Volume(1) The Beginning
အပိုင်း – (၁)
~~~~~~~
ဇွန်လအစပိုင်းကား ပူပြင်းခြောက်သွေ့သော နွေရာသီမှ မိုးရာသီသို့ ကူးပြောင်းခါစဖြစ်သည့်အတွက် ထက်ကောင်းကင်မှာ တိမ်ထူထူတို့ အုံ့စိုင်းနေသည်။ တလိမ့်လိမ့်တတ်လာသော တိမ်စိုင်တိမ်ခဲကြီးများမှာ ညိုမည်းသောအသွင်ကို ဆောင်လျက် မိုးကြီးရွာချမည့်ဟန် အစပျိုးနေ၏ ။ မိုးဦးရာသီ၏ မိတ်ဆက်မိုးမှာ လာချေတော့မည်။ နေ့ခင်းကြောင်တောင်ဖြစ်ပါလျက် သူရှိန်နေမင်းလည်း မဟူရာတိမ်စိုင်တို့ကြောင့် အလင်းအပြည့်မပေးနိုင်ပါလေ။
‘လေရိပ်’ လေအဝှေ့တွင် အတူပါလာသော လတ်ဆက်သည့် မိုးအနံ့ကို အဆုတ်ထဲထိတိုင် တဝ ရှုသွင်းလိုက်သည်။ ပြတင်းပေါက်မှတဆင့်မြင်နေရသည့် အပြင်ဘက်ရှိ ရာသီဥတုအခြေအနေမှာ ကောင်းမည့်ပုံမပေါ်သလိုပင် လေရိပ်တို့ အိမ်တွင်းရာသီဥတုအခြေအနေမှာလည်း အဆင်မပြေလှ။
အိမ်ရှေ့ဘက် ဧည့်ခန်းဆီမှ ပျံ့လွင့်လာသော ဆူပူအော်ဟစ်ဆဲဆိုသံတွေကြောင့် လေရိပ် စိတ်ပျက်စွာပင် သက်ပြင်းချမိသည်။ အဖေနဲ့အမေ ရန်ဖြစ်နေပြန်ပြီလေ။ ဒါနဲ့ဆို တစ်လထဲတွင်ပင် အကြိမ်ပေါင်းမရေတွက်နိုင်တော့။
စိတ်သွားတိုင်း ကိုယ်မပါသည့် ခန္ဓာကိုယ်ကြောင့် လေရိပ်အပြင်ဘက်သို့ထွက်ပြီး သွားရောက်ဖြန်ဖြေပေး ချင်ပါသော်လည်း မလုပ်နိုင်။ ဒီခန္ဓာကိုယ်နှင့်အပြင်ထွက်ပြန်လျင်လည်း အဖေတစ်ချက်တွန်းတာကိုပင် ခံနိုင်မည်မထင်လေ။ ကြားနေရသောအသံများကိုသာ မကြားချင်ယောင်ဆောင်ကာ လေရိပ်တစ်ဖက်လှည့်၍ အိပ်နေလိုက်သည်။
ကျွီ~
“ကိုကို…”
တံခါးဖွင့်သံနှင့်အတူ ထွက်လာပါသောအသံငယ်လေး။ လေရိပ်လှည့်ကြည့်လိုက်တော့ ‘မိုးရိပ်’ဟာ မျက်နှာငယ်လေးနှင့် တံခါးဝတွင် ရပ်နေရှာသည်။ ဝင်လာချင်သော်လည်း ရောဂါသည်အကိုဖြစ်သူ မိမိအား အားနာနေသည်ထင်၏ ။
လေရိပ်အသာပြုံးကာ မိုးရိပ်ကို လက်ယပ်ခေါ်လိုက်သည်။
“ကိုကို… ဖေဖေနဲ့မေမေ ရန်ဖြစ်နေကြပြန်ပြီ”
