(2)
(၂)
ကျွန်တော့်ရဲ့ အချစ်ဦးဟာ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တယ်။
သူ့အဖေဟာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး အမေကတော့ သာမန်အိမ်ရှင်မတစ်ယောက်ပါပဲ။ သူ့မှာ သုံးနှစ်ကျော် လေးနှစ်နီးပါးငယ်တဲ့ ညီမလေးတစ်ယောက်ရှိပြီး သူတို့မိသားစုလေးယောက်ဟာ ကျွန်တော်တို့အိမ်ရဲ့ မျက်နှာချင်းဆိုင်တိုက် အပေါ်တစ်ထပ်မှာနေကြတယ်။
မိသားစုချင်းလည်းရင်းနှီးတော့ အဖော်မက်တဲ့ကျွန်တော်ဟာ သူတို့ညီအစ်မနှစ်ယောက်နဲ့ ကစားဖော်ကစားဖက်ဖြစ်လာခဲ့ပါတယ်။
ချစ်တယ်ဆိုတာ ဘာမှန်းမသိတဲ့အရွယ်မှာပဲ သူ့အပေါ်ကျွန်တော့်ခံစားချက်တွေက ထူးဆန်းနေခဲ့တယ်။ သူ့အနားမှာနေရတာပျော်တယ်။ သူ့ကိုပဲမြင်နေချင်တယ်။ သူ့ကိုပဲတို့ထိချင်တယ်။ သူ့လက်လေးတွေ၊ သူ့ပါးပြင်လေးတွေကို ထိကိုင်မိတိုင်း ပိုင်ဆိုင်လိုစိတ်တွေ တိုးသထက် တိုးလာရတယ်။ ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ တစ်နေရာကလည်း သူ့ကို တအားတုံ့ပြန်လွန်းတယ်။
ယုံနိုင်မှာမဟုတ်ပေမဲ့ အဲအချိန်မှာ ကျွန်တော့်အသက်က ဖေဖေနဲ့မေမေ ကွာရှင်းပြီး လေးနှစ်ကျော် ငါးနှစ်ထဲမှာပဲရှိသေးတယ်။
ကျွန်တော်မှတ်မိပါသေးတယ်။ သူ့နာမည်က ‘ဆုမြတ်ထွန်း’ တဲ့။ ကျွန်တော့်ထက် နှစ်နှစ်ကြီးတယ်။ သူ့ညီမလေးဖြစ်တဲ့ ‘ခိုင်သဇင်ထွန်း’ ကတော့ ကျွန်တော့်ထက် နှစ်နှစ်ငယ်ပါတယ်။ ကလေးဆိုတော့ တစိမ်းဖြစ်တဲ့ ကျွန်တော့်နောက်ကို ခိုင်သဇင်ထွန်းဟာ တကောက်ကောက်လိုက်လေ့ရှိတယ်။ ကျွန်တော်က သူ့အမနဲ့ပဲနေချင်သူဆိုတော့ အဲလို လိုက်နေတာကို မကြိုက်ခဲ့ပါဘူး။ သေချာပေါက် အဲအချိန်က ကျွန်တော့်မျက်စိထဲမှာ ဒီကလေးဟာ အရှုပ်ထုပ်လေးပါပဲ။
အမြဲတမ်း ကလေးမလေးကို ပထုတ်ပြီး ဆုမြတ်နဲ့ နှစ်ယောက်တည်းအတူရှိနေရအောင် ကြိုးစားတာ ကျွန်တော့်အတွက်အလုပ်တစ်ခုလိုပဲ။ ဆုမြတ်က အိမ်ပေါ်မှ အိမ်အောက်တောင် ပေးမဆင်းတဲ့ မိသားစုမှာ နေရသူမို့ ရပ်ကျော်ရွာကျော်ဖြစ်တဲ့ ကျွန်တော့်ရဲ့ကစားနည်းတွေနဲ့ ပုံပြင်တွေဟာ သူတို့ညီအစ်မအတွက် အထူးအဆန်းတွေဖြစ်ခဲ့တယ်။ ကျွန်တော်ပြောပြတဲ့ ပါဝါရိန်းဂျားဇာတ်လမ်းတွေကို နားထောင်ရင်း ပါးစပ်အဝိုင်းသားလေးဖြစ်နေတဲ့ ဆုမြတ်ပုံဟာ ကျွန်တော့်အတွက် အသည်းယားစရာအပြည့်ပဲ။
ကျွန်တော်က ပါဝါရိန်းဂျားအနီကောင်လုပ်မှာလို့ပြောတိုင်း ဆုမြတ်က သူပန်းရောင်လုပ်မှာလို့ပြောတတ်တယ်။ ဇာတ်လမ်းထဲမှာ အနီကောင်နဲ့ပန်းရောင်ဟာ ချစ်သူတွေပါလို့တော့ ကျွန်တော်မပြောပြဖြစ်ခဲ့ဘူးပေါ့။
ကျွန်တော်ဟာ ရပ်ကွက်ထဲ အိမ်ရာဝင်းထဲမှာဆို မသိသူမရှိတဲ့ နာမည်ကြီး ကလေးဗိုလ်ပါ။ ငါးနှစ်အရွယ်တည်းနဲ့ ရပ်ကွက်နဲ့ အိမ်ရာဝင်းတစ်ခုလုံး ပတ်ပြေးနေတတ်သလို မီးသွေးခဲတွေကို ရေနဲ့သွေးပြီး ‘အိမ်သုတ်ဆေး အမည်းရမယ် လက်တစ်တို့မှတစ်ရာတည်းပါ’ ဆိုပြီး လက်ညှိုးမှာ မီးသွေးရေတွေသုတ်လို့ ရပ်ကွက်ပတ်ရောင်းတတ်သေးတယ်။ ကျူးတောထဲ ငါးသွားဖမ်းတတ်ပြီး သဲတောထဲ မြေလူးနေအောင်ဆော့တတ်လို့ အမေ့ရဲ့ ကြိမ်လုံးဆွဲပြီး လိုက်ရိုက်တာကိုလည်း ခံရသေးရဲ့။ အသံတော်တော်အောင်တဲ့ ကျွန်တော့်ရဲ့ အော်ငိုသံဟာလည်း တစ်ရပ်ကွက်လုံး မကြားဖူးတဲ့သူ မရှိသလောက်ပါပဲ။
ဖိုးညီ၊ ဖိုးကို အမြွှာညီအစ်ကို၊ ငချမ်း၊ စတိုးနားတို့လိုယောက်ျားလေးသူငယ်ချင်းတွေနဲ့ ကျွန်တော်ဟာ လမ်းတစ်လျှောက် ခွေလှိမ့်နေတုန်း ဆုမြတ်က အိမ်ရှေ့ဝရန်တာကနေ ငုံ့ကြည့်လို့ အားပေးနေတတ်တယ်။ ဘာပဲဆော့ဆော့ သူ့အိမ်အောက်ကဖြတ်တိုင်း သူကိုတွေ့တာနဲ့ လက်လှမ်းပြရတာလည်း ကျွန်တော်လုပ်နေကြ အလုပ်တစ်ခုပေ့ါ။ အောက်ဆင်းဆော့ခွင့်မရှိတဲ့ သူ့ရဲ့အားကျနေတဲ့ မျက်ဝန်းတွေကြောင့် လူဆိုးလေးကျွန်တော်ဟာ အပေါင်းအဖော်တွေကို ပစ်ပယ်လို့ ထမင်းချိုင့်ဆွဲပြီး သူတို့အိမ်မှာ တစ်နေကုန်သွားဆော့နေတော့တာပါပဲ။
ဆုမြတ်က စစ်တုရင် ကစားတာတော်ပါတယ်။ ဆုမြတ်အဖေက သူတို့အိမ်မှာ စစ်တုရင်တို့ကျားကစားကွက်တို့ကို အစုံလိုက်ဝယ်ထားပေးပြီး သမီးနှစ်ယောက်ကို လက်ထပ် သင်ပေးတတ်တယ်။ တုတ်တစ်ချောင်းကိုင်ပြီး ရပ်ကွက်ပတ်ဆော့တတ်တဲ့ ကျွန်တော်ကတော့ စစ်တုရင်နဲ့ပတ်သက်ပြီး အသိက သဲမှုန်စာလောက်တောင်မရှိခဲ့ပါဘူး။
သဘောကျရတဲ့ မိန်းကလေးရှေ့ မျက်နှာမပျက်ချင်တာမို့ စစ်တုရင်ကစားနည်းကို ဦးလေးဆီကနေ သင်ပေးဖို့တောင်းဆိုခဲ့တယ်။ ယောက်ျားလေးလိုပဲနေတတ်ထိုင်တတ် စကားပြောတတ်တဲ့ကျွန်တော်ဟာ ဦးလေးနဲ့ စကားပြောဖော်စကားပြောဖက် ဖြစ်ခဲ့ပါတယ်။ ကလေးဖြစ်တဲ့ကျွန်တော်က နားထောင်ရတာများတာပေါ့။ ဦးလေးက သင်ပေးဖို့လုပ်ခဲ့ပေမဲ့ အလုပ်များတဲ့သူမို့ အဆုံးထိတော့ကျွန်တော့်မှာ သင်ခွင့်မရလိုက်ရှာပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ စစ်တုရင်နဲ့ပတ်သက်ပြီး ခြေလှမ်းဟာ အဲနေရာမှာ တစ်ခန်းရပ်သွားခဲ့တယ်။
ပျော်ရတဲ့အချိန်တွေဟာ သိပ်မကြာပါဘူး။ နွေရာသီကျောင်းပိတ်ရက်တွေပြီးလို့ ကျောင်းတွေပြန်ဖွင့်တော့ ကျွန်တော့်ထက် နှစ်နှစ်ကြီးတဲ့ ဆုမြတ်ဟာ ကျောင်းပြန်တက်ရပါတော့တယ်။ ငါးနှစ်ပြည့်ပြီးဖြစ်တဲ့ ကျွန်တော်ကလည်း သူငယ်တန်းစတက်ရတယ်။
ဆုမြတ်တက်တဲ့ကျောင်းမှာတက်ချင်ပေမဲ့ အမေက ကျွန်တော့်ကိုမထားခဲ့ပါဘူး။ အ.မ.က (၁၄) လို့ခေါ်တဲ့ ဖွင့်တာသိပ်မကြာသေးတဲ့ ကျောင်းအသစ်မှာ ကျွန်တော်တက်ခဲ့ရတယ်။ ကျောင်းကအရမ်းကောင်းပါတယ်။ ကျွန်တော်တို့အခန်းရဲ့ အတန်းပိုင်ဆရာမကလည်း အရမ်းသဘောကောင်းတယ်။ မှတ်မိသေးတယ် ဆရာမနာမည်က ‘ဒေါ်လှလှအောင်’ တဲ့။ ဝဖိုင့်ဖိုင့်နဲ့ ဆရာမဟာ ကျွန်တော့်ကို အတော်လေးချစ်ခဲ့ပါတယ်။ ကျွန်တော့်ဘဝရဲ့ အပျော်ဆုံးအချိန်တွေဟာ မ(၁၄) မှာ တက်ခဲ့ရတဲ့အချိန်တွေပဲလို့ပြောရင် မှားမှာ မဟုတ်ဘူး။
ခွဲခြားဆက်ဆံမှုမရှိဘူး။ ယောက်ျားလေး မိန်းကလေးသတ်မှတ်ချက်မရှိဘူး။ အပေါ့ပါးဆုံးဖြစ်စေခဲ့တဲ့တစ်ခုက ကျား၊မ ခွဲခြားမှုခေါင်းစဉ်တစ်ခုအောက်မှာ ကျွန်တော့်ရဲ့ အမူအကျင့်နဲ့ အနေအထိုင်တွေဟာ ပုံသွင်းပြောင်းလဲခြင်း မခံခဲ့ရဘူး။
ပထမဆုံး ကျောင်းတက်ရက်မှာတင် ကျွန်တော်ဟာ ငိုမနေခဲ့ဘူး။ အမေကတော့ ပထမဆုံးအိမ်နဲ့ခွဲဖူးတာမို့ သူထွက်သွားရင် ငိုမှာစိုးရိမ်နေခဲ့ပေမဲ့ ကျွန်တော်ကတော့ ကျောင်းနဲ့ ကျွန်တော်တက်ရမယ့်အခန်းကို ပတ်ကြည့်လို့ပျော်နေခဲ့တာပါပဲ။ အတန်းပိုင်ဆရာမဟာ ငိုနေတဲ့ကလေးတွေကို ချော့တစ်လှည့် ခြောက်တစ်လှည့် လုပ်နေချိန်မှာ ကျွန်တော်ဟာ ဒီကလေးတွေ ‘ဘာလို့ငိုနေရတာလဲ အဓိပ္ပာယ်မရှိလိုက်တာ’ လို့ တွေးနေခဲ့တယ်။ တကယ်ပဲ သူတို့အသံဟာ နားညည်းလွန်းတယ်။ ပြီးတော့ နှပ်ချေးတွေ မျက်ရည်စီးကြောင်းတွေနဲ့ သူတို့ပုံစံဟာ ရုပ်ဆိုးလွန်းတယ်။
သူတို့ကို မြင်လေ ဆုမြတ်ကိုသတိရလေပါပဲ။ မနက်ကျောင်းသွားတုန်း ပါးကွက်ကျားလေးနဲ့တွေ့လိုက်ရတဲ့ ဆုမြတ်ပုံစံဟာ သိပ်ကိုလှလွန်းတယ်။ ကျွန်တော်နမ်းချင်လိုက်တာ။ သူ့ပါးအိအိလေးက သနပ်ခါးတွေကို ကျွန်တော့်နှာခေါင်းလေးနဲ့ ဖျက်ပစ်ချင်တယ်။ ကျွန်တော်ဟာ ချစ်ရသူနဲ့ပတ်သက်ပြီး ၅နှစ်သားအရွယ်မှာတင် နှာဘူးထတတ်နေပါပြီ။
ရုပ်ဆိုးဆိုးနဲ့ ဒီကလေးတွေကို မုန်းပေမဲ့ လူ ငါးဆယ်လောက်ရှိတဲ့အခန်းထဲမှာ လေးဆယ်လောက်က ငိုနေကြပြီး ဆရာမကလည်း တစ်ယောက်တည်းမို့ ကျွန်တော်ကူညီဖို့ဆုံးဖြတ်လိုက်တယ်။ အစကတော့ ပြေပြေလည်လည်ပြော ချော့ပြီး အတူကစားကြရအောင် မငိုနဲ့တော့ ဘာညာပြောပေမဲ့ ငိုကြောရှည်နေတဲ့ကောင်မျိုးဆို စိတ်မရှည်တာနဲ့ ဆွဲဆိတ်ပြီး မိုက်ကြည့်ကြည့်ပေးလိုက်တာပဲ။ အလုပ်တော့ဖြစ်တယ်ဗျ။ ငိုသံအကျယ်ကြီးကနေ ရှိုက်သံတိုးတိုးလေးပဲ ထွက်လာတော့တယ်။
ကျွန်တော်ဘာလုပ်လိုက်တာမှန်း မမြင်တဲ့ဆရာမဟာ ကျွန်တော်စကားပြောလိုက်တဲ့ ကလေးတွေ တိတ်သွားတာမြင်တော့ သဘောကျသွားပုံရပါတယ်။ ရက်အနည်းငယ်မှာပဲ ကျွန်တော်က အတန်းခေါင်းဆောင်ဖြစ်လာခဲ့တယ်။
ကျောင်းပိတ်ရက်မှာ ဆုမြတ်နဲ့တွေ့တော့ ကျွန်တော်မောပန်းစွာ သူ့ကိုယ်ပေါ်မှီထားမိတယ်။ ကျွန်တော်လွမ်းလှပြီလေ။ ကျောင်းဆင်းလို့ သူအိမ်အပြေးသွားရင်လည်း အတန်းကြီးတဲ့ ဆုမြတ်ဟာ အိမ်စာတွေ ကျက်စာတွေနဲ့ အတူမဆော့နိုင်ဘူး။ ကျွန်တော်ဟာ ခိုင်သဇင်ထွန်းနဲ့ပဲ အတူဆော့ရတယ်။ ဆုမြတ်နဲ့ အတူမရှိရတော့ ကျွန်တော်လည်းနောက်မသွားတော့ဘူး။ အိမ်အောက်မှာပဲ ဂေါ်လီရိုက်နေလိုက်တော့တယ်။
ကျွန်တော် ဆုမြတ်ကိုမေးတယ်။
“ပထမဆုံး သူငယ်တန်းတက်တုန်းက ငိုခဲ့လား”
မျက်နှာလေးရဲကာ သူ မပြောဘူး။ အန်တီကဝင်ဖြေရှာတယ်။ အမလေး ငိုတာမှ တစ်နေကုန် အန်တီမှာ အိမ်တောင်မပြန်ရဘူးတဲ့။ အငယ်လေးကို ပိုက်ရင်း ကျောင်းဆင်းချိန်အထိ ထိုင်စောင့်ခဲ့ရတာတဲ့လေ။
ကျွန်တော်ပြုံးမိတယ်။ မျက်ရည်ဝိုင်းနေတဲ့ သူ့ပုံစံက တအားချစ်ဖို့ကောင်းမှာလို့တွေးမိတော့ ကျွန်တော်အနိုင်ကျင့်ချင်လာတယ်။ ဒါပေမဲ့ မလုပ်ခဲ့ပါဘူး။ မလုပ်ရက်ခဲ့တာဆို ပိုမှန်လိမ့်မယ်။ သူ ဝမ်းနည်းပြီးငိုရမှာတော့ ကျွန်တော်မမြင်ချင်ဘူးလေ။
***
ကျွန်တော်ဟာ ရပ်ကွက်ထဲမှာလည်း ရွာဇော်ဖြစ်သလို ကျောင်းမှာလည်း ကျောင်းတက်တာတစ်လတောင်မပြည့်သေးဘူး အတန်းကြီးဆရာမကအစ ကျောင်းအုပ်အဆုံး မသိသူမရှိသလောက်ဖြစ်နေပြီ။
အဲဒီနေ့ အတန်းဆင်းခါနီးမှ ဆရာမက သင်ခန်းစာအသစ်တစ်ခုကို သင်ခဲ့တယ်။ အဲဒါကိုအပြီးရေးမှ ကျောင်းဆင်းပေးမယ်လို့ပြောလာတယ်။ လက်ရေးနှေးတဲ့ ကျွန်တော်ဟာ အချိန်မီမပြီးနိုင်ခဲ့ပါဘူး။ အတန်းဖော်တွေဟာပြန်ကုန်ကြပြီ။ အခန်းထဲ ကျွန်တော်အပါအဝင် လူ ဆယ်ယောက်လောက်ပဲကျန်တော့တယ်။ တစ်ယောက်ပြီးတစ်ယောက် သူငယ်ချင်းတွေဟာ အိမ်ပြန်ကုန်တော့ ကလေးပီပီ ကျွန်တော်လည်းပြန်ချင်တာပေါ့။ စိတ်လောနေတော့ ရေးသမျှဟာ မလှမပပိုဖြစ်ပြီး ပြန်ပြန်ရေးနေရတော့ မပြီးပြန်ဘူး။ စိတ်မာပေမဲ့ ပြတင်းပေါက်ကနေ မျှော်ကြည့်နေတဲ့ အမေ့မျက်နှာမြင်တော့ ငိုချင်လာခဲ့တယ်။
အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားတယ်။ ညနေ သုံးနာရီလေးဆယ့်ငါးမိနစ်မှာ ကျောင်းဆင်းနေကျပေမဲ့ အခု လေးနာရီခွဲကျော်လို့ ငါးနာရီတောင်ထိုးတော့မယ်။ ကျွန်တော်အပါအဝင်အတန်းထဲ လူကလည်း ငါးယောက်လောက်ပဲကျန်တော့တယ်။ တချို့ကတော့ ငိုနေပြီ။ ကျွန်တော်လည်း အံကြိတ်နေရင်း မျက်ရည်က စီးကျနေပါပြီ။ ဆရာမက ဒါကိုမြင်တော့ စိတ်လျှော့လိုက်ပုံပဲ။ မပြီးတဲ့သူတွေကို တစ်ယောက်တစ်ချက်စီ ကြိမ်လုံးနဲ့ ခပ်ဆတ်ဆတ်ရိုက်ရင်း ကျန်တာတွေ အိမ်မှာရေးဖို့ မှာလိုက်ပါတော့တယ်။
ဆရာမ ရိုက်တာမနာပါဘူး။ ဒါပေမဲ့ ကျွန်တော်က အသားဖြူပြီး လက်ကလေးက ဖောင်းတော့ အနီရောင်အရှိုးရာကြီးက အထင်းသားပေါ်လာခဲ့တယ်။ စာအများကြီးရေးခဲ့တာလည်းပါမှာပေါ့လေ။ လက်က ညနေဘက်မှာ ကွေးလို့တောင်မရတော့ပါဘူး။
နောက်နေ့မှာပဲ ကျောင်းလာတဲ့ကျွန်တော့်ပုံစံကို အတန်းပိုင်ဆရာမသာမက ကျန်ဆရာ၊ ဆရာမတွေပါ မြင်ပြီး အထိတ်တလန့်ဖြစ်ခဲ့တယ်လေ။ ပတ်တီးဖြူဖြူတို့ ညာဘက်လက်မှာ အထင်းသားနဲ့ပေါ့။ ကြိမ်လုံးနဲ့တစ်ချက်ပဲရိုက်လိုက်တာကို ကျောက်ပတ်တီးပါစည်းလိုက်ရတဲ့ကျောင်းသားဆိုပြီး တစ်ကျောင်းလုံး နာမည်ကြီးသွားတော့တယ်။ ကလေးသူငယ်နှိပ်စက်မှုနဲ့ ပြုတ်စော်နံသွားတဲ့ ဆရာမဟာ အဲအချိန်ကစပြီး ကျွန်တော့်ကို မရိုက်ရဲတော့တာ ကျွန်တော် လေးတန်းပြီးလို့ ငါးတန်းကို အလယ်တန်းကျောင်း ပြောင်းတဲ့အထိပါပဲ။
ဒီအကြောင်းကို ဆုမြတ်သိတော့ ‘ငုံးဥ’ ဟာအရမ်းဆိုးတာပဲလို့ပြောရင် ရယ်နေခဲ့တယ်။ ငုံးဥစားရတာအရမ်းကြိုက်တဲ့ ကျွန်တော်ဟာ ဘယ်သူစခေါ်မှန်းမသိ အိမ်ခေါ်နာမည် ငုံးဥလို့ တွင်သွားခဲ့တယ်။ ဒီနာမည်ကို ကျွန်တော်မကြိုက်ပေမဲ့ သူအပါအဝင် သူတို့တစ်အိမ်လုံးက ငုံးဥပဲခေါ်တော့ မချစ်သော်လည်း အောင့်ကာနမ်းနေရတယ်လေ။
သီတင်းကျွတ်ကျောင်းပိတ်ရက်တွေကတော့ ကျွန်တော့်အတွက် အပျော်ဆုံးရက်တွေဖြစ်ခဲ့ပါတယ်။ အိမ်ရာဝင်းတစ်ခုလုံး လမ်းတိုင်းအပြိုင်အဆိုင် မီးပြိုင်ထွန်းကြတာ သိပ်လှတာပဲ။ ညဘက်ဆို မီးရောင်အောက်မှာ လမ်းလျှောက်ရတာ ကျွန်တော်သိပ်ကို ကြိုက်တယ်။ မီးကြိုးတန်းတွေကိုကျော်လို့ ကြက်တောင်ရိုက်ရတာ ပျော်စရာပါပဲ။ သေချာတာပေါ့ ကျွန်တော့်ရဲ့ အပျော်ရွှင်ဆုံးအရာတွေတိုင်းမှာ သူ ပါဝင်နေခဲ့တယ်လေ။
သီတင်းကျွတ်ညတွေဟာ အရမ်းလှတော့ ဆုမြတ်ကိုအောက်ခေါ်သွားချင်လို့ ဦးလေးနဲ့အန်တီဆီမှာ ခွင့်တောင်းခဲ့တယ်။ ခွင်ပြုခဲ့ပါတယ်။ ဆုမြတ်တစ်ယောက်တည်းတော့မဟုတ်ခဲ့ပေမဲ့လို့ပေါ့။ တစ်မိသားစုလုံး အိမ်ကိုသော့ခတ်ပြီး မီးရောင်တွေအောက်မှာ လမ်းလျှောက်ခဲ့တယ်။ ကျွန်တော်ဟာ ဆုမြတ်လက်ကိုကိုင်ပြီး ရှေ့ကနေ အပြေးသွားလို့ ဦးဆောင်ခေါ်ခဲ့ပေမဲ့ အငယ်လေးဟာ သူ့ကိုလည်းခေါ်ဆိုပြီး တကောက်ကောက်လိုက်နေတော့ အတော်လေးအဆင်မပြေဖြစ်ရတယ်လေ။
ကျွန်တော်က ဆုမြတ်နဲ့ နှစ်ယောက်တည်း နေချင်တာကို…။
နောက်နေ့တွေမှာတော့ အိမ်အောက်ကိုမဆင်းရတော့တဲ့ဆုမြတ်ကြောင့် ကျွန်တော့်ရဲ့သီတင်းကျွတ်ညတွေပါ သူ့အိမ်မှာဖြစ်လာတော့တာပါပဲ။ ဝရန်တာမှာ အတူထိုင်ရင်း အောက်ဘက်က မီးရောင်တွေကို အတူကြည့်နေမိတယ်။ ဘာတွေပြောခဲ့မှန်း ကျွန်တော်မမှတ်မိတော့ပေမဲ့ ကျွန်တော်ပြောသမျှကို ပြုံးပြုံးလေးနဲ့ နားထောင်နေခဲ့တဲ့ သူ့ကိုတော့ မှတ်မိတယ်။ လပြည့်ညရဲ့ ဖြာဆင်းတဲ့အလင်းအောက်မှာ ဆုမြတ်ဟာ သိပ်ကိုလှနေခဲ့တယ်လေ။
ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းလေးနဲ့ ပါးဖောင်းဖောင်းအိအိလေးကို ကျွန်တော်ကြည့်ရင်း အသည်းယားလာခဲ့တယ်။ ရင်ဘတ်ထဲမှာလည်း အကောင်တစ်ကောင် ခုန်ပေါက်နေသလိုပါပဲ။ ကျွန်တော် သူ့ကို ထိကိုင်ကြည့်ချင်တယ်။ မြည်းစမ်းကြည့်ချင်တယ်။ နှာခေါင်းတို့ နစ်ဝင်တဲ့အထိ သူ့ပါးကို နမ်းပစ်ချင်တယ်။
တစ်စတစ်စများပြားလာတဲ့ ပိုင်ဆိုင်လိုစိတ်တွေကို ကျွန်တော် ထိန်းမရတော့ဘူး။ ရပ်ကွက်ပတ်ပြီး အတတ်ကောင်းတွေတတ်နေတဲ့ နှာဘူးလေး ကျွန်တော်ဟာ သူ့ကိုကြည့်ရင်းပြောလိုက်တယ်။
“လင်မယားလုပ်တိုင်း ကစားရအောင်လေ”
ဖြူစင်တဲ့သူဟာ ကျွန်တော့်ထက် နှစ်နှစ်ကြီးပေမဲ့ ဒါဟာ ဘယ်လိုကစားနည်းမှန်း မသိပါဘူး။ သူ့အဖေနဲ့အမေဟာ လင်မယားမှန်းသိပေမဲ့ နောက်ကွယ်ကအကြောင်းအရာတွေမသိတဲ့အခါ ရိုးရိုး သရုပ်ဆောင်တဲ့ကစားနည်းမျိုးပဲထင်ပြီး သဘောတူခဲ့တယ်။
ကျွန်တော်က အဖေ။ ဆုမြတ်ကအမေ။ ဘေးက လိုက်ရှုပ်နေတဲ့ အငယ်လေးကတော့ သမီးပေါ့။
သမီးက အဖေနဲ့အမေစားဖို့ ထမင်းသွားချက်ရမယ်ဆိုပြီး အငယ်လေးကို ကစားစရာပစ္စည်းတွေ သွားယူဖို့ခိုင်းလိုက်တယ်။ တကယ်က ပထုတ်လိုက်တာပါ။
အခုတော့ လရောင်အောက်မှာ သူနဲ့ကျွန်တော်နှစ်ယောက်တည်း။ ကျွန်တော် သူ့ကိုကြည့်တယ်။ ကျွန်တော့်မျက်လုံးတွေက ရီဝေဝေဖြစ်နေပြီ။ ကျွန်တော် မေးလိုက်တယ်။
“မမဆုမြတ် လင်မယားတွေက ဘာလုပ်ကြလဲ သိလား” လို့။
သူက ခေါင်းခါတယ်။ အခွင့်အရေးသမားကျွန်တော်ဟာ သူ့အနားကပ်လို့ ကျွန်တော်ပြမယ်ဆိုပြီး သူ့ကို ဖက်လိုက်တယ်။ ပါးပြင်ကို ဖွဖွလေးနမ်းတော့ ရှက်လို့ထင်ပါရဲ့ သူက ကျွန်တော့ကို တွန်းထုတ်တယ်။ ကျွန်တော်က အရပ်ရှည်တယ်။ ပိန်ပေမဲ့ သူနဲ့ယှဉ်ရင် လူကောင်နည်းနည်းထွားတယ်။ အဲတော့ အသာပဲချုပ်ထားနိုင်တယ်။
အတွေးရိုင်းတွေကို လက်တွေ့လုပ်ဆောင်မှုအဖြစ်ပြောင်းလိုက်ပေမဲ့ အသေအချာတောင် ရှေ့မဆက်လိုက်ရပါဘူး။ သမီးတို့ရေအော်လို့ သူ့အမေဟာ ဝရန်တာမှာ ပေါ်လာခဲ့တယ်လေ။ ကံကောင်းတာက အသံကြားထဲက လူချင်းခွာလိုက်တာမို့ ကစားနေတဲ့ပုံစံတွေအပြင် အန်တီဟာ ဘာမှမြင်မသွားခဲ့ပါဘူး။ သေချာကြည့်ရင်တော့ ကျွန်တော်တို့နှစ်ယောက်ကြားက ကိုးရိုးကားယားအခြေအနေကို မြင်နိုင်ပေမဲ့ ကလေးတွေလည်းဖြစ်၊ မိန်းကလေးနှစ်ယောက်လည်းဖြစ်နေတော့ အဲလောက်အထိ ဂရုတစိုက်မရှိသွားခဲ့ဘူးပေ့ါ။
နောက်ပိုင်း သူ့ကို ခိုးနမ်းတာတို့ မသိမသာဖက်လိုက်တာတို့တော့ရှိပေမဲ့ ကျွန်တော့်ရဲ့ အတွေးရိုင်းတွေကတော့ အဲဒီသီတင်းကျွတ်ညမှာပဲ အဆုံးသတ်သွားခဲ့တယ်။
မလုပ်ချင်တော့တာတော့မဟုတ်ပါဘူး။ ဆုမြတ်ဟာ နောက်တစ်ကြိမ် လှည့်စားရလောက်အောင်အထိ မတုံးတော့လို့ပါ။
အတန်းတင်စာမေးပွဲတွေ နီးလာတဲ့အချိန် စာလုပ်နေရပြီမို့ နှစ်ယောက်သားတွေ့ရတာလည်း ပါးလာခဲ့တယ်။ ခပ်ဖြည်းဖြည်းပြနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေလိုပါပဲ။ နေ့ရက်တွေကို ပုံမှန်လေးဖြတ်သန်းရင်း ကျွန်တော်တို့ဟာ အရွယ်ရောက်လာခဲ့တယ်။
အသက်တွေတစ်နှစ်ပြီးတစ်နှစ်ကြီးလာတာလည်း ပါမှာပေါ့။ အပေါင်းအသင်းမက်တဲ့ကျွန်တော်ဟာ အရင်တုန်းကလို ဆုမြတ်အိမ်မှာ ဖင်ငြိမ်အောင်မနေနိုင်တော့ဘူး။ ခိုင်သဇင်ထွန်းဟာလည်း သူငယ်တန်းစတက်ရပြီဖြစ်လို့ အရင်ကလောက် ကျွန်တော့်ကိုမကပ်တော့ဘူး။ နဂိုထဲက အေးဆေးနေတတ်တဲ့ ဆုမြတ်ဟာ အတန်းကြီးအရွယ်လေးဖြစ်လာတော့ တည်တည်ငြိမ်ငြိမ်လေးဖြစ်သွားတယ်ထင်ပါ့ ပုံမှန်လို ကျွန်တော်မလာရင် မျှော်မနေတတ်တော့ဘူး။
ကလေးပုစိတုန်းကလို ရောရောဖောဖောသိပ်မရှိတော့ပေမဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ တွေ့ဖြစ်တဲ့အခါတိုင်း ပျော်ဖိုကောင်းခဲ့ပါတယ်။ နေ့ရက်တိုင်းကို ပုံမှန်လေးဖြတ်သန်းနေတယ်။ ဒီအတိုင်းပဲ ထာဝရရှိနေမယ်လို့ထင်ထားခဲ့တယ်။ ဒါပေမဲ့…အနာဂတ်ဆိုတာကြိုတင်ခန့်မှန်းလို့ရတဲ့ အရာမှမဟုတ်ဘဲ။
အစိုးရဝန်ထမ်းဖြစ်တဲ့ ဆုမြတ်အဖေဟာ အစိုးရဝန်ထမ်းတို့ရဲ့ ထုံးစံအတိုင်း ရွှေ့ပြောင်းရဖို့ဖြစ်လာတယ်။ ဆုမြတ်တို့မိသားစုလည်း ဝန်ထမ်းအိမ်ရာကို လိုက်နေဖို့ဖြစ်လာခဲ့တယ်။
ကျွန်တော်မှတ်မိပါသေးတယ်။ အဲဒီနေ့က ကျွန်တော်မျက်ရည်ဝဲနေပေမဲ့မငိုခဲ့ဘူး။ ကျွန်တော့်ကိုမေ့မသွားဖို့ အဆက်အသွယ်မပြတ်ဖို့ စာရေးဖို့ အထပ်ထပ်မှာနေမိခဲ့တယ်။
တကယ်တော့ ကျွန်တော်သိပ်ကိုကြောက်ခဲ့တာပါ။ ဆုမြတ် ကျွန်တော့်ကို မေ့သွားမှာနဲ့ နောက်တစ်ကြိမ်ပြန်မတွေ့ချင်တော့မှာကိုပေါ့။
မနေ့ညက အမေ့ကိုပြောဖြစ်တယ်။ ငိုရင်းနဲ့…
“မမဆုမြတ်တို့က ဘာလို့ ထွက်သွားရမှာလဲမသွားလို့မရဘူးလား”
အမေက ချော့ဖို့ စိတ်ပါမနေပုံရတယ်။ “ဆုမြတ်အဖေက ဝန်ထမ်းမို့ မသွားမရဘူး” တဲ့။
အမေပြောတဲ့စကားမှာ ကျွန်တော်တစ်ဝက်ပဲနားလည်လိုက်တယ်။ လူကြီးတွေရဲ့ အကြောင်းအရာတွေဟာ ၆နှစ်ကျော်ကလေးတစ်ယောက်အတွက်တော့ အတော်လေးမြင့်တဲ့နေရာမှာ ရှိနေခဲ့တယ်လေ။
“အဲဒါဆို ဦးလေးပဲသွားပါစေပေါ့။ မမဆုမြတ်ကို သမီးတို့ခေါ်ထားလိုက်မယ်လေနော်”
ကျွန်တော့်အသံဟာ လက်မလွှတ်ချင်မှုတွေအပြည့်နဲ့ပေါ့။
အမေဘာပြန်ဖြေခဲ့မှန်း ကျွန်တော်မမှတ်မိတော့ပေမဲ့ မရတဲ့အကြောင်းကို ပြောခဲ့လိမ့်မယ်ထင်တယ်။ အဲအချိန်တုန်းက အမေဟာ အဖေနဲ့ကွာရှင်းထားတာ နှစ်အနည်းငယ်ပဲရှိသေးတဲ့အချိန်၊ အိမ်ထောင်ကွဲ ကလေးရှိတဲ့ တစ်ခုလပ်မိန်းမသားဆို ကဲ့ရဲ့ချင်ကြတဲ့ ပတ်ဝန်းကျင်ကြောင့် သူ့ဟာသူတောင် အင်မတန်ရုန်းကန်နေရတဲ့အချိန်ဖြစ်တယ်။
Child Psycho ဟာ အမေ့အတွက် အရေးမပါခဲ့သလို ကလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာ(trauma)ကိုလည်း အမေဟာ ဘာမှန်းမသိခဲ့ဘူး။ ကျွန်တော့်ငိုသံဟာ အမေ့အတွက် စိတ်ပင်ပန်းစေတဲ့အရာ၊ စိတ်ရှုပ်စေတဲ့အရာတစ်ခုပဲ။
ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို အသက်လေးနှစ်မှာပဲ ကျွန်တော်ဟာ ခံစားခဲ့ရပြီးပြီ။ အခု ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာတစ်ခုကိုလည်း ထပ်ပြီးဆုံးရှုံးရဦးမယ်။ ကျွန်တော့်အတွက် ဒီစိတ်ဒဏ်ရာဟာ တကယ်ကြီးလွန်းတယ်။ ဒါပေမဲ့ အမေဟာ ကျွန်တော့်ကို ချော့ဖို့ရော နှစ်သိမ့်ဖို့ပါ ပျင်းနေခဲ့ပုံပါပဲ။
ဆုမြတ်ကားပေါ်တတ်ပြီး သူတို့ကားလေးပျောက်သွားတဲ့အထိ ကျွန်တော်အကြည့်မလွှဲခဲ့မိဘူး။ ဆုမြတ်ကလည်း ကျွန်တော့်မြင်ကွင်းကနေ ကွယ်သွားတဲ့အထိ လက်ကိုဝှေ့ယမ်းလို့နှုတ်ဆက်သွားခဲ့တယ်။ ဆုမြတ်ကို မမြင်ရတော့ဘူးဆိုမှ ထိန်းထားသမျှ လွှတ်ချပြီး ကျွန်တော်ငိုတယ်။ ရှိုက်ကြီးတငင်ကို ငိုခဲ့တာတော့ မှတ်မိတယ်။
ချစ်တယ်ဆိုတာ ဘာမှန်းမသိသေးပေမဲ့ ကျွန်တော့်နှလုံးသားထဲ တစ်စုံတစ်ခုကတော့ လစ်ဟာသွားခဲ့ပြီလေ။
***