Chapter 1
နွေရာသီ နေ့လည်ခင်းတွင် နေက ပူပြင်းတောက်လောင်လွန်း၏။ ပုစဉ်းရင်ကွဲကောင်တို့၏ ကျည်ကျည်ကျာကျာ အော်သံများမှာ ပူပြင်းလွန်းသော နွေရာသီအပေါ် မကျေနပ်မှုကို ထုတ်ဖော်ပြနေသည့်အတိုင်း စူးရှ၍ မောပန်းဖွယ်ကောင်းလွန်းသည်။
ဤရာသီ၏အပူကို ခွေးများပင် မနှစ်သက်ကြပေ။ မည်သူကမျှ သည်လိုအချိန်၌ အပြင်မထွက်ချင်ကြချေ။
သို့သော် အမြဲလိုလို လူထူးဆန်းတချို့တော့ ရှိစမြဲပင်။
“မြန်မြန်၊ မြန်မြန်၊ ဘောလုံးပေးလိုက်!!!”
“မြန်မြန်! မြန်မြန်! မြန်မြန်!”
“သူ့ကို မြန်မြန် တားကြ!”
လူတချို့က ဘောလုံးကို ပုတ်၍သယ်(drippling)လာသော ကောင်လေးကို တား(block)ချင်ဇောနှင့် ဘက်စကတ်ဘောကွင်းဆီ အင်တိုက်အားတိုက် ပြေးနေကြသည်။ ရုတ်တရက် ကောင်လေးက ခုန်ပြီး ထိုလှုပ်ရှားမှုနှင့်အတူ သူ၏ခါးကြွက်သားများမှာ ပန်းပုရုပ်တုလို ဆန့်ထွက်လာ၏။ သူ၏ကြွက်သားစိုင်တိုင်းသည် အဆုံးမရှိသောခွန်အားနှင့် ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားသကဲ့သို့။ ကြံ့ခိုင်ချောမွေ့သော ခါးကောက်ကြောင်းက တောက်ပလွန်းသော နေရောင်အောက်တွင် တလျှပ်လျှပ်လင်းလက်နေတော့သည်။
ဘေးနားရှိလူများမှာ သူ့အား ခုန်တားရန်ကြိုးစားရင်း တံတွေးမျိုချမိကြ၏။ သို့ရာတွင် သူတို့တွေ ခုန်လိုက်စဉ် ကောင်လေး၏ တောက်ပ၍ ယုံကြည်မှုရှိသောအပြုံးအား မြင်လိုက်ကြရပြီး နောက်မှ ဘောလုံးအား ဆတ်ခနဲ အသာပစ်ထည့်လိုက်သည်ကို တွေ့ကြရသည်။
အိုး! မဖြစ်ဘူး!”
ခုနက ခုန်လက်စလူတိုင်းမှာ တစ်ခုခုမှားနေမှန်း ခံစားလိုက်ရပေမဲ့ နောက်ကျသွားချေသည်။
“ဒုန်း!”
ဘောလုံးဟာ ပိုက်ကွင်းထဲ ဝင်သွား၏။
“အား~~ နိုင်ပြီ၊ နိုင်ပြီ”
“အံ့ဩစရာကြီး!”
“ဝိုး~ ဝိုး~ ငါတို့ နိုင်ပြီ”
ကစားကွင်းထဲဝယ် လူတစ်စုက အရိုင်းဆန်စွာ ဟစ်ကြွေးကြတော့သည်။ ထိုသူတို့နှင့် ဆန့်ကျင်စွာ အသက်မရှိတော့ဟန် အားပျက်ပြီး လဲကျနေကြသော လူတချို့လည်း ရှိသည်။ ကုပေရှန်းက မျက်နှာမှချွေးတို့ကို လက်ခုံနှင့်ပွတ်သုတ်ပြီး ထိုသူတို့ဆီ လျှောက်သွားကာ “ဟေ့! ဘာဖြစ်နေတာလဲ၊ အခု မထနိုင်တော့ဘူးလား” ဟု ဝံ့ကြွားစွာမေး၏။
သူ၏သရော်လှောင်ပြောင်မှုကို ခံရသူများမှာ ခါးသက်သက်သာ ပြုံးနိုင်ကြပြီး “မင်းက တကယ်လူယုတ်မာပဲ ကုပေရှန်း”
“အေးလေ၊ ကိုယ့်နောက်ကို ကိုယ် ဘောလုံးပစ်လိုက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”
ကုပေရှန်းက မြေကြီးပေါ်ထိုင်နေသော ရှင်းဝေ့ကို ဆွဲထူသည်။ “ဘာပဲဖြစ်ဖြစ် လောင်းကြေးက လောင်းကြေးပဲ၊ မင်းတို့ကောင်တွေ တို့ကို ထမင်းတစ်နပ် ဝယ်ကျွေးရမှာနော်”
“ကျစ်! စားကွာ စားကြ၊ မင်းတို့က စားဖို့ပဲ သိတယ်”
ထိုအခါ ကုပေရှန်းက ရှင်းဝေ့၏လည်ပင်းကို ပစ်ဖက်လိုက်ပြီး ခပ်ညစ်ညစ်ပြုံးကာ “ဝေ့ကောက တို့ကို အလိုလိုက်တာပဲ”
တခြားသူများကပါ ဝင် စ တော့သည်။ “ဝေ့ကောက ငါတို့ကို အလိုလိုက်နေတယ်!”