မိုးရိပ်ဟာ လေရိပ်တစ်ဖက်ခြမ်းတိုးကပ်ကာ ဖယ်ပေးလိုက်သောကုတင်နေရာလွတ်ပေါ် အသာဝင်ထိုင်သည်။ ဒူးကိုပိုက်ကာထိုင်လျက် မျက်နှာကို ဒူးပေါ်အပ်ကာ ငိုသံသဲ့သဲ့နှင့်ပြောလာသည်။
“ဖေဖေ မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်လာတယ်။ မေမေအရမ်းစိတ်ဆိုးနေတယ်”
လေရိပ် တစ်ကိုယ်လုံးတောင့်သွားသလိုခံစားလိုက်ရသည်။ မိုးရိပ်ပြောတဲ့ ဖေဖေခေါ်လာသောမိန်းမဆိုသည်မှာ မေမေ့နောက်ကွယ်တွင်ပေါင်းသင်းနေသော ထိုမိန်းမဖြစ်လိမ့်မည်။ ဖေဖေဟာ မယားငယ်တစ်ယောက်ကို တရားဝင်ဇနီးနဲ့သားသမီးတွေ နေထိုင်ရာ အိမ်ပေါ်ကို ခေါ်ချလာသည့်အထိ သိပ်ကိုရဲတင်းလွန်းသည်။
လေရိပ်တောင် ဒါကိုမှန်းမိလျှင် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် မိုးရိပ်လည်း သိလိမ့်မည်။ တော်ရုံ မျက်ရည်မကျတတ်သည့် ဒီကလေးဟာ အခု လေရိပ်အနားမှာ ရှိုက်သံသဲ့သဲ့နှင့် ကြိတ်ငိုနေရှာသည်။ အကိုကြီးဖြစ်ပြီး ဘာမှမလုပ်ပေးနိုင်တဲ့ မိမိကိုယ်ကို စိတ်ပျက်လွန်းလှသဖြင့် နှုတ်ခမ်းသားတွေကိုသာ ခပ်တင်းတင်းကိုက်ထားမိသည်။
ခွမ်းးး…
“အ… ရှင် ရှင် ကျွန်မကို ရိုက်တယ်?!”
တစ်စုံတစ်ခုကျကွဲသံနှင့် မေမေ့ရဲ့ အော်သံကြောင့် လေရိပ်နဲ့မိုးရိပ် ညီအကိုနှစ်ယောက်လုံး အခန်းထဲမှ ပြေးထွက်လာမိသည်။ မိုးရိပ်က လေရိပ်ကို တွဲပေးထားသော်လည်း မေမေ့ကို စိတ်ပူသည်က ပိုတာမို့ သူတို့နှစ်ဦး အိမ်ရှေ့ဧည့်ခန်းကို ဘယ်လိုရောက်သွားမှန်းပင်မသိ။
မေမေဟာ ကြမ်းပြင်ပေါ်မှာ ကြုံကြုံလေးလဲကျနေသည်။ မေမေ့ရဲ့ ဘေးဘက်မှာ ဖန်ကွဲစတွေရှိနေပြီး ကြမ်းပြင်တစ်ခုလုံးဟာ မြေကြီးတွေနှင့် ပွပလဲထနေသည်။ မေမေ့ရဲ့ ကြမ်းပြင်ပေါ်ထောက်ထားသောညာလက်မှ သွေးတို့ စီးကျနေသည်ကို မြင်ချိန်တွင် လေရိပ်မျက်လုံးတို့ ပြာဝေသွားသလိုခံစားလိုက်ရသည်။
“မေမေ!”
“မေမေ!”
