Chapter - 9.1
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 9.1 - အပိုင်း (၉) ဘယ်သူက ဘယ်သူ့ရဲ့နက္ခတ်ဆိုးလဲ (၁)
အပိုင်း (၉) ဘယ်သူက ဘယ်သူ့ရဲ့နက္ခတ်ဆိုးလဲ (၁)
အဲဒီလူငယ်လေးက နီးသထက်နီးလာပြီး သူ့ရဲ့သေသပ်တဲ့မျက်ခုံး၊ တောက်ပတဲ့မျက်လုံးတွေက အရမ်းကို ကြည်လင်လို့ပါပဲ။ နောက်ဆုံးတော့ သူက သစ်ပင်အောက်ကို ရောက်လာခဲ့တယ်။ သူက ခေါင်းမော့လိုက်ပြီး ဖန်မီးအိမ်ကို တစ်ချက်မော့ကြည့်လိုက်တယ်။ မဆုံးနိုင်တဲ့ အဆိုးမြင်ခြင်းတွေ ပါဝင်တဲ့ အေးစက်စက် ရယ်သံတစ်ချက် ထွက်လာခဲ့တယ်။ စိတ်မရှည်တဲ့မျက်နှာနဲ့ သူ့အသံကို မြင့်ပြီး အော်ပြောလိုက်တော့တယ်။
“အန်းယိ ဒါက မင်းရဲ့ဖောက်ပြန်တဲ့ပုံစံပေါ့လေ၊ မင်း ငါ့ကို ဒီနေရာကို ခေါ်ခဲ့တာဆိုမှတော့ ဘာလို့ ပုန်းနေသေးတာလဲ၊ မင်းမျက်နှာကို မပြရဲဘူးလား”
ရှောင်ဟွမ်က သူ့ဘေးမှာ အမြဲတမ်း နန်းတွင်းအစေခံတစ်ယောက် ခစားနေတာလေ။ ဘာမှမရှိဘဲ တိတ်ဆိတ်နေတဲ့ ဒီနေရာကို လာဖို့ဆိုတာ ကျွန်မပဲ ဖြစ်ရမယ်လို့ သူ အလိုလို သိနေတာပေါ့။
တစ်လှမ်းချင်း…. ကျွန်မ သစ်ပင်အရိပ်အောက်ကနေ ဖြည်းဖြည်း လှမ်းထွက်လာပြီး သူ့ရှေ့မှာ ခေါင်းငုံ့ပြီး ရပ်နေလိုက်တယ်။ ဒီကျောက်းစိမ်းလို လူငယ်လေးရဲ့ဘေးမှာ ရပ်နေရတဲ့ အဲဒီတဒင်္ဂအတွင်းမှာ ကျွန်မ အသက်ရှူရပ်သွားပြီး ကျွန်မရဲ့သိမ်ငယ်မှုကြောင့် ရှက်ရွံ့မှုကို ခံစားလိုက်ရတယ်။
ဒါပေမဲ့ ကျွန်မရှေ့က လူငယ်ကတော့ ကျွန်မဘက်အမြင်ကို ဘယ်တော့မှ မစဥ်းစားပေးတတ်ပါဘူး။ သူက မသိမသာ မဲ့လိုက်ပြီး
“အန်းယိ မင်း ငါ့ကို ဒီနေရာကို ခေါ်လာတာဆိုတော့ ကိစ္စတော့ ရှိရမယ်မလား”
ကျွန်မက ခေါင်းခါလိုက်ပြီး ခေါင်းမော့ပြီး တစ်ချက် ခိုးကြည့်လိုက်တယ်။ တကယ်ပါ။ သူ့မျက်လုံးထဲမှာ ပြည့်နေတဲ့ နှင်းခဲက လူတစ်ယောက်ကို သူ့မျက်လုံးထဲက အအေးဓာတ်ကို အရည်ပျော်သွာစေချင်တဲ့ မျှော်လင့်ချက်နဲ့ သူ့နှလုံးသားကို ထုတ်လားပြီး သူ့ရှေ့မှာ နှလုံးသားကို မဆက်သနိုင်တဲ့အတွက် ကိုယ့်ဟာကိုယ် မုန်းမိအောင် လုပ်နေတော့တယ်။
“မရှိဘူးဆိုတော့လည်း ငါ ပြန်တော့မယ်” သူက ပြောပြီးတာနဲ့ ချက်ချင်း လှည့်ထွက်သွားဖို့ ပြင်လိုက်တယ်။
ကျွန်မလည်း စိုးရိမ်မိသွားခဲ့တာပေါ့။ သူ့ကို ဒီနေရာကို လှည့်ခေါ်လာနိုင်ဖို့ ဒီအကြံရဖို့ အုံးနှောက်ကို အပြေးအလွှားအလုပ်ပေးထားရတာ ကျွန်မက ဒီလှပတဲ့ရှုခင်းလေးကို ဘယ်လိုလုပ်ပြီး လက်လျှော့နိုင်ပါ့မလဲ။ စိုးရိမ်စိတ်ဖြစ်သွားတာနဲ့ သူ ချထားတဲ့ စည်းကမ်းတွေကိုလည်း ချက်ချင်းမေ့သွားခဲ့ပြီး သူ့အင်္ကျီကို လှမ်းဆွဲထားလိုက်မိတယ်။ ကျွန်မက အထစ်ထစ်အငေ့ါငေါ့နဲ့
“မက်မွန်ပွင့်တွေလေ… ပွင့်နေတာ အရမ်းလှလို့၊ ငါ စဥ်းစားတာ… ငါ စဥ်းစားတာက မင်းကို ခေါ်ပြီး ပန်းတွေ ကြည့်မယ်လို့….”
“ညကြီးသန်းခေါင်မှာလေ၊ ပန်းတွေက လှလှပပပွင့်နေပါတယ်လို့ ဘယ်သူက သိမှာလဲ၊ မင်းရဲ့စိတ်က တကယ့်ကို ဉာဏ်ရည်မမီတော့ဘူးလား ဟမ်” သူ့ရဲ့အေးစက်စက် စကားတစ်ခွန်းက ကျွန်မပြောချင်တဲ့ ဝမ်းနဲ့အပြည့်စကားလုံးတွေကို မွန်းကျပ်သွားအောင် လုပ်လိုက်တော့တယ်။
ဖြန်းခနဲ ကျွန်မရဲ့မျက်နှာက ပူထူသွားခဲ့တယ်…..။ အရာအားလုံးကို အကြိမ်ထောင်ပေါင်းများစွာ သေသေချာချာ စဥ်းစားလိုက်ပြီးမှ ညကြီးမှာ ပန်းတွေကို ဘယ်လိုခံစားရမှာလဲဆိုတာကို စဥ်းစားဖို့ မမျှော်လင့်ဘဲ မေ့သွားခဲ့တာပဲ။ ဒီတောရဲ့ တောက်ပတဲ့ အနီရောင်တိမ်လို ရှုခင်းကို ဘယ်လိုကြည့်နိုင်ပါတော့မလဲ။
ကျွန်မ ရှင်းရှင်းလင်းလင်း တွေးလို့မပြီးနိုင်သေးခင်မှာပဲ ကျွန်မရဲ့ခြေထောက်က ရုတ်တရက် နာကျင်သွားပြီး ကျွန်မရဲ့ခန္ဓာကိုယ်ကလည်း လွှင့်ထွက်သွားပြီး ဗွမ်းခနဲအသံတစ်ခုနဲ့ မက်မွန်တောဘေးက ရေကန်ထဲကို ကျသွားခဲ့တယ်။ စကားတစ်လုံး… စကားတစ်ခွန်း… အင်မတန်သာယာတဲ့အသံတစ်ခုနဲ့… ရေကန်ဘေးက အဲဒီလူငယ်က ပြောလိုက်တယ်။
“အန်းယိ ငါ ချထားတဲ့စည်းကမ်းကို မင်းတကယ် မေ့သွားတာလား၊ မင်း ရေကန်ထဲမှာ သတိဝင်သွားအောင် ကူညီပေးရလည်း ငါ စိတ်မရှိဘူးနော်” ပြောပြီးတာနဲ့ သူက လှည့်ထွက်သွားပြီး သူ့ရဲ့အစွန်းထင်းမရှိတဲ့ အဖြူရောင်အဝတ်အစားက လရောင်အောက်မှာ သေစေလောက်တဲ့ ဖြူဆွတ်ပြီး ရေခဲလိုအအေးဓာတ်ကို ထုတ်လွှတ်လိုက်တော့တယ်။
