Chapter 1
သက်ဆုံးတိုင်
အပိုင်း (၁)
” ဖြည်းဖြည်းမ…ဖြည်းဖြည်း… ”
” ဒီခုံတွေကို အရင်ထုတ်ပြီးမှ ဒီဟာတွေကို ထုတ်လို့ရမှာ ”
” လာကူမပါဦး ”
ကျောင်းပိတ်ရက်ဖြစ်၍ စာအုပ်လေးဖတ်နေစဉ် ဆူဆူညံညံအသံတွေကြားလိုက်ရသည်ကြောင့်ရှင်းသန့် စာထိုင်ဖတ်နေရာမှ တင်လေးကြွလို့ လိုက်ကာလေးလှပ်ကြည့်မိသည်။ အိမ်အပေါ်ထပ်မှကြည့်သည်ကြောင့် မြင်ကွင်းက ရှင်းလင်းစွာ။
မျက်စောင်းထိုးအိမ်ရှေ့မှာ ကားအကြီးကြီးနှစ်စီးရပ်ထားကာ ပစ္စည်းတွေချနေပုံပင်။ တလောက မျက်စောင်းထိုးအိမ်သို့ လူသစ်တွေပြောင်းလာမည်ဆိုတာ ရှင်းသန့်ကြားတော့ကြားမိလိုက်၏။
လွန်ခဲ့သည့်သုံးလေးလလောက်ကတည်းက အိမ်ကြီးကိုမွမ်းမံပြင်ဆင်မှုတွေလုပ်ခဲ့သည်ဖြစ်ရာ အခုတော့ ပြောင်းလာခဲ့ကြလေပြီ။
“စာဖတ်တာပဲကောင်းပါတယ်။ ”
ရှင်းသန့် လိုက်ကာကို သေချာပြန်ပိတ်လိုက်ပြီး စာအုပ်ထဲကိုသာ အာရုံပြန်စိုက်လိုက်သည်။ လူသစ်တွေ ပြောင်းလာသည်ဖြစ်စေ၊ မပြောင်းလာသည်ဖြစ်စေ သူ့အလုပ်တစ်ခုမှမပါပဲလေ။
~~~~~
” စီးကရက်နှစ်လိပ်လောက်ဗျ ”
ကြားနေကျမဟုတ်သည့် ခပ်ရှင်းရှင်း၊ခပ်အေးအေးအသံကြောင့် ရှင်းသန့် စာငုံ့ဖတ်နေရာမှ ဆတ်ခနဲမော့ကြည့်လိုက်သည်။ သူမမြင်ဖူးသည့်လူဖြစ်၍ ကမ်းပေးလာသည့် ပိုက်ဆံကိုသာယူပြီး အမ်းစရာရှိတာအမ်းဖို့လုပ်လိုက်၏။
” အကြွေတစ်ရာမရှိဘူးဗျ သကြားလုံးယူလိုက်ပါလား ”
“ဟမ်…”
လူကြည့်တော့ သန့်သန့်ပြန့်ပြန့်လေးနှင့် သူ၏ရှင်းလင်းနေသည့်အသံကို မကြားရလောက်အောင် အူကြောင်ကြောင်နိုင်မည်ဟု ရှင်းသန့်မထင်မိပေ။
” အကြွေတစ်ရာအမ်းစရာမရှိလို့ သကြားလုံးယူလိုက်လို့ပြောတာဗျ ”
“ဪ …သကြားလုံးလား…အင်း အင်း တစ်လုံးဘယ်လောက်လဲ ”
“ငါးဆယ် နှစ်လုံးယူလိုက်…”
ဈေးဝယ်သူ,သူစိမ်းက ခေါင်းတဆတ်ဆတ်ညိတ်ကာပင် အသဲပုံသကြားလုံးတွေထည့်ထားသည့်ဘူးကိုဖွင့်ပြီး နှစ်လုံးထုတ်ယူလိုက်၏။ အဲ့သည်နောက် ရှင်းသန့်ဆီသို့ သကြားလုံးနှစ်လုံးအား ကမ်းပေးလာသည်။
” ဘာလဲဗျ…”
“အစ်ကိုက ဆေးလိပ်သောက်မှာလေ။ သကြားလုံးစားရတာလည်းမကြိုက်ဘူး။ ယူသွားရအောင်ကလည်း အိမ်မှာက သကြားလုံးစားမဲ့ကလေးမရှိဘူးဆိုတော့ ညီလေးပဲစားလိုက် ”
