်ဝင်စားတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး
“မင်းက မင်းကိုယ်မင်း ကြွားပြနေတာလား၊ မင်းမှာ အနှိုင်းမဲ့အရည်အချင်းနဲ့ လေးစားဖို့ထက်ကောင်းတဲ့ တောက်ပမှုမျိုး ရှိတယ်ပေါ့ ဟုတ်လား”
ကျွန်မရဲ့မျက်နှာက နီရဲသွားပြီး သူ့ကို တအံ့တဩ ဆွံ့အပြီး စိုက်ကြည့်နေမိလိုက်တယ်…. ဘုရင်တစ်ပါးဖြစ်ပြီး အရှင်က တကယ့်ပဲ ဒီလောက်တောင် မျက်နှာပြောင်နိုင်တာကိုး။
နောက်ဆုံးတော့ ကျွန်မရဲ့မကျေနပ်ချက်နဲ့ နာကြည်းမှုတွေကို ဖုံးကွယ်ထားရတာ အရမ်းကို ခက်ခဲလွန်းတာကြောင့် ဒေါသတကြီးနဲ့ အော်ဟစ်ပစ်လိုက်တော့တယ်။
“အရှင်မင်းကြီး၊ အရှင့်ရဲ့မှတ်ဉာဏ်တွေက ပျောက်ကုန်ပြီလား၊ ဒီအပြစ်သားက အဖမ်းခံလိုက်ရပြီး မင်းကြီးရဲ့နန်းတော်ထဲကို ဖိးအားနဲ့ ဝင်ခဲ့ရတာပါ” ဒါက သန့်သန့်ရှင်းရှင်းနဲ့ ရေချိုးသန့်စင်ပြီး သူတို့ကိုယ်တိုင် အလိုရှိရှိနဲ့ အရှင့်တံခါးဆီ ရောက်လာကြတဲ့ မိန်းမလှလေးတွေနဲ့ ပင်ကိုအားဖြင့် ကွာခြားလှတဲ့ကိစ္စ။
“မင်းရဲ့ ဒီလေသံကို နားထောင်ရတာ ဒီဘုရင်ရဲ့အရာရှိတွေက လူမှားပြီး ဖမ်းခဲ့ကြတာလို့ မင်းက ဝေဖန်နေတာလား၊ သူတို့တွေက မင်းကို မဖမ်းခဲ့သင့်ဘူးပေါ့လေ”
. . ….
ကျွန်မက မင်းကြီးရဲ့မှတ်ချက်ကို ငြင်းဆန်ပြီး ကျွန်မကို ဖမ်းခဲ့တဲ့ ကြီးမားတဲ့အမှားကို ကျူးလွန်ခဲ့တဲ့ ရန်ဖင်ကို ကျေကျေနပ်နပ်ကြီး ဝေဖန်နေတဲ့အတိုင်းပေါ့လေ။ ဟုတ်လား။
သူက ကျွန်မကို ကြည့်လိုက်ပြီး ဘာမှဂရုမစိုက်သလို ပြုံးလိုက်တယ်။ ဗိုက်ပြည့်အောင် စားပြီးသွားလို့ သူ့စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်နေတဲ့ပုံပဲ။
“ကောင်းတာပါပဲ၊ မင်းက သန့်သန့်ရှင်းရှင်း ဆေးကြောပြီးရင် မင်းကြီးရဲ့နန်းဆောင်ကို ကိုယ်တိုင်အရောက်လာလိုက်ပေါ့ ဟုတ်ပြီလား”
ကျွန်မလေ အရှင်မင်းကြီးရဲ့ ချောမောလှတဲ့မျက်နှာတော်ကို လက်သီးတစ်ချက်လောက် ထိုးပစ်ချင်ခဲ့တာ။ တကယ် တကယ်။ သူ့မျက်လုံးကို ညိုမဲသွားစေမယ့် လက်သီးတစ်ချက်လောက်လေ။
_ သူ့ရဲ့ဒီပါးစပ်က အရမ်းကိုပဲ မုန်းဖို့ကောင်းလိုက်တာ။
သမိုင်းပညာရှင်တွေက သူတို့ရဲ့စုတ်တံကို ဓားတစ်ချောင်းလို ဝေ့ယမ်းနိုင်တယ်လို့ ပြောကြပေမဲ့ ဖုန်းကျောက်ဝမ်ရဲ့ဒီပါးစပ်ကတော့ ဓားတစ်ချောင်းထက်တောင် ပိုအစွမ်းထက်သေးတယ်။ ဝက်သားနီချက်ကို မခွဲခွာနိုင်ဖြစ်နေတဲ့ ကျွန်မကို ပြတ်သားသွားစေပြီး မျက်ရည်တွေရွှဲလို့ နန်းတော်ထဲက မထွက်ခွာနိုင်ခဲ့တာကိုပဲ သေလောက်အောင် မုန်းမိတော့တယ်။
တကယ်လို့ ကျွန်မက အဲလိုလုပ်ချင်တယ်ဆိုရင် သူက အရင်ဆုံး နန်းတော်တံခါးကို ဖွင့်ပြီး ကျွန်မရဲ့ပြစ်မှုကို ခွင့်လွှတ်ပေးအုံးမှလေ။
. . .
Thin Mon Khin
ဖတ်လို့အရမ်းကောင်းတဃ်