Chapter 2
ရှင်းဝေ့က သူ့ပုခုံးကို ဆွဲလှုပ်၍မေးသည်။ “ဘာတွေစဉ်းစားနေတာလဲ၊ သွားရအောင်”
ချန်းထျန်ကပါ “ဟုတ်တယ် ဟုတ်တယ်၊ မြန်မြန်သွားရအောင် အစ်ကိုကြီး”
ကျန်သူများမှာ စိတ်မရှည်တော့သဖြင့် ကုပေရှန်းအား ပစ္စည်းမြန်မြန်သိမ်းရန် အတင်းအကျပ် တိုက်တွန်းတော့သည်။
ကုပေရှန်းက ထရပ်၍ ချန်းထျန်အား စစနောက်နောက်နှင့် ပိတ်ကန်ပြီး ရယ်ကျဲကျဲ ဆူပူငေါက်ငမ်းလေသည်။ “မင်းတို့ကောင်တွေကလည်း စားဖို့ပဲ တွေးနေတယ်!”
“ကောင်းပြီ သိမ်းစရာ များများစားစားမရှိဘူး၊ သွားမယ်”
ထိုအခါ လူတိုင်း ရယ်ရွှင်မြူးထူးပြီး တစ်ယောက်လက်တစ်ယောက်ချိတ်ကာ ကျောင်းထဲမှ လွတ်လပ်ပေါ့ပါးစွာ လျှောက်ထွက်သွားကြသည်။
ကစားတွင်းနားကနေ ဖြတ်တော့ ကုပေရှန်း၏အကြည့်က နေရာတစ်ခုဆီ မသိမသာကျရောက်သွားသည်။ ထိုလူ ထွက်သွားပြီထင်၏။ ကျောင်းသားအနည်းငယ်သာ ဘက်စကတ်ဘော ကစားနေကြသည်။ စိတ်ပျက်လက်ပျက်ဖြစ်မိပေမဲ့ သူ၏အတွေးကို ဘေးမှသူငယ်ချင်းများပြောနေကြသည့် ရယ်စရာအကြောင်းအရာတို့က အာရုံပြောင်းပေးလိုက်သည်။
ယခု သူတို့သည် ရှန်စီရင်စုတွင် ကျော်ကြားသော “ဟွေ့မေကျိုက်”ဟုခေါ်သည့် စားသောက်ဆိုင်ဆီ ဦးတည်နေကြခြင်းဖြစ်၏။ ဆိုင်ဟာ စားသုံးသူများနှင့် အမြဲလူပြည့်နေလေ့ရှိသည်။ သည်တစ်ခါ ထိုနေရာသို့ သူတို့ ရောက်လာရခြင်းမှာ ရှင်းဝေ့၏ကျေးဇူးကြောင့်ပင်။ ရှင်းဝေ့၏ မိသားစုဟာ စီးပွားရေးချောင်လည်ပြီး ပိုက်ဆံရှိမှန်း လူတိုင်းသိကြသည်။
ဒီ့ပြင် ထိုကလေးသည် တခြားသူများထက် အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင် ပိုကောင်းကောင်း ရှိသည်။ လူတိုင်းက သူ့အပေါ် နှာခေါင်းရှုံ့ကြသော်လည်း ရှင်းဝေ့သည်မူ မောက်မာခြင်းမရှိ။ သူတို့အားလုံးဟာ အဆင့်အတန်း၊ နောက်ခံ သိပ်ကွာခြားချက်မရှိသည့် ကျောင်းသားများသာဖြစ်ပြီး အတူစား အတူကစားကာ အချင်းချင်း ညိအစ်ကိုလို ဆက်ဆံကြသည်။
သူတို့ ရှင်းဝေ့အား မျက်နှာလုပ်သည့် တစ်ခုတည်းသောအချိန်မှာ အစားကောင်းကောင်း ဝယ်ကျွေးသည့် အချိန်ပင်။ ထိုအချိန်မျိုးတွင် ရှင်းဝေ့မှာ အတိသယဝုတ္တိလေးစားမှုဖြင့် “ခေါင်းကိုင်ဖခင်” ဟုပင် နောက်ပြောင်၍ အခေါ်ခံရ၏။ သည်လိုနှင့် သူတို့တွေလျှောက်လာရင်း တစ်အုပ်လုံးက သူ့အား “ခေါင်းကိုင်ဖခင်”ဟု ထပ်ခါ ထပ်ခါ ခေါ်နေကြသဖြင့် ရှင်းဝေ့တစ်ယောက် သူဌေးကြီးလို မျက်နှာမော့လို့ မြောက်ကြွမြောက်ကြွ လျှောက်လာတော့သည်။
ကုပေရှန်းက သူတို့၏နောက်တီးနောက်တောက် အမူအရာများကို သဘောအကျကြီးကျပြီး ခေါင်းတယမ်းယမ်းလုပ်သည်။ ပြီး ရှင်းဝေ့၏နောက်စေ့ကို ဖြတ်ရိုက်ပြီး လေသံလျှော့ဖို့လည်းပြော၏။ သူတို့၏ပုံစံမှာ မသိလျှင် လမ်းထဲလျှောက်သွားသည့် လမ်းသူရဲများကဲ့သို့။ ရှင်းဝေ့က ကြောင်တိကြောင်တောင်အပြုံးနှင့် သူ့ခေါင်းသူပွတ်လို့ ပုံမှန်လို ပြန်ဖြစ်သွားသည်။
သူ ကုပေရှန်းကို စိတ်မဆိုးပါ–အဖွဲ့ထဲတွင် ရှင်းဝေ့သည် ကုပေရှန်း၏စကားကို နားအထောင်ဆုံးဖြစ်သည့်အပြင် ကုပေရှန်းကို အင်မတန် လေးစားသူလည်းဖြစ်သည်။ တကယ်ဆို ကျန်လေးယောက်သည်လည်း ကုပေရှန်းအပေါ် လွန်စွာ လေးစားကြ၏။ သူ၏ တိုက်ခိုက်မှုစွမ်းရည်မှာ ပထမတန်းစားဖြစ်ကာ ဘက်စကတ်ဘောကစားပုံသည်လည်း ပြောင်မြောက်လှသည်။ စာပေပိုင်းမှလွဲ၍ ကုပေရှန်းဟူသည် အရာရာတိုင်းတွင် အံ့ဩစရာကောင်း၏။
ထို့ပြင် ကုပေရှန်းဟာ ရုပ်ရည်လည်း ချောမောသည်။ သူနှင့်အတူ လျှောက်လိုက်တိုင်း မိန်းကလေးတစ်အုပ်တမကြီးက သူတို့ဘက် လှည့်ကြည့်တတ်သည်။ သူတို့အားလုံးတွင် ချစ်သူ ကောင်မလေးများ ကိုယ်စီရှိကြရာ ကုပေရှန်းကတော့ ချွင်းချက်ဖြစ်သည်။ သို့သော် ဒါကိုပဲ သူတို့တွေ ကျေးဇူးတင်ရမည်။
ကုပေရှန်းကြောင့်သာမဟုတ်ပါက သူတို့လိုလူများအပေါ် ကောင်မလေးများ သတိပင်ထားမိမည် မဟုတ်ပေ။ အမှန်တိုင်းဆိုလျှင် သူတို့ရထားသည့် ချစ်သူကောင်မလေးများသည်လည်း အစက ကုပေရှန်းအား သဘောကျခဲ့ကြသည်ချည်းဖြစ်ရာ ကုပေရှန်းဘက်မှ စိတ်မဝင်စားသဖြင့် တစ်ယောက်ပြီးတစ်ယောက် သူတို့လက်တွင်း သက်ဆင်းခဲ့ကြခြင်းပင်။ မည်သို့ပင်ဖြစ်ခဲ့ပါစေ သူတို့အားလုံး အတွဲကိုယ်စီတော့ ရသွားကြသည်လေ။