ညီအကိုနှစ်ယောက် မေမေ့ဆီအပြေးသွားရင် ထူပေမဲ့ မေမေမျက်လုံးတွေဟာ နားကျည်းချက်အပြည့်နှင့် ဖေဖေ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ ဖေဖေ့ဘေးမှာ ငယ်ရွယ်မည့်ပုံပေါ်သည့် မိန်းမတစ်ယောက်ဟာ ဖေဖေ့လက်မောင်းကို အသာလှုပ်ခါရင်း မျက်ရည်တို့ကျပြနေသည်။
ထိုမျက်ရည်တွေဟာ ဟန်ဆောင်မှု သက်သက်သာဖြစ်မှန်း လေရိပ်မြင်နေရသည်။ လေရိပ်မြင်ပေမဲ့ ထက်မြက်လွန်းလှပါသည်ဆိုသည့် ဖေဖေဟာ ဘာကြောင့်မမြင်ရပါသနည်း။ မိုးရိပ်ဟာ မေမေ့လက်ကို ကြည့်ရင်း ငိုသည်။ မေမေ့ရဲ့ညာလက်ဖဝါးပြင်ထက် နှစ်လက်မလောက်ရှိမည့် အကွဲကြောင်းသည် သေးသေးမွှားမွှာဟုတ်ဟန်မတူပါပေ။
မိုးရိပ်ငိုတော့ မေမေဟာ မိုးရိပ်ကိုဖက်ရင်း နှစ်သိမ့်သည်။ နောက်တစ်ကြိမ်ဖေဖေ့ကို မော့ကြည့်လိုက်သည့်အချိန် မေမေ့မျက်လုံးထဲ ဒေါသတွေအပြည့်နှင့်ပင်။
“ကိုမိုးဦးဝေ! နောက်ဆုံးအကြိမ်အနေနဲ့ ကျွန်မပြောမယ်။ ရှင့်မှာဖခင်စိတ်ရှိသေးတယ်ဆိုရင် ရှင့်သွေးသားကို အားနာတတ်သေးတယ်ဆိုရင် အခုချက်ချင်း ရှင့်ကောင်မကို ပြန်ပို့လိုက်ပါ”
ဖေဖေဟာရယ်သည်။ ဖေဖေ့ရယ်သံက မခိုးမခန့်နှင့် လှောင်ရယ်နေသံပေါက်လှသည်။
“ငါ့သွေးသား ဟုတ်လား? မင်းကိုယ်မင်းလည်း ပြန်မေးကြည့်ပါဦး။ ဒါက ငါ့ကလေးဆိုတာ သေချာရဲ့လားလို့”
“ရှင်…!!!”
မေမေလက်ညိုးဟာ လေမှာတန်းလျက်သား။ မေမေ့ကြည့်ရတာ ဒေါသတွေ ပွင့်အံ့ကျလာပုံရသည်။ တစ်သက်လုံးစောင့်ထိန်းလာခဲ့သည့်မေမေ့ သိက္ခာတွေဟာ ဖေဖေ့နှုတ်ဖျားမှာ နင်းခြေခံလိုက်ရသည်။
“ကြည်ပြာ့ဗိုက်ထဲမှာက ငါ့သွေးသား ငါ့ကလေးအမှန်ပဲ။ ဒီနေ့ကစပြီး ကြည်ပြာက ဒီအိမ်မှာနေတော့မှာ။ မင်းမကျေနပ်ရင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်လေ။ ကလေးစရိတ်ကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါ့လက်ထဲမှာကြီးလာတာဆိုတော့ သံယောဇဉ်လည်းတွယ်နေတော့ ငါထောက်ပံ့ပေးမယ်။ ရပြီမလား”
“ရှင် ကျွန်မကို စော်ကားလွန်းနေပြီနော် ကိုမိုးဦးဝေ! ကွာရမယ်ဟုတ်လား? မကွာပေးနိုင်ဘူး။ ဘယ်သူကောင်းစားဖို့ ကျွန်မက ကွာပေးရမှာလဲ? ရှင်တို့အဲ့လောက်တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာရက်ဖြစ်နေကြတယ်မလား… နေလေ! ရှင့်ကောင်မကို မယားငယ်ဘဝမှာ ဆက်နေခိုင်းလိုက်! မွေးလာမယ့်ကလေးကိုလည်း သူများလင်ယောက်ျားကိုခိုးတတ်တဲ့ လင်ခိုးမသား၊ မယားငယ်သားအဖြစ် ပျိုးထောင်ပေးလိုက်!”
