Chapter 10
သက်ဆုံးတိုင်
အပိုင်း (၁၀)
ဒေါက် ဒေါက်
” သားမင်းခန့်…”
တံခါးခေါက်သံနှင့်အတူ ဒေါ်ခင်မေ၏ခေါ်သံကြောင့် မင်းခန့် စာကြည့်နေရာမှထကာ အခန်းတံခါးသွားဖွင့်ပေးလိုက်သည်။
” ဟုတ်ကဲ့ မေမေ ”
” မေမေ ခဏဝင်လာလို့ရလား။ ”
ကော်ဖီဖျော်ထားသည့်မတ်ခွက်ကလေးကိုင်ထားရင်း ဒေါ်ခင်မေက ခပ်ပြုံးပြုံးပင်တောင်းဆို၏။ အမေဖြစ်သူ ထို့သို့မတောင်းဆိုသည်မှာ ကြာပြီဖြစ်ရာ အကြောင်းတစ်စုံတစ်ရာရှိမှန်း မင်းခန့်သိလိုက်သည်။
” ရတာပေါ့ မေမေရဲ့။ ”
မင်းခန့် အခန်းတံခါးဝမှ ခန္ဓာကိုယ်လေးကို ဘေးသို့ကပ်၍ ဖယ်ပေးလိုက်ချိန် ဒေါ်ခင်မေက အခန်းထဲသို့ဝင်လာ၏။ စာကြည့်စားပွဲပေါ်သို့ ကော်ဖီခွက်လေးညင်သာစွာချလိုက်ကာ ဒေါ်ခင်မေက မင်းခန့်ခုတင်ပေါ်မှာ ဝင်ထိုင်သည်။ မင်းခန့်က စာကြည့်ထိုင်ခုံမှာဝင်ထိုင်လျက် အမေဖြစ်သူပြောမည့်စကားများကို ရင်တလှပ်လှပ်နှင့် စောင့်စားနေ၏။
” မေမေတို့က သားရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်မပါတတ်တာသိတယ်မလား။ ”
“ဟုတ်ကဲ့။ ”
“ဒါပေမဲ့ မိဘတစ်ယောက်အနေနဲ့က ကိုယ့်သားသမီး ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာ စောင့်ကြည့်နေဖို့လိုသလို၊ ခြေလှမ်းမမှားအောင်တော့ ပြောဆိုဆုံးမခွင့်ရှိတယ်လို့ မေမေယူဆတယ် ။ ”
“ဟုတ်ကဲ့။ မေမေပြောတာ သားနားလည်ပါတယ်။ ”
အမေဖြစ်သူဒေါ်ခင်မေက တစ်ချက်ပြုံး၏။
” သား မြသွေးခြယ်ကို ကြိုက်နေတာလား။ ”
“ဗျာ…”
ဒေါ်ခင်မေ၏တည့်တိုးဆန်စွာမေးသည့်စကားမှာ မင်းခန့်တစ်ယောက် မျက်လုံးပြူးမျက်ဆံပြူးဖြစ်ရတော့သည်။
“မဟုတ်တာ မေမေရာ။ ကြံကြီးစည်ရာ…”
မင်းခန့် မျက်စိမျက်နှာပျက်စွာ ခေါင်းတကုပ်ကုပ်ဖြေသည့်အခါ ဒေါ်ခင်မေက နားမလည်ဟန် မျက်မှောင်ကြုတ်၏။
” သားကို မေမေ မဆူပါဘူး။ မြသွေးခြယ်က မိန်းမကောင်းလေးပဲဟာ။ မျိုးရိုးကလည်းပြောစရာမလိုပါဘူး။ မေမေ ကန့်ကွက်မယ်လို့သားထင်လို့လား။ ”
ဒေါ်ခင်မေက သဘောတူကြောင်း စကားအစချီလာသည့်အခါ မင်းခန့်မှာ ပိုလို့ပင်စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းကုပ်နေတော့သည်။