“ဟမ်…”
ရင်းလည်းမရင်းနှီးဘဲ ခင်မင်ရင်းနှီးသူတစ်ယောက်လို သကြားလုံးကျွေးနေသူကို ရှင်းသန့် လိုက်မမီစွာပင် ကြည့်နေတုန်းမှာပဲ…
” ယူထားလိုက်တော့နော် အစ်ကိုကဝယ်ကျွေးတာလို့ သဘောထားလိုက်ပါ …”
သူ့ရှေ့မှခုံတွင် သကြားလုံးနှစ်လုံးချပေးသွားပြီး စိတ်လိုလက်ရပြုံးပြလို့ ထွက်သွားသည့်ကျောပြင်ကို ရှင်းသန့်တစ်ယောက် မျက်မှောင်ကြုတ်ကာကြည့်ရင်းပင် ကျန်ခဲ့သည်။
မထူးပေ။
အသဲပုံသကြားလုံးလေးနှစ်လုံးမှ တစ်လုံးကိုကောက်ယူကာ ရှင်းသန့် ဖောက်စားလိုက်သည်။
စေတနာထက်သန်စွာ ကျွေးခဲ့မှတော့ စားပေးရမှာပေါ့လေ။
သကြားလုံးကို ဘယ်ဘက်ပါးစောင်ထဲပို့ပစ်ပြီး ငုံထားရင် ရှင်းသန့်က တစ်ချက်ပြန်စဉ်းစားသည်။
စီးကရက်က တစ်လိပ်တစ်ရာ။ ပေးသည်က တစ်ထောင်တန်။ နှစ်လိပ်ဆိုတော့ အကြွေအမ်းရမှာက ရှစ်ရာ။အမ်းစရာအကြွေတစ်ရာမရှိတော့ သကြားလုံးက တစ်လုံး၅၀ ၊ နှစ်လုံးဆိုတော့ တစ်ရာ။ စီးကရက်ကလည်း တစ်လိပ်တစ်ရာ။
ပြန်တွက်နေရင်း ရှင်းသန့် သကြားလုံးကို ဂျောက်ခနဲမြည်အောင် ကိုက်ချလိုက်ချိန်မှာပင် အလွဲကိုဖမ်းမိတော့သည်။
သူလည်းကြောင်သည်။ ဟိုဈေးဝယ်သူ,သူစိမ်းကလည်း ကြောင်သည်။ တစ်ရာအမ်းစရာမရှိသည်ကို ဆေးလိပ်တစ်လိပ်ထပ်ယူလျှင် ရလျက်နှင့် သကြားလုံးယူခိုင်းတိုင်း ယူသွား၏။
အဲ့ဒီတော့လည်း သကြားလုံးအလကားစားရတာပေါ့လေ။
ရှင်းသန့် မိန့်မိန့်ကြီးပြုံးရင်းပင် သကြားလုံးနောက်တစ်လုံးကိုဖောက်ကာ ပါးစပ်ထဲပစ်ထည့်လိုက်တော့သည်။
အလကားစားရတော့ ပိုချိုနေသလိုလို။
~~~~~
မိုးရာသီကို ရှင်းသန့်ပိုင် မုန်းသည်မဟုတ်သော်လည်း မကြိုက်လှပေ။ သည်နေ့တစ်နေ့လုံးမိုးကောင်းနေသည်မှာ ကျောင်းဆင်းချိန် ပိုလို့တောင်သည်းတော့သည်။ ကတ်သီးကတ်သတ်တွေးသည်ဟုဆို၍ရသော်လည်း မိုးက ကျောင်းတက်၊ကျောင်းဆင်းချိန်ဆို အငြိုးနှင့်ရွာသည်ဟု ထင်ရလောက်အောင် ပိုလို့သည်းလှ၏။ ဖြစ်ချင်တော့လည်း သည်နေ့ ညနေပိုင်းကျူရှင်ချိန်ဖျက်လိုက်၍ အိမ်သို့တန်းပြန်ရမည်ဖြစ်ကာ ကားကလည်းကျပ်၊ မိုးကလည်းသည်းနှင့် ရှင်းသန့်တစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်လွန်းလှသည်။
“ပေါ်တော်မူ….စုပေါင်းရုံး…ဒေါင်းလေးကွေ့ပါလား …ဘုရားလမ်းဈေး ပါလား ”
ဟမ်…
ကားစပါယ်ယာအော်နေသည့်အသံကြောင့် စိတ်ရှုပ်နေသည့် ရှင်းသန့်ဟမ်ခနဲ ဖြစ်သွားတော့၏။
ဘယ့်နှယ့် မှတ်တိုင်ကိုပြောင်းပြန်အော်နေရသလဲ။ စပါယ်ယာအသစ်များလား။
ရှင်းသန့် တွေးရင်းပင် ကားတံခါးဆီသို့ ကျပ်ညပ်နေသည့်ကျောင်းသားတွေကြားမှတိုးရင်း အော်လိုက်ရသည်။
“ဘုရားလမ်းဈေးပါတယ်…”
“ဘုရားလမ်းဈေးပါတယ် ဆရာရေ့…”
အတော်လေးအားယူတိုးပြီးသည့်နောက် ရှင်းသန့် ကားတံခါးနားသို့ရောက်ချိန် စုပေါင်းရုံးမှတ်တိုင်သို့ရောက်နေပြီဖြစ်၏။ အခုကတည်းကမတိုးထားလျှင် သေချာပေါက် သူဒေါင်းလေးကွေ့မှတ်တိုင်သို့ပါသွားမည်ဖြစ်သည်။
မိုးကလည်း သေချာပေါက် သူ့အပေါ်အငြိုးထားနေသည်ပင်။ မှတ်တိုင်နားရောက်၍ ဆင်းခါနီးမှ သဲကြီးမဲကြီးရွာချလာသည့်မိုးကြောင့် ရှင်းသန့် သက်ပြင်းမောကြီးချလို့နေတော့၏။
“ဘုရားလမ်းဈေးမှတ်တိုင်ရောက်ပါပြီ…”
“ဖြည်းဖြည်းဆင်း ကျောင်းသားလေး ”
စပါယ်ယာအစ်ကိုကြီးက မှတ်တိုင်လွဲအော်သော်လည်း သဘောမဆိုးလှ။ ခြင်းတစ်ဖက်၊ ထီးတစ်ဖက်ဖြစ်နေသည့်သူ့ဆီမှ ထီးလေးကိုယူကာ ဖွင့်ပေးရှာသည်ကြောင့် ရှင်းသန့် ပြုံးပြရင်း ‘ကျေးဇူးပါဗျ’ဟု စိတ်ရင်းနှင့်ဆိုလိုက်သေး၏။
ကျောင်းဆင်းချိန်ကတည်းက ရှင်းသန့်ပုဆိုးတိုတိုဝတ်ထား၍ တော်သေးသည်။ တစ်နေကုန် မိုးသည်းထန်မှုကြောင့် ကားလမ်းဘေးတွင်ရေများအိုင်လို့နေ၏။စပါယ်ယာအစ်ကိုကြီး အသင့်ဖွင့်ပေးထားသည့်ထီးကိုယူကာ ကားမောင်းထွက်သွားချိန် ရေများစင်မည်စိုး၍ ကားပေါ်မှဆင်းသည်နှင့် ရှင်းသန့် လမ်းထဲသို့ခပ်သွက်သွက်ကလေးပြေးဝင်ရသည်။
ဘာရယ်မဟုတ် ထွက်သွားပြီဖြစ်သည့်ကားကို နောက်ပြန်တစ်ချက်လှည့်ကြည့်မိပြီးနောက် အရှေ့သို့ ပြန်လှည့်လိုက်ချိန် လမ်းထိပ်မနက်ခင်းဈေးတန်းမှ ဈေးဆိုင်လေးတစ်ဆိုင်တွင် မိုးခိုနေသူတစ်ယောက်ကို ရှင်းသန့်တွေ့လိုက်၏။