မေမေ့ရဲ့ ညာဘက်လက်ဟာ သွေးမတိတ်သေးသလို ဘယ်ဘက်လက်ဟာလည်း လက်သီးတင်းတင်း ဆုပ်ထားမှုကြောင့် လက်သည်းတွေပင် အသားထဲနစ်ဝင်လို့ သွေးတို့စို့နေချေပြီ။
“အကို… တော်ပါတော့နော်။ အမနဲ့ပြဿနာမဖြစ်ပါနဲ့တော့။ ပြာပြာ ဒီမှာမနေရလည်း ဘာမှဖြစ်ပါဘူး။ အကိုလည်း ပြာပြာနဲ့ လာမပတ်သတ်ပါနဲ့တော့။ ပြာပြာဗိုက်ထဲက ကလေးကိုတော့ မယားငယ်သားအဖြစ် ပြာပြာမရှင်သန်စေချင်ဘူး။ အကိုပြာပြာ့ကိုမေ့လိုက်ပါတော့”
မေမေ့ဘက်က ပြောပေးနေဟန်နှင့် ထိုမိန်းမဟာ မေ့လိုက်ပါတော့လို့ပြောနေပေမယ့် ဖေဖေ့အနားမှ ထွက်မသွားပါ။ မျက်ရည်တွေသာ တာကျိုးသလို ထွက်ပြနေပါရင်း တစ်အင့်အင့်နဲ့ ပိုတိုးလို့ ငိုရှိုက်လာသည်လေ။
“ပြာပြာရယ် အဲ့လိုမပြောပါနဲ့၊ အကို့ဘေးနားက ထွက်သွားမည့်အကြောင်းတွေ မပြောနဲ့နော်။ အကို ပြာပြာရော ကလေးကိုရော လက်မလွှတ်နိုင်ဘူး။ စိတ်ချ အကိုတို့ကလေးကိုလေ အဲ့လိုဘဝမှာ မရှင်သန်စေရဘူး။ အကို့ကို ယုံပေးနော်”
“ဟမ့်…”
မေမေဟာ မျက်ရည်တွေကြားက သူ့ရှေ့ရှိ ထိုရွံစရာစုံတွဲကိုကြည့်ရင်း နှာခေါင်းရှုံ့သည်။ အံကြိတ်ရလွန်းလို့ မေမေ့သွားကြားမှပင် သွေးတို့ စို့လာသည်။
“မိုးရတီထက်! မင်းအခုချက်ချင်း ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးမယ်ဆို ငါ မြို့ထဲက တိုက်ခန်းကို နစ်နာကြေးအနေနဲ့ပေးမယ်”
“မထိုးတော့ ရှင်က ဘာလုပ်ချင်လဲ?”
“မင်းကွာ… မင်း! မိုးရတီထက်! ငါကောင်းကောင်းပြောနေလို့မရဘူးလား!”
“အဲ့ကောင်မက ဘယ်လောက်တောင်ကောင်းနေလို့ ရှင်ကအခုလို တန်းတန်းစွဲဖြစ်နေရတာလဲ? ဟမ်! အဲ့မယားငယ်မ လင်ခိုးမက ဘယ်လောက်တောင် ရှင့်ကို သာယာမှုပေးနေလို့ ရှင်က တဏှာစိတ် ငယ်ထိပ်ရောက်နေရတာလဲ! ပြောစမ်းပါ!”
“မင်း ပြာပြာ့ကို ဒီလိုပြောစရာမလိုဘူး!!!”
“မကောင်းတဲ့ မိန်းမကြီး!!! မကောင်းတဲ့မိန်းမကြီး သားတို့အိမ်က ထွက်သွား! ထွက်သွား!!!”
ဖေဖေနဲ့မေမေ အခြေအတင်စကားများနေတုန်း မိုးရိပ်ဟာ တစ်ဖက်မိန်းမကို ပြေးပြီး ထုရိုက်လေသည်။ အသက်ရှစ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာတောင် မကောင်းတဲ့လူက ဘယ်သူလဲ သိနေပြီး မောင်းထုတ်ဖို့လုပ်နိုင်နေတာ ဖေဖေက ဘာလို့မသိရတာလဲ?
“ဗိုက်ကိုမရိုက်နဲ့! ဗိုက်ကိုမရိုက်နဲ့! ဖယ်စမ်း!”
