Chapter 1
လရိပ်ဆင်သည့်ကကြိုး အပိုင်း (၁)
” ကကြိုး ဟဲ့ကကြိုး နင်ထတော့လေ နေကဖင်ထိုးနေပြီ ”
ကကြိုးမထဲဘဲ အိပ်ယာထဲမှာလူးလိမ့်ပြီး ပြန်အိပ်လိုက်သည်။
” ငါနင့်ကိုကောင်းကောင်းနှိုးတယ်နော် ”
” အာ အမေကလည်းဗျာ တော်ပြီပြန်အိပ်အုံးမယ် ”
” အေးတွေ့မယ် ”
ဒေါ်ရွှေရည်လဲ့အနီးနားကထန်းပလက်ကို ဆွဲပြီး ကကြိုးဖင်ကိုစပ်စပ်လေးရိုက်ပေးလိုက်သည်။
ဖြန်းဖြန်းဖြန်း
” အာ့ အာ့ နာတယ်အမေရ ”
ကကြိုးဖင်လေးကိုပွတ်ပြီး အိပ်ရာမှ ခုန်ဆွခုန်ဆွနှင့်ထလာသည်။
” နာမနေနဲ့ အိပ်ရာသိမ်း ”
” ဟွန့် လူကိုဆိုအားရှိရင်ရိုက်မယ်ဆိုတာချည်း ”
” ဘာရိုက်မယ်ဆိုတာချည်းလဲ မပြောလိုက်ချင်ဘူး လူကဖြင့် ကိုးတန်းရှိပြီ အားရှိတိုင်းပျင်းနေ ”
” အိပ်ရာသိမ်း မျက်နှာသစ်လုပ်ပြီးရင်အောက်မှာ ထမင်းကြော်ထားတာရှိတယ် ”
ဒေါ် ရွှေရည်လဲ့ သားဖြစ်သူကိုဆူပူကြိမ်းမောင်း
ရိုက်နှက်နှိုးပြီးသည်နှင့် ထွက်သွားတော့သည်။
ကကြိုးဆိုတာ သာမန်မိသားစုက မွေးဖွားလာတဲ့ကလေးတစ်ယောက် ။ တောရွာမှာပဲကြီးပြင်းခဲ့ရသည်။ ဖေဖေနဲ့မေမေက အရမ်းမချမ်းသာပေမဲ့ မဆင်းရဲပေ။ သူများတန်းတူထားနိုင်သည်။
ဖေဖေတို့မိသားစုက ဆင်းရဲသည်။ မေမေတို့ကအရမ်းချမ်းသာသည်။ မေမေကတစ်ချိန်က စိန်ဆိုင်ပိုင်ရှင်ရဲ့သမီးတစ်ယောက်။ ဒါပေမဲ့ဖေဖေ့ကိုရွေးခဲ့တာကြောင့် မေမေရဲ့အမေကအမွေပြတ်စွန့်လွှတ်ခဲ့သည်။
မေမေကလည်းမာနကြီးသည်။ ပြန်မခေါ်မချင်းမသွားဘူးဟုဆုံးဖြတ်ကာဒီအိမ်မှာသာဖေဖေနဲ့အတူနေသည်။ အဖွားဆီဘယ်တုန်းကမှမသွားခဲ့။
ဖွားဖွားတောင်ရှိသေးရဲ့လားမသိတော့။ ဒါပေမဲ့မေမေကဖွားဖွားကိုအရမ်းလွမ်းနေတာသိသာသည်။ ခါကြီးရက်ကြီးတိုင်းအမြဲတမ်းသက်ကြီးရွယ်အိုတွေကိုကန်တော့လေ့ရှိသည်။ သင်္ကြန်ဆိုလဲမေမေကထိပ်ဆုံးကပင်ပြုစုပေးသည်။ မေမေလည်း မာနတွေနည်းနည်းလောက်လျှော့လိုက်ရင် အဖွားနဲ့ တွေ့နေမလားပင်။
🍀🍀🍀
နီညိုရောင်ဆည်းဆာပြင်အောက်ဝယ် ကျေးရွာ၏အလှ ကျေးရွာ၏အနံအသက်တို့ကား အသက်ဝင်နေလေ၏။ နေဝန်းနီနီသည်လည်း အနောက်ဘက်အရပ်ရှိ တိမ်စိုင်သားတို့ကြား တဖြည်းဖြည်း ငုပ်လျှိုးဝင်သွား၏။ ကကြိုးတစ်ယောက် ရွာအနှံ့လျှောက်သွားကာ လည်ပတ်နေသဖြင့် ညနေမှောင်ရီချိန်မှ အိမ်သို့ ပြန်ရောက်လာသည် အိမ်ပြန်ရောက်ရောက်ချင်းကြိုဆိုနေသည်ကား မိခင်ဖြစ်သူ၏ ကြိမ်းမောင်းသံပင်။
