Volume(1) The Beginning
အပိုင်း – (၃)
~~~~~~
အလုံပိတ်ထားသောအခန်းတံခါးဟာ အထဲမှတစ်စုံတစ်ယောက်၏ ထုရိုက်မှုကြောင့် အသာလှုပ်ရှားနေပါသော်လည်း အသံလုံအခန်းမို့ထင် ထုရိုက်သံတွေမှာ အပြင်ဘက်သို့ ထွက်မလာခဲ့။ တစ်ဖက်မြင်မှန်သားကိုဖြတ်၍ မြင်နေရသော တစ်ဖက်ရှိပုံရိပ်သည် အသက်ရှင်သန်ချင်မှု ပြင်းပြစွာ အခန်းငယ်ထဲမှ လွတ်လမ်းကို အသည်းအသန်ရှာဖွေနေသည်လေ။
သို့သော် ဘယ်လောက်ပင် ထုရိုက်ပါသော်ငြား လာကယ်မည့်သူမရှိ နတ္တိပင်။ လေးဘက်လေးတန်သော အခန်းနံရံတွေသည် အသက်ရှူပေါက်ပင် မရှိလောက်အောင်မို့ မွန်းကြပ်သလိုပင် ခံစားလာရသည်။ သန့်စင်ဖြူစင်သော သဘောကိုဆောင်ပါသည့် အဖြူရောင်နံရံတွေဟာ ဒီနေ့ကျမှ ခြောက်ခြားဖွယ်ရာအတိ ဖြစ်လို့နေသည်။
သူ့ဦးနှောက်၏ အလိုလိုသိစိတ်က ပြောနေသည်။ ဒီအခန်းထဲကသာ မထွက်နိုင်ခဲ့ရင် သူမကြာခင်သေရတော့မည်။ ဒီလေးထောင့်ဆန်ဆန်အခန်းကျဉ်းလေးထဲ သူမှလွဲ၍ အခြားသူမရှိပေမဲ့ ထိုသည်ကပင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်း၏ ။ အရောင်စွန်းထင်းခြင်းမရှိသော အဖြူရောင်နံရံတွေဟာ သူ့စိတ်ကိုခြောက်ခြားစေသည်။ မည်သည့်အရာမှမရှိခြင်းသည်ပင် သူ့ကိုသတ်နိုင်သည့်လက်နက်အလားပင်။
“ကယ်…ကယ်ကြပါဦး! ကယ်ကြပါ… ကျွန်တော့်ကို ဒီက ကယ်ပေးကြပါ!!”
လည်ချောင်းကွဲမတတ် ငိုယိုအော်ဟစ်နေပါသော်လည်း အချိန်တို့ကြာလာသည့်တိုင် သူဟာ ဒီအခန်းထဲတွင် ဒီအတိုင်းရှိနေမြဲပေ။ လက်မခံချင်ပါသော်ငြား ကယ်တင်မယ့်သူမရှိဆိုသည်ကို တစ်ဖြည်းဖြည်းလက်ခံလိုက်ရသည်။
ငိုသံတွေဟာ တိုးတိတ်လာသည်။ သူအရမ်းပင်ပန်းနေပြီ။ မှန်တံခါးနှင့် နံရံတွေဟာလည်း သူ့လက်တွေပေါက်ပြဲတဲ့အထိ ထုရိုက်ခဲ့ပေမဲ့ တစ်ချက်တောင် လှု့ပ်ရှားမှုမရှိခဲ့။
‘ငါ ဒီနေရာမှာ ဒီအတိုင်းသေရတော့မှာလား?’
ဒီအတွေးဟာ သူ့ကိုနာကျင်စေသည်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့သည့်နေ့ရက်တွေလည်း ပြန်မရနိုင်တော့သည်ပေ။ သူ လိုတိုင်း တတိုင်းရစေခဲ့သော အမေ့ကိုလွမ်းလာသည်။ တစ်ချက်မှမတည့်ပေမဲ့ သူလုပ်သမျှ မကောင်းသည့်အရာတွေကို နောက်ကွယ်ကနေ တိတ်တဆိတ်ဖြေရှင်းပေးတတ်တဲ့ အဖေ့ကိုလည်း လွမ်းသည်။ သူ အိမ်က ထွက်မလာခင်အချိန်ကပင် တစ်နေ့ညက Club မှာရန်ဖြစ်ခဲ့တာ အဖေသိသွား၍ ဆူတော့ သူနဲ့စကားများခဲ့သေးသည်။
သူ ငိုချင်နေပေမဲ့ ပင်ပန်းနေသောခန္ဓာကိုယ်က ငို၍ပင်မရချေ။ အဖြူရောင်နံရံတွေနှင့် အမြဲတစေလင်းနေသော ဒီအခန်းငယ်ကြောင့် နေ့တွေ ညတွေပင် သူမသိတော့၊ သူ ဒီမှာ ရှိနေတာပင် အချိန်မည်မျှကြာပြီမှန်း သူမတွက်နိုင်။ ဗိုက်ဆာလွန်း၍ လက်တစ်ချောင်းပင် လှုပ်ဖို့ သူ့မှာ အားမရှိပေ။
“ပျင်းစရာကောင်းလိုက်တာ…”
ထိုအဖြစ်အပျက်ကို မှန်တစ်ဖက်မှ အစအဆုံးထိုင်ကြည့်နေသည့် ကောင်ငယ်လေးထံမှ အသံထွက်လာသည်။ ခံစားချက်ကင်းမဲ့နေသော မျက်လုံးများက မျက်တောင်ပင်တစ်ချက်မခတ်သော်လည်း နှုတ်ခမ်းတို့ကတော့ ပြုံးယောင်သန်းနေရာမှ တည်သွား၏ ။
