(1)
လူတစ်ယောက်ရဲ့ ဒိုင်ယာရီ
(၁)
ကျွန်တော်က လူတစ်ယောက်။
ကျားလည်းဟုတ်၊ မ လည်းဟုတ်တဲ့ လူတစ်ယောက်။
ခန္ဓာကိုယ်တစ်ခုထဲကို ပုံစံ(Identity) နှစ်မျိုးနဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်…။
ကိုယ့်ကိုယ်ကိုယ် လိင်စိတ်ခံယူချက်ပိုင်း(sexuality)ဆိုင်ရာ LGBT တစ်ယောက်မှန်း ဘယ်တုန်းက စသိခဲ့တာလဲလို့မေးရင် ကျွန်တော်ကတော့ လူမှန်းသိတတ်စထဲကပါလို့ ဖြေရလိမ့်မယ်။ အရမ်းငယ်ရွယ်လွန်းပြီး မတိုးတက်သေးတဲ့ ခေတ်အခါမို့ LGBT ဆိုတာ မြန်မာရုပ်ရှင်ထဲက ပြာပြာနှမ်းနှမ်းတွေခြယ်သထားတဲ့ အခြောက်တစ်ယောက်လို့ပဲ သိတဲ့အချိန်အခါပေါ့။
ယောက်ျားကြီးတွေဖြစ်ပြီး မိန်းမလိုတွေဝတ် စိတ်ပျက်စရာမိတ်ကပ်အပြင်အဆင်တွေနဲ့ ဆံပင်တုတွေဆောင်းလို့ မျိုးတူယောက်ျားလေးတွေကို တမ်းတမ်းစွဲဖြစ်နေတဲ့ ထိုလူမျိုးတွေဟာ ကျွန်တော့်မျက်စိထဲတော့ ရွံစရာပါပဲ။ လူကြီးတွေရဲ့ပြောစကားနဲ့ မြန်မာဇာတ်လမ်းတွေရဲ့ တင်ဆက်မှုပုံစံကြောင့် အပြင်လောကက အလှပြင်ဆိုင်မှာ အလုပ်လုပ်နေကြတဲ့ မိန်းမလျာတွေကိုပါ ရွံကြောက်ကြီးဖြစ်ခဲ့တယ်။ ဘာမှလည်းမဆိုင်ပါဘဲ ကိုယ့်ကို ဘာမှလာလုပ်နေတာလည်း မဟုတ်ပါဘဲ အဲဒီလိုလူတွေကိုမြင်တာနဲ့၊ အဲဒီလူတွေရှိတဲ့နေရာကိုတွေ့တာနဲ့ မကောင်းတဲ့နေရာတစ်ခုလို ဝေးဝေးကနေ ဖယ်ရှောင်သွားမိတဲ့အထိပဲ။
ကံကြမ္မာဆိုတာထူးဆန်းတယ်ပဲဆိုမလား၊ ဗုဒ္ဓဘာသာအယူအဆလို ဝဋ်ဆိုတာ နောက်ဘဝမကူးဘူးလို့ပဲ ဆိုလေမလား၊ ကျွန်တော်မုန်းပြီး ကျွန်တော်ရွံခဲ့ရတဲ့ လူမျိုးနဲ့တူညီစွာ ကျွန်တော်လည်း ဖြစ်လာခဲ့တော့တယ်။
ဆေးပညာမတိုးတက်သေးတဲ့၊ ဗဟုသုတတွေပိတ်ခံထားရတဲ့၊ ခေတ်မှာ မွေးဖွားခဲ့တာမို့ ဆရာဝန်တွေဟာ သူတို့မမြင်ဖူးတဲ့ လိင်အင်္ဂါအစိတ်အပိုင်း(sexual) တစ်ခုကို နားမလည်ခဲ့ကြဘူး။ အသေအချာဖွံ့ဖြိုးမှုမရှိသေးတဲ့ အစိတ်အပိုင်းတစ်ခုပဲလို့သတ်မှတ်ပြီး အနီးစပ်ဆုံးတူတဲ့ လိင်(Sex) အမျိုးအစားတစ်ခုကိုပြောလို့ ကျား၊မ(Gender) ခေါင်းစဉ်တစ်ခုမှာ ဆွဲထည့်ခဲ့ကြတယ်။
အသေအချာဖွံ့ဖြိုးမှုမရှိဘူးလို့ဆိုရအောင် ထိုကလေးဟာ မိခင်ဝမ်းထဲမှာ (၁၀)လကျော်နေလို့ ၈ပေါင်ကျော်(၆လသား အရွယ်)လောက် ဖြစ်နေခဲ့ပြီလေ။
ယောက်ျားလေးလိုချင်ခဲ့တဲ့မိသားစုမှာ မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွာလာရတဲ့ဘဝဟာ ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ မိန်းကလေးဆိုတဲ့ဖြစ်တည်မှုတွေနဲ့ မိန်းကလေးဆိုတဲ့ အမည်နာမတစ်ခုဟာ အချိန်နဲ့အလိုက် ကိုယ်ပေါ်မှာ လွှမ်းမိုးမှုတွေရှိလာခဲ့တယ်။ လူမှန်းသိတတ်စ မှတ်မိသလောက်ဆိုရင် အဖေဟာနောက်ကျမှ အိမ်ပြန်လာတတ်ပြီး ပြန်လာတဲ့ညတိုင်း အမေနဲ့ရန်ဖြစ်နေတတ်တာပဲ။
အစကတော့ အဖေနဲ့အမေကြား ဝင်ဖျန်ဖြေတတ်ပေမဲ့ အကြိမ်ရေများလာတဲ့အခါ ထိုင်ကြည့်နေတတ်လာခဲ့တယ်။ နောက်တော့ အဖေဟာ အိမ်ပြန်လာတဲ့ ရက်တွေ ခြားလာခဲ့တယ်။ သိပ်မကြာပါဘူး။ အဖေနဲ့အမေဟာ ကွာရှင်းလိုက်ကြတော့တယ်။ အကြောင်းပြချက်ကတော့ အဖေဟာအပြင်မှာ နောက်မိန်းမတစ်ယောက်ရှိနေပြီး အဲမိန်းမနဲ့ကလေးတစ်ယောက်ပါ ရနေတဲ့အခြေအနေကြောင့်ပါပဲ။
ပြီးတော့ အဲ့ကလေးက ယောက်ျားလေးတဲ့…။
အဖေနဲ့ပတ်သက်တဲ့အမှတ်တရကတော့ သိပ်မရှိပါဘူး။ အမှန်ပြောရရင် မမှတ်မိတာလည်းဖြစ်နိုင်တယ်။ မှတ်မိခဲ့တဲ့ တချို့မှတ်ဉာဏ်တွေတောင် အခုစဉ်းစားလိုက်ရင် ဝေဝေဝါးဝါးပါပဲ။ တစ်ခုတည်းသော အဖေနဲ့ပတ်သက်ပြီး ရခဲ့တဲ့စိတ်ဒဏ်ရာက ငါမိန်းကလေးဖြစ်နေလို့ ဆိုတာမျိုး ဖြစ်နေခဲ့ခြင်းကြောင့်လားမသိပါဘူး။
ကျွန်တော့်ဘဝရဲ့ Gender ခွဲခြားခံရခြင်းက အဲအချိန်က စဖြစ်ခဲ့တယ်။
***
အသက်လေးနှစ်အရွယ်မှာ အိမ်အောက်လည်းဆင်းဆော့တတ်ပြီဖြစ်သလို သူငယ်ချင်းအချို့လည်းရနေခဲ့ပြီ။ ရွယ်တူတွေကြားထဲမှာ ကိုယ့်အရပ်က ခေါင်းတစ်လုံးအမြဲသာခဲ့သလို ကြံ့ခိုင်မှုကလည်းပိုခဲ့တယ်။ ဒါဟာကလေးထွားတာ ဖွံ့ဖြိုးမှုကောင်းတာလို့ပဲလူတွေက ပြောကြတာပါပဲ။ မဟုတ်မှန်းတော့ ကိုယ့်ကိုယ်ကိုယ်သိနေခဲ့ပေမဲ့ ဘယ်လိုမဟုတ်တာလည်းဆိုတာကိုတော့ ငယ်ရွယ်သေးလွန်းတဲ့ကျွန်တော်ဟာ လူကြီးတွေနားလည်အောင် မရှင်းပြတတ်ဘူး။
မိန်းကလေးတွေလို ငြိမ်ငြိမ်ဆိမ်ဆိမ်ဆော့ရတာထက် ယောက်ျားလေးတွေလို လှုပ်လှုပ်ရှားရှား ကစားရတာကို ပိုကြိုက်တယ်။
အိုးပုတ်တွေ အရုပ်တွေထက် ဂေါ်လီနဲ့တာယာခွေတွေကို ပိုကြိုက်တယ်။
တစ်နေရာတည်းမှာထိုင်ရင်း ဈေးရောင်းတိုင်း ကစားရမယ့်အစား အိမ်ရာဝင်းထဲပတ်ပြေးနေရင်း စစ်တိုက်တိုင်းကစားရတာကို ပိုကြိုက်တယ်။
သိသိသာသာပါပဲ ကျွန်တော့်မှာ မိန်းကလေးသူငယ်ချင်းတွေထက် ယောက်ျားလေးသူငယ်ချင်းက ပိုများခဲ့တယ်။
တစ်နေ့ ကျွန်တော်နဲ့ပေါင်းတဲ့ယောက်ျားလေး သူငယ်ချင်းထဲက အမြွှာညီအစ်ကိုမှာ အငယ်ကောင်က ကျွန်တော့်ကို ရည်းစားစကားမမြည်တဲ့ ရည်းစားစကားမျိုးပြောလာခဲ့တယ်။ တကယ်တော့ လေးနှစ်အရွယ်ကလေးတွေမှာ ချစ်တယ်ကြိုက်တယ်ဆိုတာ၊ ရည်းစားထားခြင်းမထားခြင်းဆိုတာ ဘာသိမှာမို့လို့လဲ ဒီအတိုင်းလူကြီးတွေလုပ်ပုံကို အတုမြင်အတတ်သင်တယ်ပဲ ပြောရမယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် သူတကယ်ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ကျွန်တော့်အတွက် သူဟာ ဆော့ဖော်ဆော့ဖက် သူငယ်ချင်းတစ်ယောက်အပြင်မပိုသလို သူပြောခဲ့တဲ့စကားဟာလည်း ဟာသတစ်ခုအပြင် ပိုမမြင်မိဘူး။
ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်ပြန်ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ ဘာမှမသိတဲ့ လေးနှစ်အရွယ်ကလေးတစ်ယောက်ဆီက ဘယ်သူမှမသင်ရဘဲ ဒီစကားထွက်လာခဲ့တယ်ဆိုတာ ပြောပြရင် ယုံမှာတောင်မဟုတ်ဘူး။
“ငါက ယောက်ျားလေးတွေကို မကြိုက်ဘူး” တဲ့။
ကိုယ့်ကိုယ်ကိုယ် မိန်းကလေးတစ်ယောက်လို့ပဲ သိထားခဲ့တဲ့သူ၊ မိန်းကလေးပါလို့ ပတ်ဝန်းကျင်ကလည်း နားလည်နေတဲ့သူတစ်ယောက်ဆီကနေ “ယောက်ျားလေးတွေကိုမကြိုက်ဘူး” တစ်နည်းအားဖြင့် “ဆန့်ကျင်ဘက်လိင်တွေကို မကြိုက်ဘူး” ဆိုတာက ထူးဆန်းတဲ့အရာဖြစ်နေပေမဲ့ ကလေးသူငယ်စိတ်ပညာ (Child Psycho) ကိုနားမလည်တဲ့ခေတ်မှာမို့ လူကြီးတွေအတွက် ရယ်စရာအကြောင်းအရာတစ်ခုအပြင် မပိုခဲ့ဘူးပေါ့။ လွယ်လွယ်နဲ့ပဲ ဒီစကားတစ်ခွန်းဟာ လေထဲလွင့်ပါသွားသလို ပျောက်ကွယ်သွားခဲ့တော့တယ်။
***