တက်မက်မှုကြောင့် ကျွန်မ အသိလွှတ်သွားပြီး သူ့ရှေ့မှာ အမှားတွေကို အကြိမ်ကြိမ်လုပ်ခဲ့မိတာပဲ။ ခြေမကိုင်မိ လက်မကိုင်ဖြစ်သွားတဲ့ အခိုက်လေးမှာ သူ ထွက်သွားမှာ စိုးတဲ့စိတ်ကြောင့် သူက အရပ်ပိုမြင့်လာပြီး သိုင်းပညာကလည်း ကျွန်မထက် သာသွားပြီဆိုတာကို မေ့သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မ သူ့ကို ဆွဲခေါ်တာတွေ၊ သူ့ကို တွယ်ကပ်နေတာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်လိုက်တော့တယ်။ သူ့အင်္ကျီအနားလေးကို ထိတာတောင် ကျွန်မက အရိုက်ခံရသေးတယ်။
နွေးဦးကုန်ပိုင်းဆိုပေမဲ့လည်း ရေကန်ထဲက ရေက အရမ်းအေးနေသေးတယ်။ ထိန်းမရအောင် တုန်တုန်ယင်ယင်နဲ့ ကျွန်မ ရေကန်ထဲကနေ လေးဖက်ထောက်ပြီး တက်လာခဲ့လိုက်တယ်။ အခိုက်တန့်လေးမှာ ရေကန်ဘေးမှာ ငေးကြောင်ကြောင်နဲ့ ထိုင်နေမိပြီး ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ညရဲ့ အေးစက်မှုထဲမှာ ရွှဲနစ်နေတာကို ခံစားနေမိတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူတစ်ယောက်မှ မတွေ့ရဘူး။ ဒါနဲ့ ကျွန်မရဲ့ဆံပင်တွေကို ဖြည်ချလိုက်ပြီး ရေညစ်လိုက်တယ်။ ကျွန်မရဲ့အပေါ်ဝတ်နဲ့ အတွင်းခံကို ချွတ်လိုက်ပြီး အဝတ်အစားတွေကို ရေညစ်လိုက်တယ်။ အဝတ်အစားကို ပြန်ဝတ်တော့မဲ့ဆဲဆဲ မက်မွန်တော်ထဲက တစ်စုံတစ်ယောက်ရဲ့ရယ်သံကို ကြားလိုက်ရတယ်။ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့အသံက ပြောလိုက်တယ်။
“ရှောင်ထျန်း၊ ချန်နိုင်ငံတော်ဝင်မျိုးနွယ်ရဲ့ လူငယ်တွေက လိင်တူကြိုက်ရတာကို သဘောကျကြတာပဲလို့ ငါ အစက ထင်ထားခဲ့တာလေ၊ ဒါပေမဲ့ ထင်တောင်မထားဘူး၊ ပျိုမြစ်တဲ့မိန်းမလှလေးတစ်ယောက်ရဲ့ လှပပြီး စွဲလမ်းနေတဲ့အချစ်ဖြစ်နေတာကိုး ဟမ်၊ ဒီရန်လူငယ်ကတော့ အားနွဲ့တဲ့အမျိုးသမီးကို ဘယ်လို ဂရုစိုက်ပေးရမယ်ဆိုတာကို တကယ်မသိတာပဲ”