“ဟိုနေ့က ဒေါသထွက်နေပုံအရ သုံးရက်လောက်တော့ခံမယ်ထင်တာ။ တစ်ရက်တောင်မခံဘူးပဲ”
ကောင်ငယ်လေး၏ ပုံစံမှာ မျှော်လင့်ထားသော ပြဇာတ်တစ်ပုဒ်ကို မကြည့်လိုက်ရသည့်အလား စိတ်ပျက်နေသည့်ဟန်။
အဖြူရောင် ဆိုဖာပေါ်မှ ကောင်ငယ်လေးထရပ်လိုက်သည်။ အဖြူလွင်လွင် အင်္ကျီနှင့်ဘောင်းဘီတို့မှာ ကောင်ငယ်လေးခြေလှမ်း လှမ်းတိုင်း လေထဲမှာ မျောလွင့်နေသည်။ ဖြူဖျော့ဖျော့အသားအရည်နှင့် ပိန်ပိန်ပါးပါးထိုကောင်လေးမှာ လေတိုက်ရင်တောင် လဲမည့်ဟန်ရှိသော်လည်း ခြေလှမ်းတွေက မြဲမြံသည်။
ကောင်ငယ်လေး၏ ခြေလှမ်းတွေဟာ မှန်သားပြင်ရှေ့ရပ်တန့်သွားပြီး ရှေ့က မှန်သားပြင်မှာလည်း ခလုတ်တစ်ခု နှိပ်လိုက်သကဲ့သို့ အကြည်ရောင်အဖြစ်ပြောင်းလဲသွားသည်။
ရုတ်တရက် ဘေးဘက်ရှိမှန်ချပ်ဖြူဖြူက ကြည်လင်သွားပြီး တစ်ဖက်ခြမ်းမှာ ရပ်နေသူကိုမြင်လိုက်ရချိန် သူ့ခေါင်းတစ်ခုလုံး ဗလာကျင်းသွား၏ ။
“မင်း… မင်းက ဟို သောက်ခွေးကောင်…?”
မသေချာသော သူ၏မေးခွန်းမေးသံကို အတည်ပြုသည့်အလား တစ်ဖက်လူ၏ နှုတ်ခမ်းစွန်းတို့မှာ ကော့တတ်သွားသည်။ အသက်မဲ့နေသောမျက်ဝန်းနှင့် ပြုံးသယောင်နှုတ်ခမ်းတို့ တွဲဖက်လိုက်ချိန် ထိုလူ၏ပုံရိပ်မှာ မသေနိုင်သော နတ်ဆိုးတစ်ကောင်အလား။ ဘာလို့မှန်းမသိ ထိုမျက်ဝန်းများနှင့် အကြည့်ချင်းဆုံချိန် သူ့ခန္ဓာကိုယ်ဟာ ထိန်းမရစွာ တုန်ယင်သွားမိသည်။
“ပြန်တွေ့ကြပြန်ပြီနော် Rexo”
ဖော်ရွေသည့်ပုံပေါ်သော်လည်း ဖော်ရွေခြင်းမရှိသည့် ထိုအသံသည် အေးစက်စက်။
တိုးတိတ်စွာပြောသည့်ပုံပေါ်ပါသော်လည်း အလုံပိတ်အခန်းထဲမို့ ကျယ်လောင်စွာကြားရသည်ပေ။
“မင်း… မင်းမလား! ငါ့ကို ဒီအခန်းထဲ ခေါ်လာတဲ့သူက မင်းမလား? ငါ့ကို မင်းပြန်ပေးဆွဲလာတာလား? ဟမ်!”
“တော်သေးတာပေါ့၊ အနည်းဆုံးတော့ မင်းဦးနှောက်က အလုပ်လုပ်သားပဲ။ မှန်တယ်။ မင်းကို ဒီခေါ်လာတာ ငါပဲ”
“ဘာဖြစ်လို့ မင်းအဲ့လိုလုပ်ရတာလဲ? ပိုက်ဆံလိုချင်လို့လား? ငါပေးမယ်… ငါပေးမယ်! ငါမိဘတွေက ချမ်းသာတယ်။ မင်း ငါ့ကို အခုပြန်လွှတ်ပေးရင် မင်းလိုချင်သလောက်ပိုက်ဆံတွေ ငါ အကုန်ပေးမယ်!”
ကြောက်လန့်နေမှုကြား မျှော်လင့်ချက်တွေ့သွားသည့်အလား Rexo အသံဟာ လောကြီးစွာပင်။ သို့သော် ထိုစကားအဆုံး တစ်ဖက်က ကောင်ငယ်လေးက ရယ်သည်။ ပြုံးနေသောနှုတ်ခမ်းတို့က အသာဟသွားကာ သွားဖြူဖြူလေးများပေါ်လာသည်။
“မင်းအဖေရဲ့ ညစ်ပတ်တဲ့ပိုက်ဆံတွေကို ငါက ဘာလုပ်ရမှာလဲ?”
Rexo စိတ်တွေမခိုင်ချင်တော့။ သူ့ကိုမခြိမ်းခြောက်နိုင်ဟု ထင်ခဲ့သောတစ်ဖက်လူ၏ အပြုံးတစ်စကပင် သိပ်ကို ထိတ်လန့်ဖွယ်ကောင်းသည်။ သူ့ခန္ဓာကိုယ်၏ တစ်ဝက်ပင်မရှိချင်သော ထိုကောင်လေးသည် သူသွား၍ ရန်စမရသော တည်ရှိမှုသဖွယ်။
“ဒါဆို… မင်း မင်းက ဘာလိုချင်လို့လဲ?”