“ဝေ့ကောက ငါတို့ကို အလိုလိုက်နေတယ်!”
“ဝေ့ကောက ငါတို့ကို အလိုလိုက်နေတယ်!”
“ကျေးဇူးတင်ပါတယ် ဝေ့ကော!”
ရှင်းဝေ့မှာ ဒေါသထွက်လွန်း၍ ရယ်ပဲ ရယ်နိုင်တော့သည်။ သူလုပ်နိုင်တာမှ မရှိဘဲနှင့်။ ထိုအစားပုတ်များကို တစ်နပ်စာကျွေးရန်သာ တွန့်ဆုတ်တွန့်ဆုတ်နှင့် သဘောတူလိုက်ရတော့သည်။ သူတို့အုပ်စု ထမင်းစားရန် သွားကြတော့မည်ကြံလျှင် ဘက်စကတ်ဘောကွင်းအပြင်၌ ရပ်နေကြသော လူတစ်စုကို သတိထားမိသွားသည်။
“ဟေး အဲဒါ ဒါရိုက်တာနဲ့ သူတို့ မဟုတ်လား”
“အိုး ဝိုး ကျောင်းအုပ်ကြီးတောင် ရောက်နေပါလား”
“အ အိုး အတန်းပိုင်ဆရာရောပဲဟ”
သူတို့၏ အတန်းပိုင်ဆရာကို တွေ့ရသည်မှာ ကောင်းသည့်လက္ခဏာတော့ မဟုတ်။
တခြားသူများ၏ အကြည့်နောက် ကုပေရှန်း ခြေရာခံကြည့်မိတော့ ဘက်စကတ်ဘောကွင်းအပြင်တွင် ရပ်နေသော လူတစ်စုကို တွေ့သည်။ သို့ပေမဲ့သူ၏အာရုံကို လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ဖမ်းစားသွား၏။
လက်ရာမြောက် ဝတ်စုံဝတ်ဆင်ထားသည့် လင်စစ်နျန်က အရပ်မြင့်မြင့်နှင့် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ပင်။ ဝတ်စုံ၏ ထင်းနေသော အနားသတ်တို့က သူ၏ ပညာရှင်ဆန်မှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြသနေသည်။ လူအုပ်ကြီးသည် လေးစားသည့် အမူအရာများဖြင့် သူ့ဘေးဝန်းရံနေစဉ် သူကတော့ နူးညံ့သည့်အပြုံး ချိတ်ဆွဲထား၏။ လူတိုင်းအလယ်၌ လင်စစ်နျန်သည်လည်း အားလုံးကို ခြုံကြည့်၏။
အကြည့်ချင်းဆုံသွားစဉ် ကုပေရှန်းတစ်ယောက် ရုတ်ချည်းပျာယာခတ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။
သူ ချက်ချင်း အကြည့်လွှဲလိုက်ပြီး တစ်ခါ တိတ်တိတ်လေး ခိုးကြည့်မိပြန်သည်။ သူ့အား လင်စစ်နျန် ကြည့်နေသေးမှန်း တွေ့ရလျှင် နားရွက်တို့ ထူပူတက်လာသလို ကုပေရှန်း ခံစားရ၏။ သူ့ဘေးမှလူကို ပုခုံးချင်းတိုက်ပြီး ခပ်တိုးတိုးမေးလိုက်သည်။ ” ဟေး အလယ်က ဝတ်စုံပြည့်နဲ့လူကို သိလား”
ဘေးမှလူသည်လည်း မသေမချာ ပြန်ပြောသည်မှာ “သိပ်မသိပေမဲ့ သူက တို့ကျောင်းကနေ ဘွဲ့ရပြီး ပြန်လာတဲ့ ထူးချွန်စီနီယာလို့ ကြားတယ်”
“စီနီယာလား” ကုပေရှန်း ပဟေဠိဖြစ်စွာ ထပ်မေးလိုက်သည်။
ထိုလူက ရှင်းပြ၏။ “ငါတို့ကျောင်းမှာကွာ တကယ်အထင်ကြီးစရာကောင်းတဲ့ စီနီယာတစ်ယောက် ရှိတယ်တဲ့၊ အခု သူက အုပ်စုတစ်ခုရဲ့ ဥက္ကဌဖြစ်မယ် ထင်တယ်၊ ငါ့အထင်တော့ အဲဒီတစ်ယောက်က…”
“အိုး! ဟုတ်သားပဲ အဲဒါ ကျန်းယီအုပ်စုလေ၊ ငါတို့ဆော့တဲ့ စစ်မြေပြင်ဂိမ်းက သူတို့ကုမ္ပဏီကပေါ့”
ကုပေရှန်းမှာမူ ဘေးမှလူနှင့်စကားပြောနေသော လင်စစ်နျန်ကို ငေးရင်း အတွေးထဲမျောကာ ကြက်သေ သေနေလေသည်။
သွားပြီ။ ထင်တာတော့ သူ မြင်မြင်ချင်း ချစ်မိပြီထင်၏။ လင်စစ်နျန်၏ ရုပ်ဆင်းသွင်ပြင်ဟာ သေချာပေါက်သူ့typeပင်။ အေးဆေး တည်ငြိမ်သည်။
ထိုစဉ် ဆရာတစ်ယောက်က သူတို့ဆီ လျှောက်လာ၏။
“သေစမ်း ဆရာလာနေပြီဟ”
“မင်း အဲဒီမှာ ဘာရပ်လုပ်နေတာလဲ၊ ပြေးတော့လေ!”
ပုခုံးကို အချခံလိုက်ရတော့မှ ကုပေရှန်း သတိပြန်ဝင်လာသည်။
ဆရာတွေ သူတို့ဆီလာနေသည်ကိုမြင်ပြီး တစ်အုပ်လုံး ထွက်ပြေးကြသည်။ ဒါပေမဲ့ ပြေးနေတုန်းလည်း ကုပေရှန်းသည်ကား အဝေးတွင်ကျန်ခဲ့သော လူသားတစ်ယောက်ကို လှည့်မကြည့်ဘဲ မနေနိုင်ချေ။
ကျောင်းအုပ်ကြီး: “ခုနကကျောင်းသားတွေ စီနီယာတန်းက ဖြစ်ရမယ် ဟုတ်တယ်မလား၊ နောက်နှစ်ဆို ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မှာကို ဘက်စကတ်ဘော ကစားနေသေးတယ်၊ သူတို့တွေ ဘယ်အတန်းကလဲ၊ ကောင်းကောင်း ပညာပေးမှ ရတော့မယ်”
သူ့ဘေးရှိ ဒါရိုက်တာတချို့နှင့် ဆရာများမှာ ဘာမျှ မပြောရဲကြ။ ထိုကျောင်းသားများဟာ သူတို့အတန်းမှ ဟုတ်၊ မဟုတ်လည်း သေချာမသိပေ။ ယခုနေပြောလိုက်လို့ တခြားအတန်းမှဖြစ်နေလျှင် သူတို့ကိုယ်သူတို့ အရှက်ခွဲသလို ဖြစ်လိမ့်မည်။
အဝေးသို့ပြေးသွားသော ကုပေရှန်း၏ပုံရိပ်အား စောင့်ကြည့်နေသော လင်စစ်နျန်မှာ မနေနိုင်စွာ ပြုံးမိသည်။ ကောင်လေးက သူ့ရှေ့မှာဆို ရှက်နေပုံပေါ်၏။
ကျောင်းအုပ်ကြီး၏ ဖိတ်ခေါ်မှုကြောင့် သည်ကနေ့ သူ၏မိခင်ကျောင်းတော်သို့ အလည်လာရာ ထိုစိတ်ဝင်စားစရာ ကောင်လေးနှင့် အမှန်တမဲ့ တွေ့ဆုံမိသည်။
စောစောက ကုပေရှန်း ဘက်စကတ်ဘောကစားပုံက သူ့အတွက် ဆွဲဆောင်မှု ရှိသည်ကိုဖြင့် လင်စစ်နျန် ဝန်ခံရမည်။ လူငယ်လေး၏ အရောင်အသွေးစုံသော အားအင်ကတော့ အမှန်တကယ် စွဲမက်ဖွယ်ပင်။