ဆယ်တန်းအောင်ပါက သူတက်ချင်သည့်တက္ကသိုလ်၏ယူနီဖောင်းဖြစ်သည့် အင်္ကျီအဖြူနှင့်ပုဆိုးအပြာဝတ်ဆင်ထားသည်ဖြစ်ရာ ရှင်းသန့် သဘောကျစွာဖြင့် အာရုံစိုက်လို့ ကြည့်မိသည်မှာအမှန်ပင်ဖြစ်သည်။ သို့သော် လူတစ်ယောက်ကို အကြာကြီးမကြည့်တတ်သည့် ရှင်းသန့်၏အကျင့်ကြောင့် ထိုအာရုံတစိုက်ကြည့်ရှုမှုမှာ စက္ကန့်အနည်းငယ်မျှသာကြာပြီး ရှင်းသန့်တစ်ယောက် ကိုယ့်လမ်းကိုယ် ခပ်သွက်သွက်လေးလျှောက်တော့၏။
ထိုစဉ်…
“ညီလေး…ညီလေး…”
မိုးသံကြားထဲ မသဲမကွဲခေါ်သံကြောင့် ရှင်းသန့်ခြေလှမ်းတွေ အနည်းငယ်နှေးသွားကာ ဘေးဘီဝဲယာနှင့် အနောက်သို့လှည့်ကြည့်သည်။
“ညီလေး…”
ထပ်မံ၍ခေါ်ကာပင် လက်လှမ်းပြနေသည့် ဈေးဆိုင်ထဲမှ မိုးခိုသူကြောင့် ရှင်းသန့်ခြေလှမ်းတွေ ရပ်သွားလျက်။ဈေးဆိုင်ငယ်လေးထဲမှ မိုးခိုသူက အရှေ့သို့ အနည်းငယ်တိုးလာကာ…
“အစ်ကို့ထီးကျိုးသွားလို့… ရှင်း အဲ ညီလေးရဲ့ထီးနဲ့ ထီးကြုံလိုက်ဆောင်းလို့ရမလားဟင်…”
ရှင်းသန့် မျက်မှောင်ကြုတ်သွား၏။ သူနှင့်မသိပါဘဲ ထီးအတူဆောင်းခွင့်တော့ မပြုနိုင်ပေ။ မိုးကလည်းစဲတော့မလို အသံလျော့သွားပြီးမှ သည်းလာပြန်၏။
” ကျွန်တော်နဲ့မသိတဲ့သူနဲ့ ထီးအတူမဆောင်းဘူးဗျ ”
ရှင်းသန့် ခပ်ပြတ်ပြတ်ဆိုရင်းပင် ပြန်အလှည့်…
“အစ်ကိုက ရှင်းသန့်တို့အိမ်ရဲ့ မျက်စောင်းထိုးအိမ်ကပါ၊ ဟိုတလောကပြောင်းလာတဲ့ လူသစ်တွေလေ… အစ်ကို့ထီးကျိုးသွားလို့ပါ…မိုးက လည်း တော်တော်နဲ့စဲမယ်မထင်လို့…”
မျက်စောင်းထိုးအိမ်က လူသစ်။
ရှင်းသန့် နှုတ်ခမ်းလေးဟသွားကာဖြင့် စဉ်းစား၏။
” ဪ…”
သူတို့မျက်စောင်းထိုးအိမ်ကို လူသစ်တွေေပြောင်းလာတာသိသော်လည်း ရှင်းသန့် တစ်ခါမှမမြင်ဖူးသေးချေ။ မမြင်ဖူးဘူးဆိုသည်မှာလည်း ကျောင်းနှင့်အိမ် ၊ အိမ်နှင့်ကျူရှင်သာသွားသည့်အပြင် ဈေးဆိုင်စောင့်ပေးလျှင်တောင် လူမျက်နှာမကြည့်ဘဲ ဈေးရောင်းသူဆိုတော့ကား ရှင်းသန့်လူတွေကို မသိသည်မှာမထူးဆန်းလှပေ။
“ကူညီပါ ရှင်းသန့်…”
မိုးအနည်းငယ်စဲသွားသည်ဖြစ်ရာ သနားစဖွယ်မျက်နှာကလေးကို အထင်းသားမြင်နေရသည်။ သူ့နာမည်ကိုသိနေသည်မှာ ထူးဆန်းသော်လည်း ရှင်းသန့် ထွေေထွေထူးထူး တွေးမနေချင်ပေ။ GTC ယူနီဖောင်းမျက်နှာနှင့် ရှင်းသန့် ဈေးဆိုင်နားသို့