“မင်းရဲ့ အ…သက်”
တိုးတိတ်သည်။ ငြင်သာသည်။ သို့သော် စူးရှသည်။
Rexo တစ်ကိုယ်လုံးရှိသွေးတွေ ပွက်ပွက်ဆူသည့်အထိ ကြောက်လန့်သွားသည်။ တစ္ဆေတစ်ကောင်လို ထိုအပြုံးနှင့် နီဆွေးဆွေးနှုတ်ခမ်းပါးက ထွက်လာသော ထိုစကားသည် စကားလုံးတစ်လုံးခြင်းစီ ပြတ်သားစွာ သူ့နားထဲသို့ဝင်လာ၏ ။
“မင်း…မင်း ငါ့ကိုသတ်လို့ရမယ်ထင်နေလား!? ငါ့အဖေက ရွေးကောက်ခံဝန်ကြီးကွ! ငါ့အဖေက ငါတစ်ခုခုဖြစ်ရင် မင်းကိုအလွတ်ထားမယ်ထင်နေလား? အခုအချိန်လောက်ဆို ငါပျောက်မှန်းနေသိသွားလို့ နိုင်ငံရဲ့အတော်ဆုံးစုံထောက်တွေနဲ့ လိုက်ရှာနေလောက်ပြီ။ မင်းအခု ငါ့ကိုလွှတ်ပေးရင် ဒီနေ့ကိစ္စတွေ လုံးဝမရှိခဲ့သလို သဘောထားပေးမယ်။ မဟုတ်ရင်တော့ ငါ့အဖေရောက်လာတဲ့အခါ မင်း ပြန်ပေးဆပ်ဖို့ပြင်ထား!!”
ကောင်ငယ်လေး၏ အပြုံးတွေဟာ ပို ပိုပြီးအသက်ဝင်လာသည်။ အရယ်ရဆုံးသော ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသည့်အလားပင်။ Rexoဆိုသော ထိုကောင်လေးပြောသည့် ခြိမ်းခြောက်စကားများမှာ ကောင်ငယ်လေးအတွက်တော့ ဘာမှမထူးခြားသည့်ဟန်။ သဘောပင်ကျနေသေးသည်။
မည်သည့်စကားမှ ထပ်မဆိုတော့ပါဘဲ အကြည်ရောင်မှန်များဟာ မူလအတိုင်းတစ်ဖက်ကသာမြင်ရသည့် အဖြူရောင်မှန်သားများအသွင် ပြန်ဖြစ်သွားသည်။ ဆူညံသံတို့ဟာလည်း တိခနဲဖြတ်ချလိုက်သည့်အလား အသက်ရှူသံသဲ့သဲ့ပင် မကြားရလောက်အောင် တိတ်ဆိတ်သွား၏ ။
အဖြူရောင်မှန်သားပြင်ကြီးတစ်ဖန်ပြန်ရောက်လာပြီး တစ်ဖက်လူပျောက်သွားချိန်မှာတော့ Rexo ခေါင်းထဲ ဗလာကျင်းသွားသည်။ သွေးရူးသွေးတန်းဖြင့်ပင် ထိုကောင်လေးရပ်နေခဲ့သော မှန်သားအနားအပြေးသွားကာ ထုရိုက်လို့ အော်ဟစ်နေမိတော့သည်။
“ဟေ့ကောင်! ဘယ်ပျောက်သွားတာလဲ?!! ပြန်လာခဲ့စမ်း!! ငါ့ကိုလွှတ်ပေး!! အခုလွှတ်ပေး!! ငါ့ကိုလွှတ်ပေး!!! အားးးး!!!”
မှန်သားကိုဖြတ်၍ မြင်နေရသော တစ်ဖက်လူရဲ့ပုံစံကား သိပ်ကို သဘောကျဖို့ကောင်းသည်။ အဆုတ်ကွဲမတတ်အော်ဟစ်နေသော်လည်း နားညီးစရာထိုအသံကို သူမကြားရပါပေ။ မှန်သားတို့ ပြန်လည်ပြောင်းသွားစဉ်ကတည်းက အသံလုံစနစ်မှာ ပြန်လည်အလုပ်လုပ်နေပြီဖြစ်သည်။
“ဒီလိုမှပေါ့…”
အခုမှ နည်းနည်းပျော်စရာကောင်းသွားသည်။ ထိုမြင်ကွင်းကို သဘောတကျနှစ်ခြိုက်စွာကြည့်ပြီး ထိုနေရာမှ ကောင်ငယ်လေးလှည့်ထွက်လာခဲ့သည်။ ဖိနပ်မပါ ခြေဗလာနှင့် ငြင်သာသော ခြေလှမ်းတို့အတိုင်း အဖြူရောင်အဝတ်တို့လိုက်ပါလွင့်မြောနေသည်မှာ ဝိဉာဉ်တစ်ကောင်အလားပင်။
‘ရုန်းကန်လိုက်စမ်းပါ…။ သေခါနီး ဝက်တစ်ကောင်လိုမျိုး၊ စမ်းသက်ခန်းထဲက အစမ်းသက်ခံ ကြွက်တစ်ကောင်လိုမျိုး ရုန်းကန်လိုက်စမ်းပါ။ ဒါမှ ကြည့်ရတာ ပိုပျော်ဖို့ကောင်းမယ်မလား‘
ခံစားချက်မဲ့နေသည့် မျက်ဝန်းတို့ဟာ အစမှအဆုံးတိုင် ပြုံးယောင်သန်းနေသော နှုတ်ခမ်းများနှင့်လိုက်ဖက်စွာပင် သွေးမရှိသလို ဖြူဖတ်ဖြူရော်အသားရည်ပေါ်၌ နတ်ဆိုးဆန်စွာ လှပနေလေတော့…။
~~~~~~~~~~~~
တီးတောင်!~ တီးတောင်!~ တီးတောင်!~
အဆက်မပြတ်မြည်နေသော အိမ်ရှေ့ခြံတံခါးဝမှ လူခေါ်ဘဲလ်သံ။
အိမ်အကူကလေးမလေးမှာ လုပ်နေကျအလုပ်တွေကိုပင် ထားခဲ့ကာ ကပြာကယာခြံရှေ့ပြေးကြည့်ရသည်။
“ဘယ်သူလဲမသိဘူးရှင့်”
“ကျွန်တော်ပါ။ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က ထောက်လှမ်းရေးအရာရှိ တတ်နေခ ပါ”
တတ်နေခ ပြောလည်းပြော လက်ထဲမှ သူ့အား တာဝန်ခံပေးနိုင်မည့် ရဲတံဆိပ်ပြားကိုပါ ပြလိုက်သည်။
“သြော်!~ ဟိုးအရင်တစ်နေ့က အကိုလေးကို ပြန်ပို့ပေးတဲ့ အရာရှိကြီး”
ရှေ့တစ်ကြိမ်က ရောက်ဖူးပြီးသားမို့ ကောင်မလေးက မှတ်မိသွားဟန်တူသည်။ ခြံတံခါးကို အသာဖွင့်လို့ အိမ်ထဲဖိတ်ခေါ်ရှာသည်။
“လေရိပ်ရော…?”
