Volume(1) The Beginning
အပိုင်း – (၄)
~~~~~~~
လူတစ်ယောက်လမ်းလျှောက်ဝင်လာတာကိုပင် မသိလောက်အောင် အခန်းတစ်ခုလုံးကား တိတ်ဆိတ်နေသည်။ အခန်း၏ အသံလုံစနစ်ကောင်းခြင်းကြောင့်တော့ မဖြစ်နိုင်။ ထိုလူရဲ့ခြေလှမ်းတွေကိုက တစ္ဆေတစ်ကောင်လိုပေါ့ပါးပြီး ဝိဉာဥ်တစ်ကောင်လို ဆိတ်ငြိမ်ခြင်းကြောင့်သာ။
ဖြူဖျော့ဖျော့အသားအရည်နှင့်လိုက်ဖက်စွာပင် ဖြူလွှလွှဝတ်စုံဟာ အစွန်းအထင်းအညစ်အကြေးတို့ကင်းစင်၏ ။ နတ်သားတစ်ပါးလို ချောမောလှပပါသော်လည်း ခံစားချက်မဲ့နေသောမျက်ဝန်းများနှင့် အသက်မဲ့နေသော အပြုံးတို့ဟာ နတ်ဆိုးဆန်သည်။ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းဟာ အကွာအဝေးတို့ညီမျှလျှက် နောက်ဆုံးတွင် တစ်ဖက်မြင်မှန်ချပ်ကြီးရှေ့၌ ရပ်တန့်သွား၏ ။
မှန်ချပ်ကိုဖြတ်၍မြင်နေရသော တစ်ဖက်လူသည် အားအင်တို့ကုန်ခမ်းနေသည့်အလား နံရံတစ်ဖက်ကိုမှီ၍ ခြေပြစ်လက်ပြစ်ထိုင်နေလေသည်။
အချိန်များစွာကြိုးပမ်းခဲ့သော်လည်း Rexo ဒီစိတ်ပျက်စရာ အဖြူရောင်အခန်းထဲမှ မထွက်နိုင်ခဲ့ပါချေ။ ဒီအတောအတွင်း အစားအသောက်ဟူ၍ ထမင်းတစ်စိတောင်မစားရဘဲ ရေတစ်မျိုးသာ သောက်ရခြင်းကြောင့် သူ့ခန္ဓာကိုယ်ဟာ လက်တစ်ချောင်းပင်မလှုပ်ချင်လောက်အောင် အားပြတ်နေမိသည်။ ဝမ်းဗိုက်မှ ဆာလောင်မှုဟာလည်း ဆိုးဆိုးရွားရွားပင်။ ရေပါမသောက်ရလျှင် သူအစထဲက သေသွားလောက်ပြီဟု ခံစားနေရသည်။
“နောက်ဆုံးတော့လက်လျော့လိုက်ပြီလား ကြွက်ကလေးရဲ့”
မှန်ချပ်ဖြူဖြူ၏ အကြည်ရောင်ပြောင်းသွားခြင်းနောက် ပေါ်ထွက်လာပါသည့်ထိုအသံ။
Rexo အားအင်မရှိတော့တဲ့ ဦးခေါင်းကို အားတင်းကာ ဖြည်းဖြည်းချင်းမော့ကြည့်လိုက်တော့ နောက်ဆုံးတစ်ခေါက် မြင်ခဲ့သည့်အတိုင်း ထိုလူဟာ ထိုနေရာမှာ ရပ်နေသည်။ အသက်မဲ့နေသာ မျက်လုံး၊ နှုတ်ခမ်းစွန်းကော့ရုံမျှသော အပြုံး၊ အစွန်းအထင်းမရှိသော အဖြူရောင် အဝတ်အစားကအစ၊ သူ့ကိုကြည့်နေသည့် အကြည့်တွေအဆုံး အဲ့ဒီနေ့ကနှင့် တစ်ပုံစံတည်းပင်။ ထိုနတ်ဆိုးထံတွင် အချိန်တွေက ရပ်တန့်နေပုံရသည်။ ဝမ်းဗိုက်မှ ထိုးအောင့်သည်အထိ ဆာလောင်မှုသာမရှိခဲ့ဘူးဆိုလျှင် တစ်ရက်တည်း တစ်ချိန်ထဲသာ ရှိသေးသည်ဟု Rexo ထင်မိမှာပင်။
“မင်း… မင်း…”
