မာန့်စေရာ
သူကလှပတဲ့ပန်းလေးဆို ကျွန်တော်ဟာအညတရလေပွေရိုင်းလေးသာ
(အပိုင်း၁)🌻🌻🌻🌻
“ချစ်တယ်!!!……ချစ်တယ်!!!”
လေလှိုင်းမှတစ်ဆင့် ပျံ့လွင့်လာသော ဤစကားအနှီလူသား၏နှလုံးအိမ်အား ပျက်စီးကြေမွစေရန် လုံလောက်ပါ၏။
မျက်စိရှေ့မှမြင်ကွင်းကို မကြည့်ရက်နိုင်စွာ မျက်လုံးအိမ်မှ မျက်ရည်ပူတို့ဟာ အလုအယက်လှိမ့်ဆင်းလာကြသည်။
အကြင်သူအဖို့ကာ ရည်ရွယ်၍ ဝယ်လာသော ခေါက်ဆွဲဖက်တို့ မြေပြင်ပေါ်သို့ပျံ့ကြဲသွားကြရင်း…………။
ထိုကြေကွဲနေသော လူငယ်လေး၏ရှေ့တွင် အသားဖြူဖြူနှင့် ခန္ဓာကိုယ်ပိန်ပိန်ပါးပါး ချစ်စရာလူငယ်လေးနှင့်အတူ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း လူချောလေးတစ်ယောက်ပါ အတူရှိနေကြသည်။
အများအမြင်မှာတော့ ပျော်ရွှင်အားကျစရာ မြင်ကွင်းဖြစ်နေလိမ့်မည်။
မာန့်အတွက်မူကား နာကျင်ကြေကွဲရသည့် မြင်ကွင်းလေးသာ။
မျက်ရည်တို့ကြား မာန်ယဲ့ယဲ့လေး ပြုံးလိုက်မိချေသည်။
မာန့်ရှေ့မှထိုလူသားဟာ မာန်ခူးဖို့မဝံ့ရဲသော တော်ဝင်ပန်းကလေး။
မာန်၏သခင်လေးဟာ မာန်အမြဲငေးကြည့်နေရတဲ့ ပန်းကလေးရယ်ပါ………………။
အလုအယက်ကျဆင်းလာကြသည့် မျက်ရည်တို့ကြောင့် မြင်ရသည့်မြင်ကွင်းဟာလည်း ဝေဝေဝါးဝါး။
အတွေးတို့က အတိတ်ဆီသို့ လွင့်မျောသွားလျက်။
.
.
.
စေရာစံအိမ်ကြီး၏ ပေါ်တီအောက်သို့ ထိုးရပ်လိုက်သည့် ကားတစ်စီး။
ထိုကားလေးထဲ၌ အသက်၅၀ကျော်အရွယ် လူကြီးတစ်ယောက်နှင့် ၁၀နှစ်အရွယ်ကလေးတစ်ယောက် ဆင်းလာကြသည်။
အနှီ၁၀နှစ်အရွယ် ကလေးကား ခန္ဓာကိုယ်ထွားကြိုင်း၍ အသားရောင်မူကား ချောကလက်ရောင်သန်းနေပေ၏။
အိမ်အောက်ထက်မှ ကားသံကြားသဖြင့် အိမ်ပေါ်ထပ်မှဆင်းလာသော ခင်မမ။
ခင်မမသည် သူမ၏ရှေ့တွင်ရပ်နေသော ကလေးအား စူးစိုက်ကြည့်ကာ အကဲခတ်လိုက်၏။
သူမရှေ့မှ ဤကလေးငယ်ဟာ ခန္ဓာကိုယ်က ခပ်ထွားထွား ၊ အရပ်မူကား ရှည်သည့်အထဲတွင်ပါသည်။
အသားကတော့ အတော်ပင်မည်း၏။
သို့သော်ငြား ဤအရာတွေကား ခင်မမဖို့အရေးမကြီး။
အရေးကြီးသည့်အချက်ဟာ အနှီကလေးအား သူမ၏ရင်နှစ်သည်းချာကလေး နှစ်ခြိုက်ဖို့ပေတည်း။
စေရာစံအိမ်တော်ကြီး၏ အသည်းပွတ်ချာကလေး ကျေနပ်နှစ်သက်မည်ဆိုရင်ဖြင့်ပဲ ခင်မမအနေဖြင့် ထိုကလေးအား ခေါ်ထားရကျိုးနပ်ပေလိမ့်မည်။
“ဦးဆွေ”
“ဗျာ….မမလေး”
“ဒီကလေးကို ဦးဆွေနဲ့အတူ နေခိုင်းလိုက်
ဟုတ်ပြီလား ”
မျက်နှာထားတင်းတင်းနှင့် ခေါ်ခက်မမ၏ဟန်ပန်ကား ရွှေဂုဏ်၊ ငွေဂုဏ် မောက်မာလိုဟန် အပြည့်နှင့်ပင်။
ထိုသို့ သြဇာကြီးမားလှသော ဒေါ်ခင်မမ၏ စကားကို ဦးဆွေ မလွန်ဆန်ရဲပေ။
“ဟုတ်ကဲ့…..မမလေး”
“ဒါနဲ့………”