ခါးသာသာအရွယ်လေးရဲ့ မကျေမနပ်ထုရိုက်ချက်ဟာ ဗိုက်ကိုထိသွားသည်မို့ ကြည်ပြာဟာ ဒေါသဖြစ်ပြီး မိုးရိပ်ကို စောင့်တွန်းလိုက်သည်။ ပိန်ပိန်သေးသေး ရှစ်နှစ်အရွယ်ကလေး၏ လက်သီးဆုပ်များသည် အားမပါသော်လည်း အရွယ်ရောက်ပြီးသူ မိန်းမတစ်ယောက်၏ လက်မှာတော့ အားပါလှသည်။
မိုးရိပ်ဟာ အနောက်ကိုလွင့်ထွက်သွားရုံသာမက စားပွဲစွန်းနှင့် ကျောပြင်သေးသေးပါ ဆောင့်မိသွားလေ၏ ။
သားဖြစ်သူ၏ ပြင်းပြင်းထန်ထန်ထိခိုက်သွားသည့် ပုံရိပ်ကိုမြင်လိုက်ရသော မိုးရတီထက်မှာ ထိန်းထားသမျှ လွတ်ထွက်သွားသလိုပင်။
“ငါ့သားကို မထိနဲ့!!”
မေမေရဲလက်သည်လည်း ထိုထက်မနည်းသောအားဖြင့် မိုးရိပ်ကို ထိခိုက်စေတဲ့ မိန်းမအား ဆောင့်တွန်းလိုက်သည့်အပြင် ခြေထောက်ကပါ မြောက်၍ ကန်ပြစ်လိုက်သည်။
“အား… အာ… ဗိုက်! ဗိုက်! ကလေး… ကျွန်မရဲ့ ကလေး! အားးး”
ကြမ်းပြင်ပေါ် ပြစ်လဲသွားသော ထိုမိန်းမရဲ့ဗိုက်ကိုဖိကာ နာနာကျင်ကျင် အော်လိုက်သံကြောင့် ဖေဖေမျက်လုံးထဲ ဘာမှမမြင်တော့သည့်ပုံနှင့် မေမေကို လည်ပင်းညစ်တော့သည်။
မေမေဟာ ရုန်းပေမယ့် အားပါပါ ညစ်ထားသော ဖေဖေ့လက်ကြောင့် မျက်လုံးတို့ပြူးထွက်ပြီး စကားသံတို့ ပျောက်ဆုံးလာသည်။ ဖေဖေဟာ မေမေ့လည်ပင်းကို မေးကြောတွေ ပြတ်ထွက်စေလောက်သည်အထိ အံကြိတ်ပြီး ညစ်ထားနေရာမှ ရုတ်တရက် ဖေဖေလက်တို့ အားပျော့သွား၏ ။ သူ၏ ဗိုက်ကို မယုံကြည်နိုင်စွာဖြင့် ကိုင်ကြည့်လိုက်တော့ ပန်းအိုးကွဲ၏ဖန်ကွဲစ အကြီးကြီးတစ်ခု စိုက်ဝင်လျက် သွေးတို့ ထွက်နေသည်ကို တွေ့လိုက်ရသည်။
လက်သည်ကတော့ မိုးရိပ်။ မေမေ့ကို လည်ပင်းညစ်နေသည့် ဖေဖေ့ဗိုက်အား ဖန်ကွဲစနှင့် မိုးရိပ်ထိုးလိုက်ခြင်းပင်။ အခန်းထဲမှာရှိသမျှလူအားလုံးဟာ မည်သည့်စကားကို ဆိုရမည်မသိ ဆွံအကုန်သည်။ သွေးတွေထွက်နေသော ဖေဖေ့ဒဏ်ရာအားတစ်လှည့် သွေးတွေပေနေသော သူ့လက်အား တစ်လှည့်ကြည့်ရင်း မိုးရိပ်မျက်လုံးတွေက ကြောင်စီစီ။
အသားနာသွားတာကြောင့် ဒေါသပိုထွက်လာတဲ့ဖေဖေဟာ ဘာကိုမှမြင်တော့ဟန်မပေါ်။ သူ့ဗိုက်မှ ဖန်ကွဲစအားဆွဲထုတ်ရင်း ကြောင်နေသည့် ၈နှစ်သား ကလေးလေးဆီ ထိုးချလာသည်။ မိုးရိပ်ပခုံးပေါ်ကျလာမည့် ထို ထိုးချက်ကို မေမေက လက်ဖြင့်ခံတော့ နဂိုအကွဲဒဏ်ရာနှင့် မေမေ့ညာလက် ထုတ်ချင်းပေါက်၏ ။