ထိုစကားအပြင် Rexo မပြောနိုင်တော့ အားအင်မရှိသောခန္ဓာကိုယ်ကား စကားတစ်ခွန်း ထွက်နိုင်ဖို့ကိုပင် ပင်ပန်းစေ၏ ။ တစ်ချိန်လုံးလင်းထိန်နေသည့် ဤအခန်းငယ်ကြောင့် နေ့နဲ့ည ကွဲပြားစွာ မသိနိုင်သော်လည်း ဆာလောင်နေသော ဝမ်းဗိုက်ကြောင့် သူ ဒီကို ရောက်နေသည်မှာ အနည်းဆုံး (၃)ရက်ခန့်ရှိပြီဖြစ်ကြောင်း ခန့်မှန်းရသည်။
ဒီရက်တွေဟာ သူ့အတွက် ငရဲလိုပင်။ သေလုနီးနီးအခြေအနေကို ဖြတ်သန်းရပြီးသည့်နောက် အသက်ရှင်ရတာ ဘယ်လောက်တန်ဖိုးကြီးမှန်း Rexo သိလာချေပြီ။ မည်သို့သော နတ်ဆိုးကို သူသွားရန်စခဲ့မိပါသနည်း။ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရခဲ့ရင် ဖြူဖျော့ဖျော့နှင့် အနိုင်ကျင့်ရလွယ်ပုံပေါ်သော ထိုလူသားထံမှ တတ်နိုင်သမျှဝေးဝေးသာ သူပြေးမိပေလိမ့်မည်။
“ပျင်းစရာကောင်းလိုက်တာ…၊ မင်းသိလား? မင်းက တစ်စက်လေးမှ ပျော်ဖို့မကောင်းဘူး၊ စိတ်ရှုတ်စရာတွေလည်း တစ်အားများတယ်”
ပြောနေရင်းနှင့်ပင် ကောင်ငယ်လေး၏ ညာဘက်လက်မှာ ဘောင်းဘီအိတ်ထဲမှ ဖြည်းညင်းစွာ ထွက်လာလေသည်။ လက်အိတ်ဖြူဖြူစွတ်ထားပါသည့် ထိုလက်ချောင်းထဲတွင် အငွေ့ဖြူတို့ တစ်လူလူထွက်နေပါသည့် ဆေးထိုးအပ်တစ်ခု ပါလာသည်ကို မြင်တွေ့ရ၏ ။ အရည်တစ်ချို့ဖြစ်ဟန်တူသည်။ အငွေ့တို့မှာ ထိုအရည်မှတစ်ဆင့် ထွက်နေပုံရသည်လေ။
“ငါကလေ စိတ်ရှုတ်ရတာကို သည်းခံနိုင်တဲ့ လူစားမဟုတ်ဘူး။ နားပူဆာပူ လာလာလုပ်ခံနေရတာလည်း စိတ်ပျက်ဖို့ကောင်းတယ်။ မင်းပြောကြည့် မင်းကို စိတ်မပျော်စေတဲ့သူတွေကို မင်းဘာလုပ်မလဲ?”
Rexo ကျောထဲစိမ့်တတ်လာသည်။ သေချာပေါက် ထိုနတ်ဆိုးပြောသောစကားများဟာ မည်သည့်အရာကို ဦးတည်နေမှန်း သူ သိပါ၏ ။ သူဟာအတွေးအခေါ်အရမ်းကောင်းသူမဟုတ်ရင်တောင် ဒီရက်များအတွင်း ကြုံခဲ့ရသော နာကျင်ခံစားမှုများသည် အိပ်မက်မှမဟုတ်တာလေ။
မျက်ရည်များဟာ Rexo ပါးပြင်တစ်လျှောက်စီးကျလာသည်။ ခပ်တိုးတိုးရှိုက်ငိုရင်း မြင့်တတ်သွားသော မှန်ချပ်မှတစ်ဆင့် ထိုလူဝင်လျှောက်လာသည်ကို ကြည့်နေမိ၏ ။ မှန်ချပ်က ပွင့်သွားလေပြီ။ ဒါဟာ နောက်ဆုံးအခွင့်အရေးမှန်း Rexo သိသည်။ သူ အခု ထိုအပေါက်မှ မထွက်သွားနိုင်လျှင် တစ်သက်လုံး ထွက်သွားနိုင်တော့မှာ မဟုတ်မှန်းလည်း သူ နားလည်သည်။
နတ်ဆိုးဟာ သူ၏ထုံးစံအတိုင်း အပြုံးရေးရေးနှင့် သူ့အားကြည့်နေ၏ ။ တမင်ပင် သူဘာဆက်လုပ်မည်ကို ကြည့်ချင်နေသည့်အလားပင်။
Rexo ပြင်းပျသော အသက်ရှင်လိုစိတ်တို့ ပေါ်ထွက်လာပြီး နောက်ဆုံးလက်ကျန် အင်းအားကိုစု၍ ထွက်ပေါက်ထံ တွားသွားရန်ပြင်လိုက်သည်။ မတ်တပ်ရပ်ရန် ကြိုးစားပေမဲ့ နှုံးချိတုန်ရီနေသော သူ့ခြေထောက်တွေဟာ သူ့အမိန့်ကို နာမခံပါချေ။
ဘယ်လိုနည်းနဲ့ပင်ဖြစ်စေ၊ သူ ဒီနေရာမှ ထွက်သွားရမည်။ ထွက်သွားဖို့လိုသည်။ ဒါဟာ သူအသက်ရှင်နိုင်ဖို့ နောက်ဆုံး အခွင့်အရေးပင်။
Rexo အံတင်းတင်းကြိတ်၍ သူတွားထွက်နေသည်မှာ တစ်လှမ်းချင်း တစ်လှမ်းချင်း။ တဖြည်းဖြည်းနှင့် ထွက်ပေါက်နဲ့ သူ နီးလာလေပြီ။ ပိုပိုနီးလာလေ သူအသက်ရှင်လိုစိတ်တို့ ပိုပိုအားကောင်းလာလေပင်။
‘လွတ်မြောက်ရမယ်…။ သူလွတ်မြောက်ရမယ်။ ဒီငရဲလိုနေရာကနေ၊ ဒီစိတ္တဇကောင်လက်ထဲကနေ သူ လွတ်မြောက်ရမယ်။
အမေ… အမေ့ကို လွမ်းတယ်။ အမေ့ကိုတွေ့ချင်တယ်။ အဖေ့ကိုလည်းသတိရတယ်။ နည်းနည်းလေးပဲ…၊ ထပ်ပြီးနည်းနည်းလေးပဲ သူကြိုးစားလိုက်ရင် ထွက်နိုင်တော့မယ်။ အမေ… အဖေ… သားကိုစောင့်နေပေးပါ…၊ နည်းနည်းလေးပဲ… ထပ်ပြီး နည်းနည်းလေးပဲ…’
“အာ့…”
လည်ကုပ်နားမှ စူးခနဲ နာကျင်မှုနဲ့အတူ အရိုးခဲမတတ် အေးစက်နေသည့် အရည်တစ်ချို့ က အရည်ပြားမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာလေသည်။ ဦးနှောက်တွင်းအထိ အေးခဲစေသော နာကျင်မှုကြောင့် သူ့လှုပ်ရှားမှုတွေအကုန် ရုတ်ချည်းရပ်တန့်သွားသည်။ ခန္ဓာကိုယ်ဟာ ထိန်းချုပ်မှုကင်းမဲ့စွာ တဆတ်ဆတ်တုန်ရင်လာ၏ ။
“မင်း… မင်း…. အား… အားးး…!!!!”
စူးရှစွာ အော်ဟစ်နေရုံမှတစ်ပါး အခြားမတတ်နိုင်ပါချေ။ မြင်နေရသည့် ထိုလူသား၏ အပြုံးတွေဟာ တဖြည်းဖြည်း ပိုပိုပီပြင်လာသည်။ အသက်မဲ့နေသော မျက်ဝန်းတို့မှာ ယခုတော့ အထင်သေးနေဟန်တစွန်းတစတို့ ပေါ်လွင်နေသယောင်။ ဤကမ္ဘာမြေပေါ်မှ မည်သည့်လူသားမျှ ထိုနတ်ဆိုးအား ယှဥ်ပြိုင်ရန် မဖြစ်နိုင်သည့်အလားပင်။
ရီဝေဝေမျက်ဝန်းများမှတဆင့် Rexo နောက်ဆုံးမြင်လိုက်ရသည်မှာ ဝိဉာဥ်တစ်ကောင်လို မျောလွင့်နေသည့် ခြေလှမ်းများဖြင့် ထွက်ပေါက်ရှိရာ လျှောက်လို့သွားပါသည့် အဖြူရောင်ပုံရိပ်၏ နောက်ကျောတစ်ခုသာ။
‘အမေ… အဖေ… တောင်းပန်ပါတယ်…၊ ဒီသားမိုက် ပြန်မလာနိုင်တော့ဘူးထင်တယ်…’
~~~~~~~~~
“လဲ့ရည်…”
လဲ့ရည်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဝှီးချဲကိုကိုယ်တိုင် ဘီးလှည့်၍ လာနေသော အကိုလေး လေရိပ်ကိုတွေ့လိုက်ရသည်။ လုပ်လက်စများကိုချကာ အကိုလေးဆီသွားရန်ပြင်တော့ အကိုလေးက လက်ကာလိုက်ပြီးပြောလာသည်။
“နေ…နေ၊ လုပ်စရာရှိတာလုပ်။ ဖိုးဝရော…?”
“ခြံထဲမှာ ပျိုးနှုတ်နေတယ်ထင်တယ် အကိုလေး၊ ခေါ်ပေးရမလား?”
“ထားလိုက်ပါ။ ငါ အပေါ်ထပ်က မိုးရိပ်အခန်းထဲမှာရှိမယ်၊ နွားနို့တစ်ခွက်လောက် ယူခဲ့ပေး”
“ဟုတ်… အကိုလေး”
အကိုလေးဟာ ပြောပြီးသည်နှင့် သူ့ဝှီးချဲဘီးလေးကို သူတွန်းရင်း အခန်းထောင့်က ကြိုးဓာတ်လှေကားထဲ ဝင်သွားသည်။
ဒီကြိုးဓာတ်လှေကားဟာ လဲ့ရည်တို့ ဒီအိမ်ကြီးဆီမရောက်ခင်ထဲက ရှိနေတာဖြစ်သည်။ လဲ့ရည်တို့ရဲ့အဖေ ဦးတင်ဖေဟာ တပ်ဆင်ဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး ကျန်းမာရေးမကောင်းသော အကိုလေး အပေါ်ထပ်နှင့်အောက်ထပ် အလွယ်တကူ အတတ်အဆင်းလုပ်နိုင်ဖို့ရာ ရည်ရွယ်၏ ။ လဲ့ရည်တို့ မောင်နှမနှစ်ယောက်၏ ဖခင်ဖြစ်သူဟာလည်း အကိုလေး၏ မိဘနှစ်ပါးလက်ထက်ထဲက ဒီအိမ်၌အလုပ်လုပ်ခဲ့သူဖြစ်ပြီး အကိုလေးတို့ ညီအကိုရဲ့ မိဘတွေမရှိတော့တဲ့နောက် အကိုလေးတို့ကို အနီးကပ်စောင့်ရှောက်ခဲ့သူလည်းဖြစ်သည်။
သို့သော်လည်း ဘာကြောင့်မှန်းမသိ၊ လွန်ခဲ့သော သုံးနှစ်က လဲ့ရည်တို့ မောင်နှမကို အကိုလေးလက်ထဲအပ်ခဲ့ပြီး အဖေဟာ အဝေးတစ်နေရာကိုထွက်သွားခဲ့ကာ အခုအချိန်အထိ ပြန်မလာခဲ့တော့ပေ။
လဲ့ရည် ပျံ့လွင့်နေသော အတွေးတို့ကိုရပ်၍ အကိုလေးမှာထားသည်ကို လုပ်ရန် မီးဖိုချောင်ထဲဝင်လာခဲ့သည်။ မနက်က လဲ့ရည်အကို ကိုကြီးဖိုးဝ ဝယ်ထားသော နွားနို့ကို တစ်ခွက်စာ အိုးထဲထည့်ရင်း ကြိုဖို့ပြင်ရသည်။ အရိုးအဆစ်နှင့် အာရုံကြောအားနည်းရောဂါရှိသော အကိုလေးသည် လက်ဖက်ရည်၊ ကော်ဖီတို့ထက် နွားနို့ကိုသာ ခုံခုံမင်မင် သောက်သုံးတတ်သည်။ ကိုကြီးဖိုးဝက မနက်တိုင်းစျေးမှာ နွားနို့လတ်လတ်ဆတ်ဆတ်ကိုဝယ်ပြီး လဲ့ရည်က ကြိုပေးသည့်တာဝန်ကို ယူရသည်။ အကိုလေး၏ ကျန်းမာရေးအတွက် အသင့်သောက်နွားနို့များထက် အာဟာရအပြည့်ပါသည့် လတ်လတ်ဆက်ဆက်နွားနို့ကိုသာ ဆရာဝန်က သောက်ရန် ညွှန်ကြားထားခြင်းကြောင့်လည်း ပါသည်လေ။
“အကို… အကိုငယ်လေး ပြန်… ပြန်လာပြီလားဗျ”
“အင်း…”
အိမ်ရှေ့ဘက်ဧည့်ခန်းဆီမှ ကိုကြီးဖိုးဝ၏ အလန့်တကြားအသံနဲ့အတူ ကြားလိုက်ရသော အေးစက်စက်လေသံကြောင့် လဲ့ရည်၏အပျိုဖော်ဝင်စ ခန္ဓာကိုယ်လေးတုန်တတ်သွားရ၏ ။ ချက်ချင်းပင် မီးဖိုခလုတ်ကိုပိတ်၍ အပြေးအလွှားအိမ်ရှေ့ခန်းဆီ ထွက်ကြည့်လိုက်သည်။
နွေးထွေးသည့် အကိုလေး၏မျက်နှာနှင့်ဆန့်ကျင်စွာ အေးစက်စက်မျက်နှာတစ်ခုက အိမ်ပေါက်ဝတွင် ပေါ်လာလေသည်။ အကိုငယ်လေး မိုးရိပ်ဟာ လွန်ခဲ့သည့် လေး၊ ငါးရက်ခန့်က ထွက်သွားသည့်ပုံစံအတိုင်းပင် အပေါ်အောက် ဂျင်းဝမ်းဆက်နှင့် ကျောပိုးအိတ်အနက်တစ်လုံးအား လွယ်ထားလေသည်။
မြင်နေကြ အကိုငယ်လေး၏အရယ်အပြုံးမရှိ အေးစက်စက်မျက်နှာသည် ဒီတစ်ကြိမ်မှ ထိတ်လန့်ဖို့ကောင်းနေသယောင် ခံစားနေရသည်။ ဒီတောအတွင်း အိမ်ကို ရဲတွေ၊ စုံထောက်တွေ ခြေခြင်းလိမ်နေခြင်းကြောင့် ဖြစ်မည်။ အကြောင်းအရင်းစုံကို လဲ့ရည်မသိပေမဲ့ သိသင့်သလောက်တော့ လဲ့ရည်သိပါ၏ ။ ကိုကြီးဖိုးဝက လဲ့ရည်တို့လို အလုပ်သမားတွေက တစ်ချို့အကြောင်းအရာတွေဟာ များများသိလို့ ဘာမှမကောင်းဘူးလို့ ပြောသည်။ ဒါပေမဲ့ အကိုလေး၏ ဝမ်းနည်းနေသောမျက်နှာကိုမြင်ရတာ လဲ့ရည်ကိုမပျော်မရွှင်ဖြစ်စေသည်။ ထိုလူတွေလာပြီးနောက်ပိုင်းမှ အကိုလေး၏မျက်နှာမှာ အရယ်အပြုံးတို့ နည်းသွားရတာဖြစ်သည်။ ဒါတွေဟာ လဲ့ရည်ရှေ့က အကိုငယ်လေးကြောင့်မှန်း လဲ့ရည် သိသည်။
လဲ့ရည်ဟာ အမြဲအေးစက်စက်နေသော အကိုငယ်လေးထက် သူတို့မောင်နှမအပေါ်အမြဲနွေးထွေးပေးတတ်သည့် အကိုလေးကိုသာ ပိုချစ်သည်။ အကိုလေးကို ဝမ်းနည်းအောင်လုပ်သော အကိုငယ်လေး ဒီတစ်ကြိမ်တော့ လဲ့ရည် စိတ်ဆိုးပါသည်။
“ငါ့ အကိုရော?”
လဲ့ရည်ကိုကြည့်ကာ အကိုငယ်လေးက မေးသည်။
“အပေါ်ထပ်က အကိုငယ်လေးအခန်းမှာ ရှိမယ်လို့ ပြောတယ်”
“အင်း…”
ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး အကိုငယ်လေး လှေကားရှိရာ ထွက်သွားသည်။ လဲ့ရည် မကျေနပ်ပါ။ အကိုငယ်လေးဟာ ဆိုးသည်။
“အကိုငယ်လေး…”
မိုးရိပ် အပေါ်တတ်ခါနီးခြေလှမ်းတို့ကိုရပ်ကာ ဘာပြောမလိုလဲဆိုသော မျက်နှာထားဖြင့် လဲရည်ကို လှည့်ကြည့်လိုက်သည်။
“အကိုငယ်လေးကြောင့် အကိုလေးဝမ်းနည်းနေရတယ်။ အကိုငယ်လေးဘာလုပ်လိုက်မှန်း လဲ့ရည်မသိပေမဲ့ အကိုလေးကို ဝမ်းနည်းအောင်လုပ်တာတော့ အကိုငယ်လေးမှားတယ်။ နောက်ကျရင် အဲ့လိုထပ်မလုပ်ရင် ပိုကောင်းမယ်”
မိုးရိပ်၏ မျက်ခုံးစွန်းတို့ အပေါ်ပင့်တတ်သွားသည်။
အခု… သူ အဆူခံလိုက်ရတာလား?
ညီမဖြစ်သူ မဆင်မခြင် ပြောလိုက်သောစကားတွေကြောင့် အကိုငယ်လေးဖြစ်သွားသောမျက်နှာကိုကြည့်ရင်း ဖိုးဝ ရင်ထဲထိတ်သွားမိသည်။ ကမန်းကတမ်းပင် ညီမဖြစ်သူကို ပြေးဆွဲရင်း အကိုငယ်လေးကိုလည်း စိတ်မဆိုးစေရန် တောင်းပန်ရသည်။
“ဟဲ့… နင်ဘာတွေပြောနေတာလဲ?! စိတ်မရှိပါနဲ့အကိုငယ်လေး လဲ့ရည်က ကလေးပဲရှိသေးတော့ အပြောမတတ်လို့ပါ။ နားလည်ပေးပါနော်။ ကျွန်တော်ကပဲ တောင်းပန်ပါတယ်။ နောက်ထပ် ဒီလိုမဖြစ်စေရပါဘူး။ ကျွန်တော်သေချာ ဆုံးမထားလိုက်ပါမယ်ခင်ဗျ”
ဖိုးဝနဖူးထက် ချွေးအေးတို့ စိုစွတ်လာသည်။ အခုထိ စိတ်ပြေဟန်မရှိသော ညီမဖြစ်သူကိုလည်း လက်မောင်းတို့ကို အသာဖိညစ်လိုက်ကာ သတိပေးလိုက်ရသည်။
တော်သေးလို့ အကိုငယ်လေးက ဘာမှ ထပ်မပြောတော့ပေ။ လှေကားဆီကိုသာ မျက်နှာပြန်လှည့်၍ ဒုတိယထပ်က သူ့အခန်းရှိရာဆီသို့သာ တတ်သွားတော့သည်။
အကိုငယ်လေးထွက်သွားမှ ဖိုးဝ သက်ပြင်းမောတို့ချနိုင်ကာ ညီမဖြစ်သူကို မိးဖိုချောင်ဘက်ဆွဲ ခေါ်လာရသည်။ ဒီကလေးမဟာ အဆင်အခြင်မဲ့လွန်းသည်။ ဒီတစ်ခေါက်တော့ မှတ်လောက်သားလောက်အောင် သူဆူမှ ဖြစ်မည်လေ။
“နင်… ဘာလုပ်တာလဲ? ဘယ်လို သတ္တိနဲ့များ အကိုငယ်လေးကို ဆူဖို့တွေးရဲရတာလဲ? နင် ရူးသွားပြီလား? ဦးနှောက်မရှိတော့ဘူးလား? သေချင်နေတာလား… ဟမ်!”
“အကိုငယ်လေးက အကိုလေးကို ဝမ်းနည်းအောင်လုပ်တာကိုး”
လဲ့ရည်ဟာ နှုတ်ခမ်းတို့ကိုဆူ၍ မကျေနပ်သေးဟန် ပြော၏ ။
“အဲ့တာ နင်နဲ့ဘာဆိုင်လဲ? အကိုငယ်လေးမလိမ္မာရင် အကိုလေးကိုယ်တိုင် သူ့ကိုဆူလိမ့်မယ်။ နင်နဲ့ ဘာမှမဆိုင်ဘူး။ ငါပြောတာ နားလည်လား လဲ့ရည်!”
လဲ့ရည်ဟာ ပြန်မဖြေ။ ဆူပုတ်ပုတ်မျက်နှာဟာ သူမ စိတ်ဆိုးနေသေးကြောင်းကို ပြနေသည်။ ဖိုးဝ ခေါင်းကိုက်သွားသည်။
“ငါတို့လို အလုပ်သမားတွေက ကိုယ့်အဆင့်ကိုယ်သိရမယ်။ အလုပ်ရှင်တွေရဲ့ ကိစ္စတွေမှာ နေရာတကာ လိုက်စွက်ဖက်နေလို့မရဘူး။ အထူးသဖြင့် အခုလိုဆက်ဆက်ထိမခံတဲ့အခြေအနေတွေမှာ ပိုပြီးသတိထားသင့်တယ်။ လဲ့ရည်… ညီမလေး ကိုကြီးပြောတာနားထောင်။ ကိုကြီးမှာ ညီမလေးတစ်ယောက်ထဲပဲရှိတာ။ ညီမလေးသာ တစ်ခုခုဖြစ်သွားရင် ကိုကြီး အဖေနဲ့ပြန်တွေ့တဲ့အခါ ဘယ်လိုမျက်နှာပြရမလဲ? ကိုကြီးရင်ကျိုးလိမ့်မယ်”
အကိုဖြစ်သူ၏ စိုးရိမ်ပူပန်မှုအပြည့်နှင့်မျက်နှာကိုမြင်ရတော့လည်း လဲ့ရည်စိတ်မကောင်းပေ။ ဘယ်လိုပဲပြောပြော ကိုကြီးက အခု စိတ်ပူလို့ ပြောနေတာမှန်း လဲ့ရည်သိသည်။ ပြေးကြည့်မှ ဒီမောင်နှမ နှစ်ယောက်တည်းရှိတာဆိုတော့လည်း ဒီတစ်ခါတော့ လဲရည်ပဲ အလျှော့ပေးလိုက်ပါမယ်လေ။
“အင်းပါ… ညီမလေး နောက်သတိထားပါ့မယ်”
ဖိုးဝ အခုမှ အသက်ရှူချောင်တော့သည်။ ဘာကတိမှမရတာထက်စာရင် ဒါက တော်သေးသည်လေ။
“ခုနက ညီမလေး နွားနို့ကျိုနေတာမလား၊ လုပ်လိုက်ဦး။ အကိုလေးစောင့်နေဦးမယ်”
“အွန်း…ကိုကြီး”
လဲ့ရည် နွားနို့ခွက်ကိုကိုင်ပြီး အပေါ်တတ်လာတော့ ရုတ်တရက်ဆိုသလို အကိုငယ်လေးအခန်းထဲမှ ပစ္စည်းတစ်ချို့ကျကွဲသံကြားလိုက်ရသည်။ လဲ့ရည်လန့်သွားမိသည်။ တစ်ဆက်တည်းဆိုသလို အကိုလေး၏ အသံမှာ အခန်းထဲက ထွက်လာလေသည်။
“ဒါဆို မင်း ငါ့ကိုဖြေရှင်းချက်ပေးလေ။ ဒီရက်တွေမှာ မင်းဘယ်ရောက်နေခဲ့တာလဲ? အိမ်က စိတ်ပူနေမှန်းသိရက်နဲ့ ဘာလို့ အဆက်အသွယ် တစ်ခုလေးတောင်မလုပ်တာလဲ? ဘာလို့ မင်းပျောက်သွားတဲ့ အချိန်က အဲ့ဒီနစ်နာသူ ပြန်ပေးဆွဲ ခံရတဲ့အချိန်နဲ့ တိုက်ဆိုင်နေရတာလဲ? ဖြေလေ ငါ့ကို!!!”
ခါတိုင်းတိုးညှင်းပျော့ပြောင်းသော ကိုလေး၏ အသံမှာ စိတ်တိုနေ၍ထင်သည်။ မာကြောကာ စူးရှနေသည်။
“ဟက်…! ကျွန်တော်ကဘာတွေ ဖြေရှင်းချက်ပေးရမှာလဲ? ကျွန်တော်ဘာပဲပြောပြော ကိုကိုက ယုံမှာမို့လို့လား?”
“မင်း ယုံနိုင်လောက်စရာ အကြောင်းပြချက်ကိုပေးရင် ငါယုံမှာပေါ့!”
“ကိုကိုထင်ချင်သလိုထင်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုကို ကျွန်တော့်ကို သံသယဝင်ပြီးနေပြီပဲ”
“မင်းကွာ… မင်း!!!”
ထွက်ပေါ်လာသော အကိုလေး၏အသံကား ကြိတ်မနိုင်ခဲမရစွာ။ လဲ့ရည် မိန်းကလေးပီပီ ဟနေသော တံခါးကြားမှ အသာချောင်းကြည့်လိုက်သည်။ အသေအချာအများကြီးမမြင်ရပေမဲ့ တံခါးကိုနောက်ကျောပေးကာ ဝှီးချဲပေါ်ထိုင်နေသည့် အကိုလေးကိုမြင်ရသည်။ ဝှီးချဲလက်တင်ပေါ်ရှိအကိုလေး၏ လက်တွေမှာ စိတ်တိုနေမှန်းသိသာစွာ လက်သီးတို့ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အကိုလေး၏မျက်နှာချင်းဆိုင်ဘက်မှ မြင်နေရသော ဂျင်းအင်္ကျီလက်အစွန်းထွက်ကို ကြည့်ခြင်းဖြင့် တစ်ဖက်ကလူက အကိုငယ်လေးမှန်းသိသာသည်။
“အကိုအရင်းကတောင် မယုံတာ ကျွန်တော်ဘာလုပ်နိုင်ဦးမှာလဲ? ပြောစရာရှိတာတွေ ပြီးပြီးဆို ထွက်သွားပေးပါလား၊ ကျွန်တော် ခရီးပမ်းလာလို့ နားချင်ပြီ”
လေရိပ် အသက်ကိုပြင်းပြင်းရှူရင်း စိတ်ကိုလျှော့လိုက်သည်။ သူ့အခြအနေက ဒေါသဖြစ်ပြီး စိတ်လှုပ်ရှားလွယ်လို့ မကောင်းဘူးမလား။
“ကောင်းပြီ။ မင်းအခုငါ့ကိုဘာမှမပြောချင်ရင်တောင် မနက်ဖြန် ရဲစခန်းမှာ စုံထောက်ကြီးတို့ကို မင်းကိုယ်တိုင် အစအဆုံးပြောရမယ်။ သူတို့တွေ ယုံကြည်နိုင်လောက်မယ့် ဆင်ခြေကို မင်းရှာထားဖို့လိုမယ်”
လေရိပ် လိုတာပြောပြီးသည်နှင့် ဘီးလုံးတွေကိုတွန်းကာ အပြင်ထွက်လာလိုက်သည်။ ဒီထက်ပိုပြီးတော့လည်း ဒီအခန်းထဲမှာ သူမနေချင်တော့ပေ။
မိုးရိပ်၏အခန်းထဲက ထွက်လာချင်း အပေါက်ဝမှာ နွားနို့ခွက်လေးကိုင်ကာရပ်နေသော လဲ့ရည်ကိုတွေ့လိုက်ရသည်။
“ဟို… ဟို လဲ့ရည် အခုမှရောက်တာပါ။ လဲ့ရည်ဘာမှမကြားလိုက်ပါဘူး၊ ကျိန်ဆို ကျိန်ပါ့မယ်”
လဲ့ရည်ပုံစံကား ခိုးနားထောင်နေတာကို လူမိသွားသည့်အလား တုန်တုန်ရင်ရင်နှင့်ကြောက်လန့်နေရှာ၏ ။
“နွားနို့ခွက်ကို ငါ့အခန်းမှာပဲထားလိုက်ပါ။ ခဏနေကျရင် ဖိုးဝကို မိုးရိပ်အခန်းတစ်ချက်ရှင်းဖို့ ပြောလိုက်ဦး။ ဖန်ကွဲစတွေရှိတာမို့ အန္တရာယ်ကင်းအောင် လက်အိတ်နဲ့ ပလက်စတစ်အိတ်အထူယူခဲ့ခိုင်းလိုက်”
“ဟုတ်… ဟုတ် အကိုလေး”
ပြောပြီးသည်နှင့် အကိုလေးကား ကြိုးဓာတ်လှေကားဘက် ထွက်သွားလေသည်။ လဲ့ရည်လည်း နွားနို့ခွက်ကိုကိုင်ကာ အောက်ပြန်ဆင်းရင်း အကိုလေးခိုင်းတာ လုပ်ဖို့ ပြင်ရသည်။
လဲ့ရည်ပြောလို့ ဖိုးဝလည်းလိုအပ်တာတွေယူပြီး အပေါ်ထပ်ကိုတတ်လာလိုက်၏ ။ သူတံခါးခေါက်ဖို့ ကြိုးစားရုံပဲရှိသေး တံခါးပွင့်သွားကာ အခန်းထဲမှ အကိုငယ်လေးထွက်လာတော့ လန့်သွားမိသည်လေ။
တကယ်ကိုပဲ အကိုငယ်လေးရဲ့ အေးစက်စက်မျက်နှာက ဘယ်အချိန်မဆို သူ့ကို ဝိဉာဥ်လွင့်စေဖို့ လုံလောက်တယ်။
“အ… အကိုငယ်လေး…၊ အကိုလေးခိုင်းလို့ ကျွန်တော်က သန့်ရှင်းရေး လုပ်…”
“ငါအပြင်ခဏသွားဦးမယ်။ မင်းဘာသာမင်း ဝင်ရှင်းလိုက်တော့”
“ဟုတ်… ဟုတ်”
အကိုငယ်လေးက စကားအပို ထပ်မဆိုဘဲ လှေကားမှဆင်းကာ ထွက်သွားလေသည်။ ဖိုးဝ သက်ပြင်းသာချမိသည်။ ဒီနေ့တစ်ရက်တည်းနဲ့တင် သူ သက်ပြင်းချရတာ ဘယ်နှစ်ခါရှိပြီမှန်း မသိတော့ပေ။
ဟူးးးး…… ဒီက အချောလေးစိတ်မောတယ်…။ ။