Chapter - 9.2
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 9.2 - အပိုင်း (၉) ဘယ်သူက ဘယ်သူ့ရဲ့နက္ခတ်ဆိုးလဲ (၂)
အပိုင်း (၉) ဘယ်သူက ဘယ်သူ့ရဲ့နက္ခတ်ဆိုးလဲ (၂)
ဒီတစ်ခါတော့ သူ စိတ်ရှုပ်ရမယ့်အလှည့်ပဲ။ သူက သိမ်မွေ့တဲ့မျက်လုံးတွေနဲ့ ကျွန်မကို ငေးကြည့်နေပြီး နည်းနည်းဇဝေဇဝါဖြစ်သွားတဲ့ပုံပဲ။ ဒါမှမဟုတ် ရိုးချင်ဟန်ဆောင်နေတာ ဖြစ်မှာပေါ့။ တစ်ခါက အဖေ ပြောခဲ့ဖူးတယ်။ နိုင်ငံရေးမှာ ပါဝင်နေကြတဲ့သူတွေအားလုံးက ရူးချင်ယောင်ဆောင်ပြီး သူတို့ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ကြတဲ့နေရာမှာ ဆရာကြီးတွေပဲတဲ့။ ပြီးတော့ ကျွန်မ သဘောအကျဆုံးအရာက _ ဘာနဲ့မှ ဖိနှိပ်ထားလို့မရနိုင်တဲ့အရာ_ သူတို့ရဲ့လျို့ဝှက်ချက်ကို ဖော်ထုတ်ပြီး ဘယ်သူမှ ရူးချင်ယောင်ဆောင်လို့မရအောင် လုပ်ရတာကိုပဲ။
ကျွန်မ သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်နဲ့ ချလိုက်တယ်။ ဝမ်းပမ်းတနည်းနဲ့ ကျွန်မ ပြောလိုက်တယ်လေ။
“စစ်သူကြီးရန်က ရေကန်ဘေးက ဒီနေရာကို ရောက်လာတာ မိန်းမလှလေးတစ်ယောက်ကို တမ်းတမိလို့လား၊ အခြေအနေကို ကြည့်ရတာ သူက ပိုင်ရှင်ရှိတဲ့ ပန်းတစ်ပွင့်ပဲ ဖြစ်ရမယ်၊ ငါ သိပါတယ်၊ အားလုံးကို သိနေတယ်”
လျှပ်တပြက်အတွင်းမှာ သူ့မျက်လုံးတွေက အံ့ဩရိပ်တစ်ခု ပွင့်ထွက်လာခဲ့တယ်။ ကျွန်မကို မျက်လုံးမခွာတမ်း စိုက်ကြည့်နေတာ သူက အိပ်မက်မက်နေတဲ့အတိုင်းပဲ။ ပြီးတော့ သူက ပြောလိုက်တယ်လေ။
“မင်း သိနေတာလား”
ဒါကို စဥ်းစားကြည့်လိုက်တော့ ပေါ်ယာက ကျုံးဇီချီကို (လေကျီ ဇာတ်လမ်းထဲက တောက်ဝါဒီနှစ်ယောက် ချိန်းတွေ့ခန်း) တွေ့တုန်းကအတိုင်းပဲ။ သူ့စိတ်လှုပ်ရှားမှုကလည်း ဒီအဆင့်အထိရောက်နေမယ်လို့ ကျွန်မ ယူဆမိတယ်။
ကျွန်မက ခေါင်းတွင်တွင်ညိတ်ပြီး ပြောလိုက်တယ်။
“ဒဲ့တိုးပြောရမယ်ဆိုရင် ဒီကိစ္စမှာ ဖုန်းကျောက်ဝမ်ရဲ့လုပ်ရပ်တွေက တကယ့်ကို သတိမမူခဲ့တာပဲ၊ မင်းနဲ့ ချင်းယွီကျန်းတို့ အပြန်အလှန် ချစ်နေကြတာ သိသိကြီးနဲ့ မင်္ဂလာဘဲတွေကို ခွဲတဲ့ တုတ်ချောင်းလုပ်နေသေးတယ်…. မင်းရဲ့ခါးသီးတဲ့ အတွေ့အကြုံကို ငါ အရမ်းကိုယ်ချင်းစာမိပေမဲ့…. စစ်သူကြီးရန် … ဒါပေမဲ့လေ လက်တွေ့ကိုတော့ လက်ခံရလိမ့်မယ်၊ ငါ ဘယ်လောက်ပဲ ကိုယ်ချင်းနေပါစေ ငါလည်း မကူညီနိုင်ဘူးလေ နော်”
_ ဟဲ ဟဲ။ ကျွန်မ ကူညီနိုင်တယ်ဆိုရင်တောင် မကူညီပါဘူး။ အာဏာရှင်နဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့ မင်းတို့နှစ်ယောက်က မိန်းမတစ်ယောက်အတွက် တိုက်ခိုက်နေတာကို စောင့်ကြည့်နေရတာက ငါ ရှားရှားပါးပါး ပျော်ခွင့်ရမဲ့ သဲထိတ်ရင်ဖိုခံစားချက်တစ်ခုလေ။
ရန်ဖင်က စိတ်ဓာတ်ကျသွားတဲ့အကြည့်နဲ့ ကျွန်မကို ကြည့်လိုက်တယ်။ အဲဒါကို မြင်လိုက်ရတော့ သူ အသနားခံခဲ့တဲ့အရာကို မရခဲ့တဲ့အတွက် သေချာပေါက် ခံစားလိုက်ရမှာပဲလို့ ကျွန်မ တွေးလိုက်တယ်။ ထပ်ပြီး ကျွန်မရဲ့ နာတာရှည်ရောဂါက ထဖောက်လာပြီး အတိတ်က ဖြစ်ရတွေကို လုံးဝ အမှတ်မထားတတ်တဲ့ သဘောထားကြီးမားမှုတစ်ခုနဲ့ ပြည့်သွားခဲ့တယ်။ ကျွန်မက သွေးတိုးစမ်းပြီး မေးကြည့်လိုက်တယ်။
“ဒီလိုဆိုရင်ကော… စစ်သူကြီးရန်ဖင်က ဖွင့်ဟဝန်ခံတဲ့ စာတစ်စောင်လောက် ရေးလိုက်လေ၊ ငါ မင်းကိုယ်စား ယွီရွှီနန်းဆောင်ကို တိတ်တိတ်လေး သွားပို့ပေးမယ်”
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ယွီဖင်ကို မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင်လုပ်ပြီး ပြန်ဆုတ်သွားအောင် လုပ်ထားမိတယ်လေ။ ဒီလိုပဲ မှတ်လို့ရတာပဲ။ သူမက ဒီချစ်သဝဏ်လွှာကို ရသွားခဲ့ရင် ခံစားချက်အများကြီး ပိုကောင်းသွားမှာ။
ဒီလိုဆိုရင် နောက်တစ်ခါ သူ ငါနဲ့ မတော်တဆ တွေ့ခဲ့ရင် ငါ့အနေနဲ့ မလုံမလဲဖြစ်စရာမလို၊ စိတ်ပျော့နေစရာမလိုဘဲ သူ့ကို ကြိုက်သလို အနိုင်ကျင့်နိုင်မှာပေါ့။ ဟုတ်တယ်မလား။
ရန်ဖင်က ကျွန်မရဲ့စကားကို အော်ရယ်လိုက်တယ်။ ငယ်ငယ်ကတည်း သူ့အေးစက်စက်မျက်နှာနဲ့ အသားကျနေခဲ့ပြီးသားလေ။ သူက တခြားသူတွေနဲ့ စကားပြောပြီး နွေးနွေးထွေးထွေး ရယ်မောတတ်ပေမဲ့ ကျွန်မ ရှေ့မှာဆိုရင်တော့ သူက မျက်လုံးနဲ့ မျက်ခုံးတွေကို ရေးရေးလေးတောင် ကွေးတာမဟုတ်ဘူး။ အခုတော့ တိမ်ဖုံးနေတဲ့ကြားက ထွက်လာတဲ့ လမင်းလို သူက ရုတ်တရက် အော်ရယ်လိုက်တာကို တွေ့လိုက်ရတော့ ကျွန်မလည်း မနေနိုင်ဘဲ တအံ့တဩနဲ့ သူ့ကို ငေးကြည့်မိသွားတာပေါ့။ ဒါပေမဲ့လည်း ကျွန်မအတွက် အဲလိုလုပ်တာက မသင့်တော်ဘူးလို့ ခံစားလိုက်ရတယ်။ သူ့ရဲ့အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်မိလို့ ခဏနေ ရေကန်ထဲ ထပ်ကန်ချခံရမှာ စိုးလို့လေ။ အမှန်အတိုင်းပြောရရင် ကျွန်မရဲ့ ဆုံးရှုံးမှုတွေက ဒီလိုကိစ္စမျိုးမှာ ကျွန်မရဲ့အကျိုးအမြတ်ကို ဖြစ်မလာစေနိုင်ဘူးလေ။ ဒီတော့ ကျွန်မလည်း ခေါင်းကို မြန်မြန်လှည့်လိုက်ပြီး ညမှာ ပွင့်လန်းနေတဲ့ မက်မွန်ပန်းတွေကို ကြည့်လိုက်တော့တာပေါ့။
သူ ဒေါသ မထွက်သေးဘူး။
ဒါမှမဟုတ်။ သူ ဒေါသထွက်ချင် ထွက်နေမယ်။ ဒါပေမဲ့ ကျွန်မ မမြင်လိုက်တာ။
အရင်တုန်းကဆိုရင် ကျွန်မက သူ့ရဲ့ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်း ဝမ်းသာဖြစ်ခြင်း ခံစားချက်တွေကို အာရုံစိုက်ဖို့ ကျွန်မရဲ့ ရှိသမျှအင်အားတွေကို ထည့်သွင်းထားခဲ့တာ။ ကျွန်မက အိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ်းနဲ့ အဲဒီအကြောင်းကို တိတ်တိတ်လေး စိတ်ကူးကြည့်ခဲ့ပြီး အိပ်လို့ပျော်ဖို့တောင် ခက်ခက်ရယ်ပါ။ အခုတော့ ကျွန်မက လိုက်လျောညီထွေဖြစ်တယ်ဆိုတာကို ယုံကြည်သွားပြီ။ ချန်နိုင်ငံတော်နဲ့ ချီနိုင်ငံတော်ကြားက ပဋိပက္ခက အဆုံးသတ်သွားပြီး အခုဆိုရင် သာမန်ပြည်သူတွေကလည်း အေးအေးချမ်းချမ်းနဲ့ ချမ်းချမ်းသာသာနေနိုင်ပြီလေ။ အဲလိုပဲ တစ်ချိန်က ကျွန်မနဲ့ရန်ဖင်ကြားက ကိစ္စဟောင်းက ပြာလို လွှင့်ပျံသွားပြီး မီးခိုးငွေ့လို လွှင့်ပြယ်သွားပြီး အမှတ်အသားတစ်ခုလေးတောင် မကျန်ခဲ့သင့်တာပါ။
ဒီကိစ္စကို သဘောပေါက်သွားတော့ ကျွန်မရဲ့ ဖြောင့်မတ်နေမှုကြီးကို ချက်ချင်း ခံစားလိုက်ရတော့တယ်။ သူ့ဖက်ကို ပြန်လှည့်လိုက်ပြီး ကျွန်မက သူ့ကို ထပ်ပြီး တိုက်တွန်းလိုက်တယ်။
“အချိန်မစောတော့ဘူး၊ စစ်သူကြီးရန် ငါ့ကို စာသွားပေးစေချင်တယ်ဆိုရင် တစ်စောင်လောက် မြန်မြန်လေး ရေးလိုက်ပါလား၊ ဒါမှမဟုတ် မင်း ကိုယ်စား ငါ့ကို သွားပေးစေချင်တဲ့ ကိုယ်ပိုင်အမှတ်တရပစ္စည်းတစ်ခုရှိရင် ငါက လုပ်ပေးချင်တာ အတိုင်းထက်အလွန်ပဲပေါ့”
ဘာပဲဖြစ်ဖြစ်လေ ဖုန်းကျောက်ဝမ်ရဲ့ညစာက ကုန်သွားတော့မယ်။ ကျွန်မရဲ့ အစာအိမ်ကိုတော့ အဆာခံမထားနိုင်တာ အမှန်ပဲ။
သူ့မျက်နှာပေါ်က အပြုံးက အေးခဲသွားပြီး သူ့အမူအရာက နည်းနည်းရှုပ်ထွေးသွားခဲ့တယ်။ သူ့ခံစားချက်ကို စိုးရိမ်ပေးဖို့က ကျွန်မ လုပ်ပိုင်ခွင့်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလူက ချင်းယွီကျန်းနဲ့ အပြန်အလှန် ချစ်ကျွမ်းဝင်နေတာလေ၊ ဒီတော့ သူတို့ဟာသူတို့ စိတ်ပူပေးထားလိုက်တာ အကောင်းဆုံးပဲ။
ကျွန်မက ခေါင်းခါလိုက်တယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက မယုံတာကြောင့်ဖြစ်မှာပေါ့လေ။
ကျွန်မ နားလည်နိုင်ပါတယ်။ နန်းတော်ထဲမှာ မိဖုရားတစ်ပါးနဲ့ ချစ်မှုရေးရာကိစ္စရှိတာက ကြီးမားတဲ့ပြစ်မှုတစ်ခုပဲ။ ဒီလို အပြစ်ကျူးလွန်နေတဲ့ သတင်းအချက်အလက်နဲ့ သက်သေကို ကျွန်မလက်ထဲ ထည့်လိုက်ရင် ရန်ဖင် အိပ်မရတဲ့ညတွေကို ဖြတ်သန်းရမှာ စိုးမိပါရဲ့။
“စစ်သူကြီးရန်က ငါ ဒီလိုကိစ္စလုပ်ပေးဖို့ မလိုဘူးဆိုရင် ငါ အနားယူဖို့ ပြန်တော့မယ်နော်၊ ရေကန်ဘေးကလေက အရမ်းအေးတယ်၊ စစ်သူကြီးရန်လည်း ပြန်သင့်ပါပြီ” သူက ခပ်ရေးရေးအပြုံးတစ်ခု ထုတ်ပြလိုက်တယ်။ ကျွန်မက ထပ်ပြောလိုက်တာပေါ့။
“တစ်ယောက်ယောက်ကို တမ်းတတယ်ဆိုတာက မက်မွန်တောထဲမှာဖြစ်ဖြစ်၊ နွေးထွေးတဲ့စောင်တစ်ထည်အောက်မှာဖြစ်ဖြစ် ဆန္ဒရှိသလို ခံစားလို့ရပါတယ်”
ကျွန်မ လက်ယမ်းပြလိုက်ပြီး ကျုံးဟွားနန်းဆောင်ကို ခပ်သွပ်သွပ်ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့တယ်။
“အန်းယိ အရင်တုန်းက…. မင်း တစ်ယောက်ယောက်ကို ဒီလိုပဲ လွမ်းခဲ့တာလား” ရန်ဖင်ရဲ့အသံက ကျွန်မနောက်ကနေ ထွက်လာခဲ့တယ်။
ကျွန်မရဲ့ခြေလှမ်းတွေကို ရုတ်တရက် ရပ်လိုက်ပြီး ခေါင်းခါရင်း ပြန်ဖြေလိုက်ပါတယ်။
“အတိတ်က ကိစ္စတွေနဲ့ပတ်သက်ပြီး ငါ အားလုံးကို မေ့လိုက်ပြီ၊ တစ်ခုမှ မမှတ်မိတော့ဘူး”
. . .