Volume(1) The Beginning
အပိုင်း – (၂)
~~~~~~~
“အဲ့အချိန်ကနေ စပြီး မိုးရိပ်စိတ်ထဲမှာ စိတ်ဒဏ်ရာရသွားခဲ့တယ်ထင်တယ်”
ဇာတ်လမ်းတစ်ခုလုံးကို ဇာတ်ရည်လည်အောင် နားထောင်ပြီးသည့်အခါ ‘တတ်နေခ’ မျက်ဝန်းတို့ကိုမှိတ်၍ သက်ပြင်းသာချမိသည်။ ရှစ်နှစ်အရွယ်ကလေးတစ်ယောက်အတွက် ထိုအဖြစ်အပျက်ကြီးဟာ သေရာပါမည့် စိတ်ဒဏ်ရာမရပါဘူးဆိုလျှင်ပင် ထူးဆန်းနေဦးမည်။
ထိုစဉ် တတ်နေခ၏ အတွေးတို့ကို တိုးတိတ်သော ငိုရှိုက်သံသဲ့သဲ့လေးက လက်ရှိအချိန်သို့ ပြန်ရောက်လာပါရန် ဆွဲခေါ်လိုက်၏ ။
စစ်ဆေးမေးမြန်းရာ စားပွဲခုံ၏တစ်ဖက်ခြမ်း တတ်နေခရဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေပါသည့် ထိုကောင်ငယ်လေးသည် ခေါင်းကို နစ်မြုပ်နေသည့်အထိ ငုံ့လျက် ပခုံးသားတို့ ခုန်လှုပ်နေသည့်တိုင် ငိုရှိုက်နေရှာသည်။ ထိုအကြောင်းအရာအား စပြောကတည်းက မျက်ဝန်းဝိုင်းလေးများထံ မျက်ရည်ဥတို့ ခိုသီလာပါသော်ငြား တစ်ချက်မှ ငိုကြွေးခြင်းမပြုဘဲ အဆုံးထိတိုင် ထွက်ဆိုပြောပြပေးသွားသည်။
ဒါပေမဲ့ အဆုံးသတ်တွင်တော့ သူလည်း ထိန်းနိုင်တော့သည့်ပုံ မပေါ်တော့ပါချေ။
တတ်နေခ နောက်တစ်ကြိမ်သာ ထပ်ပြီးသက်ပြင်းချမိသည်။ အမွှာတွေဆိုတော့ ထိုအဖြစ်အပျက်ကြီး ဖြစ်သည့်အချိန် သူရှေ့ကကောင်သေးလေးသည်လည်း ရှစ်နှစ်သာရှိဦးမည်။ ကိုယ်တိုင်ပါဝင်ခဲ့ခြင်းမရှိသည့်တိုင် အဖြစ်အပျက်အစမှအဆုံး မျက်မြင်တွေ့ခဲ့သူတစ်ယောက်မို့ စိတ်ဒဏ်ရာဟာ ထိုကောင်ငယ်လေးတွင်လည်း ရှိမှာပါပေ။
“ကျွန်တော်… ကျွန်တော့်အမှားပါ။ ကျွန်တော့်အမှားကြောင့် မိုးရိပ်အခုလိုဖြစ်ရတာ။ ကျွန်တော်သာ သူ့ကို အကိုကြီးပီပီသသ ကောင်းကောင်းစောင့်ရှောက်ပေးခဲ့မယ်ဆိုရင် မိဘနေရာရဲ့အချစ်တွေကိုပါ ပိုပေးနိုင်ခဲ့မယ်ဆိုရင် မိုးရိပ်အခုလိုဖြစ်လာမှာမဟုတ်ဘူး…”
ရှိုက်သံကြားက ထွက်လာပါသောအသံလေး။ စကားလုံးတစ်လုံးခြင်းစီတိုင်းဟာ ယူကြုံးမရဟန် အတိုင်းသားပင်။ တတ်နေခ မှတ်မိသေးသည်။ ပထမဆုံးအကြိမ် ထိုကောင်လေး၏ အိမ်ကိုရောက်ချိန် ညီဖြစ်သူ၏ လုပ်ရပ်တို့ကိုပြောပြလိုက်တော့ မယုံကြည်နိုင်သည့် မျက်ဝန်းဝိုင်းတွေနဲ့အတူ နေရာမှာတင် သတိလစ်လဲကျသွားခဲ့သည်လေ။
