Volume(1) The Beginning
အပိုင်း – (၅)
~~~~~~~
“ငါ့သားပျောက်တဲ့အမှုကို ကိုင်တွယ်နေတဲ့ အမှုလိုက်က ဘယ်သူလဲ? ချက်ချင်း ငါ့ရှေ့ကိုလာဖို့ပြောလိုက်.. အခုချက်ချင်း!!!”
ရဲစခန်းတစ်ခုပီပီ ဘယ်တော့မှ တိတ်ဆိတ်ငြိမ်သက်ခြင်း ဟူ၍မရှိပေမဲ့ ဒီတစ်ခေါက်ဖိအားမှာ အတော်လေးပြင်းထန်နေ၏ ။ အောက်ခြေရဲသားမှအစ စခန်းမှူးအလယ် ရဲမင်းကြီးအဆုံး အမိန့်ဆန်ဆန် စကားတစ်ခွန်းအောက် ပြာယာခတ်နေကြရှာသည်။
ဒီတစ်ခေါက် အမှုက ကြီးသည်။ လက်ရှိအာဏာရပါတီ၊ နာမည်ကျော် ရွေးကောက်ခံအမတ်၏ သား ပျောက်ဆုံးနေသည်မှာ (၅)ရက်ခန့်ပင်ရှိပြီ ဖြစ်ပြီး အခုထိတိုင် သဲလွန်စတစ်ခုတစ်လေရဖို့ရန်မပြောနှင့် အသိပေးချက်တစ်ခုတောင် ရရှိမနေပါပေ။ ဒီရက်အတွင်း ငွေရရှိဖို့ရန် ပြန်ပေးသမားမှ ဆက်သွယ်ခြင်းမရှိသည့်အတွက် ငွေအတွက်ပြန်ပေးဆွဲခြင်းလည်း မဖြစ်နိုင်။ တစ်ဦးတည်းသော သားဖြစ်သည်နဲ့အညီ အမတ်မင်း၏ စိတ်ခံစားချက်မှာလည်း သာမာန်ထက်ပို၍ ပြင်းထန်နေပုံရ၏ ။ မနက်ထဲကပင် တာဝန်ကျရာ ရဲစခန်းသို့ရောက်လာပြီး သောင်းကျန်းနေသည်လေ။
“ငါပြောတာ နားမလည်ဘူးလား? အခုချက်ချင်းခေါ်ခဲ့လို့ ပြောနေတယ်လေ။ ဘာလဲ ငါ့စကားကိုလျစ်လျူရှူတာလား… ဟုတ်လား။ လူအိုကြီးတစ်ယောက်ရဲ့ စကားမို့ နားမထောင်ချင်ဘူးပေါ့၊ စောက်သုံးမကျတဲ့ကောင်တွေ။ ငါ့သားသာ တစ်ခုခုဖြစ်ရင် မင်းတို့ထဲကဘယ်ကောင်မှ အေးဆေးနေရမယ်မထင်နဲ့!!!”
“တတ်နေခ ဘယ်မှာလဲ?”
ရဲမင်းကြီးခမျာ သောင်းကျန်းနေသော အမတ်မင်းမသိအောင် ဘေးနားက စခန်းမှူးအနားကပ်ပြီး တိတ်တိတ်လေးမေးရှာသည်။ စခန်းမှူးမှာလည်း မျက်နှာမကောင်းလှ။ ငိုမဲ့မဲ့ ရုပ်နှင့် ဖြေရှာ၏ ။
“မသိပါဘူး…”
“တယ်… ဒီကောင်ကလည်း ဒီလိုအချိန်မှ ပျောက်နေရသလား။ ဒီလောက်အရေးကြီးနေတာကို နားမလည်ဘူးလား? မြန်မြန်တစ်ယောက်ယောက်ကိုအရှာလွှတ်လိုက်၊ မဟုတ်ရင် မင်းရောငါရော ဒီနေ့ စျာပနာပွဲကျင်းပနေရလိမ့်မယ်”
“ရဲမင်းကြီး ကျွန်တော့်ကို ရှာတယ်ဆိုလို့”
ရဲမင်းကြီးဆုတောင်းတို့ ပြည့်သွားရှာဟန်တူသည်။ မောင်မင်းကြီးသား တတ်နေခ အသက်ရှည်ဦးမည်။ ပြောနေရင်းပင် တံခါးမှဝင်ရောက်လာသည်လေ။
တတ်နေခ အထဲဝင်လာလေတော့ သောင်းကျန်းနေသည့် အမတ်မင်းအာရုံမှာ တတ်နေခထံရောက်ရှိလာ၏ ။ ရဲမင်းကြီးမှာ အလျင်အမြန်မိတ်ဆက်ပေးဖို့ ပြင်ရသည်။
“အမတ်မင်းခင်ဗျ။ ဒါက အမတ်မင်းရဲ့သားပျောက်ဆုံးမှူကိုတာဝန်ယူထားတဲ့ အပြည်ပြည်ဆိုင်ရာ စုံထောက် တတ်နေခပါ။ နေခရေ ဒါက ရွေးကောက်ခံအမတ်မင်း ဝန်ကြီး ဦးထွန်းမင်းသစ်ပဲ”