ကျွန်မ အဝတ်အစားတွေကို မြန်မြန်ဝတ်လိုက်ပြီး တချိန်ထဲမှာပဲ အော်ပြောလိုက်တယ်။
“အတင့်ရဲလိုက်လေ၊ ဘယ်က တဏှာရူးရောက်လာတာလဲ၊ ညသန်းခေါင်မှာ တော်ဝင်ဥယျာဥ်ထဲကိုတောင် ပတ်သွားနေရသလား” ကျွန်မမှာ ပြောနေရင်းက သွားတွေက ထိန်းမရအောင် တဆတ်ဆတ်တုန်နေပြီး မောဟိုက်နေတဲ့ပုံဖြစ်သွားခဲ့တယ်။
မက်မွန်တောထဲကနေ သခင်နဲ့အစေခံ လူနှစ်ယောက် ပေါ်လာခဲ့တယ်။ အရင်ဆုံးထွက်လာတဲ့ ယောက်ျားက အားကောင်းမောင်းသန် အရပ်မြင့်မြင့်ကိုယ်ထည်ရှိပြီး ဖြောင့်မတ်ပြီးလေးနက်တဲ့ မျက်နှာသွင်ပြင်နဲ့ လှောင်ရယ်ဟန်အပြည့်ပါတဲ့ ဖီးနစ်မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားတယ်။ တစ်လှမ်းပြီး တစ်လှမ်း သူက ပိုနီးကပ်လာပြီး ကျွန်မက ကပျာကယာ အဝတ်အစား ဆက်ဝတ်နေတာကို ခေါင်းအစခြေအဆုံး လေ့လာနေလေတယ်။ သူ့ဘေးက အစေခံကို ပြောလိုက်သေးတယ်။
“ရှောင်ထျန်း ဘယ်မိသားစုရဲ့ အကာအကွယ်အောက် သမီးက အဲလောက်ထိ ရဲတင်းနိုင်မလဲလို့ စဥ်းစားနေတာ၊ စစ်သူကြီးအန်းရဲ့ ‘တစ်ဦးတည်းသောသား’ လူငယ်လေးအန်း ဖြစ်နေတာကိုး”
သူက ‘တစ်ဦးတည်းသောသား’ဆိုတဲ့ စကားလုံးကို အထူးအလေးထားပြီး ပြောလိုက်တာ ဆိုးညစ်တဲ့စိတ်ထားအပြည့်နဲ့ဆိုတာ ရှင်းနေတာပဲ။
ကျွန်မ ချက်ချင်း ရှက်ရွံ့ပြီး ဒေါသထွက်သွားခဲ့တယ်။ ဆယ်နှစ်လောက် ယောက်ျားတစ်ယောက်လို ဝတ်စားခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်နေလာတာ ဒီသူစိမ်းယောက်ျား ဆီမှာမှ ပေါ်သွားလိမ့်မယ်လို့ ထင်တောင်ထားမခဲ့ဘူး။ သတင်းသာ ပြန့်သွားလို့ကတော့ အဖေက ဘုရင်ကို လိမ်ညာမှု အပြစ်ဖြစ်ရမယ့်အပြင် တစ်မိသားစုလုံး အစေခံကအစ မိသားစုအကြီးအကဲအထိ ဆိုးရွားတဲ့ဇာတ်သိမ်း ဖြစ်ရတော့မယ်။
တကယ့်အကျပ်အတည်းကြားက ကျွန်မရဲ့အဝတ်အစားတွေကို ပြန်ဝတ်ထားလိုက်တယ်။ အဲဒီယောက်ျားကို ခပ်စိမ်းစိမ်းကြည့်လိုက်ပြီးတော့ ချီတုံချတုံနဲ့ မေးလိုက်တယ်။
“ရောက်လာတာ ချီနိုင်ငံရဲ့ အိမ်ရှေ့မင်းသားများလား”