“အရာရှိကြီးရယ်… မဟုတ်ဘူး ဆရာရယ်… ကျွန်တော့်အမှားမို့ ကျွန်တော်ပျိုးထောင်ပုံမှားခဲ့လို့ မိုးရိပ်အခုလိုဖြစ်ရတာပါ။ မိုးရိပ်ကိုလူသတ်သမားဖြစ်စေတာ ကျွန်တော်မို့ ကျွန်တော့်ကိုပဲဖမ်းပါနော်။ မိုးရိပ်ကို မိုးရိပ်ကို လွှတ်ပေးပါဗျာနော်… ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်ကိုပဲဖမ်းပါ ကျွန်တော့်ညီလေးကို လွှတ်ပေးပါဗျာ…”
တတ်နေခရဲ့ လက်တို့ကိုကိုင်ဆွဲရင်း ပြောလာပါသောထိုစကား။ တတ်နေခကိုကြည့်နေသော မျက်ဝန်းဝိုင်းကြီးတွေဟာ မျက်ရည်တို့ပြည့်လျှံလို့နေဆဲ။
အမှန်တော့ မိုးရိပ် အခုလို အားလုံးလိုချင်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ရခြင်းမှာ အကိုဖြစ်သူ လေရိပ်ဆိုသော ထိုကောင်လေးနှင့် လုံးဝမဆိုင်ပါပေ။ ထိုအဖြစ်အပျက်ကြီးကို ညီအကိုနှစ်ယောက်ကြုံတွေ့ရချိန်မှာ အမွှာဖြစ်သည့်အတွက် နှစ်ယောက်လုံး ရှစ်နှစ်အရွယ်သာရှိသေးမည်လေ။
လေရိပ်ဟာ အကြီးလည်းဖြစ် ငယ်ငယ်ထဲက သေခြင်းရှင်ခြင်းကြား ရုန်းကန်ခဲ့ရသူလည်းဖြစ်တော့ ပိုမိုရင့်ကျက်ကာ မိမိကိုယ်ကိုထိန်းနိုင်ခြင်းကြောင့်ဖြစ်မည်။ ဒါ့အပြင် ရောဂါသည်လေးဖြစ်သည့်အလျာက် စိတ်သွားတိုင် ကိုယ်မပါနိုင်သဖြင့် သွေးပျက်လောက်စရာထိုအဖြစ်အပျက်တွင် မျက်မြင်သက်သေသာဖြစ်လာခဲ့ပြီး မိုးရိပ်လို ပါဝင်သူ ဖြစ်မလာခဲ့ခြင်းကြောင့်လည်း ပါမည်။
တတ်နေခ အကြည့်သာ လွှဲလိုက်မိ၏ ။ သူ ထိုမျက်ဝန်းဝိုင်းတွေနဲ့ ကြည့်လာသည်ကို ရင်မဆိုင်နိုင်ပါပေ။ သွေးမရှိလေဟန် ဖြူဖတ်ဖြူလျှော်မျက်နှာလေးမှာကား မျက်ရည်တို့ကြောင့် ပိုမိုကာအသွေးအရောင်တို့ ပျောက်ကွယ်နေလေသည်လေ။
~~~~~~~~
ကားကို အိမ်ရှေ့ဆင်ဝင်အောက်တွင် ရပ်လိုက်ပြီးသည့်နောက် တတ်နေခပင် အောက်မဆင်းရသေး အိမ်ထဲမှာ အလုပ်သမားကောင်မလေးနှင့် ကောင်လေးတစ်ယောက်ထွက်လာခဲ့သည်။ ကောင်မလေးက တတ်နေခ၏ ကားတံခါးကိုဖွင်၍ ကောင်လေးမှာ ကားပေါ်က သူတို့သခင်လေးကို အသင့်ပါလာသည့် ဝှီးချဲပေါ် ချီတင်လိုက်သည်။ သူတို့နှစ်ယောက်၏ ပုံစံကား ရောဂါသည်သခင်လေးကို ပြုစုနေကြဖြစ်ဟန်တူသည် အစမှအဆုံးတိုင် လုပ်တာကိုင်တာတို့သည် သွက်လက်စွာပင်။
တတ်နေခလည်း ကားပေါ်ကဆင်းပြီး ဝှီးချဲပေါ်ရှိကောင်ငယ်လေးဆီ လျှောက်သွားလိုက်သည်။
“ဒီနေ့ စုံစမ်းစစ်ဆေးမှုမှာ ကူညီပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကိုယ့်ညီ။ နောက် မိုးရိပ်နဲ့ ပတ်သတ်ပြီး အဆက်အသွယ်ရတာပဲဖြစ်ဖြစ် တစ်ခုခုသတိရလို့ပြောချင်ရင်ပဲဖြစ်ဖြစ် အကိုတို့ဆီ ဆက်သွယ်ပေးဖို့ တောင်းဆိုပါတယ်”
ထိုကောင်ငယ်လေးက သူ့ကိုပြန်ကြည့်မလာပါ။ ဝမ်းနည်းနေဟန် ထိုမျက်ဝန်းတို့ကား မျက်လွှာသာချလျက် ရှိနေ၏ ။
တတ်နေခ ထပ်မံ၍ စကားတို့ ဆိုမနေတော့။ ဘယ်လိုနှစ်သိမ့်ပေးရမယ်မှန်းမသိတာမို့ မသိချင်ယောင်သာ ဆောင်နေလိုက်ပြီး ကားပေါ်ပြန်တတ်ဖို့သာ လုပ်လိုက်သည်။
“ဆရာ…”
ကားတံခါးဖွင့်လိုက်သည်နှင့် ထွက်ပေါ်လာသော အသံတိုးတိုးလေး။ စစ်ဆေးရေးအခန်းမှာလို အသံဟာ အားပျော့ကာ တိုးတိတ်နေဆဲ။
“ကိုယ်တိုင် လာဝန်ခံပြီး အဖမ်းခံရင် အပြစ်ဒဏ်လျော့ပေါ့နိုင်လား ဆရာ”
စကားသံတွင် မျှော်လင့်ချက်အစွန်းအစလေးတွေ ပါနေသည်မှာ အသိသာ။ တတ်နေခ မညာချင်ပါ။ ကွင်းဆက်လူသတ်သမားတစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ လာဝန်ခံလျှင်တောင် အပြစ်ဒဏ်ဟာ သေဒဏ်မှလွဲ အခြားမရှိပေ။
“ဖြစ်နိုင်ပါတယ်”
မညာချင်သော်လည်း မျှော်လင့်ချက်အပြည့်နှင့် ထိုမျက်ဝန်းတွေနဲ့ ဆုံမိသည့်အခါ တတ်နေခ နှုတ်မှ မတင်မကျ စကားလုံးတို့သာ ထွက်ကျလာခဲ့သည်။ သူ့ရောဂါနဲ့သူတောင် နေမကောင်းဖြစ်နေတဲ့လူကို ဒီလောက်ဆိုရင် စိတ်ထိခိုက်စေတာတော်ပြီမို့ နည်းနည်းပဲဖြစ်ဖြစ် စိတ်ပြေပါစေ ရည်ရွယ်ချက်ဖြင့်ပါလေ။
“အထဲဝင်တော့ အပြင်မှာ လေစိမ်းတိုက်တယ်”
တတ်နေခ ပြောလည်းပြော ကားထဲဝင်ထိုင်လိုက်ကာ မောင်းထွက်ဖို့ပြင်လိုက်သည်။ ဘာရယ်မဟုတ် ထိုကောင်လေးကို တစ်ချက်ပြန်ကြည့်မိတော့ အပြုံးဖျော့ဖျော့လေးနှင့်အတူ သူ့ကို ခေါင်းညိမ့်ပြသည်။ မျက်ဝန်းဝိုင်းတွေဟာ မှိုင်းညို့နေပေမဲ့ အစောကလောက်တော့ မျှော်လင့်ချက်မဲ့မနေတော့ပေ။
တတ်နေခ နှုတ်ခမ်းထောင့်စွန်းတို့ အသာကော့တတ်ကာ ထိုအိမ်ဝန်းဆီမှ ကားကိုမောင်းထွက်လာခဲ့သည်။
~~~~~~~~~
စုံထောက်အရာရှိကြီး၏ကားမှာ ခြံဝန်းထဲမှ အပြီးတိုင်ထွက်ခွာသွားသည့်အခါ လေရိပ်မျက်နှာပေါ်ရှိ အပြုံးဖျော့တို့ တစ်ဖန်ပြန်လည်ပျောက်ကွယ်သွားသည်။ မှိုင်းညို့နေသော မျက်ဝန်းတစ်စုံမှာ ဝမ်းနည်းရိပ်တို့ စွန်းထင်းနေလျက် ယူကြုံးမရဟန်ပင် ဖြစ်နေတော့သည်။
အိမ်ထဲဝင်လာသည့်တိုင် လေရိပ်စကားတစ်ခွန်းမျှ မဆိုမိ။ ဝှီးချဲကိုပင် ကိုယ်တိုင် ဘီးလှည့်၍တွန်းပြီးသာ အခန်းထဲထိ သွားလိုက်သည်လေ။
လက်ရှိအချိန်တွင် နာမည်ကြီးနေသော လူအများကြောက်လန့်နေရသည့် Psychopath ကွင်းဆက်လူသတ်သမားသည် မိုးရိပ်ဖြစ်နေလိမ့်မယ်လို့ လေရိပ် အိပ်မက်ထဲတောင် မတွေးမိဖူးပါချေ။ မိုးရိပ်သည် အေးတိအေးစက်နှင့် အရယ်အပြုံးနည်းတာမှန်ပေမဲ့ ဒီအချိန်အထိ သူ့လိုရောဂါသည်နှင့်မတူဘဲ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကြီးပြင်းခဲ့သော ကလေးဖြစ်သည်။
ခြင်တစ်ကောင် ပုရွတ်ဆိတ်တစ်ကောင်ကိုမျှ သတ်ရန်မပြောနှင့် ထိရန်ပင် ရွံရှာသောသူဖြစ်သည်။ ဤသို့သော ကလေးသည် လူပေါင်းများစွာကို သနားစိတ်မရှိ လက်မရွံသတ်နိုင်လိမ့်မည်ဟု လေရိပ် မတွေး မထင်နိုင်။
မယုံကြည်နိုင်ပေမဲ့ စခန်းမှာသူတွေ့ခဲ့သမျှဟာ ထင်ရှားပြတ်သားတဲ့ သက်သေတွေမို့ အိပ်မက်တစ်ခုဖြစ်နေဖို့သာ သူဆုတောင်းနေမိတော့သည်လေ။
~~~~~~~~~~
ညသန်းခေါင်ယံ လူခြေတိတ်နေချိန်တွင် ဝုန်းဆိုသောအသံတစ်ခုနှင့်အတူ လူတစ်ယောက်ဟာ ပလက်စတစ်ပုံးအလွတ်တွေ စီထားသည့်အထဲ လွင့်ထွက်လာသည်။ ပုံးအလွတ်တွေမို့ အကျမနာပေမဲ့လည်း အရှိန်ရှိတာကြောင့် အောက်ကြမ်းပြင်တွင် ပုံလျက်သား လဲကျသွား၏ ။