ကုပေရှန်းနှင့်အတူ အပြင်ထွက်သည့်အခါတိုင်း သူတို့၏စိတ်ထဲ ဂုဏ်ယူမှု တစ်စွန်းတစ်စတော့ ခံစားကြရသည်။ အာရုံစိုက်ခံရသည့်ကောင်နှင့်အတူ လမ်းလျှောက်ရသည်မှာ သူတို့၏ ဆယ်ကျော်သက်အနှစ်သာရကို ကျေနပ်စေ၏။ တကယ်ကိုပင်လမ်းတစ်လျှောက်လုံး ကောင်မလေးများမှာ သူတို့ဆီမှ အကြည့်မခွာကြသေး။ ထိုအခါ သူတို့၏ သာမန်ကာလျှံကာ လမ်းလျှောက်ပုံကို မိမိုက်သည့်ပုံစံဖြစ်အောင်ပြောင်းပြီး ထိုနှုန်းနှင့် ဂုဏ်ယူဝံ့ကြွားစွာ လျှောက်ကြတော့သည်။
သူတို့၏ သက်သက်လုပ်လျှောက်သည့်ပုံကို ကြည့်ရုံဖြင့် ထိုကောင်တွေ ဘာတွေးနေမှန်း ကုပေရှန်း မှန်းကြည့်လို့ရသည်။ ဒါပေမဲ့လည်း ပုံမှန်လုပ်နေကျပုံစံထက် ပိုကောင်းသဖြင့် လွှတ်ထားလိုက်သည်။
“ဟွေ့မေကျိုက်”သည် သူတို့ကျောင်းနှင့် သိပ်မဝေးလှ။ မိနစ်နှစ်ဆယ်လောက်သာ လျှောက်ရသည်။
ဘာကြောင့် သူတို့တွေ ဘက်စ်ကားမစီးကြသနည်းဟုမေးပါက ဤလမ်းပေါ်ရှိ “မရဏ 308” ဘက်စ်ကားယာဉ်ကြောနှင့် ရင်းနှီးသူတိုင်း ထိုင်ခုံတစ်ခုံရဖို့ မည်မျှခက်မှန်း သိကြသည်။ ရှင်းဝေ့က တက္ကစီစီးဖို့ ပြောပေမဲ့ သိပ်မဝေးသည်ကတစ်ကြောင်းဖြင့် ထိုအစား ကုပေရှန်းက လမ်းလျှောက်သွားရန်သာ အဆိုပြုခဲ့သည်။
ထိုအခါ လူတိုင်းက သဘောတူကြသည်။
ထမင်းစားချိန်ဖြစ်၍ ဆိုင်တွင် လူကျပ်နေသည်။ သူတို့ခြောက်ယောက်က ဝင်လာပြီး ပတ်ပတ်လည်ကို လိုက်ကြည့်ကြသည်။ အတွင်းပိုင်းကို ကောင်းစွာ အလှဆင်ထားပြီး ထိုင်ခုံအလွတ်ပင် မကျန်တော့ချေ။ ကြိုတင်စာရင်းပေးထား၍တော်သေးသော်လည်း သည်လောက်လူကျနေသည်ကိုကြည့်ပြီး သူတို့တွေ ခံစားချက် မကောင်းတော့ပေ။
ထိုစဉ် စားပွဲထိုးတစ်ယောက်က ဖော်ရွေဟန်ဖြင့် သူတို့ဆီလာပြီး “မင်္ဂလာပါ၊ ဘယ်နှယောက်လဲမသိဘူး”
ကုပေရှန်းက ပြန်ပြောသည်။ “အာ ခြောက်ယောက်”
“သိပါပြီ၊ ဒါပေမဲ့ လောလောဆယ် ထိုင်ခုံတွေကမလွတ်တော့ နည်းနည်းလောက် စောင့်ပေးဖို့လိုပါတယ်”
ခုံမလွတ်ဟုပြောသံကြားလျှင် ရှင်းဝေ့တစ်ယောက် ချက်ချင်းဆိုသလို စိတ်တိုသွားကာ “နေပါဦး၊ ကျွန်တော်တို့တွေ ကြိုစာရင်းပေးထားတယ်လေ!”