“အလေးပြု… အပြည်ပြည်ဆိုင်ရာစုံထောက် အထူးစုံစမ်းရေးအဖွဲ့(၂)ရဲ့ အဖွဲ့မှူး တတ်နေခ လို့ခေါ်ပါတယ်”
ဦးထွန်းမင်းသစ်က တတ်နေခကိုစေ့စေ့ကြည့်သည်။ ရှိန်လောက်စရာသူ့အကြည့်အောက်တွင် ထိုကောင်လေးသည် ဟန်မပျက် မြဲမြဲမြံမြံနေနိုင်၏ ။ တောင့်တင်းသောခန္ဓာကိုယ်ကား လေ့ကျင့်ခန်းများလုပ်ထားကြောင်း သိသာစေသည်။ စူးရှနေသောအကြည့်တို့က ပြတ်သားခြင်း၊ မှန်ကန်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ထင်ဟပ်နေသည်။ ပုံမှန်အချိန်ဆိုလျှင် ဒီကောင်လေးမှာ ပထမဆုံးတွေ့ဆုံခြင်းမှာတင် သူ့ဆီက သဘောကျမှုနှင့် ချီးကျူးမှုကို ရရှိနိုင်သော်လည်း တွေ့ဆုံချိန်မှားရှာသည်။ လက်ရှိတွင်တော့ ဦးထွန်းမင်းသစ်အတွက် သူ၏အဖိုးတန်သား သျှားမင်းသစ်လောက် ဘယ်အရာမှ အရေးမကြီးပေ။
“မင်းက ငါ့သားအမှုကို တာဝန်ယူပေးနေတဲ့ စုံထောက်လား?”
“ကျွန်တော်က Nothing အမှုကိုပဲ တာဝန်ယူပါတယ်”
အမတ်မင်း၏ မျက်နှာမှာ မည်းခနဲ။
ရဲမင်းကြီးမှာ သံပုရာသီးစားလိုက်ရသလို ခံစားသွားရသည်။ အင်အားကြီးလှပါသော အမတ်မင်းကြီး အထင်လွဲ စိတ်ဆိုးမှာ ကြောက်သဖြင့် ကြားထဲက သူပဲ အမြန်ဝင်ရှင်းဖို့လုပ်ရသည်လေ။
“ဒီလိုပါ အမတ်မင်းရဲ့သား ပျောက်ဆုံးမှူဟာ ဒီရှေ့က အမှုများလို ဘာသက်သေ အချက်အလက်မှမကျန်တာကြောင့် Nothing ကျူးလွန်တာလို့ပဲ ယူဆရပါတယ်ခင်ဗျ။ အဲ့တာကြောင့် အဖွဲ့မှူးတတ်နေခ တာဝန်ယူထားတဲ့ Nothing အမှုတွဲထဲကနေ စုံစမ်းနေတာပါ”
ရဲမင်းကြီး၏ စေတနာပါပါရှင်းပြမှုအဆုံး အမတ်မင်း ဦးထွန်းမင်းသစ်မှာ မျက်နှာမည်းရုံတင်မဟုတ် ပြာပါတတ်လာသည်။
“ပြောချင်တဲ့သဘောက ငါ့သားပျောက်တဲ့ကိစ္စကို ဘာမဟုတ်တဲ့ သာမာန်အမှုတွေနဲ့ရောပြီး ပြီးစလွယ်လုပ်တယ်ပေါ့လေ။ အဲ့တာကြောင့် အခုထိ ငါ့သားကို ရှာမတွေ့တာပေါ့လေ… အဲ့လိုလား?”
“အဲ… ဟို မဟုတ်…”
“Nothing အမှုက ဘာမဟုတ်တဲ့ သာမာန်အမှုမဟုတ်ပါဘူး၊ အရမ်းတော်ပြီး အနည်းဆုံး IQ 200 လောက်ရှိနိုင်တဲ့ Psychopath တစ်ယောက်ရဲ့ ကွင်းဆက်လူသတ်မှုပါ။ ဒီရှေ့မှာ ခြေရာလက်ရာမကျန်ဘဲ သေဆုံးတဲ့ အလောင်း လေးလောင်းရှိခဲ့ပြီးတော့ အခု နစ်နာသူ သျှားမင်းဆက်ရဲ့ပျောက်ဆုံးမှုဟာလည်း ရှေးယခင် နစ်နာသူတွေ မဆုံးပါးခင်က အဖြစ်အပျက်မျိုးနဲ့ တစ်ပုံစံတည်းထပ်တူ တူညီနေခဲ့ပါတယ်”
တတ်နေခရဲ့ စကားအဆုံး ဦးထွန်းမင်းသစ်ရဲ့ အေးစက်စက်အကြည့်တို့မှာ တတ်နေခဆီရောက်လာ၏ ။
“အဲ့ဒီတော့ ငါ့သားရဲ့ အခုအခြအနေက စိုးရိမ်ရတယ်ပေါ့လေ”
“ဟုတ်ပါတယ်”
“အဲ့ဒီလို စောက်ရမ်းအရေးကြီးနေတဲ့အချိန်ဆိုရင် မင်းတို့က အခုချက်ချင်းသွားမရှာဘဲ ဒီမှာ ဘာလုပ်နေကြသေးတာလဲ ဟမ်!!!”
တတ်နေခ၏ မြဲမြံသော ပုံစံမှာ မပြောင်းမလဲပါပေ။
“Nothing ရဲ့ အဓိကထူးခြားမှုက ဘာမှမကျန်တာပါ၊ အားနာပေမဲ့ ကျွန်တော်တို့မှာ ရှာဖွေမှုနယ်ပယ် မတွက်ချက်နိုင်တဲ့ အနေအထားပါ”
“ငါစိတ်မဝင်စားဘူး…!!! ငါ စိတ်ဝင်စားတာက ငါ့သား ငါ့ရှေ့ကို အသက်အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာဖို့ပဲ! သက်သေရှိရှိ မရှိရှိ ဘာအရေးလဲ?! သက်သေမရှိလဲ တစ်မြို့လုံးကို ကြွက်တွင်းပါမကျန် မြေလှန်ရှာပြစ်!!! လူအင်အား မလောက်ဘူးလား? တစ်မြို့လုံးမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မဖြစ်မနေအမိန့်နဲ့ အကုန်ခေါ်သွား!!! ငါ့သားကိုသာ ဘာထိခိုက်ဒဏ်ရာမှ မရှိစေဘဲ အိမ်ပြန်ခေါ်ခဲ့! ကြားလား!!!”
တတ်နေခ အသက်ပြင်းပြင်းသာ ရှူထုတ်လိုက်မိသည်။ မိဘတစ်ယောက်ရဲ့ ပူလောင်မှုကို နားလည်ပေမဲ့ ကျိုးကြောင်းမဆီလျှော်သော အထက်လူကြီးနဲ့ တွေ့ရသည်မှာ ပင်ပန်းလှ၏ ။ သူ ပြန်မဖြလိုက်နိုင်ခင်မှာတင် သတင်းပို့ ရဲသားလေးတစ်ယောက်ဟာ ကြောက်ကြောက်လန့်လန့်နှင့် အခန်းထဲ ဝင်လာလေသည်။
“ဟို… အဖွဲ့မှူးခင်ဗျ”
အားလုံးသော ရာထူးကြီးသူများ၏ အာရုံက ထိုရဲသားလေးအပေါ်ရောက်ရှိလာတော့ သူ့ခမျာ ကြောက်လွန်းသဖြင့် တုန်တတ်သွားမိသည့်အထိ။ ဤအခန်းထဲက လူတစ်ဦးတစ်ယောက်သော်မျှ သူအပြစ်လုပ်လို့ ကောင်းသောသူတွေ မဟုတ်ပါပေ။
“ဘာကိစ္စရှိလို့လဲ?”
တုန်ရီနေသော ထိုရဲသားလေးမှာ အကြောင်းအရာပျောက်သွားသည့်အလား ရာထူးအမည်ခေါ်ပြီး တိတ်ဆိတ်နေလေတော့ စခန်းမှူးက နားလည်စွာ လမ်းကြောင်းဖွင့်ပေးသည်။
ထိုအခါမှ ရဲသားလေးသည် တုန်တုန်ယင်ယင်ဖြင့်ပင် အခန်းထဲဝင်လာရင်း ရှိသမျှလူအားလုံးကို ပတ်ပြီး အလေးပြုရှာသည်။ ပြီးလျှင် တတ်နေခ နားနားကပ်ကာ နှစ်ကိုယ်ကြားအသံဖြင့် တိုးတိုးသတင်းပို့ပြီး တိုက်ပွဲပြင်းထန်နေသော ထိုအခန်းထဲမှ နောက်ကျတဲ့ ခြေထောက်၊ သစ္စာဖောက်မှတ်ကာ တစ်ချိုးထဲ လစ်ပြေးတော့သည်လေ။
“ဘာြဖစ်လို့တဲ့လဲ?”
အမတ်မင်းဆူနေတုန်းတောင် တစ်ချက်မပျက်သော တတ်နေခ၏မျက်နှာသည် ရဲတပ်သားငယ်ထံမှ သတင်းစကားကြောင့် အံ့ဩရိပ်တို့ ဖြတ်သန်းသွားပုံမြင်တော့ စခန်းမှူးမှ အမေးရှိလာ၏ ။
တတ်နေခ မယုံနိုင်ဟန် မျက်ဝန်းများနှင့် မျက်မှောင်အသာကြုပ်ကာ စခန်းမှူးနှင့် စိတ်ဝင်စား သိချင်နေဟန်ရှိသော ရဲမင်းကြီးတို့နှစ်ယောက်ကို ကြည့်လိုက်ပါရင်း….
“Nothing အမှုရဲ့ နံပါတ်တစ် သံသယရှိသူက စခန်းကို ကိုယ်တိုင်ထွက်ဆိုချက်ပေးဖို့ ရောက်လာတယ်တဲ့”
“ဘာ…!!!”
“ဘာ…!!!”
အာမေဋိတ်သံဟာ ထို(၂)ယောက်လုံးမှ ထွက်ရှိလာခြင်း။
တတ်နေခ ချက်ချင်းပင် အပိုစကားတို့မဆိုပါဘဲ ခေါင်းငုံ့အရိုအသေပြုကာ ထိုနေရာမှ ထွက်လာခဲ့သည်။
အခန်းထဲမှ ထွက်ထွက်ချင်း အိတ်ထောင့်ထဲမှ ဖုန်းကိုထုတ်ကြည့်လိုက်တော့ နိုင်ဇော် ခေါ်ထားသည်မှာ မနည်းမနောပင်။ တတ်နေခ ရဲမင်းကြီးရုံးခန်းထဲဝင်ရမှာဖြစ်သောကြောင့် ဖုန်းကို အသံပိတ်ထားခဲ့တာ မှားသွားသည်။ သူ ဖုန်းပြန်ခေါ်တော့ နိုင်ဇော်ဟာ ချက်ချင်းကိုင်၏ ။
“မင်းဘယ်မှာလဲအခု ဘာလို့ အဲ့လောက်တောင်ဖုန်းခေါ်မရတာလဲ?”
“Sorry ကွာ၊ ငါ ဒီမှာ အရေးပေါ်အခြေအနေလေးဖြစ်သွားလို့။ ဘာတွေဖြစ်ကုန်တာလဲ?”
“ညနေစောင်းလောက်မှာ သူအိမ်ပြန်လာတာ။ ကျောပိုးအိတ် အနက်တစ်လုံးနဲ့ ဂျင်းဝမ်းဆက်နဲ့ပဲ။ မင်း မနေ့က ပြတဲ့ လွန်ခဲ့တဲ့ (၅)ရက်လောက်က သူထွက်သွားတဲ့အတိုင်းပဲ။ သိပ်မကြာဘူး အဝတ်အစားလဲပြီးတော့သူပြန်ထွက်လာတယ်။ ငါ အဲ့ကတည်းက မင်းကိုတောက်လျှောက်ဖုန်းခေါ်နေခဲ့တာ။ ငါနောက်ယောင်ခံလိုက်ရင်း သူလာတဲ့နေရာက စခန်းဖြစ်လိမ့်မယ်လို့ ဘယ်ထင်မှာလဲ?”
“သူ အခုဘယ်မှာလဲ?”
“စုံစမ်းစစ်ဆေးရေးအခန်းထဲမှာ”
“သိပြီ”
တတ်နေခ အခန်းထဲရောက်ရောက်ချင်းမြင်လိုက်ရသည်က တစ်ဖက်မြင်မှန်အမည်းကိုဖြတ်၍ စစ်ဆေးရေးအခန်းရှိ ခုံတွင် အေးဆေးသက်သာစွာ ထိုင်နေသော ပုံရိပ်လေးကိုပင်။
“ဘာတွေမေးထားပြီးပြီလဲ?”
“မေးလို့မရဘူး။ သူ့ကို သံသယရှိသူလို့ စွတ်စွဲတဲ့သူလာမှ ဖြေမယ်ဆိုလို့”
နိုင်ဇော်ကလည်း တစ်ဖက်မှန်ကိုဖြတ်ကာ စိုက်ကြည့်နေရင်းဖြေသည်။
“ငါ ဝင်သွားလိုက်မယ်”
“သတိထားဦး”
“အင်း”
တတ်နေခ ဝင်လျှင်ဝင်ခြင်း တစ်ဖက်လူက စားပွဲစွန်းကိုစိုက်ကြည့်နေရာမှ သူ့ကိုမော့ကြည့်လာ၏ ။
မျက်ဝန်းဝိုင်းကြီးတွေ…။ တတ်နေခ စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားမိသည်။
ဟင့်အင်း… သူက လေရိပ်မဟုတ်ဘူး။ လေရိပ်ရဲ့ မျက်ဝန်းဝိုင်းတွေက နွေးထွေးပြီး တောက်ပတယ်။ တစ်ခါတစ်လေမှာ မှိုင်းညို့တတ်ပေမဲ့ မျက်ဝန်းတွေဟာ လှပနေတုန်းပဲ။
ဒီတစ်ယောက်ရဲ့ မျက်ဝန်းတွေကျ အေးစက်စက်နဲ့ ခံစားချက်မရှိသလိုမျိုး…။ ခြောက်ကပ်ကပ် သူ့အကြည့်တွေမှ အသက်အရွယ်နဲ့မလိုက်အောင် ခြိမ်းခြောက်နိုင်တဲ့ အရှိန်အဝါတစ်ခုကိုခံစားရသည်။
တတ်နေခ မိုးရိပ်ကို CCTV မှတ်တမ်းမှာ မြင်ဖူးခဲ့ပေမဲ့ အပြင်မှာ ရှင်းရှင်းလင်းလင်းမြင်ရတော့ အတော်အံ့သြမိသည်။ အမွှာဆိုသည်မှာ အပိုမဟုတ်။ သူတို့နှစ်ယောက်ဟာ ချွတ်စွတ်တူသည်။ လေရိပ်ကသာ မွေးရာပါ ရောဂါသည်လေးမဟုတ်ခဲ့ရင်၊ နှစ်ယောက်သားသာ အဝတ်တစ်စုံတည်း၊ ပုံစံတစ်မျိုးထဲ ဝတ်ပြီး နေရာတစ်ခုထဲမှာသာ ရှိနေခဲ့ရင် ဘယ်သူက ဘယ်တစ်ယောက်ဆိုတာ ပြောရခက်လောက်သည်။ မသိလျှင် လူတစ်ယောက်ထဲ ဖြစ်နေသလိုပင်။
“ခင်ဗျားက ကျွန်တော့်ကို လူသတ်မှု တရားခံပါလို့ စွတ်စွဲခဲ့တဲ့သူလား?”
မျက်ဝန်းတွေပဲကွာတာမဟုတ်ဘူးပဲ။ အသံလည်းကွာတယ်။ နူးညံ့ပြီးဖျော့တော့တဲ့ အသံနဲ့ မာကြောပြီး ယုံကြည်မှုအပြည့်ရှိတဲ့အသံ။
“ဟုတ်တယ်… ငါပဲ”
တစ်ဖက်က ထိုကောင်လေးဟာလည်းအလျော့မပေးပါပေ။
“ဘာလို့ အဲ့လိုစွတ်စွဲရတာလဲ? ခင်ဗျားမှာသတ်သေရှိလို့လား?”
တတ်နေခ၏ လက်အတွင်းမှ အမှုတွဲဖိုင်ကို စားပွဲပေါ်ြပစ်တင်လိုက်သည်။ ဖိုင်အတွင်းမှ ဓာတ်ပုံအချို့ကား ပြန့်ကျဲကာ ထွက်ကျလာသည်လေ။
“ဇူလိုင်လ ၂၈ရက်နေ့ ည (၉)နာရီ၊ ကြယ်ငါးပွင့် သင်္ဘောဆိပ်ကမ်းမှာ မင်းဘာလို့ရှိနေတာလဲ?”
“အဲ့ဒီနေ့နေ့လည်ပိုင်းက ရုံးမှာလိုအပ်တဲ့ ထုတ်ပိုးမှုအတွက် တရုတ်ပြည်ကနေ မှာလိုက်တဲ့ စက္ကူဘူးတွေရောက်လာလို့ ပစ္စည်းသွားစစ်ခဲ့တယ်။ ပုံနှိပ်ဖို့ စက်ရုံတိုက်ရိုက်ပို့တာမို့ ပစ္စည်းတွေက သာမာန်ထပ်များပြီး ကွန်တိန်တာ (၅)လုံးစာလောက်ဖြစ်သွားတယ်။ ဒီလောက်ပမာဏကို လေယာဥ်တွေ၊ ကားတွေနဲ့ သယ်ဖို့မလွယ်ဘူးလေ။ တစ်ယောက်ထဲ စစ်ရတာဆိုတော့ အလုပ်သိမ်းချိန်က (၈)နာရီကျော်လောက်ဖြစ်နေပြီ။ (၉)နာရီမထိုးခင်လောက်မှ ပြန်လာခဲ့ပေမဲ့ နမူနာပစ္စည်းက ဆိပ်ကမ်းမှာ မေ့ကျန်ခဲ့တော့ ကားပြန်လှည့်ရင်း (၉)နာရီ ကျော်လောက်မှာ ဆိပ်ကမ်းပြန်ရောက်ခဲ့တယ်ထင်တယ်။ နမူနာပစ္စည်းယူရင်းပြန်ထွက်လာခဲ့တာပဲ။ ဘယ်လိုလဲ စုံထောက်ကြီး သိချင်တဲ့ အဖြေ ပြည့်ပြည့်စုံစုံ သိရရဲ့လား?”
“ငါက ဘယ်လို ယုံပေးရမှာလဲ?”
“ဆိပ်ကမ်းက ကုန်ဝင်ကုန်ထွက်စာရင်းတွေ ခင်ဗျားစစ်လို့ရတယ်။ ဆိပ်ကမ်းရဲ့ဌာနပိုင်ရုံးခန်းထဲမှာ ကျွန်တော် ဆိပ်ကမ်းကို အဝင်အထွက်လုပ်ချိန်တွေ ကြည့်လို့ရတယ်။ အတွင်းထဲမှာ CCTV မရှိပေမဲ့ အဓိကလူသွားလမ်းမမှာ CCTV ရှိတော့ ကျွန်တော်လက်ဗလာနဲ့ ဖြတ်သွားပြီး နမူနာပစ္စည်းပုံးနဲ့ ပြန်ဖြတ်လာတာကို အဲ့ကနေ ကြည့်လို့ရလောက်တယ်။ အချိန်တွေကိုလည်း အတိအကျစစ်လို့ရနေမှာမို့ မိနစ်အနည်းငယ်အတွင်း တစ်ယောက်ယောက်ကိုကျွန်တော် ထိခိုက်အောင်လုပ်လာဖို့က ပိုတောင်မဖြစ်နိုင်သေးတယ်”
အမှန်တော့ ဒါတွေက တတ်နေခ သိပြိးသားတွေပင်။ လေရိပ်ထံမှ အိမ်အဝင်အထွက် CCTV မှတ်တမ်းရခဲ့ထဲက မျက်မြင်သက်သေ ဦးလေးကြီးရဲ့ ပြောစကားကိုသွားရောက်စစ်ဆေးခဲ့သည်။ အခု မိုးရိပ်ပြောသွားသည့်အတိုင်း အတိအကျပေ။ ခန့်မှန်းချေ အချိန်တွေတောင်မှ တူနေသေး၏ ။
သံသယအချိန် (၉)နာရီပတ်ဝန်းကျင်မှာတောင် မိုးရိပ်၏ နမူပစ္စည်း ဝင်ယူချိန်ဟာ အသွားအပြန်ပေါင်းမှ (၁၀)မိနစ်သာသာရှိသည်။ မှုခင်းဆေးသိပ္ပံဌာနတွင် အလောင်း၏ ပျှမ်းမျှသေဆုံးချိန်ကို စစ်ပြီးသားမို့ မိုးရိပ်မှာ ထို (၁၀)မိနစ်သာသာအချိန်အတွင်း သတ်လိုက်ဖို့ရာ မဖြစ်နိုင်ပါချေ။
“လွန်ခဲ့တဲ့ (၅)ရက်အတွင်း မင်းဘယ်ရောက်နေခဲ့တာလဲ?”
“Personal Case အတွက်ဆိုရင်ရော ကျိန်းသေပေါက်ပြောပြရမှ ဖြစ်မှာလား?”
နှစ်ယောက်လုံးရဲ့ အကြည့်တွေက စူးရဲစွာ မည်သူ့ဘက်ကမှ အရင်လျော့မည့်ပုံ မပေါ်လေ။
စုံစမ်းစစ်ဆေးခန်းထဲမှ ထိုအခြေအနေကို မှန်တစ်ဖက်ခြမ်းတွင် ရှိနေသည့် နိုင်ဇော် မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
ဘာလို့ ဒီအခြေအနေကြီးက စိတ်ဝင်စားဖိုကောင်းတယ်နေလို့ ထင်မိနေတာပါလိမ့်။ အဟား… နောက်ဆုံးတော့ ငါတို့ရဲ့ ဂျီးနီးယပ်စ် အဖွဲမှူးကို ဖင်ချမယ့်သူ ပေါ်လာပြီ။ ဒါက ပေါက်ပေါက်စားပြီး ထိုင်ကြည့်နေရမယ့်ပွဲပဲ။
“စစ်ဆေးတာဘယ်လိုအခြေအနေရှိလဲ?”
နိုင်ဇော်၏ ပေါက်ကရအတွေးလေးများဟာ ကြာကြာပင်မခံလိုက်၊ တံခါးဖွင့်ကာ ဝင်ချလာသော စခန်းမှူးကြောင့် လေထဲလွင့်ပါသွားရသည်လေ။
စခန်းမှူးတင်မဟုတ်၊ ရဲမင်းကြီးနှင့် တစ်ခြားသက်လက်ပိုင်းအရွယ် လူကြီးတစ်ဦးပါ ပါလာလေသည်။ ဌာနအတွင်း မမြင်ဖူးတာကြောင့် ဘယ်သူလည်းဆိုတာ နိုင်ဇော်မသိပေမဲ့ ရဲမင်းကြီးကိုယ်တိုင် လေးလေးစားစား ဆက်ဆံနေပုံအရ သာမာန်လူတော့မဖြစ်နိုင်မှန်း နိုင်ဇော်မှန်းမိသည်။ မိမိ အပြစ်ပြုလို့ရသူများ မဟုတ်သောကြောင့် နာနာခံခံပင် မိမိနေရာအား ဖယ်ပေးလိုက်ပြီး အနောက်ဘက်မှာသာ ခပ်ရို့ရို့လေးရပ်နေလိုက်သည်။
“သူလား… ငါ့သားကိုပြန်ပေးဆွဲထားတဲ့သူက”
အမတ်မင်း ဦးထွန်းမင်းသစ်၏ အသံမှာ ရေခဲတမျှအေးစက်နေ၏ ။ အကြည့်တို့ကလည်း မီးဝင်းဝင်းတောက်လျက် မှန်တစ်ဖက် စစ်ဆေးရေးခန်းမှ ကောင်ငယ်လေးကို စိုက်ကြည့်လျက်ရှိသည်။
“အတိအကျတော့ပြောလို့မရသေးပါဘူး။ သူက လက်ရှိမှာ ဒီအမှုရဲ့ သံသယအရှိဆုံးလူတစ်ယောက် ဖြစ်နေရုံပါ”
စခန်းမှူးက ပြန်ဖြေ၏ ။ သားဇောကြောင့် အမတ်မင်းဖြစ်နေတဲ့ ခံစားချက်ကို နားလည်ပေမဲ့ မဖြစ်သင့်တာတွေ မဖြစ်အောင်တော့ သူထိန်းရမည်။
“ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ စစ်ဆေးလိုက်ရင်သိမှာပေါ့”
စကားဝိုင်းဟာ တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည်။ အားလုံးရဲ့ အာရုံအလုံးစုံဟာ မှန်တစ်ဖက်ရှိ စစ်ဆေးရေးခန်းထဲမှ လူနှစ်ဦးဆီတွင်သာ စုပုံထားကြသည်။
အခန်းထဲရှိ လူနှစ်ယောက်၏ အခြေအနေတွေဟာလည်း တင်းမာလျက်ရှိနေ၏ ။
“မင်းက လက်ရှိမှာ ကွင်းဆက်လူသတ်မှုရဲ့ အဓိက သံသယရှိသူဖြစ်နေတော့ အခင်းအတွက် သက်မှတ်ထားတဲ့အချိန်အတွင်း မင်းဘယ်မှာရှိနေခဲ့တယ်ဆိုတာ အလီဘိုင်ပြနိုင်ဖို့လိုတယ်”
မိုးရိပ် ခဏတာ တိတ်ဆိတ်သွားသည်။ အံကိုကြိတ်ပြီး သက်ပြင်းချ၏ ။ အေးစက်စက်အကြည့်တို့တွင် အမုန်းတရားတို့ဖြင့် ပြည့်နှက်လာသည်။
“မန္တလေးမှာ ရောက်နေခဲ့တာ”
“ဘာသွားလုပ်တာလဲ?”
“ဒီကမ္ဘာမှာ အသက်ရှင်ဖို့အတွက် မထိုက်တန်တဲ့လူကိုသွားတွေ့တာ”
တတ်နေခ ခေတ္တတိတ်ဆိတ်သွားမိ၏ ။ ဖုန်းကိုအသာထုတ်ကာ ‘မိုးရိပ်တို့နှင့် သက်ဆိုင်သည့်သူ မန္တလေးတွင် ဘယ်သူရှိနိုင်လဲ’ ဆိုတာ နိုင်ဇော့်ဆီ စာပို့ပြီး စုံစမ်းခိုင်းလိုက်သည်။
နိုင်ဇော်က မြန်ပါသည်။ တစ်မိနစ်ပင် မကြာလိုက်သော အချိန်တွင် တတ်နေခ ဖုန်းထဲသို့ သက်ဆိုင်ရာ ဒေတာများရောက်လာခဲ့သည်။ တတ်နေခ တစ်ချက်ကြည့်ပြီး မျက်မှောင်တို့ တွန့်ချိုးသွားသည်လေ။
“မင်းအဖေလား?”
မိုးရိပ်ပြန်မဖြေ အံကိုတိုးလို့သာ ပိုကြိတ်သည်။
တတ်နေခ ဆက်မမေးတော့။ ဒီကိစ္စဟာ မိုးရိပ်အတွက် နာကျင်စရာစိတ်ဒဏ်ရာမှန်း လေရိပ်ပြောပြခဲ့ခြင်းကြောင့် သူသိပြီးသားပင်။
“ပြီးခဲ့တဲ့ (၃)ရက်က သူလွတ်တဲ့နေ့ပဲ”
မိုးရိပ်တို့၏ဖခင် ဦးမိုးဦးဝေသည် လူသတ်မှုဖြစ်သော်လည်း ရှေ့နေအလိုက်ကောင်းမှုကြောင့် မရည်ရွယ်ဘဲ လူသေစေမှုဖြင့်သာ ထောင်ဒဏ်(၇)နှစ်ခန့်ကျခဲ့သည်။ ထိုအချိန်က သူတို့ညီအကိုကို ပြုစုစောက်ရှောက်သူမှ အိမ်တွင်းအကြမ်းဖက်မှု၊ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုတို့နှင့်သာ တရားစွဲမပေးခဲ့ဘူးဆိုလျှင် ဦးမိုးဦးဝေသည် လွန်ခဲ့သော နှစ်များစွာထဲက လွတ်ပြီးလောက်ချေပြီ။ ခုနကလေးတင်မှ သူရရှိခဲ့သော အစီရင်ခံစာတွင် လွန်ခဲ့သော(၃)ရက်က ဦးမိုးဦးဝေတစ်ယောက် လျော့ရက်များနှင့် ထောင်ဒဏ်(၁၄)နှစ်သာ ကျခံပြီး ပြန်လွတ်ခဲ့ပြီဟု တတ်နေခ ဖတ်လိုက်ရသည်လေ။
မိုးရိပ်ဆက်ပြောသည်။
“ကျွန်တော် ဒီသတင်းကို လွန်ခဲ့တဲ့ (၆)ရက်လောက်ကမှရတာ။ သတင်းရရချင်း မန္တလေးကို အပြေးသွားခဲ့တယ်။ ရုတ်တရက်ဖြစ်သွားလို့ ဘာမှပြင်ဆင်ချိန်မရလိုက်ဘူး။ အိမ်ကိုဘာလို့ အဆက်အသွယ်မလုပ်ခဲ့တာလဲဆိုရင် ဒီသတင်း ကိုကို့ကို မသိစေချင်လို့၊ ကိုကိုက အခုမှကျန်းမာရေးအခြေအနေ တိုးတတ်လာခါစ ရှိသေးတယ်။ ဒီကိစ္စကြောင့်နဲ့ သူ့ကို စိတ်မချမ်းမသာ မဖြစ်စေချင်ဘူး”
မိုးရိပ်၏ လေသံတို့တွင် ရန်လိုနေသော အရိပ်အယောင်တွေအစား စိတ်မကောင်းဖြစ်သည့်ပုံက အစားထိုး ဝင်ရောက်လာသည်။
“အခုမင်း စခန်းကို ကိုယ်တိုင်လာထွက်ဆိုချက်ပေးရခြင်းအကြောင်းအရင်းက လေရိပ်အတွက်လား?”
မိုးရိပ်အကြည့်တို့က တတ်နေခဆီ ပြန်ရောက်လာသည်။
“ခင်ဗျားတို့က ဘာသက်သေမှအတိအကျမရှိဘဲ၊ ကျွန်တော့်အိမ်အထိလာပြီးတော့ ကျွန်တော့်ကို လူသတ်သမားလို့ စွတ်စွဲတယ်။ ကျန်းမာခါစ ကျွန်တော့်အကိုကို စိတ်ထိခိုက်အောင်လုပ်ပြီး သတိလစ်တဲ့အထိဖြစ်စေခဲ့တယ်။ ပြောကြည့်… ကျွန်တော်စိတ်မဆိုးသင့်ဘူးလား?”
“မင်းရဲ့ထွက်ဆိုချက်တွေသာ မှန်ကန်မှုရှိခဲ့ရင် ငါတို့ရဲ့အမှားအတွက် မင်းတို့မိသားစုကို စိတ်ရင်းနဲ့ တောင်းပန်ပေးပါ့မယ်”
မိုးရိပ် စိတ်လျှော့လိုက်ဟန်တူသည်။ သက်ပြင်းတို့ချ၏ ။
“ကျွန်တော်စီးခဲ့တဲ့ကားက မန္တလ္လာမင်း။ မနက် (၇)နာရီကား။ အသွားအပြန် အဲ့ကားလိုင်းပဲစီးခဲ့တာမို့ ခင်ဗျားတို့သွားစစ်တဲ့အခါ ကျွန်တော့်ရဲ့ ခရီးသည်အဖြစ်စီးနှင်းမှုမှတ်တမ်းကို တွေ့ရနိုင်တယ်။ ခင်ဗျားကတိ ခင်ဗျားတည်ပါ။ ကျွန်တော်သာ အပြစ်မရှိဘူးဆို ခင်ဗျားကိုယ်တိုင် ကျွန်တော့်အကိုရှေ့ ဝန်ချတောင်းပန်ရမယ်”
“ငါလုပ်မှာပါ”
သူတို့နှစ်ယောက်ပြောနေတုန်းရှိသေး ဝုန်းဆို စစ်ဆေးရေးခန်းတံခါးကြီးပွင့်လာပြီး ပြာတိယာပြာပုံဖြင့် နိုင်ဇော်ဝင်လာလေသည်။
“တတ်နေခ! လှိုင်မြစ်ကမ်းဘေးမှာ အလောင်းတွေ့လို့တဲ့ သတင်းပေးဖုန်းဆက်တယ်။ ကြည့်ရတာ အလောင်းပုံစံက သျှားမင်းသစ်နဲ့ တူတယ်တဲ့”
“ဘာ…!!!”
ထိုသတင်းစကားမှာ တစ်ချို့သောလူများအတွက် ထိတ်လန့်စရာကိစ္စတစ်ခု ဖြစ်နိုင်စေလောက်ပေမဲ့ တစ်ချို့သောသူအတွက်ကတော့ မကြာခင်စတင်တော့မည့် ဖျော်ဖြေရေးပြဇာတ်တစ်ပုဒ်အလား…။
“နောက်ဆုံးတော့…စတင်ခဲ့ပြီပဲ”
ကော့တတ်သွားသော နှုတ်ခမ်းစွန်းထောင့်တို့ဟာ နတ်ဆိုးဆန်စွာ ပြုံးယောင်သန်းနေခဲ့သည်လေ။ ။
~~~~~~~~~~~~
ဩဂုတ်လ၊ (၂၄)ရက်၊ အင်္ဂါနေ့။
ညနေ ၆နာရီ ၄မိနစ်။
လှိုင်မြစ်ကမ်းဘေး ‘သျှားမင်းသစ် (ခ) Rexo’ ဟု ယူဆရသော အလာင်းတစ်လောင်း တွေ့ရှိခဲ့…။ ။
မိုး… လေရိပ်ဆင် (Volume.1 – The Beginning…)
The End of Vol.1
Thanks for reading…
Baby Bunny