“အမလေး ကိုယ်တော်ချော လာစမ်းပါဦး နင့်မလဲ ရွာစဉ်ပတ်ပြီးလျှောက်သွားနေတော့တာပဲ ”
ဒီလိုပါပဲ အိမ်ပြန်ရောက်ရင်မေမေ့ရဲ့ပွစိပွစိအသံကိုအရင်ကြားရသည်။
” နင့်ကိုငါတို့ ဒီနှစ် မြို့မှာထားမှာ ငါနဲ့ငယ်ငယ်ကတည်းကကျောင်းနေဖက်သူငယ်ချင်း နင့်အဖေနဲ့လည်းသိတယ် သူ့အိမ်မှာနေရမယ် ”
” အင်းပါ အမေကလည်းခုမှစောကြီးရှိသေးတယ်လေ ”
” စောလည်းရတယ် အဲ့မှာသွားနေလိုက် အားနာစရာမလိုဘူးမနက်ဖြန်သွားမှာအထုပ်ပိုပြင်ထား ”
” ဟုတ်ကဲ့ပါ ”
” ကိုထွန်းမင်း ရှင်ပြောစမ်းပါကျွန်မ ရှင့်သားကြည့်ရတာ အားမရလိုက်တာတကယ်ပါပဲ မိန်းကလေးဆို ဒီလောက်ပြောရခက်မှာမဟုတ်ဘူး မိဘစကားနားထောင်မှာ ”
” ရွှေရည်လဲ့ မင်းနော်မဆိုင်တာဆွဲမထည့်နဲ့ ”
“အဲ့ဒါရှင့်ကြောင့်လေ ရှင်အမြဲကျွန်မနားကပ်ပြီး ယောင်္ကျားမွေးမှာမွေးမှာလို့ပြောလို့ ပြီးတော့ ဘုရားဝတ်ပြုပြီးတိုင်လည်း အမြဲယောင်္ကျားလေးရပါစေဆုတောင်းလို့ ”
” မဆိုင်တာတွေနော် မင်းလည်းရှိရှိသမျှမိန်းကလေးပုံတွေကိုယ်ဝန်လွယ်တုန်းကဆို အခန်းပြည့်ကပ်တာလေ မင်းဘာမင်းလည်းမိန်းကလေးမမွေးဘဲယောင်္ကျားလေးမွေးသေးတယ် ”
ကကြိုးတစ်ယောက် အဖေနဲ့အမေ ရန်ဖြစ်ပြီဆို သူ့ဘက်လှည့်လာနိုင်တာသိလို့ မသိခင်ရှောင်ထွက်လာခဲ့သည်။ အဖေနဲ့အမေကဒီတိုင်းပင် ဒီကလေးမွေးတဲ့ကိစ္စဘက်ရောက်သွားရင်ရန်သတ်ကြတော့သည်။ ပြီးတော့လည်းသူတို့မဟုတ် ပြန်ခေါ်ကြသည်။ ကကြိုးဆိုသည့်နာမည်မှာလည်းမေမေ့လက်ချက်ပင် ။ မိန်းကလေးလိုချင်လှသည့်မေမေက မိန်းကလေးမရတော့ မွေးလာတဲ့သားနာမည်ကို ကကြိုးဟုပေးလိုက်ခြင်းဖြစ်သည်။ဒါသူပေးဖို့စဉ်းစားထားတဲ့နာမည်လေ။ ဖေဖေကတော့ဘာမှမပြောခဲ့ စိတ်ချမ်းသာပြီးရောဆိုပြီးလွှတ်ထားသည်။ဒါတောင်မေမေက တစ်ခါတစ်လေယောင်္ကျားပေးစားမည်ဆိုလို့လန့်ရသေးသည်။
🍀🍀🍀
လရိပ်မာန် စတိုင်လ်ကျကျဝတ်ဆင်ကာ အပြင်ကိုသွားဖို့ခြေလှမ်းတွေပြင်လိိုက်သည်။ ကျောင်းဖွင့်ရင်ဆယ်တန်းမို့ အပြင်မထွက်နိုင်တော့သဖြင့် အခုကတည်းကအဝပျော်နေခြင်းဖြစ်သည်။
” သားမာန် ”
အပြင်သွားခါနီးလှမ်းခေါ်လိုက်သည့်အဖေကြောင့် လရိပ်မာန်ခြေလှမ်းတွေကိုရပ်တန့်ကာ လှည့်ကြည့်လိုက်သည်။
” မနက်ဖြန်ညနေကျရင် ဖေဖေ့ဧည့်သည်တွေလာလိမ့်မယ် ကားဂိတ်ကိုသွားကြိုပေးအုံးဖေဖေကမအားလို့ ”
” ဖေဖေဘာသာပဲ သွားကြိုလိုက်ပါလားဗျာ မနက်ဖြန်သားသူငယ်ချင်းမွေးနေ့ရှိလို့ ”
“ဖေဖေမအားလို့လေကွာ သွားပေးစမ်းပါသားရာ”
အဖေဖြစ်သူကအတင်းတောင်းဆိုနေတော့လည်း လရိပ်မာန်မငြင်းနိုင်တော့။
” အင်း သားသွားကြိုပေးမယ် ဘယ်အချိန်လောက်လဲ ”
” ငါးနာရီလောက်သား ”
” ဟုတ်အဲ့ဒါဆိုသားသွားတော့မယ်နော် ”
မွေးနေ့ပွဲတစ်ခုတော့ အလွတ်ခံရဦးမည်ပေါ့ ။
လရိပ်မာန်စိတ်ထဲမှတွေးလိုက်သည်။
🍀🍀🍀
ကကြိုးတစ်ယောက် ညနေမြို့သွားမည်ကိုမေ့ပြီး အလည်လွန်နေမိသည်။ အခုဆို ငါးနာရီပင်ခွဲလုပြီ ။
” ကကြိုး ”
ကကြိုးအိမ်ပြန်ရောက်သည်နှင့် သူ့အမေရဲ့အော်သံကဆီးကြိုနေသည်။ ကကြိုးလည်းသူ့အပြစ်သူသိသည်မို့ ဘာမှမပြောရဲ။
” ဗျာ ”
အသံသေးနဲ့ ချစ်စရာကောင်းအောင်ထူးလိုက်သည်။
” နင်ဘယ်တွေ အလေလိုက်နေတာလဲ ”
” မေ့သွားလို့ပါ ဟီးဟီး ”
ကကြိုးမိခင်ဖြစ်သူကိုသွားဖြီးပြီးပြောလိုက်သည်။
” သွား နင်မနက်ဖြန်စောစောထဖို့ပြင်ထား ”
” ဟုတ် ”
ကကြိုးကိုယ့်အပြစ်ကိုယ်သိသည်မို့ခြေကုပ်ကာအပေါ်တက်ခဲ့တော့သည်။
လရိပ်မာန် ကားဂိတ်မှာစောင့်နေသည်မှာ အတာ်ပင်ကြာနေပြီဖြစ်သည်။ သို့သော်လည်း လူရိပ်လူယောင်မမြင်ရသေး ။ ၆ နာရီထိုးထိစောင့်နေသော်လည်း လရိပ်မာန်အိမ်သို့သာပြန်လာခဲ့တော့သည်။ စိတ်ထဲမှလည်း ထိုဧည့်သည်တွေကို မကျေနပ် လာကြိုဖို့အတွက် မွေးနေ့ပွဲကိုပင်လက်လွှတ်ခဲ့ရသည်။
” အဖေ့ ဧည့်သည်တွေက တစ်ယောက်မှလည်းမပေါ်လာပါဘူး ရှုပ်တာရှိတာပဲ ”
” သူတို့သားက အလည်လွန်နေလို့တဲ့ နောက်ကျသွားတာ ”
လရိပ်မာန်စိတ်ထဲတင်းခနဲဖြစ်သွားသည်။ စောင့်နေတဲ့လူကိုအားမနာ အလည်လွန်နေသည်တဲ့လေ။ သို့ပေမဲ့ အဖေ့ရှေ့မှာမို့ဘာမှမပြောဘဲထွက်လာခဲ့သည်။
🍀🍀🍀
ကကြိုးဒီနေ့တော့ စောစောထပြီးအမေဖြစ်သူနဲ့ မြို့ပေါ်တက်သွားခဲ့သည်။
” ဟယ် ရွှေရည် နင်ကြိုပြောတာတော့မဟုတ်ဘူး ”
” အမလေးအေ ငါ့မှာကြိုပြောလည်း ဘာမှမထူးနိုင်တဲ့ဘဝလေ မနေ့ကတောင် နင်တို့ကိုအားနာနေတာ ”
” မလိုပါဘူးအေ ငါတို့ကအားနာစရာမှမဟုတ်တာ ”
” ဒါနဲ့နင့် ယောင်္ကျားကြီးရော ”
” ရုံးပေါ့ အေ ”
” နင့်သားလား အချောလေးနော် မိန်းကလေးကျနေတာပဲ ”
” အဲ့ဒါပြောတာပေါ့အေ ငါကမိန်းကလေးရချင်တာ အဲ့ဒါမှ နင့်သားနဲ့ ပေးစားလို့ရမှာ ”