ပြောရင်းပင် သူ့ဖုန်းကိုထုတ်ပြီး စားပွဲထိုးအား ပြ၏။ စားပွဲထိုးအမျိုးသမီးလည်း စစ်ကြည့်လျှင် တကယ်ပဲ သူတို့၏ ခိုင်လုံသော ဘွတ်ကင်စနစ်မှန်း အတည်ပြုပေးသည်။ စည်းမျဉ်းအရ သူတို့အတွက် စားပွဲတစ်ပွဲ ကြိုစီစဉ်ထားပေးရမှာ ဖြစ်သည်။ သို့သော် ကြိုတင်စီစဉ်ပေးထားသည့် စားပွဲတို့မှာလည်း လူပြည့်နေလေပြီ။
စားပွဲထိုးသမလေးလည်း အတော်အကျပ်ရိုက်နေဟန်ဖြင့် “တကယ်တောင်းပန်ပါတယ်နော် ရှင်တို့အတွက် စားပွဲတစ်ပွဲ ပြင်ထားပေးပေမဲ့ ပိုင်ရှင်ရဲ့ သူငယ်ချင်းတစ်ယောက်ကလာပြီး အဲဒီစားပွဲမှာ နေရာယူထားလို့ပါ”
ထိုအခါ ရှင်းဝေ့ တော်တော်လေးကို ဒေါသဖြစ်သွား၏။ “ဘာ၊ တကယ်ပဲ သူတို့က ဘာကြောင့် ကျွန်တော်တို့စားပွဲကို ဦးသွားရတာလဲ!”
“ဟုတ်တယ် ဘာလို့လဲ! ဖြေရှင်းချက် ပေးပါ!”
လူငယ့်အားအင်အပြည့်နှင့် လူငယ်အုပ်စုသည်ကား သူတို့၏ ကြိုတင်စားပွဲအား နေရာဦးခံရခြင်းနှင့် ပတ်သက်လို့ သိပ်အဆင်ပြေပုံတော့မရ။ စားပွဲထိုးအား ဖြေရှင်းချက်ပေးရန်သာ ဖိအားပေး တောင်းဆိုနေကြသည်။
သို့သော် ဒါဟာ စားပွဲထိုး၏ အမှားလည်း မဟုတ်ပါချေ။ စားပွဲထိုးအမျိုးသမီးလေးသည်လည်း သူတို့အား သွေးအေးအောင် ကြိုးစားရှာသည်။ “ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့နော်၊ သူဌေးဆီသွားမေးပြီး ချက်ချင်းပြန်လာခဲ့ပါ့မယ်၊ ခဏလေးပဲ စောင့်ပေးနော်”
ချန်းထျန်က ထပ်ပြောဖို့ ရှေ့တိုးသော်လည်း ကုပေရှန်း တားလိုက်သည်။ ပြီးမှ ဆိုသည်မှာ “တော်တော့ သူတို့ဘက်က ဖြေရှင်းပေးမယ်လို့ ပြောထားတာပဲ၊ စောင့်ပဲစောင့်နေကြမယ်”
ကုပေရှန်းကိုယ်တိုင်ပြောလာသဖြင့် တခြားသူများမှာ ဒေါသကိုမျိုချပြီး စိတ်ရှည်စွာစောင့်ကြရုံမှအပ ရွေးစရာမရှိပေ။
ပျင်းပျင်းရှိသည်နှင့် ကုပေရှန်းတစ်ယောက် မက်တပ်ရပ်နေရင်းက ဆိုင်တစ်ခုလုံးကို ဟိုဟိုသည်သည် လျှောက်ကြည့်မိသည်။ ထိုအခါ အမှတ်တမဲ့ဆိုသလို တစ်စုံတစ်ယောက်ဆီ အကြည့်ရောက်သွား၏။ ရုတ်တရက်မို့ လန့်ပြီး အကြည့်လွှဲဖို့ပင် မေ့လျော့သွားမိသည်။