လက်ရှိအခြေအနေအရ တတ်နေခအတွက်အရေးကြီးဆုံးမှာ လေရိပ်ကိုတွေ့ရန်သာဖြစ်သည့်အတွက် အချိန်မဆိုင်းဘဲ လိုရင်းကိုသာ သူမေးလိုက်သည်လေ။
“အကိုလေးက နေမကောင်းလို့ အခန်းထဲမှာ နားနေပါတယ်ရှင့်၊ ခုဏကပဲ ဆရာဝန်လာကြည့်ပေးသွားတာပါ…”
“လဲ့ရည် ဘယ်သူလာတာလဲ?”
လဲ့ရည်ဆိုသောထိုအကူမိန်းကလေး၏ စကားပင်မဆုံးသေး အခန်းဝမှာ ဖြူဖျော့ဖျာ့ပုံရိပ်လေးထွက်ပေါ်လာကာ မေးရှာသည်။
“အာ… အရာရှိကြီးပဲ။ ဘာကိစ္စများရှိလို့လဲခင်ဗျ? လဲ့ရည် ဆရာ့အတွက် ဧည့်ခံဖို့ တစ်ခုခု သွားလုပ်လိုက်ပါဦး”
“နေပါစေ။ အကိုမေးစရာရှိလို့ခဏဝင်လာတာပါ။ မေးပြီးရင်ပြန်မှာမို့ ဘာမှလုပ်မနေပါနဲ့တော့”
“ဪ…ဟုတ်ကဲ့။ မိုးရိပ်ကိစ္စထင်တယ်…”
အဆုံးသတ်တွင် စကားသံကားတိုးဖျော့စွာ။ မျက်ဝန်းညိုတို့မှာ မှိန်ဖျော့လို့သွားသည်။ တစ်ဦးတည်းသော ဒီအမွှာညီလေးနဲ့ပတ်သတ်ပြီး လေရိပ်မှာ အခုထိ လက်မခံနိုင်သေးသည့်ပုံပင်။
“ထိုင်ပါဦးခင်ဗျ။ လဲ့ရည် ကျွန်တော့်ကိုတွဲကူပါဦး”
လဲ့ရည်ဆိုသော မိန်းကလေး၏ အကူအညီဖြင့် လေရိပ် တတ်နေခရှိရာလျှောက်လာကာ ဝင်ထိုင်သည်။ ဘာရယ်မဟုတ် တတ်နေခ လေရိပ်လမ်းလျှောက်လာစဥ် လေရိပ်၏ခြေထောက်တို့ထံ အကြည့်ရောက်သွားမိသည်။
လေရိပ်ရဲ့ခြေထောက်တွေမှာ ကောင်းမွန်စွာထောက်နိုင်ပုံမပေါ်ပေ။ အခုမှလမ်းလျှောက်သင်စ ကလေးသဖွယ် အဆုံးသတ်တို့ဟာမတိကျပါပဲ လိမ်နေ၏ ။ ခြေတစ်လှမ်းချင်းစီဟာ လေရိပ်အတွက် ခက်ခဲပုံရသည်။ မည်မျှနာကျင်နေသည်ကို နဖူးစပ်တို့နီးစပ်သည်အထိ မျက်မှောင်ကြုံ့ထားသည်ကို ကြည့်ရင်း သိနိုင်ပေသည်။ အခန်းဝမှ ဧည့်ခန်းဆိုဖာထိုင်ခုံတွေအထိတိုင် သာမာန်လူတစ်ယောက်အတွက် ခြေလှမ်းအနည်းငယ်သာလှမ်းရုံဖြစ်သော်လည်း လေရိပ်အတွက်တော့ တတ်နေခဆီရောက်လာဖို့ အချိန်တစ်ခုယူလိုက်ရသည်လေ။
ဆိုဖာတွင်ဝင်ထိုင်ပြီး လေရိပ်သက်ပြင်းတို့ချသည်။ သူ့ကြိုးပမ်းမှုကို သူဂုဏ်ယူနေပုံပင်။ ဖြူဖျော့ဖျော့နှုတ်ခမ်းတို့ထက် အပြုံးရေးရေးထင်၏ ။ နားသယ်စပ်နား ချွေးစက်များဟာ တွဲလွဲခိုလို့နေဆဲ…။
တတ်နေခအတွက် လာရင်းကိစ္စမှာ အရေးကြီးသည်ဆိုသော်လည်း အစမှအဆုံးတိုင် ထိုပုံရိပ်လေးအား မျက်စိမလွှဲနိုင်ဘဲ ကြည့်နေမိသည်။ ကံတရားကရက်စက်ထားသော်လည်း အရှုံးမပေးဘဲ အဆုံးထိကြံ့ကြံ့ခံရင်ဆိုင်နေသော ကောင်လေး၏ပုံစံမှာ လေးစားဖွယ်ကောင်းသည်ဟု တတ်နေခ ထင်မိသည်။ ဒီလိုကောင်လေးနှင့် ဆန့်ကျင်စွာပင် တစ်ခြားတစ်ယောက်မှာတော့ ထိတ်လန့်ဖွယ်ရာ ရက်စက်ပြင်းထန်သည့် လူသတ်မှုတွေကို ကျူးလွန်နေသည်။ တတ်နေခလို အပြင်လူတောင် တွေးရင်းစိတ်မောရလျှင် ကာယကံရှင်ထိုကောင်လေးအတွက် မည်မျှထိချက်ပြင်းထန်မည်ကို မှန်း၍ရသည်လေ။
“ဟုတ်… မေးလို့ရပါပြီဆရာ”
“လွန်ခဲ့တဲ့ သုံးရက်က ရွေးကောက်ခံဝန်ကြီးတစ်ဦးရဲ့သား ပျောက်သွားတယ်။ သာမာန်ဆို ယောက်ျားလေးတစ်ယောက်အတွက် အိမ်ကနေတစ်ရက်၊ နှစ်ရက်မျိုး ပျောက်သွားတာက မထူးဆန်းပေမဲ့ အခုတစ်ခေါက်က ဘာခြေရာလက်ရာမှ မကျန်ခဲ့ဘူး။ သွားနေကြနေရာတွေ၊ ရှိနေကျသူငယ်ချင်းတွေဆီအကုန်လိုက်စုံစမ်းပြီးပေမဲ့ တစ်နေရာမှရောက်မလာသလို တစ်ယောက်မှလည်းမသိလိုက်ဘူး။ စာတစ်စောင်ကလွဲပြီး လူကလေထဲမှာ ပျောက်ကွယ်သွားသလို မျိုး။ အရင်အခေါက်တွေတုန်းကအတိုင်းပဲ”
တတ်နေခ ပြောလတ်စ စကားကိုရပ်ကာ တစ်ဖက်ကောင်လေး၏မျက်နှာကို အကဲခတ်မိသည်။ သူပြောတာကို စိတ်ဝင်တစားနားထောင်နေပြီး မျက်ဝန်းတို့မှာလည်း စိုးရိမ်ပူပန်မှု အပြည့်နှင့်။ ဒီအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး တစ်ခုမှမသိသည်မှာ ထင်ရှားသည်။
တတ်နေခ စကားဆက်၏ ။
“ဘာသက်သေမှကျန်ဘဲ လူတစ်ယောက်လုံးပျောက်ဆုံးသွားတာကိုက Nothing ရဲ့ပုံစံဆိုတော့ ဒီတစ်ခေါက်လည်း မိုးရိပ်လက်ချက်ပဲလို့ အကိုတို့ခန့်မှန်းရတယ်”
တတ်နေခ စကားအဆုံး လေရိပ်မျက်ဝန်းတို့မှိတ်ကျသွားကာ သက်ပြင်းအသာချ၏ ။ အောက်နှုတ်ခမ်းကို အသာကိုက်လို့ စိတ်လျှော့လိုက်ပုံက နာကျင်နေသည့်သဖွယ်။
“ဒီရက်တွေမှာ… အထူးသဖြင့်ဆရာလာသွားပြီးနောက်ပိုင်း မိုးရိပ်အိမ်ပြန်မလာဘူးဆရာ။ ကျွန်တော် မိုးရိပ်အကိုဖြစ်ပေမဲ့ မိုးရိပ်ဒီလိုလမ်းမှားကိုလျှောက်နေတာ ကျွန်တော်လည်း လက်မခံပါဘူး။ မိုးရိပ်ပြန်လာရင် အတတ်နိုင်ဆုံးဖြောင်းဖျပြီး ကျွန်တော်ကိုယ်တိုင် ရဲစခန်းကိုလိုက်ပို့ဖို့အထိ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့…”
အသံတို့ဟာ တိုးတိတ်လို့သွားဆဲ။ ရှိုက်သံအချို့တောင် ထွက်နေပြီထင်သည်။ တတ်နေခကြည့်လိုက်တော့ လေရိပ်ဟာ မျက်ဝန်းတို့မှိတ်လို့ ခေါင်းကိုအသာငုံ့ထားသည်။ ပေါင်ပေါ်တင်ထားပါသည့်လက်တို့သည် လက်သီးလုံးလေးအဖြစ် ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့ နေသည်။
တတ်နေခ သိပါ၏ ။ Nothing ဆိုပြီး အမည်ဝှက်ပေးထားသည့် Serial Killer မှာ မိုးရိပ်လို့ သံသယရှိမိသည့်အချိန်မှစ သူတို့ရဲတပ်ဖွဲ့ဝင်များသည် အလှည့်ကျ ဒီအိမ်အနီးအနားတွင် ကင်းပုန်းဝှက်လို့ စောင့်ကြည့်ခဲ့သည်။ မူမမှန်သည့်လှုပ်ရှားမှုများလည်းမရှိခဲ့ဘဲ၊ ပုံမှန်မဟုတ်သည့်လူအဝင်အထွက်လည်းမရှိခဲ့ပါပေ။ လဲ့ရည်၏ နေ့စဥ်ပုံမှန်စျေးဝယ်ထွက်ခြင်းမှအပ လေရိပ်အပါအဝင်အိမ်မှလူများသည် အကြောင်းကိစ္စမထူးလျှင် အပြင်မထွက်ကြပါ။ ကျန်းမာရေးမကောင်းသော လေရိပ်ဆိုလျှင် တစ်ရက်လျှင်တစ်ကြိမ် သူ့ခြံထဲမှာ နေရောင်ထွက်ခံတာကလွဲပြီး ခြံပြင်တောင်မထွက်။ ကြာတော့ တတ်နေခသည်ပင်လျှင် သူတို့အတွေး၊ အထင်တွေမှားသွားပြီလားဟု ထင်လာမိရသည့်အထိပင်။
အမှန်တော့ အခင်းမဖြစ်ခင်နေရာမှာ မိုးရိပ်နှင့်ဆင်သောသူကို တွေ့လိုက်ရသည်ဟူသော မျက်မြင်သက်သေတစ်ယောက်၏ ပြောကြားချက်သာရှိသည်။ ခြေရာလက်ရာမပြောနှင့် သက်သေဟု ယူဆစရာတစ်ခုပင်မကျန်သည့် လူသတ်မှုများမို့ Nothing ဟာ မိုးရိပ်ပါဆိုတာ မှန်းဆချက်သက်သက်သာဖြစ်၏ ။ တရားခွင်တင်ရန်အတွက် တိကျသည့်သက်သေပြပါဆိုလျှင် သူတို့တွင်မရှိပေ။ မျက်မြင်သက်သေ၏ ထွက်ဆိုချက်မှာလည်း အခင်းမဖြစ်ခင်အချိန်က မြင်ခဲ့သည်သာဖြစ်ပြီး အခင်းဖြစ်နေချိန်တွင် မိုးရိပ်ထိုနေရာတွင် ရှိနေခဲ့သည်ဟု ပြော၍မရပါချေ။ စမ်းတဝါးဝါးနှင့်သာ လိုက်နေရသော အမှုဖြစ်၍ မတိကျသည့်သက်သေသည်လည်း သက်သေပဲမို့သာ တတ်နေခ သည်နေရာတွင် ရှိနေရခြင်းသာဖြစ်၏ ။
ရေနစ်နေသူအတွက် ကောက်ရိုးတစ်မျှင်သည်လည်း အားကိုးရာ မဟုတ်လားလေ။
“ဒီတစ်ယောက်နဲ့ပါဆို (၅)ယောက်မြောက်ပဲ။ အခုထိ Dead Body မတွေ့ရသေးဘူးဆိုတော့ မျှော်လင့်ချက်ရှိသေးတယ် ပြောရမယ်။ အကိုတို့ သူ့ကို မိုးရိပ်တစ်ခုခုမလုပ်လိုက်ခင် အမြန်ရှာတွေ့ဖို့လိုတယ်။ ပြီးတော့ ဒီတစ်ခေါက်က ရွေးကောက်ခံဝန်ကြီးရဲ့သားဆိုတော့ ကိစ္စကကြီးတယ်။ အထက်ကပါ အာရုံစိုက်နေတာဆိုတော့ မသကာ နစ်နာသူက တစ်ခုခုဖြစ်သွားရင် အကိုကြောက်မိတာက……”
“ကိုယ်တိုင်ဝန်ခံရင်တောင် ပြစ်ဒဏ်လျှော့ပေ့ါခွင့် မရှိတော့မှာကိုလား”
တတ်နေခ ပြန်မဖြေမိပါ။ ‘တိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏။’ ဆိုသည့်အတိုင်းပင်။
တတ်နေခပြန်မဖြေလည်း လေရိပ်သဘောပေါက်ပါ၏ ။ ရှေ့မှာ လူလေးယောက် ဆက်တိုက်သေထဲက အာရုံစိုက်စရာ ဖြစ်နေပြီကို အထက်တန်းလွှာမိသားစုပါ ပါလာပြီဆိုလျှင် အထူးအမှုအဖြစ် ကိုင်တွယ်ဖြေရှင်းကြတော့မည် ဖြစ်သည်။
လေရိပ်သက်ပြင်းသာချလိုက်သည်။ သူ့ပုံစံကား စိတ်ဆုံးဖြတ်လိုက်သည့်ဟန်။
“ဆရာ သိချင်တာသာမေးပါ။ ကျွန်တော်သိသလောက်ဖြေပ့ါမယ်”
တတ်နေခ မည်သည့်စကားမှဆက်မဆိုဘဲ အိပ်ကပ်အတွင်းရှိ စာအုပ်နှင့် ဘောပင်ကိုသာ ထုတ်ယူလိုက်သည်။ ဓာတ်ပုံတစ်ပုံကိုပါထုတ်ကာ လေရိပ်ရှေ့သို့ တိုးပေးလိုက်ရင်း…။
“မိုးရိပ်နဲ့ ဒီပုံထဲကလူ အရင်တုန်းက အဆက်အဆံရှိခဲ့ဖူးလား?”
လေရိပ်က ဓာတ်ပုံကို အသေအချာကောက်ယူကြည့်ပြီး ဖြေပါသည်။
“ဟင့်အင်းဆရာ…။ ပထမဆုံးတွေ့ဖူးတဲ့ မျက်နှာပဲ။ မိုးရိပ်သူငယ်ချင်းတွေထဲ သူ့ကိုမမြင်ဖူးပါဘူး”
“သေချာလား?”
“ဟုတ်ကဲ့”
“တစ်ခြား ညီ မသိနိုင်တဲ့ အပေါင်းအသင်းရောမဖြစ်နိုင်ဘူးလား?”
“မဖြစ်နိုင်ပါဘူးဆရာ။ မိုးရိပ်က များသောအားဖြင့် တစ်ယောက်တည်းသီးသန့်နေရတာ ကြိုက်တဲ့ကလေးပါ။ သူငယ်ချင်းဆိုလို့ သူနဲ့ အတူထိုင်တဲ့ အတန်းဖော်သူငယ်ချင်းနှစ်ယောက်အပြင် မရှိပါဘူး။ စတိတ်ကျောင်းထဲက တက္ကသိုလ်တတ်ပြီး ဘွဲ့ရတဲ့အထိ သူတို့နှစ်ယောက်နဲ့ပဲ ပေါင်းပါတယ်။ အိမ်နဲ့ကျောင်းအပြင် အခြားအပြင်တွေဘာတွေလည်း သွားတတ်တဲ့ကလေးမဟုတ်တော့ အပြင်သူငယ်ချင်းအသစ်ရဖို့လည်းမဖြစ်နိုင်ပါဘူး။ ရခဲ့ရင်လည်း ကျွန်တော်သိမှာပါ”
စကားပြောသည့်တောက်လျှောက် အမူအယာပြောင်းလဲသည်ကအစ လေရိပ်ပုံစံကို တတ်နေခ ကြည့်နေခဲ့တာဖြစ်လို့ လေရိပ်မလိမ်ဘဲ အမှန်ပြောနေသည်ဆိုတာ တတ်နေခ ခံစားမိ၏ ။
“မိုးရိပ် အိမ်ကထွက်မသွားခင် တစ်ခုခုပြောသွားတာရှိလား? ဥပမာ ဘယ်သွားမယ်တို့၊ ဘာလုပ်ဖို့ရှိတယ်ဆိုတာမျိုးတို့ပေါ့”
“အဲ့လိုမျိုးတော့မရှိပါဘူးဆရာ။ သူငယ်ချင်းတွေနဲ့အပြင်သွားရင်တောင် အချိန်တန်အိမ်ပြန်လာတတ်တဲ့ ကလေးမို့ အဲ့ဒီမထွက်ခင်နေ့က ကျွန်တော်လည်း သတိထားပြီး မမေးမိလိုက်ဘူး”
တတ်နေခ နားထောင်ရင်း အဓိကအချက်များကို စာအုပ်ထဲရေးမှတ်လိုက်သည်။
“ဆရာ…”
တိုးညှင်းစွာခေါ်လာသောအသံလေး။ အားနာနေဟန်လည်း အထင်းသားပေ။
“မိုးရိပ်က တရားခံဆိုတာ သေချာပါတယ်နော်။ ကျွန်တော်အဲ့နေ့က ဆရာပြောလို့သာ ထူပူပြီး ဘာမှမတွေးမိပေမဲ့ ဒီရက်တွေမှာ သေချာစဥ်းစားကြည့်တော့ မိုးရိပ်ဒီလိုမလုပ်နိုင်လောက်ဘူးဆိုတာ ပိုပိုသေချာလာတယ်ဆရာ။ ဟို… ကျွန်တော့်ညီလေးမို့ ကာကွယ်ပြီးပြောပေးတာမဟုတ်ပါဘူး ဆရာရယ်။ သေသွားရတဲ့သူတွေကိုလည်း မစာနာရတာမဟုတ်ပါဘူး။ ကျွန်တော်တို့အိမ်မှာလည်း CCTV တပ်ထားတော့ ဆရာစစ်ဆေးနိုင်ပါတယ်။ ဒီရက်တွေမတိုင်ခင် မိုးရိပ်ရှိစဥ်အခါထဲက အဝင်အထွက်မှတ်တမ်းတွေ အကုန်ရှိပါတယ်။ နစ်နာသူတွေသေဆုံးချိန်မှာ မိုးရိပ်က များသောအားဖြင့် အိမ်ထဲမှာပါ”
လေရိပ် ပြောလက်စကို ခေတ္တရပ်ကာ တစ်ဖက်ကအရာရှိကြီးကို လှမ်းကြည့်မိသည်။ မိမိ ဖြေရှင်းချက်ပေးနေသည်ဟု အထင်လွဲသွားမှာကိုလည်း စိုးကြောက်ရပါသေးသည်။ တစ်ဖက်က အာရုံစိုက်ကာ နားထောင်နေသည်ကိုတွေ့ရမှ လေရိပ်စကားဆက်၏ ။
“ဒီရက်အတွင်း မိုးရိပ်ပျောက်နေတာကို ကျွန်တော်ဘယ်လိုပြောပြရမလဲ မသိပေမဲ့ တကယ်လို့များ… တကယ်လို့များလေ မိုးရိပ်သာ တရားခံမဟုတ်ခဲ့ရင် ဒီကိစ္စတွေက မတရားစွတ်စွဲခံရတာ ဖြစ်သွားမှာမလားဟင်?”