“မဟုတ်ပါဘူး မေမေကလည်း။ သား မြသွေးကိုမကြိုက်ဘူး။ မြသွေးကလည်း သားကိုမကြိုက်ဘူးဗျ။ ”
“ဟုတ်လို့လား ။ သားခြေလှမ်းတွေ အကျင့်တွေထူးနေတာ မေမေမြင်နေတာပဲဟာ ”
ဒေါ်ခင်မေ၏တိကျသည့်စကားမှာ မင်းခန့်က ‘ ငါ့ဘယ်ခြေလှမ်းတွေကများ ထူးနေသလဲ’ စဉ်းစားကာ မျက်မှောင်ကြုတ်သွား၏။
” သားပုံမှန်ပါပဲ မေမေရဲ့။ မြသွေးနဲ့ကတော့ မိဘချင်းလည်းရင်းနှီး၊ ရွယ်တူကလည်းဖြစ်၊ သူကလည်း ပေါင်းလို့သင်းလို့အဆင်ပြေတဲ့ မိန်းကလေးကိုး မေမေရဲ့ ။ ”
“သား ခြေလှမ်းတွေထူးခြားနေတာ ဟုတ်ပါတယ် သားမင်းခန့်ရဲ့…”
အမေဖြစ်သူက အတိအကျကိုပြောနေလေတော့ မင်းခန့်တို့ စဉ်းစားကကျပ်လေပြီ။
” ဈေးဆိုင်ကို အကြောင်းမရှိအကြောင်းရှာပြီး ခဏခဏသွားတယ်။ ဟော…မနက်ဆို ရှင်းသန့်ကျူရှင်သွားချိန်နဲ့ကိုက်ပြီး မလိုအပ်ဘဲ အိမ်ကစောထွက်တယ်။ ရှင်းသန့်ကျူရှင်သွားတဲ့နေ့ဆိုရင် သားကိုဈေးသွားဝယ်ခိုင်းလို့တောင်မရဘူးလေ…ကဲ။ ဟိုတစ်ခါ ရှင်းသန့်နေမကောင်းဖြစ်တုန်းကလည်း မုန့်ဝယ်ပေးဘာပေးနဲ့…. အဲ့ဒါမြသွေးကို သဘောကျလို့ ရှင်းသန့်ကို မျက်နှာလုပ်နေတာမဟုတ်ဘူးလား….”
ဒေါ်ခင်မေ၏ ရှည်လျားလှသော အကြောင်းအရင်းစုံလင်စွာရှင်းပြလာမှုမှာ မင်းခန့်တစ်ယောက် ” ဪ…မေမေရယ် ” ဟုဆိုရင်းသာ သက်ပြင်းအရှည်ကြီးချတော့သည်။ စိတ်ထဲမှာတော့ ‘ မြသွေးကိုကြိုက်လို့ ရှင်းသန့်ကို မျက်နှာလုပ်တာမဟုတ်ဘူး။ ရှင်းသန့်ကိုကြိုက်လို့ မြသွေးကို မျက်နှာလုပ်ရတာပါ။ ‘ ဟူ၍သာ ရှင်းပြနေမိတော့၏။ မိဘတွေက မည်မျှပင် နားလည်ပေးသည်ဆိုဆို သည်လိုယောက်ျားလေးတစ်ယောက်ကိုသဘောကျသည့်သူ့စိတ်ကိုလည်း နားလည်ပေးနိုင်ပါ့မလားဟူသည့် စိုးရိမ်စိတ်ကလေးရှိနေလေတော့ မင်းခန့်မှာ ပွင့်လင်းစွာမပြောနိုင်ဘဲရှိနေသည်။
” မဟုတ်ပါဘူး မေမေရယ်။ တကယ်ပါ။ မေမေတွေးသလိုသာ မြသွေးရည်းစားတွေးရင် သားတော့အထိုးခံရတော့မှာပဲ ။ သားကိုကြည့်ရတာ အဲဒီလောက်တောင် ဖြစ်နေလား။ ”
“ဟေ….”