သို့သော် ကောင်လေးမှာ အထက်တန်းပင်ရှိသေးပြီး သူ့နာမည်ကိုပင် မသိချေ။ သည်လိုမှန်းသိလျှင် စကားသွားပြောလိုက်သင့်သည်။
ထားပါလေ၊ ကိစ္စတော့မရှိ။ နိုင်ငံ၏ ပန်းပွင့်ပျိုလေးကို သူ မနှောင့်ယှက်သင့်ပေ။
“စီနီယာတန်းဆိုတော့ ဖိအားက လေးလံမှာပါပဲ၊ ဒီကလေးတွေက စိတ်အပန်းဖြေဖို့ ဘက်စကတ်ဘော လာဆော့တာလည်းဖြစ်နိုင်ပါတယ်” ဟူ၍ သူမြင်လိုက်သည့် ရှက်တက်တက် လူငယ်လေးကြောင့် ထိုကျောင်းသားများဘက်ကလိုက်၍ လင်စစ်နျန် ပြောပေးသည်။
ကျောင်းအုပ်ကြီး: “စိနီယာတန်းမို့ကို သူတို့တွေ စာအပေါ်မှာ ပိုအာရုံစိုက်သင့်တာ၊ မင်းလိုဆိုရင်တော့ စိုးရိမ်စရာ ဘယ်ရှိပါ့မလဲ၊ အဲဒီတုန်းက မင်းက ဆရာတို့ကျောင်းရဲ့ အထူးချွန်းဆုံးကျောင်းသားထဲက တစ်ယောက်လေ…”
ကျောင်းအုပ်ကြီးက လင်စစ်နျန်၏ အထက်တန်းကျောင်းနေ့စွဲများကို စမြုံ့ပြန်ပြီး သူ၏ တောက်ပခဲ့သည့်အချိန်များအကြောင်း ပြန်ပြောင်းပြောပြသည်။ သူ့ဘေးရပ်နေသော လင်စစ်နျန်မှာ ရံဖန်ရံခါ ဝင်ထောက်ခံတတ်သော်ငြား အနီးကပ်ကြည့်ပါက အတော်လေး စစ်ညစ်နေသည်ကို မြင်နိုင်ပေသည်။
…ထိုအချိန်၊ စာသင်ခန်းထဲ၌ ကုပေရှန်းတစ်ယောက် စိတ်နှင့်ကိုယ်မကပ်ဘဲ နေ့လည်ခင်း စာသင်ချိန်တစ်လျှောက်လုံး မိန်းမောနေလေသည်။
“ကုပေရှန်း! ကုပေရှန်း!”
“ဟမ် ဘာလဲဟ” ကုပေရှန်းက စိတ်ရှုပ်ဟန်ဖြင့် တခြားသူများကို ကြည့်သည်။
ရှင်းဝေ့နှင့် ကျန်သူများက သူ၏စာရေးစားပွဲရှေ့တွင် ရပ်လျက် ထိုစိတ်ရှုပ်သည့်ပုံစံကြီးကို ကြည့်နေကြသည်။
“ငါတို့ မင်းကိုခေါ်နေတာ အခါပေါင်းမနည်းဘူး၊ ဘာတွေ စဉ်းစားနေတာလဲ၊ မင်း တော်တော် လွတ်ထွက်နေတာကွာ သိလား”
“အာ ဘာမှမဟုတ်ဘူး၊ မင်းတို့က ဘာကိစ္စလဲ”
“ကျောင်းဆင်းပြီလေ၊ သွားစားမယ်”
ကုပေရှန်း အံ့ဩသွားသည်။ “ဘာ၊ ကျောင်းတောင်ဆင်းပြီလား”
တခြားသူများက သူ့အား ထူးဆန်းသလို ကြည့်ကြသည်။
ရှင်းဝေ့: “မင်း ဘာတွေဖြစ်နေတာလဲ ငါ့ကောင်ရ၊ ကျောင်းဆင်းတာတောင် မသိဘူးလား”
ကုပေရှန်း ရှက်အမ်းအမ်း ဖြစ်သွားသည်။ သူ မသိလိုက်ပေ။ တစ်နေ့ခင်းလုံး ယောက်ျားတစ်ယောက်အကြောင်းသာ တွေးနေမိသဖြင့်။ ဘာကြောင့် သူ့ကိုယ်သူ တဏှာရူးဟု ခံစားနေရသနည်း။ သူရူးနေတာဖြစ်ရမည်ဟုတွေးရင်း ကုပေရှန်း သူ့မျက်နှာအား လက်ဖြင့်အုပ်လိုက်မိသည်။