(10)
(၁၀)
လူတွေက ခက်တယ်။
ကျွန်တော်ဟာ သဘာဝပေမဲ့ သူတို့က သဘာဝကို ပိုလိုချင်ကြတယ်။ သူတို့သတ်မှတ်ထားတဲ့ သဘာဝ စံနှုန်းတစ်ခုကိုပေါ့။
ကျွန်တော့်ကို တစ်ချိန်လုံး ပြောနေကြတဲ့စကားတစ်ခွန်းဟာ ခွဲစိတ်မှုခံယူပြီး ယောက်ျား (သို့) မိန်းမ လိင်တစ်မျိုးမျိုးမှာ အတည်တကျ နေထိုင်ဖို့ပါပဲ။ သူတို့ဟာ ယောက်ျားလေးလိုပုံနဲ့ သန်မာတဲ့ ကျွန်တော့်ကို လိုချင်ကြတယ်။ မိန်းကလေးလိုပုံနဲ့ ပျော့ပျောင်းပြီး ချစ်စရာကောင်းနေမှုလေးကို စွဲလမ်းကြတယ်။ သူတို့လိုချင်တာကိုပဲ အမြဲတောင်းဆိုနေတတ်ပြီး ကျွန်တော် ဘာလိုချင်လဲဆိုတာကိုတော့ ဘယ်သူမှ မမေးခဲ့ကြဘူး။
ကျွန်တော်ဟာ Bisexual တစ်ယောက်ဖြစ်တယ်။ လိင်စိတ်ခံယူမှုဟာလည်း ယောက်ျားလေးရော မိန်းကလေးရော နှစ်မျိုးလုံးကို သဘောကျတဲ့လူဖြစ်တယ်။ စိတ်က Bisexual ဖြစ်သလို ဘုရားပေးတဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကလည်း Bisexual(intersex) ဖြစ်တယ်။
ကျွန်တော်ဒါကို သဘောကျတယ်။ ကျွန်တော် လက်ခံတယ်။ နေထိုင်ရတာ ဒုက္ခများခဲ့ပေမဲ့ ကျွန်တော်ဟာ ဘယ်တော့မှ ကျွန်တော့်ခန္ဓာကိုယ် ကျွန်တော့်ဖြစ်တည်မှုနဲ့ပတ်သက်ပြီး စိတ်ပျက်ရတာ နောင်တရတာ မရှိခဲ့ဖူးဘူး။ ကျွန်တော်ဟာ ကောင်းချီးတစ်ပါးဖြစ်တယ်။ သဘာဝရဲ့ လက်ဆောင်တစ်ခုဖြစ်တယ်။
တစ်လောကလုံးရဲ့ LGBTQ+ တွေမှာ Bisexual တွေဟာ sex တစ်မျိုးပဲရှိလို့ တချို့သောအရာတွေ အဆင်မပြေဖြစ်နေပေမဲ့ ကျွန်တော့်မှာ ဒီပြဿနာဖြစ်စရာအကြောင်း မရှိဘူးလေ။ ကျွန်တော်ချစ်တဲ့သူဟာ ဘယ်သူဖြစ်ပါစေဦး။ နောက်ဆုံးမှာ ဘဝလက်တဲ့ဖော်ကို ကျွန်တော်ဘယ်သူပဲဖြစ်ဖြစ် ရွေးချယ်ရင် မိန်းကလေးတစ်ယောက်အတွက်လည်း သာယာတဲ့အိမ်ထောင်ရေးနဲ့ မိသားစုဘဝလေးဖန်တီးပေးနိုင်သလို ယောက်ျားလေးတစ်ယောက် အတွက်လည်း ကျွန်တော်ဖန်တီးပေးနိုင်တယ်။
ကျွန်တော့်ရဲ့ဖြစ်တည်မှုကိုက ကောင်းချီးတစ်ပါးဖြစ်နေမင့်ဟာ ဘာဖြစ်လို့ ဒီကောင်းချီးကို စွန့်လွှတ်ခိုင်းစေချင်ကြတာလဲ။
ကျွန်တော့်ကို မိန်းကလေးအဖြစ်သိတဲ့ပတ်ဝန်းကျင်ဟာ ယောက်ျားလေးလိုနေတာမြင်တိုင်း Tomboy လုပ်တော့မလို့လား ယောက်ျားလျာလားလို့ မေးတယ်။ ကျွန်တော့်ကို ယောက်ျားလေးအဖြစ်သိတဲ့ ပတ်ဝန်းကျင်ကတော့ မိန်းကလေးလိုနေမိရင် အခြောက်လား Gay လားလို့ မေးကြပြန်တယ်။
မိန်းကလေးပတ်ဝန်းကျင်က ကျွန်တော့်ကို စစ်မှန်တယ်ထင်ပြီး ယောက်ျားလေးပတ်ဝန်းကျင်က ကျွန်တော့်ကို လိမ်နေတယ်ထင်ကြတယ်။ ကျွန်တော်ဘာမှန်းသိသွားတဲ့ ပတ်ဝန်းကျင်ကတော့ ထူးဆန်းတယ်ထင်ကြပြီး ဓာတ်ခွဲခန်းက အစမ်းသပ်ခံကြွက်လေးတစ်ကောင်လို ဆက်ဆံကြတယ်။
ဒါကိုဖတ်ပြီး စိတိကူးယဉ်သက်သက်ပဲလို့တွေးနေရင်တော့ သင့်ရဲ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပါ မိတ်ဆွေ။ ကျွန်တော်အပါအဝင် ကျွန်တော့်လိုလူမျိုးတွေဟာ သင်သတိမထားမိတဲ့ သင့်ရဲ့ပတ်ဝန်းကျင်မှာ ရှိနေပါလိမ့်မယ်။ တချို့က အကြာက်တရားတွေကြား ရှင်သန်နေထိုင်တယ်။ တချို့ကတော့ စိုးရွံ့မှုတွေကြားမှာနေပြီး တချို့က ထိတ်လန့်မှုတွေကြားမှာ နေထိုင်နေကြတယ်။
သူတို့ဟာ ကျွန်တော်မဟုတ်လို့ ကျွန်တော့်လိုတွေးချင်မှတွေးမယ် သေချာတာက အများစုကတော့ ပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်တွေကြားမှာ ပတ်ဝန်းကျင်ပုံဖော်သလို ရှင်သန်ရင်း မိမိရဲ့ကောင်းချီးတွေကို ကံဆိုးမှုတစ်ခုအနေနဲ့သတ်မှတ်လို့ ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေကြတယ်။ နေမကောင်းရင်တောင် ငါဘာဆိုတာ သိသွားမလားဟဲ့ ငါ့ကို လူထူးလူဆန်တစ်ယောက်လို့ ထင်ကြမလားဟဲ့ဆိုပြီး ဆေးရုံဆေးခန်းတောင်မသွားနိုင်ဘဲ အသက်သေဆုံးသွားကြရတယ်။
လက်တစ်ဖက်နဲ့ ရေတွက်လို့ရတဲ့လူတချို့ကသာ မိမိတို့ရှင်သန်တည်ရှိနေမှုကို လောကကြီးသိအောင် လက်ခံလာအောင် အသိပေးချင်ကြတယ်။ သဘာဝအတိုင်းချပြရင် လက်မခံမှာစိုးလို့ တိရစ္ဆာန်တို့ရဲ့သဘာဝနဲ့ စိတ်ကူးဉာဏ်အချို့ ကွန့်မြူးရာကနေ လူအချို့သိကြတဲ့ ‘Omegaverse’ ဆိုတဲ့ ကမ္ဘာအသစ်တစ်ခု ဖြစ်တည်လာခဲ့တာပါပဲ။
လက်တွေမှာ Female Alpha ဆိုတာလည်း ကျွန်တော်တို့ပဲဖြစ်ပြီး Male Omega တွေကလည်း ကျွန်တော်တို့ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ လူထဲက လူတစ်ယောက်ပါ။ လူတွေရဲ့သတ်မှတ်ချက်ဖြစ်တဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက် အကုန်ပါသလို လူလိုစား လူလိုသွားပြီး လူတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့အညီနေထိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ သဘာဝကြီးရဲ့ဖြစ်တည်မှုတစ်ခုဖြစ်ပြီး ထူးဆန်းတဲ့သူတွေမဟုတ်သလို ဓာတ်ခွဲခန်းထဲက အစမ်းသပ်ခံကြွက်လေးတွေလည်း မဟုတ်ပါဘူး။
ကျွန်တော်တို့ဟာ လူတစ်ယောက်ဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ အကုန်ရနိုင်ရပါမယ်။ စိတ်ပိုင်းဆိုင်ရာ ခံယူချက်မတူညီတဲ့ သူတွေကိုတောင် Love is Love ဆိုပြီး လက်ခံပေးကြပြီးမှ ဘာကြောင့် ကျွန်တော်တို့ကိုပဲကွက်ပြီး ပုံသွင်းချင်ရတာပါလဲ။
ကျွန်တော့်ကတော့ ကျွန်တော့်ရဲ့ ရပ်တည်မှုက ဘာလဲလို့မေးရင် ကျွန်တော်တည်ရှိနေတာကိုက ကျွန်တော့်ရဲ့ရပ်တည်မှုပါပဲ။
ကျွန်တော်တည်ရှိနေတဲ့နေရာမှာပဲ ကျွန်တော့်ဖြစ်တည်မှုကို နားလည်လက်ခံပေးတဲ့သူနဲ့ ကျွန်တော်သဘောကျတဲ့ စာရေးခြင်းကို ဆက်လုပ်ပြီး တခြားဝါသနာတွေကိုပါ ဖြည်းဖြည်းချင်း အကောင်အထည်ဖော်သွားမှာပါ။ ကျွန်တော် ဘယ်သူဆိုတာက ကျွန်တော့်ရဲ့အရည်ချင်းကို ဆုံးဖြတ်ပေးမှမဟုတ်ဘဲလေ။
အဆုံးသတ်မရှိတဲ့ ဒီဒိုင်ယာရီလေးကိုရောပေါ့…။။
ဒီနေရာမှာပဲ ဘာဗဟုသုတမှမရ၊ ဘာဇာတ်ကြောင်းမှလည်းမရှိဘဲ ပျင်းစရာကောင်းတဲ့ လူတစ်ယောက်ရေးသော ဒိုင်ယာရီတစ်ပုဒ်ဟာ ခေတ္တခဏ ရပ်နားခဲ့လေသတည်း။ ။
ပြီးပါပြီ
Baby Bunny