နီရဲနေသော သွေးတို့ဟာ ကြမ်းပြင်ဆီသို့ ရေစက်ရေပေါက်များသဖွယ် စီးကျလာသည်။ သားဇောကြောင့်ပင်လားမသိ ဖေဖေလည်ပင်းညှစ်တာတောင် မရုန်းနိုင်ခဲ့သောမေမေသည် ဖေဖေ့ကို ဆောင့်တွန်းနိုင်သည့်အထိ အားတွေရှိနေခဲ့သည်။
လက်မှာစိုက်နေသည့် ဖန်ကွဲစကိုပင် ဂရုမစိုက်အား အသိလွတ်နေသည့် သားငယ်ကိုသာ ထိခိုက်သွားသည်ရှိမရှိ စစ်ဆေးနေမိသည်။
“မိုးရိပ်… သား… မိုးရိပ်လေး။ မေမေ့ကိုကြည့်! မေမေ့ကိုကြည့် ဘာမှမဖြစ်ဘူးနော်။ ဘာမှမဖြစ်ဘူး”
မိခင်၏ ချော့မြူသံကြောင့် အသိဝင်လာဟန်ရှိသောမိုးရိပ်။ မိခင်ရဲ့ မျက်လုံးတွေကို ကူကယ်ရာမဲ့ကာ ကြည့်နေလိုက်ပါရင်း တစ်ခဏ သွေးတို့က သူ့မျက်နှာပေါ် ဖြန်းပတ်လိုက်သလို လာစင်လေသည်။
မျက်စိရှေ့မှာတင် မိခင်ဖြစ်သူကား ဦးခေါင်းထက် ဖန်ကွဲစတစ်စ စိုက်ဝင်လျက် တစ်အိအိပြိုလဲကျသွားသည်။ မျက်လုံးတို့ဟာ စိတ်မချသည့်အလား မှေးပိတ်မသွားဘဲ မိုးရိပ်ကိုသာ ငေးကြည့်နေခဲ့ပါ၏ ။
ဒေါသအလျောက် လုပ်မိလိုက်ပါသော်လည်း မိမိဘာလုပ်မိမှန်းသတိထားမိသွားစဉ်မှာတော့ ဖေဖေဟာ မယုံနိုင်စွာ တုန်လှုပ်နေလျက်။ ချက်ချင်းပင် မေေမေ့အလောင်းနား ဒူးထောက်ချကာ မေမေ့ကိုပွေ့ချီ၍ ပါးကိုအသာပုတ်ရင်း နှိုးတော့သည်။ ဒီအရာတွေဟာ တကယ်မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေသည့်အလားပင်။
အဖေဖြစ်သူမှ အမေဖြစ်သူကို မျက်စိရှေ့မှာတင် ရက်ရက်စက်စက်သတ်ပြစ်လိုက်သည်ကို မြင်လိုက်ရပါသော မိုးရိပ်။ ရှစ်နှစ်အရွယ်ကလေး၏ မျက်လုံးတွေဟာ ခံစားချက်မပါ ဗလာသက်သက်သာဖြစ်တည်နေလျက်။ သွေးအိုင်ကြားက အမေဖြစ်သူ၏ အလောင်းကို အဖေဖြစ်သူမှ ချီပွေ့ထားပါသော ပုံရိပ်အားကြည့်ရင်း မျက်နှာပေါ်က သွေးစက်တွေကို လက်ဖြင့် ထိကိုင်လိုက်သည်။
မိုးရိပ်ခေါင်းထဲ ဝင်လာသည်က တစ်ခုတည်းပင်။
“သွေးတွေက ညစ်ပတ်တယ်”
ထိုနေ့က တိမ်မည်းတွေ အုံ့ဆိုင်း၍ လေမိုးရိပ်ဆင်ခဲ့သော်လည်း မိုးမရွာခဲ့ပါ။ ပတ်ဝန်းကျင်ဟာ လေတိုးသံမှ လွဲလျှင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်လေ…။