“ဖြစ်နိုင်ပါတယ်။ အခုလည်းယူဆချက်တွေသာရှိသေးတာမို့ အများကြီး စိတ်မပူပါနဲ့။ ညီပြောသလိုပေါ့။ တကယ်လို့များ မိုးရိပ်က Nothing မဟုတ်ခဲ့ဘူးဆိုရင် တရားဥပဒေက သူ့ဘက်မှာ ရှိပါတယ်”
တတ်နေခပြောပြီးတာနဲ့ စာအုပ်ရော ဓာတ်ပုံရောယူသိမ်းလိုက်သည်။ သူ ဒီမှာရောက်နေတာကြာပြီမို့ ဘာမှထပ်မသိရမယ့်နည်းတူ ပြန်ဖို့သင့်ပြီလေ။ အချိန်မလင့်ခင် နစ်နာသူကိုရှာတွေ့ဖို့ရာ သူ့အတွက်အရေးကြီး၏ ။
“ဆရာ…”
အပေါက်ဝရောက်မှ ခေါ်လာသည့် ထိုအသံလေး။ ခါတိုင်းလိုပင် ဖျော့တော့တော့ ထိုအသံလေးဟာ တိုးညှင်းဆဲ…။
“ဖိုးဝ… အခန်းထဲက သုံးလစာ CCTV မှတ်တမ်းကို ယူခဲ့ပေးပါ”
လေရိပ်ပြောလိုက်သည်နှင့် အရင်တစ်ခေါက် တတ်နေခလာတုန်းက လေရိပ်ကို ဝှီးချဲပေါ် ချီတင်ပေးခဲ့သည့် ကောင်လေးက အခန်းထဲမှ စတစ်တစ်ခုကိုင်ကာ ထွက်လာသည်။ ထိုစတစ်ကို လေရိပ်ဆီ တရိုတသေကမ်းပေးပေမဲ့ လေရိပ်မယူပေ။
“အရာရှိကြီးကိုပဲပေးလိုက်ပါ”
တတ်နေခလက်ထဲ အဝါရောင်စတစ်တစ်ခု ရောက်လာခဲ့သည်။ နှစ်ဖက်အသွားပါတာမို့ laptop နဲ့ရော ဖုန်းနဲ့ပါ ဖွင့်ကြည့်လို့ရသည့် စတစ်မျိုးပင်။
“ကျွန်တော်တို့အိမ်က CCTV မှတ်တမ်းတွေကို အကြောင်းအထွေအထူးမရှိခဲ့ရင် သုံးလတစ်ခါ ဖျက်ပြစ်လေ့ရှိတယ်ရယ်။ ဒီစတစ်ထဲ လွန်ခဲ့တဲ့ ၂လကျော်ကျော်ကနေ ခုနကအချိန်လေးအထိ အဝင်အထွက်မှတ်တမ်းတွေ အကုန်ပါ, ပါတယ်။ ဆရာစစ်ဆေးချင် စစ်ဆေးနိုင်အောင်လို့ပါ။ ဘာမှအကူအညီမဖြစ်လောက်ပေမဲ့ အကိုတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ကြိုးစားခြင်းလေးတစ်ခုပါ”
တတ်နေခ ဘာမှမပြောတော့ပါ။ အမှန်ဆို သူတို့ကသာ မတရားသဖြင့် စွတ်စွဲနေတာလို့တောင်ပြောလို့ရသည်ပေ။
“ကိုယ်စစ်ဆေးကြည့်လိုက်ပ့ါမယ်။ ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
စတစ်ကိုသာ လက်ထဲမြဲမြံအောင်ကိုင်ပြီး တတ်နေခ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
~~~~~~~
“အသုံးဝင်တာ တစ်ခုခု သိခဲ့ရလား?”
လေရိပ်ဆီမှထွက်လာခြင်း အပြင်ဘက်ရှိအသင့်ရပ်ထားသော ကားပေါ်ကိုတတ်လိုက်သည်နှင့် ’နိုင်ဇော်’ ကမေးလာသည်။ တတ်နေခ သက်ပြင်းသာချကာ ခေါင်းရမ်းပြလိုက်သည်။
“နိုင်ဇော်… မင်းဒီမှာစောင့်နေခဲ့။ ငါ စခန်းပြန်ပြီး ဒါကိုတစ်ချက်စစ်ဆေးလိုက်ဦးမယ်”
“ဘာလဲ အဲ့တာက?”
“လေရိပ်တို့ အိမ်အဝင်အထွက်မှတ်တမ်းပဲ။ ငါ့စိတ်ထဲ ထင့်နေတာ တစ်ခုရှိလို့”
“ပြီးရောလေ။ မင်းကားယူသွားမှာလား?”
“မယူတော့ဘူး။ ငါ Taxi နဲ့ပဲ သွားလိုက်တော့မယ်”
“သတိထားသွားဦး”
“မင်းလည်းသတိထားနေ တစ်ခုခုအကြောင်းထူးရင် ငါ့ဆီဖုန်းဆက်ဖို့မမေ့နဲ့”
“အင်းပါ…”
တတ်နေခ နှုတ်ဆက်လိုက်ပြီး ကားပေါ်ကဆင်းကာ Taxi ငှားပြီး စခန်းပြန်ခဲ့သည်။ တကယ်လို့များ လေရိပ်ပြောသလို မိုးရိပ်သာ တရားခံမဟုတ်ခဲ့ဘူးဆိုလျှင် အခုမိုးရိပ်ပျောက်နေသည်မှာ သွေးရိုးသားရိုးမဖြစ်နိုင်ပေ။ မျက်မြင်သက်သေ၏ အခင်းမဖြစ်ခင်အချိန်မှာ မိုးရိပ်ကိုတွေ့ခဲ့သည်ဆိုသော စကားအရ သေချာစဥ်းစားကြည့်လျှင် မိုးရိပ်က ထိုအခင်းဖြစ်ရာကိုမြင်ခဲ့သည့် တစ်ဦးတည်းသော လူသက်သေပင် ဖြစ်နိုင်ချေရှိ၏ ။
အကယ်၍များ တတ်နေခထင်နေသည်မှာ မှန်သည်ဆိုလျှင် မိုးရိပ်ပျောက်နေခြင်းမှာ တရားခံဖြစ်သောကြောင့် သူတို့ကို ရှောင်နေတာမဟုတ်ဘဲ တရာခံအစစ်က သက်သေကိုဖျောက်ချင်လို့ မိုးရိပ်ကို ပြန်ပေးဆွဲတာဆိုရင်ရော? ဒီလိုသာဆို ဒုက္ခများကုန်ရော့မည်။ သူ အမြန်စခန်းပြန်၍ အတည်ပြုရမည်လေ။
“Taxi…!! xxxxx ရဲစခန်းကို ပို့ပေးပါ”
အရှိန်ဖျော့ဖျော့နှင့်မောင်းထွက်သွားသော Taxi နောက်သို့ စူးရှရှအကြည့်တို့က အသာကပ်တွယ်သွား၏ ။
“ဘန်း … “
ဖြောင့်တန်းနေပါသော လက်ညိုးနှင့်လက်ခလယ်၊ အသံတို့က တိုးညှင်းပေမဲ့ စူးရှသည်။ လှပသည့် မေးရိုးအထက်တွင်တော့ နှုတ်ခမ်းစွန်းတို့ဟာ ကျေနပ်အားရနေဟန် ကော့တတ်လို့နေဆဲပင်။ ။