ထိုလူဟာ ဘာမှအထွေအထူးဖြစ်မသွားသည့်အလား ဖြည်းဖြည်းချင်းပင် လဲနေရာမှ ထကာ နောက်ကျောမှီ၍ ပျင်းတိပျင်းတွဲပုံစံနှင့် ခြေဆင်းထိုင်သည်။ ဖြူဖျော့သောအသားအရည် သေးသွယ်သော ခြေတံလက်တံတွေနှင့် သူဟာ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟု ထင်ရသယောင်ရှိသည်ပေ။
ထိုကောင်ငယ်လေး၏ရှေ့တွင်လည်း ခန္ဓာကိုယ်ဖွံ့ထွားပါသည့် တစ်ခြားသော ကောင်လေး ငါးယောက်ခန့်ရှိနေလေသည်။ ထိုင်နေသော ကောင်ငယ်လေးအား ကြည့်နေသည့် သူတို့၏ မျက်ဝန်းတွင် အမုန်းတရားများနှင့်ရွံရှာမှုများအပြည့်။
“Video တွေကိုဖြန့်လိုက်တာ မင်းမလား? ခွေးသား… မလောက်လေးမလောက်စားကောင်ကများ ငါ့ကိုနာမည်ဖျက်ဖို့ ကြံရဲတယ်လို့”
သူ့စကားမဆုံးသေး တစ်ဖက်မှရယ်သံထွက်ပေါ်လာသည်။ ရယ်သံက မတိုးလွန်းမကျယ်လွန်းပေမဲ့ သူ့နားထဲ စူးရှစွာဝင်လာလေတော့။
“ဘာရယ်တာလဲ? မင်းကရယ်နိုင်သေးတယ်ပါ့… သောက်ခွေးသား! ရယ်ဦးကွာ ရယ်ဦးကွာ!!”
နှုတ်ကလည်းပြောပြောဆိုဆို ခြေကန်ချက်တို့ကလည်း ထိုင်နေသော ကောင်ငယ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပျက်ကျရောက်လာ၏ ။
ကျူးလွန်သူကောင်လေးမှာ လုပ်ကိုင်နေကျဖြစ်သည့်ပုံပေါ်သည်။ မျက်နှာကိုတော့မထိခိုက်စေပါချေ။ ထိုအစား အလွယ်တကူ ဒဏ်ရာမမြင်ရနိုင်သည့် ရင်ဘက်၊ ဝမ်းဗိုက်နှင့်ကျောကုန်းကိုသာ ဖိကန်လေသည်။ အချက်ရေအနည်းငယ်မျှ ကန်ကျောက်ပြီးသည့်နောက်တွင် မောသွားဟန်တူသည်။ အသက်ပြင်းပြင်းပင် ရှူနေရသည်လေ။
သူနှင့်ခြားနားစွာပင် အောက်ကကောင်ငယ်လေးမှာတော့ ဘာမှအထွေအထူး ထိခိုက်သွားပုံပင်မပေါ်နေ။ နှုတ်ခမ်းတို့ဟာ သွားဖွေးဖွေးလေးတွေ ပေါ်သည့်အထိ ပြုံးကာ…
“ဒါလောက်လေးပဲလား? video ထဲမှာတော့ မင်းက အရမ်းကို အားကျိုးမာန်တတ် ရှိတဲ့သူတစ်ယောက်လေ။ အခုတော့ ဒါလောက်လေးနဲ့တောင် မောနေပြီလား”
အဆိပ်ပြင်းလွန်းသော ထိုစကားတို့ဟာ တစ်ဖက်လူထံ အရှိုက်တည့်တည့်ထိ၏ ။ နောက်အဖျားဆီမှ သူငယ်ချင်းအချို့ရဲ့ ကြိတ်ရယ်သံကြောင့် သူဒေါသတို့ပိုထွက်လာခဲ့ရသည်လေ။
“မင်း သောက်ပါးစပ်ကို ပိတ်ထား!”
“ဘာလဲ အရှိုက်ထိသွားလို့လား?!”
“မင်း… မင်း… ခွေးသား! သောက်သူတောင်းစား!!”
ဘယ်လိုမှစိတ်မထိန်းနိုင်တော့ပေ။ ထို ပိန်ပိန်ပါးပါး ဖြူဖြူဖျော့ဖျော့နှင့်ကောင်သည် ထိလိုက်ရင် လဲမည့်ဟန်ပင် ရှိသော်ငြား နှုတ်ဟလိုက်တိုင်း အဆိပ်ပြင်းလှသည်။ မျက်နှာထက်ရှိ ထိုအပြုံးကလည်း သူ့အား လှောင်နေသလိုပင်။
ရှေ့ရောနောက်ပါ ဆက်တွေးမနေနိုင်ဘဲ ထိုတစ်ယောက်၏ မျက်နှာကို သူထိုးလိုက်လေသည်။ ဒေါသဖြစ်နေတာကြောင့် အားပါသွားကာ လက်သီးချက်ဟာ အတော်လေးပြင်းထန်သည်။
ကောင်ငယ်လေးမှာ မျက်နှာပင်တစ်ပတ်လည်သွားကာ သွေးတို့ပင် နှုတ်မှ ထွေးထုတ်လိုက်သည်။
အစမှအဆုံးတိုင် မလှုပ်ရှားဘဲ ဘေးတွင် ပျင်းတိပျင်းရွဲ ချထားသော လက်တို့မှာ လှုပ်ရှားလာပြီး နှုတ်ဖျားမှ သွေးစီးကြောင်းကို အသာပွတ်၏ ။ လက်ချောင်းထက်ကပ်ပါလာသည့် သွေးတို့မှာ ရဲရဲတောက်နေလေသည်။
ကောင်ငယ်လေး၏နှုတ်ခမ်းဖျားတို့ အသာကော့တတ်သွားသည်။ အစောတုန်းက အပြုံးနှင့် ခြားနားစွာ အခုအပြုံးသည် ကြည့်မိသူတိုင်း အသည်းထဲထိစိမ့်အေးနေအောင် ခြောက်ခြားစေသည့်အထိ။
“သွေးတွေက ညစ်ပတ်တယ်…”
အသံကတိုးတိုးသာသာ။ သူကိုယ်သူရေရွတ်နေသလိုပင်။ သို့ပေမယ့် အားလုံး၏ နားတွင်း စကားလုံးတစ်လုံးခြင်းစီ ရှင်းလင်းစွာ ကြားလိုက်ရသည်လေ။
ကျူးလွန်သူ ကောင်လေးတင်မက အပျော်တမ်းပွဲတစ်ပွဲလို ရပ်ကြည့်နေသူ ကျန်လေးယောက်ပါ ကျောရိုးထဲအထိ စိမ့်ခနဲခံစားလိုက်ရသည်။ မည်သို့သောကြောင့် မသိပေမဲ့ အားလုံးရဲ့ စိတ်တို့ လေးလံလာပြီး ခံစားချက်တို့ ကောင်းမနေပါတော့ချေ။
ကြောက်စိတ်ကိုဒေါသနှင့်ဖြေဖျောက်ကာ သူ့ရှေမှထိုကောင်လေးအား ထပ်ထိုးဖို့ ပြင်လေသည်။ ထိုတစ်ယောက်မျက်နှာပေါ်က ၎င်းအပြုံးကို သူသဘောမကျ။ ပြီးတော့ ဒီဖြူဖတ်ဖြူလျော်နှင့် လေတိုက်ရင်တောင် လဲမည့်ပုံပေါ်သည့် ထိုကောင်လေးသည် သူတို့ကို ခြိမ်းခြောက်နိုင်သည်ဟုလည်း သူမယုံ။ ထိုသို့စဉ်းစားမိတော့ အခုနကလေးတင် ခံစားခဲ့ရသည့် ကြောက်ရွံနေသလိုခံစားချက်သည် အတန်ငယ် သက်သာသွား၏ ။