အပြင်ကနေ နန်းတော်ထဲကို ဝင်လာနိုင်တဲ့သူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တာလေ။ တစ်ယောက်ယောက်က နန်းတော်ထဲကို ဝင်ခွင့်ပေးမှသာ ဖြစ်မှာပဲ။ ပြီးတော့ ဒါက ကျွန်မ မှတ်မိနိုင်တဲ့လူပဲ ဖြစ်ရမယ်။ ကောလဟာလတွေလည်း ရှိတာကိုး။ ချီနိုင်ငံရဲ့ယောက်ျားသားတွေက အရပ်မြင့်ကြတယ်တဲ့။ ပြီးတော့ ဒီနေ့ည တိုက်တိုက်ဆိုင်ဆိုင် စားသောက်ပွဲက ချီနိုင်ငံရဲ့သံအမတ်ကို ဧည့်ခံပေးဖို့လေ။ ဒီ့အပြင် အဲဒီလေးစားရတဲ့ ဧည့်သည်တော်က ချီနိုင်ငံရဲ့အိမ်ရှေ့မင်းသား။ ကျွန်မ တခြားသူတွေကို စဥ်းစားနေစရာမလိုတော့ဘူး။
သူက ရှေ့တစ်လှမ်းတိုးလာပြီး သူ့အရိပ်က ကျွန်မ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့တယ်။ မသိမသာအပြုံးက သူ့ရဲ့ဖြူဖွေးနေတဲ့သွားတွေကို ပေါ်သွားစေပြီး သူက ပြောလိုက်တယ်။
“ဒီနိမ့်ကျတဲ့ကျွန်တော်က ချီနိုင်ငံရဲ့အိမ်ရှေ့မင်းသား ဖုန်းကျောက်ဝမ်ပါ”
. . . .
နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ အဲဒီတုန်းက ကျွန်မရဲ့သတ္တိနည်းခဲ့ပုံကို တကယ်ပဲ ရှက်ရွံ့မိတယ်။ ဖုန်းကျောက်ဝမ် ကျွန်မရှေ့ကို ပထမဆုံးအကြိမ်ပေါ်လာတုန်းက ခြိမ်းခြောက်ဖို့ကို သူ့အရပ်ကို အသုံးချခဲ့တာ ကျွန်မက နောက်ကို ခြေလှမ်းအကြီးကြီး ဆုတ်သွားခဲ့မိတယ်။ အဲဒီခြေတစ်လှမ်းရဲ့အကျိုးရလာဒ်က နောက်တစ်နှစ် သူနဲ့ထိပ်တိုက်တွေ့ရတဲ့ စစ်ပွဲတွေမှာ ကျွန်မ အမြဲတမ်း အရေးနိမ့်ခဲ့ရပြီး အနိုင်ရဖို့ အခွင့်အရေးက မရှိသလောက်ပဲ။
ညရဲ့တည်ငြိမ်အေးချမ်းမှုထဲမှာ သစ်ကိုင်းခွကြားက ကျွန်မရဲ့ခန္ဓာကိုယ်ကို နည်းနည်း ပုံစံပြောင်းလိုက်တယ်။ မက်မွန်ပွင့်ကိုင်းကို ချိုးလိုက်တဲ့ ကျွတ်ဆတ်ဆတ်အသံက လေထဲမှာ မြည်သွားပြီး ကျွန်မ ချိုးလိုက်တဲ့ချိုးလိုက်တဲ့ သစ်ကိုင်းကတော့ မြေကြီးပေါ်ကို ကျသွားခဲ့တယ်။ ကျွန်မ သစ်ကိုင်းခွကြားပေါ်မှာ ထိုင်ရင်း အရေးကြီးပြဿနာတစ်ခုကို စဥ်းစားလိုက်တယ်__ သားရိုင်းကောင်တစ်ကောင်။ တခြားသူတွေရှေ့မှာဆိုရင် ခံ့ညားသလောက် ညသန်းခေါင်ရောက်ရင် သားရိုင်းကောင်တစ်ကောင် ဖြစ်သွားတယ်။ အဲဒါက ဖုန်းကျောက်ဝမ်ရဲ့ သားရိုင်းကောင် ဖြစ်သွားတဲ့ပုံစံ။ ပြီးတော့ သူက ဒါကို တသမတ်ထဲ ထိန်းသိမ်းထားတယ်။ ဒီနေ့တော့ ရေချိုးကန်ထဲမှာ ကျွန်မ ရက်ရက်စက်စက် ကန်တာခံလိုက်ပြီး လက်ရှိအချိန်က သူရဲ့ညသန်းခေါင်ပုံစံပြန်ပြောင်းတော့မယ့် အချိန်လေ။ ကျွန်မ…. ဒီညတော့ ဘယ်မှာ သွားအိပ်ရပါ့။
အဲဒီအချိန်မှာ ရေကန်ဘေးက သစ်ပင်ရိပ်ကနေ မာမာထန်ထန်အသံတစ်ခုနဲ့ လူတစ်ယောက်ဝင်လာပြီး အော်ပြောလိုက်တယ်။
“ဘယ်သူလဲ၊ ဆင်းလာခဲ့စမ်း”
ချွမ်းခနဲ ဓားရှည်တစ်ချောင်းကို ထုတ်လိုက်တဲ့အသံ ထွက်လာခဲ့တယ်။
ကျွန်မလည်း ချက်ချင်းပဲ အခြေအနေကို ရှင်းပြဖို့ ကြိုးစားပြီး ပြောလိုက်ပါတယ်။
“ငါက မင်းသိတဲ့သူပါ၊ မင်း သိတဲ့လူ…” တစ်ချိန်ထဲမှာ သစ်ပင်ပေါ်ကနေ အေးအေးဆေးဆေး ဆင်းလာခဲ့လိုက်တယ်။
ကျွန်မ ဆင်းလာရင်း တစ်ချက်လှမ်းကြည့်လိုက်တာပေါ့။ အိုး သေစမ်း။ ဟင်းနော်။ တကယ်ပဲ ကျွန်မ သိနေတဲ့သူပဲ။ ဟင်း…။
ရေကန်ဘေးက သစ်ပင်အရိပ်ထဲမှာ နှုတ်ဆိတ်ပြီး တစ်ယောက်ထဲ ရပ်နေတဲ့သူက တကယ်တော့ ရန်ဖင်ပဲလေ။ ကျွန်မ ဖြစ်နေတာကို တွေ့လိုက်ရတော့ အရှင်မင်းကြီးကို ကြည့်နေသလို ပြုမူလိုက်ပြီး ကျွန်မကို အခက်တွေ့အောင်တော့ မလုပ်ခဲ့ဘူး။ သူ့အသံက အများကြီး အေးအေးဆေးဆေး ဖြစ်နေပြီး သူက ပြောလိုက်တယ်။
“အန်းယိ ညသန်းခေါင်ကြီးမှာ ဒီကို ဘာလို့ရောက်နေတာလဲ”
သည်နှစ်ကာလအတွင်းမှာ အများကြီးပြောင်းလဲသွားခဲ့တဲ့ ကျွန်မရှေ့က မျက်နှာကို ကြည့်လိုက်ပြီး တစ်ချိန်က ကျွန်မကို ရေခဲလို ဆီးနှင်းလို ဆက်ဆံခဲ့ဖူးတဲ့ လူငယ်လေးကို သတိရသွားခဲ့တယ်။ စိတ်ထဲမှာ တချိန်ထဲ ချီတုံချတုံဖြစ်နေပြီး စကားတစ်ခွန်းနဲ့ပဲ ပြန်ဖြေလိုက်ပါတယ်။
“အဲဒီနှစ်တုန်းက မင်း ငါ့ကို ဒီရေကန်ထဲ ကန်ချလိုက်တဲ့အကြောင်း စဥ်းစားနေတာ” အဓိကကတော့ ဖုန်းကျောက်ဝမ်နဲ့ ကျွန်မဆုံးအကြိမ် ဖရိုဖရဲတွေ့ခဲ့တဲ့အကြောင်းကို ပြန်စဥ်းစားမိသွားပြီး ကျွန်မရဲ့အားနည်းချက်ကို နောင်တရနေမိလို့လေ။ ဒါပါပြ။ ပိုပြီး စိတ်အတွင်းထဲအထိ နောင်တရမိတာက နှစ်ပေါင်းများစွာကြာပြီးနောက်မှာတောင် ဖုန်းကျောက်ဝမ်ရှေ့မှာ ကျွန်မရဲ့ခါးကို မတ်မတ်မထားနိုင်သေးတာပဲ။ အဲတာတင် ဘယ်ကမလဲ။ လက်ရှိအခြေအနေကို ကြည့်ရင် အသက်ရှင်ဖို့အတွက် သူ့ရှေ့မှာ ခါးကုန်းပြီး ဒူးထောက်ရဖို့ ဖြစ်နိုင်ချေအရမ်းများနေတာပဲ။ တွေးကြည့်ရုံနဲ့တင် စိတ်ဓာတ်ကျစရာပါလေ။
ဒါက သုံးနှစ်တာ ကုန်ဆုံးသွားပြီးတဲ့အချိန်မှာ ကျွန်မရဲ့မျက်လုံးတွေကပဲ နည်းနည်းမှုန်လာလို့လား။ ဒါမှမဟုတ် တခြားအကြောင်းအရင်းကြောင့်လားတော သေချာမသိပါဘူး။ ဒါပေမဲ့ ကျွန်မ အထင်မမှားရင်တော့ ကျွန်မရဲ့စကားတစ်ခွန်းက ကျွန်မမျက်လုံးရှေ့ကလူကို စက္ကန့်ပိုင်းလောက် ရှုပ်ထွေးတဲ့ အောင့်သက်သက်ရုပ်တစ်ခု ဖြစ်သွားစေတဲ့ပုံပဲ။ သူက ပြောလိုက်တယ်။
“အဲဒီတုန်းက ငါ အရမ်းငယ်သေးပြီးတော့…. ကိစ္စတွေကို အရမ်းအစွန်းရောက်အောင် ကိုင်တွယ်ခဲ့မိတယ်….”
ဒါကို တောင်းပန်တယ်လို့ မှတ်လို့ရသလား။
မျှော်လင့်မထားဘဲ နေရင်းထိုင်ရင်းနဲ့ ရန်ဖင်ရဲ့ပါးစပ်ကနေ ထွက်လာတဲ့ တောင်းပန်တဲ့စကားလိုဟာမျိုးကို ကြားခွင့်ရလိုက်တာပဲ။ သဘောက ကျွန်မ အခု အေးအေးချမ်းချမ်းနဲ့ သေနိုင်ပြီပေါ့နော်။
ကျွန်မ တော်တော်လေး ရင်ထဲထိသွားတယ်။ ဒီအခိုက်တန့်လေးအတွက် ဘဝရဲ့အပြောင်းအလဲက ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်းခံစားလွယ်သလဲဆိုတာနဲ့ လူတစ်ယောက်ရဲ့စိတ်က ဘယ်လောက်တောင် နက်နဲသလဲဆိုတဲ့အကြောင်း ကဗျာရေးဖို့ စာပေစွမ်းရည်လေး ရှိချင်လာလိုက်တာ သေမတတ်ပဲ။ နှမြောစရာပဲ။ ဒီသုံးနှစ်တာကာလအတွင်းမှာ ကျွန်မက ထယ်ထိုး စိုက်ပျိုးတာလောက်လဲ လုပ်ခဲ့တာလေ။ ကဗျာရေးဖို့ဆိုတာကတော့ အဲလို မြင့်မြတ်ပြီးခမ်းနားလှတဲ့အရာမျိုးက ကျွန်မနဲ့ အစောကြီးကတည်းက မရင်းနှီးတဲ့အရာပဲ။ ဒီတော့ ဒီကိစ္စကို ဘေးချိတ်ထားလိုက်ပြီး ရှေ့ကို နှစ်လှမ်းလှမ်းလိုက်ပြီးတော့ ကိုယ်ချင်းစာသလို နှစ်သိမ့်ပေးရင်း သူ့ပခုံးကို ပုတ်ပေးလိုက်ပါတယ်။
“စိတ်မပူပါနဲ့ စစ်သူကြီးရန် ရယ်၊ ငါ နားလည်ပါတယ်၊ ငါ အားလုံးကို နားလည်တယ်”
…