Chapter 11
သက်ဆုံးတိုင်
အပိုင်း (၁၁)
လပတ်စာမေးပွဲဖြေပြီးပြီဖြစ်သော်လည်း မသိလိုက်ခင်မှာပင် အချိန်တွေအကုန်မြန်ကာ ပထမနှစ်ဝက်စာမေးပွဲရောက်လာတော့မည်ဖြစ်၍ ရှင်းသန့်မှာ စာပြန်ကြည့်နေရသဖြင့် မအားမလပ်ဘဲရှိနေသည်။ နေ့လယ်ထမင်းစားလွှတ်ချိန် ထမင်းစားသည့်အချိန်မှလွဲ ရှင်းသန့်က စာအုပ်နှင့်မျက်နှာမခွာ၍ လွှမ်းနောင်က ဘေးနားမှ ဗျစ်တောက်ဗျစ်တောက်ထိုင်ပြောနေတော့သည်။
” မင်း နည်းနည်းပါးပါးလည်းနားပါဦးကွာ…ဒီလိုနဲ့ စိတ်ဖိစီးလွန်ပြီး တစ်ခုခုဖြစ်ရင် ဘာထူးချွန်မှမဖြေရဘဲနေမှာနော်။ ”
” မင်းမကူညီလည်း တိတ်တိတ်လေးနေပေးပါလား ငနောင် ”
” မင်းမျက်လုံးတစ်ခုခုဖြစ်မယ်…ဦးနှောက်ကြီးပေါက်ထွက်လိမ့်မယ်လို့ ငရှင်းရဲ့…အ”
သူ့ခေါင်းကိုဖွကာဆိုသည့်လွှမ်းနောင်၏ခေါင်းအား ရှင်းသန့်ခေါက်လိုက်သည်မှာ ဂွပ်ခနဲမြည်သွားအောင်ပင်။
” ငပိုင်ကလည်းကွာ…”
“တော်လိုက်တော့….တိတ်။ ငါ ဒီတစ်ခေါက်သင်္ချာထူးချွန်ဖြေရမှကိုဖြစ်မှာ ။ ပထမနှစ်ဝက်ဖြေပြီးရင် ထူးချွန်ဖြေဖို့လူရွေးမှာသိတယ်မလား။ ငါ အဲဒီမှာလည်း အရွေးခံရမှရမယ်။ မြို့နယ်ထူးချွန်မှာလည်း ငါရမှရမယ်။ ငါခရိုင်အထိတက်ဖြေမှာ။ ”
“ဒါဆိုလည်း ခဏပဲနားလေနော်။ ငါမုန့်စားချင်လို့ အဖော်လိုက်ခဲ့ပါဆိုနေ…”
“ဟာ ဒီကျောင်းမှာတက်တာ ဘယ်နှနှစ်တောင်ရှိပြီတုံး ။ ကိုယ့်ဘာသာသွားပါ့လား။ မသွားတတ်တဲ့လမ်းလည်းမဟုတ်ဘူး။”
” ….”
“လုပ်ပါ ။ မုန့်ဝယ်ကျွေးမယ်လေ။ပေါင်မုန့်ဝယ်ကျွေးမယ်လေနော်။ ”
မုန့်ဝယ်ကျွေးမည်ဟုဆိုလေတော့ ရှင်းသန့်ကခါးလေးမတ်သွားကာဖြင့် အနည်းငယ်စိတ်ဝင်စားဟန်ပြလာ၏။ လွှမ်းနောင်က ရှင်းသန့်အား ဆွဲထူကာ …
“လာပါကွာ။ စာအများကြီးရဖို့ ခဏအနားပေးတယ်လို့ သဘောထားလိုက်ပေါ့။ လာ လာ…”
ဤသို့ဖြင့် ရှင်းသန့်မှာ လွှမ်းနောင်ဆွဲခေါ်ရာနောက်သို့ ပါသွားတော့၏။ မုန့်ဈေးတန်းရောက်သည့်အခါ လွှမ်းနောင်က ကတိအတိုင်း ပေါင်မုန့်တစ်ထုပ်ဝယ်ကျွေးသည့်အပြင် သကြားလုံးပါအပိုဆုအနေနှင့် ဝယ်ပေးလိုက်သေးသည်။ နှစ်ယောက်သား မုန့်ဈေးတန်းမှ ပြန်အလာ…
” ဟေ့ကောင်.. ရှင်းသန့်… ရှင်းသန့်….”
ရှင်းသန့်အားလှမ်းခေါ်သည့်အသံကြောင့် နှစ်ယောက်သားလမ်းလျှောက်မုန့်စားရင်း လှည့်ကြည့်သည့်အခါ အတန်းခေါင်းဆောင်မိုးမင်းမောင်နှင့် ကောင်းမြတ်အားတွေ့ရသည်။ သို့သော် ရှင်းသန့်အား အရေးတယူလှမ်းခေါ်သူမှာ ကောင်းမြတ်ဖြစ်၏။
” ငါမင်းကို မေးစရာရှိလို့ ”
“အင်း မေးလေ ”
ကောင်းမြတ်က ရှင်းသန့်အနားလာရပ်ရင်းဆိုသည့်အခါ ရှင်းသန့်က ပေါင်မုန့်ပလုတ်ပလောင်းဝါးနေရင်းပြန်ဖြေ၏။ ရှင်းသန့်က နာရီတစ်ချက်ကြည့်ပြီးနောက်…
” ကျောင်းခေါက်တော့မယ် သွားရင်းပြောမယ်လေ ”
” အင်း အင်း ”
ကော်ရစ်တာလမ်းမှာ သုံးယောက်တန်းသွား၍ အဆင်မပြေ။ လွှမ်းနောင်က နောက်သို့ဆုတ်လိုက်ပြီး…
“သွား သွား အရှေ့က… ”
ရှင်းသန့်က နောက်လှည့်ကြည့်လှည့်ကြည့်ဖြင့် ကောင်းမြတ်နှင့်စကားပြောရင်းလျှောက်သွားသည့်အခါ စီစဉ်ထားသကဲ့သို့ပင် လွှမ်းနောင်က မိုးမင်းမောင်နှင့် ယှဉ်လျှောက်ရသလိုဖြစ်သွား၏။
ရှင်းသန့်နှင့်ကောင်းမြတ်၏စကားဝိုင်းမှာ ထူးချွန်ကိစ္စပင်ဖြစ်နိုင်ပြီး လွှမ်းနောင်နှင့်မိုးမင်းမောင်မှာတော့ အိုးတိုးအမ်းတမ်းရှိလှသည်။
” မင်းလည်း နောက်နှစ်ဘော်ဒါဆောင်သွားမှာလား။ ”
စကားစသူက မိုးမင်းမောင်ဖြစ်သည်။
” အင်း… မေမေတို့က သဘောတဲ့။ ”
“ဪ…”
“မင်းရော…”
“ငါက မသွားပါဘူး။ ကောင်းမြတ်ရော ငါရော ဒီမှာပဲဆက်တက်ဖြစ်မှာ။ ”
“ကောင်းပါတယ်။ ”
ကော်ရစ်ဒါတွင် ကျောင်းသားကျောင်းသူများမှ ပြေးလွှားသူကပြေးလွှား၊ ဟိုဟိုသည်သည်သွားသူကသွားနှင့် ပြည့်ကျပ်နေကာ လွှမ်းနောင်နှင့် မိုးမင်းမောင်မှာ မသိမသာ ခန္ဓာကိုယ်ချင်းကပ်လို့လာ၏။
“အင်း… ဘာလို့ ဘော်ဒါဆောင်သွားချင်တာလဲ။ ”
” ငါ သွားချင်တယ်လို့ မပြောမိပါဘူး။ ”
” ဒါဆို ရှင်းသန့်သွားလို့သွားချင်တာလား။ ”
လွှမ်းနောင်က မိုးမင်းမောင်အား စူပုတ်ပုတ်နှင့်မျက်မှောင်ကြုတ်၍ မော့ကြည့်သည်။
” ရှင်းသန့်က သိတဲ့အတိုင်း တသီးတသန့်ဆန်တယ်လေ။ နေရာသစ်ရောက်ရင် အဆင်ပြေမှာမဟုတ်ဘူး။ ”
“အင်း…”
“အဲဒါကြောင့် စိတ်မချဘူး။ သူသွားရင် ငါလည်း ဒီမှာတစ်ယောက်တည်းကျန်ခဲ့မှာလေ။ အဲဒီတော့ လိုက်သွားပြီး အတူတူတက်ရတော့ကောင်းတာပေါ့။ ”
“သူသွားရင် မင်းတစ်ယောက်တည်းမကျန်ခဲ့ပါဘူး။ ငါတို့ရှိတာပဲ။ ”
လွှမ်းနောင်က မိုးမင်းမောင်အားပြုံး၍ကြည့်ပြီး…
” ရှင်းသန့်နဲ့တော့ ဘယ်တူပါ့မလဲ။ မင်းနဲ့ကောင်းမြတ်လိုပဲလေ။ ”
လွှမ်းနောင်၏ပြောစကားအား မိုးမင်းမောင်က မငြင်းနိုင်ဟန်ဖြင့် ပြုံး၍ကြည့်လာသည်။ နှစ်ဦးသားကြား လေစိမ်းတိုက်နေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်ရာ ယခုတော့ ထင်သလောက်လည်း မစိမ်းသက်ခဲ့ပေ။
~~~~~
“ငါ ကောင်းမြတ်နဲ့စကားပြောရင်း လှမ်းကြည့်နေတာ မင်း မိုးမင်းမောင်နဲ့ဘာတွေပြောနေတာလဲရယ်လည်းရယ်နေသေးတယ်”
“မရယ်မိပါဘူး။ ”
စာသင်ချိန်တစ်ချိန်နှင့်တစ်ချိန်ကြား အားလပ်ချိန်ခဏလေးတွင် စူးစမ်း၍မေးသည့်ရှင်းသန့်၏မေးခွန်းအား လွှမ်းနောင်က ချက်ချင်းပင် အသည်းအသန်ငြင်း၏။ ရှင်းသန့်က ပြုံးစိစိဖြင့်…
“အင်းပါ… မရယ်ဘူး။ ပြုံးတယ်တော့လုပ်။ ”
“စနောက်စရာမဟုတ်ဘူးနော်။ ဟေ့ကောင်”
“အတည်မေးတာကို။ ”
“မင်းမေးတာ အတည်လို့မှမထင်ရတာကွ။ ”
နှစ်ယောက်သား တစ်ယောက်ပခုံးတစ်ယောက်တိုက်ကာဖြင့် စကားသံတိုးတိုးကျိတ်ပြောနေသည်မှာ ရန်ပွဲငယ်လေးသဖွယ်။
“ငါစမေးတာတော့ အတည်ပဲလေ။ မင်းပြန်ပြောမှ အတည်မဟုတ်တော့တာ။ ”
“ဘော်ဒါဆောင်သွားမှာလားမေးတာပါ။ ”
“မော်နီတာကလား…”
“ဟုတ်တယ်။ ”
“ဘာပြန်ပြောလိုက်လဲ။ ”
“အင်းလို့ပြောလိုက်တာပေါ့။ ”
“မင်း ဘယ်တုန်းက သွားချင်သွားတာလဲ။ ”
“မင်းကို စိတ်မချလို့လေ။ ”
“ငါကမင်းသားလားဟ စိတ်မချရအောင်။ ”
“စေတနာကိုစော်ကားတာပဲ။ ”
လွှမ်းနောင်က အတည်ပြောလာသည့်အခါ ရှင်းသန့်က လွှမ်းနောင်အား အကဲခတ်သလို သေချာကြည့်ကာဖြင့် …
” မင်းအိမ်ကဘာပြောလဲ။ ”
“သဘောတဲ့။ သူတို့စာကျက်ဖို့မပြောရလည်းအေးတာပဲတဲ့လေ။ ”
“မင်း…ငါပြောပြမယ်။ မင်း ငါ့အတွက်နဲ့လိုက်စရာမလိုဘူးနော်။”
“ငါ စာကျက်ပျင်းတာသိတယ်မလား။ အဲဒီတော့ ငါ့ကိုနည်းနည်းဆူမဲ့သူလေးတစ်ယောက်တော့ရှိဦးမှလေ။ ”
” ထားပါတော့…”
“အင်း…”
“သေချာပြီလား….”
“အင်း…သေချာပါတယ်ဆို။ ဒါနဲ့ တနင်္ဂနွေနေ့ ကျူရှင်ဆင်းရင် မင်းအိမ်လိုက်ခဲ့ဦးမယ်။ ”
“ဘာလာလုပ်မှာတုံး။ ”
“တစ်ဦးတည်းသောသူငယ်ချင်းလေးက အိမ်လာလည်မှာကို မင်းကငြိုငြင်တဲ့အသံကြီးနဲ့…”
လွှမ်းနောင်က နာကျင်ခံစားရသူလိုပြောနေသည့်အခါ ရှင်းသန့်က ခေါင်းတခါခါနှင့်ပင် နောက်ဝင်မည့်ဘာသာရပ်စာအုပ်အားထုတ်နေ၏။
“မလာရတာကြာလို့ကွာ။ ပျင်းလည်းပျင်းလို့…”
“ဘယ်အချိန်အထိနေမှာလဲ…”
“ဘာလို့လဲ။ မုန့်ဝယ်ကျွေးမလို့လား။ ”
” မင်းက အငတ်ဆိုတော့ မမကို မုန့်ဝယ်ကျွေးခိုင်းမလို့ပေါ့။ ”
“ဟီးဟီး…ချစ်တယ်နော် ရှင်းသန့်ပိုင်လေး…”
“အီး…အူယားစရာကွာ။ မင်းပါးစပ်မို့ အဲဒီလိုစကားထွက်တယ်။ ”
ရှင်းသန့်မှာ ပခုံးတွန့်ကာဖြင့် ကြက်သီးထသလိုလုပ်ပြသည့်အခါ လွှမ်းနောင်မှာ ရှင်းသန့်အား ပိုလို့ပင်လိုက်ကပ်၍ စတော့သည်။
~~~~~
ဒေါက်… ဒေါက်…
“ဟုတ်ကဲ့ မမ”
မြသွေးခြယ်က နွားနို့ခွက်လေးကိုင်ပြီး ဝင်လာသည့်အခါ ရှင်းသန့်က လုပ်လက်စအားရပ်ကာ သူ့အစ်မဘက်သို့လှည့်ထိုင်၏။ မြသွေးခြယ်က စားပွဲပေါ်တွင် နွားနို့ခွက်ကလေးအားချကား ရှင်းသန့်ကြည့်နေသည့်စာများအား တစ်ချက်ကြည့်ကာ ပြုံးပြီးနောက် ရှင်းသန့်ခုတင်စွန်းမှာ ဝင်ထိုင်သည်။
” ထူးချွန်အတွက်တောင်ပြင်နေပြီလား။ ”
“ပထမနှစ်ဝက်အတွက်လည်းကြိုပြင်ရင်းနဲ့ပါ…တစ်ခါတည်းကြည့်တာပေါ့။ ”
” ကိုယ့်ကိုယ်ကိုယ်အရမ်းဖိအားမပေးပါနဲ့။ သားသားသိလား…သားသားက နည်းနည်းလေး အပြင်ထွက်ဖို့လိုနေတာ။ အခန်းထဲအရမ်းအောင်းရင် အညောင်းမိတာတွေဘာတွေကနေ ကျန်းမာရေးထိခိုက်နိုင်တယ်။ ပြီးတော့ သားသားက အရမ်းငြိမ်နေတာကိုလည်း စိုးရိမ်တယ်။ ”
မြသွေးခြယ် ရင်မအေးသလိုဆိုလာသည့်စကားအား ရှင်းသန့်ကနားလည်သဘောပေါက်ဟန်ဖြင့် ပြုံး၏။
” မမ ပြောတာ သားနားလည်ပါတယ်။ သားအဆင်ပြေတာမို့ စိတ်မပူပါနဲ့။ အညောင်းမိတဲ့ဟာကတော့ နည်းနည်းပြင်ပါ့မယ်။ ”
သူ့အားပြန်နှစ်သိမ့်လာသည့်မောင်ဖြစ်သူအား မြသွေးခြယ်က ပြုံး၍ကြည့်ကာဖြင့် ရှင်းသန့်ပါးဖောင်းဖောင်းလေးကို အသည်းယားစွာ ဆွဲညှစ်၏။
“ကဲ…ဒါဆို စာဆက်ကြည့်လေ။ အရမ်းညဉ့်မနက်စေနဲ့နော်…”
“ဟုတ်ကဲ့ မမ။ good night ”
“အင်း good night”
မြသွေးခြယ် ထွက်သွားသည့်အခါ ရှင်းသန့် စာကြည့်စားပွဲဘက်သို့ ပြန်လှည့်လိုက်ပြီး နွားနို့ပူပူလေးအား တစ်ငုံသောက်လိုက်ကာ လိုက်ကာလေးလှပ်လို့ မျက်စောင်းထိုးခြံရှေ့သို့ တစ်ချက်ကြည့်သည်။ သို့သော် မည်သည့်အရိပ်အယောင်မှမတွေ့ရဘဲ ခြံရှေ့အုတ်ခုံကလေးဟာ တိတ်ဆိတ်လို့ မီးသီးလေးဟာ အထီးကျန်စွာပင် လင်းလက်လို့နေသည်။
စာမေးပွဲနီးပြီလို့ပြောဖူးတော့ စာကျက်နေတာထင်ပါရဲ့။
ရှင်းသန့် ကိုယ့်အတွေးနှင့်ကိုယ် လိုက်ကာလေးပြန်ပိတ်လိုက်ကာ စာဆက်ကြည့်ဖို့ပြင်လိုက်သည်။
မကြာခဏကြားနေရသည့် ဂီတာသံနှင့်သီချင်းဆိုသံအား ရှင်းသန့် သူကိုယ်တိုင်မသိလိုက်ခင်မှာပင် နေသားတကျဖြစ်လို့နေခဲ့သည်။ သူကိုယ်တိုင်မသိလိုက်ခင်မှာပင် တိတ်တဆိတ်မျှော်လင့်လို့နေခဲ့၏။
၁၄၊၅၊၂၀၂၃။ တနင်္ဂနွေ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုကို