(5)
(၅)
ကျွန်တော် ခုနစ်တန်းနှစ်ကို ထိုကျောင်းမှာပဲ ဆက်တက်ဖြစ်ခဲ့တယ်။ အတန်းသစ်တက်ရင် အတန်းဟောင်းနဲ့ မသက်ဆိုင်တော့ပါဘူးဆိုတဲ့ စည်းကမ်းကို ယုံမိတာကြောင့်လည်း ပါတာပေါ့လေ။ ကိုယ်တိုင်ကို မှတ်လောက်သားလောက်အောင် ဒီစည်းကမ်းနဲ့ ခံခဲ့ရတာမလား။
အရွယ်ရောက်လာသူတို့ရဲ့ ထုံးစံအတိုင်း ထိုအသက်အရွယ်အပိုင်းအခြားမှာ ကလေးအများစု လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းကာလကို ဖြတ်သန်းရတော့တယ်။ ထိုကလေးတွေထဲ ကျွန်တော်လည်း ပါတာပေါ့။
လွန်ခဲ့တဲ့နှစ်တွေထဲက ကျွန်တော့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုဟာ ပုံမှန် မိန်းကလေးတွေနဲ့မတူတာကို ကျွန်တော် သတိထားမိခဲ့တယ်။ အမေ့ကိုပြောပြပေမဲ့ အမေဟာ ကျွန်တော်စိတ်ထင်နေတာပဲ ဖြစ်မှာပါဆိုပြီး မယုံကြည်ခဲ့ပါဘူး။
တရားဝင် ဒီကာလကို ဖြတ်သန်းရတဲ့အချိန်မှာ ပထမဆုံး သိသိသာသာပြောင်းလဲမှုဟာ ကျွန်တော့်ခန္ဓာကိုယ်က ဖုံးကွယ်အပ်သော အစိတ်အပိုင်းပါ။ တစ်ခုခုတိုးထွက်လာသလို ခံစားချက်က သိပ်ကိုနာကျင်ရတာမို့ အိပ်ရာပေါ် လူးလှိမ့်ပြီး အော်နေခဲ့ရတယ်။ အရင်က လေနာရှိဖူးတော့ အမေက လေအောင့်တယ်ပဲထင်ပြီး လေဆေးတွေတိုက်ပေမဲ့ မသက်သာခဲ့ဘူး။ ဘယ်နေရာက နာတာလဲလို့မေးရင်လည်း အရမ်းရှက်ဖို့ကောင်းလွန်းတာမို့ ကျွန်တော် မပြောနိုင်ခဲ့တာလည်း ပါမယ်။
ရက်အနည်းငယ်အတွင်းမှာပဲ နာကျင်မှုကပျောက်သွားပြီး အပိုအစိတ်အပိုင်းတစ်ခုနဲ့ ယားတဲ့ခံစားချက်ကိုသာ ခံစားရတော့တယ်။ အပိုအစိတ်အပိုင်းဟာ တစ်ချိန်လုံး အတွင်းဝတ်မှာ ထိကပ်ပြီး ပွတ်တိုက်နေသလိုဖြစ်တာကြောင့် အတော်လေး နေရထိုင်ရခက်ခဲ့တယ်။ ရုတ်တရက် ကျွန်တော့်စိတ်ထဲ ကင်ဆာအဖုအကြိတ်များလားလို့တွေးမိပြီး ကြောက်လာမိတာကြောင့် အမေ့ကို ပြောပြဖို့တွေးခဲ့တယ်။ ဒါပေမဲ့ မပြောပြဖြစ်ခဲ့ပါဘူး။ အမေ့ဆီက မယုံသင်္ကာသလို ကြည့်မယ့်အကြည့်တွေနဲ့ မေးလာမယ့်မေးခွန်းတွေကို ကျွန်တော်ပိုကြောက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံနိုင်တာရယ်ကြောင့် ကိုယ်တိုင်ပဲ ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မြင်လိုက်ရခြင်းမှာ ကျွန်တော်လန့်သွားမိတယ်။ ပြီးတော့ အံ့သြလာတယ်။ တစ်ချိန်က ကိုယ်တိုင်သံသယရှိနေတဲ့အရာကို အတည်ပြုနိုင်လိုက်သလိုဖြစ်သွားလို့ ဝမ်းမြောက်လာမိတယ်။
ပြောရရင် ယုံနိုင်မှာတောင် မဟုတ်ပါဘူး။ အပိုအစိတ်အပိုင်းလေးဟာ little penis(အမျိုးသားလိင်အင်္ဂါငယ်လေး) တစ်ခုဖြစ်နေခဲ့တယ်လေ။
ဟုတ်ပါတယ်။ ကျွန်တော့်မှာ လိင်အင်္ဂါနှစ်ခုရှိနေတယ်။ အရင်က မအင်္ဂါစေ့(clitoris) နေရာမှာ အမျိုးသားလိင်တံလေးတစ်ခု ဖြစ်နေခဲ့တာပါပဲ။ အဲဒီအောက်မှာ မအင်္ဂါမွေးလမ်းကြောင်း(vagina) ရှိနေခဲ့ပါတယ်။ ဥအိမ်(balls)တွေကိုတော့ မတွေ့ပေမဲ့ ရှိနေမှန်းတော့ ခံစားမိတယ်။
ကျွန်တော်သိပါတယ် ဒါဟာ သဘာဝနဲ့ဆန့်ကျင်နေမှန်း…။
တတယ်တော့ သဘာဝနဲ့ဆန့်ကျင်နေတယ် ပြောရအောင်လည်း ကျွန်တော်ကိုယ်တိုင်က သဘာဝပဲလေ။ သဘာဝလောကကြီးကပဲ ကျွန်တော့်ကို ဖန်တီးခဲ့တာမဟုတ်လား။ ကျွန်တော် ဆန့်ကျင်နေတာက လူအဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့ ယောက်ျားနဲ့မိန်းမ ဆိုတဲ့ အရာတစ်ခုကိုပါ။
ကျွန်တော် ဒီအကြောင်း အမေ့ကိုပြောပြခဲ့တယ်။ ထုံးစံအတိုင်းပေါ့အမေဟာ မယုံခဲ့ပါဘူး။ ကျွန်တော် ဘောင်းဘီ ချွတ်မပြခင်အထိပေါ့လေ။
ကျွန်တော်ဆရာဝန် စပြခဲ့တယ်။ စာဖတ်နာတဲ့အမေဟာ ဘွဲ့ရပညာတတ် တစ်ယောက်လည်းဖြစ်တာမို့ တွေ့ကရာ ဆရာဝန်နဲ့ မပြပေးခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်ကမှ ရွေးကောက်ပွဲတွေဘာတွေနဲ့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီသမ္မတ တက်ထားတာမို့ နိုင်ငံဟာ နှစ်ပေါင်းများစွာ မျက်စိပိတ်နားပိတ်အခြေအနေမှ ပွင့်ရုံရှိသေးတဲ့အချိန်ပါ။ ဒီအကြောင်းဟာ ပျံ့နှံ့သွားရင် ကျွန်တော်ဟာ လူထူးလူဆန်းအဖြစ် စာရင်းသွင်းခံရမယ့်အပြင် မသကာ ဆေးပညာအတွက် လေ့လာခြင်းခံရမယ့် သက်ရှိ စမ်းသပ်ချက်တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။
ဒီအချိန်မှာ ကူရာမဲ့နေတဲ့ သားအမိနှစ်ယောက်အတွက် ကျွန်တော့်အစ်ကိုဝမ်းကွဲဟာ ကောက်ရိုးမျှင်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဂျေး(Jae)က ကျွန်တော့်ထက် ၁၀နှစ်ကျော် ၁၁နှစ်နီးပါးကြီးပြီး ဆေးကျောင်းသား တစ်ယောက်ပါ။ ဒုတိယနှစ်မှာတင် နိုင်ငံတော်ပညာသင်ဆုနဲ့ ရုရှားမှာ ဆေးပညာကို သုံးလခန့် သွားလေ့လာခဲ့ရတဲ့သူဖြစ်ပြီး စာအရမ်းတော်တဲ့အပြင် နောက်နှစ်အတွက် နိုင်ငံခြားပညာသင်ဆုကို လျှောက်ဖို့ကြိုးစားနေတဲ့သူပေါ့။
ကျွန်တော်တို့သားအမိအတွက် ထူးဆန်းနေတဲ့ ဒီအရာက အစ်ကို့အတွက်တော့ အံ့သြရုံမျှသာဖြစ်ခဲ့ပြီး ထူးဆန်းဖွယ်ရာမဖြစ်ခဲ့ဘူး။ သူ အံ့သြတယ်ဆိုတာကလည်း ဒါမျိုးကို သူ့ညီမဖြစ်တဲ့ ကျွန်တော့်ဆီမှာ လာဖြစ်နေတာရယ်ကြောင့်ပါ။
အစ်ကိုက ဒါဟာ Bisexual ကိုမှ Outer-sex အမျိုးအစားဖြစ်မယ်လို့ ဖြေလာခဲ့တယ်။ ဘယ်လောက်ပဲ တော်တယ်ဆိုဦးတော့ လက်ရှိမှာ သူလည်း ဆေးကျောင်းသားအဖြစ်ပဲ ရှိသေးတာကြောင့် အခြေအနေကို အမည်တပ်ပေးရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ဂျေး ကိုယ်တိုင်တောင် ဒါကို စာအုပ်အချို့မှာ ဖတ်ဖူးခဲ့တာ။ တစ်ရာမှာတစ်ယောက် ရှားပါးလွန်းတဲ့အဖြစ်အပျက်မို့ ကျောင်းစာမှာ သင်ရလောက်အောင်အထိလည်း ဖြစ်မနေဘူးလေ။
ဂျေးက သူကိုယ်တိုင် ဆရာဝန်တစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ အရမ်းတော်တဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပါမောက္ခဆရာဝန်ကြီးလည်းဖြစ်၊ ဂျေးရဲ့ ဆရာလည်းဖြစ်တဲ့ သူနဲ့ပေါ့။
ဂျေးလိုပါပဲ စစတွေ့ချင်းမှာ ဆရာကြီးဟာ အံ့သြသွားခဲ့တယ်။ ဂျေးပြောပြထားလို့ အကြမ်းဖျင်းတော့ သူသိပေမဲ့ တကယ်မြင်ရတဲ့အခါမှာ မယုံနိုင်ဖြစ်မိတယ် ထင်ပါရဲ့။ ဒါပေမယ့် ပါမောက္ခဆရာဝန်ကြီး ပီသပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို အသေးစိတ်ကအစ စစ်ဆေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အနေအထားကိုပါ စိတ်ကုဆရာဝန်တစ်ယောက်နဲ့ ပြပေးခဲ့ပါတယ်။
အဆုံးသတ် result ကတော့ ဂျေးထင်ခဲ့သလိုပါပဲ။ ကျွန်တော်က Bisexual ကိုမှ Physical changes ဖြစ်နေတဲ့သူပါ။ တစ်ခုပဲလွဲပါတယ်။ ဂျေးပြောသလို ကျွန်တော်ဟာ Outer-sex မဟုတ်ဘဲ Intersex ဖြစ်နေခဲ့တာပါ။
ကျွန်တော့်မှာ မွေးလမ်းကြောင်းလည်းပါသလို သားအိမ်လည်းပါနေပါတယ်။ မမျိုးဥလည်းကြွေသလို အပျိုဖော်ဝင်တဲ့အခါ မိန်းကလေးတွေလို ရာသီသွေးလည်းဆင်းပါတယ်။
ထို့အတူ ကျွန်တော့်ရဲ့ လိင်တံဟာ သာမန်လိင်တံတွေနဲ့ယှဉ်ရင် သေးပေမဲ့ ယောက်ျားလေး လိင်အင်္ဂါတစ်ခုရဲ့ လုပ်ဆောင်ချက်တွေအကုန် လုပ်နိုင်ပါတယ်။ ဥအိမ်တွေဟာ ကယ်ပယ်အိတ်မရှိတာမို့ အပြင်မှာတွဲလောင်း ရှိမနေပေမဲ့။ မွေးလမ်းကြောင်းရဲ့ အောက်ဘက်နားအတွင်းထဲမှာ ကပ်လျက် ရှိနေခဲ့ပါတယ်။
ပိုပြီး အံ့သြဖို့ကောင်းတာက ကျွန်တော်ဟာ ကျန်းမာတဲ့သားအိမ်ကြောင့် ကိုယ်ဝန်ဆောင်နိုင်သလို၊ သားဥအိမ်က သုက်ပိုးဟာလည်း လက်ရှိမှာ ဖွံ့ဖြိုးဆဲမို့ အားနည်းနေပေမဲ့ ဆေးအကူအညီနဲ့သာဆို ကလေးရစေနိုင်သေးတာပါပဲ။
စစ်ဆေးချက်တွေအရ ပိုပြီးသိလာလေ ပိုပြီးထူးဆန်းတာတွေ များလာလေမို့ ဆေးပညာမတိုးတက် စက်ကိရိယာမစုံလင်တဲ့ ဒီမှာထက် ဘန်ကောက်ကို သွားစစ်ဖို့ ဆရာဝန်ကြီးက အကြံပေးလာတယ်။ ထိုခေတ်အခြေအနေက ဘန်ကောက်ဆိုတာ အခုလို သွားချင်တဲ့အချိန် သွားလို့ရနေတာမျိုးမဟုတ်ဘဲ ဗီဇာအထပ်ထပ်တင်ပြီး အကြာကြီးစောင့်ရတဲ့အပြင် ငွေကြေးကုန်ကျမှုလည်း များတာကြောင့် ပိုက်ဆံရှိတဲ့ အထက်ပိုင်းက သားသမီးတွေလောက်သာ သွားနိုင်တဲ့နေရာမျိုး ဖြစ်နေခဲ့တယ်။
ကျိန်းသေပေါက် ကျွန်တော် မသွားနိုင်ပါဘူး။ အခုတောင် ဆေးစစ်တာတွေနဲ့ ဆေးဖိုးဟာ အတော်လေးကုန်နေခဲ့ပါပြီ။ ယောက်ျားမရှိဘဲ ကလေးတစ်ယောက်နဲ့ ရုန်းကန်နေရတဲ့အမေ့မှာ ကျွန်တော်နိုင်ငံခြားသွားပြီး ဆေးကုဖို့အထိ ဘယ်က ပိုက်ဆံရှိမှာတဲ့လဲ။ အဖိုးနဲ့အဖွားအိမ်မှာ ကပ်နေပြီး ထမင်းကိုလည်း ဦးလေးက ရှာကျွေးထားလို့သာ သားအမိနှစ်ယောက် မငတ်တဲ့အခြေအနေဆိုတော့လည်း…။
ဆရာကြီးက အတော်လေး စဉ်းစားနေခဲ့ပါတယ်။ ကျွန်တော့်ကိုလည်း လက်လွှတ်ချင်ပုံမရပါဘူး။ သူ့တစ်သက်မှာတောင် ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်သွားနိုင်တာမို့ သူထပ်ပြီး စမ်းသပ်ချင်နေပုံရပါတယ်။
အတန်ကြာ ပြောဆိုဆွေးနွေးပြီးတော့ ကျသင့်တဲ့ဆေးဖိုးကို သူတစ်ဝက်ခံပေးမယ်လို့ ဆရာကြီက ပြောလာခဲ့တယ်။ ငွေကြေးက မနည်းလွန်းတာမို့ သူအတော် ဆုံးဖြတ်လိုက်ရကြောင်း သိနေတော့ အားနာမိပေမဲ့ ကျန်တဲ့တစ်ဝက်ငွေက ကျွန်တော်တို့အတွက် များနေပါသေးတယ်။
ဂျေးဟာ သူ့ဆရာကို ဖျောင်းဖျပါတယ်။ ကျွန်တော်က လက်ရှိ အရမ်းငယ်သေးတာကြောင့် ဒီတစ်နှစ်အတွင်း ဆေးကုသစရိတ်စုစေပြီး နောက်နှစ်မှ ဆေးသွားကုစေဖို့ပေါ့။ တကယ်လည်း ဆေးစစ်မှုတွေ အများကြီးလုပ်အပြီးမှာ ကျွန်တော်ဟာ အတော်လေးပန်းနေခဲ့ပြီ။ အပျိုဖော် (သို့) လူပျိုဖော် ဝင်စအချိန်လည်းဖြစ်နေတော့ ခန္ဓာကိုယ်မှာ ကျားဟော်မုန်းရော မဟော်မုန်းပါ တစ်ပြိုင်တည်း ထွက်နေပြီး ဟော်မုန်းမတည်ငြိမ်မှုတွေကိုလည်း ခံစားနေရတယ်။
ခန္ဓာကိုယ်ဟာ ဟော်မုန်းအထွက်များတဲ့ဘက်ကို ပြောင်းလဲလာနေတယ်။ ဆီးခုံမွေး၊ ချိုင်းမွေး၊ ခြေမွေးလက်မွေးအပါအဝင် နှုတ်ခမ်းမွေးရေးရေးလည်း ထွက်လာခဲ့တယ်။ အသံလည်းသြလာသလို လည်စေ့လေးလည်း မထင်မရှားမြင်လာရပြီ။ တစ်ဖက်မှာလည်း ရင်သားနာပြီး နို့အုံနဲ့ တင်ပါးလည်း ရှိလာခဲ့တယ်။
တခြားသူတွေက လူပျိုဖော်၊ အပျိုဖော်ဝင်လာရင် ကလေးဆန်မှုတွေပျောက်ပြီး ကြည့်ကောင်းလာတယ် ဆိုပေမဲ့ ကျွန်တော့်မှာတော့ အခြောက်မကြီးနဲ့သာ ပိုပိုတူလာခဲ့ပါတယ်။ လည်စေ့ကြီးထွက်ပြီး ရင်အုပ်ကျယ်ကျယ်နဲ့ ရင်သားရှိ တင်ရှိနေတဲ့မိန်းမက ဘယ်မှာရှိမှာမို့လို့လဲ။
ကျွန်တော်က လက်ရှိ ဘာကြီးပဲဖြစ်နေပါစေ။ ငယ်စဉ်ကတည်းက ဖြည့်စွက်ထားပြီးခဲ့တဲ့ ကျွန်တော့်ရဲ့ identity နဲ့ ပတ်ဝန်းကျင်က သိတဲ့အမှန်တရားမှာတော့ ကျွန်တော်ဟာ မိန်းကလေးတစ်ယောက်။
လူတကာကို ငါမိန်းကလေး မဟုတ်ဘူးကွဆိုပြီး ဘောင်းဘီ လိုက်ချွတ်ပြနေလို့မှ မရတာကိုး။
ဟော်မုန်းမညီမျှခြင်းပြဿနာကို ဖြေရှင်းဖို့အတွက် ကျွန်တော်ဟာ လစဉ်လတိုင်း ဟော်မုန်းထိန်းဆေးတွေကို သောက်ခဲ့ရတယ်။ အဓိကအားဖြင့် မိန်းကလေးတွေသောက်တဲ့ အလုံး (30) ကိုယ်ဝန်တားဆေးပေါ့။ ကိုယ်ဝန်တားဆေးဟာ လိင်ဆက်ဆံမှုကြောင့် ကိုယ်ဝန်မရအောင် သောက်တဲ့ဆေးအဖြစ် သုံးရုံမဟုတ်ဘဲ ကိုယ်တွင်းဟော်မုန်း မညီညွတ်မှုအတွက်လည်း ညွှန်းတဲ့ဆေးဖြစ်နေတော့ ကျွန်တော့်မှာ အံ့သြခဲ့ရသေးတယ်။
ဒီလိုနဲ့ပဲ ဆေးတွေကိုမုန်းတဲ့ကျွန်တော်ဟာ နောက်တစ်ကြိမ် ဆေးတွေသောက်လိုက် ဆေးတွေထိုးလိုက်နဲ့ ငယ်ဘဝကြီးကို ဖြတ်သန်းခဲ့ရပါတော့တယ်။
***