ထိုစဉ် ခပ်ဝေးဝေးမှ ရဲကားအသံအချို့ ပျံ့လွင့်လာသည်။ သူတို့အုပ်စုရှိရာ လာနေပုံပင်။ ကြည့်ရတာ အချို့သော ဆူညံသံတွေကြောင့် ပတ်ဝန်းကျင်မှ ရဲတိုင်လိုက်ဟန်တူသည်။
“Rexo ရဲတွေလာနေပြီ”
ရပ်ကြည့်နေသူကောင်လေးတစ်ယောက်မှ ရှေ့က ကောင်လေးကို သတိပေးသလို လှမ်းပြောလာသည်။
Rexo ဟုခေါ်သော ထိုကောင်လေးမှာလဲ ထပ်ထိုးမည့်ဟန်ပြင်နေသော လက်တို့အား ပုံမှန်အနေအထားသို့ ပြန်ခေါ်ယူလိုက်ကာ၊
“ခွေးသား… မင်း ကံကောင်းသွားတယ်မှတ်! နောက်တစ်ခါ ငါ့မျက်လုံးရှေ့ ပေါ်မလာစေနဲ့!”
ရွံမုန်းသော အကြည့်တို့ဖြင့် ကြည့်ရင်း တောက်တစ်ချက် ခေါက်ပြီး ကျန်အပေါင်းအဖော်များနှင့် ထိုနေရာမှ ထွက်သွားလေသည်။
လမ်းမီးတိုင်မှ မီးရောင်ဟာ အပေါ်ဘက်မှ ဖြာကျလာသောကြောင့် မျက်ဝန်းတို့မှာ အရိပ်ကျနေ၍ ကောင်းစွာမမြင်ရပေ။ ခံစားချက်ဗလာနတ္တိဖြစ်နေသော မျက်ဝန်းသေများကတော့ တစ်စုံတစ်ယောက်၏ နောက်ကျောထိတိုင် တွယ်ကပ်ပါသွားလေသည်။
အသာကော့တတ်နေသော နှုတ်ခမ်းဖျားတို့သည် ပုံမှန်အတိုင်းပြန်ကျသွားသော်ငြား အသေအချာကြည့်လျှင် အပြုံးရေးရေးတို့ ကပ်တွယ်ကျန်နေဆဲပင်။ သွေးစအချိုု့နှင့်အတူ လှပသော နှုတ်ခမ်းပါးတို့ဟာ မသိမသာ ပွင့်ဟလာပြီး ဆိုပြီးသား စကားတစ်ခွန်းကိုသာ ထပ်မံဆိုလာလေသည်။
“သွေးတွေက ညစ်ပတ်တယ်…”
တစ်မိနစ်တောင်မကြာသော အချိန်အတွင်းမှာပင် ကင်းလှည့်ရဲကားတစ်စီးသည် ထိုနေရာသို့ ရောက်လာကာ ဝတ်စုံပြည့်နှင့်ရဲသားနှစ်ဦး ကားပေါ်မှဆင်းလာသည်။ သို့သော် ယင်းနေရာတွင် ပြိုလဲ၍ တစ်စစီပြန့်ကျဲနေသော ပလတ်စတစ်ပုံးများမှလွဲ မည်သည့်အရာမှ ရှိမနေခဲ့ပေ။