မင်းခန့်၏တုံ့ပြန်စကားမှာ ဒေါ်ခင်မေက အံ့ဩသွားဟန် ဟေခနဲ။
” မြသွေးမှာ ရည်းစားရှိတယ်လား။ ”
” ရှိတယ် မေမေရဲ့။ ဒါပေမဲ့ ရှူးတိုးတိုးနော်။ ”
“အေးပါ…”
မင်းခန့်၏ နှုတ်ခမ်းကိုလက်ညှိုးလေးကပ်လို့ သတိပေးမှုမှာ ဒေါ်ခင်မေကလည်း ခပ်တိုးတိုးဆို၏။
” ဒါဆို သားက ရှင်းသန့်လေးအပေါ် ဘာလို့ အဲဒီလောက် ကောင်းပြီး လိုက်ကပ်နေရတာတုန်း။ ”
“မေမေ့အမြင်မှာ သားက အတင်းလိုက်ကပ်သလိုကြီးဖြစ်နေလားဗျ…”
“အမလေးဟယ်…ဒီလောက်သိသာနေတာကြီးကို”
သူ့သား၏တအံ့တဩမေးပုံကို ဒေါ်ခင်မေက နှုတ်ခမ်းလေးတစ်ချက်မဲ့ကာဆို၏။ အမေဖြစ်သူမဲ့ရွဲ့ကာ ဆိုချင်စရာကောင်းအောင် သူတော်တော်လေးဖြစ်နေသည်ကိုလည်း မင်းခန့်သိသည်။
” ဘာရယ်မဟုတ်ဘူး ။ အဲဒီကလေးလေးက ချစ်စရာကောင်းလို့ပါ။ ”
“ဟုတ်လား…”
“ဟုတ်တယ်လေ မေမေရဲ့။ မေမေတောင် ရှင်းသန့်ကိုချစ်တယ်မဟုတ်ဘူးလား။ ”
” ချစ်တာပေါ့ ။ ဒီလောက်ချစ်ဖို့ကောင်းတာကို။ ”
ဒေါ်ခင်မေ ခပ်ပြုံးပြုံးဆိုလေတော့ မင်းခန့်က ကြည့်ပါလားဆိုသည့်သဘောဖြင့် ပြုံးကာပင် မေးငေါ့ပြသည်။
” သားလည်း မေမေ့လိုပဲပေါ့ မေမေရယ်။ ”
စိတ်ထဲမှာတော့ ‘ချစ်ပုံချင်းတော့ကွာတယ် မေမေရဲ့’ ဟု ရေရွတ်လိုက်သေး၏။
” သဘောရိုးဟုတ်လို့လား…”
ဒေါ်ခင်မေ၏စနောက်ဟန်မေးသည့်စကားကို သဘောရိုးမဟုတ်သူ မင်းခန့် မှာ ချက်ချင်းမဖြေနိုင်ဘဲရှိသည်။
“ဟုတ်ပါတယ် မေမေရဲ့ သဘောရိုးပါတယ်။ ”
အကြည့်လွှဲကာ ခပ်လေးလေးဖြေသည့်မင်းခန့်ကြောင့် ဒေါ်ခင်မေက ပြုံးသည်။ သက်ပြင်းတစ်ချက်ချကာ ဒေါ်ခင်မေက မတ်တတ်ရပ်လိုက်ပြီးနောက် မင်းခန့်၏ပါးနှစ်ဖက်ကို အုပ်ကိုင်လျက်…
” ဘာပဲဖြစ်ဖြစ် မေမေက သားဘက်မှာရှိနေမှာပါ။ ”
ဒေါ်ခင်မေဆိုလိုက်သည်မှာ စကားတစ်ခွန်းတည်းသာဖြစ်သော်လည်း မင်းခန့်က အကြောင်းအရာအများကြီးကိုနားလည်လိုက်သည်။ သားအမိနှစ်ယောက် မျက်လုံးချင်းဆုံမိရင်း ပြုံးပြမိကြသည်မှာ နွေးထွေးစွာ။
” သားသိပါတယ် မေမေ။ ပြီးတော့ ကျေးဇူးတင်ပါတယ်။ ”