ဒါနဲ့ဟု အသံဆွဲရင်း မာန့်ထံအကြည့်ရောက်လာသည့် ဒေါ်ခင်မမ။
ဒီကိုမရောက်ခင် ကားထဲမှာကတည်းက ဦးဆွေက မာန့်ကို စေရာစံအိမ်ကြီးရဲ့အကြောင်း ပြောပြထားပြီးသားဖြစ်သည်။
ဦးဆွေက မာန့်အဘ (အဖေ) ၏ သူငယ်ချင်းပင်။
မာန့်အဘရုတ်တရက် ဆုံးသွားတော့ မာန့်ကို ဦးဆွေလက်ထဲအပ်ခဲ့၏။
ထို့ကြောင့် မာန်ဟာ ဦးဆွေနှင့်အတူ စေရာစံအိမ်ကြီးဆီသို့ လိုက်ပါလာရခြင်းဖြစ်သည်။
ဒေါ်ခင်မမ၏အကြည့်စူးစူးတို့က မာန့်မျက်နှာတည့်တည့် ကျရောက်လာသည့်အခါ မာန့်ခန္ဓာကိုယ်လေး အနည်းငယ်ကျုံ့သွားသည်။
ထို့နောက်တွင်တော့ တည်ကြည်ပြတ်သားသည့် အသံကားထွက်ပေါ်လာသည်။
“မင်းနာမည်…..ဘယ်လိုခေါ်လဲ”
“သား…..သားနာမည် မာန်အက္ခရာပါ
မမ……မမကြီး”
“အဟင်း”
အဆိုပါကလေးထံမှ မမကြီးဟုခေါ်သံကြောင့် ခင်မမတစ်ယောက် ပြုံးလိုက်မိချေသည်။
ဤကလေးကား အလိုက်ကဲသိတတ်လှပေ၏။
ခင်မမစိတ်ထဲ၌ အနှီကလေးအား တိတ်တဆိတ်ချီးကျူးလိုက်သည်။
ထို့နောက်တွင်……….. ခင်မမကား သူမ၏ရင်နှစ်သည်းချာကလေးအား အော်ခေါ်လိုက်၏။
“စေရာရေ………babyလေးရေ”
ခင်မမ၏ခေါ်သံကြားသည်ကြောင့် အိမ်အပေါ်ထပ်အခန်းတွင် ကစားနေသော စေရာတစ်ယောက် မာမီ၏ခေါ်သံကြားရာ အိမ်အောက်ထပ်သို့ မြန်မြန်ဆင်းလာလိုက်သည်။
မိခင်အနားအပြေးလာနေသော ကလေးငယ်ဟာ လက်တုတ်တိုတို၊ ခြေတုတ်တိုတိုကလေးဖြင့် ဖြူဖွေးစွတ်နေသောကြောင့် နှင်းလုံးကလေးလိမ့်လာသည်နှင့်ပင် တူနေသေး၏။
“မာမီ!!!!”
မာမီဟူသောခေါ်သံနှင့်အတူ ခင်မမအနားသို့ရောက်လာသည့် ခင်မမတို့စံအိမ်ကြီး၏ ချစ်မဝလေးစေရာ။
သူမအနားသို့ရောက်လာသော လုံးတစ်တစ်ခန္ဓာကိုယ်လေးအား ခင်မမလက်မောင်းတွေကြားထွေးပွေ့လိုက်သည်။
“မာမီ
စေရာ့ကို ခေါ်တာလား”
နှုတ်ခမ်းသေးသေးလေးမှ ထွက်ကျလာသည့် အသံလေးက ချစ်စဖွယ်အတိ။
“ဟုတ်တယ် စေရာလေးရဲ့…….စေရာကို မာမီမိတ်ဆက်ပေးမလို့”
“မိတ်ဆက်ပေးမယ်……ဘယ်သူနဲ့လဲဟင်”
“မာမီမိတ်ဆက်ပေးမှာက….သူနဲ့”
မာမီလက်ညှိုးထိုးပြသည့် နေရာတွင်ရပ်နေသော မာန့်ထက်ကြီးမည့် ကလေးတစ်ယောက်။
“ဟီး!!!”
မာန့်အားစူးစိုက၍ကြည့်နေသော ကလေးကား ချစ်ဖို့ကောင်းလှ၏။
ထို့ကြောင့် မာန်ဟီးခနဲပြုံးပြလိုက်မိသည်။
မာန်ဤသို့ ပြုံးပြလိုက်ချေတော့ မာန်၏ခပ်ဝါဝါသွားတို့က အထင်းသားပေါ်လွင်လာ၏။
ထိုအခါ စေရာတစ်ယောက် နှုတ်ခေါင်းရှုံ့လိုက်မိ၏။
အသားခပ်မည်းမည်းနှင့် စေရာကဲ့သို့သွားဖြူဖြူဖွေးဖွေးတို့အစား ခပ်ဝါဝါသွားတွေသာ ရှိသော သူအားကြည့်ပြီး စိတ်ထဲရုပ်ဆိုးလိုက်တာဟု တွေးမိသည်။
စိတ်ထဲတွေးသည့်အတိုင်းပင် နှုတ်ကနေလည်း ထုတ်ပြောလိုက်သည်။
“ဟင့်!!! မာမီ
သူက……ရုပ်ဆိုးကြီး”
“အို!!!”