လျှောက်သွားလိုက်၏။
“လာဗျာ… ကျွန်တော်လည်း မိုးရေထဲမှာ အကြာကြီးမနေချင်ဘူး…”
“ကျေးဇူးပါဗျ ”
ရွှင်မြူးစွာပင်ဆိုရင်း ထီးရိပ်အောက်သို့ဝင်လာသူဟာ ရှင်သန့်နှင့်အရပ်ကွာခြားမှုကြောင့် ထီးအောက်မှာ ကုန်းကုန်းကြီးဖြစ်နေတော့သည်။အရပ်ကို မနာလိုအားကျစွာဖြင့် ရှင်းသန့်မော့ကြည့်သည်မှာ မျက်မှောင်ကြုတ်လျက်။
” အစ်ကို ထီးကိုင်လိုက်မယ်လေ…”
“မကိုင်ရင်လည်း အဆင်မပြေဘူး…”
လူ့ကိုးလိုးကန့်လန့်ပီသစွာပင် ရှင်းသန့်ကဆိုရင်း ထီးကိုလက်လွှဲပေးလိုက်သည်။ မိုးနတ်မင်းက မျက်နှာပေးသည်ဟုဆိုရလေမလား၊ မိုးကလည်းစောနကလောက် မသည်းတော့သည်ဖြစ်၍ တော်သေးသည်။
သိသိသာသာပင် ကွာခြားနေသည့်အရပ်ကြောင့် ရှင်းသန့်က မျက်ဆံလေးထောင့်ကပ်လို့ ခိုးခိုးကြည့်သည်မှာလည်း ခဏခဏပင်။ ထို့အပြင် ထီးကိုပါ သူ့ဘက်သို့ သိသာစွာပင် တိုးလို့ဆောင်းပေးနေလေတော့ ရှင်းသန့် စိတ်ထဲ သိပ်မဆိုးလှဟု မှတ်ချက်ချမိသွား၏။
ယောက်ျားလေးချင်းတောင် အားကျနေရသူဆိုတော့ မိန်းကလေးများကြားလည်း ရေပန်းစားလောက်မည်ပင်။ မဆီမဆိုင်ရောက်သွားသည့်အတွေးကြောင့် ရှင်းသန့် မလုံမလဲ ဘေးချင်းကပ်လျှောက်နေသူထံသို့ ဆတ်ခနဲကြည့်လိုက်မိတော့၏။
” ဘာလို့လဲရှင်းသန့် ထီးမလုံလို့လား …”
“မဟုတ်ပါဘူး။”
တစ်ဖက်မှ နူးညံ့ချိုသာစွာမေးလာသော်လည်း တစ်မိုးအောက်တစ်ယောက်ရှင်းသန့်တို့ကတော့ ခပ်ပြတ်ပြတ်ခပ်မာမာပင်။ ရုတ်တရက်ဆိုသလို မျက်လုံးထောင့်မှာ အပြုံးခပ်ရေးရေးကို ဖျတ်ခနဲမြင်လိုက်သည်ကြောင့် ရှင်းသန့် ကိုယ်ကို အနည်းငယ်ခွာပစ်လိုက်သည့်အချိန် ထီးကလည်း သူ့ဘက်သို့ပိုစောင်းလာတော့သည်။ ထီးကြုံလိုက်ဆောင်းကာမှ မိုးစိုနေသည့်တစ်ဖက်လူအဖြစ်ကို ရှင်းသန့်တွေးမိသည်ကြောင့် သက်ပြင်းချကာပင် မသိမသာလေး ကိုယ်ချင်းပြန်ကပ်လိုက်၏။
သည်နေ့မှ လမ်းထိပ်မှအိမ်သို့သွားသည့်လမ်းမှာ ရှည်နေသယောင်ယောင်။
“ကျေးဇူးနော် ရှင်းသန့် ”
ခြံတံခါးဝအထိ လိုက်ပို့သည့်သူ့ကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုနေသူကား ဘယ်ဘက်ပခုံးနားမှာ မိုးရေတွေစိုလို့နေသည်။
” ရတယ်ဗျ။ ”
ကိုယ်တိုင်ကလည်း မိုးရေစွတ်မိသည်နှင့် အဖျားဝင်တတ်သည်ကြောင့် အနည်းငယ်တော့ စိုးရိမ်သွားမိသော်လည်း ထွေေထွေထူးထူးလည်းမဆိုတတ်သည့်ရှင်းသန့်က ရတယ်ဗျ တစ်ခွန်းသာဆိုပြီး လှည့်ထွက်လာသည်။ သူ ဈေးဆိုင်ထဲ ဝင်သည်နှင့် အစ်မဖြစ်သူမြသွေးခြယ်က မေးဆတ်ပြလာလျက်။ ထီးကျိုးသွားသည်ကြောင့် ထီးလိုက်ဆောင်းခြင်းဖြစ်ကြောင်းရှင်းပြလေတော့ မြသွေးခြယ်က ပြုံးသည်။
” မမမောင်က အထူးအဆန်းတွေလုပ်လို့…”
” သူကကူညီပါလို့ အသည်းအသန်ပြောနေတာကို သားက ဟင့်အင်း ဟင့်အင်းဆိုပြီး အတင်းငြင်းရမှာလား။ ”
“ဪ…ဪ… အရင်ကဆို မလုပ်ချင်ရင် မကြားချင်ယောင်ဆောင်သလားလို့နော်။ ”
“မမပြောမှ သားက မကောင်းတဲ့သူကျလို့ ”
ရှင်းသန့်တစ်ယောက် ဆိုင်မှအိမ်ထဲသို့မဝင်နိုင်သေးဘဲ မြသွေးခြယ်စနောက်သမျှကို အားရပါးရချေပနေလေတော့သည်။
” ကူညီချင်တဲ့စိတ်ကကောင်းပါတယ် သားသားရဲ့… မမက ချီးကျူးတာပါ ”
မြသွေးခြယ်မှာ ခြောက်နှစ်ငယ်သည့်မောင်လေးအား ပူတူတူးလေးလို ပါးလေးညစ်ကာဖြင့် ပြုံးရိပ်ရိပ်နှင့် ဆက်စလို့နေသည်။ တခြားသူနှင့်ဆို ရုပ်တည်သော်လည်း အစ်မနှင့်ဆို ကလေးသေးသေးလေးဖြစ်သွားသည့်ရှင်းသန့်မှာ တဖြည်းဖြည်းနှုတ်ခမ်းဆူလာတော့၏။
“သွားသွား…အိမ်ထဲအမြန်ဝင်ပြီး ရေအမြန်ချိုးတော့ အအေးပတ်မယ်။ ညကျ ပူတင်းလုပ်ကျွေးမယ်ဟုတ်ပြီလား။ ”
အကြိုက်ဆုံးပူတင်းစားရမည်ဆိုတော့ ရှင်းသန့်တို့ မျက်လုံးထဲမှ အရောင်တွေတလက်လက်တောက်ပလာတော့သည်။ ‘ ဒါဆိုရေသွားချိုးတော့မယ် မမ ‘ဟုဆိုကာ အိမ်နှင့်ဆိုင်ဆက်ထားသည့် အမိုးအောက်မှ အိမ်ဘက်သို့ အပြေးကလေးကူးသွားတော့၏။
ရှင်းသန့်ပိုင်လေး ပြည့်ပြည့်ဖောင်းဖောင်းခန္ဓာကိုယ်လေးရထားကာ၊ ပါလေးတွေအိစက်ပြီးဖောင်းပြည့်နေရသည့်အကြောင်းအရင်းတွေထဲ မြသွေးခြယ်၏အလိုလိုက်အကြိုက်ဆောင် အစားအသောက်လုပ်ကျွေးမှုတွေဟာလည်း တစ်ခုအပါအဝင်ဖြစ်သည်။
၁၈.၂.၂၀၂၃။စနေ။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
ကိုကို