ထိုလူက ဘာကြောင့် သည်ကိုရောက်နေသနည်း။
နေရာတွင်ရပ်ပြီး သူ့အား စူးစူးစိုက်စိုက်ငေးကြည့်နေသည့်ကောင်လေးကို လင်စစ်နျန် သတိထားမိတော့ ရယ်ချင်သည်။
သူ့အား ဘာကြောင့် ထိုသို့ ငေးကြည့်နေပါသနည်း။ မျက်နှာမှာ တစ်ခုခုပေနေ၍လား။
လင်စစ်နျန်၏အကြည့်က အပေါ်ရောက်လာသည်နှင့် ကောင်လေး၏ နားရွက်များဆီ ရောက်သွားသည်။ နီရဲနေလိုက်သည်များ။
လင်စစ်နျန် အတော်လေး စိတ်ဝင်စားမိသည်။ ထိုကောင်လေးဟာ အင်မတန်မှ ရိုးသားသန့်စင်လွန်း၏။
“ဟေ့ စစ်နျန် ဘယ်ကိုကြည့်နေတာလဲ၊ ငါပြောတာကြားလား”
ထိုအခါမှ လင်စစ်နျန်လည်း အကြည့်ပြန်ရုတ်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သူငယ်ချင်းဖြစ်သူ ကျိုးချန်အား ကြည့်လိုက်၏။
“နားထောင်နေပါတယ်၊ ဆက်ပြော”
ကျိုးချန်သည် အရိပ်အကဲမြန်၏။ ခုနလေးတင်က လင်စစ်နျန်၏အမူအရာမှာ သူ့အား အာရုံမစိုက်မှန်း သိသာသည်။
“မယုံပါဘူး၊ မင်း ဘာမှ နားထောင်မနေဘူး၊ မင်းဘယ်သူ့ကို ငေးနေတာလဲ ကြည့်ရအောင်”
ကျိုးချန်လည်း သူ့နောက်ကို လှည့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံနှင့် ခပ်လှမ်းလှမ်းတွင်ရပ်နေသည့် ကုပေရှန်းကို ချက်ချင်း တွေ့သွားသည်။
ထိုအချိန် ကုပေရှန်းက သတိပြန်ဝင်လာပြီး အကြည့်လွှဲသွားလေ၏။
သူ ထိုလူကို ငေးတာ သိများသိသာသွားလေသလား။ ရိုင်းသည်ဟုများ ထင်သွားလေမလား၊ ထိုလူ စိတ်အနှောင့်အယှက်ဖြစ်မသွားပါစေနှင့်ဟု မျှော်လင့်သည်။
သည်တော့ ကျိုးချန်က ပြန်လှည့်လာပြီး စ တော့သည်။ “ဘာလဲ၊ အဲဒီကလေးကို မျက်စိကျနေတာလား”
လင်စစ်နျန်သည်မူ စားပွဲပေါ်မှ ကော်ဖီခွက်ကိုယူ၍ တစ်ငုံသောက်ပြီးမှ “ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက အထက်တန်းကျောင်းသားပဲရှိသေးတာ၊ အထက်တန်းကျောင်းသားတစ်ယောက်ကို ငါက ဘာကြောင့် စိတ်ဝင်စားရမှာလဲ”