” အခုလည်းဘာဖြစ်လဲအေ ညည်းသားကို မိန်းကလေးပုံစံဖမ်းပေးပြီး ငါ့သားနဲ့ဆွဲစိပေးလိုက်မယ် ”
” ဟားဟား ”
” ဟားဟား ”
ဒေါ်ရွှေရည်လဲ့ နဲ့ဒေါ်မြခက်ကတော့ ကိုယ့်ဘာသာပြောပြီးသဘောကျနေသည်။ ကြားထဲက ကကြိုးကတော့ မျက်နှာပင်ပူလှပြီ။အလကားနေရင်း ယောင်္ကျားတစ်ယောက်နဲပေးစားခံနေရသည်။
” မေမေ သားခြံထဲလျှောက်ကြည့်အုံးမယ်နော် ”
” အေးအေး ”
ကကြိုးလည်း ခြံထဲဆင်းမည်ပြောကာ ရှောင်ထွက်ခဲ့သည်။
” ကြည့်စမ်းညည်းသားရှက်သွားပြီ ”
” အမလေးပြောမနေနဲ့တော့ ”
ကကြိုးထွက်သွားတာကို သူ့အမေနဲ့ ဒေါ်လေးမြခက်မှာ သူ့အကြောင်းပြောကြတုန်း။
ကကြိုးခြံထဲ လျှောက်ကြည့်ရင်း တစ်နေရာတွင် ခြေလှမ်းတွေကိုရပ်ကာ လူတစ်ယောက်ကိုကြည့်နေမိသည်။
ကျစ်လစ်နေတဲ့ခန္ဓာကိုယ် ရှည်လျားနေတဲ့မျက်တောင်မွှေးရှည်တွေနဲ့ ချောမောတဲ့မျက်နှာ လေးထောင့်ပုံစံသွယ်ဆင်းပြီး ဆံပင်ဖျားမှာလည်းချွေးသီးတွေတွဲခိုနေသည်။အင်္ကျီချွတ်ထားတာကြောင့် ပေါက်ပြားတစ်ချက်ချက်ပေါင်လိုက်တိုင်း လှုပ်သွားတဲ့ ကိုယ်ခန္ဓာနဲ့လူ စိမ်းဖန်ဖန်နှုတ်ခမ်းမွှေးလေးတွေကလည်း ရေးရေးလေးပေါက်နေသည်။ ယောင်္ကျားပီသပြီးချောမောတဲ့လူ။
” ဟေ့ ခဏ ”
မိမိစိုက်ကြည့်နေတဲ့လူက လှမ်းခေါ်နေတာကြောင့် ကကြိုးလန့်သွားသည်။
” ဒီမှာပေါက်ပြားလေးတစ်ချက်ကူပေါက်ပေးပါလား ”
လရိပ်မာန် ခြံထဲ ဒရိုင်ဘာဦးလေးကြီး၏တူထင်ပြီးပြောလိုက်ခြင်းဖြစ်သည်။
” ဟိုလေ ကျွန်တော်မလုပ်တတ်ဘူး ”
” မင်းယောင်္ကျားလေးဖြစ်ပြီးဒါတောင်မလုပ်တတ်ဘူးလား ”
တကယ်လည်းမလုပ်တတ်ပါဘူး တောသားတာပြောတာ အိမ်မှာဆို အေးအေးဆေးဆေး ဇိမ်နဲ့ ရွာထဲလျှောက်ပတ်ရုံပဲ။
” ပုံစံကလည်းနုဖတ်ဖတ်နဲ့ လူကလေးသေးတယ် ဗလကလည်းမရှိဘူး မင်းယောင်္ကျားလေးအစစ်တော့ဟုတ်ပါတယ်နော် ”
” ဟုတ်ပါတယ်ဗျ ”
လရိပ်မာန်ဘာမှပြန်မပြောမိခေါင်းကိုသာရမ်းပြီး လုပ်လက်စအလုပ်ကိုပဲဆက်လုပ်နေမိသည်။
ကကြိုးလည်း ထိုလူ့နားမှာ ဆက်မနေချင်တော့တာနဲ့ လှည့်ထွက်လာလိုက်သည်။
” ဟိတ် ခဏလေး ”
လရိပ်မာန် တစ်ခုခုကိုသတိရသွားသည့်ပုံနှင့် လှမ်းခေါ်လိုက်သည်။
ကကြိုးလည်း ဘာဖြစ်လို့ပါလိမ့်ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်မိသည်။ ရင်ထဲမှာလည်း စိုးထိတ်မှုတွေအပြည့်။
ဆက်ရန်
နွေလရောင်