” သားမိဘပဲကွယ်။ ကျေးဇူးတင်စရာမလိုပါဘူး။ ကဲ…စာကျက်တော့နော်။ ”
“ဟုတ်ကဲ့ မေမေ။ good nightပါ။ ”
“သားရောပဲနော်။ ”
“ဟုတ်ကဲ့ ”
ဒေါ်ခင်မေ သူ့အခန်းထဲမှ ထွက်သွားပြီးချိန် မင်းခန့်ရင်တွေ တလှပ်လှပ်ဖြစ်လို့လာသည်။စောင့်ကြည့်နေခြင်းမဟုတ်သော်လည်း သူ့ကို ဒီအရွယ်အထိ တစ်လျှောက်လုံးစောင့်ရှောက်လာသူတစ်ယောက်အနေနှင့် သူ့အမေက သူ့တိမ်းညွတ်မှုကို အနည်းငယ်ရိပ်မိမည်ဟု မင်းခန့်ထင်ပါသည်။
ထို့ကြောင့်ပင် ” ဘာပဲဖြစ်ဖြစ် မေမေက သားဘက်မှာရှိနေမှာပါ။ ” ဟု ပြောသွားခြင်းဖြစ်၏။ စကားလေးတစ်ခွန်းသာဖြစ်သော်လည်း မင်းခန့်ဘဝတစ်လျှောက်လုံး ထိုစကားတစ်ခွန်းကပင် အားအင်ဖြစ်ရခြင်းဖြစ်သည်။ ထိုစကားတစ်ခွန်းတွင် အဓိပ္ပာယ်များစွာပါသလို လေးနက်လှကာ မင်းခန့်ကိုနွေးထွေးစေ၏။ စိတ်ကိုလုံခြုံစေ၏။ ထိုစကားတွင် ‘ သားဘာပဲဖြစ်နေနေ မေမေလက်ခံတယ်’ ၊ ‘ သား တခြားသူကို မထိခိုက်သရွေ့ သားလုပ်သမျှ လက်ခံပေးမယ်။ ‘ ၊ ‘ သားဘာတွေပဲလုပ်လုပ်၊ဘာကြီးပဲဖြစ်နေနေ မေမေကချစ်နေမှာ။ ‘ စသည့်အဓိပ္ပာယ်များစွာလည်းပါဝင်နေသေး၏။ ထို့ကြောင့်ပင် မင်းခန့်ဘဝမှာ မှန်ကန်သည့်ဆုံးဖြတ်ချက်များချနိုင်ကာ အရာရာကိုအောင်မြင်စွာ လုပ်နိုင်နေခြင်းပင်။
~~~~~
မင်းခန့် သက်ပြင်းတချချနှင့် ခြံရှေ့မှာ ဟိုဘက်လျှောက်လိုက်၊ သည်ဘက်လျှောက်လိုက် လုပ်လို့နေသည်။ ရှင်းသန့်တို့ ဈေးဆိုင်သို့ အကြောင်းမရှိအကြောင်းရှာ၍သွားရန် ကြံထားသော်လည်း အမေဖြစ်သူဒေါ်ခင်မေတောင် ရိပ်မိနေလေတော့ ရှင်းသန့်တို့မိသားစုမှတစ်ယောက်ယောက်သတိထားမိလျှင်ဆိုသည့်အတွေးက မင်းခန့်ကို စိုးရိမ်စေ၏။ ထိုအကြောင်းကြောင့်ပင် ရှင်းသန့်တို့ဆိုင်သို့မသွားသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်ပြီး ရှင်းသန့်ကျောင်းသွားကျောင်းပြန်ချိန်နှင့်တိုက်အောင် ကျောင်းမသွားသည်မှာလည်း သုံးရက်ရှိပြီဖြစ်သည်။ထိုသုံးရက်အတွင်း ခြံထဲမှသာချောင်းကြည့်ခဲ့ရလေတော့ မင်းခန့်မှာ ရှင်းသန့်မျက်နှာလေးအား မြင်ချင်တွေ့ချင်နေပြီဖြစ်၏။
” ကိုကြီး…ဘာလုပ်နေတာလဲ။ ”
နှလုံးသားထဲအထိ မှတ်မိနေသည့်အသံပြတ်ပြတ်ကလေးကြောင့် မင်းခန့်ချာခနဲ နောက်သို့လှည့်လိုက်၏။ တီရှပ်အပြာလေးနှင့် ဒူးအထက်ဘောင်းဘီတိုဝတ်ထားကာ၊ လွယ်အိတ်လည်းလွယ်ထားပြီး လက်တစ်ဖက်မှ ထီးရှည်ကိုင်ထားသည့်ရှင်းသန့်က ကျူရှင်မှပြန်လာပုံရသည်။
” ရှင်းသန့်ပါလား… ကျူရှင်ကပြန်လာတာလား။”
“ဟုတ်ကဲ့”
ဘာရယ်မဟုတ်သော်လည်း ရှင်းသန့်က တကူးတကရပ်ပြီး သူ့ကိုအရေးတယူမေးလေတော့ မင်းခန့်မှာဖုံးဖိ၍မရနိုင်အောင်ပင် ပြုံးဖြီးဖြီးဖြစ်နေလေတော့၏။
” အဝေးကြီးကတည်းကကြည့်လာတာ ကိုကြီးမင်းခန့် ခေါင်းတကုပ်ကုပ်လုပ်ပြီး ဟိုဘက်လျှောက်လိုက် ၊ ဒီဘက်လျှောက်လိုက်နဲ့ …ဘာဖြစ်လို့လဲဗျ။ ”
” အဲဒါက…ဟို… ဟိုဟာ…”
ရှင်းသန့်က စိတ်ရှည်လက်ရှည်ပင် မင်းခန့်၏အဖြေကိုစောင့်နေ၏။
” ကိုကြီး…ဟိုဟာ…ကိုကြီး…စာ…စာကျက်လို့မရလို့…ဟုတ်တယ် စာကျက်မရလို့ စိတ်ညစ်နေတာနဲ့ လမ်းထွက်လျှောက်တော့လည်း ဘာမှထူးမလာတာနဲ့ စိတ်ထပ်ညစ်…အဲဒီလို အဲဒီလို…”
မင်းခန့် ခေါင်းတကုပ်ကုပ်နှင့် စဉ်းစားရင်း စာမေးပွဲနီးပြီဖြစ်၍ စာအကြောင်းသာခေါင်းထဲဝင်လာသည်ကြောင့် ကြောင်တောင်တောင်ပင်လျှောက်ဖြေမိတော့သည်။ ရှင်းသန့်က ” ဪ…ကိုကြီးရယ် ” ဟုဆိုကာ ဘောင်းဘီအိတ်ကပ်ထဲ တစ်ခုခုနှိုက်နေ၏။ သနပ်ခါးတွေဖွေးနေအောင်လိမ်းထားသည့်ရှင်းသန့်က ဟိုဘက်အိတ်ထဲနှိုက်လိုက်၊ သည်ဘက်အိတ်ထဲနှိုက်လိုက်ဖြင့် မျက်မှောင်ကြုတ်လာခဲ့သည်။
” ဪ…ဒီမှာပဲ…”
နောက်ဆုံးတော့ ရှင်းသန့် ရှာဖွေေနေသည့်အရာမှာ
ကျောပိုးလွယ်အိတ်၏ဘေးအိတ်သေးသေးလေးထဲမှ ထွက်လာခဲ့သည်။ ရှင်းသန့်က ထိုအရာလေးအား မင်းခန့်ထံသို့ ခပ်ပြုံးပြုံးပင်ကမ်းပေးရင်း…
” ဒါစားလိုက် ကိုကြီး။ စိတ်ဖိစီးရင် အချိုစားပေးရတယ်တဲ့။ ”
မင်းခန့် ရင်ထဲသိမ့်ခနဲခံစားရရင်းပင် နှုတ်ခမ်းက မသိမသာတွန့်ချိုးသွား၏။ရှင်းသန့်ကမ်းပေးလာသည့်အရာမှာ ကော်ဖီအရသာသကြားလုံးလေးနှင့် အသဲပုံသကြားလုံးလေးဖြစ်သည်။
” ကျေးဇူးပါ ရှင်းသန့်…”
ရှင်းသန့်လက်ထဲမှ သကြားလုံးလေးနှစ်လုံးအား ယူလိုက်ချိန် ထိတွေ့သွားသည့်ခံစားမှုလေးကြောင့် မင်းခန့်ခန္ဓာကိုယ်ထဲ လျှပ်စီးတွေစီးသွားသလိုပင်။ ရိုးသားသူရှင်းသန့်မှာ ဖြူစင်စွာပြုံးပြနေသော်လည်း မရိုးသားသူမင်းခန့်မှာ မချိစွာပင် ပြုံးပြရ၏။ ခဏတာပင်ဖြစ်သော်လည်း ရှင်းသန့်လက်ကလေးကနူးညံ့နေကာ ချစ်နေမိသူမင်းခန့်မှာ လက်ဖဝါလေးအားထိရုံပင်ထိရသော်လည်း ထိုလက်ဖဝါးလေးအားဆုပ်ကိုင်ခွင့်ရလျှင်ဆိုသည့်နေရာအထိ အတွေးရောက်သွားခဲ့မိတော့သည်။
” ဒါဆို ကျွန်တော်သွားတော့မယ်ဗျ။ ”
“အင်း…ရှင်းသန့်။ ကျေးဇူးနော်။ ”
သွားဖြူဖြူလေးတွေပေါ်အောင်ပင် ပြုံးရယ်ပြပြီးထွက်သွားသည့်ကျောပြင်လေးအား မင်းခန့်ငေးကျန်ခဲ့ရင်း ရင်ထဲမှာတသိမ့်သိမ့်။ နှုတ်ခမ်းဖျားကတော့ ခပ်ပြုံးပြုံးဖြင့် အတွေးများမှာ ကြည်နူးရိပ်သန်းနေတော့သည်။
~~~~~
မင်းခန့်တစ်ယောက် စာကြည့်ရန်စာကြည့်စားပွဲထိုင်လိုက်သော်လည်း စာမကြည့်နိုင်ရှာဘဲ ရှင်းသန့်ပေးသွားသည့်သကြားလုံးနှစ်လုံးကိုသာ တစိမ့်စိမ့်ထိုင်ကြည့်နေတော့သည်။ မစားရက်၍ထိုင်ကြည့်နေရင်းမှ စေတနာနှင့်ပေးသွားသည့်ရှင်းသန့်စိတ်ကလေးကို တွေးမိ၍ စားမည်ကြံသော်လည်း ဘယ်သကြားလုံးကိုစားရမှန်းမသိ ဖြစ်နေတော့၏။
“ကော်ဖီအရသာစားလိုက်မယ်…ဟုတ်တယ်…”
တစ်ကိုယ်တည်းရေရွတ်ကာဖြင့် မင်းခန့်က ကော်ဖီအရသာသကြားလုံးလေးကိုဖောက်ကာစားလိုက်သည်။ ကော်ဖီအနံ့လေးသင်းကာဖြင့် ရှင်းသန့်ပေးသွားသည်ကြောင့် သကြားလုံးက ပို၍ပင်စားကောင်းနေသလိုလိုရှိလှ၏။
” ရှင်းသန့်က ချစ်ဖို့ကောင်းလိုက်တာ။ ”
မင်းခန့်မှာ ပြုံးဖြီးဖြီးရေရွတ်ကာဖြင့် စာကြည့်ဖို့စတင်ရတော့သည်။ ကလေးတစ်ယောက်ကိုချစ်မိ၍ မင်းခန့်မှာ အဘက်ဘက်မှဖြည့်တွေးကာဖြင့် စိတ်ကူးရွက်လွှင့်၍သာနေရတော့၏။
၂၃.၃.၂၃။ကြာသပတေး။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုကို